သမုဒ္ဒဝါဏိဇဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၆၆။ သမုဒ္ဒဝါဏိဇဇာတ် (၃)

ဒွါဒသကနိပါတ်

၃။ သမုဒ္ဒဝါဏိဇဇာတ်

ပစ္စုပ္ပန်ချမ်းသာ မက်မောသဖြင့် ပျက်စီးခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကသန္တိ ဝပ္ပန္တိ တေ ဇနာ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤ သမုဒ္ဒဝါဏိဇဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဒေဝဒတ်၏ ငါးရာသော အမျိုးသားတို့ကိုယူ၍ ငရဲကျသောအဖြစ်ကို အကြောင်း ပြု၍ ဟောတော်မူ၏။

ထိုစကားကို ချဲ့ဦးအံ့၊ ထိုဒေဝဒတ်သည် အဂ္ဂသာဝက နှစ်ပါးတို့သည် ပရိသတ်ကိုယူ၍ ကြွတော်မူကုန်သည်ရှိသော် စိုးရိမ်ခြင်းကို တည်စိမ့်သောငှါ မတတ်နိုင်သည်ဖြစ်၍ သွေးပူသည် ခံတွင်းမှ အန်သည်ရှိသော် သည်းစွာသော ဒုက္ခဝေဒနာတို့သည် နှိပ်စက်အပ်ကုန်သည်ဖြစ်၍ မြတ်စွာဘုရား ဂုဏ်တော်ကျေးဇူးတော်ကို အောက်မေ့၍ ငါသာလျှင် မြတ်စွာဘုရား၏ အကျိုးမဲ့ကို ကြံ၏။ မြတ်စွာဘုရားသည်ကား ငါ၌ မကောင်းသောစိတ် မည်သည်မျှလည်း မရှိ၊ ရှစ်ကျိပ်ကုန်သော မဟာသာဝကတို့သည်လည်း ငါ့၌ ရန်ငြိုးဖွဲ့ခြင်းမည်သည် မရှိ၊ ငါသည် ပြုအပ်သော မကောင်းမှုကြောင့် ငါသာလျှင် ယခုအခါ ကိုးကွယ်ရာ မရှိသည်ဖြစ်၏။ မြတ်စွာဘုရားသည်လည်း ငါတို့ထက် မြတ်တော်မူ၏။ ရှစ်ကျိပ်သော မဟာသာဝကတို့နှင့်၎င်း, ဆွေမျိုးမြတ်ဖြစ်သော ရာဟုလာမထေရ်နှင့်၎င်း, သာကီဝင်မင်းမျိုးတို့နှင့်၎င်း တကွသွား၍ မြတ်စွာဘုရားကို ကန်တော့အံ့ ဟု မိမိပရိသတ်အား အမှတ်ပေးပြီးလျှင် မိမိကိုယ်ကို ညောင်စောင်းငယ်ဖြင့် ယူစေ၍ သာဝတ္ထိပြည်သို့ သွားသည်ရှိသော် ကောသလတိုင်းသို့ ရောက်၏။

အရှင်အာနန္ဒာ မထေရ်သည် မြတ်စွာဘုရားအား ကြားလျှောက်၏။ အရှင်ဘုရား ဒေဝဒတ်သည် အရှင်ဘုရားတို့ကို ကန်တော့အံ့သောငှါ လာသတတ် ဟု ကြားလျှောက်၏။ အာနန္ဒာ ဒေဝဒတ်သည် ငါဘုရားအား ဖူးမြင်ခြင်းကို မရလတ္တံ့ ဟု မိန့်တော်မူ၏။ ထိုအခါ ဒေဝဒတ်သည် သာဝတ္ထိပြည် မြို့တံခါးသို့ ရောက်လတ်သော် အရှင်အာနန္ဒာ မထေရ်သည် တဖန်ကြားလျှောက်ပြန်၏။ မြတ်ဘုရားသည်လည်း ထိုရှေးအတူသာလျှင် မိန့်တော်မူ၏။ ဇေတဝန် ကျောင်းတော် ရေကန်အနီးသို့ ရောက်သော် ထိုဒေဝဒတ်၏ မကောင်းမှုကံသည် အပြီးသို့ရောက်၏။ ကိုယ်၌ ပူပန်ခြင်းသည် ဖြစ်၏။ ရေကို ချိုးလိုသောက်လိုသည်ဖြစ်၍ ငါ့သျှင်တို့ ငါ့ကို ညောင်စောင်းမှ ချပါကုန်လော့၊ ရေကိုသောက်ပါအံ့ ဟု ဆို၏။ ချ၍ မြေ၌ထားကာမျှဖြင့် ထိုဒေဝဒတ်အား စိတ်၏သက်သာခြင်းကို မရမီလျှင် မြေကြီးသည် ဟင်းလင်းအပြင်ကို ပေး၏။ ထိုခဏ၌ အဝီစိ ငရဲမီးလျှံသည် ထ၍ ခြံရံ၍ ယူ၏။ ထိုဒေဝဒတ်သည် ငါ၏မကောင်းမှုသည် အပြီးသို့ရောက်၏ဟု မြတ်စွာဘုရား ဂုဏ်ကျေးဇူးတော်တို့ကို အောက်မေ့၍-

ဣမေဟိ အဋ္ဌီဟိ တမဂ္ဂပုဂ္ဂလံ၊

ဒေဝါတိဒေဝံ နရဒမ္မသာရထိံ။

သမန္တစက္ခုံ သတပုညလက္ခဏံ၊

ပါဏေဟိ ဗုဒ္ဓံ သရဏံ ဂတောမှိ။

ဟူသော ဤဂါထာဖြင့် သရဏဂုံ၌ တည်လျက် အဝီစိငရဲသို့ လားရလေ၏။

အဟံ၊ ငါသည်။ အဂ္ဂပုဂ္ဂလံ၊ မြတ်သောပုဂ္ဂိုလ်လည်း ဖြစ်တော်မူထသော။ ဒေဝါတိဒေဝံ၊ သမ္မုတိနတ်၊ ဥပပတ္တိနတ်တို့ထက် လွန်မြတ်သော ဝိသုဒ္ဓိနတ်လည်း ဖြစ်တော်မူထသော။ နရဒမ္မသာရထိံ၊ လူနတ်တို့၏ မြတ်သော ရထားထိန်းသဘွယ်လည်း ဖြစ်တော်မူထသော။ သမန္တစက္ခုံ၊ ထက်ဝန်းကျင် မြင်နိုင်သော သဗ္ဗညုတ ဉာဏ်တော်လည်း ရှိတော်မူထသော။ သတပုညလက္ခဏံ၊ အရာမကသော ဘုန်းတော်ကြောင့်ဖြစ်သော လက္ခဏာတော် ရှိတော်မူထသော။ တံဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။ ဣမေဟိ အဋ္ဌီဟိ၊ ဤ ငါ၏ အရိုးတို့ဖြင့်၎င်း။ ဣမေဟိ ပါဏေဟိ၊ ဤငါ၏ အသက်တို့ဖြင့်၎င်း။ သရဏံ၊ ဆင်းရဲကိုဖျောက်၍ ချမ်းသာကို ပေးပေတတ်၏ဟူ၍။ ဂတော၊ သိသည်။ အမှိ၊ ဖြစ်ပါ၏။

ထိုဒေဝဒတ်အားကား ငါးရာကုန်သော အလုပ်အကျွေး အမျိုးသားတို့သည် ရှိကုန်၏။ ထိုငါးရာကုန်သော အမျိုးသားတို့သည်လည်း ထိုဒေဝဒတ်၏ အသင်းအပင်းဖြစ်ကုန်၍ မြတ်စွာဘုရားကို ဆဲရေးကုန်သဖြင့် အဝီစိငရဲ၌ သာလျှင် ဖြစ်လေကုန်၏။ ဤသို့လျှင် ထိုဒေဝဒတ်သည် ငါးရာကုန်သော အမျိုးသားတို့ကိုယူ၍ အဝီစိငရဲ၌ တည်၏။ ထိုအခါ တနေ့သ၌ တရားသဘင်ဝယ် ရဟန်းတို့သည် စကားကိုဖြစ်စေကုန်၏။ ငါ့သျှင်တို့ ဒေဝဒတ်သည် အလွန်ယုတ်မာ၏။ လာဘသက္ကာရတို့၌ အလွန်မက်မောသောကြောင့် သဗ္ဗညူမြတ်စွာဘုရား၌ အရာမဟုတ်သည်၌လည်း ရန်ငြိုးဖွဲ့၍ လာလတ္တံ့သောဘေးကို မကြည့်မူ၍ အမျိုးသား ငါးရာတို့နှင့်တကွ အဝီစိငရဲသို့ လားရကုန်၏ ဟု စကားကို ဖြစ်စေကုန်၏။ မြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်မည်သောစကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ဒေဝဒတ်သည် လာဘသက္ကာရ၌ တပ်မက်မောသည်ဖြစ်၍ လာလတ္တံ့သော ဘေးကိုမကြည့်သည်ကား မဟုတ်သေး၊ ဘရှေး၌လည်း လာလတ္တံ့သော ဘေးကို မကြည့်မူ၍ ပစ္စုပ္ပန်ချမ်းသာကို တပ်မက်မောသဖြင့် ပရိသတ်နှင့်တကွ ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်ဘူးပြီ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဗာရာဏသီပြည်မှ မနီးမဝေးသော အရပ်၌ အမျိုးတထောင် အခြံအရံရှိသော ကြီးစွာသော လက်သမားရွာသည် ရှိ၏။ ထိုရွာ၌ လက်သမားသည် သင်တို့၏ ညောင်စောင်းကို ပြုကုန်အံ့၊ အင်းပျဉ်ကို ပြုကုန်အံ့၊ အိမ်ကိုပြုကုန်အံ့ဟုဆို၍ လူတို့၏လက်မှ များစွာသောမြီကို ယူ၍ စိုးစဉ်းကိုမျှလည်း ပြုခြင်းငှာ မတတ်နိုင်ကုန်၊ လူတို့သည် မြင်တိုင်းမြင်တိုင်းကုန်သော လက်သမားတို့ကို တောင်းကုန်၏။ ထိုလက်သမားတို့ကိုသာလျှင် မြီရှင်ဖြစ်ကုန်သော လူတို့သည် နှိပ်စက်အပ်ကုန်သည်ဖြစ်၍ ချမ်းသာစွာ နေခြင်းငှါ မတတ်နိုင်ကုန်ရကား အရပ်တပါးသို့ သွား၍ အမှတ်မရှိသောအရပ်၌ နေကုန်အံ့ဟု ကြံ၍ တောသို့ဝင်ပြီးလျှင် သစ်ပင်ကိုဖြတ်၍ ကြီးစွာသောလှေကိုစပ်၍ မြစ်သို့ချသဖြင့် မျှောလျက် ရွာမှ တဂါဝုတ် တယူဇနာမျှရှိသော အရပ်၌ ထားပြီးလျှင် ညဉ့်သန်းခေါင်အခါ၌ ရွာသို့သွား၍ သားမယားတို့ကို ယူပြီးလျှင် ထိုအရပ်သို့ သွားသဖြင့် လှေကိုစီး၍ အစဉ်သဖြင့် မဟာသမုဒ္ဒရာသို့ဝင်၍လေ၏အဟုန်ဖြင့် သွားသည်ဖြစ်၍ သမုဒြာအလယ် ကျွန်းငယ်တခုသို့ ရောက်လေကုန်၏။

ထိုကျွန်းငယ်၌ကား အလိုလိုသာလျှင် ဖြစ်ကုန်သော သလေး, ကြံ, ငှက်ပျော သရက် သပြေ, ပိန်းနဲ့ ထန်း, အုန်း အစရှိသော အထူးထူးသော သစ်သီးတို့သည် ရှိကုန်၏။ သင်္ဘောပျက်သော ယောကျားတယောက်သည် ထိုကျွန်းငယ်သို့ ရှေးဦးစွာရောက်၍ သလေးထမင်းကိုစားလျက် ကြံအစရှိသော သစ်သီးတို့ကိုခဲလျက် ဆူဖြိုးသော ကိုယ်ရှိသည်ဖြစ်၍ အဝတ်မရှိဘဲ ဖားလျားကျသော ဆံမုတ်ဆိတ် ရှိသည်ဖြစ်၍ ထိုကျွန်းငယ်၌ နေ၏။ ထိုလက်သမားတို့သည်လည်း ကြံကြကုန်၏။ ဤကျွန်းငယ်သည် ရက္ခိုသ်ဘီလူး သိမ်းဆည်းသည် အကယ်၍ ဖြစ်အံ့၊ အလုံးစုံသော ငါတို့သည် ပျက်စီးခြင်းသို့ ရောက်ကုန်လတ္တံ့၊ ထိုကျွန်းငယ်ကို စုံစမ်းကုန်အံ့ ဟု ကြံ၍ ရဲရင့်ကုန်သော ခွန်အားကြီးကုန်သော ခုနစ်ယောက် ရှစ်ယောက်ကုန်သော ယောက်ျားတို့သည် လက်နက်ငါးပါးတို့ကို မြဲမြံစွာ စွဲကိုင်ကုန်လျက် ကျွန်းငယ်သို့ သက်၍ စုံစမ်းကုန်၏။

ထိုခဏ၌ ထိုယောက်ျားသည် နံက်စာစားပြီးသော် ကြံရည်ကို သောက်၍ ချမ်းသာခြင်းသို့ ရောက်သည်ဖြစ်၍ မွေ့လျော်ဘွယ်ရှိသော အရပ်၌ ငွေပြားအဆင်းနှင့်တူသောအဆင်းရှိသောသဲပြင်ဝယ် ချမ်းအေးသောအရပ်၌ ပက်လက်အိပ်၍ ဇမ္ဗူဒီပါကျွန်း၌ နေကုန်သော သူတို့သည် လယ်ထွန်လျက် စိုက်ပျိုးကုန်လျက် ဤသို့သဘောရှိသော ချမ်းသာကိုမရကုန်၊ ဇမ္ဗူဒီပါကျွန်းထက် ငါ၏ကျွန်းငယ်သာလျှင် အလွန်မြတ်၏ဟု သီချင်းသီလျက် ဥဒါန်းကို ကျူး၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်းတို့ကို ခေါ်တော်မူ၍ ရဟန်းတို့ ထိုယောက်ျားသည် ဤဥဒါန်းကိုကျူး၏ ဟု ထိုအကြောင်းကို ပြတော်မူလိုရကား-

၂၅။ ကသန္တိ ဝပ္ပန္တိ တေ ဇနာ၊
မနုဇာ ကမ္မဖလူပဇီဝိနော။
နယိမဿ ဒီပဿ ဘာဂိနော၊
ဇမ္ဗုဒီပါ ဣဒမေဝ နော ဝရံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဟောတော်မူ၏။

၂၅။ တေဇနာ၊ ထိုဇမ္ဗူဒီပါကျွန်းသားတို့သည်။ ကသန္တိ၊ လယ်ထွန်ကုန်၏။ ဝပ္ပန္တိ၊ စိုက်ပျိုးကုန်၏။ မနုဇာ၊ ဇမ္ဗူဒိပ် ကျွန်းသားတို့သည်။ ကမ္မဖလူပဇီဝိနော၊ လယ်လုပ်ခြင်း, ကုန်သွယ်ခြင်း စသော အမှု၏အကျိုးဆက်ကိုမှီ၍ အသက်မွေးကုန်၏။ တေ ဇနာ၊ ထိုဇမ္ဗူဒိပ် ကျွန်းသားတို့သည်။ ဣမဿ ဒီပသ၊ ဤကျွန်းငယ်ကို။ န ဘာဂိနော၊ မတူကုန်။ ဇမ္ဗူဒီပါ၊ ဇမ္ဗူဒိပ်ကျွန်းထက်။ နော၊ ငါတို့၏။ ဣဒမေဝ၊ ဤကျွန်းငယ်သည်သာလျှင်။ ဝရံ၊ မြတ်၏။

ထိုအခါ ထိုကျွန်းငယ်ကို စုံစမ်းကုန်သော ယောက်ျားတို့သည် ထိုယောက်ျား၏ သီချင်းသံကို ကြားလျှင် လူသံကဲ့သို့ ကြားကုန်၏။ ထိုသူကို သိကုန်အံ့ဟု အသံသို့အစဉ်လျှောက်သဖြင့် သွား၍ ထိုယောက်ျားကိုမြင်လျှင် ဘီလူးဖြစ်လတ္တံ့ဟု ကြောက်လန့်ကုန်သည်ဖြစ်၍ မြားတို့ကို တင်ကုန်၏။ ထိုယောက်ျားသည် ထိုသူတို့ကို မြင်၍ မိမိအား သတ်အံ့သည်မှ ကြောက်သောကြောင့် အရှင်တို့ အကျွန်ုပ်သည် ဘီလူးမဟုတ်ပါ၊ လူဖြစ်ပါ၏။ အကျွန်ုပ်၏အသကျကို ပေးပါကုန်ဟု တောင်းပန်သည်ရှိသော် လူတို့မည်သည်ကား သင်ကဲ့သို့ အဝတ်မဝတ်သည် မဖြစ်ကုန်ဟု ဆိုလတ်သော် အဖန်တလဲလဲ တောင်းပန်၍ လူအဖြစ်ကို သိစေ၏။ ထိုသူတို့သည် ထိုယောက်ျားသို့ ကပ်ကုန်၍ ဝမ်းမြောက်ဝမ်းသာ ပြောဟောအပ်သော စကားကို ကြားရလျှင် ထိုယောက်ျား၏ ကျွန်းငယ်သို့ ရောက်ကြောင်းကို မေးကုန်၏။ ထိုယောက်ျားသည်လည်း အလုံးစုံသော အကြောင်းကို ထိုသူတို့အား ပြောဆို၍ သင်တို့သည် မိမိကောင်းမှု၏ ပြည့်စုံခြင်းကြောင့် ဤကျွန်းငယ်သို့ ရောက်ကုန်၏။ ဤကျွန်းငယ်သည် ကျွန်းမြတ်တည်း၊ ဤကျွန်းငယ်၌ မိမိလက်ဖြင့် အမှုပြု၍ အသက်မမွေးရကုန်၊ ဤကျွန်းငယ်၌ အလိုလိုရောက်သော သလေးတို့၏၎င်း ကြံအစရှိသည်တို့၏၎င်း အဆုံးသည်မရှိ၊ ထို့ကြောင့် မငြီးငွေ့ကုန်သည်ဖြစ်၍ နေကြကုန်လော့ဟု ဆို၏။

ဤကျွန်းငယ်၌ နေကုန်သော ငါတို့အားကား တပါးသော အနှောက်အရှက်သည် မရှိ၊ ဤကျွန်း၌ တပါးသော ဘေးရန်သည် မရှိ၊ ဤကျွန်းကို ဘီလူးတို့သည် သိမ်းဆည်းအပ်၏။ ဘီလူးတို့သည် သင်တို့၏ ကျင်ကြီး ကျင်ငယ်ကို မြင်သည်ရှိသော် စက်ဆုပ်ကုန်ရာ၏။ ထို့ကြောင့် ကျင်ကြီးကျင်ငယ်ကို စွန့်သည်ရှိသော် သဲကိုယက်၍ သဲဖြင့် ဖုံးလွှမ်းကြကုန်၊ ဤကျွန်း၌ ဤမျှသည် ဘေးရန်တည်း၊ ဤမှတပါးသော ဘေးရန်သည် မရှိ၊ ထို့ကြောင့် အခါခပ်သိမ်း မမေ့မလျော့ဖြစ်ကြကုန်လော့ ဟု ဆို၏။ ထိုသူတို့သည် ထိုကျွန်း၌ နေကုန်၏။

ထိုတထောင်သောအမျိုးတို့၌ ငါးရာစီဖြစ်ကုန်သော အမျိုးတို့၏ အကြီးဖြစ်သော လက်သမားနှစ်ယောက်တို့သည် ရှိကုန်၏။ ထိုအကြီးနှစ်ယောက်တွင် တယောက်ကား မိုက်၏။ အရသာတို့၌ တပ်မက်မောတတ်၏။ တယောက်ကား ပညာရှိ၏။ အရသာတို့၌ ကပ်ငြိခြင်းမရှိ၊ နောက်အဘို့၌ အလုံးစုံသော သူတို့သည်လည်း ထိုကျွန်း၌ ချမ်းသာစွာ နေကုန်သည်ဖြစ်၍ ဆူဖြိုးသော ကိုယ်ရှိကုန်သည်ဖြစ်၍ ကြံကြကုန်၏။ ငါတို့သည် ကြာမြင့်စွာ နေကုန်ပြီ၊ ကြံရည်ဖြင့် သေအရက်ကိုပြု၍ သောက်ကုန်အံ့ ဟု ကြံကြကုန်၏။ သေအရက်လုပ်ပြီးလျှင် သောက်ကုန်၍ ယစ်သောအားဖြင့် သီကုန်, ကကုန် ကစားကုန်လျက် မေ့သောကြောင့် ထိုထိုအရပ်တို့၌ ကျင်ကြီးကျင်ငယ်ကို စွန့်ကုန်ပြီးလျှင် မဖုံးလွှမ်းမူ၍ ကျွန်းငယ်၌ စက်ဆုပ် ရွံရှာဘွယ်ပြုကုန်၏။

နတ်တို့သည် ဤသူတို့သည် ငါတို့၏ ကစားရာအပြင်ကို စက်ဆုပ်ရွံရှာဘွယ် ရှိသည်တို့ကို ပြုကုန်၏ ဟု အမျက်ထွက်၍ သမုဒြာရေကို တက်စေပြီးလျှင် ကျွန်းငယ်ဆေးခြင်းကို ပြုကုန်အံ့ ဟု ကြံ၍ ဤနေ့သည် လကွယ်ဥပုသ်နေ့တည်း၊ ယနေ့ ငါတို့၏ အစည်းအဝေးသည် ပျက်ပြီ၊ ဤနေ့မှ တဆယ့်ငါးရက်မြောက်ဖြစ်သော လပြည့်ဥပုသ်နေ့၌ လထွက်သောအခါ သမုဒြာရေကို တက်စေ၍ အလုံးစုံသော ဤသူတို့ကို သတ်ကုန်အံ့ ဟု နေ့ရက်တို့ကို မှတ်သားကုန်၏။ ထိုအခါ နတ်တို့၏အလယ်၌ တရားစောင့်သော နတ်သားတယောက်သည် ငါမြင်စဉ် ဤသူတို့သည် မပျက်စီးစေသတည်း ဟု သနားသဖြင့် ထိုသူတို့သည် ညစာထမင်း စားပြီး၍ အိမ်တံခါးတို့၌ ရပ်၍ ချမ်းသာသောစကားကို ပြောဟောလျက် နေကုန်သည်ရှိသော် ခပ်သိမ်းသော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် အလုံးစုံသောကျွန်းကို တပြိုင်နက်သော အရောင်အဝါကို ပြု၍ မြောက်အရပ်မျက်နှာ ကောင်းကင်၌ရပ်၍ အို လက်သမားတို့ နတ်တို့သည် သင်တို့အား အမျက်ထွက်ကုန်၏။ ဤအရပ်၌ မနေကြကုန်လင့်၊ ထိုစကားသည် မှန်၏။ ဤနေ့မှ လခွဲလွန်သဖြင့် နတ်တို့သည် သမုဒြာရေကို တက်စေ၍ အလုံးစုံသော သင်တို့ကို သတ်ကုန်လတ္တံ့၊ ဤအရပ်မှ ထွက်၍ပြေးကြကုန်လော့ဟု ဆိုလို၍-

၂၆။ တိပဉ္စရတ္တူပဂတမှီ စန္ဒေ၊
ဝေဂေါ မဟာ ဟေဟိတိ သာဂရဿ။
ဥပ္လဝိဿံ ဒီပမိမံ ဥဠာရံ၊
မာ ဝေါ ဝဓီ ဂစ္ဆထ လေဏမညံ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၂၆။ ဘာ ဝဍ္ဎကီယော၊ အိုလက်သမားတို့။ စန္ဒေ၊ လသည်။ တိပဉ္စရတ္တူပဂတမှိ၊ တဆယ်ငါးရက်ရောက်လတ်သော်။ ဥဠာရံ၊ မြတ်သော။ ဣမံ ဒီပံ၊ ဤကျွန်းကို။ ဥပ္လဝိဿံ၊ လွှမ်းမိုးလျက်။ သာဂရဿ၊ သမုဒြာ၏။ မဟာ ဝေဂေါ၊ ကြီးစွာသော အဟုန်သည်။ ဟေဟိတိ၊ ဖြစ်လတ္တံ့။ ဝေါ၊ သင်တို့ကို။ ဝေဂေါ၊ သမုဒြာအဟုန်သည်။ မာ အဝမီ၊ မသတ်စေလင့်။ အညံ၊ တပါးသော။ လေဏံ၊ ပုန်းအောင်းရာသို့။ ဂစ္ဆထ၊ သွားလေကုန်။

ဤသို့လျှင် နတ်သားသည် ထိုလက်သမားတို့အား အဆုံးအမကိုပေး၍ မိမိနေရာ အရပ်သို့သွား၏။ ထိုတရားစောင့်သော နတ်သား သွားသည်ရှိသော် တယောက်သော ကြမ်းကြုတ်စွာ နိုင်ထက်ကလူ မူတတ်သော နတ်သားသည် ဤသူတို့သည် ဤနတ်သား၏ စကားကိုယူ၍ ပြေးကုန်ရာ၏။ ထို့ကြောင့် ငါသည် ထိုလူတို့၏ သွားခြင်းကိုမြစ်၍ အလုံးစုံသော ဤသူတို့ကို ကြီးစွာသော ပျက်စီးခြင်းသို့ ရောက်စေအံ့ဟု ကြံ၍ နတ်၌ဖြစ်သော တန်ဆာတို့ကို ဆင်ယင်လျက် အလုံးစုံသော ကျွန်းကို တပြိုင်နက်သော အရောင်အဝါကို ပြုလျက် တောင်အရပ်မျက်နှာ ကောင်းကင်၌ ရပ်၍ တယောက်သော နတ်သားသည် ဤအရပ်သို့ လာသလော ဟု မေး၏။ လာ၏ဟု ဆိုသည်ရှိသော် ထိုနတ်သားသည် သင်တို့ကို အသို့ဆိုသနည်း ဟု ဆို၍ အရှင်ဤမည်သောစကားကို ဆို၏ ဟု ဆိုလတ်သော် ထိုနတ်သားသည် သင်တို့အား ဤအရပ်၌ နေခြင်းကို အလိုမရှိ၊ မုန်းသဖြင့် ဆို၏။ သင်တို့သည် တပါးသောအရပ်သို့ မသွားမူ၍ ဤကျွန်း၌ သာလျှင် နေကုန်လော့ ဟု ဆိုလို၍-

၂၇။ န ဇာတုယံ သာဂကဝါရိ ဝေဂေါ၊
ဥပ္လဝိဿံ ဒီပမိမံ ဥဠာရံ။
တံ မေ နိမိတ္တေဟိ ဗဟူဟိ ဒိဋ္ဌံ၊
မာ ဘေထ ကိံ သောစထ မောဒထ ဝေါ။
၂၈။ ပဟူတဘက်ခံ ဗဟုအန္နပါနံ၊
ပတ္ထတ္ထ အာဝါသမိမံ ဥဠာရံ။
န ဝေါ ဘယံ ပဋိပဿာမိ ကိဉ္စိ၊
အာပုတ္တ ပုတ္တေဟိ ပမောဒထ ဝေါ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၂၇။ ဘောန္တော ဝဍ္ဎကီယော၊ အို-လက်သမားတို့။ ဥဠာရံ၊ မြတ်သော။ ဣမံ ဒီပံ၊ ဤကျွန်းကို။ ဥပ္လဝိဿံ၊ လွှမ်းမိုး၍၊ အယံ သာဂရဝါရိ ဝေဂေါ၊ ဤသမုဒြာ ရေအဟုန်သည်။ ဇာတု၊ စင်စစ်။ န ဟေဿတိ၊ မဖြစ်လတ္တံ့။ မေ၊ ငါသည်။ တံ၊ ထိုမဖြစ်လတ္တံ့သော အကြောင်းကို။ ဗဟူဟိ၊ များစွာကုန်သော။ နိမိတ္တေဟိ၊ အကြောင်းတို့ဖြင့်။ ဒိဋ္ဌံ၊ မြင်၏။ မာ ဘေထ၊ မကြောက်ကြပါကုန်လင့်။ ကိံ၊ အဘယ့်ကြောင့်။ သောစထ၊ စိုးရိမ်ကုန်အံ့နည်း။ ဝေါ၊ သင်တို့သည်။ မောဒထ၊ ဝမ်းမြောက်ဝမ်းသာ နေကြကုန်။

၂၈။ ပဟူတဘက်ခံ၊ များသော အစာရှိထသော။ ဗဟုအန္နပါနံ၊ များသော ထမင်းအဖျော်ရှိသော။ ဥဠာရံ၊ မြတ်သော။ ဣမံ အဝါသံ၊ ဤနေရာကို။ ပတ္ထတ္ထ၊ အလိုရှိကုန်လော့။ ဝေါ၊ သင်တို့အား။ ကိဉ္စိ၊ တစုံတခုသော။ ဘယံ၊ ဘေးကို။ န ပဿာမိ၊ ငါမြင်။ တုမှေ၊ သင်တို့သည်။ အာပုတ္တပုတ္တေဟိ၊ သားမြေးတိုင်အောင်။ ပမောဒထ၊ ဝမ်းမြောက်ဝမ်းသာ နေကြကုန်။

ဤသို့လျှင် ထိုနတ်သည် ဤနှစ်ဂါထာတို့ဖြင့် လက်သမားတို့ကို နှစ်သိမ့်စေ၍ ပြန်လေ၏။ ထိုနတ်သား သွားသောအခါ၌ တရားစောင့်သော နတ်သား၏စကားကို မနာယူသော လက်သမားမိုက်သည် အိုအချင်းတို့-ငါ့စကားကို နာကုန်လော့ ဟု ကြွင်းသော လက်သမားတို့ကို ခေါ်၍-

၂၉။ ယော ဒေဝါယံ ဒက္ခိဏာယံ ဒိသာယံ၊
ခေမန္တိ ပက္ကောသတိ ကဿ သစ္စံ။
န ဥတ္တရော ဝေရိ ဘယာ ဘယဿ။
မာ ဘေထ ကိံ သောစထ မောဒထ ဝေါ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

၂၉။ ဘော၊ အချင်းတို့။ ဒက္ခိဏာယံ ဒိသာယံ၊ တောင်အရပ်၌။ ဌိတော၊ တည်သော။ ယော အယံ ဒေဝေါ၊ အကြင်နတ်သည်။ ခေမန္တိ၊ ဘေးမရှိဟူ၍။ ပက္ကောသတိ၊ ဆို၏။ တဿ၊ ထိုနတ်၏။ ဝစနံ၊ စကားသည်။ သစ္စံ၊ မှန်၏။ ဥတ္တရော၊ မြောက်အရပ်၌တည်သော နတ်သား၏။ ဝစနံ၊ စကားသည်။ န သစ္စံ၊ မမှန်။ ဝေရိ၊ ရန်သူတည်း။ ဘယဿ၊ ဘေးမှ။ ဘယာ၊ ကြောက်၏။ မာ ဘေထ၊ မကြောက်ကုန်လင့်။ ကိံ၊ အဘယ့်ကြောင့်။ သောစထ၊ စိုးရိမ်ကုန်အံ့နည်း။ ဝေါ၊ သင်တို့သည်။ မောဒထ၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြကုန်။

ထိုစကားကို ကြား၍ အရသာ၌ တပ်မက်မောတတ်ကုန်သော ငါးရာကုန်သော လက်သမားတို့သည် ထိုလက်သမားမိုက်၏ စကားကို ယူကုန်၏။ ဤမှတပါးသော ပညာရှိသော လက်သမားသည်ကား ထိုလက်သမားမိုက်၏ စကားကို မယူဘဲ ထိုလက်သမားတို့ကို ခေါ်၍-

၃၀။ ယထာ ဣမေ ဝိပ္ပဝဒန္တိ ယက္ခာ၊
ဧကော ဘယံ သံသတိ ခေမမေကော။
တဒိသံ မယှံ ဝစနံ သုဏာထ၊
ခိပ္ပံ လဟုံ မာ ဝိနသိမှ သဗ္ဗေ။
၃၁။ သဗ္ဗေ သမာဂမ္မ ကရောမ နာဝံ၊
ဒေါဏိံ ဒဠှံ သဗ္ဗယန္တူပပန္နံ။
သစေ အယံ ဒက္ခိဏာ သစ္စမာဟ၊
မောဃံ ပဋိက္ကောသတိ ဥတ္တရာယံ။
သာ စေဝ နော ဟောဟိတိ အာပဒတ္ထာ။
ဣမဉ္စ ဒီပံ န ပရိစ္စဇေမ။
၃၂။ သစေ စ ခေါ ဥတ္တရာ သစ္စမာဟ၊
မောဃံ ပဋိ က္ကောသတိ ဒက္ခိဏာယံ။
တမေဝ နာဝံ အဘိရူယှ သဗ္ဗေ။
ဧဝံ မယံ သောတ္ထိ တရေမု ပါရံ။
၃၃။ န ဝေ သုဂဏှံ ပဌမေန သေဋ္ဌံ၊
ကနိဋ္ဌမာပါထဂတံ ဂဟေတွာ။
ယောစီဓ တစ္ဆံ ပဝိစေယျ ဂဏှိ၊
သ ဝေ နရော သေဋ္ဌ မုပေတိ ဌာနံ။

ဟူသော ဤလေးဂါထာတို့ကို ဆို၏။

၃၀။ ဘောန္တော၊ အိုအချင်းတို့။ ယထာ၊ အကြင်အခြင်းဖြင့်။ ဣမေ ယက္ခာ၊ ဤနတ်တို့သည်။ ဝိပ္ပဝဒန္တိ၊ အချင်းချင်း ဆန့်ကျင်သော စကားကို ဆိုကုန်၏။ ဧကော၊ တယောက်သော နတ်သည်။ ဘယံ၊ ဘေးရှိ၏ ဟူ၍။ သံသတိ၊ ဆို၏။ ဧကော၊ တယောက်သော နတ်သည်။ ခေမံ၊ ဘေးမရှိဟူ၍။ သံသတိ၊ ဆို၏။ ဣင်္ဃ၊ ငါတိုက်တွန်း၏။ မယှံ၊ ငါ၏။ တံ ဝစနံ၊ ထိုစကားကို။ သုဏာထ၊ နာကြကုန်လော့။ သဗ္ဗေ၊ အလုံးစုံသော ငါတို့သည်။ ခိပ္ပံ လဟုံ၊ အလွန် လျင်မြန်စွာ။ မာ ဝိနသိမှ၊ မပျက်စီးစေကုန်လင့်။

၃၁။ သဗ္ဗေ၊ အလုံးစုံသော ငါတို့သည်။ သမာဂမ္မ၊ အညီအညွတ် စည်းဝေးကုန်၍။ သဗ္ဗယန္တူပပန္နံ၊ အလုံးစုံသော လင်းယဉ်တိုင် လင်းယဉ်ရွက် ထိုးဝါးညယန္တရား အစရှိသည်တို့နှင့် ပြည့်စုံသော။ ဒဠှံ၊ မြဲမြံခိုင်ခံ့သော။ ဒေါဏိံ၊ နက်စွာသော ကျင်းရှိသော။ နာဝံ၊ လှေသင်္ဘောကို။ ကရောမ၊ ပြုကြကုန်အံ့။ သစေ၊ အကယ်၍။ အယံ ဒက္ခိဏာ၊ ဤတောင်အရပ်၌ တည်သောနတ်သည်။ သစ္စံ၊ မှန်သည်ကို။ အာဟ၊ ဆိုအံ့။ အယံဥတ္တရာ၊ ဤမြောက်အရပ်၌ တည်သော နတ်သားသည်။ မောဃံ၊ မမှန်သောစကားကို။ ပဋိက္ကောသတိ၊ ဆိုအံ့။ နော၊ ငါတို့၏။ သာ စေဝ၊ ထိုလှေသင်္ဘောသည်ပင်လျှင်။ အာပဒတ္ထာ၊ နောက်ဖြစ်သော ဘေးရန်အလို့ငှါ။ ဟေဟိတိ၊ ဖြစ်လတ္တံ့။ ဣမဉ္စ ဒီပံ၊ ဤကျွန်းကိုကား။ န ပရိစ္စဇေမ၊ မစွန့်ရကုန်အံ့။

၃၂။ ခေါ၊ စင်စစ်။ သစေ၊ အကယ်၍။ ဥတ္တရာ၊ မြောက်အရပ်နတ်သည်။ သစ္စံ၊ မှန်သောစကားကို။ အာဟ၊ ဆိုအံ့။ အယံ ဒက္ခိဏာ၊ ဤတောင်အရပ်နတ်သည်။ မောဃံ၊ မမှန်သောစကားကို။ ပဋိက္ကောသတိ၊ ဆိုအံ့။ ဧဝံ၊ ဤသို့ ဆိုသည်ရှိသော်။ သဗ္ဗေ၊ အလုံးစုံကုန်သော။ မယံ၊ ငါတို့သည်။ တမေဝ နာဝံ၊ ထိုလှေသင်္ဘောကိုသာလျှင်။ အဘိရူယှ၊ စီး၍။ သောတ္ထိ၊ ချမ်းသာစွာ။ ပါရံ၊ ကမ်းတဘက်သို့။ တရေမု၊ ကူးကုန်အံ့။

၃၃။ ဝေ၊ စင်စစ်။ ပဌမေန၊ ရှေးဦးနတ်သည်။ ဝုတ္တံ၊ ဆိုအပ်သော စကားကို။ သေဋ္ဌံ၊ မှန်၏ ဟူ၍။ န သုဂဏှံ၊ အလွယ်မယူအပ်။ ကနိဋ္ဌံ၊ နောက်ဆိုသော နတ်၏စကားကိုလည်း။ န သုဂဏှံ၊ အလွယ်မယူအပ်။ ယံ၊ အကြင်စကားသည်။ အာပါထံ၊ ထင်ခြင်းသို့။ ဂတံ၊ ရောက်အံ့။ တံ၊ ထိုထင်ခြင်းသို့ ရောက်သော စကားနှစ်ရပ်ကို။ ဂဟေတွာ၊ မှတ်သား၍။ ဣဓ၊ ဤလောက၌။ ယော နရော၊ အကြင်သူသည်။ ပုရိမဉ္စ၊ ရှေ့စကားကို၎င်း။ ပစ္ဆိမဉ္စ၊ နောက်စကားကို၎င်း။ ဝိစေယျ၊ သဘောယုတ္တိ ရှိ-မရှိကို စုံစမ်းဆင်ခြင်၍။ ယံ၊ အကြင်စကားသည်။ တစ္ဆံ၊ သဘောယုတ္တိ ရှိ၏။ တံ၊ ထိုစကားကို။ ဂဏှိ၊ ယူ၏။ သော နရော၊ ထိုသူသည်။ ဝေ၊ စင်စစ်။ သေဋ္ဌံ၊ မြတ်သော။ ဌာနံ၊ အရာသို့။ ဥပေတိ၊ ရောက်ရ၏။

ဤသို့သော စကားကိုဆို၍ အချင်းတို့ ငါတို့သည် နတ်နှစ်ယောက်၏စကားကို လိုက်နာကုန်အံ့၊ လှေကို စီရင်ကုန်ဦးအံ့၊ အကယ်၍ ရှေးဦးနတ်၏ စကားသည် မှန်သည်ဖြစ်အံ့၊ ထိုလှေကိုစီး၍ သွားကုန်အံ့၊ အကယ်၍ နောက်နတ်၏စကားသည် မှန်သည်ဖြစ်အံ့၊ ထိုလှေကို လျောက်ပတ်ရာအရပ်၌ထား၍ ဤကျွန်း၌ပင်လျှင် နေကုန်အံ့ဟု ဆိုသည်ရှိသော် လက်သမားမိုက်သည် အချင်း သင်သည် ရေခွက်၌ မိကျောင်းကို မြင်ပေ၏။ အလွန်လျှင် အရှည်ကို မြင်ပေ၏။ ရှေးဦး နတ်သားသည် ငါတို့၌ မုန်းသဖြင့်ဆို၏။ နောက်ဖြစ်သော ထိုနတ်သားသည်ကား ချစ်သဖြင့်သာလျှင် ဆို၏။ ဤသို့ သဘောရှိသော ကျွန်းမြတ်ကိုစွန့်၍ အဘယ်အရပ်သို့ သွားရအံ့နည်း၊ အကယ်၍ သင်သည် သွားလိုသည်ဖြစ်အံ့၊ သင်၏ပရိသတ်ကိုယူ၍ လှေကိုလုပ်လော့၊ ငါတို့အား လှေဖြင့် ကိစ္စမရှိ ဟု ဆို၏။

ပညာရှိလက်သမားသည် မိမိပရိသတ်ကိုယူ၍ လှေကို စီရင်ပြီးလျှင် လှေ၌ အလုံးစုံသော အဆောက်အဦတို့ကိုတင်၍ ပရိသတ်နှင့်တကွ လှေထက်၌နေ၏။ ထို့နောင်မှ လပြည့်နေ့၌ လထွက်သောအခါ သမုဒြာမှလှိုင်းတံပိုးအဟုန်သည် ခါးအတိုင်းအရှည် တက်လတ်ပြီးလျှင် ကျွန်းငယ်ကိုဆေး၍ သွား၏။ ပညာရှိလက်သမားသည် သမုဒြာရေလှိုင်းတံပိုးတက်သည်ကို သိ၍ လှေကိုလွှတ်၏။ လက်သမားမိုက်၏ အပင်းအသင်းဖြစ်ကုန်သော ငါးရာသော အမျိုးတို့သည် သမုဒြာလှိုင်းတံပိုးတို့သည် ကျွန်းငယ်ကို ဆေးအံ့သောငှါလာ၏။ ဤကျွန်းငယ် ဆေးခြင်းသည် ဤမျှပင်တည်း ဟု ပြောဆိုလျက် နေကုန်၏။ ထို့နောင်မှ ခါးအတိုင်းအရှည် တရပ်, တသူ ထန်းတဖျား, ထန်းခုနစ်ဖျားအတိုင်းအရှည်ရှိသော လှိုင်းတံပိုးတို့သည် ကျွန်းငယ်ကို မျှောလျှက်လာကုန်၏။ ပညာရှိ လက်သမားသည် အကြောင်း၌ လိမ်မာသည်၏ အဖြစ်ကြောင့် အရသာ၌ မကပ်ငြိသည်ဖြစ်၍ ချမ်းသာစွာ သွားရလေ၏။ လက်သမားမိုက်သည် အရသာ၌ တပ်မက်မောသောကြောင့် လာလတ္တံ့သော ဘေးကို မကြည့်မူ၍ ငါးရာကုန်သော အမျိုးတို့နှင့်တကွ ပျက်စီးခြင်းသို့ ရောက်လေ၏။ ဤသို့လျှင် ထိုလက်သမားမိုက်ကို ဆုံးမခြင်းငှါ ထိုအကြောင်းကို ပြတတ်သော-

၃၄။ ယထာပိ တေ သာဂရ ဝါရိမဇ္ဈေ၊
သကမ္မုနာ သောတ္ထိ ဝဟိံသု ဝါဏိဇာ။
အနာဂတတ္ထံ ပဋိဝိဇ္ဈိယာန၊
အပ္ပမ္ပိ နာစ္စေတိ သော ဘူရိပညော။
၃၅။ ဗာလာ စ မောဟေန ရသာနုဂိဒ္ဓါ၊
အနာဂတံ အပ္ပဋိဝိဇ္ဈိယတ္ထံ။
ပစ္စုပ္ပန္နေ သီဒန္တိ အတ္ထဇာတေ၊
သမုဒ္ဒမဇ္ဈေ ယထာ တေ မနုဿာ။
၃၆။ အနာဂတံ ပဋိကယိရာထ ကိစ္စံ၊
မာ မံ ကိစ္စံ ကိစ္စကာလေ ဗျဓေသိ။
တံ တာဒိသံ ပဋိကတံ ကိစ္စကာရိံ၊
န တံ ကိစ္စံ ကိစ္စကာလေ ဗျဓေသိ။

ဟူသော ဤသုံးဂါထာတို့သည် ဘုရားဖြစ်တော်မူပြီးမှ ဟောတော်မူသော ဘုရားဂါထာတို့တည်း။

၃၄။ ဘိက္ခဝေ၊ ရဟန်းတို့။ သာဂရဝါရိမဇ္ဈေ၊ သမုဒြာရေအလယ်၌။ တေ ဝါဏိဇာ၊ ထိုကုန်သည်တို့သည်။ သကမ္မုနာ၊ မိမိအမှုကြောင့်။ သောတ္ထိ၊ ချမ်းသာစွာ။ ဝဟိ့သု ယထာ၊ သွားရကုန်သကဲ့သို့။ တထာ၊ ထို့အတူ။ ဘူရိပညော၊ မြေကြီးအထုနှင့်တူသော ပညာရှိသောသူသည်။ အနာဂတံ၊ လာလတ္တံ့သော။ အတ္ထံ၊ အကျိုးစီးပွားကို။ ပဋိဝိဇ္ဈိယာန၊ သိ၍။ အပ္ပမ္ပိ၊ အနည်းငယ်သော မိမိအကျိုးကိုလည်း။ နာစ္စေတိ၊ မလွန်။

၃၅။ ရသာနုဂိဒ္ဓါ၊ အရသာ၌ တပ်မက်မောတတ်ကုန်သော။ ဗာလာ စ၊ သူမိုက်တို့သည်ကား။ မောဟေန၊ မိုက်မဲတွေဝေသောကြောင့်။ အနာဂတံ၊ လာလတ္တံ့သော။ အတ္ထံ၊ အကျိုးကို။ အပ္ပဋိဝိဇ္ဈိယ၊ မသိမူ၍။ သမုဒ္ဒမဇ္ဈေ၊ သမုဒြာအလယ်၌။ တေ မနုဿာ၊ ထိုလူတို့သည်။ သီဒန္တိ ယထာ၊ နစ်ကုန်သကဲ့သို့။ တထာ၊ ထို့အတူ။ ပစ္စုပ္ပန္နေ၊ ပစ္စုပ္ပန်မျက်မှောက်၌။ အတ္ထဇာတေ၊ အကျိုးသည် ဖြစ်လတ်သော်။ သီဒန္တိ၊ နစ်ကုန်၏။

၃၆။ ဘိက္ခဝေ၊ ရဟန်းတို့။ ကိစ္စံ၊ ကိစ္စသည်။ ကိစ္စကာလေ၊ ပြုအပ်သောခါ၌။ မံ၊ ငါ့ကို။ မာ ဗျဓေသိ၊ မနှိပ်စက်စေသတည်း။ ဣတိ၊ ဤသို့။ အနာဂတံ၊ လာလတ္တံ့သော။ ကိစ္စံ၊ ကိစ္စကို။ ပဋိကယိရာထ၊ ရှေးဦးမဆွကလျှင် ပြုနှင့်ရာ၏။ ကိစ္စကာရိံ၊ ပြုအပ်သော ကိစ္စကို။ ပဋိကတံ၊ ရှေးဦးမဆွက ကြိုတင်၍ပြုသော။ တာဒိသံ၊ ထိုသို့သဘောရှိသော။ တံ၊ ထိုသူကို။ တံ ကိစ္စံ၊ ထိုကိစ္စသည်။ ကိစ္စကာလေ၊ ပြုအပ်သောအခါ၌။ န ဗျဓေသိ၊ မနှိပ်စက်။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ယခုအခါ၌သာလျှင် မဟုတ်သေး၊ ရှေး၌လည်း ဒေဝဒတ်သည် ပစ္စုပ္ပန်ချမ်းသာ၌ ကပ်ငြိသည် ဖြစ်၍ လာလတ္တံ့သော ဘေးကို မကြည့်မူ၍ ပရိသတ်နှင့်တကွ ပျက်စီးခြင်းသို့ ရောက်ဘူးပြီဟု မိန့်တော်မူ၍ ယခုအခါ ဒေဝဒတ်သည် ထိုအခါ လက်သမားမိုက် ဖြစ်ဘူးပြီ၊ ယခုအခါ ကောကာလိကသည် ထိုအခါ တောင်အရပ်၌ တည်သော တရားမစောင့်သော နတ်သားဖြစ်ဘူးပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ မြောက်အရပ်၌ တည်သော တရားစောင့်သော နတ်သား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိ လက်သမား ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

လူမိုက်ရှောင်ကြဉ်၊ ပညာရှင်၊ ပေါင်းလျှင် မင်္ဂလာ

သုံးခုမြောက်သော သမုဒ္ဒဝါဏိဇဇာတ်သည် ပြီး၏။

*****