စန္ဒကုမာရဇာတ်တော်ကြီး/အခန်း-၁၁

From Wikisource
Jump to navigation Jump to search
စန္ဒကုမာရဇာတ်တော်ကြီး by မင်းပူး လေသာကျောင်းဆရာတော် ရှင်ဩဘာသ
စန္ဒကုမာရမင်းသားကို ထီးနန်းနှင်းခြင်း

ပြည်သားပြည်သူ လူအပေါင်းတို့သည်လည်း မင်းနှင့်ပုဏ္ဏား ဤသူယုတ်နှစ်ယောက်တို့ကို ပယ်ရှားစီရင်ပြီးသော် ထိုမြို့ရှေ့၌ပင်လျှင် ရာဇာဘိသေကမင်္ဂလာဆောင်ရာဖြစ်သော အဆောက်အဦတို့ကို ရှေးမူထုံးဟောင်းရှိသည့်အတိုင်း စီရင်ခင်းကျင်းပြီးလျှင် စန္ဒကုမာရ အိမ်ရှေ့မင်းသားကို အဘိသိက်သွန်း၍ ထီးနန်းနှင်းကုန်၏။ ခပ်သိမ်းကုန်သော မင်းညီ မင်းသား မင်းသ္မီး မင်းမိဖုရား ပြည်သား ပြည်သူ လူအပေါင်းတို့သည် တီးမှုတ်ကခုန် မြူးထူးကုန်လျက် များစွာ ပူဇော်သကာပြု၍ အဘိသိက်သွန်းကြကုန်၏။ ဘုမ္မစိုး ရုက္ခစိုး စသော နတ်တို့သည်၎င်း၊ သုဇာတာ စသော နတ်သ္မီးတို့သည်၎င်း၊ များစွာကုန်သော နတ်အပေါင်းတို့သည်၎င်း၊ ကောင်းချီးပေးကုန်လျက် ဝမ်းမြောက်ဝမ်းသာ ပူဇော်သကာပြုကြကုန်၏။ ပြည်တော်တွင်း၌လည်း အောင်စည်လှည့်စေ၏။ အနှောင်အဖွဲ့မှလည်း လွတ်စေ၏။

ဤသို့ စန္ဒကုမာရမင်းကြီးသည် ပုပ္ဖဝတီပြည်၌ ရွှေထီးရွှေနန်း သိမ်းမြန်းစိုးစံတော်မူ၏။ ခမည်းတော်ဧကရာဇ်မင်းအားလည်း ပေးမြဲသောဝတ်ကို ဖြစ်စေတော်မူ၏။ ပြည်တွင်းသို့သာ မဝင်စေရ၊ ဝတ်ရုံစားရုံ မျိုးရိက္ခာကုန်လျှင် ဥယျာဉ်ကစား စသည် ထွက်တော်မူခိုက် အထံတော်၌ဝင်၍ ပေးစေ၏။ အဘဖြစ်သည်ဟူ၍ကား ရှိခိုးတော်မမူ၊ လက်ယှက်ရုံသာပြု၍ အရှင် အသက်ရှည်စေသတည်းဟု ဆိုတော်မူ၏။ အကြောင်းရှိမူကား ကြားစေဟု အမိန့်တော်ရှိ၏။ မျိုးရိက္ခာလည်း မပြတ် ပေးတော်မူ၏။ ဘုရားလောင်း စန္ဒကုမာရမင်းကြီးသည် တရားသဖြင့် ပြည်စည်းစိမ်ကို စိုးစံတော်မူ၍ အသက်အဆုံး၌ နတ်ပြည်သို့ လားတော်မူလေ၏။