ကြိုးစားမှုသာ အဓိကပါ

From Wikisource
Jump to navigation Jump to search
326943ဗုဒ္ဓဘာသာသင်ခန်းစာ တတိယတန်း — ၂၈။ ကြိုးစားမှုသာ အဓိကပါဓမ္မစကူးလ်ဖောင်ဒေးရှင်း

သင်ခန်းစာ (၂၈)

ကြိုးစားမှုသာ အဓိကပါ[edit]

ဘုရင်ကြီးနှင့်ပင့်ကူ

ရှေးအခါက တိုင်းပြည်တစ်ပြည်မှ ဘုရင်ကြီးတစ်ပါးသည် စစ်ရှုံးပြီး တောထဲသို့ ထွက်ပြေးလာ ခဲ့သည်။ ဘုရင်ကြီးသည် ရန်သူ့လက်မှ လွတ်အောင်ပြေးရင်း ဂူကြီးတစ်ခုထဲသို့ ရောက်သွားခဲ့သည်။ ဘုရင်ကြီးသည် စစ်ရှုံးရသောအကြောင်းများကို စဉ်းစားပြီး အလွန်စိတ်ဓာတ်ကျနေခဲ့သည်။ ထိုအချိန်တွင် ပင့်ကူတစ်ကောင်သည် ဂူအမိုးမှ အောက်သို့ ပြုတ်ကျလာခဲ့သည်။ သို့သော် ပင့်ကူလေးသည် မြေကြီး ပေါ်သို့ မရောက်မီ ပင့်ကူမျှင်မှတစ်ဆင့် အပေါ်သို့ ပြန်တက်ခဲ့သည်။ ပင့်ကူလေးသည် အနည်းငယ်သာ တက်နိုင်ပြီး ပြုတ်ကျပြန်ပါသည်။ သို့သော် အားမလျှော့သေးဘဲ နောက်တစ်ဖန် တက်ပြန်သည်။ ဤတစ်ကြိမ်တွင်လည်း ပြုတ်ကျပြန်ပါသည်။

ဤနည်းဖြင့် အကြိမ်ကြိမ် ကြိုးစားနေသော ပင့်ကူလေးသည် နောက်ဆုံးတွင် ဂူအမိုးသို့ ရောက်ရှိ သွားသည်။ ဘုရင်ကြီးသည် ပင့်ကူလေးကို ကြည့်ပြီး အားတက်သွားခဲ့သည်။ “ပင့်ကူလေးတောင်မှ အကြိမ်ကြိမ် ကြိုးစားပြီး ဂူအမိုးထိရောက်အောင် လုပ်နိုင်သေးတာ၊ ငါလည်း ကြိုးစားရင် အောင်မြင်ရ မှာပေါ့”ဟု ဆုံးဖြတ်ပြီး သူ၏စစ်သားများကို ပြန်လည်ရှာဖွေခဲ့သည်။ လက်နက်အင်အားများကိုလည်း စုဆောင်းခဲ့သည်။ လက်နက်အင်အား၊ လူအင်အား ပြည့်စုံသောအခါ ရန်သူကို အနိုင်ရအောင် တိုက်ခိုက်၍ တိုင်းပြည်ကို ပြန်လည်ရရှိခဲ့လေသည်။