စန္ဒကုမာရဇာတ်တော်ကြီး/အခန်း-၁၂

From Wikisource
Jump to navigation Jump to search
စန္ဒကုမာရဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
ဇာတ်အဆုံး၌ သစ္စာလေးပါးကို ဟောတော်မူခြင်း

ဤသို့ ဓမ္မဒေသနာတော်ကို ဟောတော်မူပြီး၍ သစ္စာ၄-ပါးကို ပြတော်မူ၏။

အဘယ်သို့ ပြသနည်း ဟူမူကား ဝဋ်တရား၌ ကျင်လည်ရကုန်သော သတ္တဝါအပေါင်းတို့သည် ဤစန္ဒကုမာရမင်းသားကဲ့သို့ စည်းစိမ်အသက် ပျက်စီးကြောင်း မကောင်းသောသူတို့၏အကြံဖြင့် ကိုယ်၏ဆင်းရဲခြင်း၊ ကိုယ်နှင့်စပ်သောသူတို့၏ ဆင်းရဲခြင်း၊ မကောင်းသောအဆွေခင်ပွန်းနှင့် ပေါင်းဖော်ခြင်း၊ ချစ်သောသူတို့နှင့် ကွေကွင်းရခြင်း၊ မချစ်သောသူတို့နှင့် အတူတကွနေရခြင်း၊ သူတစ်ပါးတို့ စွပ်စွဲခြင်း၊ ရန်သူကြီး ၅-ပါးတို့ ဖျက်ဆီးခြင်းစသော ဆင်းရဲသံသရာ၌ တပြောင်းပြန်ပြန် အဖန်တလဲလဲ ပဋိသန္ဓေနေရခြင်း, အိုရခြင်း, သေရခြင်းစသော ဝဋ်ဆင်းရဲ သဘောတရားသည် စင်စစ် ဆင်းရဲဧကန် မှန်သောကြောင့်“ဒုက္ခသစ္စာ” မည်၏။

ထိုဆင်းရဲခြင်းတည်းဟူသော ဒုက္ခသစ္စာသည်ကား ဝတ္ထုကာမ, ကိလေသာကာမအားဖြင့် ပြားသော ရူပါရုံ၌ တပ်မက်မောခြင်း, သဒ္ဒါရုံ၌ တပ်မက်မောခြင်း, ဂန္ဓာရုံ၌ တပ်မက်မောခြင်း, ရသာရုံ၌ တပ်မက်မောခြင်း, ဖောဋ္ဌဗ္ဗာရုံ ၌ တပ်မက်မောခြင်း တည်းဟူသော ကာမတဏှာ၊ ဘဝ၌တပ်ခြင်းဟုဆိုအပ်သော ဘဝတဏှာ၊ သတ္တဝါတို့သည် သေလျှင် ဘဝပြတ်တော့သည်ဟု ဥစ္ဆေဒိဋ္ဌိနှင့်ယှဉ်၍ ဘဝပြတ်ခြင်း၌တပ်တတ်သော ဝိဘဝတဏှာ၊ ဤသို့ ဝဋ်တရား၌ တပ်တတ်သော လောဘစေတသိက်ဟု ဆိုအပ်သော တဏှာဥပါဒါန်တရားကြောင့်သာ ဖြစ်၏။ ထိုသို့ တပ်တတ်သော လောဘစေတသိက်သည် ဝဋ်ဆင်းရဲ၌ ကျင်လည်ရခြင်း၏ အကြောင်းဖြစ်သောကြောင့်“သမုဒယသစ္စာ” မည်၏။

ခန္ဓာ ၅-ပါးတို့၏ မဖြစ်ခြင်း၊ ပြုပြင်ခြင်း, စီရင်ခြင်းမှကင်းသော အသင်္ခတဓာတ် မြတ်သောနိဗ္ဗာန်သည် ထိုဒုက္ခ သမုဒယတရားတို့၏ ချုပ်ရာငြိမ်းရာဖြစ်သောကြောင့်“နိရောဓသစ္စာ” မည်၏။

ထိုဒုက္ခ သမုဒယတို့၏ချုပ်ရာ ငြိမ်းရာဖြစ်သော နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ကား ခပ်သိမ်းသော သင်္ခါရတို့၏ အမြဲမရှိသောအဖြစ်၊ ခပ်သိမ်းသောသင်္ခါရတို့၏ ဆင်းရဲအတိသာ သုခမရှိသောအဖြစ်၊ ခပ်သိမ်းသောတရားတို့၏ အတ္တ ဟုဆိုအပ်သော အနှစ်မရှိ အနတ္တသာရှိသည်၏အဖြစ်၊ ဤသို့ လက္ခဏာယာဉ် ၃-ပါးကို မဖောက်မပြန် ဟုတ်မှန်တိုင်းမြင်တတ်သော“သမ္မာဒိဋ္ဌိမဂ္ဂင်”။

ကောင်းသောအာရုံသို့သာ မိမိစိတ္တုပ္ပါဒ်ကို တက်စေခြင်း, ကောင်းသောအာရုံကိုသာ ကြံခြင်းဟုဆိုအပ်သော“သမ္မာသင်္ကပ္ပမဂ္ဂင်"။

မဟုတ်မမှန်သောစကားကို ပြောဆိုခြင်း, ချောပစ်ကုန်းတိုက်သောစကားကို ပြောဆိုခြင်း, အကျိုးမရှိသောစကားကို ပြောဆိုခြင်း၊ ဤဝစီဒုစရိုက် ၄-ပါးမှကြဉ်၍ အသက်မွေးခြင်းအကြောင်းကို မငဲ့သဖြင့် ကောင်းသောစကားကိုသာ ပြောဆိုခြင်းဟု ဆိုအပ်သော“သမ္မာဝါစာ မဂ္ဂင်”။

အသက်မွေးခြင်းအကြောင်း၌ မငဲ့သဖြင့် သူ့အသက်ကိုသတ်ခြင်း, သူ့ဥစ္စာကိုခိုးယူခြင်း, ကာမဂုဏ်တို့၌ မှားသောအားဖြင့် လွန်ကျူးခြင်း ဤကာယဒုစရိုက် ၃-ပါးမှကြဉ်၍ ကောင်းသောအမှုကိုပြုခြင်းဟု ဆိုအပ်သော“သမ္မာကမ္မန္တမဂ္ဂင်”။

အသက်မွေးခြင်းအကြောင်းကိုငဲ့၍ ထိုဝစီဒုစရိုက် ၄-ပါး, ကာယဒုစရိုက် ၃-ပါးမှ ကြဉ်၍ ကောင်းသောအသက်မွေးခြင်းဟုဆိုအပ်သော“သမ္မာအာဇီဝ မဂ္ဂင်”။

မကောင်းသောလုံ့လကို ကြဉ်၍ ကောင်းသောလုံ့လကိုပြုခြင်းဟု ဆိုအပ်သော“သမ္မာဝါယာမ မဂ္ဂင်”။

ကုသိုလ်တရား၌ မမေ့မလျော့ရအောင် ကောင်းစွာအောက်မေ့ခြင်းဟုဆိုအပ်သော“သမ္မာသတိမဂ္ဂင်”။

မကောင်းသောအာရုံသို့ မပျံ့မလွင့်စေမူ၍ ကောင်းသော အာရုံ၌ ကောင်းစွာဆောက်တည်ခြင်းဟု ဆိုအပ်သော“သမ္မာသမာဓိမဂ္ဂင်”။

ဤသို့ မဂ်စိတ်၌ သမ္ပယုတ်ဖြစ်သော မဂ္ဂင်တရား ၈-ပါးသည် နိဗ္ဗာသို့ရောက်ကြောင်း အကျင့်ဖြစ်သောကြောင့် “မဂ္ဂသစ္စာ” မည်၏။