ခေမကသေဋ္ဌိပုတ္တဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး နိရယဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၄။ ခေမကသေဋ္ဌိပုတ္တဝတ္ထု
325194ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး နိရယဝဂ် — ၄။ ခေမကသေဋ္ဌိပုတ္တဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၄။ အနာထပိဏ်သူဌေး၏တူ ခေမကသူဌေးသားဝတ္ထု

စတ္တာရိ ဌာနာနိအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အနာထပိဏ်သူဌေးကြီး၏ တူဖြစ်သော ခေမကအမည်ရှိသော သူဌေးသားကို အကြောင်းပြု၍ ဟောတော်မူလေ၏။

မကြာမကြာ အချုပ်ခံရသော သူဌေးသား

ထိုခေမက အမည်ရှိသော သူဌေးသားသည် အလွန်အဆင်းလှသည် ဖြစ်သတတ်၊ များသောအားဖြင့် မိန်းမတို့သည် ထိုသူဌေးသားကိုမြင်ရလျှင် ရာဂဖြင့် နှိပ်စက်အပ်ကုန်သည်ဖြစ်၍ မိမိ၏ ပင်ကိုသဘောဖြင့် ကောင်းစွာတည်တံ့ခြင်းငှာ မတတ်နိုင်ရှာကြလေကုန်၊ ထိုခေမကမည်သော သူဌေးသားသည်လည်း သူတစ်ပါးမယားကို ပြစ်မှားလိုသော မကောင်းမှုကံဖြင့် နှိပ်စက်အပ်သည်သာလျှင် ဖြစ်လေ၏။ ထိုအခါ သူဌေးသားကို ညဉ့်အခါ၌ မင်းချင်းယောက်ျားတို့သည် ဖမ်းဆီး၍ မင်းကြီးအားပြသကြလေကုန်၏။ ပသေနဒီ ကောသလမင်းကြီးသည် “အနာထပိဏ်သူဌေးကြီးကို ရှက်သည်”ဟု ထိုခေမကသူဌေးသားကို တစ်ခွန်းသော စကားကိုမျှ မဆိုမူ၍ လွှတ်စေလေ၏။ ထိုခေမက သူဌေးသားသည်ကား ရှောင်ကြဉ်ခြင်း မရှိသည်သာလျှင်တည်း။ ထို့နောင်မှ သူဌေးသားကို နှစ်ကြိမ်မြောက်လည်းကောင်း၊ သုံးကြိမ်မြောက်လည်းကောင်း မင်းချင်းယောက်ျားတို့သည် ဖမ်းဆီး၍ မင်းကြီးအား ပြသကြပြန်ကုန်၏၊ မင်းကြီးသည် လွှတ်စေသည်သာလျှင်တည်း၊ အနာထပိဏ်သူဌေးကြီးသည် ထိုအကြောင်းအရာကို ကြားရသဖြင့် ခေမကသူဌေးသားကိုခေါ်၍ မြတ်စွာဘုရား၏ အထံတော်သို့သွား၍ ထိုအကြောင်းအရာကို လျှောက်ကြားပြီးလျှင် “မြတ်စွာဘုရား- ဤခေမက သူဌေးသားအား တရားတော်ကို ဟောတော်မူကြပါဘုရား”ဟု လျှောက်လေ၏၊ ဘုရားရှင်သည် ထိုခေမက သူဌေးသားအား ထိတ်လန့်စေတတ်သော တရားစကားကို ဟောကြားတော်မူပြီးလျှင် သူတစ်ပါးမယားကို ပြစ်မှားမှီဝဲခြင်း၏အပြစ်ကို ပြတော်မူလျက် ဤဂါထာတို့ကို ဟောကြားတော်မူလေ၏။

ဒေသနာတော်

(၃ဝ၉) စတ္တာရိ ဌာနာနိ နရော ပမတ္တော၊
အာပဇ္ဇတိ ပရဒါရူပသေဝီ။
အပုညလာဘံ န နိကာမသေယျံ။
နိန္ဒံ တတိယံ နိရယံ စတုတ္ထံ။

[၃၁၀] အပုညလာဘော စ ဂတီ စ ပါပိကာ၊
ဘီတဿ ဘီတာယ ရတီ စ ထောကိကာ။
ရာဇာ စ ဒဏ္ဍံ ဂရုကံ ပဏေတိ၊
တသ္မာ နရော ပရဒါရံ န သေဝေ။

ပရဒါရူပသေဝီ၊ သူတစ်ပါးမယားကို မှီဝဲပြစ်မှား လမ်းလွဲလိုက်စားလေ့ရှိသော။ ပမတ္တော၊ သတိလွတ်ကင်း မေ့လျော့ခြင်းရှိသော။ နရော၊ လူသည်။ အပုညလာဘံ၊ မကောင်းမှု အကုသိုလ်ကို ရခြင်းသို့လည်းကောင်း။ န နိကာမသေယျံ၊ အလိုရှိတိုင်း မအိပ်ရခြင်းသို့လည်းကောင်း (အချိန်အနည်းငယ်သာ အိပ်ရ၏ဟူလို)။ တတိယံ၊ သုံးခုတို့၏ ပြည့်ကြောင်းဖြစ်သော။ နိန္ဒံ၊ ကဲ့ရဲခြင်းကို ရခြင်းသို့လည်းကောင်း။ စတုတ္ထံ၊ လေးခုတို့၏ ပြည့်ကြောင်းဖြစ်သော။ နိရယံ၊ ငရဲသို့ လားရခြင်းသို့လည်းကောင်း။ ဣတိ၊ ဤသို့။ စတ္တာရိ၊ လေးပါကုန်သော။ ဌာနာနိ၊ ဆင်းရဲခြင်း၏ အကြောင်းတို့သို့။ အာပဇ္ဇတိ၊ ရောက်၏။

ဧဝံ၊ ဤသို့။ တဿ၊ ထိုသူအား။ အပုညလာဘောစ၊ မကောင်းမှုကို ရခြင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ တေန၊ ထိုမကောင်းမှုကြောင့်။ ပါပိကာ၊ ယုတ်မာသော။ ဂတီ စ၊ အပါယ်သို့လားခြင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဘီတဿ၊ ကြောက်ကြောက်လန့်လန့်ရှိသော ယောက်ျား၏။ ဘီတာယ၊ ကြောက်ကြောက်လန့်လန့်ရှိသော မိန်းမနှင့်။ ရတီ စ၊ မွေ့လျော်ရခြင်းသည်လည်း။ ထောကိကာ၊ အနည်းငယ်ကလေးမျှဖြစ်၏။ ရာဇာ စ၊ မင်းသည်လည်း။ ဂရုကံ၊ လေးလံသော။ ဒဏ္ဍံ၊ လက်ခြေဖြတ်ခြင်း မင်းဒဏ်ကို။ ပဏေတိ၊ ဖြစ်စေ၏။ တသ္မာ၊ ထိုသို့ အပြစ်များလှသောကြောင့်။ နရော၊ လူသည်။ ပရဒါရံ၊ သူတစ်ပါး၏မယားကို။ န သေဝေ၊ မမှီဝဲရာ။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ ခေမကအမည်ရှိသော သူဌေးသားသည် သောတာပတ္တိဖိုလ်၌ တည်လေ၏၊ ထိုနေ့မှစ၍ လူများအပေါင်းသည် ချမ်းသာစွာ အချိန်လွန်စေရလေ၏။

ခေမကသူဌေးသား၏ ရှေးဆုတောင်း

ထိုခေမကမည်သော သူဌေးသား၏ ရှေး၌ပြုသော ကုသိုလ်ကံသည် အဘယ်နည်းဟူကား ထိုခေမကမည်သော သူဌေးသားသည် ကဿပမြတ်စွာဘုရား၏ လက်ထက်တော်၌ လွန်ကဲသော လက်ဝှေ့သမား တစ်ယောက်ဖြစ်၍ နှစ်ခုသော ရွှေကုက္ကားတို့ကို မြတ်စွာဘုရား၏ ရွှေစေတီ၌ တင်လှူပူဇော်ပြီးလျှင် “ဆွေမျိုးသားချင်းတော်စပ်သော မိန်းမတို့ကို ဖယ်ထား၍ ကြွင်းကျန်သော မိန်းမဟူသမျှတို့သည် ငါ့ကိုမြင်ရလျှင် နှစ်သက်စုံမက်ကြပါစေကုန်သတည်း”ဟု ဆုတောင်းခြင်းကို ဖြစ်စေဖူးလေ၏၊ ဤသည်ကား ထိုခေမကသူဌေးသား၏ ရှေး၌ပြုဖူးသော ကောင်းမှုကံတည်း။ ထို့ကြောင့် ဖြစ်လေရာ,ဖြစ်လေရာအရပ်၌ မြင်ရလျှင် တစ်ပါးသောသူတို့၏ မိန်းမတို့သည် မိမိ၏ ပင်ကိုသဘောအားဖြင့် ကောင်းစွာ တည်တံ့ခြင်းငှါ မတတ်နိုင်ရှာကြလေကုန်။

အနာထပိဏ်သူဌေး၏တူ ခေမကသူဌေးသား ဝတ္ထု ပြီး၏။