ခဒိရဝနိယရေဝတတ္ထေရဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး အရဟန္တဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၉။ ခဒိရဝနိယရေဝတတ္ထေရဝတ္ထု
324907ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး အရဟန္တဝဂ် — ၉။ ခဒိရဝနိယရေဝတတ္ထေရဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၉။ ရှားတောနေ ရှင်ရေဝတမထေရ်ဝတ္ထု

ဂါမေ ဝါအစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် ရှားတော၌ နေလေ့ရှိသော ရေဝတမထေရ်ကို အကြောင်းပြု၍ ဟောတော်မူလေ၏။

ခုနစ်နှစ်သား ရေဝတ မင်္ဂလာဆောင်ပွဲ

အရှင်သာရိပုတြာမထေရ်သည် ရှစ်ဆယ့်ခုနစ်ကုဋေ ဥစ္စာကိုပယ်စွန့်၍ ရဟန်းပြုပြီးလျှင် စာလာ, ဥပစာလာ, သီသူပစာလာဟူသော နှမသုံးယောက်တို့ကိုလည်းကောင်း စုန္ဒ, ဥပသေနဟူသော ညီနှစ်ယောက်တို့ကိုလည်းကောင်း ရဟန်းပြုစေလေ၏၊ ရေဝတသတို့သား တစ်ယောက်တည်းသာ အိမ်၌ ကြွင်းကျန်၏။ ထိုအခါ ရေဝတသတို့သား၏ မိခင်သည် “ငါ့သားဖြစ်သော ဥပတိဿသည် ဤမျှလောက်သော ဥစ္စာကို ပယ်စွန့်၍ ရဟန်းပြုပြီးလျှင် နှမသုံးယောက်တို့ကိုလည်းကောင်း၊ ညီနှစ်ယောက်တို့ကိုလည်းကောင်း ရဟန်းပြုစေပြန်၏။ ရေဝတတစ်ယောက်သာ အိမ်၌ ကြွင်းကျန်၏။ ဤရေဝတကိုလည်း အကယ်၍ ရှင်ရဟန်းပြုပေးသည်ဖြစ်အံ့၊ ငါတို့၏ ဤမျှလောက်သောဥစ္စာသည် ပျက်စီးလတ္တံ့၊ အမျိုးအနွယ် ပြတ်လတ္တံ့၊ ငယ်စဉ်ကသာလျှင် ရေ၀တကို အိမ်ရာထောင်ခြင်းဖြင့် နှောင်ဖွဲ့ပေတော့အံ့”ဟု ကြံစည်လေ၏။ အရှင်သာရိပုတြာမထေရ်သည်လည်း ရှေးဦးမဆွကပင်လျှင် ရဟန်းတို့ကို “ငါ့ရှင်တို့- ရေဝတသည် ရှင်ရဟန်းပြုလိုသောကြောင့် အကယ်၍ လာသည်ဖြစ်အံ့၊ လာကာမျှချက်ချင်း ထိုရေဝတကို ရှင်ရဟန်းပြုပေးကြပါကုန်လော့၊ ငါ့မိခင်,ဖခင်တို့သည် မိစ္ဆာအယူရှိကုန်၏။ မိဘတို့ကို ပန်ကြားခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း။ ငါသည်ပင်လျှင် ထိုရေဝတ၏ အမိလည်း ဟုတ်၏၊ အဘလည်း ဟုဟ်၏”ဟု မိန့်ဆိုမှာထားလေ၏။ ထိုရေ၀တ၏ မိခင်သည်လည်း ရေဝတ သတို့သားကို ခုနစ်နှစ်အရွယ်ကပင်လျှင် အိမ်ရာထောင်ခြင်းဖြင့် နှောင်ဖွဲ့လိုသောကြောင့် တူသောဇာတ်ရှိသောအမျိုး၌ သတို့သမီးငယ်ကို တောင်းရမ်းကာ နေ့ရက်ချိန်းချက်ထားပြီးလျှင် သတို့သားကို ဝတ်စားတန်ဆာ ကောင်းစွာဆင်ယင်စေလျက် များစွာသော အခြံအရံနှင့်တကွ ယူဆောင်၍ သတို့သမီးငယ်၏ ဆွေမျိုးမိဘအိမ်သို့ သွားလေ၏။

ထိုအခါ ပြုအပ်သော မင်္ဂလာရှိကုန်သော နှစ်ယောက်သောသူတို့၏လည်း ဆွေမျိုးဉာတကာ တော်စပ်ကုန်သော သူတို့သည် စည်းဝေးကြကုန်သည်ရှိသော် ရေခွက်၌ လက်တို့ကိုချစေ၍ မင်္ဂလာစကားတို့ကို ပြောဆိုကြပြီးလျှင် သတို့သမီးငယ်၏ ကြီးပွားခြင်းကို တောင့်တကြကုန်သော ဆွေမျိုးတို့က “ချစ်သမီး- သင်သည် သင်၏အဘွားမ မြင်သိအပ်သော တရားကိုမြင်ရ၍ အဘွားမကဲ့သို့ ရှည်မြင့်စွာ အသက်ရှည်ပါစေသတည်း”ဟု ဆိုကြကုန်၏။ ရေဝတ သတို့သားသည် “ဤသတို့သမီး၏အဘွားမ မြင်သိအပ်သော တရားဟူသည် အဘယ်နည်း”ဟု ကြံ၍ “ဤသတို့သမီး၏ အဘွားမဟူသည် အဘယ်သူနည်း”ဟု မေးလေ၏။ ထိုအခါ ရေဝတကို “ချစ်သား- အသို့နည်း၊ အသက်တစ်ရာ့နှစ်ဆယ် ရှည်ခြင်းရှိလျက် ကျိုးသောသွားရှိသော ဖြူသော ဆံလည်းရှိသော တွန့်လိပ်သော အရေလည်းရှိသော မှည့်မည်းပေါက်စွဲသော ကိုယ်လည်းရှိသော နံရိုးကိုင်းကိုင်းရှိသော ဤအဘွားမကို မမြင်လေသလော၊ ဤသူကား သတို့သမီး၏ အဘွားမတည်း”ဟု ပြောဆိုကြကုန်၏။ “အသို့နည်း၊ ဤသတို့သမီးငယ်သည်လည်း ဤသို့သဘောရှိသည် ဖြစ်လတ္တံ့လော”ဟု မေးပြန်လတ်သော် “ချစ်သား- အကယ်၍ အသက်ရှည်သည်ဖြစ်အံ့၊ ဖြစ်လတ္တံ့”ဟု ဆိုကုန်၏။ ထိုရေဝတသည် “ဤသို့သဘောရှိသည်မည်သော ကိုယ်သည်လည်း အိုခြင်းဖြင့် ဤသို့ ဖောက်ပြန်ခြင်းသို့ ရောက်လတ္တံ့၊ ထို့ကြောင့် ငါ၏နောင်တော် အကြီးဆုံးဖြစ်သော ဥပတိဿသည် ဤသဘောကိုမြင်သည် ဖြစ်လတ္တံ့၊ ယနေ့ပင်လျှင် ငါသည် ထွက်ပြေး၍ ရှင်ရဟန်းပြုခြင်းငှာ သင့်၏”ဟု ကြံစည်မိလေ၏။ ထို့နောက် ရေဝတကို ဆွေမျိုးတို့သည် သတို့သမီးငယ်နှင့်အတူတကွ ယာဉ်တစ်ခုသို့တင်၍ ဆောင်ယူဖဲသွားကြလေကုန်၏။

ရေဝတသတို့သား ထွက်ပြေး၍ သာမဏေပြုခြင်း

ထိုရေဝတသတို့သားသည် အတန်ငယ်သွားမိလျှင် ကိုယ်လက်သုတ်သင်ခြင်းကိစ္စကို ညွှန်းပြယိုးမယ်ဖွဲ့၍ “တစ်ခဏမျှ ယာဉ်ကို ရပ်ဆိုင်းကြပါကုန်ဦးလော့။ သက်ဆင်းပြီးလျှင် မကြာမီ လာခဲ့ပါမည်”ဟု ဆို၍ ယာဉ်မှ ဆင်းသက်သဖြင့် တစ်ခုသောချုံ၌ အတန်ငယ်ကြာမြင့်အောင်ပြုပြီးမှ သွားလေ၏။ တစ်ဖန်လည်း အတန်ငယ်သွားပြီးလျှင် ထိုကိစ္စရှိယောင် ညွှန်းပြခြင်းဖြင့်သာလျှင် ဆင်းသက်ပြီးမှ တက်၍စီးပြန်၏။ တစ်ဖန်လည်း ထိုရှေးအတူသာလျှင် ပြုပြန်၏။ ထိုအခါ ရေဝတ၏ဆွေမျိုးတို့သည် “မချွတ်ဧကန် အမှန်စင်စစ် ဤသူငယ်အား ကိုယ်လက်သုတ်သင်ရန် ဝေဒနာထကြွခြင်းတို့သည် ဖြစ်ကုန်ဘိ၏”ဟု မှတ်ထင်ခြင်းကြောင့် အလွန်မြဲမြံစွာ အစောင့်အရှောက်ကို မပြုကြကုန်။ ထိုရေဝတသည် တစ်ဖန်လည်း အတန်ငယ်သွား၍ ထိုကိုယ်လက်သုတ်သင်ခြင်းကိစ္စ ညွန်းပြခြင်းဖြင့်သာလျှင် ဆင်းသက်ပြီးလျှင် “သင်တို့သည် မောင်းနှင်ကာ ရှေ့သို့ သွားနှင့်ကြပါ။ ကျွန်တော်တို့သည် နောက်မှ ဖြည်းဖြည်းလာကြပါမည်”ဟု ဆိုလျက် ဆင်းသက်ကာ ချုံသို့ရှေးရှု မျက်နှာပြုလေ၏။ ထိုရေဝတ၏ ဆွေမျိုးတို့သည်လည်း “နောက်မှ လိုက်လာလိမ့်မည်”ဟူသော အမှတ်ဖြင့် ယာဉ်ကို မောင်းနှင်ကာ သွားကြလေကုန်၏။ ရေဝတသည်လည်း ထိုချုံမှထွက်ပြေး၍ တစ်ခုသောအရပ်၌ သုံးကျိပ်သော ရဟန်းတို့သည် နေကြကုန်၏၊ ထိုရဟန်းတို့၏အထံသို့ ရောက်သွားသဖြင့် ရှိခိုးပြီးလျှင် “အရှင်ဘုရားတို့- တပည့်တော်ကို ရှင်သာမဏေပြုပေးတော်မူကြပါဘုရား”ဟု လျှောက်ကြားလေ၏။

“သတို့သားငယ် ဒါယကာကလေး- သင်သည် ခပ်သိမ်းသောတန်ဆာတို့ဖြင့် တန်ဆာဆင်ယင်လျက် ရှိပေ၏၊ ငါတို့သည် သင်၏ မင်းသားဖြစ်သည်ကိုလည်းကောင်း၊ အမတ်သားဖြစ်သည်ကိုလည်းကောင်း မသိကြရကုန်၊ အဘယ်သို့လျှင် ရှင်သာမဏေ ပြုပေးနိုင်ကုန်လတ္တံ့နည်း”ဟု မိန့်တော်မူကြသောအခါ “အရှင်ဘုရားတို့သည် ပည့်တော်ကို မသိကြပါသလော”ဟု လျှောက်ဆိုလေ၏။ “ဒါယကာသတို့သားငယ်- ငါတို့ မသိကြ”ဟုဆိုလျှင် “တပည့်တော်သည် ဥပတိဿ၏ ညီအငယ်ဆုံးပါဘုရား”ဟု လျှောက်ဆိုပြန်လေ၏။ “ဤဥပတိဿ အမည်ရှိသောသူသည် အဘယ်သူနည်း”ဟု မေးပြန်သော် “ဪ..ဟုတ်ပါပေ၏။ အရှင်ဘုရားတို့- အရှင်ကောင်းတို့သည် တပည့်တော်၏နောင်တော်ကို သာရိပုတြာဟု ခေါ်ဝေါ်ကုန်၏၊ ထို့ကြောင့် တပည့်တော်က ဥပတိဿဟူ၍ လျှောက်ထားသည်ကို မသိနိုင်ကြကုန်”ဟု လျှောက်လေ၏။ “အသို့နည်း၊ သင်သည် အရှင်သာရိပုတြာ၏ ညီငယ်လေလော”ဟု မေးပြန်သော် “အရှင်ဘုရားတို့- မှန်လှပါသည်ဘုရား”ဟု လျှောက်ဆိုပြန်လေ၏။ “ထိုသို့ဖြစ်မူ လာလှည့်၊ သင့်၏နောင်တော်သည် ခွင့်ပြုထားနှင့်သည်သာတည်း”ဟု ဆို၍ ရဟန်းတို့သည် ထိုရေဝတ၏ တန်ဆာတို့ကို ချွတ်စေသဖြင့် တင့်အပ်လျောက်ပတ်သော အရပ်၌ ထားစေလျက် ရှင်သာမဏေပြုပေးပြီးလျှင် အရှင်သာရိပုတြာမထေရ်အား သတင်းစကား လျှောက်ကြားလွှတ်ကြလေကုန်၏။

ဘုရားနှင့် အရှင်သာရိပုတြာတို့ ကြွသွားခြင်း

အရှင်သာရိပုတြာ မထေရ်သည် ထိုစကားကို ကြားရလျှင် ဘုရားရှင်အား “ဘုန်းတော်ကြီးတော်မူသော မြတ်စွာဘုရား- တောကျောင်းနေ ရဟန်းတို့သည် ရေဝတကို ရှင်သာမဏေ ပြုပေးသတတ်ဟု သတင်းစကား ပို့လိုက်ကြပါသည်။ တပည့်တော်သွား၍ ထိုရေဝတကို ကြည့်ရှုပြီးမှ ပြန်လာလိုပါသည်ဘုရား”ဟု လျှောက်ကြားလေ၏။ ဘုရားရှင်သည်လည်း “ချစ်သား သာရိပုတြာ- သည်းခံဦးလော့”ဟု မိန့်တော်မူသဖြင့် သွားခြင်းငှာ အခွင့်မပေးဘဲ ထားလေ၏။ အရှင်သာရိပုတြာမထေရ်လည်း တစ်ဖန် နှစ်ရက်သုံးရက် လွန်သောအခါ ဘုရားရှင်ကို ပန်ကြားပြန်၏။ ဘုရားရှင်သည်လည်း “ချစ်သားသာရိပုတြာ- သည်းခံဦးလော့၊ ငါဘုရားတို့သည်လည်း လိုက်ကြကုန်ဦးအံ့”ဟု မိန့်တော်မူသဖြင့် သွားခွင့်ကိုမပေးဘဲ ထားလေ၏။

သာမဏေ ရှင်ရေဝတသည်လည်း “ငါကား ဤအရပ်၌ အကယ်၍ နေခဲ့သည်ဖြစ်အံ့၊ ဆွေမျိုးတို့သည် ငါ့ကို လိုက်၍ ခေါ်စေကြကုန်လတ္တံ့”ဟု နှလုံးပြုလျက် ထိုရဟန်းတို့အထံ၌ အရဟတ္တဖိုလ်သို့ ရောက်သည်တိုင်အောင် ကမ္မဋ္ဌာန်းကိုသင်ကြား၍ သပိတ်သင်္ကန်းကိုယူလျက် ဒေသစာရီ လှည့်လည်လတ်သည်ရှိသော် ထိုအရပ်မှ ယူဇနာသုံးဆယ်ကွာသော ရှားတောသို့ ရောက်သွားသဖြင့် ဝါတွင်းသုံးလအတွင်း၌ပင် ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ ရဟန္တာအဖြစ်သို့ ရောက်လေ၏။ အရှင်သာရိပုတြာမထေရ်သည်လည်း ပဝါရဏာပြုပြီးလျှင် ဘုရားရှင်ကို တစ်ဖန် ထိုရှားတောသို့သွားခြင်းငှာ ပန်ကြားပြန်လေ၏။ ဘုရားရှင်သည် ချစ်သားသာရိပုတြာ- ငါဘုရားတို့သည်လည်း သွားကြကုန်အံ့”ဟု မိန့်တော်မူ၍ ရဟန်းငါးရာတို့နှင့် အတူတကွ ထွက်တော်မူလေ၏။ အတန်ငယ် ခရီးရောက်သွားသောကာလ အရှင်အာနန္ဒာမထေရ်က နှစ်ဖြာသော ခရီး၌ရပ်လျက် ဘုရားရှင်ကို “မြတ်စွာဘုရား- ရေဝတသာမဏေအထံသို့ သွားရာခရီးတို့တွင် ဤခရီးကား မဖြောင့်သော ယူဇနာ ခြောက်ဆယ်ရှိသော ခရီးဖြစ်၍ လူတို့ နေရာဖြစ်ပါသည်။ ဤခရီးကား ဖြောင့်သော ယူဇနာသုံးဆယ်ရှိသော ခရီးဖြစ်၍ နတ်ဘီလူးတို့ သိမ်းဆည်းအပ်ပါသည်၊ အဘယ်ခရီးဖြင့် သွားကြရပါကုန်အံ့နည်းဘုရား”ဟု လျှောက်လေ၏။ “ချစ်သားအာနန္ဒာ- ရှင်သီဝလိသည် ငါတို့နှင့်အတူတကွ လိုက်ပါလာသလော”ဟု မေးတော်မူလျှင် “မြတ်စွာဘုရား ရှင်သီဝလိ လိုက်ပါလာပါသည်ဘုရား”ဟု လျှောက်သဖြင့် “ရှင်သီဝလိ အကယ်၍ လိုက်ပါလာသည်ဖြစ်အံ့၊ ဖြောင့်သောခရီးကိုသာလျှင် ယူလော့”ဟု မိန့်တော်မူလေ၏။

ရှင်သီဝလိ လာဘ်ပေါခြင်း ဘုန်းတန်ခိုး

ထိုခရီးသို့ မြတ်စွာဘုရား ကြွသွားတော်မူသည်ရှိသော် နတ်တို့သည် “ငါတို့အရှင် သီဝလိမထေရ်အား ပူဇော်သက္ကာရကို ပြုကုန်အံ့”ဟု ကြံ၍ တစ်ယူဇနာ တစ်ယူဇနာကွာသော အရပ်၌ ကျောင်းတို့ကို ဆောက်စေလျက် တစ်ယူဇနာမှ အထက်သို့ ကြွသွားစိမ့်သောငှာ မပေးမူ၍ နံနက်စောစောထပြီးလျှင် နတ်၌ဖြစ်သော ယာဂုစသည်တို့ကို ယူကုန်သဖြင့် “ငါတို့၏အရှင်ဖြစ်သော သီဝလိမထေရ်သည် အဘယ်၌ နေတော်မူသနည်း”ဟု လှည့်လည်ရှာဖွေကြကုန်၏။ သီဝလိမထေရ်သည် မိမိအား ရှေးရှုဆောင်ခဲ့သောဆွမ်းကို ဘုရားအမှူးရှိသော ရဟန်းသံဃာအား လှူဒါန်းစေ၏။ ဤသို့လျှင် ဘုရားရှင်သည် အခြံအရံပရိသတ်နှင့်တကွ ယူဇနာသုံးဆယ်ရှိသော ခရီးခဲကို ရှင်သီဝလိမထေရ်၏ ဘုန်းကံကို ခံစားသုံးဆောင်လျက် ကြွသွားတော်မူလေ၏။ ရေဝတမထေရ်သည်လည်း မြတ်စွာဘုရား၏ ကြွလာခြင်းကိုသိလျှင် ဘုရားရှင်အလို့ငှာ ဂန္ဓကုဋိတိုက်တော် ဖန်ဆင်း၍ အထွတ်တပ်သော ကျောင်းငါးရာ, စင်္ကြံငါးရာ, ညဉ့်သန့်စရာ နေ့သန့်စရာ အရပ်ငါးရာတို့ကိုလည်း ဖန်ဆင်းကာ ထားလင့်၏။ ဘုရားရှင်သည် ထိုရေဝတ၏အထံ၌ တစ်လမျှနေတော်မူလေ၏။ ထိုအရပ်၌ နေတော်မူလျက်လည်း ရှင်သီဝလိမထေရ်၏ ဘုန်းကံကိုသာလျှင် ခံစားသုံးဆောင်တော်မူရလေ၏။

ရဟန်းကြီးနှစ်ပါး ဒုက္ခတွေ့ပုံ

ထိုအရပ်၌ ရဟန်းကြီးနှစ်ပါးတို့သည် ရှားတောသို့ ဝင်သောအခါ ကြံစည်မိပုံကား “ဤရဟန်းသည် ဤမျှလောက်သော အမှုသစ်(အမှုပို)ကို ပြုလုပ်အားထုတ်သူဖြစ်ရကား ရဟန်းတရားကို အားထုတ်ခြင်းငှာ အဘယ်မှာ တတ်နိုင်လတ္တံ့နည်း။ ဘုရားရှင်သည် အရှင်သာရိပုတြာမထေရ်၏ ညီငယ်ဖြစ်ပေသည်ဟု မျက်နှာကြည့်ရှုငဲ့ညှာလျက် ဤသို့သဘောရှိသော အမှုသစ်ပြုလုပ်အားထုတ်လေ့ရှိသော ရဟန်း၏အထံသို့ ကြွလာဘိလေသည်”ဟု ကြံစည်မိကြလေကုန်၏။ ဘုရားရှင်သည်လည်း ထိုနေ့နံနက် စောစောအခါ လောကကို ကြည့်ရှုတော်မူလတ်သည်ရှိသော် ထိုရဟန်းတို့ကို မြင်တော်မူလျှင် ထိုရဟန်းတို့၏ စိတ်အကြံကိုလည်း သိတော်မူလေ၏။ ထို့ကြောင့် ဤအရပ်တွင် တစ်လမျှနေ၍ ထွက်ပြန်လာခဲ့သောနေ့၌ အကြင်အခြင်းအရာဖြင့် ဓိဋ္ဌာန်သည်ရှိသော် ထိုရဟန်းကြီးတို့သည် မိမိ၏ ဆီကျည်တောက်ကိုလည်းကောင်း၊ ရေဘူးကိုလည်းကောင်း၊ ဖိနပ်တို့ကိုလည်းကောင်း မေ့လျော့ကုန်၏။ ထိုအခြင်းအရာဖြင့် ဆောက်တည်၍ ထွက်လာခဲ့ပြန်သည်ရှိသော် ကျောင်းဥပစာမှအပသို့ ထွက်မိသောအခါ၌ တန်ခိုးပြာဋိဟာကို စွန့်လွှတ်လေ၏။

ထိုအခါ ထိုရဟန်းကြီးနှစ်ပါးတို့သည် “ငါကား ဤမည် ဤမည်သောဝတ္ထုကို မေ့လျော့၏၊ ငါသည်လည်း မေ့လျော့၏”ဟု နှစ်ဦးစလုံး ဆုတ်နစ်ပြန်သွား၍ ထိုနေရပ်ကို မမှတ်မိသောကြောင့် ရှားဆူးတို့ဖြင့် စူးကုန်သည်ဖြစ်၍ သွားလာလှည့်လည် ရှာဖွေသည်ရှိသော် တစ်ခုသော ရှားပင်၌ တွဲလွဲဆွဲနေသော မိမိဥစ္စာကိုမြင်ကြရမှ ယူငင်ကာ ဖဲသွားကြရရှာလေသတည်း။

ဝိသာခါအား ပြောကြားပုံ

ဘုရားရှင်သည်လည်း ရဟန်းသံဃာအပေါင်းကို ခေါ်ဆောင်၍ တစ်ဖန်တစ်လမျှဖြင့်သာလျှင် ရှင်သီဝလိမထေရ်၏ ဘုန်းကံကို ခံစားသုံးဆောင်လျက် ပြန်သွား၍ ပုဗ္ဗာရုံကျောင်းတော်သို့ ဝင်ရောက်တော်မူလေ၏။ ထိုအခါ ထိုရဟန်းကြီးနှစ်ပါးတို့သည် နံနက်စောစောကပင်လျှင် မျက်နှာသစ်၍ ဧည့်သည်အာဂန္တုတို့အလို့ငှာ ဆွမ်းလှူလေ့ရှိသော ဝိသာခါ၏အိမ်သို့ ယာဂုကို သောက်ကုန်အံ့ဟု သွား၍ ယာဂုသောက်ပြီးလျှင် ခဲဖွယ်စားကာ နေကြကုန်၏။ ထိုအခါ ထိုရဟန်းကြီးနှစ်ပါးတို့အား ဝိသာခါက “အရှင်ဘုရားတို့- အရှင်ဘုရားတို့သည်လည်း ဘုရားရှင်နှင့်အတူတကွ ရှင်ရေဝတမထေရ်၏ နေရာအရပ်သို့ ကြွရောက်တော်မူကြပါသလားဘုရား”ဟု မေးလျှောက်ရာ “ဒါယိကာမကြီး- သွားကြသည်မှန်၏”ဟု ဆိုကုန်၏။ “အရှင်ဘုရားတို့- ရေဝတမထေရ်၏ နေရာအရပ်သည် မွေ့လျော်ဖွယ် ရှိပါရဲ့လားဘုရား”ဟု မေးပြန်သည်ရှိသော် “ဒါယိကာမကြီး- ထိုရှင်ရေဝတ၏နေရာသည် မွေ့လျော်ဖွယ် အဘယ်မှာရှိနိုင်အံ့နည်း၊ ထိုနေရာသည် ထိုရွေ့ လောက်သက်သက် ဆူးရှိသော ရှားပင်တောအုပ် ရှုပ်လျက်ရှိ၏၊ ပြိတ္တာတို့နေရာအရပ်နှင့် အတူတူဖြစ်၏”ဟု ပြောကြားလေကုန်၏။ ထို့နောက် တစ်ပါးသောရဟန်းငယ်နှစ်ပါးတို့ ကြွလာကြပြန်ကုန်၏။ ဒါယိကာမကြီးသည် ထိုရဟန်းငယ် နှစ်ပါးတို့အားလည်း ယာဂုခဲဖွယ်ကို လှူဒါန်း၍ ထို့အတူသာလျှင် မေးပြန်လေ၏။ ရဟန်းငယ်နှစ်ပါးတို့က “ဒါယိကာမကြီး- ချီးမွမ်းခြင်းငှာ မတတ်နိုင်။ ရေဝတမထေရ်၏ နေရာအရပ်သည် သုဓမ္မာနတ်သဘင်နှင့် အတူတူဖြစ်၏။ တန်ခိုးဖြင့် ဖန်ဆင်းစီရင်ထားအပ်သကဲ့သို့ ဖြစ်၏”ဟု ဆိုကြလေကုန်၏။

ဝိသာခါ ဒါယိကာမကြီး ကြံစည်ရိပ်မိပုံကား- “ရှေးဦးစွာကြွလာသော ရဟန်းကြီးတို့က တစ်ပါးသော အခြင်းအရာဖြင့် ပြောဆိုကြကုန်၏။ ဤရဟန်းငယ်တို့ကား တစ်ပါးသော အခြင်းအရာဖြင့် ပြောဆိုကြကုန်၏။ ရှေးဦးစွာ ကြွလာသော ရဟန်းကြီးတို့သည် တစ်စုံတစ်ခု မေ့လျော့ကျန်ရစ်သဖြင့် တန်ခိုးလွှတ်သော ရုပ်သိမ်းသောကာလမှ ပြန်လာကြသည် ဖြစ်ကုန်လတ္တံ့။ ဤရဟန်းငယ်တို့ကား တန်ခိုးဖြင့် ပြုပြင်စီရင်၍ ဖန်ဆင်းထားသောကာလ၌ပင် ပြန်လာကြသည် ဖြစ်ကုန်လတ္တံ့”ဟု ကြံစည်မိ၍ မိမိပညာရှိသည့်အဖြစ်ကြောင့် ဤအကြောင်းကိုသိပြီးလျှင် “မြတ်စွာဘုရားကို ကြွလာတော်မူသောအခါ၌ မေးမြန်းလျှောက်ထားဦးအံ့”ဟု ကြံ၍ နေလင့်၏။ ထို့နောက် တစ်ခဏ တစ်မုဟုတ်ကြာ ကာလ၌ပင် မြတ်စွာဘုရားသည် ရဟန်းသံဃာအပေါင်းခြံရံလျက် ဝိသာခါအိမ်သို့ ကြွသွားလေ၍ ခင်းထားအပ်သောနေရာ၌ နေတော်မူလေ၏။ ဝိသာခါသည် ဘုရားအမှူးရှိသော ရဟန်းသံဃာအပေါင်းတို့ကို ရိုသေစွာ လုပ်ကျွေးသဖြင့် ဆွမ်းစားခြင်းကိစ္စ ပြီးသောအခါ ဘုရားရှင်ကိုရှိခိုးလျက် “မြတ်စွာဘုရား- ရှင်တော်မြတ်ဘုရားတို့နှင့် အတူကြွသွားကြကုန်သော ရဟန်းတို့တွင် အချို့သော ရဟန်းတို့သည် ရေဝတမထေရ်၏ နေရာအရပ်သည် ရှားချုံရှုပ်ထွေးသော တောဟူ၍ ဆိုကြပါသည်။ အချို့သော ရဟန်းတို့သည် မွေ့လျော်ဖွယ်ရှိသည်ဟု ဆိုကြပါသည်၊ ဤအကြောင်းသည် အဘယ်ပါနည်းဘုရား”ဟု မေးလျှောက်လေ၏။ ထိုစကားကို ကြားလျှင် “ဒါယိကာမကြီး- ရွာ၌မူလည်းဖြစ်စေ၊ တော၌မူလည်းဖြစ်စေ အကြင်နေရာအရပ်၌ ရဟန္တာတို့ နေကြကုန်၏၊ ထိုနေရာအရပ်သည် မွေ့လျော်ဖွယ်ရှိသည် သာလျှင်တည်း”ဟု မိန့်တော်မူ၍ အနုသန္ဓေစပ်လျက် တရားဟောကြားတော်မူလိုရကား ဤဂါထာကို မိန့်တော်မူလေ၏။

ဒေသနာတော်

[၉၈] ဂါမေ ဝါ ယဒိ ဝါ ရညေ၊ နိန္နေ ဝါ ယဒိ ဝါ ထလေ။
ယတ္ထ အရဟန္တော ဝိဟရန္တိ၊ တံ ဘူမိ ရာမဏေယျကံ။

ဂါမေ ဝါ၊ ရွာ၌မူလည်းဖြစ်စေ။ ယဒိ၊ ထိုမှတစ်ပါး။ အရညေ ဝါ၊ တော၌မူလည်းဖြစ်စေ။ နိန္နေ ဝါ၊ ချိုင့်ဝှမ်းရာ နိမ့်ရာအရပ်၌မူလည်း ဖြစ်စေ။ ယဒိ၊ ထိုမှတစ်ပါး။ ထလေ ဝါ၊ ကြည်းကုန်းမြင့်ရာ အရပ်၌မူလည်းဖြစ်စေ။ ယတ္ထ၊ အကြင်အရပ်၌။ အရဟန္တော၊ ရဟန္တာတို့သည်။ ဝိဟရန္တိ၊ နေကြကုန်၏။ တံဘူမိ၊ ထိုနေရာအရပ်သည်။ ရာမဏေယျကံ၊ မွေ့လျော်နှစ်သက်ဖွယ်ရှိ၏။

ဒေသနာတော်၏အကျိုး

ဒေသနာတော်၏အဆုံး၌ များစွာသောသူတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကြလေကုန်၏။

ရှင်သီဝလိအတိတ်ကံ မေးလျှောက်ခြင်း

တစ်ပါးသောအခါ ရဟန်းတို့သည် “ငါ့ရှင်တို့- အဘယ်အကြောင်းကြောင့် ရှင်သီဝလိမထေရ်သည် ခုနစ်နှစ်, ခုနစ်လ, ခုနစ်ရက်တို့တိုင်တိုင် အမိဝမ်း၌ နေရရှာလေသနည်း၊ အဘယ်အကြောင်းကြောင့် ငရဲ၌ ခံရကျက်ရရှာလေသနည်း၊ အဘယ်အကျိုးဆက်ကြောင့် ဤသို့ လာဘ်လာဘပြန့်ပြောခြင်း, အခြံအရံပြန့်ပြောခြင်းကို ရတော်မူလေသနည်း”ဟု စကားကို ပြောကြားကြလေကုန်၏။ ဘုရားရှင်သည် ထိုစကားကိုကြားလျှင် “ချစ်သားရဟန်းတို့- အဘယ်စကားကို ပြောကြားကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “မြတ်စွာဘုရား- ဤမည်သောစကား ပြောကြားကြပါသည်ဘုရား”ဟု နားတော်လျှောက်လတ်သည်ရှိသော် ထိုရှင်သီဝလိ၏ ရှေးကောင်းမှုကံကို ဟောကြားတော်မူလိုသဖြင့် ဤသို့ မိန့်တော်မူလေ၏။

ဝိပဿီဘုရားလက်ထက် ကုသိုလ်ပြိုင်ပွဲ

ချစ်သားရဟန်းတို့- ဤကမ္ဘာမှ ပြန်၍ ရေတွက်သည်ရှိသော် ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဝိပဿီမည်သော ဘုရားရှင်သည် လူတွင် ထင်ရှားပွင့်တော်မူသဖြင့် တစ်ပါးသောအခါ ဇနပုဒ်ဒေသစာရီ ကြွချီတော်မူပြီးလျှင် ခမည်းတော်၏ နေပြည်တော်သို့ ပြန်ရောက်လာလေ၏။ ခမည်းတော်မင်းကြီးသည် ဘုရားအမှူးရှိသော သံဃာတော်အပေါင်းအလို့ငှာ အာဂန္တုကအလှူကို စီရင်သဖြင့် ပြည်သူ ပြည်သားတို့အား “လာ၍ ငါ၏အလှူ၌ အဖော်သဟဲ ဖြစ်ကြကုန်လော့”ဟု သတင်းစကား ပြောကြား စေလွှတ်လိုက်လေ၏။ ပြည်သူပြည်သားတို့သည် မင်းကြီးဆိုတိုင်း ပြုပြီးလျှင် “မင်းကြီးပေးသော အလှူထက် အလွန်လွန်ကဲစွာ ပေးလှူကြကုန်အံ့”ဟု ဘုရားရှင်ကို ပင့်ဖိတ်၍ တစ်ဖန်မိုးသောက်သောနေ့၌ အလှူကိုစီရင်ကာ မင်းကြီးအား သတင်းစကား စေလွှတ်သံတော်ဦးတင်ကြလေကုန်၏။ မင်းကြီးသည်လည်း ကြွလာတော်မူ၍ ပြည်သူပြည်သားတို့၏အလှူကို မြင်ရလျှင် “ဤအလှူထက် လွန်ကဲစွာ လှူဦးအံ့”ဟု တစ်ဖန် မိုးသောက်သောနေ့၌ မြတ်စွာဘုရားကို ပင့်ဖိတ်ပြန်၏။ မင်းကြီးသည် ပြည်သူပြည်သားတို့ကို ရှုံးစေခြင်းငှာ မတတ်နိုင်။ ပြည်သူပြည်သားတို့သည်လည်း မင်းကြီးကို ရှုံးစေခြင်းငှာ မတတ်နိုင်ကြကုန်။ ပြည်သူပြည်သားတို့သည် ခြောက်ကြိမ်မြောက်သောအခါ၌ “ယခုအခါ နက်ဖြန် “ဤသူတို့၏အလှူ၌ ဤမည်သော လှူဖွယ်ဝတ္ထုသည် မရှိ”ဟု ဆိုခြင်းငှာ မတတ်ကောင်းအောင် အလှူကို လှူကုန်အံ့”ဟု ကြံ၍ တစ်ဖန် မိုးသောက်သောနေ့၌ အလှူကို စီရင်ပြီးလျှင် “ဤအလှူ၌ အဘယ်ဒါနဝတ္ထု မရှိသနည်း”ဟု ကြည့်ရှုကြသည်ရှိသော် ပျားရည်အစိမ်းကိုသာလျှင် မမြင်ကြကုန်၊ ပျားရည်အကျက်ကား များစွာရှိ၏။ ထိုပြည်သူပြည်သားတို့သည် ပျားရည်အစိမ်းအလို့ငှာ လေးခုကုန်သော မြို့တံခါးတို့၌ အသပြာ လေးထောင်တို့ကို ယူစေ၍ စေလွှတ်ကြလေကုန်၏။

ပျားရည်အလှူဝင်သူ ဇနပုဒ်သား

ထိုအခါ ဇနပုဒ်ရွာသား တစ်ယောက်သည် ရွာစားမင်းကို ဖူးမြင်ခြင်းငှာ လာလတ်သည်ရှိသော် ခရီးအကြား၌ ပျားအုံကိုမြင်ရသဖြင့် ပျားကောင်တို့ကို ပျံသွားစေပြီးလျှင် သစ်ခက်ကိုဖြတ်၍ အခက်အတံနှင့်တကွ ပျားအုံကိုယူဆောင်ကာ ရွာစားမင်းအား ဆက်သအံ့ဟု မြို့သို့ ဝင်ရောက်လေ၏။ ပျားအလို့ငှာ သွားသောသူသည် ထိုဇနပုဒ်သား ယောက်ျားကိုမြင်လျှင် “အိုအချင်းယောက်ျား- ရောင်းအပ်သော ပျားအုံလော”ဟု မေးလေ၏။ “သခင့်သား- ရောင်းစရာမဟုတ်ပါ”ဟု ဆိုလတ်သော် “ယခု ဤအသပြာကိုယူ၍ ပျားအုံကို ပေးပါလော့”ဟု ဆိုလေ၏။ ထိုပျားရှင် ယောက်ျားသည် “ဤပျားအုံသည်ကား တစ်မတ်မျှလည်း မထိုက်၊ ဤသူသည်ကား အသပြာကို ပေး၏၊ အသပြာ များစွာ ရှိယောင်တကား၊ ငါကား အသပြာကို တိုးတက်စိမ့်သောငှာ သင့်၏”ဟု ကြံ၏။ ထို့နောက်မှ ထိုသူကို “မပေးနိုင်”ဟု ဆိုလေ၏။ “ထိုသို့ဖြစ်မူ နှစ်သပြာတို့ကို ယူပါလော့”ဟု ဆိုပြန်သော် “နှစ်သပြာတို့ဖြင့်လည်း မပေးနိုင်”ဟု ဆိုပြန်လေ၏။ ဤသို့လျှင် ထိုမျှလောက် တိုးတက်စေသည်သာတည်း။ ထိုပျားဝယ်လိုသော ယောက်ျားသည် “ထိုသို့ဖြစ်မူ ဤအသပြာတစ်ထောင်ကို ယူပါလော့”ဟု ဆိုလျက် ဥစ္စာထုပ်ကို အနီးသို့ ဆောင်ယူလာလေ၏။ ထိုအခါ ထိုဝယ်ယူလိုသောသူကို ပျားရှင်က “အသို့နည်း၊ သင်ရူးသလော၊ ထိုသို့မဟုတ် အသပြာထားရာအရပ်ကို မရသလော၊ တစ်မတ်မျှပင်မထိုက်သော ပျားကို တစ်ထောင်ယူ၍ ပေးပါဟု ဆိုဘိ၏။ ဤသည်ကား အဘယ်သဘောနည်း”ဟု ဆိုလေ၏။ “အချင်းယောက်ျား၊ ငါကား သိပါ၏၊ ဤပျားဖြင့် ငါ့အား ပြုဖွယ်ကိစ္စ ရှိပါသည်၊ ထို့ကြောင့်သာ ဆိုပါသည်”ဟု ပြောဆိုလတ်သော် “သခင့်သား- အဘယ်အမှုကိစ္စပါနည်း”ဟု မေးမြန်းလေ၏။

“ငါတို့သည် ခြောက်သောင်းရှစ်ထောင် ရဟန်းအခြံအရံရှိသော ဝိပဿီမြတ်စွာဘုရားအား အလှူကြီးကို စီရင်အပ်၏၊ ထိုအလှူ၌ ပျားအစိမ်းတစ်ခုသာလျှင် မရှိ၊ ထို့ကြောင့် ဤသို့ ဝယ်ယူရပါသည်”ဟု ဆိုလျှင် “ဤသို့ မြတ်စွာဘုရားအား လှူလိုသည်ရှိသော် ငါသည် အဖိုးဖြင့်မပေး၊ ငါသည်လည်း အလှူ၌ ကုသိုလ်အဖို့ကို အကယ်၍ ရသည်ဖြစ်အံ့၊ ဤသို့ရမူ ပေးပါအံ့”ဟု ဆိုလေ၏။ ထိုဝယ်ယူလိုသောသူသည်လည်း ပြန်သွား၍ ပြည်သူပြည်သားတို့အား ထိုအကြောင်းကို ပြောကြားလေ၏။ ပြည်သူပြည်သားတို့သည်လည်း ထိုပျားရှင်၏ သဒ္ဓါတရား အားကြီးခြင်းကို သိရလျှင် “ကောင်းလေစွ၊ ကောင်းလေစွ၊ အလှူအဖို့ကို အညီအမျှရသည် ဖြစ်စေပါလော့”ဟု ဝန်ခံကြ၍ ပြည်သူပြည်သားတို့သည် ဘုရားအမှူးရှိသော ရဟန်းသံဃာကို သီတင်းသုံးနေစေလျက် ယာဂုခဲဖွယ်ကို လှူဒါန်း၍ ကြီးစွာသောရွှေခွက်ကို ဆောင်ယူလာစေပြီးလျှင် ပျားအုံပျားလပို့ကို ညှစ်စေကြကုန်၏။ ထိုဇနပုဒ်သားဖြစ်သော သူသည်ပင်လျှင် လက်ဆောင်အလို့ငှာ ဆောင်ယူလာခဲ့သော နို့ဓမ်းအိုးလည်းရှိသေး၏။ ထိုသူသည် နို့ဓမ်းကိုလည်း ခွက်၌လောင်းထည့်၍ ပျားရည်နှင့်ရောနှောကာ နယ်ပြီးလျှင် ဘုရားအမှူးရှိသော ရဟန်းသံဃာအား အစဖြစ်သော ဘုရားမှစ၍ လှူဒါန်းဆက်ကပ်လေ၏။ ထိုပျားနို့ဓမ်းသည် အလိုရှိတိုင်း အလှူခံယူကုန်သော ရဟန်းအားလုံးတို့အား ပြည့်စုံစွာရောက်လေ၏။ အပိုအလျှံလည်း ကြွင်းကျန်သေးသည်သာလျှင်တည်း။

(“ဤသို့လျှင် အနည်းငယ်သော ပျားတို့သည် ထိုရွေ့လောက် များစွာသောသူတို့အား အဘယ်သို့သော အခြင်းအရာဖြင့် စေ့စေ့ငင ရောက်လေသနည်း”ဟု မကြံစည်အပ်။ ထိုသို့ရောက်ခြင်းသည် ဘုရားအာနုဘော်အားဖြင့် ရောက်သည်သာတည်း။ ဘုရားအရာကိုလည်း မကြံစည်အပ်။ ထိုစကားမှန်၏။ မကြံစည်အပ်သော ဗုဒ္ဓဝိသယဟူသော ဘုရားအရာ၊ ဣဒ္ဓိဝိသယဟူသော တန်ခိုးအရာ၊ လောကဝိသယဟူသော လောကအရာ၊ ကမ္မဝိသယဟူသော သတ္တဝါတို့၏ ကံအရာ၊ ဤလေးပါးသော သဘောတရားတို့ကို ဟောကြားအပ်ကုန်၏။ ထိုမကြံစည်အပ်သည်တို့ကို ကြံစည်သောသူသည် ရူးသွပ်ခြင်း၏အဖို့ရှိသည်သာ ဖြစ်၏။)

ရှင်သီဝလိ သားအမိတို့၏ ကြောက်ဖွယ်ဝိပါက်

ထိုပျားရှင်ယောက်ျားသည် ဤမျှလောက်သော ကောင်းမှုကံကိုပြုရသဖြင့် အသက်အဆုံး၌ နတ်ပြည်၌ဖြစ်ပြီးလျှင် ဤမျှကာလတိုင်တိုင် သံသရာ၌ ကျင်လည်လတ်သည်ရှိသော် အခါတစ်ပါး နတ်ပြည်မှစုတေခဲ့၍ ဗာရာဏသီပြည် မင်းမျိုး၌ဖြစ်သဖြင့် ခမည်းတော်ကွယ်လွန်သောအခါ မင်းအဖြစ်သို့ရောက်လေ၏။ ထိုမင်းသည် “မြို့တစ်ခုကို သိမ်းယူအံ့”ဟု သွား၍ ဝန်းရံထားလေ၏။ မြို့သူမြို့သားတို့အားလည်း “ငါ့အား ပြည်စည်းစိမ်ကိုမူလည်း ပေးမည်လော၊ စစ်ထိုးခြင်းကိုမူလည်း ပြုမည်လော”ဟု သတင်းစကား ပို့လိုက်၏။ ထိုမြို့သူမြို့သားတို့သည် “ပြည်စည်းစိမ်ကိုလည်း ငါတို့ မပေးလိုကုန်၊ စစ်ထိုးခြင်းကိုလည်း မပြုလိုကုန်”ဟု ဆို၍ မလွယ်ပေါက် တံခါးငယ်တို့ဖြင့် ထွက်လျက် ထင်း,ရေ စသည်တို့ကို ဆောင်ယူကြကုန်၏၊ အလုံးစုံသောက်စ္စတို့ကိုလည်း ပြုကြလေကုန်၏။ ဗာရာဏသီမင်းသည် တံခါးမလေးခုတို့ကို စောင့်ရှောက်လျက် ခုနစ်နှစ်နှင့် ခုနစ်လတို့ပတ်လုံး မြို့ကို ပိတ်ပင်ဆီးတား ဝန်းရံထားလေ၏။ ထိုအခါ မင်း၏မယ်တော်သည် “ငါ့သားတော်ကား အဘယ်သို့သောအမှုကို ပြုသနည်း”ဟု မင်းချင်းတို့ကို မေးလတ်သဖြင့် “မိဖုရားကြီး- ဤမည်သောအမှုကို ပြုပါသည်”ဟု ပြောကြားသောကြောင့် ထိုအကြောင်းကိုကြားလျှင် “ငါ့သားတော်သည် မလိမ္မာ, မသိ, မိုက်မဲဘိ၏တကား။ သွားကြလေကုန်၊ ထိုသားတော်မင်းအား တံခါးငယ်တို့ကိုပိတ်လျက် မြို့ကို ဆီးတားပိတ်ပင်ရမည်ဟူ၍ ဆိုကြလေတော့”ဟု တမန်စေလွှတ်လေ၏။

ထိုဗာရာဏသီမင်းသည်လည်း မယ်တော်၏ သတင်းစကားကို ကြားရလျှင် ထိုမယ်တော်ဆိုတိုင်း ပြုစေလေ၏။ မြို့သူမြို့သားတို့သည်လည်း အပသို့ထွက်ခြင်းငှာ မရကုန်သည်ဖြစ်၍ ခုနစ်ရက်မြောက်သောနေ့၌ မိမိတို့ပြည့်ရှင်မင်းကို သတ်၍ ဗာရာဏသီမင်းအား ပြည်စည်းစိမ်ကို အပ်နှင်းကြလေကုန်၏။ ထိုမင်းသည် ဤမကောင်းမှုကို ပြုခြင်းကြောင့် အသက်အဆုံး၌ အဝီစိငရဲ၌ဖြစ်ပြီးလျှင် အကြင်ရွေ့လောက် ဤမြေကြီးသည် တစ်ယူဇနာမျှ တိုးပွားမြင့်မောက်လာ၏၊ ထိုရွေ့လောက် ငရဲ၌ကျက်ပြီးလျှင် တံခါးငယ်လေးခုတို့ကို ပိတ်ခြင်းကြောင့် ထိုငရဲမှ စုတေသည်ရှိသော် ထိုမိခင်၏ဝမ်း၌သာလျှင် ပဋိသန္ဓေ စွဲယူလေသဖြင့် ခုနစ်နှစ်နှင့် ခုနစ်လတို့ပတ်လုံး အမိဝမ်းတွင်း၌ နေရပြီးလျှင် ခုနှစ်ရက်တိုင်တိုင် ယောနိဝ၌ ကန့်လန့်ဖီလာ အိပ်ရရှာ၏။ “ချစ်သားရဟန်းတို့- ဤသို့လျှင် သီဝလိသည် ထိုအခါ မြို့ကို ဝန်းရံပိတ်ဆီးကာ ယူခဲ့ဖူးသော မကောင်းမှုကြောင့် ဤမျှကာလပတ်လုံး ငရဲ၌ကျက်၍ တံခါးငယ် လေးခုတို့ကို ပိတ်ခြင်းကြောင့် ထိုကိုယ်မှ စုတေသည်ရှိသော် ထိုမိခင်၏ဝမ်း၌သာလျှင် ပဋိသန္ဓေစွဲယူလေသဖြင့် ဤမျှကာလပတ်လုံး ဝမ်းခေါင်း၌ ကိန်းအောင်းရရှာလေ၏။ လတ်လတ်ဆတ်ဆတ် ပျားရည်ကို လှူခဲ့ဖူးသော ကောင်းမှုကြောင့်ကား လာဘ်လာဘ ပြန့်ပြောခြင်း၊ အခြံအရံ ပြန့်ပြောခြင်းကို ရသည်ဖြစ်၏”ဟု မိန့်တော်မူလေ၏။

တစ်ဖန် တစ်နေ့သ၌ ရဟန်းတို့သည် “ရေဝတသာမဏေအား လာဘ်လာဘသည် အံ့ဩဖွယ်ရှိပေစွ၊ ဘုန်းကံသည်လည်း အံ့ဩဖွယ်ရှိပေစွ၊ ယင်းသာမဏေသည် ဘုန်းရှိ၏၊ တစ်ယောက်တည်းဖြစ်လျက် ရဟန်းငါးရာတို့၏အလို့ငှာ စုလစ်မွန်းချွန် အထွတ်တပ်သော ငါးရာသောကျောင်း စသည်တို့ကို ပြုလုပ်အပ်ကုန်၏”ဟု စကားကို ဖြစ်စေကြလေကုန်၏။ မြတ်စွာဘုရားသည် ကြွလာတော်မူ၍ “ချစ်သားရဟန်းတို့- ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း”ဟု မေးတော်မူခြင်းကြောင့် “ဤမည်သောစကားဖြင့် စည်းဝေးကြပါသည်ဘုရား”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ငါ့သားအား ကောင်းမှုလည်း မရှိ။ မကောင်းမှုလည်း မရှိ၊ ကောင်းမှု,မကောင်းမှု နှစ်ပါးကို ထိုသာမဏေ ပယ်ရှားအပ်ပြီ”ဟု မိန့်တော်မူပြီးလျှင် ဗြာဟ္မဏဝဂ်၌ ဤဂါထာကို ဟောတော်မူလေ၏။

ယောဓ ပုညဉ္စ ပါပဉ္စ၊ ဥဘော သင်္ဂမုပစ္စဂါ။
အသောကံ ဝိရဇံ သုဒ္ဓံ၊ တမဟံ ဗြူမိ ဗြာဟ္မဏံ။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဣဓ၊ ဤသာသနာတော်၌။ ယော၊ အကြင်သူသည်။ ပုညဉ္စ၊ ကောင်းမှုကိုလည်းကောင်း။ ပါပဉ္စ၊ မကောင်းမှုကိုလည်းကောင်း။ ဥဘော၊ နှစ်ပါးစုံသော ကံတို့ကို။ ဆဍ္ဍေတွာ၊ ပယ်စွန့်၍။ သင်္ဂံ၊ အာရုံ၌ ကပ်ငြိတတ်သော ရာဂကို။ ဥပစ္စဂါ၊ လွန်မြောက်ပြီ။ အသောကံ၊ စိုးရိမ်ခြင်းလည်း မရှိသော။ ဝိရဇံ၊ ကိလေသာဟူ မြူလည်းမရှိသော။ သုဒ္ဓံ၊ သန့်ရှင်းစင်ကြယ်သော။ တံ၊ ထိုသူကို။ အဟံ၊ ငါဘုရားသည်။ ဗြာဟ္မဏံ၊ မကောင်းမှုမှ အပပြုပြီးသောသူဟူ၍။ ဗြူမိ၊ ဟောတော်မူ၏။

ရှားတောနေ ရှင်ရေဝတမထေရ်ဝတ္ထုပြီး၏။