ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/ဘာဝနာ အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
ဆဋ္ဌအခန်း ဘာဝနာ အကြောင်း

ဘာဝနာ အကြောင်း

“ဘာဝနာ” ဟူရာ၌ မြန်မာလို “တိုးပွားစေခြင်း၊ ထုံမွှမ်းခြင်း”ဟု အဓိပ္ပါယ်ရ၏။ မိမိ၏စိတ်ကို မြင့်မြတ်ဖြူစင်အောင် အားထုတ်ရသော စိတ်အလုပ် (မနောကံ) တမျိုးတည်း။ ထို့ကြောင့် တွေ့ရာ မြင်ရာ သတ္တဝါတို့အပေါ်၌ ကောင်းကျိုး ချမ်းသာ မင်္ဂလာကို အမှန်လိုလား၍ မေတ္တာထားခြင်းသည် မေတ္တာ ဘာဝနာ မည်၏။ “မေတ္တာစိတ်ကို မိမိသန္တာန်၌ တိုးပွား၍ များလာစေခြင်း၊ မေတ္တာစိတ်ကို မိမိသန္တာန်၌ ထုံမွှမ်းခြင်း” ဟုဆိုလိုသည်။ ထိုမေတ္တာ ဘာဝနာကို အလေ့အလာပြုသူ၌ ထိုမေတ္တာဓာတ်တွေ အလွန် များလေသည်။ တကိုယ်လုံးကို မေတ္တာဖြင့် ထုံမွှမ်းထားသကဲ့သို့ ဖြစ်နေလေသည်။

ထိုသို့ မေတ္တာဓာတ်ခံ ရှိနေသူသည် ဆင်းရဲသူကို မြင်ရပြန်လျှင် ထိုသူ့ကို ဆင်းရဲဒုက္ခမှ ကယ်တင်လိုသော ကရုဏာ ဘာဝနာလည်း အဆင်သင့် ဖြစ်လာတော့၏။ သတ္တဝါများ၏ ကောင်းကျိုး ချမ်းသာတို့ကို လိုလားသော မေတ္တာ ဓာတ်ခံ ရှိနေသောကြောင့် ကြွယ်ဝ ချမ်းသာသူကို မြင်လျှင် ဝမ်းမြောက်သော မုဒိတာ ဘာဝနာလည်း အဆင်သင့် ဖြစ်ပေါ်လာနိုင်ပေသည်။ ဤပြခဲ့သော ဘာဝနာ ၃-မျိုးကား စိတ်နေ စိတ်ထား မြင့်မြတ်သူ မှန်လျှင် တွေ့ရာ ကြုံရာ သွားလာ နေထိုင်ယင်းမှာပင် ဖြစ်နိုင်ပေသည်။

ဗုဒ္ဓါနုဿတိ စသော ကမ္မဋ္ဌာန်းတို့တွင် ဘုရားဂုဏ်တော်များကို အာရုံ ပြုသော ဗုဒ္ဓနုဿတိ ကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ ဘုရားရှင်၏ ရှေးအကြောင်းကောင်းပုံ၊ အကျိုးကောင်းပုံ၊ သတ္တဝါတို့အား အကျိုးများပုံ ဤ ၃-ချက်ကို လေးလေးနက်နက် စဉ်းစား၍ အာရုံပြုရမည်။

အကြောင်း ကောင်းပုံ

အကြောင်း ဆိုသည်မှာ ဘုရားဖြစ်ဖို့ရန် အကြောင်းဖြစ်သော ပါရမီတည်း၊ ထိုကောင်းမှုပါရမီတော်များကို ဖြည့်ကျင့်ခဲ့ရာဝယ် အများ သတ္တဝါတွေလို ပေါ့ပေါ့ဆဆ မဟုတ်။ အလွန်ထက်သန်တော်မူပေသည်။ ထိုသို့ထက်သန်စွာ ဖြည့်ကျင့်တော်မူရာ၌လည်း ဘဝသံသရာဝယ် ကိုယ်တော့် ချမ်းသာရေးကို မျှော်တွေး၍ ဖြည့်ကျင့်သည် မဟုတ်။ သတ္တဝါအများ၏ စီးပွားချမ်းသာ ရွက်ဆောင်နိုင် အရေးကိုသာ မျှော်တွေး၍ ဖြည့်ကျင့်တော်မူသည်။ ဤ အချက်များ ထင်ရှားအောင် ဝေဿန္တရာမင်း ဘဝ၌ ဒါနပါရမီကို စဉ်းစားပါလော။

များစွာသော လူတို့ ဒါန ပြုကြရာ၌ မိမိကိုယ်ကို “အလှူ့ရှင်”ဟု အများ သိစေလို၏။ အလှူခံ ပုဂ္ဂိုလ်တို့က ပြန်၍ ကျေးဇူးတင်စေလို၏။ တတ်နိုင်လျှင် ပြန်၍ပင် ကျေးဇူးဆပ်စေလိုသေး၏။ ဤ ဒါနကြောင့် နောက်နောင်ဘဝတို့၌ စည်းစိမ် ချမ်းသာကို ခံစားလိုကြ၏။ အားလုံးပြီးစီးမှ နိဗ္ဗာန်ကို မလိုလဲ လိုလဲ ဆုတောင်းကြ၏။ အလောင်းတော် ဝေဿန္တရာမင်းကား ထိုကဲ့သို့ မဟုတ်ပါ။ ဖွားမြင်ပြီး၍ မကြာခင် မယ်တော် အထံ လက်ကလေး ဖြန့်၍ လှူစရာကို တောင်းတော်မူ၏။ ဤအချိန်မှာ ဂုဏ် ပကာသန စသည်များကို မတွက်တတ် သေးပါ။ ဝါသနာတော်အတိုင်းသာ သူတပါးအား ပေးကမ်းလိုသော ဆန္ဒက ပြင်းပြတော်မူခြင်းသာ ဖြစ်ပါသည်။

ဤသို့ ပြင်းပြသော ဆန္ဒတော်ဖြင့် လက်ဝတ်လက်စားများကို ချွတ်ကာ ချွတ်ကာ မကြာမကြာ ပေးကမ်း၍ ထီးနန်းရသော အခါ နေ့စဉ်နှင့်အမျှ သိန်းပေါင်းများစွာ ကုန်အောင် အလှူတင်းကုပ် ဆောက်လုပ် လှူဒါန်းပါသည်။ အလှူ မဏ္ဍပ်ဝယ် စားကြ သောက်ကြ ဝတ်ဆင်ကြ သူတွေကို ရှုစားတော်မူစဉ် စားသောက် ဝတ်ဆင် ကြရသူတို့ ပျော်ရွှင်ကြပုံကို မြင်ရ၍ ကိုယ်တိုင်လည်း အလွန် ရွှင်ပျတော်မူ၏။ ဤနေရာ၌လည်း ကိုယ်တော်၏ နောင်သံသရာ ချမ်းသာရေးနှင့် ဂုဏ်ပကာသန အရေးတို့ကို မတွေးအားပါ။ ထိုမရှိဆင်းရဲ စားရမဲ့ သောက်ရမဲ့ ဒုက္ခသည်တို့ကို ကယ်တင်နေရခြင်းကိုပင် “ဓနရှင် သူတော်ကောင်းတို့၏ မွန်မြတ်သော တာဝန်”ဟု အယူရှိ၍ ထိုဒုက္ခသည်တို့ကို ကယ်ဆယ်လိုသော ဆန္ဒ၏ ပြင်းပြတော်မူခြင်းသာ ဖြစ်ပါသည်။

တမြို့လုံး ပွက်ပွက်ဆူအောင် ပစ္စယဆင်ဖြူတော်ကို လှူသောအခါမှာလည်း ဂုဏ်ပကာသနနှင့် ဘဝစည်းစိမ်ကို တွေးတော်မမူပဲ “ဤကောင်းမှုကြောင့် သဗ္ဗညုတဉာဏ်တော်ကို ရလိုပါ၏”ဟု ဆုတောင်းတော်မူသည်။ ဤနေရာဝယ် သဗ္ဗညုတဉာဏ် ရခြင်းကို ကိုယ်တော်၏ အကျိုးဟု မှတ်ထင်ကြပေလိမ့်မည်။ ထိုထင်သလို မဟုတ်ပါ။ သဗ္ဗညုတဉာဏ် ရခြင်းကြောင့် ကိုယ်တော်မှာ သာ၍ ပင်ပန်းစရာ ရှိပါသည်။ ထိုအသိဉာဏ် ရသည့်အတွက် မနေမနား ဟောပြ ဆုံးမတော်မူရခြင်း၊ ဒေသစာရီ ကြွချီတော်မူရခြင်းတို့ဖြင့် အားလပ်ခွင့်ရတော်မမူပုံကို မှန်းဆ၍ ကြည့်ကြပါကုန်။ ထို့ကြောင့် သဗ္ဗညုတဉာဏ်ကို တောင့်တော်မူခြင်းသည် ကိုယ်တော်အတွက်မဟုတ်၊ အများချမ်းသာအတွက်သာ ဖြစ်ပါသည်။

နောက်ဆုံး၌ ချစ်လှစွာသော သားတော် သမီးတော် ၂-ပါးနှင့် မဒ္ဒီမိဖုရားကို လှူရက်ပုံမှာ “ကိုယ်တွက်ကိုယ့်တာ မပာုတ်၊ သတ္တဝါတို့အကျိုးသာဖြစ်ကြောင်း” ကောင်းကောင်းကြီး ထင်ရှား နေပါသည်။ ချဲ့ဦးအံ့-လူ့စည်းစိမ် ဖြစ်စေ၊ နတ်စည်းစိမ် ဖြစ်စေ လိမ္မာလှပ မိမိအလိုကျ နေထိုင်ဖော်ရသော ဇနီးနှင့် အဖိုးတန် သားသမီးများသာ အချုပ်အခြာ ဖြစ်၏။ ထိုအရာများ မရှိလျှင် စကြာမင်းပင် ဖြစ်သော်လည်း မပျော်မွေ့နိုင်ပါ။ ဝေဿန္တရာမင်း ဘဝ၌ကား မဒ္ဒီမိဖုရားနှင့် သားတော် သမီးတော် ၂-ပါးသည် တကမ္ဘာလုံး၏ မျက်နှာဖုံးဟု ဆိုရလောက်အောင် အထက်တန်း ရောက်ကြ၏။ ထို့ကြောင့် လောက စည်းစိမ်ဝယ် အမြိန်ဆုံး သားတော် သမီးတော်နှင့် မိဖုရား ရတနာကို လှူရက်တော်မူသည်မှာ မည်သည့်နည်းနှင့်မှ ဂုဏ် ပကာသနနှင့် ဘဝစည်းစိမ်အတွက် မဟုတ်နိုင်ပါ။ သဗ္ဗညုတဉာဏ်တော်ကို ရ၍ ဒုက္ခိတ သတ္တဝါတွေကို ချမ်းသာစေရန် အကျိုးသာ ဖြစ်ပါသည်။

ဤသို့သော ဆန္ဒတော်ဖြင့် အလောင်းဘုရားသည် ကမ္ဘာပေါင်းများဝယ် အသက်ကိုစွန့်၍ သီလစောင့်ခြင်း၊ အသက်ကိုစွန့်၍ သည်းခံခြင်း၊ မိမိအသက် စွန့်၍ သူတပါးအသက်ကိုကယ်ဆယ်ခြင်း၊ မဟောသဓာဘဝကဲ့သို့ သူ့အသက်ကို ကယ်ဆယ်ခြင်းအားဖြင့် ပါရမီဖြည့်တော်မူလာခဲ့သောကြောင့် ဘုရားရှင်ကို အကြောင်းရင်း ပါရမီတော်အားဖြင့် ကြည်ညိုသောအခါ လွန်စွာကောင်းသော အကြောင်းများကို တွေ့ရပေသည်။ ဤကား ဘုရားရှင်၏ အကြောင်းကောင်းပုံ ပေတည်း။

အကျိုးကောင်းပုံ

ပြခဲ့သော ပါရမီကောင်းမှု အကြောင်းစုကြကြောင့် ဘုရားဖြစ်မည့် ဘဝ၌ ရရှိသော အကျိုးများ၏ အထက်တန်းကျခြင်းကို “အကျိုးကောင်းခြင်း”ဟု ဆိုလိုပါသည်။ ထိုအကျိုးများကား ရုပ်အဆင်းတော်၏ သပ္ပါယ်ခြင်း၊ ဉာဏ်တော်ကြီးမားခြင်း၊ တန်ခိုးအာနုဘော် ကြီးမားခြင်း များတည်း။ ထိုအကျိုးများကို မိမိတို့ ကြားဘူးသည့်အတိုင်း ချဲ့ထွင်၍ အာရုံပြုကြပါ။

သတ္တဝါတို့ အကျိုးများပုံ

ထို ပြခဲ့သော အကြောင်းကြောင့် တင့်တယ် ကြီးမား ခမ်းနားသော အကျိုးကို ရရှိတော်မူပြီးသောအခါ အေးအေးသက်သာ သီတင်းသုံးတော်မမူပါပဲ သတ္တဝါတို့၏ အကျိုးစီးပွားများပြားဖို့ရာ တရားဟောတော်မူလျက် ၄၅-ဝါ အချိန်အခါကို ကုန်လွန်စေတော်မူပါသည်။ ထို့နောက် ပရိနိဗ္ဗာန် စံတော်မူခါနီးဆဲဆဲမှာပင်-

“ဟန္ဒ ဒါနိ ဘိက္ခဝေ၊ အာမန္တယာမိ။
ဝယဓမ္မာ သင်္ခါရာ၊ အပ္ပမာဒေန သမ္ပာဒေထ”ဟု ဆုံးမ ဩဝါဒ ပေးတော်မူရှာပါသေးသည်။ ထိုသို့ မနားမနေ ဟောပြ တော်မူပေသောကြောင့် ကုဋေများစွာ သတ္တဝါတို့ သံသရာဝဋ် ဇာတ်သိမ်း၍ အေးငြိမ်းကြရပါသည်။

ဤသို့ အကြောင်းကောင်းပုံ၊ အကျိုးကောင်းပုံ၊ လုံ့လ ဝီရိယ ကြီးမား၍ သတ္တဝါတို့၏ အကျိုးများပုံကို ယုံယုံ ကြည်ကြည်နှင့် အာရုံပြုသောအခါ “ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ=ဘုရားရှင်သည် တပည့်တော်၏ ကိုးကွယ်ရာ ဖြစ်ပေသည်။ ဘုရားမှတပါး အခြား ကိုးကွယ်ရာ မရှိတော့ပါ”...ဟု ဘုရား ကိုးကွယ်မှု၊ သရဏဂုံသည် အသိဉာဏ်နှင့်တကွ ထက်သန်သော သဒ္ဓါတရားပါ မိမိသန္တာန်၌ တည်တော့၏၊ ဤကား ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်းစီးဖြန်း ပွားများပုံ အချုပ်တည်း၊ ဤသို့ စသည်ဖြင့် မေတ္တာကို ဖြစ်စေ၊ ဗုဒ္ဓါနုဿတိ စသော တမျိုးမျိုးကိုဖြစ်စေ မိမိသန္တာန်၌ ဖြစ်စေခြင်း၊ ထုံမွှမ်းထားခြင်းကို “ဘာဝနာ”ဟု ခေါ်ရပေသည်။ ဤကား သွားယင်း လာယင်း ဘုရားရှိခိုးယင်း ဖြစ်နိုင်သော ဘာဝနာ တချို့တည်း။ အများ ပွားနေကျ ဘာဝနာကို ထိုထို ကျမ်းဂန်၌ ရှုကြပါတော့။