ကစ္စာနိဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၁၇။ ကစ္စာနိဇာတ် (၁)


အဋ္ဌကနိပါတ် - ကစ္စာနီဝဂ်

၁။ ကစ္စာနီဇာတ်

မိဘတို့အား လုပ်ကျွေးသင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသခင်သည် ဩဒါတဝတ္ထာ သုစိ အလ္လကေသာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကစ္စာနီဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထင်ရှားသော အမိကိုလုပ်ကျွေးသော သီတင်းသည်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုသီတင်းသည်သည် သာဝတ္ထိပြည် ၌နေသော အကျင့်နှင့်ပြည့်စုံသော အမျိုးသားငယ် ဖြစ်သတတ်။ ထိုအမျိုးသားငယ်သည် အဖသေလွန်သော် အမိအား နတ်ကဲ့သို့ လုပ်ကျွေးသောသူ ဖြစ်ရကား မျက်နှာသစ်ရေပေးခြင်း တံပူပေးခြင်း ချိုးရေတည်ခြင်း ခြေဆေးရေပေးခြင်း အစရှိသော ဝေယျာဝစ္စအမှုဖြင့်လည်းကောင်း၊ ယာဂု ထမင်း အစရှိသည်တို့ဖြင့်လည်းကောင်း အမိကိုလုပ်ကျွေး၏။ ထိုအခါ ထိုအမျိုးသားငယ်ကို အမိသည် အမောင် သင့်အား တစ်ပါးကုန်သော ဃရာဝါသ ကိစ္စတို့သည်လည်း ရှိကုန်၏။ သင်သည် တစ်ယောက်သော အမျိုးသမီးကိုယူလော့။ ထိုသတို့သမီးသည် ငါ့ကို လုပ်ကျွေးလတ္တံ့။ သင်သည်လည်း မိမိအမှုကို ပြုရလတ္တံ့ဟုဆို၏။ မိခင် အကျွန်ုပ်သည် မိမိကိုယ်၏ စီးပွားချမ်းသာကို မတောင့်တ၊ မိခင်တို့ကိုသာ လုပ်ကျွေးလို၏။ ငါမှတစ်ပါးသော အဘယ် သူသည် ဤသို့ လုပ်ကျွေးလတ္တံ့နည်းဟုဆို၏။ အမောင် အမျိုးကိုပွားစေသော အမှုမည်သည်ကို ပြုခြင်းငှာ သင့်၏ဟု အမိသည်ဆို၏။ မိခင် အကျွန်ုပ်အား ဃရာဝါသဖြင့် အလိုမရှိ၊ အကျွန်ုပ်သည် သင်တို့ကိုလုပ်ကျွေး၍ သင်တို့သည် သေလွန်သောကာလ၌ ရဟန်းပြုအံ့ ဟု သားသည် ဆို၏။ ထိုအခါ အမိသည် သားအား အဖန်တလဲလဲ တောင်းပန်သော်လည်း သား၏စိတ်ကို မရလတ်သော် သား၏စကားကို မယူမူ၍ အမျိုးတူဖြစ်သော သတို့သမီးကို ဆောင်၏။ ထိုသတို့သားသည် အမိကိုလုပ်ကျွေး၍ ထိုအမျိုးသမီးနှင့်တကွ နေ၏။ ထိုအမျိုးသူမီးသည်လည်း ငါ၏လင်သည် ကြီးစွာသော အားထုတ်ခြင်းဖြင့် အမိကိုလုပ်ကျွေး၏။ ငါသည်လည်း လင်၏အမိကို လုပ်ကျေးအံ့။ ဤသို့ လုပ် ကျွေးသော် ငါ့ကို လင်သည် ချစ်လတ္တံ့ ဟုကြံ၍ လင်၏အမိကို ရိုသေစွာ လုပ်ကျွေး၏။

အထင်လွဲမြင်

ထိုသီတင်းသည်သည် ဤမိန်းမကား ငါ၏ အမိကို ရိုသေစွာ လုပ်ကျွေး၏ဟု ထိုကာလမှစ၍ ရတိုင်း ရတိုင်းကုန်သော ကောင်းသော ခဲဖွယ် အစရှိသည်တို့ကို မယားအားသာလျှင် ပေး၏။ ထိုမယားသည် နောက်အဖို့၌ ဤယောက်ျားကား ရတိုင်း ရတိုင်းကုန်သော ခဲဖွယ် အစရှိသည်တို့ကို ငါအားသာလျှင် ပေး၏။ မချွတ် အမိကို နှင်ထုတ်လိုသည် ဖြစ်လတ္တံ့။ ငါသည် လင်အား အမိကိုနှင်ထုတ်ခြင်းအကြောင်းကို ပြုအံ့ဟု မသင့်သောအားဖြင့် နှလုံးသွင်း၍ တစ်နေ့သ၌ လင်ကို အရှင်သင်သည် အပသို့ထွက်သည်ရှိ သင်၏အမိသည် ငါ့ကို ဆဲရေး၏ဟုဆို၏။ ထိုသီတင်းသည်သည် ဆိတ်ဆိတ် နေ၏။ ထိုမိန်းမသည် ဤသက်ကြီးအိုမကို သားကို အယုတ်အားဖြင့် အောက်မေ့စေ၍ သား၏ဆန့်ကျင်ဘက်ဖြစ်အောင် ပြုအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုအခါမှစ၍ ယာဂုကို ပေးသည်ရှိသော် အလွန်ပူသည်ကိုလည်းကောင်း အလွန်အေးသည်ကိုလည်းကောင်း အလွန်ဆားငန်သည်ကိုလည်းကောင်း မခတ်သည်ကို လည်းကောင်း ပြု၍ ပေး၏။ ချစ်သမီး အလွန်ပူ၏ဟူ၍ လည်းကောင်း၊ အလွန်ဆားငန်၏ဟူ၍ လည်းကောင်း ဆိုသည်ရှိသော် ခွက်ကိုပြည့်စေ၍ ရေချမ်းကိုခပ်၍ လောင်း၏။ တစ်ဖန် ချစ်သမီး အလွန်အေး၏ မခတ်ဟု ဆို သည်ရှိသော် ယခုပင်လျှင် အလွန်ပူ၏။ အလွန် ဆားငန်၏ဟု ဆို၍ တစ်ဖန် အလွန်အေး၏ ဆားမခတ်ဟု ဆိုပြန်၏။ အဘယ်သူသည် သင့်ကို နှစ်သိမ့်စေအံ့သောငှာ တတ်နိုင်အံ့နည်းဟု ကျယ်စွာသောအသံကို ပြု၏။ ချိုးရေကိုလည်း ပူသည်ကိုပြု၍ ကျောက်ကုန်း၌ လောင်း၏။ ချစ်သမီး ငါ၏ ကျောက်ကုန်းသည် ပူလောင်၏ဟူ၍ ဆိုသည်ရှိသော် တစ်ဖန် ပြည့်စေ၍ အလွန်အေးသော ရေကိုထည့်၏။ ချစ်သမီး အလွန်အေးဟု ဆိုသည်ရှိသော် ယခုပင်လျှင် အလွန်ပူ၏ဟု ဆို၍ ယခုပင်လျှင် အလွန်အေး၏ဟု ဆိုပြန်၏။

အဘယ်သူသည် ဤသက်ကြီးအိုမ၏ မထီ မဲ့မြင် ပြုခြင်းကို သည်းခံအံ့သောငှာ တတ်နိုင်အံ့နည်း ဟု အိမ်နီးချင်းတို့အား ပြောဆို၏။ ချစ်သမီး ညောင်စောင်း၌ ကြမ်းပိုးတို့သည် များကုန်၏ ဟု ဆိုသည်ရှိသော် ညောင်စောင်းကိုထုတ်၍ ထိုညောင်စောင်းအထက်၌ မိမိ ညောင် စောင်းကို ခါ၍ ငါသည် ညောင်စောင်းကို ခါအပ်ပြီဟု သွင်း၍ ခင်း၏။ ထိုသီတင်းသည်၏ အမိသည် ကြမ်းပိုးတို့သည် ကိုက်ခဲအပ်သည်ဖြစ်၍ ခပ်သိမ်းသော ညဉ့်ကို ထိုင်လျက်သာလျှင် လွန်စေ၍ ချစ်သမီး တစ်ညဉ့်ပတ်လုံး ငါ့ကို ကြမ်းပိုးတို့သည် ကိုက်ခဲကုန်၏ဟု ဆို၏။ ချွေးမသည် ယမန်နေ့ကပင် သင်တို့၏ ညောင်စောင်းကို ခါအပ်ပြီ၊ အဘယ်သူသည် သက်ကြီးအိုမ၏ကိစ္စကို ဆောင်ရွက်အံ့သောငှာ တတ်နိုင်အံ့နည်း ဟုဆို၍ ယခု သက်ကြီးအိုမအား သားကို ကဲ့ရဲစေအံ့ဟု ထိုထိုသောအရပ်၌ တံတွေး နှပ် အစရှိသည်တို့ကို ကြဲ၍ အလုံးစုံသော ဤအိမ်ကို မသန့်ရှင်းအောင်ပြု၏ဟု သီတင်းသည် ဆိုသည်ရှိသော် သင့်အမိသည် ဤသို့ပြု၏။ မပြုလင့်ဟု ဆို သည်ရှိသော် ခိုက်ရန်ပြု၏။

အမေကိုချစ်၍ မယားကိုနှင်

အကျွန်ုပ်သည် ဤသို့သဘောရှိသော သူယုတ်မာနှင့် အတူတကူ တစ်အိမ်တည်း၌ နေအံ့သောငှာ မတတ်နိုင်၊ ဤသက်ကြီးအိုမကိုမူလည်း အိမ်၌မနေစေလင့်၊ ငါ့ကိုမူလည်း အိမ်၌ မနေစေလင့်ဟု ဆို၏။ ထိုသီတင်းသည်သည် မယား၏ စကားကိုကြား၍ ရှင်မ... သင်သည် ငယ်သေး၏။ အမှတ်မရှိသော အရပ်သို့သွား၍ အသက်မွေးခြင်းငှာ တတ်နိုင်၏။ ငါ၏ အမိသည်ကား အားနည်း၏။ ငါသည်သာလျှင် အမိ၏ ကိုးကွယ်ရာဖြစ်၏။ သင်သည် ထွက်၍ မိမိ၏ မိဘအိမ်သို့ သွားလော့ဟု ဆို၏။ ထိုမိန်းမသည် လင်၏စကားကို ကြား၍ ငါသည် ဤယောက်ျားကို အမိ၏အတွင်း၌ ဖျက်ဆီးခြင်းငှာ မတတ်နိုင်ကောင်း၊ စင်စစ်သဖြင့် ဤယောက်ျားသည် အမိကို ချစ်၏။ ငါသည် မိဘအိမ်သို့ အကယ်၍ သွားအံ့၊ မုဆိုးမ၏ နေခြင်းကို နေရ၍ ဆင်းရဲသည်ဖြစ်အံ့၊ ရှေးနည်းဖြင့်သာလျှင် ယောက္ခမအား နှစ်သက်စေ၍ လုပ်ကျွေးအံ့ဟု ကြံ၏။ ကြံပြီး၍ ထိုမိန်းမသည် ထိုအခါမှစ၍ ရှေးနည်းအတူသာလျှင် ထိုယောက္ခမကို လုပ် ကျွေး၏။

ထိုအခါ တစ်နေ့သ၌ ထိုသီတင်းသည်သည် တရားနာအံ့သောငှာ ဇေတဝန် ကျောင်းတော်သို့သွား၍ ဘုရားကိုရှိခိုး၍ လျောက်ပတ်စွာ နေ၏။ သီတင်းသည် ကုသိုလ်ကောင်းမှုတို့၌ မမေ့မလျော့ ဖြစ်၏လော၊ အမိကို လုပ်ကျွေးသော အမှုကို ဖြည့်၏လော ဟု မိန့်တော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား အမိန့်အတိုင်း ဖြည့်ပါ၏။ အမိသည်ကား အကျွန်ုပ်ကို အလိုမရှိဘဲလျှင် တစ်ယောက်သော အမျိုးသမီးကို ဆောင်၏။ ထိုမိန်းမသည်ကား ဤသို့ ဤသို့ မကျင့်အပ်သော အမှုကိုပြု၏ ဟု အလုံးစုံသော အကြောင်းကို ဘုရားသခင်အား ကြားလျှောက်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... ထိုမိန်းမသည် အကျွန်ုပ်ကို အမိ၏အတွင်း၌ ဖျက်ဆီးအံ့သောငှာ မတတ်နိုင်၍ ယခု အကျွန်ုပ်၏အမိကို ရိုသေစွာ လုပ်ကျွေးပြန်၏ဟု လျှောက်၏။ သဗ္ဗညူ မြတ်ဘုရားသည် ထိုသီတင်းသည်၏ စကားကို ကြား၍ သီတင်းသည် ယခု သင်သည် ထိုမိန်းမ၏စကားကို မလိုက်နာ၊ ရှေး၌ကား ထိုမိန်းမ၏စကားဖြင့် သင်၏အမိကို နှင်ထုတ်၍ ငါ့ကိုမှီ၍ တစ်ဖန် အိမ်သို့ဆောင်၍ လုပ်ကျွေးဖူး၏ ဟု မိန့်တော်မူ၍ ထို သီတင်းသည်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် မထင်ရှားသော အမျိုး၏သားသည် အဖလွန်သည်ရှိသော် အမိအား နတ်ကဲ့သို့ လုပ်ကျွေးသောသူဖြစ်၍ ဆိုအပ်ပြီးသော နည်းဖြင့်လျှင် အမိကို လုပ်ကျွေး၏။ (အလုံးစုံသောစကားကို ဆိုအပ်ပြီးသော နည်းဖြင့်လျှင် ချဲ့အပ်၏။ )

မိန်းမစကားအရ အမေကိုနှင်ချ

အရှင်... အကျွန်ုပ်သည် ဤသို့သဘောရှိသော သူယုတ်မနှင့် အတူတကွ နေခြင်းငှာ မတတ်နိုင်၊ ဤသက်ကြီးအိုကိုမူလည်း အိမ်၌ မနေစေလင့်၊ အကျွန့်ကိုမူလည်း အိမ်၌ မနေစေလင့် ဟု ဆိုသည်ရှိသော် ထိုမိန်းမ၏ စကားကို ယူ၍ အမိအားသာလျှင် အပြစ်ရှိ၏ဟူ၍ အမိကို မိခင်... သင်သည် ဤအိမ်၌ အမြဲလျှင် ခိုက်ရန်ကိုပြု၏။ အိမ်မှထွက်၍ အလိုရှိရာအရပ်၌ နေလော့ ဟု ဆို၏။

အမေ သုသာန်သွား

ထိုအမိသည် ကောင်းပြီဟု ငိုကြွေးလျက် ထွက်သွား၍ တစ်ဦးသော ကြွယ်ဝသောအမျိုးတို့၏ အခစားအမှုကိုပြု၍ ဆင်းရဲသဖြင့် အသက် မွေး၏။ ယောက္ခမသည် အိမ်မှထွက်သော ကာလ၌ ချွေးမအား ကိုယ်ဝန်သည် တည်၏။ ထိုချွေးမသည် သူယုတ်ဖြစ်သော သက်ကြီးအိုမသည် အိမ်၌နေသည်ရှိသော် ငါ၌ ကိုယ်ဝန်ကိုလည်း မရ၊ ယခု ငါသည် ကိုယ်ဝန်ကို ရပြီဟု လင်အားလည်းကောင်း၊ အိမ်နီးချင်းအားလည်းကောင်း ပြောဆိုလျက် သွား၏။ နောက်အဖို့၌ သားကိုဖွား၍ လင်ကို အရှင်သင့်အမိသည် အိမ်၌နေသည်ရှိသော် သားကိုမရ၊ ယခု ငါသည် သားကို ရအပ်ပြီ၊ ဤအကြောင်းကြောင့် ထိုသက်ကြီးအိုမ၏ သူယုတ်မာ၏ အဖြစ်ကို သိလော့ဟု ဆို၏။

ယောက္ခမသည် ငါ့ကို အိမ်မှ နှင်ထုတ်သော ကာလ၌ သားကို ရ၏ဟု ကြား၍ မချွတ်လျှင် ဤလောက၌ တရားသေသည် ဖြစ်လတ္တံ့။ တရားသည် အကယ်၍ မသေအံ့၊ အမိကို သတ်ပုတ် ငင်ထုတ်၍ သားကို မရရာ၊ ချမ်းသာသည်ဖြစ်၍ အသက်မရှည်ရာ၊ ငါသည် တရားသေဆွမ်းကို လှူအံ့ ဟု ကြံ၏။ ကြံပြီး၍ ထိုယောက္ခမသည် တစ်နေ့သ၌ နှမ်းမှုန့်ကိုလည်းကောင်း၊ ဆန်ကို လည်းကောင်း၊ ချက်ရန် အိုးကို လည်းကောင်း၊ ထင်းကို လည်းကောင်း၊ ယောက်မကိုလည်းကောင်း ယူ၍ သုသာန်သို့သွား၍ သုံးခုကုန်သော လူဦးခေါင်းခွံတို့ကို ခုံလောက် ပြု၍ မီးညှိ၍ မြေသို့ ဆင်းသက်၍ ဦးခေါင်းလျှော်၍ အဝတ်ကိုဝတ်၍ ခုံလောက်တည်ရာ အရပ်သို့လာ၍ ဆံထုံးကို ဖြေ၍ ဆန်ကို ဆေးအံ့သောငှာ အားထုတ်၏။

သိကြားမင်း ပုဏ္ဏားမေး

ထိုအခါ ဘုရားလောင်းသည် သိကြားမင်း ဖြစ်၏။ ဘုရားလောင်းတို့မည်သည် မမေ့မလျော့ ဖြစ်ကုန်၏။ ထိုသိကြားမင်းသည် ထိုခဏ၌ လောကကို ကြည့်လတ်သော် တရားသေပြီ ဟူသော အမှတ်ဖြင့် တရားသေဆွမ်းကို လှူလိုသော ဆင်းရဲခြင်းသို့ရောက်သော ထိုမိန်းမကို မြင်၍ ယနေ့ ငါသည် ငါ၏ အစွမ်းကို ပြအံ့ဟု ပုဏ္ဏားအသွင်ဖြင့် ခရီးမကို သွားသောသူကဲ့သို့ ဖြစ်၍ ထိုမိန်းမကိုမြင်၍ ခရီးမှဖဲ၍ ထိုမိန်းမ၏ အထံ၌ ရပ်၍ မိခင် သုသာန်၌ အာဟာရကို ချက်သောသူသည် မရှိ၊ သင်သည် ဤသုသာန်၌ ချက်အပ်သော နှမ်းထမင်းဖြင့် အဘယ်ပြုအံ့နည်း ဟု စကားကို ဖြစ်စေလိုရကား-

။ ဩဒါတဝတ္ထာ သုစိ အလ္လကေသာ၊
ကစ္စာနိ ကိံ ကုမ္ဘိမဓိဿယိတွာ။
ပိဋ္ဌာ တိလာ ဓောဝသိ တဏ္ဍုလာနိ၊
တိလောဒနော ဟေဟိတိ ကိဿဟေတု။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁။ ကစ္စာနီ၊ ကစ္စည်း အနွယ်ယ်ဖြစ်သော ရှင်မ။ တွံ၊ သင်သည်။ ဩဒါတဝတ္ထာ၊ ဖြူသောအဝတ်ကို ဝတ်လျက်။ သုစိ၊ စင်ကြယ်သည်ဖြစ်၍။ အလ္လကေသာ၊ စွတ်စိုသော ဆံရှိလျက်။ ကုမ္ဘိံ၊ ထမင်း အိုးကို။ အဓိဿယိတွာ၊ လူတို့၏ ဦးခေါင်းခွံ ဖြစ်သော ခုံလောက်သို့တင်၍။ တိလာ ပိဋ္ဌာ၊ နှမ်းမှုန့်တို့ကိုယူလျက်။ တဏ္ဍုလာနိ၊ ဆန်တို့ကို။ ကိံ ဓောဝသိ၊ အဘယ့်ကြောင့် ဆေးသနည်း။ ကိဿ ဟေတု၊ အဘယ်အကြောင်းကြောင့်။ တိလောဒနော၊ နှမ်းထမင်းသည်။ ဟောဟိတိ၊ ဖြစ်လတ္တံ့နည်း။

တရားသေလို့ သပိတ်သွတ်မယ်

ထိုအခါ သိကြားမင်းအား ထိုမိန်းမသည် ကြားလို၍-

။ န ခေါ အယံ ဗြာဟ္မဏ ဘောဇနတ္ထာ၊
တိလောဒနော၊ ဟေဟိတိ သာဓုပက္ကော။
ဓမ္မော မတော တဿ ပဟုတ္တမဇ္ဇ၊
အဟံ ကရိဿာမိ သုသာနမဇ္ဈေ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၂။ ဗြာဟ္မဏ၊ ပုဏ္ဏား။ သာဓုပက္ကော၊ ကောင်းစွာ ချက်အပ်သော။ အယံ ခေါ တိလောဒနော၊ ဤနှမ်းထမင်းသည်။ ဘောဇနတ္ထာယ၊ စားအံ့သောငှာ။ န ဟေဟိတိ၊ မဖြစ်လတ္တံ့။ ဓမ္မော၊ တရားသည်။ မတော၊ သေ၏။ အဇ္ဇ၊ ယနေ့။ အဟံ၊ ငါသည်။ သုသာနမဇ္ဈေ၊ သုသာန်အလယ်၌။ တဿ၊ ထိုတရား၏။ ပဟုတ္တံ၊ သေဆွမ်းကို။ ကရိဿာမိ၊ ပြုအံ့။

ငါ မသေပါလား

ထို့နောင်မှ သိကြားမင်းသည်-

။ အနုဝိစ္စ ကစ္စာနိ ကရောဟိ ကိစ္စံ၊
ဓမ္မော မတော ကော နု တဝေဝ သံသိ။
သဟဿေနေတ္တော အတုလာနုဘာဝေါ၊
န မီယတိ ဓမ္မဝရော ကဒါစိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၃။ ကစ္စာနိ၊ ကစ္စည်း အနွယ်ဖြစ်သော ရှင်မ။ တွံ၊ သင်သည်။ အနုဝိစ္စ၊ စိစစ်၍။ ကိစ္စံ၊ ကိစ္စကို။ ကရောဟိ၊ ပြုလော့။ ဓမ္မော၊ ဇေဋ္ဌပစာယနတရား သုစရိတတရားသည်။ မတော၊ သေ၏။ ဧဝံ၊ ဤသို့။ တဝ၊ သင်အား။ ကော နု၊ အဘယ်သူသည်လျှင် သံသိ၊ ပြောကြားသနည်း။ အတုလာနုဘာဝေါ၊ အတုမရှိသော အာနုဘော်ရှိသော။ ဓမ္မဝရော၊ တရားမင်းမြတ် ဖြစ်သော။ သဟဿေနေတ္တော၊ မျက်စိတစ်ထောင် အမြင်ဆောင်သော သိကြားသည်။ ကဒါစိ၊ တစ်ရံ တစ်ဆစ်၌။ န မီယတိ၊ မသေ။

တရားသူ ဒုက္ခရောက်

ထိုစကားကို ကြား၍ ထိုမိန်းမသည်-

။ ဒဠှပ္ပမာနံ မမ ဧတ္ထ ဗြဟ္မေ၊
ဓမ္မော မတော နတ္ထိ မမေတ္ထ ကင်္ခါ။
ယေ ယေဝ ဒါနိ ပါပါ ဘဝန္တိ၊
တေ တေဝ ဒါနိ သုခိတာ ဘဝန္တိ။
။ သုဏိဿာ ဟိ မယှံ ဝဉ္ဈာ အဟောသိ။
သာ မံ ဝဓိတွာန ဝိဇာယိ ပုတ္တံ။
သာ ဒါနိ သဗ္ဗဿ ကုလဿ ဣဿရာ။
အဟံ ပနမှိ အပဝိဒ္ဓါ ဧကိကာ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၄။ ဗြဟ္မေ၊ ပုဏ္ဏားကြီး။ ဧတ္ထ၊ ဤတရားသေရာ၌။ မမ၊ ငါ၏။ ပမာဏံ၊ ယုံမှာကင်းခြင်းသည်။ ဒဠှံ၊ မြဲ၏။ ဓမ္မော၊ တရားသည်။ မတော၊ သေပြီ။ ဧတ္ထ၊ ဤတရားသေရာ၌။ မမ၊ ငါ့အား။ ကင်္ခါ၊ ယုံမှားခြင်းသည်။ နတ္ထိ၊ မရှိ။ ဣဒါနိ၊ ယခုအခါ၌။ ယေ ယေဝ၊ အကြင်အကြင်သူတို့သည်သာလျှင်။ ပါပါ၊ ယုတ်မာသော အကျင့်ရှိကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဣဒါနိ၊ ယခုအခါ၌။ တေ တေဝ၊ ထိုထိုသူတို့သည်သာလျှင်။ သုခိတာ၊ ချမ်းသာကုန်သည်။ ဘဝန္တိ၊ ဖြစ်ကုန်၏။

၅။ ဟိ သစ္စံ၊ ထိုစကားသည် မှန်၏။ မယံ၊ ငါ၏။ သူဏိသာ၊ ချွေးမသည်။ ဝဉ္ဈာ၊ မြုံသည်။ အဟောသိ၊ ဖြစ်၏။ သာ၊ ထိုချွေးမသည်။ မံ၊ ငါ့ကို။ ဝဓိတွာန၊ ရိုက်ပုတ်ငင်ထုတ်၍။ ပုတ္တံ၊ သားကို။ ဝိဇာယိ၊ ဖွား၏။ ဣဒါနိ၊ ယခုအခါ၌။ သာ၊ ထိုချွေးမသည်။ သဗ္ဗဿ၊ အလုံးစုံသော။ ကုလဿ၊ အမျိုးကို။ ဣသရာ၊ အစိုးရ၏။ အဟံ ပန၊ ငါသည်ကား။ အပဝိဒ္ဓါ၊ စွန့်ပစ်အပ်သည်ဖြစ်၍။ ဧကိကာ၊ တစ်ယောက်ထီးတည်း။ အမှိ၊ ဖြစ်၏။

နင့်ချွေးမနှင့်သားကို သတ်လိုက်မယ်

ထို့နောင်မှ သိကြားမင်းသည်-

။ ဇီဝါမိ ဝေါဟံ န မတောဟမသိ၊
တဝေဝ အတ္ထာယ ဣဓာဂတောသ္မိ။
ယာ တံ ဝဓိတွာန ဝိဇာယိ ပုတ္တံ၊
သဟာဝ ပုတ္တေန ကရောမိ ဘသ္မံ။

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

၆။ ကစ္စာနိ၊ ကစ္စည်း အနွယ်ဖြစ်သော ရှင်မ။ အဟံ၊ သည်။ ဇီဝါမိ၊ ရှင်၏။ အဟံ၊ ငါသည်။ မတော၊ သေသည်။ န အသ္မိ၊ မဖြစ်။ တဝေဝ၊ သင်၏သာလျှင်။ အတ္ထာယ၊ အကျိုးငှာ။ ဣဓ၊ ဤအရပ်သို့။ အာဂတော၊ လာသည်။ အသ္မိ၊ ဖြစ်၏။ ယာ၊ အကြင်ချွေးမသည်။ တံ၊ သင့်ကို။ ဝဓိတွာန၊ ရိုက်ပုတ်ငင်ထုတ်၍။ ပုတ္တံ၊ သားကို။ ဝိဇာယိ၊ ဖွားသည်ဖြစ်အံ့။ သာ၊ ထိုချွေးမကို။ ပုတ္တေန၊ သားနှင့်။ သဟာဝ၊ တကွသာလျှင်။ ဘသ္မံ၊ ပြာကဲ့သို့ လွင့်ပျောက်ပျက်စီးသည်ကို။ ကရောမိ၊ ငါပြုအံ့။

မြေးကို မသေစေချင်

ထိုမိန်းမသည် ထိုစကားကိုကြား၍ မျက်စိတစ်ထောင် အမြင်ဆောင်သော သိကြားမင်း အဘယ်သို့ ဆိုသနည်း။ ငါ့မြေး မသေခြင်းအကြောင်းကို ပြုအံ့ ဟု-

။ ဧဝဉ္စ တေ ရုစ္စတိ ဒေဝရာဇ၊
မမေဝ အတ္ထာယ ဣဓာဂတောသိ။
အဟဉ္စ ပုတ္တော သုဏိသာ စ နတ္တာ၊
သမ္မောဒမာနာ ဃရမာဝသေမ။

ဟူသော ခုနစ်ခုမြောက်ဖြစ်သော ဤဂါထာကို ဆို၏။

၇။ ဒေဝရာဇ၊ နတ်မင်း။ တေ၊ သင်နတ်မင်းသည်။ ဧဝဉ္စ၊ ဤသို့လည်း။ ရုစ္စတိ၊ နှစ်သက်သည် ဖြစ်အံ့။ မမေဝ၊ ငါ၏လျှင်။ အတ္ထာယ၊ အကျိုးငှာ။ ဣဓ၊ ဤအရပ်သို့။ အာဂတော၊ လာသည်။ အသိ၊ ဖြစ်ပါအံ့။ အဟဉ္စ၊ ငါလည်းကောင်း။ ပုတ္တော စ၊ သားလည်းကောင်း။ သုဏိသာ စ၊ ချွေးမလည်းကောင်း။ နတ္တာ စ၊ မြေးလည်းကောင်း။ ဧတေ မယံ၊ ထိုငါတို့သည်။ သမ္မောဒမာနာ၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်၍။ ဃရံ၊ အိမ်၌။ အာဝသေမ၊ နေလိုကုန်၏။

ချွေးမနှင့် သင့်အောင်လုပ်ပေးမယ်

ထိုအခါ ထိုမိန်းမအား သိကြားမင်းသည်-

။ ဧဝဉ္စ တေ ရုစ္စတိ ကာတိယာနိ။
ဟတာပိ သန္တော န ဇဟာသိ ဓမ္မံ။
တုဝဉ္စ ပုတ္တော သုဏိသာ စ နတ္တာ၊
သမ္မောဒမာနာ ဃရမာသေထ။

ဟူသော ရှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၈။ ကာတိယာနိ၊ ကစ္စည်းအနွယ်ဖြစ်သော ရှင်မ။ ဧဝဉ္စ၊ ဤသို့လျှင်။ တေ၊ သင်သည်။ ရုစ္စတိ၊ နှစ်သက်အံ့။ ဟတာ၊ ရိုက်ပုတ်နှင်ထုတ်အပ်သည်။ သန္တာပိ၊ ဖြစ်ငြားသော်လည်း။ ဓမ္မံ၊ သူငယ်တို့၌ မေတ္တာတရားကို။ တွံ၊ သင်သည်။ န ဇဟာသိ၊ မစွန့်အံ့။ တုဝဉ္စ၊ သင်လည်းကေင်း။ ပုတ္တော စ၊ သားလည်းကောင်း။ သုဏိသာ စ၊ ချွေးမလည်းကောင်း။ နတ္တာ စ၊ မြေးလည်းကောင်း။ တေ တုမှေ၊ ထိုသင်တို့သည်။ သမ္မောဒမာနာ၊ ဝမ်း မြောက် ဝမ်းသာကုန်သည်ဖြစ်၍။ ဃရံ၊ အိမ်၌။ အာဝသေထ၊ နေကြကုန်လော့။

သားနှင့်ချွေးမတို့ ကန်တော့ခြင်း

ဤသို့ဆို၍ တန်ဆာဆင်အပ်သော သိကြားမင်းသည် မိမိ၏ အာနုဘော်အားဖြင့် ကောင်းကင်၌ ရပ်၍ ကစ္စည်းအနွယ်ဖြစ်သော ရှင်မ၊ သင် မကြောက်လင့်၊ သား, ချွေးမတို့သည် ငါ၏ အာနုဘော်အားဖြင့် လာလတ်ကုန်၍ ခရီးအကြား၌ သင့်ကို ကန်တော့၍ ယူ၍ သွားကုန်လတ္တံ့၊ မမေ့မလျော့ ဖြစ်လော့ ဟု ဆို၍ မိမိနေရာသို့လျှင် သွား၏။ ထိုသား, ချွေးမတို့သည်လည်း သိကြားမင်း၏ အာနုဘော်အားဖြင့် အမိကျေးဇူးကို အောက်မေ့၍ ငါတို့အမိသည် အဘယ်မှာနည်းဟု ရွာတွင်း၌ လူတို့ကိုမေး၍ သုသာန်သို့ သွား၏ဟူသော စကားကိုကြား၍ မိခင် မိခင် ဟု ခေါ်၍ သုသန်ခရီးသို့သွား၍ အမိကို မြင်၍ ခြေရင်း၌ဝပ်၍ မိခင် သင်သည် ငါတို့၏ အပြစ်ကို သည်းခံပါလော့ဟု ကန်တော့ကုန်၏။ အမိသည်လည်း မြေးကို ချီ၏။ ဤသို့ ထိုသူတို့သည် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကုန်၍ အိမ်သို့သွား၍ ထိုအခါမှစ၍ ညီညွတ်စွာ နေခြင်းကို နေကုန်၏။

သဗ္ဗညူမြတ်စွာဘုရားသည် အတိတ်ကို ဆောင်တော်မူ၍ ဘုရားဖြစ်တော်မူပြီး၍-

။ သာ ကာတိယာနိ သုဏိသာယ သဒ္ဓိံ၊
သမ္မောဒမာနာ ဃရမာဝသိတ္ထ။
ပုတ္တော စ နတ္တာစ ဥပဋ္ဌဟိံသု၊
ဒေဝါနမိန္ဒေန အဓိဂ္ဂဟိတာ။

ဟူ၍ ဟောတော်မူ၏။

၉။ ဘိက္ခဝေ၊ ရဟန်းတို့။ သာ ကာတိယာနိ၊ ထိုကစ္စည်းအနွယ်ဖြစ်သော မိန်းမသည် သုတိသာယ၊ ချွေးမနှင့်။ သဒ္ဓိံ၊ တကွ။ သမ္မောဒမာနာ၊ ဝမ်းမြောက်ကုန်သည်ဖြစ်၍။ ဃရံ၊ အိမ်၌။ အာဝသိတ္ထ၊ နေ၏။ ဒေဝါနမိန္ဒေန၊ သိကြားမင်းသည်။ အဓိဂ္ဂဟိတာ၊ ချီးမြှောက်အပ်သည်ဖြစ်၍။ ပုတ္တော စ၊ သားသည်လည်းကောင်း။ နတ္တာ စ၊ မြေးသည်လည်းကောင်း။ တေ ဥဘော၊ ထိုနှစ်ယောက်ကုန်သော သူတို့သည်။ ဥပဋ္ဌဟိံသု၊ လုပ်ကျွေးကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ ထိုသီတင်းသည်သည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ အမိကို လုပ်ကျွေးသော သီတင်းသည်သည် ထိုအခါ အမိကို လုပ်ကျွေးသောသူ ဖြစ်ဖူးပြီ၊ ယခုအခါ သီတင်းသည်၏ မယားသည် ထိုအခါ အမိကို လုပ်ကျွေးသောသူ၏ မယားဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ သိကြားမင်း ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကျေးဇူးသိငြား၊ သမီးသား၊ ကြီးပွားချမ်းသာရာ

ရှေးဦးစွာသော ကစ္စာနီ ဇာတ်သည် ပြီး၏။

*****