သူကရဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၁၅၃။ သူကရဇာတ် (၂-၁-၃)


ဒုကနိပါတ်-ဒဠှဝဂ်

၃။ သူကရဇာတ်

ဝက် နှင့် ခြင်္သေ့

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် စတုပ္ပဒေါ အဟံ သမ္မ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤသူကရဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မထေရ်အိုတပါးကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ တနေ့သ၌ ညဉ့်အခါ တရားနာခြင်းသည် ဖြစ်လတ်သည်ရှိသော် သဗ္ဗညူမြတ်စွာဘုရားသည် ဂန္ဓကုဋိတံခါးဝယ် မွေ့လျော်ဘွယ်ရှိသော စောင်းတန်းပျဉ်၌ရပ်တော်မူ၍ ရဟန်းအပေါင်းအား ဘုရာတို့၏အဆုံးအမကို ပေးတော်မူ၍ ဂန္ဓကုဋိသို့ဝင်တော်မူသည်ရှိသော် ပညာကြောင့် ဘုရားပရိသတ်၏အကြီးဖြစ်တော်မူသော အရှင်သာရိပုတ္တရာမထေရ်သည် မြတ်စွာဘုရားကိုရှိခိုး၍ မိမိပရိဝုဏ်သို့ ကြွတော်မူ၏။ မောဂ္ဂလာန် မထေရ်မြတ်သည်လည်း ပရိဝုဏ်သို့ကြွတော်မူ၍ အပင်အပန်းဖြေတော်မူပြီးလျှင် အရှင်သာရိပုတ္တရာမထေရ်၏အထံသို့ လာလတ်၍ ပြဿနာကို မေး၏။ မေးတိုင်းမေးတိုင်းသော ပြဿနာကို ဓမ္မသေနာပတိ ဖြစ်တော်မူသော အရှင်သာရိပုတ္တရာမထေရ်မြတ်သည် ကောင်းကင်ပြင်၌ လကိုပေါ်စေဘိသကဲ့သို့ ဖြေ၍ ထင်ရှားသည်ကို ပြုတော်မူ၏။ ပရိသတ် လေးပါးတို့သည် တရားတော်ကိုနာကုန်လျှက် နေကြကုန်၏။ ထိုလေးပါးကုန်သော ပရိသတ်တို့တွင် မထေရ်အိုတပါးသည် ငါသည် တရားနာပရိသတ်တို့၏အလယ်၌ သာရိပုတ္တရာကိုနှောက်နှယ်လျှက် ပြသနာကိုအကယ်၍ မေးအံ့၊ ဤသို့ မေးသည်ရှိသော် ဤပရိသတ်သည် ဤရဟန်းအိုကား အကြားအမြင်များသော ရဟန်းပေတည်းဟုသိလျှင် ကောင်းစွာ စီရင်၍ လှူဒါန်းခြင်း မြတ်နိုးတနာပြုခြင်းကိုပြုလတ္တံ့ ဟုကြံ၏။ ကြံပြီးလျှင်...

ပရိသတ်တို့၏ အကြားမှထ၍ မထေရ်သို့ကပ်၍ လျောက်ပတ်စွာ ရပ်လျက်ဆို၏။ အဘယ်သို့ ဆိုသနည်းဟူမူကား ငါ့သျှင်သာရိပုတ္တရာ ငါတို့သည်လည်း အရှင်ကို တခုသော ပြဿနာကို မေးကုန်အံ့၊ ငါတို့အားလည်း အခွင့်ကိုပြုလော့၊ ရှေးရှုခြင်း၌၎င်း အကြွင်းမဲ့ဖြေခြင်း၌၎င်း နှိပ်ခြင်း၌၎င်း ချီးမြှောက်ခြင်း၌၎င်း အထူးပြုခြင်း၌၎င်း တဖန် အထူးပြုခြင်း၌၎င်း အဆုံးအဖြတ်ကို ငါ့အား ပေးလော့ဟု ဆို၏။ သာရိပုတ္တရာ မထေရ်မြတ်သည် ထိုရဟန်းအိုကို ကြည့်တော်မူ၍ ဤရဟန်းအိုသည် လောဘနိုင်ငံသို့လိုက်၍ ကျင့်ခြင်း၌ တည်၏။ အချည်းနှီးသာတကား၊ တစုံတခုကိုမျှ မသိဟု ထိုရဟန်းနှင့်တကွ မပြောဆိုမူ၍သာလျှင် ရှက်စနိုး၍ ယပ်ကိုချပြီးလျှင် နေရာမှသက်၍ ပရိဝုဏ်သို့ ဝင်တော်မူ၏။ မောဂ္ဂလာန်မထေရ်သည်လည်း မိမိ၏ပရိဝုဏ်သို့သာလျှင် ကြွတော်မူလေ၏။ လူတို့သည် ထလတ်ကုန်၍ ဤရဟန်းအိုသည် ငါတို့အား သာယာစွာသောတရားကို နာစိမ့်သောငှာ နာခြင်းကို မပေး၊ ထိုအချည်းနှီးသော ရဟန်းအိုကို ဖမ်းကြကုန်ဟု လိုက်ကြကုန်၏။ ထိုရဟန်းအိုသည် ပြေးလေသည်ရှိသော် ကျောင်းစွန်၌ ပျက်သောပျဉ်ရှိသော ကျင်ကြီးတွင်းသို့ကျ၍ မစင်အလူးလူးလိမ်းကျံလျှက် တည်၏။ လူတို့သည် ထိုမစင်အလိမ်းလိမ်း ကပ်သော ရဟန်းအိုကိုမြင်ကုန်၍လျှင် နှလုံးမသာယာကုန်သည်ဖြစ်၍ မြတ်စွာဘုရား အထံတော်သို့ လာကြကုန်၏။

မြတ်စွာဘုရားသည် ဒါယကာတို့ကိုမြင်တော်မူ၍ ဒါယကာတို့ အခါမဲ့၌ အဘယ့်ကြောင့် လာကြကုန်သနည်းဟု မေးတော်မူ၏။ လူတို့သည် ထိုအကြောင်းကို ကြားလောက်ကုန်၏။ မြတ်စွာဘုရားသည် ဒါယကာတို့ ထိုရဟန်းအိုသည် ယခုအခါ၌သာလျှင် လျှပ်ပေါ်သည်ဖြစ်၍ မိမိ၏အစွမ်းကို မသိ၍ အစွမ်းကြီးကုန်သောလူတို့နှင့်တကွ ပြိုင်ဆိုင်၍ မစင်အလိမ်းလိမ်း ကပ်သည်ကား မဟုတ်သေး၊ ရှေး၌လည်း ထိုရဟန်းအိုသည် လျှပ်ပေါ် သည်ဖြစ်၍ မိမိ၏အစွမ်းကိုမသိလေ၍ အစွမ်းကြီးကုန်သောသူတို့နှင့်တကွ ပြိုင်ဆိုင်၍ မစင်အလိမ်းလိမ်းကပ်ဘူးလေပြီဟု မိန့်တော်မူ၍ ဆိတ်ဆိတ်နေတော်မူ၏။ ထိုဒါယကာတို့သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ခြင်္သေ့ဖြစ်၍ ဟိမဝန္တာအရပ် တောင်ဂူ၌ နေခြင်းကိုပြု၏။ ထိုဂူ၏အနီး၌ တခုသောအိုင်ကိုမှီကုန်၍ များစွာကုန်သော ဝက်တို့သည် နေကုန်၏။ ထိုအိုင်ကိုသာလျှင်မှီကုန်၍ ရသေ့တို့သည်လည်း သစ်ရွက်ဖြင့်မိုးသော သင်္ခမ်း၌ နေခြင်းကို ပြုကြကုန်၏။ ထိုအခါ တနေ့သ၌ ခြင်္သေ့သည် ကျွဲ ဆင် အစရှိသည်တို့တွင် တခုခုကိုသတ်၍ အလိုရှိတိုင်းအသားကိုစားပြီးလျှင် ထိုအိုင်သို့သက်၍ ရေကိုသောက်၍ တက်၏။ ထိုခဏ၌ လျှပ်ပေါ်သောဝက်တခုသည် ထိုအိုင်ကိုမှီ၍ အစာကိုယူ၏။ ခြင်္သေ့သည် ထိုဝက်ကိုမြင်လျှင် ယနေ့မှတပါးသော တနေ့သ၌ ဤဝက်ကိုစားအံ့၊ စင်စစ်သော်ကား ငါ့ကိုမြင်၍ ဤဝက်သည် တဖန်မလာရာဟု ကြံ၍ ထိုဝက်၏မလာအံ့သည်မှ စိုးသောကြောင့် ရေအိုင်မှတက်၍ နံပါးတဘက်ဖြင့်သွားအံ့သောငှါ အားထုတ်၏။ ဝက်သည် ကြည့်မျှော်၍ ဤခြင်္သေ့သည် ငါ့ကိုမြင်၍ ငါမှကြောက်သောကြောင့် အနီးသို့သွားအံ့သောငှာ မဝံ့ရကား ပြေး၏။ ယနေ့ ငါသည် ဤခြင်္သေ့နှင့်တကွ စစ်ထိုးအံ့သောငှါ သင့်၏ဟု ဦးခေါင်းကိုမော်၍ စစ်ထိုးအံ့သောငှာ ခေါ်လိုရကား-

။ စတုပ္ပဒေါ အဟံ သမ္မ၊ တွမ္ပိ သမ္မ စတုပ္ပဒေါ။
ဧဟိ သမ္မ နိဝတ္တဿု၊ ကိန္နု ဘီတော ပလာယသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၅။ သမ္မ၊ အချင်းခြင်္သေ့။ အဟံ၊ ငါသည်။ စတုပ္ပဒေါ၊ အခြေလေးချောင်းရှိသော သားတည်း။ သမ္မ၊ အချင်းခြင်္သေ့။ တွမ္ပိ၊ သင်သည်လည်း။ စတုပ္ပဒေါ၊ အခြေလေးချောင်းရှိသော သားတည်း။ သမ္မ၊ အချင်းခြင်္သေ့။ တွံ၊ သင်သည်။ ဘီတော၊ ငါမှကြောက်၍။ ပလာယသိ ကိန္နု၊ ပြေးသလော။ နိဝတ္တသု၊ ပြန်ခဲ့ဦးလော့။ ဧဟိ၊ လာဦးလော့။

ခြင်္သေ့သည် ထိုဝက်၏စကားကိုကြား၍ အချင်းဝက် ယနေ့ ငါတို့အား သင်နှင့်တကွ စစ်ထိုးခြင်းသည် မရှိသေး၊ ဤယနေ့မှကား ခုနစ်ရက်မြောက်သောနေ့၌ ဤအရပ်၌ သာလျှင် စစ်ထိုးခြင်းသည် ဖြစ်စေဟုဆို၍ ဖဲ၏။ ဝက်သည် ခြင်္သေ့နှင့်တကွ စစ်ထိုးရပေအံ့ဟု ရွှင်ရွှင်လန်းလန်း ထိုအကြောင်းကို အဆွေအမျိုးတို့အား ကြား၏။ ဆွေမျိုးတို့သည် ထိုဝက်၏စကားကို ကြားကုန်၍ အလွန်ကြောက်ကုန်ရကား ယခုအခါ၌ ဤဝက်သည် အလုံးစုံ ဖြစ်ကုန်သောငါတို့ကို ဖျက်ဆီးဘိ၏။ မိမိ၏အစွမ်းကိုမသိဘဲ ခြင်္သေ့နှင့်တကွ စစ်ထိုးခြင်းကို ပြုလိုဘိ၏။ ခြင်္သေ့သည် လာလတ်၍ အလုံးစုံလည်းဖြစ်ကုန်သောငါတို့ကို အသက်ကုန်ခြင်းသို့ရောက်စေလတ္တံ့၊ ရုန့်ရင်းကြမ်းတန်းသောအမှုကို မပြုလင့်ဟု ဆိုကြကုန်၏။ ထိုဝက်သည်လည်း အလွန်ကြောက်သည်ဖြစ်၍ ယခုအခါ၌ အသို့ပြုရပါအံ့နည်းဟု မေး၏။ ဝက်တို့သည် အချင်း သင်သည် ရသေ့တို့၏ ကျင်ကြီးစွန့်ရာမြေသို့သွား၍ ဟောင်ပုပ်သော မစင်၌ ခုနစ်ရက်တို့ပတ်လုံး ကိုယ်ကိုလူး၍ ခြောက်စေပြီးလျှင် ခုနစ်ရက်မြောက်သောနေ့၌ ကိုယ်ကိုဆီးနှင်းပေါက်တို့ဖြင့်ဆွတ်၍ ခြင်္သေ့၏မလာမီကလျှင် သွား၍ လေသင့်ရာ အရပ်ကိုသိ၍ လေညာ၌ ရပ်လော့၊ စင်ကြယ်သောသဘောရှိသော ခြင်္သေ့သည် သင်၏ဟောင်ပုပ်သော မစင်ဖြင့်ထုံအပ်သော ကိုယ်နံ့၏နံခြင်းကြောင့် သင့်အား အောင်ခြင်းကို ပေး၍ သွားလတံဟု ဆိုကုန်၏။ ထိုဝက်သည် ထိုအစီအရင်အတိုင်းပြု၍ ခုနစ်ရက်မြောက်သောနေ့၌ ထိုအရပ်၌ တည်၏။ ခြင်္သေ့သည် ထိုဝက်၏ ကိုယ်နံ့နံလာခြင်းကြောင့် မစင်လူးသည်၏အဖြစ်ကိုသိ၍ အချင်းဝက် သင်သည် အရေးကောင်းကို ကြံမိလေ၏။ သင်သည် အကယ်၍တည်း မစင်ပုပ်ကို မလူးအံ့၊ ဤအရပ်၌ပင်လျှင် သင်သည် အသက်ကုန်ခြင်းသို့ ရောက်လေရာ၏။ ယခုမူကား သင်၏ကိုယ်ကို နှုတ်သီးဖြင့်လည်း ကိုက်အံ့သောငှါ မတတ်ကောင်း၊ ခြေဖြင့်လည်း ကျောက်ကန်အံ့သောငှာ မတတ်ကောင်း၊ သင့်အား အောင်ခြင်းကို ငါပေး၏ဟုဆိုလိုရကား-

။ အသုစိ ပူတိလောမောသိ၊ ဒုဂ္ဂန္ဓော ဝါယိ သူကရ။
သစေ ယုဇ္စျိတုကာမောသိ၊ ဇယံ သမ္မ ဒဒါမိ တေ။

ဟူသော နှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ဤဂါထာကို ဆို၏။

၆။ သမ္မ သူကရ၊ အချင်း ဝက်ပုပ်။ တွံ၊ သင်သည်။ အသုစိပူတိလောမော၊ မစင်လူးခြင်းကြောင့် ပုပ်သောအမွေးရှိသည်။ အသိ၊ ဖြစ်၏။ ဒုဂ္ဂန္ဓော၊ အလိုမရှိအပ် စက်ဆုပ်ရွံရှာအပ်သော အနံ့ရှိသည်ဖြစ်၍။ ဝါယိ၊ ပုပ်နံ့နံ၏။ ယုဇ္ဈိတုကာမောသိ၊ အကယ်၍ စစ်ထိုးလိုသည်ဖြစ်အံ့။ တေ၊ သင်အား။ ဇယံ၊ အောင်ခြင်းကို။ ဒဒါမိ၊ ငါပေး၏။

ဤသို့ဆို၍ ခြင်္သေ့သည် ထိုအရပ်မှသာလျှင်ပြန်၍ အစာကိုယူ၍ အိုင်၌ရေကိုသောက်၍ တောင်ဂူသို့သာလျှင် သွား၏။ ဝက်သည်လည်း ခြင်္သေ့ကို ငါအောင်ပြီဟု ဆွေမျိုးတို့ကို ကြားလေ၏။ ထိုဆွေမျိုးတို့သည် တဖန် တနေ့သ၌ လာလတ်၍ ခြင်္သေ့သည် အလုံးစုံသာလျှင်ဖြစ်ကုန်သော ငါတို့ကို အသက်ကုန်ခြင်းသို့ ရောက်စေလတ္တံ့ဟု လွန်စွာကြောက်ကုန်ရကား ပြေးကုန်၍ တရပ်တပါးသို့ သွားကြကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ရဟန်းအိုသည် ထိုအခါဝက်ဖြစ်ဘူးပြီ၊ ယခုအခါငါဘုရားသည်သာလျှင် ထိုအခါ ခြင်္သေ့ဖြစ်ဘူးပြီဟု ဤသို့ဇာတ်ကို ပေါင်းတော်မူ၏။

ဂုဏ်ကိုလွန်မက်၊ ဂုဏ်မတက်၊ ဝက်နှင့်ခြင်္သေ့ရှု

သုံးခုတို့၏ပြည့်ကြောင်းဖြစ်သော သူကရဇာတ်သည် ပြီး၏။

*****