ကိုယ်ကျင့်အဘိဓမ္မာ/ဆဋ္ဌအခန်း/သီလ အကြောင်း

From Wikisource
Jump to navigation Jump to search
ကိုယ်ကျင့်အဘိဓမ္မာ by အရှင်ဇနကာဘိဝံသ
ဆဋ္ဌအခန်း သီလ အကြောင်း

သီလ အကြောင်း

“ဒါနထက် သီလက မြတ်သည်”ဟု ပြောစမှတ်ပြုကြရာ၌ သာမန်လောက် စဉ်းစားလျှင် ထိုစကားကို ဝန်ခံဖို့ ခဲယဉ်း၏။ သို့သော် လေးလေးနက်နက် စဉ်းစားသောအခါ ကောင်းစွာ လုံလောက်သော အကြောင်းကို တွေ့ရပေသည်။ လောက၌ ရှိရှိသမျှ အလုပ်တို့တွင် သူတပါးမဆင်းရဲအောင် စောင့်ရှောက် အလုပ်နှင့် သူတပါးချမ်းသာအောင်ကူညီသောအလုပ်သည် ကောင်းအလုပ် အကျိုးများသောအလုပ်တို့ပေတည်း။

ဒါနအလုပ်နှင့် သီလအလုပ် ၂-မျိုးတွင် ဒါနသည် သူတပါးချမ်းသာအောင် ပြုနိုင်သောအလုပ်ဖြစ်၍ သီလအလုပ်က သူတပါးမဆင်းရဲအောင် စောင့်ရှောက်သော အလုပ် ဖြစ်၏။ [သီလအလုပ် ဟူရာ၌ ၅-ပါးသီလ၊ အာဇီဝဋ္ဌမကသီလတို့ကို ဆိုလိုသည်။ ဂ-ပါးသီလ၊ ၁၀-ပါးသီလတို့အတွက်မှာ အကြောင်းတမျိုး ပြဖွယ် ရှိ၏။

ဒါနအလုပ်

ချဲ့ဦးမည်-“ဘယ်သူ မပြု မိမိမှု” ဆိုသည့်အတိုင်း သတ္တဝါ တဦး တယောက်သည် သူ့ကံအားလျော်စွာ ဆင်းရဲနေပြီ ဆိုကြပါစို့။ ထိုဆင်းရဲနေသူကို ကူညီထောက်ပံ့ခြင်း စွန့်ကြဲပေးကမ်းခြင်းသည် ဒါနအလုပ်တည်း။ ထပ်၍ပြဦးမည်ယခုခေတ် ရဟန်း သံဃာ စသော ပုဂ္ဂိုလ်များသည် တကယ် ဆင်းရဲနေသူများ မဟုတ်ကြ။ သို့သော် ထိုပုဂ္ဂိုလ်တို့၌ ကိုယ်ပိုင်ဟု ဆိုရာ ရိက္ခာမလုံလောက်ချေ။ သို့ဖြစ်၍ တနည်းအားဖြင့် ဆင်းရဲသူ များပင် ဖြစ်၏။ ထို့ကြောင့် ဆင်းရဲသူတွင် ပါဝင်သော ထိုရဟန်းသံဃာတော်တို့အား လှူဒါန်းခြင်းသည်လည်း ကူညီခြင်းပင် ဖြစ်၏။

ဘုန်းကံကြီး၍ ချမ်းသာနေသော ဆရာတော်တို့အား လှူဒါန်းခြင်းမျိုး ရှိသေး၏။ ထိုသို့ လှူဒါန်းရာ၌လည်း ဆရာတော်ကြီးမှာ လိုနေသော (ဆရာတော်နှင့် ထိုက်တန်အောင် မလုံလောက်သေးသော) အရာဝတ္ထုကို လှူဒါန်းခြင်း ဖြစ်လျှင် ဆင်းရဲသူ့ကို ကူညီခြင်းမျိုးပင် ဖြစ်၏။ ဆရာတော်မှာ အရာရာ ပြည့်စုံပြီး ဖြစ်လျက် ဖြည့်စွက် လှူဒါန်းရာ၌ကား ဆရာတော်မှ တဆင့် မရှိနွမ်းပါးသော တပည့်တပန်းတို့အားဖြန့်ကမ်း ဝေဌဖို့ရန် ဆရာတော်ကြီးအထံ အပ်နှံလှူဒါန်းခြင်းမျိုး ဖြစ်သောကြောင့် မရှိဆင်းရဲသူများအား ထောက်ပံ့ခြင်းနှင့် အလားတူပင် ဖြစ်၏။ ထို့ကြောင့် ဒါနအလုပ် ဟူသမျှသည် တယောက် ၂-ယောက်က စ၍ ကမ္ဘာသူ ကမ္ဘာသား ဆင်းရဲသူ သတ္တဝါများကို စောင့်ရှောက်ရသော အလုပ်ကောင်းတမျိုး ဖြစ်ရကား ဒါနအကျိုး နားလည်သူ မှန်လျှင် အလွန် ပြုချင်ဖွယ် ကောင်းပါပေသည်။

ပါဏာတိပါတာ ဝိရတိ

သီလအလုပ်ကား သူတပါး မဆင်းရဲအောင် စောင့်ရှောက်သော အလုပ်တည်း။ ချဲ့ဦးမည်- ပါဏာတိပါတာ ဝေရမဏိ” စသော သိက္ခာပုဒ် သီလများကို မစောင့်ထိန်းပဲ တွေ့ကရကို သတ်နေလျှင် အသတ်ခံရသော သတ္တဝါမှာ မည်မျှ ဆင်းရဲမည်ကို စဉ်းစားကြည့်ပါလော။ ထိုသိက္ခာပုဒ် သီလတခု မစောင့်ထိန်းပဲ သတ်ချင်တိုင်း သတ်နေကြသည့်အတွက် မြစ်ထဲ၌ ငါးပေါင်းမည်မျှ၊ မြို့ရွာတို့၌ နွား၊ ဆိတ် ဝက် ကြက် ငှက် စသော သတ္တဝါပေါင်းမည်မျှ အသတ်ခံရ၍ သတ်ခါနီး၌ မည်မျှ ဆင်းရဲရှာကြည်ကိုလည်းကောင်း၊ လူအချင်းချင်း ရက်စက်စွာ သတ်မှုမှ စ၍ စစ် အကြီးအကျယ် ခင်းလျက် သွေးချင်းချင်းနီအောင် သတ်နေကြသဖြင့် ကမ္ဘာ အရပ်ရပ်ဝယ် စစ်ဖြစ်တော့မည် ကြားကတည်းက မည်မျှ ဆင်းရဲကြ သည်ကို လည်းကောင်း မျက်မြင် နားကြားဖြင့် စဉ်းစားကြည့်သောအခါ ပါဏာတိပါတသီလတပါးကို မစောင့်ထိန်းနိုင်ရုံမျှဖြင့် တယောက် ၂-ယောက်က စ၍ ကမ္ဘာသူ ကမ္ဘာသားများ တိုင်အောင် ဆင်းရဲဒုက္ခများပုံကို မြင်ကြရသည် မဟုတ်ပါလော။

ပါဏာတိပါတမှ ရှောင်ကြဉ်၍ ပါဏာတိပါတ ဝိရတိ သီလကို စောင့်ထိန်း လျှင်ကား သတ်ပုတ် ရိုက်နှက် နှိပ်စက် ညှဉ်းပန်းခံရ၍ မျက်ရည် တလည်လည်နှင့် အားငယ်ကြရသော ဆင်းရဲ၊ မချိမဆံခံရသော ဆင်းရဲမှ ကယ်ဆယ်ရာ ရောက်သောကြောင့် ဤသီလကိုတယောက်စောင့်လျှင် တယောက်အတွက်၊ ၂-ယောက် ၃-ယောက်စောင့်လျှင် ၂-ယောက် ၃-ယောက်အတွက်၊ ကမ္ဘာသူ ကမ္ဘာသား အားလုံးစောင့်လျှင် ကမ္ဘာသူ ကမ္ဘာသားအတွက် ထိုဆင်းရဲမျိုး မရကြန်တော့ပဲ တွေ့ရာ မြင်ရာ သတ္တဝါတို့ အပေါ်၌ မေတ္တာ ကရုဏာ မုဒိတာ တရားတွေ စိုစိုပြည်ပြည် ဖြစ်လျက် အလွန် ကျက်သရေ ရှိ၍ ပျော်ဖွယ်ကောင်းသော ကမ္ဘာကြီး ဖြစ်နေပေလိမ့်မည်။

နှိုင်းယှဉ်ချက်

ဤပါဏာတိပါတ သီလ တပါးတည်းပင် ဒါနနှင့် နှိုင်းယှဉ်ကြည့်မူ သီလက သာလွန် မြင့်မြတ်ကြောင်း ထင်ရှားနေပေပြီး၊ ဤနေရာဝယ် သူတပါးက တစုံတရာပေး၍ စိတ်ချမ်းသာနေသူ တယောက်နှင့် အသတ်ခံရမည့်ဆဲဆဲမှ လွတ်လာ၍ စိတ်ချမ်းသာနေသူ တယောက်၏ ချမ်းသာပုံကို နှိုင်းယှဉ်ကြည့်လျှင် တစုံတရာ ရ၍ စိတ်ချမ်းသာသူ၏ ချမ်းသာပုံထက် အသက်ဘေးမှ လွတ်လာသူ၏ ချမ်းသာပုံက ဆထက်ထမ်းပိုးမက အဆ ရာထောင် သာလွန်နေမည်ကို စဉ်းစားတတ်သူတိုင်း ဝန်ခံပါလိမ့်မည်။ အစာမရလျင် သေရတော့မည့်သူကို အစာကျွေးသဖြင့် စိတ်ချမ်းသာမှုသော်မှလည်း အသတ်ခံ ရတော့မည့်ဘေးမှ လွတ်မြောက်ခွင့်ရခဲ့သူ၏ စိတ်ချမ်းသာမှုကို မီနိုင်မည် မဟုတ်ပါ။

အဒိန္နာဒါန ဝိရတိ

သူ့ဥစ္စာကို ခိုး၍ တိုက်၍ လုယက်၍ ယုမူကြောင့် ဥစ္စာရှင်တို့မှာ ဆင်းရဲကြရရှာသည်။ တနိုင်ငံလုံးကို တိုက်ခိုက် လုယူမှုကြောင့် နိုင်ငံရှင် ဘုရင် မိဖုရား ဆွေတော် မျိုးတော်များနှင့် တကွ နိုင်ငံသူ နိုင်ငံသားတို့ မခံမရပ်နိုင်အောင် စိတ်ဆင်းရဲကြရ၏။ ရသင့်ရထိုက်သော နိုင်ငံတွင်းရှိ အလုပ်များကို မလုပ်နိုင်ကြ၊ လုပ်ဖို့အခွင့်လည်း မရကြသဖြင့် ဥစ္စာဓန ရှားပါး၍ ကိုယ်ဆင်းရဲရ၏။ ထို့ကြောင့် အဒိန္နာဒါနမှုသည် ဥစ္စာရှင်များကို အဆက်ဆက် နာလန်မထူနိုင်အောင် ဖိစီး နှိပ်စက်သော အမှုကြီးပေတည်း။ ထိုအဒိန္နာဒါနမှ ရှောင်ကြဉ်၍ အဒိန္နာဒါနဝိရတိသီလကို စောင့်ထိန်းကြပါလျှင် ထိုဆင်းရဲမျိုးကို ကမ္ဘာမှာ တွေ့မြင်ကြရတော့မည် မဟုတ်သဖြင့် အဒိန္နာဒါန ဝိရတိ သီလသည် ကမ္ဘာသူ ကမ္ဘာသားများကို ဆင်းရဲဒုက္ခမှ မုချ လွတ်လပ်ခွင့် ရစေနိုင်သော ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစေနိုင်သော သိလပေတည်း။

ကာမေသုမိစ္ဆာစာရ ဝိရတီ

ကာမဂုဏ် အတွေ့သည် ပုထုဇဉ်များ၌ ထူးခြားသော အာရုံတမျိုး ဖြစ်ရကား ထိုအတွေ့ပစ္စည်းကို အခြား ပစ္စည်းထက် ခင်မင်၏။ မိမိပိုင်ဆိုင်သော (မိမိ အလွန် မြတ်နိုးသော) ထိုကာမအတွေ့ကို အခြားသူအား (အရူးအနှမ်း မဟုတ်လျှင်) အပိုင်ပေးဖို့ မဆိုထားဘိ၊ ခေတ္တမျှ မပေးနိုင်ရုံမက တနည်းအားဖြင့် နှောင့်ယှက် လုယူမည့်သူကိုပင် ရန်သူကြီး အစစ်ဟု တထစ်ချ မှတ်ယူလေ့ ရှိကြသည်။ ထို့ကြောင့် သူပိုင် ကာမကို ခိုး၍ လု၍ ယူလျှင် ပိုင်ရှင်ဖြစ်သူမှာ အခြားပစ္စည်းကို လုယူသွားသည်ထက် နက်နက်နဲနဲ ဆင်းရဲရ၏။ တကယ်လို့ ခုခံနိုင်လျှင် အသက်ချင်း လဲမည့်သူသာ များလေသည်။ ထို့ကြောင့် ထိုမိစ္ဆာစာရမှ ရှောင်ကြဉ်မှု သီလလည်း သူတပါး၏ ဆင်းရဲရမည့် အရေးကို လေးလေးပင်ပင် ရှောင်ကြဉ်ရာရောက်သဖြင့် ကမ္ဘာသူကမ္ဘာသား လူအများချမ်းသာစေနိုင်သော သီလတမျိုး ဖြစ်ပေသည်။

မုသာဝါဒ ဝိရတိ

လောကဝယ်အလိမ်ခံရသော ဆင်းရဲလည်း “ပျော့ပျော့နှင့် နံ” ဆိုသလို အတော်ကို အခံရခက်သော ဆင်းရဲတမျိုးတည်း။ ထိုအလိမ်ခံရသည့်အတွက် အကျိုးပျက်စီးရပုံတို့မှာ မျက်မြင်အားဖြင့် ထင်ရှားရုံမက လိမ်သူက စွမ်းလှလျှင် နိုင်ငံတခုလုံးကိုပင် ရအောင် လိမ်နိုင်ကြသဖြင့် မည်မျှလောက် နစ်နာကြသည်ကို စဉ်းစားကြလေတော့။ ယခုခေတ် ဘာသာ အမျိုးမျိုး၏ ဆရာအမျိုးမျိုး တရားတွေကြောင့် (ဗုဒ္ဓဘာသာ တရားတော်အရ ဆိုလျှင်) မြော်မြင် မှန်းဆ၍ မကုန်နိုင်သော ဆင်းရဲကိုလည်း အမှားလမ်း လိုက်မိသူတိုင်း တွေ့ရတော့မည်။ ထို့ကြောင့် မုသာဝါဒမှ ရှောင်ကြဉ်မှု သီလလည်း တယောက် ၂-ယောက်မှ စ၍ ကမ္ဘာသူ ကမ္ဘာသားတို့၏ ဒုက္ခကို မုချ စောင့်ရှောက်ရာ ရောက်ပေသည်။ [ဤနေရာဝယ် ဗုဒ္ဓဘာသာ ဝင်ထဲမှ တချို့ တရားဟောဆရာတွေ ညာနေပုံ၊ ဉာဏ်မရှိသူ လူအများပင် ထိုအညာ ဆရာကို အထင်ကြီးပုံကိုပါ စဉ်းစားကြပါလေ။]

သုရာပါန ဝိရတိ

သေရည် သေရက် သောက်သူသည် မိမိဘာသာ သောက်ရုံ သက်သက်ဖြစ်လျှင် မိမိမှာ နောင်ဘဝသံသရာ၌ မကောင်းကျိုး ခံစားရုံမှတပါး အခြားသူတို့၌ များစွာ မထိခိုက်သေးပေ။ သို့သော် ထိုကဲ့သို့ သောက်ရုံသက်သက်ဖြင့် အမြဲတင်းတိမ်မည် မဟုတ်။ မူးလာသောအခါ ရှေ့သိက္ခာပုဒ်များကို ကျူးလွန်ဖို့ရန် အခြေခံ ဖြစ်လေပြီ။ လောက၌ အလွန် လည်ပတ်သူ လူတယောက်သည် သတ်မှု ခိုးမှု ကာမမှု စသည်တို့ကို တစုံတခုမျှ ကိုယ်တိုင် မပြု။ သို့သော် သူ၏ဘက်သား ရဲဘော်များကို ကျကျနန နည်းပေး လမ်းပြလေ့ ရှိ၏။ ထိုလူလည်ဖြစ်သူသည် (သူ့ ကိုယ်တိုင် မလုပ်သော်လည်း) ကိစ္စအားလုံး၌ နည်းပေးလမ်းပြ ခေါင်းဆောင်နေသူ ဖြစ်ရကား ကိုယ်တိုင် လုပ်သူထက်ပင် ကြောက်မက်ဖွယ် ကောင်းသေး၏။ ကိုယ်တိုင် လုပ်သူထက်ပင် သူများကို ဆင်းရဲစေသေး၏။ ထို့အတူ သုရာပါနမှုလည်း တဖြည်းဖြည်း အနယ်ကျ၍ ယစ်ထုပ်ဘဝသို့ ရောက်သောအခါ ပါဏာတိပါတမှု စသည်ထက် ကြောက်မက်ဖွယ် ကောင်းလှ၍ ပါဏာတိပါတမှု စသည်တို့ထက် သတ္တဝါ အများ၏ ဆင်းရဲဒုက္ခကို များစွာ ဖြစ်စေနိုင်ပါသည်။ ထို့ကြောင့် သုရာပါန ဝိရတိလည်း မိမိအိမ်သူအိမ်သားမှစ၍ ကမ္ဘာသူကမ္ဘာသားအထိ ဆင်းရဲမည့် အဖြစ်မှ စင်စစ် ကယ်တင်ရာ ရောက်လေသည်။

ဤနည်းအားဖြင့် အခြားသော အာဇီဝဋ္ဌမကသီလ စသည်တို့၏ အကျိုးကို စဉ်းစားကြပါလေ။ ဤကဲ့သို့ အကျိုး အပြစ်ကို စိစစ်လိုက်သောအခါ တကမ္ဘာလုံး ငါးပါးသီလ လုံခြုံနေပါမူ တကမ္ဘာလုံး ချမ်းသာကြမည့်အကြောင်း ကောင်းကောင်းကြီး ထင်ရှားရကား ငါးပါးသီလ တမျိုးသည်ပင် ဒါနထက် သာလွန် မြင့်မြတ်ကြောင်း ထင်ရှားပြီ။ သို့ဖြစ်၍ မိမိကိုယ်တိုင်နှင့် စပ်ဆိုင်ရာ အားလုံးဝယ် ငါးပါးသီလ ပြည့်ဝ လုံခြုံသူချည်း ဖြစ်အောင် သတိဆောင်ကာ သတ္တဝါများအပေါ်၌ မေတ္တာ ကရုဏာ ထားနိုင်ကြပါစေသတည်း။

ဥပုသ်သီလ

ဗြဟ္မစရိယ၊ ဝိကာလဘောဇန စသော ဥပုသ်သီလများကား ပြခဲ့သောငါးပါးသီလ စသည်တို့ကဲ့သို့ သူတပါးမဆင်းရဲအောင် စောင့်ရှောက်ရသော သီလ မဟုတ်၊ မိမိစိတ်ဓာတ်ကို မြင့်မြတ်အောင် စောင့်သုံးရသော သီလ များတည်း။ ချဲ့ဦးအံ့ – ယခုကာလ အများစောင့်သုံးသော အိမ်နီးချင်း ရိုသေရုံ ဥပုသ် မဟုတ်ပဲ တကယ် စောင့်ရသော ဥပုသ်မျိုးကို “အရိယ ဥပုသ်”ဟု ခေါ်၏။ [ထိုဥပုသ် အမျိုးမျိုးတို့နှင့် ဥပုသ်စောင့်ပုံ အစီအစဉ်ကို ရတနာ့ဂုဏ်ရည်၌ ကျယ်ဝန်းစွာ ပြထားခဲ့ပြီ။]

ထို အရိယ ဥပုသ်ကို စောင့်သူသည် သီလဆောက်တည်ပြီးနောက် ဘုရား ဂုဏ်တော်ကိုဖြစ်စေ၊ သို့မဟုတ် တရားဂုဏ်၊ သံဃာ့ဂုဏ်၊ မိမိသီလဂုဏ်၊ ဒါနဂုဏ် တမျိုးမျိုးကိုဖြစ်စေ အာရုံပြု၍ ကမ္မဋ္ဌာန်း ဘာဝနာကို ပွားများနေထိုင်ရမည်။ ထိုသို့ ပွားများနေထိုင်သောအခါ မိမိ၏စိတ်ဝယ်လောဘ ဒေါသ မာန စသော အကုသိုလ်များ နည်းသည်ထက် နည်းပါး၍ စိတ်နေ စိတ်ထားလည်း ကြီးသည်ထက် ကြီးမားလာပေလိမ့်မည်။ ထို့ကြောင့် ဥပုသ်သီလတို့မှာ သီလမည်ရုံသာမက ဘာဝနာနှင့် အဖော်အပေါင်း ဖြစ်သည့်ပြင် အရင်းခံဖြစ်သော ပါဏာတိပါတ စသည်မှလည်း ရှောင်ကြဉ်ပြီး ဖြစ်သောကြောင့် ရိုးရိုး ငါးပါးသီလ ထက်ပင် သာလွန်မြင့်မြတ်သော အကျင့်ဖြစ်ကြောင်းကို သိနိုင်ပါသည်။