ဆုတောင်းခန်းပျို့/နိဒါန်း

From Wikisource
Jump to navigation Jump to search
ဆုတောင်းခန်းပျို့ by ရှင်သီလဝံသ, edited by ဒေါ်သန်းဆွေ (မဟာဝိဇ္ဇာ)
နိဒါန်း

ဗောဓိညောင်ရွှေ ဗုဒ္ဓဟေအောက် ဆန်းကြယ်ပေါက်သား ရောင်တောက်ပလ္လင် သမိုက်ပြင်ထက် အောင်မြင်ခါသင့် သစ္စာပွင့်က မြှင့်အံ့သသူ သုံးပါးလူဝယ် မပြူလျှင်းပဲ လွန်ကျူးကဲလျက် အံ့အဲစလောက် မိုးဆုံးချောက်မျှ ချီးမြှောက်ကျူးသံ ဘုန်းခေါင်လျှံသား ဓမ္မံဿမိ မုနိပုင်္ဂဝ သုံးလူ့ဘကား မဆွစွာစွာ ဝါဆိုခါ၌ ဗာရာဏသီ ပြည်ကိုမှီ၍ ဝဂ္ဂီငါးယောက် ရှင်တို့မှောက်ဝယ် ကြားချောက်ဘဝဂ် ဓမ္မစက်ကို သံမြွက်ဝှဲချီး ဟောပေပြီးမှု ချေချွတ်ပြုမှ ဥရုဝေလ ကဿပက စသည်ညီနောင် ရှင်တထောင်အား တိမ်မှောင်မိစ္ဆာ ဒိဋ္ဌိခွါ၍ အရာနောက်တော် ပါအောင်ခေါ်ပြီး ပြည်ကျော်နဂိုရ် ရာဇဂြိုဟ်တွင် ရောက်တုံကျင်မှ ဖူးမြင်လာရှောင်း တသိန်းပေါင်းနှင့် နှစ်သောင်းမကြွင်း ဗိမ္ဗိမင်းကို လင်းစေမျက်မှောက် အမိုက်ဖျောက်၍ ရောက်တုံထိုခါ ဝါလနီးသော် စောဓီးရှင်မွန် ဝေဠုဝန်၌ တဘန်ပျော်မိန်း ငြိမ်သက်ကိန်းသည် ရွှင်ပိန်းမဂ်ဖိုလ် ပီတိတည်း ။

သင်္ချေလေးမြွာ သိန်းကမ္ဘာ၌ ပမာသမှု အဏုမြုရှိ မဟိဝန်တို မကုတ်လျှိုတည့် ထားသိုခဲ့ကျိုး ကျေးဇူးဖြိုး၍ တန်းခိုးပြင်းဝှန် ဘုန်းဆိပ်ထန်သား သမန္တစက္ခု သဗ္ဗညုကား ကာဠုဒါယီ ပြည်ကပီသို့ အညီဘုရား တပည့်သားနှင့် သွားစချင်ဘွယ် ရတုနွှယ်၍ ခြောက်ဆယ်မျှလောက် ချီးမွမ်းမြှောက်သား ပြန်လျှောက်ဂါထာ ကြားသောခါလျှင် ရဟန္တာရှင်ကျော် နှစ်သောင်းခေါ်၍ ကျောင်းတော်ဗိမာန် ဝေဠုဝန်မှ ကပိလမည်ရှောင်း ပြည်တော်ဟောင်းသို့ ချမ်းဆောင်းလပြယ် တပေါင်းဝယ်၌ ခြောက်ဆယ်ယူဇနာ ဝေးစွာခရီး သွားလေပြီးသော် မင်းကြီးသုဒ္ဓေါ် ခမည်းတော်က စသည်မကြွင်း သကျမင်းကို နှိပ်နင်းချေချွတ် မာန်အားညွှတ်၍ အကျွတ်လည်းဆောင် သူတော်ရောင်ဖြင့် ပြောင်ပြောင်ဝင်းဝါ နိဂြောဓါဝယ် တကာမျိုးဘော် ချစ်ဆွေတော်အား ဟောဖေါ်ကြားသည် တရားဆီမီး လညှိတည်း ။

ထိုခါသရော် သုံးလူ့ဘော်ကား နိဂြော်ဓါရုံ ရဂုံဥယျာဉ် ပန်းတောလျဉ်၌ တောင်စဉ်ကျူးလွန် ယုဂန်ထိပ်ချာ မိုးယပ်မှာက ရောက်လှာချက်ဖြုတ် သုဓါဘုတ်ကို တလုတ်တယောက် ရှေ့တော်မှောက်ဝယ် လောက်စရုံတန် ငှဝေဘန်သို့ ထို့ဟန်လည်းကောင်း ဘုန်းငွေ့ခြောင်းသား ချွတ်လောင်းဖွင့်နှုတ် ဆွေတော်စုတ်အား လောကုတ္တရာ ဈာန်ချမ်းသာဖြင့် မြိန်စွာသောက်ဝ အမြိုက်ငှလျက် သကျသီဟော် နေသရော်တည့် နောင်တော်အများ ရှေးဘုရားတို့ စဉ်လျားသုံးစွဲ ဆွေမျိုးပွဲဝယ် ဟောမြဲဘာသာ အနွယ်လာသား ဂါထာနှင်နှင် ဗုဒ္ဓဝင်ကို သခင်သာရိပုတြာ တောင်းပန်ထွာမှ သာယာပြွတ်ပြွတ် မုခပါဌ်တိ ရွတ်ပေသော့ခါ သာရမဏ္ဍ ကမ္ဘာမ၌ မရနှိုင်းတူ လေးဆူရှင်တော် ပွင့်လင်းကျော်၍ ထိုရော်မြတ်ပင် ချိန်သင့်မြင်သား ဒီပင်္ကရာ မှာခဲ့ဘိသိက် ဗျာဒိတ်လက်စ ရဦးသော့ခါ သုမေဓါ၏ ပညာသတ္တိ ကြံမိလေထွန် ထူးခြားဟန်ကို နေတန်လင်္ကျာ ရှင်မြတ်စွာအား အကြားလည်းရှည် သက်သေတည်၍ သာကြည်ရွှင်ပျော စီစဉ်ဟောသည် သဘောဤသို့ ပါဠိတည်း ။