Page:မဟာဂီတပေါင်းချုပ်ကြီး.pdf/20

From Wikisource
Jump to navigation Jump to search
This page has not been proofread.
ဦးပြုံးချို၏ အတ္ထုပ္ပတ္တိစာတမ်း

မြန်မာသကရာဇ် ၁၁၉၈-ခုနှစ်မတိုင်မီ ဖြစ်ပွားခဲ့သော သာယာဝတီမင်း အရေးတော်ပုံကြောင့် မြို့စားရွာစား မင်းညီ မင်း သားများ ဘေးသင့်၍ ဂယောက်ဂယက်ဖြစ်နေစဉ် ဦးပြုံးချို၏ ဘိုးဘေးများမှာ စုမိသမျှသော ဆွေမျိုးအခြံရံများနှင့် ဧရာဝတီမြစ်ကြောင်းအတိုင်း လှေကြီးများစွာဖြင့် စုန်ဆင်းလာပြီးလျှင် ယခုအခါ ပန်းတနော်မြို့ တည်ရှိသော မြေနေရာတွင် ရွာတရွာတည်ထောင်၍ အေးချမ်းစွာ ရုပ်ဖျောက်နေထိုင်လာခဲ့သော မျိုးရိုးမှ ဦးပြုံးချိုမှာ ဆင်းသက် ပေါ်ပေါက်ခဲ့လေသည်။

ဦးပြုံးချိုသည် ဂီတဖက်တွင် ပါရမီ ရင့်သန်သည့် အလျောက် ဆယ့်တနှစ်သားကပင် စာရေးဆရာ ဖြစ်ခဲ့လေသည်၊ ၁၆ - နှစ်သားပြည့်မြောက်သောအခါ စောင်းပညာကို မင်းပွဲသဘင်တွင် ထင်ပေါ်လောက်အောင် တတ်မြောက်ခဲ့လေပြီ၊ မြန်မာသကရာဇ် ၁၂၅၁ - ခုနှစ်လောက်တွင် မေးရိုက်မေးဝဲ သီချင်းသံများ အလွန်ခေတ်စားခဲ့၍ ဦးပြုံးချိုမှာ ဆယ့်တနှစ်သားမျှသာ ရှိသေးသော်လည်း ထိုမေးရိုက်မေးဝဲ သီချင်းရေးရာတွင် လူတိုင်းလက်ဖျားခါရသော စာရေးဆရာကလေး တဦးပင် ဖြစ်ခဲ့လေသည်။

ဦးပြုံးချို ရေးသမျှသီချင်းများမှာ အပိုလုံး သိပ်မပါလှ၊ စကားလုံးတိုင်း အဓိပ္ပာယ်များ ပြည့်ဝနေသည့်ပြင် အထိအမိ အငြိ၌ ဦးပြုံးချို၏ သီချင်းများကို အခြားစာရေးဆရာကြီးများ လိုက်၍မမှီခဲ့ပေ။

ဦးပြုံးချိုသည် ဘွင်းဘွင်းနှင့်ရှင်းရှင်း ပြောဆိုနေထိုင်တတ်သည့် အပြင် စိတ်လည်းအတော်တိုလေသည်။ မခံချင်တတ်သော စိတ်မှာလည်း အတော်ပြင်းထန်သဖြင့် ထိုကဲ့သို့ ထူးချွန်ပေါက်မြောက်သော ပညာရှိတယောက် ဖြစ်လာရသည်ဟု တဖက်က ကျွန်ုပ်တို့ယူဆမိပေသည်။ သို့သော် ပညာပါရမီ ရင့်ကျက်သူ တဦးဖြစ်သည်ကိုလည်း ကျွန်ုပ်တို့ မငြင်းနိုင်ပေ။

ကျိုက်လတ် ဖျာပုံနယ်သို့ မြန်မာပြည်အရပ်ရပ်မှ စာရေးဆရာနှင့် သဘင်ပညာသည်များ ရောက်ရှိလာတိုင်း ပြုံးချိုကလေးနှင့် ပညာပြိုင်ဆိုင် တိုက်ခိုက်ကြရသည်က များလေသည်။

ကျိုက်လတ်နယ် ဖျာပုံနယ်ရှိ သဘင်ပညာသည်များ, ကာလသားကြီးများကမူ ပြုံးချိုကို မတိုက်ရဲကြတော့ပေ၊ ပြုံးချိုကလေး သည် ကြာသပတေးသား ဖြစ်သော်လည်း စိတ်အလွန်တိုကြောင်း အခြားသဘင်ပညာသည် ကာလသားကြီးများက သိထားကြသဖြင့် သူ့နိုင်ပေါက်ကိုဖေါ်၍ စာပြောင်ပြီး စာချိုးကြသည်မှာ-