ဇမ္ဗုကတ္ထေရဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗာလဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၁၁။ ဇမ္ဗုကတ္ထေရဝတ္ထု
324827ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ဗာလဝဂ် — ၁၁။ ဇမ္ဗုကတ္ထေရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၁၁။ ဇမ္ဗုကမထေရ်ဝတ္ထု

မာသေ မာသေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဝေဠုဝန်ကျောင်းတော်၌ နေတော်မူစဉ် ဇမ္ဗုကအမည်ရှိသော အာဇီဝကကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ရဟန္တာအား ဆဲရေးမိခြင်း

ရှေးလွန်လေပြီးသောအခါ ကဿပ မြတ်စွာဘုရား၏ လက်ထက်တော်အခါတွင် တစ်ခုသောရွာ၌ နေလေ့ရှိသော သူကြွယ်တစ်ယောက်သည် တစ်ပါးသောမထေရ်အား သီတင်းသုံးရာဖြစ်သော ကျောင်းကို ဆောက်လုပ်လှူဒါန်း၍ ထိုကျောင်း၌ သီတင်းသုံးသော မထေရ်ကို ပစ္စည်းလေးပါးတို့ဖြင့် ပြုစုလုပ်ကျွေးလေသတတ်။ မထေရ်သည်လည်း ထိုသူကြွယ်၏အိမ်၌ အမြဲမပြတ် ဆွမ်းဘုဉ်းပေးတော်မူ၏။ ထိုအခါ ရဟန္တာ မထေရ်တစ်ပါးသည် နေ့အခါ၌ ဆွမ်းအလို့ငှာ လှည့်လည်တော်မူသည်ရှိသော် ထိုသူကြွယ်၏ အိမ်တံခါးသို့ ရောက်သွားလေ၏။ သူကြွယ်သည် ထိုရဟန္တာမထေရ်အရှင်ကို မြင်လျှင်မြင်ချင်း မထေရ်၏ ဣရိယာပုတ်၌ ကြည်ညိုသည်ဖြစ်၍ အိမ်အတွင်းသို့ ပင့်သွင်းပြီးလျှင် ရိုသေကောင်းမွန်စွာ မွန်မြတ်သောဘောဇဉ်ဖြင့် လုပ်ကျွေး၍ “အရှင်ဘုရား- ဤအဝတ်ပုဆိုးကို ဆိုးရည်ဆိုး၍ ဝတ်ရုံသုံးဆောင်တော်မူကြပါဘုရား”ဟု ကြီးစွာသော အဝတ်ပုဆိုးကို လှူပြီးလျှင် “အရှင်ဘုရား- အရှင်ဘုရားတို့၏ ဆံပင်တို့သည် ရှည်ကုန်ပြီ၊ အရှင်ဘုရားတို့၏ ဆံချစိမ့်သောငှာ ဆတ္တာသည်ကို ခေါ်ဆောင်ခဲ့ပါအံ့”ဟု လျှောက်ထားသဖြင့် ”အရှင်ဘုရားတို့၏ ကျိန်းစက်ရာအလို့ငှာ ညောင်စောင်းကိုလည်း ယူစေ၍ လာခဲ့ပါမည်ဘုရား”ဟု ဝန်ခံလျှောက်ကြားလေ၏။ အိမ်၌ အမြဲမပြတ် ကိုးကွယ်နေသော ကုလူပက ဆရာရဟန်းသည် ထိုအာဂန္တုက ဧည့်သည်ရဟန်းအား ထိုသို့ ပြုအပ်သော ပူဇော်သက္ကာရကိုမြင်လျှင် စိတ်ကိုကြည်လင်စေခြင်းငှာ မစွမ်းနိုင်ရှာသဖြင့် “ဤဒါယကာသည် ထိုတစ်ခဏမျှ မြင်အပ်သော အာဂန္တုက ဧည့်သည်ရဟန်းအား ဤသို့သဘောရှိသော ပူဇော်သက္ကာရကို ပြုဘိ၏။ အိမ်၌ အမြဲမပြတ် ဆွမ်းစား၍နေသော ငါ့အားမူကား ဤသို့သော ပူဇော်သက္ကာရကို မပြုလေဘိ”ဟု ကြံအောက်မေ့လျက် ကျောင်းသို့ သွားလေ၏။

အာဂန္တုက ဧည့်သည်ရဟန္တာသည်လည်း ထိုအာဝါသိကကျောင်းနေရဟန်းနှင့် အတူတကွသာလျှင် လိုက်သွား၍ သူကြွယ်သည် ပေးလှူအပ်သော အဝတ်ပုဆိုးကို ဆိုးရည်ဆိုး၍ ဝတ်ရုံသုံးဆောင်လေ၏။ သူကြွယ်လည်း ဆတ္တာသည်ကို ခေါ်သွား၍ မထေရ်၏ဆံတို့ကို ချစေပြီးလျှင် ညောင်စောင်းကိုခင်းစေ၍ “အရှင်ဘုရား- ဤညောင်စောင်း၌သာလျှင် ကျိန်းစက် သီတင်းသုံးတော်မူကြပါဘုရား”ဟု လျှောက်ကြား၍ နှစ်ဦးသော မထေရ်တို့ကိုလည်း နက်ဖြန် ကောင်းမှုအလို့ငှာ ပင့်ဖိတ်ပြီးလျှင် ဖဲသွားလေ၏။ နေဝါသိကဖြစ်သော ကျောင်းနေရဟန်းသည် ထို အာဂန္တုက ဧည့်သည်ရဟန္တာအား ပြုအပ်သော ထိုပူဇော်သက္ကာရကို သည်းခံခြင်းငှာ မစွမ်းနိုင်ရှာသဖြင့် ထို့နောက် ညချမ်းသောအခါသို့ ရောက်သည်ရှိသော် ကျောင်းနေရဟန်းသည် အာဂန္တုက ဧည့်သည်မထေရ်၏ အိပ်ရာအရပ်သို့ သွားရောက်၍ လေးပါးသော အခြင်းအရာတို့ဖြင့် မထေရ်ကို ဆဲရေးလေ၏။

၁။ ငါ့ရှင်အာဂန္တု- သူကြွယ်၏အိမ်၌ ဆွမ်းကို အသင်စားခြင်းထက် မစင်ကို စားခြင်းသည် မြတ်သေး၏။
၂။ သူကြွယ်သည် ခေါ်ဆောင်ခဲ့သော ဆတ္တာသည်ဖြင့် ဆံချခြင်းထက် ထန်းစေ့မှုတ်ဖြင့် ဆံပင်တို့ကို နုတ်စေခြင်းသည် မြတ်သေး၏။
၃။ သူကြွယ်သည် ပေးလှူအပ်သော သင်္ကန်းလျာအဝတ်ပုဆိုးကို ဝတ်ရုံခြင်းထက် အဝတ်မဆီး အချည်းနှီးလှည့်လည်ခြင်းသည် မြတ်သေး၏။
၄။ သူကြွယ်သည် ဆောင်ယူခဲ့သော ညောင်စောင်း၌ အိပ်ခြင်းထက် မြေ၌အိပ်ခြင်းသည် မြတ်သေး၏ဟု

ဤလေးပါးသော အခြင်းအရာတို့ဖြင့် ဆဲရေးလေ၏။

ဒါယကာနှင့်စပ်၍ ဝန်တိုခြင်း

ရဟန္တာမထေရ်သည်လည်း “ဤမလိမ္မာသော ရဟန်းသည် ငါ့ကိုအမှီပြု၍ မပျက်စီးပါစေလင့်”ဟု ကြံဆင်ခြင်တော်မူ၍ ပင့်ဖိတ်လျှောက်ကြားထားသည်ကို မယူ၊ လက်မခံမူ၍ နံနက်စောစော၌ပင်ထ၍ ချမ်းသာသည့်အားလျော်စွာ အလိုရှိရာအရပ်သို့ ကြွသွားတော်မူလေ၏။ ကျောင်းနေရဟန်းသည်လည်း နံနက်စောစောကပင်လျှင် ကျောင်း၌ ပြုဖွယ်ကိစ္စဖြစ်သော ဝတ်ကြီးဝတ်ငယ်ကို ပြုပြီးလျှင် ဆွမ်းခံအံ့သောအခါ၌ “ဤယခုအခါ၌ အာဂန္တုကရဟန်းသည်လည်း အိပ်ပျော်၍နေ၏။ ခေါင်းလောင်း ကျောက်စည်သံဖြင့် နိုးလေရာ၏”ဟူသော အမှတ်ရှိသဖြင့် လက်သည်းခွံဖြင့်သာလျှင် ခေါင်းလောင်းကို အသံမမြည်အောင် ထိုးခတ်၍ ရွာသို့ ဆွမ်းအလို့ငှာ ကြွဝင်လေ၏။ သူကြွယ်သည်လည်း ပူဇော်သက္ကာရကို ပြုစုစီမံ၍ မထေရ်နှစ်ပါးတို့၏ ကြွလာရာလမ်းခရီးကို ကြည့်မျှော်လျက်နေရာ ကျောင်းနေရဟန်းကိုသာ မြင်ရ၍ “အရှင်ဘုရား- အာဂန္တုမထေရ်သည် အဘယ်မှာနည်း”ဟု မေးလျှောက်လေ၏။ ထိုအခါ ကျောင်းနေရဟန်းသည် သူကြွယ်ကို “ဒါယကာ သူကြွယ်- တစ်စုံတစ်ခုသော စကားကို မဆိုလေနှင့်၊ အသင်၏ ကုလူပကဆရာ အာဂန္တုကရဟန်းသည် ယမန်နေ့က အသင် ဖိတ်မာန်ပြီး၍ ထွက်သွားသောအခါ တိုက်ခန်းတွင်းသို့ဝင်၍ အိပ်ပျော်ခြင်းသို့ သက်ရောက်လေ၏။ နံနက်စောစောကထ၍ ငါသည် ကျောင်းကို တံမြက်လှည်းသံကိုလည်းကောင်း၊ သောက်ရေအိုး သုံးဆောင်ရေအိုးတို့၌ ရေလောင်းသံကိုလည်းကောင်း၊ ခေါင်းလောင်းကျောက်စည်သံကိုလည်းကောင်း ပြုလုပ်ပါလျက် မသိလေခဲ့”ဟု ဆိုလေ၏။

ဒါယကာသူကြွယ် ကြံဆင်ခြင်သည်မှာ “ထိုသို့သဘောရှိသော ဣရိယာပုထ်၏ပြည့်စုံခြင်းနှင့် ပြည့်စုံသော ငါ၏အရှင်အား ဤအချိန်အခါ ကာလတိုင်အောင် အိပ်ခြင်းမည်သည် မရှိတန်ရာ၊ ထိုမထေရ်အား ဤသို့ ပူဇော်သက္ကာရပြုသည်ကိုမြင်၍ မချွတ်မလွဲ ဤအရှင်သည် တစ်စုံတစ်ခုသော အမနာပစကားကို ပြောဆိုသည် ဖြစ်ပေလတ္တံ့”ဟု ကြံဆင်ခြင်မိလေ၏။ ထိုသူကြွယ်သည် မိမိ၏ ဉာဏ်ပညာရှိသည်၏အဖြစ်ကြောင့် ထိုကြွလာသော ကျောင်းနေရဟန်းကို ရိုသေကောင်းမွန်စွာ ဆွမ်းကျွေး၍ ထိုရဟန်း၏သပိတ်ကို ကောင်းစွာဆေးကြောပြီးလျှင် အထူးထူး ကောင်းမြတ်သော အရသာရှိသော ဘောဇဉ်ဖြင့်ပြည့်စေ၍ “အရှင်ဘုရား- တပည့်တော်၏အရှင်ကို အကယ်၍ တွေ့မြင်ကြပါကုန်ငြားအံ့၊ ဤဆွမ်းကို ထိုအရှင်မြတ်အား လှူဒါန်းတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။ ကျောင်းနေရဟန်းသည်လည်း ထိုဆွမ်းဘောဇဉ်ကို ယူလာလျက်သာလျှင် ကြံအောက်မေ့သည်မှာ “ထိုအာဂန္တုကရဟန်းသည် ဤသို့သဘောရှိသော ဆွမ်းဘောဇဉ်ကို အကယ်၍ သုံးဆောင်စားသောက်ရသည် ဖြစ်ငြားအံ့၊ ဤအရပ်ဌာန၌သာလျှင် လွန်စွာမက်မော စွဲလမ်းကပ်ငြိခြင်းရှိသောသူ ဖြစ်လတ္တံ့”ဟု အောက်မေ့ပြီးလျှင် လမ်းခရီးအကြား၌ ထိုဆွမ်းကို စွန့်ပစ်ခဲ့၍ မထေရ်၏ နေရာဌာနသို့သွား၍ မထေရ်ကို ထိုအရပ်၌ ကြည့်ရှုသည်ရှိသော် မတွေ့မမြင်ဘဲ ရှိလေ၏။

မကောင်းကျိုးရရှိပုံ

ထိုအခါ ဤမျှအတိုင်းအရှည်ရှိသော မကောင်းမှုကံကို ပြုအပ်ဖူးသည်၏အဖြစ်ကြောင့် အနှစ်,နှစ်သောင်းတို့ပတ်လုံး ပြုကျင့်အပ်သည်လည်းဖြစ်သော ရဟန်းတရားသည် ထိုရဟန်းကို အပါယ်မှလွတ်အောင် စောင့်ရှောက်ခြင်းငှာ မစွမ်းနိုင်လေ။ အသက်အပိုင်းအခြား၏အဆုံး၌ သေလွန်ခြင်းကို ပြုခဲ့ပြီးလျှင် အဝီစိငရဲကြီး၌ဖြစ်၍ နှစ်ဆူသော ဘုရားရှင်တို့၏ တစ်ခုသောအကြားကာလပတ်လုံး ကြီးစွာသော ဆင်းရဲခြင်းကို ခံစားရ၍ ဤဂေါတမမြတ်စွာဘုရား ထင်ရှားပွင့်တော်မူသောအခါ၌ ရာဇဂြိုဟ်ပြည်ဝယ် များစွာသော ထမင်းအဖျော်ရှိသော တစ်ဆောင်သော အမျိုးအိမ်၌ ဖြစ်လေ၏။ ထိုသူငယ်သည် ခြေဖြင့်သွားလာနိုင်သော အခါမှစ၍ အိပ်ရာ၌ အိပ်ခြင်းငှာ အလိုမရှိ၊ ထမင်းကိုစားခြင်းငှာ အလိုမရှိ၊ မိမိ၏ ကိုယ်မှဖြစ်သော အညစ်အကြေးကိုသာ စားလေ့ရှိ၏။ “အသက်အရွယ် ငယ်သေး၍ မသိမလိမ္မာသောကြောင့်သာ ဤကဲ့သို့ ပြုဘိသည်”ဟု အောက်မေ့မှတ်ထင်လျက် ထိုသူငယ်ကို မွေးကျွေးသုတ်သင်ကြလေကုန်၏။ အရွယ်ကြီးရင့်လာသောအခါ၌လည်း အဝတ်ပုဆိုးကို ဝတ်ခြင်းငှာ အလိုမရှိ။ အချည်းနှီးသာလျှင် လှည့်လည်သွားလာလေ့ရှိ၏။ မြေ၌သာ အိပ်လေ့ရှိ၏။ မိမိ၏ကိုယ်မှဖြစ်သော အညစ်အကြေးကိုသာ စားလေ့ရှိ၏။

မစင်ကိုသာ စားသူ

ထိုအခါ သူငယ်၏ မိခင်ဖခင်တို့သည် “ဤသူငယ်ကား ငါတို့၏အိမ်နှင့် မထိုက်တန် မလျောက်ပတ်၊ သက်သက် အရှက်မရှိသောသူ ဖြစ်ပေရကား ဤသူငယ်သည် အာဇီဝကတို့အား ထိုက်တန်လတ္တံ့”ဟု ကြံ၍ ထိုအာဇီဝကတို့၏အထံသို့ ဆောင်ယူ၍ “ဤသူငယ်ကို ရဟန်းပြုပါကုန်လော့”ဟု ပေးကြလေကုန်၏။ ထိုအခါ အာဇီဝကတို့သည် ထိုသူငယ်ကို ရဟန်းပြုကြကုန်၏။ ရဟန်းပြုပေးကြကုန်သော အာဇီဝကတို့သည်လည်း လည်ပင်းမျှ ပမာဏရှိသော တွင်း၌ထား၍ ပခုံးစွန်းနှစ်ဖက်တို့၏အထက်၌ ပျဉ်ချပ်တို့ကိုခင်း၍ ထိုပျဉ်ချပ်တို့၏အထက်၌ ထိုင်လျက် ထန်းစေ့မှုတ် ထက်ခြမ်းပိုင်းဖြင့် ဆံပင်တို့ကို နုတ်ကြလေကုန်၏။ ထိုအခါ ထိုသူငယ်၏ အမိအဘတို့သည် ထိုအာဇီဝကတို့ကို နက်ဖြန် ဆွမ်းဘောဇဉ် ကျွေးမွေးခြင်းအလို့ငှာ ပင့်ဖိတ်၍ ဖဲသွားကြကုန်၏။ တစ်ဖန် မိုးသောက်ရောက်သောနေ့၌ အာဇီဝကတို့သည် “ငါ့ရှင် လာလှည့်၊ ရွာသို့ဝင်ကုန်အံ့”ဟု ခေါ်ကြကုန်သည်ရှိသော် ထိုသူငယ် အာဇီဝကသည် “အသင်တို့သာ သွားကြပါကုန်လော့၊ အကျွန်ုပ်သည်ကား ဤအရပ်၌သာလျှင် နေရစ်ခဲ့ပါအံ့”ဟု ဆိုလျက် ရွာသို့ဝင်ခြင်းကို အလိုမရှိ။ ထိုအခါ ထိုသူငယ် အာဇီဝကကို အဖန်တလဲလဲ ဆိုသော်လည်း လိုက်ခြင်းငှာ အလိုမရှိသည်ဖြစ်၍ စွန့်ပစ်ချန်ထားခဲ့၍ သွားကြလေကုန်၏။ ထိုသူငယ် အာဇီဝကသည်လည်း အဖော်အာဇီဝကတို့ သွားသည့်အဖြစ်ကိုသိလျှင် ဝစ္စကုဋီဟူသော ကျင်ကြီးအိမ်၌ ပျဉ်ချပ်ကိုဖွင့်၍ သက်ဆင်းပြီးမှ လက်နှစ်ဖက်တို့ဖြင့် အလုတ်အလုတ်ပြု၍ မစင်ကို စားလေ၏။ အာဇီဝကတို့သည်လည်း ထိုသူငယ် အာဇီဝကအလို့ငှာ ရွာတွင်းမှ အစာအာဟာရကို ပို့လိုက်ကြကုန်၏။

ထိုအစာအာဟာရကိုလည်း အလိုမရှိ၊ အဖန်တလဲလဲ ပြောဆိုသော်လည်း “ငါ့အား ဤအစာအာဟာရဖြင့် အလိုမရှိ။ ငါ့အား အစာအာဟာရကို ရအပ်ပြီ”ဟု ဆိုလေ၏။ “အဘယ်မှာ ရသနည်း”ဟု မေးသည်ရှိသော် “ဤအရပ်၌ပင် ရ၏”ဟု ပြောဆို၏။ ဤသို့သောနည်းဖြင့် နှစ်ရက်မြောက် သုံးရက်မြောက် လေးရက်မြောက်သော နေ့၌လည်း ထိုအာဇီဝကတို့သည် များစွာ ပြောဆိုသော်လည်း “ငါသည် ဤအရပ်၌ပင် အစာအာဟာရ ရပေလတ္တံ့”ဟု ပြောဆို၍ ရွာတွင်းသို့ သွားခြင်းငှာ အလိုမရှိဘဲ နေ၏။ အာဇီဝကတို့သည်လည်း “ဤသူငယ် အာဇီဝကသည် နေ့တိုင်းနေ့တိုင်း ရွာသို့ဝင်ခြင်းငှာ အလိုမရှိ၊ ငါတို့ပို့လိုက်သော အစာအာဟာရကိုလည်း သုံးဆောင်ခြင်းငှာ အလိုမရှိ၊ ဤအရပ်၌သာလျှင် ငါ့အား အစာအာဟာရကို ရအပ်ပြီဟု ပြောဆို၏။ အဘယ်သို့လျှင် ပြုလုပ်၍ နေဘိသနည်းဟု ထိုသူကို စူးစမ်း၍ ဖမ်းကြကုန်အံ့”ဟု ကြံပြီးလျှင် ရွာသို့ဝင်ကုန်လတ်သော် တစ်ယောက် နှစ်ယောက်သော သူတို့ကို ထိုသူအား စူးစမ်း၍ ဖမ်းယူခြင်းငှာ ချန်ထားခဲ့၍ သွားကြလေကုန်၏။ ထိုအာဇီဝကတို့လည်း နောက်မှ လိုက်သွားဘိသကဲ့သို့ပြု၍ ပုန်းအောင်းကာ နေကြကုန်၏။ ထိုသူငယ် အာဇီဝကသည်လည်း အာဇီဝကတို့၏ သွားသည်အဖြစ်ကိုသိလျှင် ရှေးနည်းအတူသာလျှင် ကျင်ကြီးအိမ်သို့ သက်ဆင်း၍ မစင်ကို စားလေ၏။

အာဇီဝကတို့က နှင်ထုတ်ခြင်း

ပုန်းအောင်း ချောင်းမြောင်း၍နေသော အာဇီဝကတို့လည်း ထိုအာဇီဝက၏ အပြုအမူကိုမြင်လျှင် အာဇီဝကတို့အား ပြောကြားကြကုန်၏။ ထိုစကားကိုကြားလျှင် အာဇီဝကတို့က “ဪ.. ဝန်လေးစွာသော အမှုပါတကား၊ ရဟန်းဂေါတမ၏ တပည့်တို့သည် အကယ်၍ သိကုန်ငြားအံ့၊ အာဇီဝကတို့သည် မစင်ကိုစားကုန်လျက် သွားလာလှည့်လည်ကုန်၏ဟု ငါတို့၏ မကောင်းသော ကျော်စောခြင်းကို ပြသပြောဆိုကုန်ရာ၏၊ ဤသူသည် ငါတို့နှင့် မထိုက်တန်”ဟု ပြောဆိုတိုင်ပင်၍ ထိုသူငယ် အာဇီဝကကို မိမိတို့အထံမှ နှင်ထုတ်ကြလေကုန်၏။ ထိုသူငယ် အာဇီဝကသည်လည်း ဆရာအာဇီဝကတို့သည် နှင်ထုတ်အပ်သည်ဖြစ်၍ လူများအပေါင်း၏ ကျင်ကြီးစွန့်ရာအရပ်၌ ခင်းထားအပ်သော တစ်ခုသော ကျောက်ဖျာသည် ရှိ၏။ ထိုကျောက်ဖျာ၌ ကြီးသော နှာမောင်းသဖွယ် မှီရာဖြစ်သော ကျောက်ဖျာကိုမှီ၍ လူများအပေါင်း၏ ကျင်ကြီးစွန့်ရာအရပ်သည် ရှိ၏။ ထိုသူငယ် အာဇီဝကသည် ထိုအရပ်သို့ သွားပြီးမှ ညဉ့်အခါ၌ မစင်ကိုစား၍ လူများအပေါင်း၏ ကိုယ်လက်သန့်ရှင်း သုတ်သင်ခြင်းငှာ လာသောအခါ လက်တစ်ဖက်ဖြင့် ကျောက်ဖျာ၏ အစွန်းတစ်ခုကို ထောက်ပြီးလျှင် ခြေတစ်ဖက်ကိုပင့်မြှောက်၍ ဒူ၌ထားသဖြင့် အထက်၌ လေသို့ရှေးရှု ခံတွင်းကိုဖွင့်လျက် ရပ်တည်၏။ လူများအပေါင်းသည် ထိုသူငယ်အာဇီဝကကိုမြင်လျှင် ချဉ်းကပ်ကာ ရှိခိုး၍ “အရှင်ဘုရား- အရှင်မြတ်သည် အဘယ့်ကြောင့် ခံတွင်းကိုဖွင့်၍ ရပ်နေဘိသနည်း”ဟု မေးလေ၏။ “ငါသည် လေကိုသာ စား၏၊ ငါ့အား လေမှတစ်ပါးသော အစာအာဟာရ မရှိ”ဟု ဆိုသော် “ထိုသို့ဖြစ်မူ အဘယ့်ကြောင့် ခြေတစ်ဖက်ကို ဒူး၌ထား၍ ရပ်နေပါသနည်း”ဟု မေးပြန်သည်ရှိသော် “ငါသည် မြတ်သောအကျင့်ရှိ၏၊ ပြင်းထန်သော အကျင့်ရှိ၏၊ ငါသည် ခြေနှစ်ဖက်တို့ဖြင့် နင်းထောက်အပ်သည်ရှိသော် မြေကြီး တုန်လှုပ်၏။”

ကောင်းကျင့် ဆိုးကျင့် မခွဲတတ်သူတို့ သဘာဝ

“ထို့ကြောင့်သာ ခြေတစ်ဖက်ကိုမြှောက်၍ ဒူး၌ထားလျက် ရပ်တည်နေ၏”ဟု ပြောဆို၏။ “ထိုစကားမှန်၏။ ငါသည် ညဉ့်ရောနေ့ပါ ရပ်လျက်သာလျှင် ကာလကို လွန်စေ၏၊ ထိုင်နေခြင်း, အိပ်နေခြင်းမရှိ”ဟု ပြောဆိုလေ၏။ လူတို့မည်သည်ကား များသောအားဖြင့် စကားမျှကိုပင်သော်လည်း ယုံကြည်တတ်ကြကုန်၏။ ထို့ကြောင့် “အလွန်အံ့ဩဖွယ်ရှိပေစွ၊ ဤသို့သဘောရှိသော အကျင့် ကျင့်နိုင်သူတို့ မရှိကုန်၊ ဤသို့သဘောရှိသော အကျင့်အာစာရရှိသောသူကို ရှေးအခါက ငါတို့ မမြင်စဖူး”ဟု ပြောဆိုချီးမွမ်းလျက် များသောအားဖြင့် အင်္ဂတိုင်း, မဂဓတိုင်း၌ နေသောသူတို့သည် တုန်လှုပ်ချောက်ချား၍ ချဉ်းကပ်ပြီးလျှင် လတိုင်း,လတိုင်း၌ ကြီးစွာသော ပူဇော်သက္ကာရကို ရှေးရှုဆောင်ယူခဲ့ကြကုန်၏။ ထိုသူငယ် အာဇီဝကသည် “ငါကား လေကိုသာ စား၏၊ လေမှတစ်ပါးသော အစာကို မစား၊ လေမှတစ်ပါး အခြားသောအစာကို ငါစားသည်ရှိသော် အကျင့်ပျက်စီးလတ္တံ့”ဟု ဆို၍ ထိုသူတို့ ရှေးရှုဆောင်ယူခဲ့သော တစ်စုံတစ်ခုသော အာဟာရကို အလိုမရှိ။ လူတို့သည် “အရှင်ဘုရား တပည့်တော်တို့ကို မဖျက်ဆီးပါကုန်လင့်၊ အရှင်ဘုရားတို့ကဲ့သို့ သဘောရှိသော ပြင်းထန်သော အကျင့်ရှိသောသူသည် သုံးဆောင်ခြင်း ပြုသည်ရှိသော် တပည့်တော်တို့အား ရှည်ကြာစွာသော နေ့ညဉ့်ကာလပတ်လုံး စီးပွားခြင်းငှာ, ချမ်းသာခြင်းငှာ ဖြစ်ပါသည်”ဟု အဖန်တလဲလဲ တောင်းပန်ကြကုန်၏။ “ထိုငါ့အား တစ်ပါးသော အစာအာဟာရဖြင့် မနှစ်သက်”ဟု မြစ်ပယ်သော်လည်း လူအပေါင်း၏ တောင်းပန်ခြင်းဖြင့် နှိပ်စက်အပ်သည်ဖြစ်၍ ထိုသူတို့ ဆောင်ယူခဲ့သော ထောပတ်, တင်လဲစသည်တို့ကို သမန်းမြက်ဖျားဖြင့် လျှာဖျား၌တင်၍ “သင်တို့ သွားကြကုန်လော့၊ ဤမျှလောက်သည် သင်တို့အား ချမ်းသာခြင်းငှာ, စီးပွားခြင်းငှာ ထိုက်တန်လောက်ပေပြီ”ဟု ဆို၍ လွှတ်လိုက်လေ၏။ ဤသို့လျှင် ထိုသူငယ် အာဇီဝကသည် ငါးဆယ့်ငါးနှစ်တို့ ကာလပတ်လုံး အချည်းနှီး အဝတ်မကပ်ဘဲ မစင်ကိုသာ စား၍ ဆံပင်တို့ကိုနုတ်၍ မြေ၌အိပ်လျက် ကာလကို လွန်စေလေ၏။

ဘုရားရှင် ကြွလာတော်မူခြင်း

မြတ်စွာဘုရားတို့အားလည်း နံနက်စောစော မိုးသောက်သောအခါ လောကကို ကြည့်ရှုတော်မူခြင်းသဘောသည် မစွန့်လွှတ်အပ်သည်သာ ဖြစ်၏။ ထို့ကြောင့် တစ်နေ့သ၌ နံနက်စောစော မိုးသောက်သောအခါ လောကကို ကြည့်ရှုတော်မူသော မြတ်စွာဘုရားအား ဤအာဇီဝက (ဇမ္ဗုက အာဇီဝက)သည် ဉာဏ်တော်တည်းဟူသော ကွန်ယက်၏အတွင်း၌ ထင်လာ၏။ မြတ်စွာဘုရားသည် “အသို့ဖြစ်လတ္တံ့နည်း”ဟု ဆင်ခြင်တော်မူပြန်သည်ရှိသော် ပဋိသမ္ဘိဒါ လေးပါးနှင့်တကွ ထိုဇမ္ဗုက အာဇီဝက၏ အရဟတ္တဖိုလ်အကြောင်း ဥပနိဿယ၏ ပြည့်စုံခြင်းကို မြင်တော်မူလျှင် “ငါဘုရားသည် ထိုဇမ္ဗုကကို အစပြု၍ တစ်ခုသောဂါထာကို ဟောကြားတော်မူပေအံ့၊ ထိုဒေသနာဂါထာ၏အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား အကျွတ်တရားကို ရခြင်းသည် ဖြစ်ပေလတ္တံ့၊ ထို့ကြောင့် ဤအမျိုးသားကိုအမှီပြု၍ လူများအပေါင်းသည် ချမ်းသာခြင်းသို့ရောက်ပေလတ္တံ့”ဟု သိမြင်တော်မူ၍ တစ်ဖန် မိုးသောက်သောနေ့ဝယ် ရာဇဂြိုဟ်ပြည်၌ ဆွမ်းအလို့ငှာ ကြွတော်မူ၍ ဆွမ်းခံရာမှ ဖဲကြွတော်မူလတ်သော် အရှင်အာနန္ဒာမထေရ်ကို ခေါ်တော်မူ၍ “ချစ်သားအာနန္ဒာ- ငါဘုရားသည် ဇမ္ဗုကအာဇီဝက၏အထံသို့ ကြွသွားတော်မူအံ့”ဟု မိန့်တော်မူလေ၏။ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- မြတ်စွာဘုရားတို့သည်သာလျှင် အဖော်မပါတစ်ပါးတည်း ကြွသွားတော်မူကြကုန်အံ့လောဘုရား”ဟု မေးလျှောက်လျှင် “ဪ.. ဟုတ်ပေ၏၊ ငါဘုရားတစ်ပါးတည်းသာ ကြွသွားတော်မူအံ့”ဟု မိန့်တော်မူ၍ မြတ်စွာဘုရားသည် ညနေစောင်းအခါဝယ် ဇမ္ဗုကအာဇီဝက၏ အထံသို့ ကြွသွားတော်မူလေ၏။

နတ်တို့ သန့်ရှင်းစွာ ဖန်ဆင်းထား

နတ်တို့လည်း “မြတ်စွာဘုရားသည် ဇမ္ဗုကအာဇီဝက၏ အထံသို့ ကြွသွားတော်မူ၏၊ ထိုဇမ္ဗုကအာဇီဝကသည်လည်း စက်ဆုပ်ဖွယ်သော ကျင်ကြီးကျင်ငယ် ဒန်ပူဖတ်တို့ဖြင့် ညစ်နွမ်းခြင်းရှိသော ကျောက်ဖျာ၌ နေ၏၊ မိုးရွာစိမ့်သောငှာ သင့်လျော်၏”ဟုကြံ၍ မိမိတို့၏အာနုဘော်ဖြင့် ထိုခဏ၌သာလျှင် မိုးကိုရွာစေကြကုန်၏၊ ကျောက်ဖျာသည် သန့်ရှင်းစင်ကြယ်စွာ အညစ်အကြေး ကင်းလေ၏။ ထို့နောက်မှ ကျောက်ဖျာထက်၌ ငါးပါးသော အဆင်းရှိသော ပန်းမိုးကို ရွာစေပြန်ကုန်၏။

မြတ်စွာဘုရားသည် ညချမ်းသောအခါ၌ ဇမ္ဗုကအာဇီဝက၏အထံသို့ ရောက်သွားတော်မူ၍ “ဇမ္ဗုက”ဟု အသံကိုပြုတော်မူ၏။ ဇမ္ဗူကလည်း “ဤသူယုတ်မာသည် အဘယ်သူဖြစ်လေသနည်း၊ ငါ့ကို ဇမ္ဗုကဟူသော ခေါ်ဝေါ်ခြင်းဖြင့် ခေါ်လေဘိ၏”ဟု ကြံလျက် “ဤခေါ်သောသူကား အဘယ်သူနည်း”ဟု မေးလေ၏။ “ဇမ္ဗုက- ငါဘုရားတည်း”ဟု မိန့်တော်မူလျှင် “ရဟန်းကြီး- အဘယ်အကြောင်းကြောင့် ခေါ်သနည်း”ဟု မေးလေ၏။ “ယနေ့ ငါ့အား တစ်ညဉ့်မျှ ဤအရပ်၌ တည်းခိုနေထိုင်ခြင်းငှာ တစ်ခုသောနေရာကို ပေးလော့”ဟု မိန့်တော်မူသော် “ရဟန်းကြီး- ဤအရပ်၌ တည်းခိုနေထိုင်စရာ နေရာမရှိ”ဟု မြစ်ပယ်၏။ “ဇမ္ဗုက- ဤသို့မပြုလင့်၊ တစ်ညဉ့်မျှ နေရာအရပ်ကို ငါ့အားပေးလော့”ဟု မိန့်တော်မူပြန်လတ်သော် “ရဟန်းတို့မည်သည်ကား ရဟန်းချင်းချင်းကို နှစ်သက်တောင့်တကြကုန်၏၊ လူတို့သည် လူချင်းချင်းကို နှစ်သက်တောင့်တကြကုန်၏၊ သားကောင်တို့သည် သားကောင်ချင်းချင်းကို နှစ်သက်တောင့်တကြကုန်၏၊ အသို့နည်း၊ သင်သည် ရဟန်းပင်လော”ဟု မေးပြန်လေ၏။ “ဪ -ရဟန်း ဟုတ်ပေ၏”ဟု မိန့်တော်မူသည်ရှိသော် “သင်သည် အကယ်၍ ရဟန်းဖြစ်ခဲ့ငြားအံ့၊ ဤသို့ရဟန်းဖြစ်သည်ရှိသော် သင်၏ဘူးတောင်းသည် အဘယ်မှာနည်း၊ မီးမွှေယောက်မသည် အဘယ်မှာနည်း၊ ယဇ်ပူဇော်သောချည်သည် အဘယ်မှာနည်း”ဟု မေးပြန်လေသည်။ “ဤအလုံးစုံသည် ငါ့အား ရှိ၏။ အသီးအသီးယူ၍ သွားခြင်းသည် ဆင်းရဲပင်ပန်းလှသောကြောင့် ကိုယ်တွင်း၌သာလျှင်ယူ၍ သွားလာလှည့်လည်၏”ဟု မိန့်ဆိုပြန်သော် “ထိုအသင်သည် ထိုဘူးတောင်းစသည်ကို မကိုင်ယူမူ၍ သွားလတ္တံ့”ဟု ဆို၍ အမျက်ထွက်လေ၏။ ထိုအခါ ဇမ္ဗုကကို မြတ်စွာဘုရားသည် “ဇမ္ဗုက- ရှိပါစေတော့၊ -အမျက်မထွက်ပါလင့်၊ ငါ့အား တည်းခိုနေထိုင်ရာ နေရာတစ်ခုကိုသာ ပြောကြားလော့”ဟု မိန့်တော်မူပြန်သော် “ရဟန်းကြီး- ဤအရပ်၌ နေစရာနေရာ မရှိ”ဟု ဆိုလေ၏။

ဘုရားထံ နတ်မင်း, သိကြား, ဗြဟ္မာတို့ လာကြခြင်း

ထိုဇမ္ဗုက၏ နေရာအရပ်မှ မနီးမဝေးသော အရပ်၌ တစ်ခုသော တောင်ဝှမ်းသည် ရှိ၏။ မြတ်စွာဘုရားလည်း ထိုတောင်ဝှမ်းကို စုံစမ်းတော်မူ၍ “ထိုတောင်ဝှမ်း၌ အဘယ်သူနေသနည်း”ဟု မေးတော်မူလေ၏။ “ရဟန်းကြီး- ဤနေရာ၌မူကား တစ်စုံတစ်ယောက်သောသူသည် မရှိ”ဟုဆိုလျှင် “ထိုသို့ဖြစ်မူ ဤနေရာကို ငါ့အား ပေးလော့”ဟု မိန့်တော်မူ၏။ “ရဟန်းကြီး- သင်သည်ပင်လျှင် သိလေလော့”ဟု ဆိုလတ်သော် မြတ်စွာဘုရားသည် တောင်ဝှမ်း၌ နိသီဒိုင်ကိုခင်း၍ နေထိုင်တော်မူလေ၏။ ထိုအခါ ပထမယာမ်၌ စတုမဟာရာဇ် နတ်မင်းကြီး လေးယောက်တို့သည် အရပ်လေးမျက်နှာတို့ကို တစ်ပြိုင်နက် အရောင်အလင်းကိုပြုလျက် မြတ်စွာဘုရားအား ခစားခြင်းငှာ လာရောက်ကြကုန်၏။ ဇမ္ဗုကလည်း အရောင်အလင်းကိုမြင်၍ “ဤအရောင်ကား အဘယ်သို့သော အရောင်ပေနည်း”ဟု ကြံစည်လေ၏။ သန်းခေါင်းယာမ်၌ သိကြားနတ်မင်းသည် ရောက်လာ၏။ ဇမ္ဗုကသည် ထိုသိကြားမင်း၏ ကိုယ်ရောင်ကိုမြင်၍ “ဤအရောင်သည်လည်း အဘယ်အရောင်ပေနည်း”ဟု ကြံစည်ပြန်လေ၏။ ပစ္ဆိမယာမ်၌ လက်တစ်ချောင်းဖြင့် စကြဝဠာတစ်ခု လက်နှစ်ချောင်းဖြင့် စကြဝဠာနှစ်ခု လက်ဆယ်ချောင်းဖြင့် စကြဝဠာ ဆယ်ခုတို့ကို ထွန်းလင်းစေခြင်းငှာ စွမ်းနိုင်သော မဟာဗြဟ္မာကြီးသည် တောအုပ်အလုံးကို တစ်ပြိုင်နက် အလင်းရောင်ပြုလျက် ရောက်လာလေ၏။

ဇမ္ဗုကသည် ထိုဗြဟ္မာမင်း၏ ကိုယ်အရောင်ကိုမြင်၍ “ဤအရောင်သည်လည်း အဘယ်သို့သောအရောင်ပေနည်း”ဟု ကြံစည်၍ နံနက်စောစောကပင်လျှင် မြတ်စွာဘုရား၏ အထံတော်သို့သွား၍ ပဋိသန္ဓာရစကားကို ပြောကြားပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌နေလျက် မြတ်စွာဘုရားကို “ရဟန်းကြီး- အသင်တို့၏အထံ၌ လေးပါးသော အရပ်တို့ကို ထွန်းလင်းစေကုန်လျက် အဘယ်သူတို့သည် လာရောက်ကြကုန်သနည်း”ဟု မေးလေ၏။ “လေးယောက်ကုန်သော စတုမဟာရာဇ် နတ်မင်းကြီးတို့တည်း”ဟု မိန့်တော်မူလျှင် “အဘယ့်ကြောင့် လာကုန်သနည်း”ဟု မေးပြန်လေ၏။ “ငါဘုရားကို ခစားဆည်းကပ်ခြင်းငှာ လာကုန်၏”ဟု မိန့်တော်မူလျှင် “အသင်သည် ထိုလေးယောက်ကုန်သော စတုမဟာရာဇ် နတ်မင်းကြီးတို့ထက်ပင် မြတ်လေသလော”ဟု မေးပြန်သဖြင့် “ဇမ္ဗုက- ဪ.. ဟုတ်မှန်ပေ၏။ ငါသည် ထိုစတုမဟာရာဇ် နတ်မင်းကြီးတို့ထက်လည်း ကဲလွန်ထူးမြတ်သော မင်းကြီးပေတည်း”ဟု မိန့်တော်မူ၏။ “သန်းခေါင်ယာမ်၌ကား အဘယ်သူ လာသနည်း”ဟု မေးပြန်သော် “ဇမ္ဗုက- နတ်တို့ကိုအစိုးရသော သိကြားမင်းတည်း”ဟု မိန့်တော်မူလေ၏။ “အဘယ့်ကြောင့် လာသနည်း”ဟု မေးပြန်သော် “ငါ့ကို ခစားဆည်းကပ်ခြင်းငှာ လာ၏”ဟု မိန့်တော်မူလေ၏။ “အသင်သည် သိကြားနတ်မင်းထက်ပင် မြတ်သေးသလော”ဟု မေးပြန်သော် “ဪ- ဟုတ်မှန်ပေ၏၊ ဇမ္ဗုက- ငါကား သိကြားနတ်မင်းထက်လည်း မြတ်၏”ဟု မိန့်တော်မူ၍ “ဤသိကြားနတ်မင်းကား ငါ၏ နာဖျားမကျန်းရှိသောအခါ လုပ်ကျွေးပြုစု သူနာပြုတစ်ယောက်ဖြစ်၏၊ အမှုကြီးငယ်ပြုတတ်သော ကပ္ပိယကာရက တစ်ယောက်ဖြစ်၏။ တပည့်သာမဏေနှင့် တူ၏”ဟု မိန့်တော်မူလေ၏။

“ရဟန်းကြီး- မိုးသောက်ယာမ်၌ တောအလုံးကို ထွန်းလင်းစေလျက် အဘယ်သူသည် ရောက်လာသနည်း”ဟု မေးပြန်သော် “လောက၌ ပုဏ္ဏား အစရှိသောသူတို့သည် ချေဆတ်သော်လည်းကောင်း၊ ချွတ်ချော်သော်လည်းကောင်း အကြင်သူကို ရည်စူး၍ “နမော မဟာဗြဟ္မုနော- မဟာဗြဟ္မာကြီးအား ရှိခိုးပါ၏”ဟု ဆိုကြကုန်၏၊ ထိုသူကား ဤမဟာဗြဟ္မာကြီးပေတည်း”ဟု မိန့်တော်မူ၏။ “အသို့နည်း၊ အသင်သည် မဟာဗြဟ္မာကြီးထက်ပင် မြတ်လေသေးသလော”ဟု မေးပြန်သော် “ဇမ္ဗုက- ဪ.. ဟုတ်မှန်ပေ၏၊ ငါသည် ဗြဟ္မာတို့ထက်လည်း ကဲလွန်ထူးမြတ်သော ဗြဟ္မာကြီးပေတည်း”ဟု မိန့်တော်မူလျှင် “ရဟန်းကြီး- အသင်သည် လက်ဖြောက်တီး၍ အံ့ချီးဖွယ်ကောင်းသော သူတစ်ယောက်ဖြစ်ပေ၏၊ အကျွန်ုပ်သည် ငါ့ဆယ့်ငါးနှစ်တို့ပတ်လုံး ဤအရပ်ဒေသ၌ နေထိုင်ပါသော်လည်း ထိုသူတို့တွင် တစ်ယောက်သောသူမျှလည်း အကျွန်ုပ်ကို ခစားဆည်းကပ်ခြင်းငှာ လာဖူးသည် မရှိ၊ အကျွန်ုပ်သည် ဤမျှလောက်သော ကာလပက်လုံး လေကိုသာ စားသည်ဖြစ်၍ ရပ်တည်လျက်သာလျှင် ကာလကို လွန်စေခဲ့လေပြီ၊ ထိုမျှလောက်ကြာသော်လည်း ထိုသူတို့သည် အကျွန်ုပ်အား ခစားဆည်းကပ်ခြင်းငှာ မလာစဖူးကြကုန်”ဟု ပြောဆိုလေ၏။

ဇမ္ဗုက ရဟန္တာဖြစ်၍ ဝဋ်ကျွတ်ခန်း

ထိုအခါ ဇမ္ဗုကကို မြတ်စွာဘုရားသည် “အို..ဇမ္ဗုက- အသင်သည် လောက၌ မိုက်မဲတွေဝေသော လူများအပေါင်းကို လှည့်စားလျက် ငါဘုရားကိုလည်း လှည့်စားခြင်းငှာ အလိုရှိသောသူတစ်ယောက် ဖြစ်ဘိ၏၊ အသင်သည် ငါးဆယ့်ငါးနှစ်တို့ပတ်လုံး မစင်ကိုသာ စားသည်မဟုတ်လော၊ မြေ၌သာလျှင် အိပ်သည်မဟုတ်လော၊ အဝတ်မဝတ်ဘဲ အချည်းနှီးဖြစ်၍ လှည့်လည်သည်မဟုတ်လော၊ ထန်းစေ့မှုတ် ထက်ခြမ်းပိုင်းဖြင့် ဆံတို့ကို နုတ်သည် မဟုတ်လော၊ ထိုသို့ဖြစ်လျက် မလိမ္မာသော လူအပေါင်းကို လှည့်စား၍ “ငါသည် လေကို စား၏၊ ခြေတစ်ဖက်ဖြင့်သာ ရပ်တည်၏၊ ထိုင်နေခြင်း, အိပ်နေခြင်းမရှိ”ဟု ပြောဆိုဘိ၏၊ ငါဘုရားကိုလည်း လှည့်စားလိုသောသူ ဖြစ်ဘိ၏”ဟု မိန့်ဆိုပြီးလျှင် “အသင်သည် ရှေးရှေးသော ဘဝ၌လည်း အလွန်အကြူး ယုတ်မာလှသော အယူကိုမှီ၍ ဤမျှလောက်သော ကာလပတ်လုံး မစင်ကို စားလျက်, မြေ၌ အိပ်လျက်, အချည်းနှီး လှည့်လည်လျက်, ထန်းစေ့မှုတ် ထက်ခြမ်းပိုင်းဖြင့် ဆံပင်တို့ကို နုတ်ရခြင်းသို့ရောက်လေ၏။ ယခုအခါ၌လည်း အလွန်အကြူး ယုတ်မာလှသော အယူကိုသာ ယူပြန်ဘိ၏”ဟု မိန့်တော်မူလတ်သော် “ရဟန်းကြီး- အကျွန်ုပ်သည် အဘယ်သို့သော မကောင်းမှုကို ပြုဖူးပါသနည်း”ဟု မေးသဖြင့် ထိုအခါ မြတ်စွာဘုရားသည် ထိုဇမ္ဗုကအား ရှေး၌ပြုခဲ့ဖူးသော မကောင်းမှုကံကို ပြန်ကြားမိန့်မြွက်တော်မူလေ၏။ မြတ်စွာဘုရား ဟောကြားစဉ်ပင်လျှင် ထိုဇမ္ဗူကအား ထိတ်လန့်ခြင်း သံဝေဂဖြစ်၍ ရှက်ကြောက်ခြင်း ဟိရိဩတ္တပ္ပ ဖြစ်ခဲ့ရကား ဆောင့်ကြောင့်ထိုင်နေလေ၏။ ထိုအခါ မြတ်စွာဘုရားသည် ထိုဇမ္ဗုကအား ရေသနုပ်ကို ပစ်၍ ပေးတော်မူလေ၏။ ဇမ္ဗုကလည်း ထိုရေသနုပ်ကိုဝတ်၍ မြတ်စွာဘုရားကို ရှိခိုးလျက် သင့်တင့်လျောက်ပတ်သောနေရာ၌ ထိုင်နေလေ၏။ မြတ်စွာဘုရားသည် ဇမ္ဗူကအား အစဉ်အတိုင်းသော တရားစကားကို ပြောကြားလျက် တရားဟောတော်မူလေ၏။ ထိုဇမ္ဗုကသည် ဒေသနာတော်၏အဆုံး၌ ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ရောက်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် ထိုင်နေရာမှထလျက် ရှင်အဖြစ်ကိုလည်းကောင်း၊ ပဉ္စင်း၏အဖြစ်ကိုလည်းကောင်း တောင်းပန်၏။ ဤမျှဖြင့် ထိုဇမ္ဗုက၏ ရှေးမကောင်းမှုကံသည် ကုန်လေပြီ။

(ဤဇမ္ဗကသည် ရဟန္တာမထေရ်မြတ်ကို လေးပါးကုန်သော ဆဲရေးခြင်းတို့ဖြင့် ဆဲရေး၍ အကြင်ရွေ့လောက် ဤမဟာပထဝီမြေကြီးသည် သုံးဂါဝုတ် အလွန်ရှိသော တစ်ယူဇနာတိုင်တိုင် တက်၏၊ ထိုရွေ့လောက် အဝီစိငရဲ၌ကျက်ပြီးလျှင် ထိုအဝီစိငရဲ၌ ခံစားရပြီးသော အကျိုးကြွင်း၏အစွမ်းဖြင့် ငါးဆယ့်ငါးနှစ်တို့ပတ်လုံး ဤသို့သော ဖောက်ပြန်ခြင်းသို့ ရောက်ရလေ၏။ ရဟန္တာဖြစ်ခြင်းဖြင့် ဇမ္ဗုကအား ထိုအကုသိုလ်ကံသည် ကုန်ခြင်းသို့ ရောက်လေ၏။)

ဧဟိဘိက္ခု ရဟန်းဖြစ်ခြင်း

အနှစ်နှစ်သောင်းတို့ ကာလပတ်လုံး ဤဇမ္ဗုကသည် ကြိုးစားအားထုတ် ပြုလုပ်ခဲ့သော ရဟန်းတရား၏ အကျိုးကို ဖျက်ဆီးတားမြစ်ခြင်းငှာ မစွမ်းနိုင်လေ။ ထို့ကြောင့် မြတ်စွာဘုရားသည် လက်ယာလက်တော်ကို ဆန့်တန်းတော်မူ၍ “ချစ်သားရဟန်း- လာလော့၊ ကောင်းစွာ ဆင်းရဲခြင်း၏အဆုံးကို ပြုခြင်းငှာ မြတ်သောအကျင့်ကို ကျင့်လေလော့”ဟု ဧဟိဘိက္ခု ခေါ်တော်မူလေ၏။ ထိုခဏ၌သာလျှင် ထိုဇမ္ဗုကအား လူ့အသွင် ကွယ်ပျောက်၍ ပရိက္ခရာရှစ်ပါးတို့ကို ဆောင်လျက် ဝါတော်ခြောက်ဆယ် ပြည့်ကြွယ်လေပြီး မထေရ်ကြီးကဲ့သို့ ဖြစ်တော်မူလေသတည်း။

ဇမ္ဗုကမထေရ် တန်ခိုးပြခြင်း

ထိုနေ့သည်ကား အင်္ဂတိုင်း, မာဂဓတိုင်း တိုင်းနှစ်တိုင်း၌ နေကြကုန်သောသူတို့သည် ထိုဇမ္ဗုကအလို့ငှာ ပူဇော်သက္ကာရကိုယူ၍ လာသောနေ့ ဖြစ်ပေသတတ်။ ထို့ကြောင့် နှစ်ခုသော တိုင်းသူပြည်သား ယောက်ျားမိန်းမတို့သည် ပေးလှူပူဇော်ဖွယ် ဝတ္ထုကိုယူ၍ လာကြကုန်သည်ရှိသော် မြတ်စွာဘုရားနှင့် အရှင်ဇမ္ဗုက အတူနေသည်ကို တွေ့မြင်သောအခါ “အသို့နည်း၊ ငါတို့၏ အရှင်ဇမ္ဗုကသည် တန်ခိုးကြီးမြတ်သလော၊ သို့တည်းမဟုတ် ရဟန်းဂေါတမပင် တန်ခိုးကြီးမြတ်သလော”ဟု ကြံ၍ “ရဟန်းဂေါတမသည် တန်ခိုးကြီးမြတ်သည် အကယ်၍ ဖြစ်ခဲ့ငြားအံ့၊ ဤအရှင်ဇမ္ဗုကသည် ရဟန်းဂေါတမ၏အထံသို့ သွားလေရာ၏။ ငါတို့၏အရှင် ဇမ္ဗုကအာဇီဝက၏ တန်ခိုးကြီးမြတ်သည်၏ အဖြစ်ကြောင့်သာလျှင် ရဟန်းဂေါတမသည် ဤဇမ္ဗုကအာဇီဝက၏အထံသို့ ရောက်လာရသည်”ဟု ကြံစည်ကြကုန်၏။ မြတ်စွာဘုရားသည် လူများအပေါင်း၏ အကြံအစည်ကို သိတော်မူ၍ “ဇမ္ဗုက- သင်၏ အလုပ်အကျွေး ဒါယကာတို့၏ ယုံမှားခြင်းကို ပယ်ဖြတ်လေလော့”ဟု မိန့်တော်မူလေ၏။ ဇမ္ဗုကသည်လည်း “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ဘုရားတပည့်တော်သည်လည်း ဤမျှသော အတိုင်းအရှည်ကိုသာလျှင် တောင့်တ၍ နေပါသည်”ဟု လျှောက်ကြားပြီးလျှင် စတုတ္ထဈာန်ကိုဝင်စား၍ ဈာန်မှထလျက် ထန်းတစ်ပင်အမြင့် အတိုင်းအရှည်ရှိသော ကောင်းကင်သို့ ပြန်တက်၍ “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရားသည် တပည့်တော်၏ဆရာပါဘုရား၊ တပည့်တော်သည် ရှင်တော်မြတ်ဘုရား၏ တပည့်သာဝကပါဘုရား”ဟု လျှောက်ကြားကာ အောက်သို့ သက်ဆင်းပြီးလျှင် ခြေတော်အစုံကို ဦးတိုက်၍ တစ်ဖန် ထန်းနှစ်ဆင့်မျှသော အရပ်သို့လည်းကောင်း၊ ထန်းသုံးဆင့်မျှသော အရပ်သို့ လည်းကောင်း၊ ဤအတူ ထန်းခုနစ်ဆင့်မျှသောအရပ်သို့လည်းကောင်း ကောင်းကင်သို့ ပြန်တက်ပြီးမှ ဆင်းသက်၍ မိမိ၏ တပည့်သာဝက၏အဖြစ်ကို သိစေလေ၏။

ထိုသို့သော အခြင်းအရာကိုမြင်၍ လူအပေါင်းသည် “ဘုရားတို့မည်သည်ကား အလွန်အကျူး အထူးသဖြင့် အံ့ဩဖွယ် ရှိပေစွတကား၊ မနှိုင်းယှဉ်အပ်သော ကျေးဇူးတော်ဂုဏ်တော် ရှိပါ၏”ဟု ကြံဆင်ခြင်လေ၏။ မြတ်စွာဘုရားလည်း လူများအပေါင်းနှင့်တကွ စကားပြောဆိုတော်မူလိုရကား ဤသို့သောစကားကို မိန့်တော်မူ၏။ “ဤဇမ္ဗုကသည် ဤမျှလောက်သော ကာလပတ်လုံး သင်တို့ ဆောင်ယူခဲ့သော ပူဇော်သက္ကာရကို သမန်းမျက်ဖျားဖြင့် လျှာဖျား၌တင်ထား၍ ခြိုးခြံသောအကျင့်ကို ဖြည့်ကျင့်အံ့ဟု ဤအရပ်၌ နေလေ၏။ ဤသို့သော အကြောင်းဖြင့် အနှစ်တစ်ရာပတ်လုံး ခြိုးခြံသောအကျင့်ကို အကယ်၍မူလည်း ဖြည့်ကျင့်ငြားအံ့၊ ဤယခုအခါ အချိန်ကာလကိုလည်းကောင်း၊ ဆွမ်းကိုလည်းကောင်း သံသယကုက္ကုစ္စ ဖြစ်ပွား၍ မစားဘဲနေသော ထိုဇမ္ဗုက၏ အကြင်ရွေ့ လောက် အစာဖြတ်ခြင်း ကုသိုလ်စေတနာသည် ရှိ၏၊ ထိုကုသိုလ်စေတနာကို တစ်ဆယ့်ခြောက်စိတ် တစ်ဆယ့်ခြောက်ကြိမ် စိတ်၍ တစ်စိတ်သော အဖို့မျှကိုသော်လည်း ထိုအနှစ်တစ်ရာ ပြင်းပြစွာကျင့်ကြံ အားထုတ်အပ်သော သမန်းမြက်ဖျားဖြင့် လျှာဖျားတင်ထားသော ခြိုးခြံသော အကျင့်သည် မမီနိုင်၊ အဖိုးမထိုက်ပေ”ဟု အနုသန္ဓေကိုစပ်၍ တရားဟောတော်မူလိုရကား ဤဂါထာကို ရွတ်ဆိုတော်မူလေ၏။

ဒေသနာတော်

[၇၀] မာသေ မာသေ ကုသဂ္ဂေန၊ ဗာလော ဘုဉ္ဇေယျ ဘောဇနံ။
န သော သင်္ခါတဓမ္မာနံ၊ ကလံ အဂ္ဃတိ သောဠသိံ။

ဗာလော၊ မသိမလိမ္မာသော သူမိုက်သည်။ မာသေမသေ၊ လတိုင်းလတိုင်းသို့။ ပတ္တေ၊ ရောက်လတ်သည်ရှိသော်။ ဘောဇနံ၊ ဘောဇဉ်ကို။ ကုသဂ္ဂေန၊ သမန်းမြက်ဖျားဖြင့်။ ဘုဉ္ဇေယျ၊ စားရာ၏။ သော ဗာလော၊ ထိုတပစရဏအကျင့်ကိုကျင့်သော သူမိုက်သည်။ သင်္ခါတဓမ္မာနံ၊ ပိုင်းခြား၍ သိအပ်သော တရားရှိကုန်သော အရိယာပုဂ္ဂိုလ်တို့၏။ သောဠသိံ၊ တစ်ဆယ့်ခြောက်ခု တစ်ဆယ့်ခြောက်လီ နှစ်ရာ့ငါးဆယ့်ခြောက်ခုမြောက်ဖြစ်သော။ ကလံ၊ အစိတ်ကို။ တစ်နည်းကား။ သောဠသိံ၊ နှစ်ရာ့ငါးဆယ့်ခြောက်စိတ် စိတ်၍။ ကလံ၊ တစ်စိတ်ကိုမျှ။ န အဂ္ဃတိ၊ မမီနိုင်။ ဝါ၊ အဖိုးမထိုက်။

ဒေသနာတော်၏အကျိုး

ဒေသနာ၏အဆုံး၌ ရှစ်သောင်းလေးထောင်သောသတ္တဝါတို့အား တရားကို ထိုးထွင်း၍သိသဖြင့် အကျွတ်တရားရခြင်းသည် ဖြစ်လေ၏။

ဇမ္ဗုကမထေရ်ဝတ္ထုပြီး၏။