ဥရဂဇာတ် -၁

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၁၅၄။ ဥရဂဇာတ် (၂-၁-၄)


ဒုကနိပါတ်-ဒဠှဝဂ်

၄။ ဥရဂဇာတ်

ရသေ့, နဂါး, ဂဠုန်

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဣဓူရဂါနံ ပဝရော ပဝိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ ဥရဂဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် စစ်သူကြီး နှစ်ယောက်တို့၏ ခိုက်ရန် ဖြစ်ခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ကောသလမင်း၏ ခြေရင်း၌ မှီဝဲခစားကုန်သော စစ်သူကြီးဖြစ်ကုန်သော အမတ်ကြီးနှစ်ယောက်တို့သည် အချင်းချင်းတွေ့မြင်ကြရာအရပ်၌ ငြင်းခုံခြင်းကို ပြုကုန်သတတ်၊ ထိုအမတ်ကြီးနှစ်ယောက်တို့၏ ရန်ဘက်၏အဖြစ်သည် မြို့အလုံး၌ထင်ရှားသည် ဖြစ်၏။ ထိုအမတ်ကြီးနှစ်ယောက်တို့ကို ကောသလမင်းသည်၎င်း အဆွေအမျိုးမိတ်ခင်ပွန်းတို့သည်၎င်း၊ ညီညွတ်သင့်တင့်သည်တို့ကို ပြုအံ့သောငှါ မစွမ်းနိုင်ကုန်သလျှင်ကတည်း၊ ထိုအခါ တနေ့သ၌ သဗ္ဗညူ မြတ်စွာဘုရားသည် မိုးသောက်ထအခါ၌ ကျွတ်ထိုက်ကုန်သော အဆွေ အမျိုးတို့ကို ကြည့်တော်မူသည်ရှိသော် ထိုစစ်သူကြီးနှစ်ယောက်တို့၏ သောတာပတ္တိမဂ်၏ အကြောင်းဥပနိဿယဖြစ်သော ကုသိုလ်ကံကို မြင်တော်မူ၍ မိုးသောက်သောနေ့၌ ကိုယ်တော်တပါးတည်းသာလျှင် သာဝတ္ထိမြို့သို့ ဆွမ်းအလို့ငှာဝင်တော်မူ၍ ထိုနှစ်ယောက်သောစစ်သူကြီးတို့တွင် တယောက်သော စစ်သူကြီး၏အိမ်တံခါး၌ ရပ်တော်မူ၍ ထိုစစ်သူကြီးသည်ထွက်၍ သပိတ်တော်ကိုယူပြီးလျှင် မြတ်စွာဘုရားကို အိမ်တွင်းသို့ပင့်၍ နေရာကိုခင်း၍ နေတော်မူစေ၏။ မြတ်စွာဘုရားသည် နေတော်မူ၍ ထိုစစ်သူကြီးအား မေတ္တာဘာဝနာ၏အကျိုးကို ဟောတော်မူ၍ ခံ့သောစိတ်ရှိသည်၏အဖြစ်ကို သိတော်မူလျှင် သစ္စာတို့ကို ပြတော်မူ၏။ ထိုစစ်သူကြီးသည် သစ္စာကို ပြတော်မူသည်၏အဆုံး၌ သောတာပတ္တိဖိုလ်၌ တည်၏။

မြတ်စွာဘုရားသည် ထိုစစ်သူကြီး၏ သောတာပန်ဖြစ်ပြီးသည်၏ အဖြစ်ကို သိတော်မူ၍ ထိုစစ်သူကြီးကိုသာလျှင် သပိတ်တော်ကိုယူစေ၍ ထပြီးလျှင် တယောက်သော စစ်သူကြီး၏အိမ်တံခါးသို့ ကြွတော်မူ၍ ထိုစစ်သူကြီးသည်လည်းထွက်၍ မြတ်စွာဘုရားကိုရှိခိုးလျက် အရှင်ဘုရားတို့ ဝင်တော်မူလော့ဟုလျှောက်၍ အိမ်တွင်းသို့ဝင်၍ နေတော်မူစေ၏။ တယောက်သောစစ်သူကြီးသည်လည်း သပိတ်ကိုယူ၍ မြတ်စွာဘုရားနှင့် တကွသာလျင် ဝင်၏။ မြတ်စွာဘုရားသည် ထိုစစ်သူကြီးအား တဆယ့်တပါးကုန်သော မေတ္တာ၏အကျိုးအာနိသင်တို့ကို ဟောတော်မူ၍ ခံ့သောစိတ်ရှိသည်၏အဖြစ်ကို သိတော်မူလျှင် သစ္စာတို့ကို ပြတော်မူ၏။ သစ္စာကို ပြတော်မူသည်၏အဆုံး၌ ထိုစစ်သူကြီးသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဤသို့လျှင် ထိုနှစ်ယောက်ကုန်သော စစ်သူကြီးတို့သည်လည်း သောတာပန်တို့ချည်း ဖြစ်ကုန်၍ အချင်းချင်း အပြစ်ကိုဖြေကုန်၍ ကန်တော့ကြကုန်၍ ညီညွတ်ကြကုန်သည် ဝမ်းမြောက်ကြကုန်သည် ဆန္ဒတူကြကုန်သည် ဖြစ်ကုန်၏။ ထိုနေ့၌သာလျှင် မြတ်စွာဘုရား၏ ရှေ့တော်မှောက်၌ အတူတကွ စားကြကုန်၏။ သဗ္ဗညူမြတ်စွာဘုရားသည် ဆွမ်းဘုဉ်းပေးခြင်းကိစ္စကိုပြီးစေ၍ ကျောင်းတော်သို့ ကြွတော်မူ၏။ ထိုနှစ်ယောက်ကုန်သော စစ်သူကြီးတို့သည်လည်း များစွာကုန်သော ပန်း နံ့သာ, နံ့သာပျောင်းတို့ကို၎င်း၊ ထောပတ် ပျား တင်လဲ အစရှိသည်တို့ကို၎င်း ယူကုန်၍ မြတ်စွာဘုရားနှင့်တကွသာလျှင် ထွက်ကုန်၏။ မြတ်စွာဘုရားအား ရဟန်းအပေါင်းသည် ဝတ်ကိုပြုသည်ရှိသော် ဘုရားရှင်တို့၏ အဆုံးအမကို ပေးတော်မူ၍ ဂန္ဓကုဋီသို့ ဝင်တော်မူ၏။

ရဟန်းတို့သည် ညချမ်းအခါ တရားသဘင်၌ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးစကားကို ဖြစ်စေကုန်၏။ အဘယ်သို့ ဖြစ်စေကုန်သနည်းဟူမူကား ငါ့သျှင်တို့ မြတ်စွာဘုရားသည် မယဉ်ကျေးသေးသောသူတို့ကို ယဉ်ကျေးအောင်ဆုံးမတော်မူတတ်သည်သာလျှင်တည်း၊ အမတ်ကြီးနှစ်ယောက်တို့ကို ရှည်မြင့်စွာနေကြကုန်သော်လည်း ကောသလမင်းသည် ညီညွတ်သည်တို့ကို ပြုအံ့သောငှါ မတတ်နိုင်သည်သာလျှင်တည်း၊ အဆွေအမျိုး မိတ်ခင်ပွန်းအစရှိသောသူတို့သည်လည်း မတတ်နိုင်ကြကုန်သလျှင်ကတည်း၊ နှစ်ယောက်ကုန်သောစစ်သူကြီးတို့ကို တနေ့ခြင်းသာလျှင် မြတ်စွာဘုရားသည် ဆုံးမတော်မူအပ်၏ဟု မြတ်စွာဘုရား၏ ကျေးဇူးစကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် ကြွတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဘုန်းတော်ကြီးသော အရှင်ဘုရား ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ငါဘုရားသည် ဤနှစ်ယောက်ကုန်သောသူတို့ကို ညီညွတ်သင့်တင့်သည်တို့ကို ပြုတော်မူသည် မဟုတ်သေး၊ ရှေး၌လည်း ထိုနှစ်ယောက်ကုန်သောသူတို့ကို ငါသည် ညီညွတ်သင့်တင့်ကုန်သည်တို့ကို ပြုအပ်ကုန်သည် သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသတတ်၊ ထိုအခါ ဗာရာဏသီပြည်၌ ပွဲလမ်းသဘင်ကို ကြွေးကြော်သည်ရှိသော် ကြီးစွာသေ ပွဲလမ်းသဘင်သည် ဖြစ်၏။ များစွာကုန်သော လူတို့သည်၎င်း၊ နတ် နဂါး ဂဠုန်အစရှိသည်တို့သည်၎င်း၊ ပွဲသဘင်ကြည့်အံ့သောငှါ စည်းဝေးရောက်လာကြကုန်၏။ ထိုပွဲသဘင်ဝယ် တခုသောအရပ်၌ တခုသောနဂါးသည်၎င်း၊ တခုသောဂဠုန်သည်၎င်း၊ သဘင်ကိုကြည့်ကုန်လျက် အတူတကွ ရပ်ကြကုန်၏။ နဂါးသည် ဂဠုန်၏အဖြစ်ကို မသိသည်ဖြစ်၍ ဂဠုန်၏ပခုံး၌ လက်ကိုတင်၏။ ဂဠုန်သည် ငါ၏ပခုံး၌ ဘယ်သူလက်တင်သနည်းဟု ပြန်ကြည့်လတ်သော် နဂါးမှန်းသိ၏။ နဂါးသည်လည်းကြည့်လတ်သည်ရှိသော် ဂဠုန်၏အဖြစ်ကိုသိ၍ သေခြင်းမှအလွန်ကြောက်ရကား မြို့မှထွက်၍ မြစ်ဆိပ်သို့ပြေးလေ၏။ ဂဠုန်သည်လည်း ထိုနဂါးကိုဖမ်းအံ့ဟု လိုက်၏။ ထိုအခါ၌ ဘုရားလောင်းသည် ရသေ့ဖြစ်၍ ထိုမြစ်၏ကမ်းနားဝယ် သစ်ရွက်မိုးသောသင်္ခမ်း၌နေလျှက် နေပူခြင်းကိုငြိမ်းစိမ့်သောငှါ ရေသနုပ်ကိုဝတ်၍ လျှော်တေသင်္ကန်းကို ထားပြီးလျှင် မြစ်သို့သက်၍ ရေချိုး၏။ နဂါးသည် ဤရဟန်းကိုမှီ၍ အသက်ကိုရပါအံ့ဟု ပကတိအသွင်ကိုစွန့်ပြီးလျှင် ပတ္တမြားတုံးအသွင်ကိုဘန်ဆင်း၍ လျှော်တေသင်္ကန်းကြားသို့ ဝင်၏။ ဂဠုန်သည် လိုက်လာသည်ရှိသော် ထိုနဂါးကို မျှော်တေသင်္ကန်းကြားသို့ ဝင်သည်ကိုမြင်၍ လျှော်တေသင်္ကန်းအား ရိုသေလေးမြတ်သည်၏အဖြစ်ကြောင့် မယူမူ၍ ဘုရားလောင်းကို ခေါ်ပြီးလျှင် အရှင်ဘုရား အကျွန်ုပ်သည် မွတ်၏။ အရှင်ဘုရားတို့၏ သင်္ကန်းတော်ကို ယူကုန်လော့၊ ဤနဂါးကို စားအံ့၊ ဤသို့သောအနက်ကို ပြအံ့သောငှါ-

။ ဣဓူရဂါနံ ပဝရော ပဝိဋ္ဌော၊
သေလဿ ဝဏ္ဏေန ပမောက္ခမိစ္ဆံ။
ဗြဟ္မဉ္စ ဝဏ္ဏံ အပစာယမာနော၊
ဗုဘုက္ခိတော နော ဝိတရာမိ ဘောတ္တုံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၇။ ဘော ပဗ္ဗဇိတ၊ အို ရှင်ရဟန်း။ ဥရဂါနံ၊ နဂါးတို့၏။ ပဝရော၊ အထွတ်အမြတ်ဖြစ်သော နဂါးမင်းသည်။ ပမောက်ခံ၊ ငါမှလွတ်ခြင်းကို။ ဣစ္ဆံ၊ အလိုရှိသည်ဖြစ်၍။ သေလဿ၊ ပတ္တမြားတုံး၏။ ဝဏ္ဏေန၊ အသွင်ဖြင့်။ ဣဓ၊ ဤအရှင်ဘုရား၏ သင်္ကန်းတော်သို့။ ပဝိဋ္ဌော၊ ဝင်၏။ အဟံ၊ အကျန်ုပ်သည်။ တုမှာကံ၊ အရှင်ဘုရားတို့၏။ ဗြဟ္မဉ္စ၊ မြတ်သည်လည်းဖြစ်သော။ ဝဏ္ဏံ၊ လျှော်တေသင်္ကန်းတော် အသွင်ကို။ အပစာယမာနော၊ အလေးဂရုပြုသည်ဖြစ်၍။ ဗုဘုက္ခိတော၊ အလွန်စားလိုလျှက်လည်း။ ဧတံ နာဂံ၊ ထိုနဂါးကို။ ဘောတ္တုံ၊ စားခြင်းငှာ။ နော ဝိတရာမိ၊ မဝံ့။

ဤသို့ဆိုသည်ရှိသော် ဘုရားအလောင်းသည် ရေ၌တည်လျက် သာလျှင် ဂဠုန်မင်းအား ချီးမွမ်းခြင်းကို ပြုလိုရကား-

။ သော ဗြဟ္မဂုတ္တော စိရမေဝဇီဝ၊
ဒိဗျာ စ တေ ပါတုဘန္တု ဘက္ခာ။
ယော ဗြဟ္မဝဏ္ဏံ အပစာယမာနော၊
ဗုဘုက္ခိတော နော ဝိတရာသိ ဘောတ္တုံ။

ဟူသော နှစ်ခုဟို၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကိုဆို၏။

၈။ သုပဏ္ဏရာဇ၊ ဂဠုန်ငှက်မင်း။ ယော တွံ၊ အကြင်သင်သည်။ ဗြဟ္မဝဏ္ဏံ၊ မြတ်သော လျှော်တေသင်္ကန်းတော်အသွင်ကို။ အပစာယမာနော၊ အလေးဂရုပြုသည်ဖြစ်၍။ ဗုဘုက္ခိတော၊ အလွန်စားလိုလျှက်လည်း။ ဧတံ နာဂံ၊ ထိုနဂါးကို။ ဘောတ္တုံ၊ စားခြင်းငှါ။ နော ဝိတရာသိ၊ မဝံ့။ သော တွံ၊ ထိုသင်သည်။ ဗြဟ္မဂုတ္တော၊ မြတ်သောလျှော်တေသင်္ကန်းကို စောင့်ရှောက် သည်ဖြစ်၍။ စိရမေဝ၊ အခါမြင့်သာလျှင်။ ဇီဝ၊ အသက်ရှည်စေသော။ တေ၊ သင်အား။ ဒိဗျာ စ ဘက္ခာ၊ နတ်၌ သာလျှင်ဖြစ်ကုန်သော အာဟာရတို့သည်။ ပါတုဘဝန္တု၊ ထင်ရှားဖြစ်စေကုန်သတည်း။

ဤသို့ ဘုရားလောင်းသည် ရေ၌သာလျှင် အနုမောဒနာပြ၍ ရေမှတက်၍ လျှော်တေသင်္ကန်းကိုဝတ်၍ ထိုနဂါး ဂဠုန် နှစ်ပါးစုံတို့ကိုလည်း ခေါ်၍ ကျောင်းသို့သွားပြီးလျှင် မေတ္တာဘာဝနာ၏အကျိုးကို ဟောတော်မူ၍ နဂါးဂဠုန်နှစ်ပါးစုံတို့ကိုလည်း ညီညွတ်သင့်တင့်သည်တို့ကို ပြုတော်မူ၏။ ထိုနဂါးဂဠုန် နှစ်ပါးစုံတို့သည် ထိုအခါမှစ၍ ညီညွတ်ကုန်သည်ဖြစ်၍ ဝမ်းမြောက်ဝမ်းသာကြကုန်သည်ဖြစ်၍ ချမ်းသာစွာနေခြင်းဖြင့် နေကြကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ နှစ်ယောက်ကုန်သော ဤအမတ်ကြီးတို့သည် ထိုအခါနဂါးသည်၎င်း ဂဠုန်သည်၎င်း ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

မေတ္တာ သက်ဝင်၊ ပြစ်ချက်စင်၊ ခင်မင် ပေါင်းသင်းပြု

လေးခုတို့၏ပြည့်ကြောင်းဖြစ်သော ဥရဂဇာတ်သည် ပြီး၏။

*****