အသင်္ကိယဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၇၆။ အသင်္ကိယဇာတ်

ဧကကနိပါတ်-ဝရုဏဝဂ်

၆။ အသင်္ကိယဇာတ်

မိမိကိုယ်ကိုစောင့်က သူတပါးတို့အားလည်း စောင့်သည်မည်ကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အသင်္ကိယောမှိ ဂါမမှိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤအာသင်္ကိယဇာတ်ကို ဇေတဝန် ကျောင်းတော်၌သီတင်းသုံး နေတော်မူစဉ် တယောက်သော သာဝတ္ထိမြို့၌နေသော သီတင်းသည်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုသီတင်းသည်သည် သောတာပန်ဖြစ်သော ဘုရားတပည့် ဖြစ်သတတ်။ ထိုသီတင်းသည်သည် တစုံတခုသောပြုဘွယ်ကိစ္စကြောင့် တဦးသော လှည်းကုန်သည်အပေါင်းနှင့်တကွ ခရီးသွားသည်ရှိသော် တခုသောတောအရပ်၌ လှည်းတို့ကိုချွတ်၍ သစ်ခက်တပ်ဖွဲ့ခြင်းကို ပြုသည်ရှိသော် လှည်းကုန်သည် အပေါင်း၏အနီး၌ မိမိသည် ကာလကိုမှတ်၍ တခုသောသစ်ပင်ရင်း၌ စင်္ကြံသွား၏။ ငါးရာကုန်သောခိုးသူတို့သည် သစ်ခက်တပ်ကိုလုယက်ကုန်အံ့ဟု လာလတ်ကုန်၍ လေး, ဆောက်ပုတ်အစရှိသည်လက်စွဲကုန်လျက် ထိုထိုအရပ်ကို ခြံရံကုန်၏။ သီတင်းသည်လည်း စင်္ကြံသွားသလျှင်ကတည်း၊ ထိုခိုးသူတို့သည် သီတင်းသည်ကိုမြင်ကုန်၍ စင်စစ် ဤသူသည် သစ်ခက်တပ်ကိုစောင့်သော တယောက်သောသူသည် ဖြစ်လတ္တံ့၊ ဤသူအိပ်ပျော်ခြင်းသို့ ရောက်သောကာလ၌ လုယက်ကုန်အံ့ဟု လွှမ်းမိုးခြင်းငှာမတတ်နိုင်ကုန်သည်ဖြစ်၍ ထိုထိုအရပ်၌ သာလျှင် တည်ကုန်၏။ ထိုသီတင်းသည်သည်လည်း ပဌမယာမ်၌၎င်း၊ မဇ္ဈိမယာမ်၌၎င်း၊ ပစ္ဆိမယာမ်၌၎င်း စင်္ကြံသွားလျက်သာလျှင်တည်၏။ မိုးသောက်သည်ရှိသော် ခိုးသူတို့သည် အခွင့်မရကုန်သည်ဖြစ်၍ ယူအပ်သောကျောက် ဆောက်ပုတ် အစရှိသည်တို့ကို စွန့်၍ပြေးကုန်၏။

သီတင်းသည်သည်လည်း မိမိ၏အမှုကိုပြီးစေ၍ တဖန်သာဝတ္ထိမြို့သို့လာခဲ့၍ မြတ်ဘုရားသို့ချဉ်းကပ်ပြီးလျှင် အရှင်ဘုရား ကိုယ့်ကိုစောင့်ကုန်သောသူတို့သည် သူတပါးကိုစောင့်ကုန်သလောဟု မေးလျှောက်၏။ သီတင်းသည် စောင့်သည်မှန်၏။ ကိုယ်ကိုစောင့်သောသူသည် သူတပါးကိုစောင့်၏။ သူတပါးကိုစောင့်သောသူသည် ကိုယ်ကိုစောင့်၏ဟု မိန့်တော်မူ၏။ ထိုသီတင်းသည်သည် အရှင်ဘုရား အလွန်လျှင် ဤစကားကို ကောင်းစွာ ဆိုအပ်၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား အကျွန်ုပ်သည် တဦးသော လှည်းကုန်သည်အပေါင်းနှင့်တကွ ခရီးသွားသည်ရှိသော် သစ်ပင်ရင်း၌ စင်္ကြံသွားလျက် အကျွန်ုပ်၏ကိုယျကို စောင့်အံ့ဟု လှည်းကုန်သည်အပေါင်းတို့ကို စောင့်၏ဟု လျှောက်၏။ မြတ်စွာဘုရားသည် သီတင်းသည် ရှေး၌လည်း ပညာရှိတို့သည် ကိုယ်ကိုစောင့်ကုန်လျက် သူတပါးကိုစောင့်ဘူးကုန်၏ဟု မိန့်တော်မူ၍ ထိုသီတင်းသည်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို အောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားမျိုး၌ဖြစ်၍ အရွယ်သို့ရောက်သည်ရှိသော် ကာမတို့၌အပြစ်ကိုမြင်၍ ရသေ့ရဟန်းပြု၍ ဟိမဝန္တာ၌နေသည်ရှိသော် ချဉ်ဆားမှီဝဲအံ့သောငှါ ဇနပုဒ်သို့ ဒေသစာရီသွားသည်ရှိသော် တဦးသော လှည်းကုန်သည်အပေါင်းနှင့်တကွ ခရီးသွား၍ တခုသော တောအရပ်၌ လှည်းစခန်းတည်သည်ရှိသော် လှည်းအနီး၌ ဈာန်ချမ်းသာဖြင့်လွန်စေလျက် တခုသောသစ်ပင်ရင်း၌ စင်္ကြံသွားခြင်းကို ဆောက်တည်၏။ ထိုအခါ ငါးရာကုန်သောခိုးသူတို့သည် ညစာထမင်းစားသောကာလ၌ ထိုလှည်းကုန်သည်အပေါင်းကို လုယက်ကုန်အံ့ဟု လာလတ်၍ခြံရံကုန်၏။

ထိုခိုးသူတို့သည် ထိုရသေ့ကိုမြင်၍ ရသေ့သူမြတ်သည် ငါတို့ကို အကယ်၍မြင်အံ့ လှည်းကုန်သည်တို့အား ကြားလတ္တံ့၊ ထိုရသေ့၏ အိပ်ပျော်ခြင်းသို့ ရောက်သောကာလ၌ လုယက်ကုန်အံ့ဟု ထိုအရပ်၌ သာလျှင် တည်ကုန်၏။ ရသေ့သည်လည်း တညဉ့်ပတ်လုံး စင်္ကြံသွားသလျှင်ကတည်း၊ ခိုးသူတို့သည် အခွင့်မရကုန်၍ ယူအပ်သောဆောက်ပုတ် ကျောက်တို့ကိုစွန့်ကုန်၍ လှည်းကုန်သည်တို့အား အသံ ပေး၏။ အို လှည်းကုန်သည်တို့ သစ်ပင်ရင်း၌စင်္ကြံသွားသောရသေ့သည် ယနေ့ အကယ်၍မရှိအံ့၊ အလုံးစုံသောသင်တို့သည် လုယက်သဖြင့် ကြီးစွာသောပျက်စီးခြင်းသို့ရောက်သည် ဖြစ်ကုန်ရာ၏။ နက်ဖြန် ရသေ့အား ကြီးသောပူဇော်သက္ကာရကို ပြုကုန်လောဟု ဆို၍ ဖဲကုန်၏။

ထိုလှည်းကုန်သည်တို့သည် မိုးသောက်သည်ရှိသော် ခိုးသူတို့သည် စွန့်အပ်သောဆောက်ပုတ် ကျောက် အစရှိသည်တို့ကို မြင်၍ ကြောက်ကုန်သည်ဖြစ်၍ ဘုရားလောင်းအထံသို့ လာလတ်ကုန်၍ ရှိခိုးပြီးလျှင် အရှင်ဘုရား အရှင်ဘုရားတို့သည် ထိုခိုးသူတို့ကို မြင်ကုန်သလောဟု မေးလျှောက်ကုန်၏။ ဒါယကာတို့ မြင်အပ်ကုန်သည် မှန်၏ဟု ဆိုသည်ရှိသော် အရှင်ဘုရား ဤမျှလောက်သော ခိုးသူတို့ကိုမြင်၍ ကြောက်ခြင်းသည်၎င်း၊ ရွံရှားခြင်းသည်၎င်း မဖြစ်သလောဟု မေးလျှောက်ကုန်၏။ ဘုရားလောင်းသည် ဒါယကာတို့ ခိုးသူတို့ကိုမြင်၍ ကြောက်ခြင်းမည်သည်ကား ဥစ္စာရှိသောသူအားသာဖြစ်၏။ ငါသည်ကား ဥစ္စာမရှိ၊ ထိုငါသည် အဘယ့်ကြောင့် ကြောက်အံ့နည်း၊ ထိုစကားသည် မှန်၏။ ရွာ၌၎င်း တော၌၎င်း နေသောငါ့အား ကြောက်ခြင်းသည်၎င်း ရွံရှာခြင်းသည်၎င်း မရှိဟုဆို၍ လှည်းကုန် သည်တို့အား တရားဟောလိုရကား-

၇၆။ အသင်္ကိယောမှိ ဂါမမှိ၊ အရညေ နတ္ထိ မေ ဘယံ။
ဥဇုမဂ္ဂံ သမာရုဠှော၊ မေတ္တာယံ ကရုဏာယ စ။

ဟူသော ဤဂါထာကို ဆို၏။

၇၆။ ဘော၊ အို လှည်းကုန်သည်တို့။ အဟံ၊ ငါသည်။ ဂါမမှိ၊ ရွာ၌။ အသကိယော၊ ရွံ့ရှာခြင်း မရှိသည်။ အမှိ၊ ဖြစ်ပေ၏။ မေ၊ ငါ့အား။ အရညေ၊ တော၌။ ဘယံ၊ ကြောက်ခြင်းသည်။ နတ္ထိ၊ မရှိ။ မေတ္တာယ စ၊ မေတ္တာဖြင့်၎င်း။ ကရုဏာယ စ၊ ကရုဏာဖြင့်၎င်း။ ဥဇု၊ ဖြောင့်စွာ။ မဂ္ဂံ၊ ဗြဟ္မာပြည်ခရီးသို့။ သမာရုဠှော၊ ကောင်းစွာတက်၏။

ဤသို့လျှင် ဘုရားလောင်းသည် ဤဂါထာဖြင့် တရားဟော၍ နှစ်သက်သောစိတ်ရှိသည်ဖြစ်၍ လူတို့သည် အရိုအသေပြုအပ်သည်ဖြစ်၍ ပူဇော်အပ်သည်ဖြစ်၍ အသက်ထက်ဆုံး လေးပါးကုန်သော ဗြဟ္မဝိဟာရတို့ကိုပွားစေ၍ ဗြဟ္မာ့ပြည်၌ ဖြစ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ငါဘုရားပရိသတ်တို့သည် ထိုအခါ လှည်းကုန်သည်အပေါင်း ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

ကိုယ်ကိုစောင့်ငြား။ လူအများ၊ တပါးစောင့်ရှောက်ပေ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော အသင်္ကိယဇာတ်သည် ပြီး၏။

*****