Page:မဟာဂီတပေါင်းချုပ်ကြီး.pdf/22

From Wikisource
Jump to navigation Jump to search
This page has been proofread.
ဦးပြုံးချို၏ အတ္ထုပ္ပတ္တိစာတမ်း


သူတောင်းစားများစွဲကိုင်သောခွက်သို့ ဟင်း, ထမင်း, ငပိရည်မရွေး အားလုံး စုပေါင်းခံယူသကဲ့သို့ ဦးပြုံးချိုသည် ပညာရှာရာ၌ အယုတ် အလတ် အမြတ် မရွေးဘဲ ရှာဖွေဆည်းပူးခဲ့သည်။

ကမ်းနားတွင် ငသလောက်ပိုက်ထိုးနေသော ခေါ်တောကုလား အနီးသို့ကပ်၍ ငွေတကျပ်ပေးပြီးလျှင် ငါးဖမ်းသော ပိုက်ကွန်ထိုးတတ်အောင် သင်ယူလေသည်၊ ယုတ်စွာအဆုံး နိုင်ငံတော်အစိုးရက ခွင့်မပြုသော ငွေဒင်္ဂါးအတု သွန်းလုပ်သောပညာကိုပင် ရအောင်သင်ယူခဲ့၍ ကျိုက်လတ်သို့ ရောက်ရှိလာသော မြို့ပိုင်တဦးအား လုပ်ပြရာ မြို့ပိုင်မှာ လက်ဖျားခါ၍ မျက်လုံးပြူးသွားရဘူးလေသည်၊ ထိုအကြောင်းကို ဖျာပုံအရေးပိုင် ကျက်သရေဆောင် ရွှေစလွယ်ရမင်း ဦးငွေကိုင် ကြားသိသောအခါအိမ်သို့ခေါ်၍ “ငါ့ညီ ဥပဒေနဲ့မကင်းတဲ့အလုပ်များ မလုပ်ပါနဲ့”ဟု ဆုံးမရာ ပညာအဖြစ်သာ သင်ယူထားပါသည် တသက်ပန် မလုပ်ပါဟု ကတိ ပြုခဲ့ဘူးလေသည်၊ ဦးပြုံးချိုသည် ပညာရှာရာ၌ ထိုမျှစုံလှလေသည်။

ထိုမျှ စုံလှသောကြောင့်လည်း တခါက သေမတတ် ဖြစ်ဘူးခဲ့လေပြီ၊ ဦးပြုံးချိုသည် မီးကျည်မီးပန်း, ဗျောက်အိုး , ပေထုပ်စသော လုပ်ငန်းတို့ကို အထူးတတ်ကျွမ်းလှလေရာ တောရွာဘုန်းကြီးပြန် ပွဲတော်များအတွက် လုပ်ကိုင်၍ ပေးတတ်လေသည်၊ ၁၉၁၅-ခုနှစ်ပထမကမ္ဘာစစ်ကြီးဖြစ်ပွားနေစဉ် ဘုန်းကြီးပြန်များ၌အသုံးပြုသော ပေထုပ်ပြုလုပ်ရန် ပေါ်တက်ဆေးမှုန့်မှာ အစိုးရစစ်ဖက်လိုင်စင်ထုတ်ပေးသူများသာ ဝယ်ယူနိုင်ကြသဖြင့် လူတိုင်းမရှိပေ၊ ထိုစဉ်၌ ဖျာပုံအပိုင် သမိတ်ထောရာ၌ ဘုန်းကြီးပြန် ပွဲတော်ကြီးဖြစ်လေရာ ပေထုပ်အတွက် ဒုက္ခတွေ့ကြရလေသည်။

ဦးပြုံးချိုသည် ထိုစဉ်အခါက ဆေးဆရာအဖြစ် ဆေးကုသသော အလုပ်ကိုလည်း တဖက်က လုပ်ကိုင်နေလေရာ ဆေးဖေါ်ရန် ပေါ်တက်များ ဝယ်ပြီးရှိလေသဖြင့် ပေထုပ်တထုပ်လျှင် ငါးကျပ်နှုန်းဖြင့် လုပ်ကိုင်ပေးလေသည်၊ ဤသို့လုပ်ကိုင်ပေးနေစဉ် တနေ့သောအခါ ကျောက်ပျဉ်တွင် တပုံစီတင်ထားသော ယမ်း, ဆေးဒန်း, ကန်, ပေါ်တက်စသော ဆေးမှုန့်များကို နှီးကြောဖြင့် မေ့လျော့၍ ခြစ်မိရာ ကြီးစွာသောအသံဖြင့် ပေါက်ကွဲပြီးလျှင် လူတကိုယ်လုံး မီးလောင်ခံလိုက်ရဘူးလေသည်။ သို့ကြောင့် ဦးပြုံးချိုက ဘိုကလေးမြို့တွင် ရှိသော အမိန့်တော်ရရှေ့နေ ဦးဘဦးနှင့် မိတ်သင်္ဂဟများဖြစ်ကြသော တရုပ်သဌေးများနှင့် မြို့ပိုင်ဦးဘ သို့ ပေးပို့သော မေတ္တာစာတပုဒ်တွင်………“ကြောက်ချင် စရာအတတ် အသဲးထိတ်စရာမကြာ၊ ငရဲနိမိတ်ပြတာ မီးအလျှံထပြီး၊ အနီးမှန်သမျှ အပြေးလောင်၊ ခလေးနှစ်ကောင်မလဲ ပက်လက်လဲ၊ အမွေးအတောင်လဲ