စူဠေကသာဋကဗြာဟ္မဏဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ပါပဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၁။ စူဠေကသာဋကဗြာဟ္မဏဝတ္ထု
324979ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ပါပဝဂ် — ၁။ စူဠေကသာဋကဗြာဟ္မဏဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၁။ စူဠဧကသာဋကပုဏ္ဏားဝတ္ထု

အဘိတ္ထရေထ ကလျာဏေအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် စူဠဧကသာဋကပုဏ္ဏားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

အပေါ်ရုံတစ်ထည်သာရှိသော ပုဏ္ဏားလင်မယား

ဝိပဿီမြတ်စွာဘုရား၏ လက်ထက်တော်အခါ၌ မဟာ ဧကသာဋကပုဏ္ဏားမည်သည် ဖြစ်ဖူး၏။ ဤပုဏ္ဏားသည်ကား ယခုဘုရားရှင်လက်ထက်တော်အခါ၌ သာဝတ္ထိပြည်ကြီးဝယ် စူဠဧကသာဋကပုဏ္ဏားမည်၏။ ဧကသာဋက မည်ကြောင်းကား- ထိုပုဏ္ဏားအား ခါး၌ဝတ်ရန် ပုဆိုးမည်သည် တစ်ထည်ရှိ၏။ ပုဏ္ဏေးမအားလည်း တစ်ထည်ရှိ၏။ နှစ်ယောက်စလုံးသောသူတို့အား အပေါ်ရုံပုဆိုးမှာ တစ်ထည်တည်းသာရှိလေ၏။ အိမ်ပြင်ပသို့ သွားသောအခါ ပုဏ္ဏားကြီးသည်လည်းကောင်း၊ ပုဏ္ဏေးမသည်လည်းကောင်း ထိုအပေါ်ရုံပုဆိုးကို ခြုံရုံရလေ၏။ ထိုအခါ တစ်နေ့သ၌ ကျောင်းတော်ကြီးဝယ် တရားနာခြင်းကို ကြွေးကြော်လတ်သည်ရှိသော် ပုဏ္ဏားကြီးသည် “အိုရှင်မ- တရားနာခြင်းကို ကြွေးကြော်၏။ အသို့နည်း၊ နေ့အခါ၌ တရားနာခြင်းသို့ သွားအံ့လော၊ ထိုသို့မဟုတ် ညဉ့်အခါ၌သွားအံ့လော။ အပေါ်ရုံပုဆိုး မရှိခြင်းကြောင့် ငါတို့သည် တစ်ပြိုင်နက် အတူသွားခြင်းငှာ မတတ်ကောင်း”ဟု ဆိုလေ၏။ ပုဏ္ဏေးမသည် အရှင်- ကျွန်မသည် နေ့၌ သွားပါအံ့”ဟု ဆို၍ အပေါ်ရုံပုဆိုးကိုခြုံလျက် သွားလေ၏။

တစ်ထည်တည်းသော အပေါ်ရုံကို လှူရန် စဉ်းစားခြင်း

ပုဏ္ဏားကြီးသည် နေ့အဖို့ကို အိမ်၌လွန်စေ၍ ညဉ့်အခါ၌ သွားပြီးလျှင် ဘုရားရှင်၏ရှေ့တော်၌ နေလျက်သာ တရားနာလေ၏။ ထိုအခါ ပုဏ္ဏား၏ကိုယ်အလုံးကို ပျံ့နှံ့လျက် ငါးပါးအပြားရှိသော ပီတိသည် ဖြစ်လေ၏။ ထိုပုဏ္ဏားကြီးသည် မြတ်စွာဘုရားကို ပူဇော်ခြင်းငှာ အလိုရှိသည်ဖြစ်၍ “ဤအပေါ်ရုံပုဆိုးကို အကယ်၍ လှူချေငြားအံ့၊ ပုဏ္ဏေးမအားလည်းကောင်း, ငါ့အားလည်းကောင်း ခြုံရုံခြင်းသည် မဖြစ်တော့လတ္တံ့”ဟု ကြံစည်လေ၏။ ထိုအခါ ပုဏ္ဏားကြီးအား ဝန်တိုသောစိတ်တို့၏ တစ်ထောင်သည် ဖြစ်လေ၏။ တစ်ဖန် တစ်ကြိမ်သော ကြည်ညိုသောစိတ်သည် ဖြစ်ပြန်၏။ ထိုသဒ္ဓါစိတ်ကို နှိပ်စက်လျက် တစ်ဖန် ဝန်တိုခြင်းတစ်ထောင် ဖြစ်ပြန်လေ၏။ ဤသို့လျှင် ထိုပုဏ္ဏားကြီး၏ အားကြီးသော ဝန်တိုခြင်းသည် နှောင်ဖွဲ့ ကာ ဖမ်းယူသကဲ့သို့ ကြည်ညိုသောစိတ်ကို တားမြစ်သည်သာလျှင်တည်း။ ပုဏ္ဏားကြီးသည် “လှူအံ့, မလှူအံ့”ဟု ကြံဆစဉ်ပင်လျှင် ပထမယာမ် လွန်သွားလေ၏။ မဇ္ဈိမယာမ်သို့ ရောက်သောအခါ၌လည်း လှူခြင်းငှာ မတတ်နိုင်၊ ပစ္ဆိမယာမ်သို့ ရောက်သည်ရှိသော် ထိုပုဏ္ဏားသည် “ငါသည် သဒ္ဓါစိတ်နှင့်လည်းကောင်း၊ ဝန်တိုစိတ်နှင့်လည်းကောင်း အတူတကွ စစ်ထိုးစဉ်ပင်လျှင် နှစ်ယာမ်လွန်ကုန်ပြီ။ ငါ့အား ဤမျှသော ဤဝန်တိုစိတ်သည် တိုးတက်ပွားများလတ်သည်ရှိသော် အပါယ်လေးပါးတို့မှ ဦးခေါင်းကို ကြွချီမြှောက်ပင့်ခြင်းငှာ မပေးလတ္တံ့၊ ထိုအပေါ်ရုံပုဆိုးကို လှူဒါန်းပေတော့အံ့”ဟု ကြံ၍ ပုဏ္ဏားကြီးသည် ဝန်တိုသောစိတ်တစ်ထောင်ကို နှိပ်စက်ဖျက်ဆီးသဖြင့် သဒ္ဓါစိတ်ကို ရှေ့သွားပြု၍ ပုဆိုးကိုယူပြီးလျှင် မြတ်စွာဘုရား၏ ခြေတော်ရင်း၌ထားလျက် “ငါအောင်ပြီ,ငါအောင်ပြီ”ဟု သုံးကြိမ် သည်းစွာသောအသံကို ပြုလေ၏။

ဘုရင်က ပုဏ္ဏားအား ဆုချခြင်း

ပသေနဒီ ကောသလမင်းတရားကြီးသည် တရားနာစဉ် ထိုအသံကိုကြားရသဖြင့် “ထိုပုဏ္ဏားကို မေးကြကုန်လော့၊ ထိုပုဏ္ဏားကား အဘယ်အရာ တစ်စုံတစ်ခုကို အောင်သတဲ့နည်း”ဟု မိန့်ဆိုလေ၏။ ထိုပုဏ္ဏားကို မင်းချင်းယောက်ျားတို့သည် မေးအပ်သည်ရှိသော် ထိုအကြောင်းကို လျှောက်ကြားလေ၏။ ထိုစကားကိုကြားရလျှင် မင်းကြီးသည် “ဤပုဏ္ဏားကား ပြုနိုင်ခဲသောအမှုကို ပြုဘိ၏။ ထိုပုဏ္ဏားအား ချီးမြှောက်ခြင်းကို ပြုပေအံ့”ဟု ပုဆိုးတစ်စုံကို ဆုချစေ၏။ ပုဏ္ဏားကြီးသည် ထိုပုဆိုးတစ်စုံကိုလည်း မြတ်စွာဘုရားအားသာလျှင် လှူဒါန်းလေ၏။ တစ်ဖန် မင်းကြီးသည် နှစ်စုံ, လေးစုံ, ရှစ်စုံ, တစ်ဆယ့်ခြောက်စုံ, ဤသို့ နှစ်ဆတက်ပြု၍ ဆုချစေတော်မူလေ၏။ ပုဏ္ဏားကြီးသည် ထိုပုဆိုးစုံတို့ကိုလည်း မြတ်စွာဘုရားအားသာလျှင် လှူဒါန်းလေ၏။ ထိုအခါ ပုဏ္ဏားကြီးအား မင်းတရားကြီးသည် သုံးဆယ့်နှစ်စုံသော ပုဆိုးတို့ကို ဆုချစေတော်မူပြန်၏။ ပုဏ္ဏားကြီးသည် မိမိအားပေးသည်ကိုယူ၍ ရတိုင်းရတိုင်းကို စွန့်သည်သာလျှင်တည်းဟု ပြောဆိုခြင်းမှ လွတ်စိမ့်သောငှာ ထိုသုံးဆယ့်နှစ်စုံသောပုဆိုးမှ မိမိအတွက် တစ်စုံ၊ ပုဏ္ဏေးမအတွက်တစ်စုံ ဤနှစ်စုံတို့ကို ယူ၍ အစုံသုံးဆယ်တို့ကို မြတ်စွာဘုရားအားသာလျှင် လှူဒါန်းလေ၏။ မင်းကြီးသည် ထိုပုဏ္ဏားကြီးအား အကြိမ်တစ်ရာပင် ဆုချပြီးသော်လည်း တစ်ဖန် ဆုချလိုသေးသည်သာလျှင် ဖြစ်ခဲ့လေ၏။

မင်းကြီးသည် မင်းလုလင်တို့ကို “အချင်းတို့- ပုဏ္ဏားကြီးသည် ပြုနိုင်ခဲ့သောအမှုကို ပြုဘိ၏။ နန်းတော်တွင်း၌ ငါ၏ကမ္ဗလာနှစ်ထည်တို့ကို ဆောင်ယူစေကြကုန်လော့”ဟု မိန့်ဆိုသဖြင့် ထိုမင်းလုလင်တို့လည်း မင်းကြီး မိန့်ဆိုတော်မူတိုင်း ပြုကြလေကုန်၏။ မင်းကြီးသည် အဖိုးတစ်သိန်းထိုက်ကုန်သော ကမ္ဗလာနှစ်ထည်တို့ကို ဆုချစေပြန်၏။ ပုဏ္ဏားကြီးသည် “ဤကမ္ဗလာတို့သည် ငါ၏ကိုယ်၌ တင်ခြင်းငှာ မထိုက်တန်ကုန်၊ ဤကမ္ဗလာတို့သည် ဘုရားရှင်၏ သာသနာတော်အားသာ လျော်ကန်သင့်မြတ်ကုန်၏”ဟု ကမ္ဗလာတစ်ထည်ကို ဂန္ဓကုဋိတိုက်တွင်း ဘုရားရှင်၏ ကိန်းစက်တော်မူရာ အိပ်ရာထက် ဗိတာန်ပြု၍ ဖွဲ့ကြက်လေ၏။ တစ်ထည်ကို မိမိ၏အိမ်၌ မပြတ် ဆွမ်းဘုဉ်းပေးသော ရဟန်း၏ ဆွမ်းဘုဉ်းပေးရာအရပ်၌ ဗိတာန်ပြု၍ ဖွဲ့ကြက်လေ၏။

မျက်နှာကြက်လှူသဖြင့် သဗ္ဗစတုက္ကဆုရပြန်ခြင်း

ပသေနဒီ ကောသလမင်းတရားကြီးသည် ညချမ်းသောအခါ မြတ်စွာဘုရား၏အထံတော်သို့ သွားသည်ရှိသော် ထိုကမ္ဗလာကို မှတ်သားမိသဖြင့် “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- အဘယ်သူပူဇော်ခြင်းကို ပြုပါသနည်းဘုရား”ဟု မေးလျှောက်ခြင်းကြောင့် “ဧကသာဋကပုဏ္ဏား ပူဇော်၏”ဟု မိန့်တော်မူလျှင် “ဤပုဏ္ဏားသည် ငါကြည်ညိုရာ၌သာ ကြည်ညိုဘိ၏”ဟု ဆိုပြီးလျှင် ဆင်လေးစီး, မြင်းလေးစီး, အသပြာလေးထောင်, မိန်းမလေးယောက်, ကျွန်မိန်းမလေးယောက်, မင်းချင်းယောက်ျား လေးယောက်, ရွာကြီးလေးရွာ, ဤသို့ ခုနစ်ခုမြောက်တိုင်အောင် လေးခု,လေးခုပြု၍ သဗ္ဗစတုက္ကမည်သောဆုတော်ကို ပုဏ္ဏားကြီးအား ဆုချစေတော်မူလေ၏။

ရဟန်းတို့သည် တရားသဘင်၌ “စူဠဧကသာဋကပုဏ္ဏား ပြုအပ်သောကောင်းမှုသည် အံ့ဖွယ်ရှိပေစွ၊ တစ်ခဏချင်းသာလျှင် အလုံးစုံသော လေးခုအပေါင်းကို ရလေ၏။ ယခုအခါ၌ ပြုအပ်သော ကောင်းမှုကုသိုလ်ကံသည် ယခုနေ့ပင်လျှင် ကောင်းကျိုးကို ပေးဘိ၏တကား”ဟု စကားကို ပြောဆိုကြလေကုန်၏။ ဘုရားရှင်သည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ဤဧကသာဋကပုဏ္ဏားသည် ပထမယာမ်၌ ငါဘုရားအား လှူခြင်းငှာ အကယ်၍ တတ်နိုင်သည်ဖြစ်အံ့၊ အလုံးစုံ တစ်ဆယ့်ခြောက်ခုစီရှိသော သဗ္ဗသောဠသကဆုကို ရလေရာ၏။ မဇ္ဈိမယာမ်၌ တတ်နိုင်သည်ဖြစ်အံ့၊ အလုံးစုံ ရှစ်ခုစီရှိသော သဗ္ဗဋ္ဌကဆုကို ရလေရာ၏။ ပစ္ဆိမယာမ်အတွင်း၌ အချိန်များစွာ ကုန်လွန်ပြီးမှ လှူခြင်းကြောင့် ဤပုဏ္ဏားသည် အလုံးစုံ လေးခုစီရှိသော သဗ္ဗစတုက္ကဆုကို ရလေ၏။ ကောင်းမှုကုသိုလ်ကို ပြုလိုသောသူသည်ကား ဖြစ်သောစိတ်ကို မယုတ်စေမူ၍ ထိုခဏချင်းသာ ပြုအပ်၏၊ နှေးနှေးပြုသောကုသိုလ်သည် စည်းစိမ်ချမ်းသာကို ပေးသည်ရှိသော် နှေးစွာသာလျှင် အကျိုးပေး၏။ ထို့ကြောင့် စိတ်ဥပါဒ်သည့်အခြားမဲ့၌သာလျှင် ကောင်းမှုကံကို ပြုအပ်၏”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၁၁၆] အဘိတ္ထရေထ ကလျာဏေ၊ ပါပါ စိတ္တံ နိဝါရယေ။
ဒန္ဓံ ဟိ ကရောတော ပုညံ၊ ပါပသ္မိံ ရမတိ မနော။

ပုညံ၊ ကုသိုလ်ကောင်းမှုကို။ ဒန္ဓံ၊ နုန့်နုန့်နှေးနှေး။ ကရောတော၊ ပြုတတ်သောသူ၏။ မနော၊ စိတ်သည်။ ပါပသ္မိံ၊ မကောင်းမှု၌။ ဟိ-ယသ္မာ၊ အကြင်ကြောင့်။ ရမတိ၊ မွေ့လျော်တတ်၏။ တသ္မာ၊ ထို့ကြောင့်။ ကလျာဏေ၊ ကုသိုလ်ကောင်းမှုတို့ကို။ အဘိတ္ထရေထ၊ လျင်မြန်ဆောစွာပြုလုပ်ရာ၏။ ပါပါ၊ မကောင်းမှုမှ။ စိတ္တံ၊ စိတ်ကို။ နိဝါရယေ၊ တားမြစ်ရာ၏။

ဒေသနာတော်၏အကျိုး

ဂါထာ၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

စူဠဧကသာဋကပုဏ္ဏားဝတ္ထုပြီး၏။