ချိုချိုသာသာ ပြောကြမယ် -ဆရာ

From Wikisource
Jump to navigation Jump to search
339276ဗုဒ္ဓဘာသာသင်ခန်းစာ ပထမတန်း (ဆရာလမ်းညွှန်) — သင်ခန်းစာ (၂၅) ချိုချိုသာသာ ပြောကြမယ် (ကျောင်းသားကိုင်သို့)ဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၅)

ချိုချိုသာသာ ပြောကြမယ်

သင်ယူမှုဦးတည်ချက် ။ ။ ကလေးများ ယဉ်ကျေးချိုသာစွာ ပြောဆိုတတ်စေရန်။

စာသင်ချိန် (၁) ။ ။ ၃ဝ မိနစ်

သင်ထောက်ကူပစ္စည်း ။ ။ စကားချိုသာ ပြောဆိုပါဇာတ်လမ်းနှင့် ဇာတ်လမ်းသရုပ်ဖော်ပုံများ။

သင်ယူမှုလုပ်ငန်းစဉ်

֍ကလေးများကို “စကားချိုသာပြောဆိုပါ” ဇာတ်လမ်းအား အစပျိုးပြီးနောက် ကလေး များ စိတ်ဝင်စားစေမည့် ဟန်အမူအရာ၊ အသံနေအသံထားများဖြင့် ပြောပြပါ။

စကားချိုသာ ပြောဆိုပါ

တစ်ခါတုန်းက မြို့တစ်မြို့ မှာ သူငယ်ချင်း သူဌေးသားသုံးယောက်ရှိကြတယ်။ တစ်နေ့တော့ သူတို့ဟာ မြို့ပြင်ကို လမ်းလျှောက်ထွက်လာကြတယ်။ အဲဒီအခါ တောစပ် မှာ ငှက်ပျောသီးတွေကို လှည်းနဲ့ အပြည့်တင်ယူလာတဲ့ ငှက်ပျောခြံစိုက်သမား တစ် ယောက်ကို တွေ့ကြတယ်။ ငှက်ပျောသီးတွေကိုမြင်တော့ သူတို့ဟာ စားချင်စိတ်တွေ ဖြစ်လာခဲ့ကြတယ်။ ဒါနဲ့ သူဌေးသားသုံးယောက်ဟာ ငှက်ပျောသီးနည်းနည်းစီပေးဖို့ ငှက်ပျောခြံစိုက်သမားဆီမှာ တောင်းကြတယ်။

ပထမသူဌေးသားက “ဟဲ့ ... ခြံစိုက်သမား၊ ငါ့ကို ငှက်ပျောသီး နည်းနည်းပေး စမ်းလို့ ပြောတယ်။ ဒီစကားကို ကြားတဲ့အခါ ခြံစိုက်သမားက ငှက်ပျောသီးတွေထဲက အပုပ်တွေပါတဲ့ မကောင်းတဲ့ ငှက်ပျောသီးတစ်ဖီးကို ပေးလိုက်တယ်။

ဒုတိယသူဌေးသားက ခြံစိုက်သမားကို “ဦးလေး ငါ့ကို ငှက်ပျောသီး နည်း နည်းပေး” လို့ ပြောပြီးတောင်းတယ်။ ခြံစိုက်သမားက ငှက်ပျောသီးတွေထဲက ခပ်ပိန်ပိန် ငှက်ပျောသီးတစ်ဖီးကို ပေးလိုက်တယ်။

တတိယသူဌေးသားက ခြံစိုက်သမားကို “ဦးလေးကြီးခင်ဗျား၊ ကျွန်တော် ဗိုက်ဆာ နေလို့ ကျွန်တော့်ကိုလည်း ငှက်ပျောသီး နည်းနည်းပေးပါဦး”လို့ ပြောပြီး တောင်းတယ်။ ခြံစိုက်သမားကလည်း အကောင်းဆုံး ငှက်ပျောသီးတစ်ဖီးကို ပေးလိုက်တယ်။

မှီငြမ်း ။ ။ သဗ္ဗမံသလာဘဇာတ် ပုံတော်စုံ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထု၊ဒုတိယတွဲ။ ၇၁၇။ ဇာ၊ ဋ္ဌ၊ ၃၊ ၄၅၊

֍ဇာတ်လမ်းပြောပြီးသောအခါ အောက်ပါမေးခွန်းများကို မေးပါ။

-သားတို့၊ သမီးတို့ရော ငှက်ပျောသီးကြိုက်လား၊
-ပထမသူဌေးသားကို ခြံစိုက်သမားက ဘာဖြစ်လို့ အပုပ်တွေပါတဲ့ မကောင်းတဲ့ ငှက်ပျောသီးတစ်ဖီးကို ပေးတာလဲ။
-ကလေးတွေဆီက အဖြေရလျှင်ဖြစ်စေ၊ မရလျှင်ဖြစ်စေ အဖြေကို ပြန်လည် ပြောပြ ပေးပါ။ ကြမ်းတမ်းသော စကားပြောဆိုခြင်းကြောင့် မကောင်းသော ငှက်ပျောသီး တစ်ဖီး ပေးခြင်းဖြစ်ကြောင်း ပေါ်လွင်အောင် မေးမြန်းရမည် ဖြစ်ပါသည်။

֍“ပထမသူဌေးသားက ခြံစိုက်သမားကို ဘယ်လိုပြောသလဲ”ဟု ပြန်မေးပါ။

֍ထို့နောက် အောက်ပါမေးခွန်းများ ဆက်၍ မေးပါ။

-အဲဒီလို ပြောတာ ယဉ်ကျေးလား၊ ရိုင်းလား။
-ဒုတိယသူဌေးသားကိုတော့ ဘာဖြစ်လို့ ခပ်ပိန်ပိန် ငှက်ပျောသီးတစ်ဖီးကို ပေးရတာလဲ။
-ဒုတိယသူဌေးသားနဲ့ ပထမသူဌေးသား စကားပြောတာ ဘယ်သူ ပိုယဉ်ကျေးလဲ။
-အဲဒီလိုပြောတာ ယဉ်ကျေးလား၊ ရိုင်းလား။
-တတိယသူဌေးသားကို ခြံစိုက်သမားက ဘာကြောင့် အကောင်းဆုံး ငှက်ပျောသီး တစ်ဖီးကို ပေးတာလဲ။
-သူဌေးသားသုံးယောက်မှာ စကားပြောတာ ဘယ်သူ ပိုယဉ်ကျေးလဲ။

֍မေးခွန်းအားလုံး ဖြေဆိုပြီးလျှင် -

“ဒီဇာတ်လမ်းလေးထဲက သူဌေးသားသုံးယောက် အဖြစ်အပျက်ကို ကြည့်ပြီးတော့ စကားပြောတဲ့အခါ သတိထားရပါမယ်။ ကြမ်းတမ်းစွာပြောရင် ဘယ်သူမှ မကြိုက်ကြဘူး။ မိတ်ဆွေပျက်တတ်တယ်။ ကိုယ် အလိုရှိတာ မရတတ်ဘူး။ စကားပြော ယဉ်ကျေးသိမ် မွေ့ မယ်ဆိုရင် ကောင်းတဲ့အရာတွေကို ရတတ်တယ်။ ကိုယ့်ရဲ့ အလိုဆန္ဒမှန်သမျှ အောင် မြင်ပြီး ကောင်းကျိုးချမ်းသာကို ခံစားရတတ်တယ်။ လူချစ်လူခင် ပေါများမယ်။ ဒါကြောင့် ကလေးတို့လည်း စကားပြောတဲ့အခါ ယဉ်ကျေးချိုသာစွာ ပြောဆိုကြပါ” စသည်ဖြင့် ဆုံးမစကားပြောကြားပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

စာသင်ချိန် (၂)

သင်ထောက်ကူပစ္စည်း ။ ။ မရှိ။

သင်ယူမှုလုပ်ငန်းစဉ်

֍စကားပြောသည့်အခါ ယဉ်ယဉ်ကျေးကျေး၊ ချိုချိုသာသာ ပြောဆိုသင့်ကြောင်း၊ ယဉ်ကျေးချိုသာစွာ ပြောဆိုရခြင်းကြောင့် လူချစ်လူခင်များခြင်း၊ လိုရာဆန္ဒပြည့်ဝခြင်း စသော ကောင်းကျိုးများ ရနိုင်ကြောင်း ပြောကြားပြီး နိဒါန်းပျိုးပါ။

[သတိပြုရန် 1]

֍ပြီးလျှင် “ဆရာတွေနဲ့ ယဉ်ယဉ်ကျေးကျေး ဘယ်လို ပြောဆိုရမလဲဆိုတာကို ဆရာ ပြောပြမယ်”ဟု စကားချီပြီး ဆရာက ကလေးများနှင့် စကားပြောဟန်ကို အောက်ပါ အတိုင်း ပြောပြပါ။

[သတိပြုရန် 2][သတိပြုရန် 3]

-“သားတို့၊ သမီးတို့ထဲမှာ ကျော်ကျော် ရှိပါသလား”
-“ရှိပါတယ်ခင်ဗျာ”
-“ကျော်ကျော် အိမ်စာ လုပ်ပြီးပြီလား”
-“ပြီးပါပြီခင်ဗျာ”
-“အေးအေး ရှိပါသလား”
-“ရှိပါတယ်ရှင့်”
-“အေးအေး မနက်စာ စားခဲ့လား”
-“စားခဲ့ပါတယ်ရှင့်”
-“ကဲ... ဒီတစ်ခါ ဆရာက မေမေလုပ်မယ်၊ ကလေးတို့က သား/သမီးတွေလုပ်ရမယ်”
-“သားလေး အောင်အောင်၊ မျက်နှာသစ်ပြီးပြီလား”
-“ဟုတ်ကဲ့ ခင်ဗျာ”
-“ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ရန်မဖြစ်ရဘူးနော်”
-“ဟုတ်ကဲ့ ခင်ဗျာ”
-“သမီးလေး သူဇာ၊ သွားတိုက်ပြီးပြီလား”
-“မတိုက်ရသေးဘူး၊ မေမေ
-“တိုက်လိုက်နော်”
-“ဟုတ်ကဲ့ မေမေ”

[သတိပြုရန် 4]

֍“ကဲ... ဒီတစ်ခါ ဆရာက ဘုန်းဘုန်းလုပ်မယ်၊ ကလေးတို့က ကျောင်းသားတွေလုပ်ပါ”

-“မောင်မောင်”
-“အရှင်ဘုရား”
မှတ်ချက် ။ ။ ဆရာလေးများက ခေါ်လျှင်လည်း “ဘုရား”ဟုသာ ထူးရမည်။
-“ဘုန်းဘုန်းကျောင်းခန်းထဲမှာ စာအုပ်ကျန်ခဲ့လို့ သွားယူပေးပါ”
-“တင်ပါ့ဘုရား”
-“ဘုန်းဘုန်း မနေ့က ခိုင်းထားတာ လုပ်ပြီးပြီးလား”
-“တပည့်တော် မလုပ်ရသေးပါဘူး ဘုရား”

[သတိပြုရန် 5]

စာသင်ချိန် (၃)

သင်ထောက်ကူပစ္စည်း ။ ။ အလှဆုံး ကဗျာ။

သင်ယူမှုလုပ်ငန်းစဉ်

֍ဆရာက “ကလေးတို့တွေဟာ မဟုတ်မမှန်တဲ့ လိမ်ညာစကားကို မပြောရဘူး၊ ယဉ်ကျေးချိုသာ ပြောဆိုရမယ်နော်”ဟု နိဒါန်းပျိုးပြီး အောက်ပါကဗျာကို သင်ပေးပါ။

[1]

အလှဆုံး

စကားပြောဆို ချိုချိုသာ၊
သမီး အလိမ္မာ။
(စကားပြောဆို ချိုချိုသာ၊
သားသား အလိမ္မာ။)
ယဉ်ကျေးသူမှာ မျက်နှာပြုံး၊
သမီးအလှဆုံး။
(ယဉ်ကျေးသူမှာ မျက်နှာပြုံး၊
သားသား အလှဆုံး)။

֍တစ်တန်းလုံး အတူတကွ ရွတ်ဆိုကြပြီးနောက် ဗိုလ်၊ ကျား၊ သေနတ် ကစားစေပြီး ရှုံးတဲ့သူကို ရွတ်ဆိုပါစေ။

စာသင်ချိန် (၄)

သင်ထောက်ကူပစ္စည်း ။ ။ မုန့်ထုပ် (သို့မဟုတ်) ကလေးများ ကြိုက်နှစ်သက်သော စားစရာတစ်မျိုးမျိုး။

သင်ယူမှုလုပ်ငန်းစဉ်

[သတိပြုရန် 6]

֍ကလေးများကို “ဆရာတို့ ကစားကြရအောင်”ဟု ပြော၍ စာသင်ချိန်ကို စတင်ပါ။

֍ကလေးများ အရေအတွက်အပေါ် မူတည်၍ ၈-ယောက်ခန့်စီ ပါသော အုပ်စုများဖွဲ့ပါ။

֍အုပ်စုအားလုံးကို ပ-စောက်ပုံ ဝိုင်းပြီး ထိုင်ခိုင်းပါ။ ဆရာက ရှေ့တွင် ထိုင်၍ နေရာ ယူပါ။

֍ဆရာက မုန့်ထုပ် (သို့မဟုတ်) ကလေးများ ကြိုက်နှစ်သက်သော စားစရာတစ်မျိုး မျိုးကို ကိုင်ထားပြီး “သားတို့၊ သမီးတို့ ဆရာ့လက်ထဲက မုန့်ကို စားချင်ကြလား၊ စားချင်တယ်ဆိုရင် ဆရာ့ဆီကို လာပြီးတော့ ယဉ်ယဉ်ကျေးကျေး၊ ချိုချိုသာသာ ပြောပြီး လာတောင်းကြပါ၊ အယဉ်ကျေးဆုံး တောင်းနိုင်တဲ့သူကို ဒီမုန့်ထုပ်ပေးမယ်၊ ကဲ .. လာယူကြပါ”ဟု ပြောပြီး ကစားပွဲကို စတင်ပါ။

֍အုပ်စုအားလုံးမှ တစ်ဦးချင်းစီ တစ်ဦးချင်းစီ ထွက်ပြောပြီး ယှဉ်ပြိုင်ပါစေ။ အဖွဲ့ဝင် အားလုံး ပါဝင်ယှဉ်ပြိုင်ခွင့်ပေးပါ။

ကစားပြီးပါက ငြိမ်သက်စွာ ထိုင်စေပြီးနောက် “ဆရာက သားတို့၊ သမီးတို့ကို ဆုမွန် ကောင်း တောင်းပေးမယ်၊ အားလုံးမျက်လုံး မှိတ်ထားရအောင်”ဟု ပြောပါ။ ဆရာက အောက်ပါအတိုင်း ဆုမွန်ကောင်း တောင်းပေးပါ။

֍“ဆရာတို့ ဗုဒ္ဓဘုရားရှင်ဟာ ယဉ်ယဉ်ကျေးကျေး၊ ချိုချိုသာသာ ပြောဆိုတဲ့လူတွေကို သဘောကျတယ်။ သားတို့၊ သမီးတို့အားလုံးဟာလည်း ဘုန်းဘုန်း၊ သီလရှင်၊ ဆရာ လေးတွေနဲ့ စကားပြောတဲ့အခါ၊ ဖေဖေ၊ မေမေ၊ ဆရာ၊ ဆရာမတွေနဲ့ စကား ပြောတဲ့အခါ၊ သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါ၊ ယဉ်ယဉ်ကျေးကျေး၊ ချိုချို သာသာပြောဆိုတဲ့ ဘုရားရှင်ချစ်တဲ့ ကလေးတွေ ဖြစ်ကြပါစေ”ဟု ဆုမွန်ကောင်း တောင်းပေးပြီး စာသင်ချိန်ကို အဆုံးသတ်ပါ။

  1. ဤစာသင်ချိန်အတွင်း သရုပ်သဏ္ဌာန်တူရုပ်ဖန် တီးခြင်း။
  2. ဆရာနှင့်ကျောင်းသား ဆက်ဆံရေး။
  3. တတ်နိုင်သရွေ့ ကျောင်းသားများများ အလှည့်ကျ ပါဝင်ပါစေ။
  4. မိဘနှင့်သားသမီး ဆက်ဆံရေး။ ရဟန်းတော်နှင့် ကျောင်းသား ဆက်ဆံရေး။ သီလရှင်ဆရာလေးနှင့် ကျောင်းသား ဆက်ဆံရေး။
  5. တင်ပါ့ဘုရား သို့မဟုတ် မှန်ပါ့ဘုရားဟု သုံးနိုင်ပါ သည်။
  6. ကျောင်းသား အရေအတွက် များပြီး အားလုံးပါဝင်ယှဉ်ပြိုင်ရန် အချိန်မလုံလောက်ပါက အဖွဲ့ကိုယ်စားလှယ်များ ကန့်သတ်ရွေးချယ်၍ ယှဉ်ပြိုင်ပါစေ။
  1. ကဗျာရွတ်ရာတွင် ကလေးများ စိတ်ဝင်စားစေမည့် ဟန်အမူအရာ၊ အသံနေ အသံထားများဖြင့် ဦးဆောင် ချွတ်ဖတ်ပေးရန် လိုအပ်ပါသည်။