ဥဘတောဘဋ္ဌဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၁၃၉။ ဥဘတောဘဋ္ဌဇာတ်

ဧကကနိပါတ်-အသမ္ပဒါနဝဂ်

၉။ ဥဘတောဘဋ္ဌဇာတ်

နှစ်ပါးစုံသောအကျိုးမှ ရှုံးခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အက္ခီ ဘိန္နာ ပဋော နဋ္ဌော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဥဘတောဘဋ္ဌဇာတ်ကို ဝေဠုဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် ဒေဝဒတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုအခါ တရား သဘင်၌ ရဟန်းတို့သည် ငါ့သျှင်တို့ နှစ်ဘက်မှ ပြောင်ပြောင်တောက်သော အလယ်၌ မစင်အလိမ်းလိမ်းကပ်သော သုသာန်၌ စွန့်အပ်သောထင်းသည် တော၌လည်း ထင်းကိစ္စကို မပြီးစေနိုင်၊ ရွာ၌လည်း ထင်းကိစ္စကို မပြီးစေနိုင်၊ ထို အတူလျှင် ဒေဝဒတ်သည် ဤသို့သဘောရှိသော ဝဋ်ဆင်းရဲမှ ထွက်မြောက်စေတတ်သော သာသ နာ၌ ရဟန်းပြု၍ နှစ်ပါးစုံမှ ရှုံး၏။ နှစ်ပါးစုံမှ ယုတ်၏။ လူတို့၏ စည်းစိမ်မှလည်း ယုတ်၏။ ရဟန်းအကျိုးကိုလည်း မပြီးစေနိုင်၊ ဤသို့လျှင် စကားကိုဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်းဟု မေးတော်မူလတ်၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဒေဝဒတ်သည် နှစ်ပါးစုံမှ ရှုံးသည် မဟုတ်သေး၊ ရှေး၌လည်း နှစ်ပါးစုံမှ ရှုံးဘူးသလျှင်ကတည်းဟု မိန့်တော်မူ၍ အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာ ဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်း ပြုသည်ရှိသော် ဘုရားလောင်းသည် ရုက္ခဇိုဝ်းနတ်၏ အဖြစ်ဖြင့် ဖြစ်၏။ ထိုအခါ တခုသောရွာငယ်၌ တံငါတို့သည် နေကုန်၏။ ထိုအခါ တယောက်သော တံငါသည်သည် ငါးမျှားချိတ်ကိုယူ၍ သားငယ်နှင့်တကွ အကြင်ထုံးအိုင်၌ ပကတိအားဖြင့်လည်း တံငါတို့သည် ငါးတို့ကို ဖမ်းယူကြကုန်၏။ ထိုထုံးအိုင်သို့သွား၍ ငါးမျှား ချိတ်ကို ပစ်၏။ ငါးမျှားချိတ်သည် ရေဖုံးလွှမ်းသော တခုသော သစ်ငုတ်၌ ငြိ၏။ ထိုအခါ တံငါသည် ငါးမျှားချိတ်ကို ငင်အံ့သောငှါ မတတ်နိုင် သည်ဖြစ်၍ ဤငါးများချိတ်သည် ငါးကြီး၌ ငြိသည် ဖြစ်လတ္တံ့၊ သားငယ်ကို အမိအထံသိုစေ၍ အိမ်နီးချင်းတို့နှင့်တကွ ခိုက်ရန်ကိုဖြစ်စေအံ့၊ ဤသို့ ခိုက်ရန်ပြုသည်ရှိသော် တစုံတယောက်သော အိမ်နီးချင်းသည် ဤငါးမှအစုကို မတောင်းလတ္တံ့ဟု ကြံ၏။ ကြံပြီးသည်ရှိသော် အမောင် သွားချေ၊ ငါတို့သည် ငါးကြီးကို ရအပ်သည်၏ အဖြစ်ကို အမိအား ကြားချေလော၊ အိမ်နီးချင်းတို့နှင့်တကွ ခိုက်ရန်ကို ပြုလောဟု ဆိုချေလော့ဟု ဆို၏။

ထိုတံငါသည်သည် သားငယ်ကိုစေ၍ ငါးမျှား ချိတ်ကို ငင်အံ့သောငှါ မတတ်နိုင်သည်ဖြစ်၍ ကြိုးပြတ်အံ့သည်မှ ကြောက်သောကြောင့် အပေါ်ရုံပုဆိုးကို ကြည်း၌ထား၍ ရေသို့သက်၍ ငါး၌ တပ်မက်မောခြင်းကြောင့် ငါးကိုစမ်းသည်ရှိသော် သစ်ငုတ်တို့ဖြင့် ခတ်မိ၍ မျက်စိနှစ်လုံးတို့သည်လည်း ပေါက်ကုန်၏။ ထိုတံငါ၏ ကြည်း၌ ထားသော ပုဆိုးကိုလည်း ခိုးသူခိုး၏။ ထိုတံငါ သည်သည် ဝေဒနာသို့ရောက်သည်ဖြစ်၍ မျက်စိတို့ကို လက်ဖြင့်ဖုံးအုပ်လျက် မ, ၍ ရေမှတက်လာ၏။ တုန်လှုပ်လျက် ပုဆိုးကို ရှာ၏။ ထိုတံငါ၏ မယားသည်လည်း ခိုက်ရန်ကိုပြု၍ တစုံတယောက်သောသူ၏ ငါးအစုကို မတောင်းသည်၏ အဖြစ်ကို ပြုအံ့ဟု နားတဘက်၌ ထန်းရွက်နားဍောင်းကိုဝတ်၍ မျက်လုံးတဘက်၌ ထမင်းအိုးမင်ဖြင့်ကွက်၍ ခွေးငယ်ကိုရင်ဖြင့်ပိုက်၍ အိမ်နီး ချင်းအိမ်သို့ သွား၏။

ထိုအခါ ထိုတံငါ၏မယားကို တယောက်သော အဆွေခင်ပွန်းမသည် သင်၏နားတဘက် ၌လျှင် ထန်းရွက်နားဍောင်းကိုဝတ်၏။ မျက်လုံးတဘက်၌ ထမင်းအိုးမင်ဖြင့် ကွက်၏။ ချစ်လှစွာသော သားကိုကဲ့သို့ ခွေးငယ်ကိုရင်ဖြင့်ပိုက်၍ တအိမ်မှတအိမ်သို့ သွား၏။ သင်သည် ရူးသလောဟု ဆို၏။ ငါသည် မရူး၊ သင်သည်ကား ငါ့ကို အကြောင်းမရှိဘဲလျှက် ဆဲရေး၏။ ရေရွတ်၏။ ယခု သင့်ကိုရွာစားအထံသို့သွား၍ ရှစ်သပြာတို့ကို လျော်စေအံ့ဟု ဤသို့ ငြင်းခုံခြင်းကိုပြု၍ နှစ်ယောက်ကုန်သော မိန်းမတို့သည် ရွာစားအထံသို့ သွားကြကုန်၏။ ထိုမိန်းမတို့၏ ငြင်းခုံခြင်းကို စီစစ်သည်ရှိသော် ထိုတံငါမယား၏ အထက်၌သာလျှင် လျော်ဒဏ်သည် ကျ၏။ ထိုအခါ တံငါးမယားကိုနှောင်ဖွဲ့၍ ဒဏ်ကိုပေးလော့ဟု ပုတ် ခတ်အံ့ငှါ အားထုတ်ကုန်၏။ ရုက္ခဇိုဝ်းနတ်သည် ရွာ၌ ထိုတံငါမယား၏ ဤအကြောင်းကို၎င်း၊ တော၌ ထိုမိန်းမ၏လင်၏ ပျက်စီးခြင်းကို၎င်းမြင်၍ သစ်ခွကြား၌ ရပ်လျက် အို ယောက်ျား သင်၏အမှုသည် ရေ၌လည်း ပျက်စီး၏ ကြည်း ၌လည်း ပျက်စီး၏။ နှစ်ပါးစုံမှ ရှုံး၏ဟု ဆိုလို၍-

၁၃၉။ အက္ခီ ဘိန္နာ ပဋော နဋ္ဌော၊ သခီ ဂေဟေ စ ဘဏ္ဍနံ။
ဥဘတော ပဒုဋ္ဌာ ကမ္မန္တာ၊ ဥဒကမှိ ထလမှိ စ။

ဟူသော ဤဂါထာကို ဆို၏။

၁၃၉။ ဘော ပုရိသ၊ အိုယောကျ်ား။ တေ၊ သင်၏။ အက္ခီ၊ မျက်စိတို့သည်။ ဘိန္နာ၊ ပေါက်ကုန်၏။ ပဋော၊ ပုဆိုးသည်။ နဋ္ဌော၊ ပျောက်၏။ ဂေဟေ စ၊ အိမ်၌လည်း။ သခီ၊ မယားသည်။ ဘဏ္ဍနံ၊ ခိုက်ရန်ဖြစ်၏။ ဥဒကမှိ စ၊ ရေ၌၎င်း။ ထိုး စ၊ ကြည်း၌၎င်း။ ဥဘတော၊ နှစ်ပါးစုံမှ။ ကမ္မန္တာ၊ အမှုတို့သည်။ ပဒုဋ္ဌာ၊ ပျက်စီးကုန်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ တံငါ ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရုက္ခဇိုဝ်းနတ် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

နှစ်ဘက်အကျိုး၊ ဆုတ်ယုတ်ညှိုး၊ ကိုယ်ဆိုးလို့ သာမှတ်

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ဥဘတောဘဋ္ဌဇာတ်သည် ပြီး၏။

*****