ဘဒ္ဒသာလဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၆၅။ ဘဒ္ဒသာလဇာတ် (၂)


ဒွါဒသကနိပါတ်

၂။ ဘဒ္ဒသာလဇာတ်

တယောက်ကောင်းက အပေါင်းချမ်းသာ

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကာ တွံ သုဒ္ဓေဟိ ဝတ္ထေဟိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဘဒ္ဒသာလဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ဆွေတော် မျိုးတော်တို့၏ အကျိုး စီးပွားအလို့ငှာ ကျင့်တော်မူခြင်းကို အကြောင်း ပြု၍ ဟောတော်မူ၏။

ထိုစကားကို ချဲ့ဦးအံ့။ သာဝတ္ထိပြည်ဝယ် အနာထပိဏ်သူဌေးအိမ်၌ ငါးရာကုန်သော ရဟန်းတို့အား အမြဲ ဆွမ်းကျွေး၏။ ဝိသာခါ ဒါယိကာမအိမ်၌၎င်း, ကောသလ မင်းကြီး၏ နန်းတော်၌၎င်း ထိုအနာထပိဏ်သူဌေးအတူ ငါးရာကုန်သော ရဟန်းတို့အား အမြဲဆွမ်းကျွေးခြင်းသည် ဖြစ်၏။ ကောသလမင်းကြီး နန်းတော်၌ကား ကောသလ မင်းကြီးသည် အထူးထူးသော မြတ်သော အရသာရှိသော ဘောဇဉ်တို့ကို အကယ်၍ကား လှူ၏။ ထိုသို့ လှူငြားသော်လည်း ထိုကောသလမင်းကြီး၏ နန်းတော်၌ ရဟန်းတို့နှင့် အကျွမ်းဝင်သော တစုံတယောက်သောသူသည် မရှိ၊ ထို့ကြောင့် ရဟန်းတို့သည် မင်း၏နန်းတော်၌ ဆွမ်းမစားကုန်၊ ဆွမ်းကိုယူ၍ အနာထပိဏ် သူဌေးအိမ်သို့၎င်း, ဝိသာခါ ဒါယိကာမအိမ်သို့၎င်း တပါးကုန်သော အကျွမ်းဝင်ကုန်သော သူတို့၏အိမ်သို့၎င်း သွား၍ စားကုန်၏။

ကောသလမင်းကြီးသည် တနေ့သ၌ ဆောင်ခဲ့သော ပဏ္ဏာလက်ဆောင်ကို ရဟန်းတို့အား လှူကြကုန်ဟု ဆွမ်းစားစရပ်သို့ ပို့စေ၍ ဆွမ်းစားစရပ်၌ ရဟန်းတို့သည် မရှိပါကုန်ဟု လျှောက်သည်ရှိသော် အဘယ်သို့ သွားကုန်သနည်း ဟု မေးတော်မူ၍ မိမိ၏ အကျွမ်းဝင်သော အိမ်တို့၌နေ၍ စားကုန်၏ ဟု ကြား၍ နံနက်စာ စားပြီးသော် မြတ်စွာဘုရား အထံတော်သို့ သွား၍ အရှင်ဘုရား ဘောဇဉ်မည်သည်ကား အဘယ်ဘောဇဉ်သည်လျှင် အရသာရှိသနည်း ဟု မေးလျှောက်၏။ မြတ်သောမင်းကြီး အကျွမ်းဝင်သော ဘောဇဉ်သည် အလွန်အရသာရှိ၏။ အနည်းငယ်သော ပအုံးရေမျှသည်လည်း အကျွမ်းဝင်သော သူတို့သည် လှူအပ်သည်ရှိသော် အလွန် ချိုမြိန်ကောင်းမြတ်သည်ဟု မိန့်တော်မူ၏။

အရှင်ဘုရား ရဟန်းတို့အား အဘယ်သူနှင့်တကွ အကျွမ်းဝင်ခြင်းသည် ဖြစ်ပါသနည်း ဟု မေးလျှောက်၏။ မြတ်သောမင်းကြီး ရဟန်းတို့သည် အဆွေအမျိုးတို့နှင့်၎င်း, သာကီဝင်မင်းမျိုးတို့နှင့်၎င်း တကွအကျွမ်းဝင်၏ ဟု မိန့်တော်မူသည်ရှိသော် ထို့နောင်မှ ကောသလမင်းကြီးသည် ကြံ၏။ တယောက်သော သာကီဝင်မင်းသမီးကို ဆောင်၍ မိဖုယားကြီးပြုအံ့၊ ဤသို့ပြုသည်ရှိသော် ငါနှင့်တကွ ရဟန်းတို့၏ ဆွေမျိုးသည် ဖြစ်လတ္တံ့ဟု ကြံ၏။ ကြံပြီး၍ ထိုကောသလမင်းကြီးသည် နေရာမှထ၍ နန်းတော်သို့ သွားပြီးလျှင် ကပိလဝတ်ပြည်သို့ တမန်စေတော်မူ၏။ ငါ့အား သာကီဝင် မင်းသမီးတယောက်ကို ပေးကုန်လော့၊ ငါသည် သင်တို့နှင့်တကွ ဆွေမျိုးဖြစ်လို၏ ဟု စေလိုက်၏။

သာကီဝင်မင်းမျိုးတို့သည် တမန်စကားကို ကြားကုန်လျှင် စည်းဝေး၍ ကြံကြကုန်၏။ ငါတို့သည် ကောသလမင်း၏ အာဏာနှံ့ရာအရပ်၌ နေရကုန်၏။ အကယ်၍ သတို့သမီးကို မပေးကုန်အံ့၊ ကြီးစွာသော ခိုက်ရန်သည် ဖြစ်လတ္တံ့၊ အကယ်၍ ပေးချေအံ့ ငါတို့ အမျိုးအနွယ်သည် ပျက်လတ္တံ့၊ ထို့ကြောင့် အသို့ပြုရအံ့နည်း ဟု တိုင်ပင်ကုန်၏။ ထိုအခါ သာကီဝင်မင်းတို့ကို မဟာနာမ်မင်းသည် ဆို၏။ မစိုးရိမ်ကြကုန်လင့်၊ ငါ၏သမီးသည် ဝါသဘခတ္တိယာမည်၏။ နာဂမုဏ္ဍာမည်သော ကျွန်မ၏ဝမ်း၌ ဖြစ်၏။ ထိုမင်းသမီးသည် အသက် တဆယ့်ခြောက်နှစ်ရှိပြီ၊ မြတ်သောအဆင်းကို ဆောင်၏။ တင့်တယ်ခြင်းသို့ ရောက်၏။ အဖ၏အစွမ်းဖြင့် မင်းမျိုးတည်း၊ ထိုဝါသဘခတ္တိယာမင်းသမီးကို စေကုန်အံ့ ဟု ဆို၏။

သာကီဝင်မင်းတို့သည် ကောင်းပြီ ဟု ဝန်ခံကုန်၍ တမန်တို့ကို ခေါ်စေပြီးလျှင် ကောင်းပြီ၊ သတို့သမီးကို ပေးကုန်အံ့၊ ယခုပင် ထိုသတို့သမီးကိုယူ၍ သွားကုန်လော့ ဟု ဆိုကုန်၏။ တမန်တို့သည် ကြံကြကုန်၏။ ဤသာကီဝင် မင်းမျိုးတို့သည်ကား အမျိုးကိုမှီ၍ အလွန်မာန်တက်တတ်ကုန်၏။ ငါတို့အား ကျွန်မသမီးကို ကျွန်မ မဟုတ်ဟုဆို၍ ကျွန်မငယ်ကိုသော်လည်း ပေးကုန်ရာ၏။ ထိုသာကီဝင်မင်းတို့နှင့်တကွ ထမင်းတပွဲတည်းစားသော မင်းသမီးကိုသာလျှင် ယူကုန်အံ့ ဟု ကြံကြကုန်၏။ ကြံကုန်ပြီး၍ ထိုတမန်တို့သည် ဤသို့ဆိုကုန်၏။ ငါတို့သည် ယူ၍ သွားကုန်သည်ရှိသော် အကြင်မင်းသမီးသည် သင်တို့နှင့်တကွ ထမင်းတပွဲတည်း စား၏ ထိုမင်းသမီးကိုသာလျှင် ယူကုန်အံ့ဟု ဆိုကုန်၏။

သာကီဝင်မင်းတို့သည် တမန်တို့အား နေရာအရပ်ကို ပေးစေ၍ အသို့ပြုရကုန်အံ့နည်း ဟု ကြံကြကုန်၏။ မဟာနာမ်မင်းသည် သင်တို့သည် မကြံကြကုန်လင့်၊ ငါသည် ဥပါယ်တမျဉ်ကိုပြုအံ့၊ သင်တို့သည် ထမင်းစားသောအခါ၌ ဝါသဘခတ္တိယာကို တန်ဆာဆင်၍ ဆောင်ခဲ့ကုန်၊ ငါသည် ထမင်းတလုပ်ကို ယူကာမျှ၌ အရှင်မင်းကြီး ဤမည်သောမင်းသည် အမှာစာကို စေ၏။ ဤသတင်းစကားကို ရှေးဦးစွာ နာတော်မူကုန်လော့ဟုဆို၍ အမှာစာကို ပြကြကုန်လော့ ဟု ဆို၏။ သာကီဝင်မင်းတို့သည် ကောင်းပြီ ဟု ဝန်ခံကုန်၍ ထိုမဟာနာမ်မင်းကြီးသည် ထမင်းစားသည်ရှိသော် ဝါသဘခတ္တိယာကို တန်ဆာဆင်ကုန်၍ သမီးတော်ကို ဆောင်ခဲ့ကုန်၊ ငါနှင့်အတူ ထမင်းစားစေလော့ ဟု ဆို၏။ ထိုအခါ ဝါသဘခတ္တိယာကို တန်ဆာဆင်၍ ထိုသို့တန်ဆာဆင်သော ခဏ၌သာလျှင် အတန်ငယ် ကြာမြင့်ခြင်းကိုပြု၍ ဆောင်ခဲ့ကုန်၏။ ထိုဝါသဘခတ္တိယာသည် အဖနှင့်တကွ ထမင်းစားအံ့ဟုဆို၍ ထမင်းတပွဲတည်း၌ လက်ကိုချ၏။ မဟာနာမ်မင်းကြီးသည်လည်း ထိုသမီးနှင့်တကွ ထမင်းတလုပ်ကိုကိုင်၍ ခံတွင်း၌ထား၏။ ဒုတိယ ထမင်းတလုပ်အလို့ငှါ လက်ကိုဆန့်သည်ရှိသော် အရှင်မင်းကြီး ဤမည်သောမင်းသည် မှာစာကို စေအပ်၏။ ဤသတင်းစကားကို နာတော်မူဦးလော့ ဟု ဆို၍ အမှာစာကို ဆက်ကုန်၏။

မဟာနာမ်မင်းသည် ချစ်သမီး ချစ်သမီးသည် စားလော့ ဟု ဆို၍ လကျ်ာလက်ကို ထမင်းပွဲ၌သာလျှင် အစဉ်ထားသည်ကိုပြု၍ လက်ဝဲလက်ဖြင့်ကိုင်၍ အမှာစာကိုကြည့်၏။ မဟာနာမ်မင်းကြီးသည် ထိုသတင်းစကားကို စုံစမ်းဆင်ခြင်စဉ်လျှင် မင်းသမီးသည်စား၏။ မဟာနာမ်မင်းကြီးသည် မင်းသမီးစားပြီးသောအခါ လက်ကိုဆေး၍ ခံတွင်းကိုဆေး၏။ ထိုသို့ တပွဲတည်း ထမင်းစားသည်ကိုမြင်လျှင် တမန်တို့သည် မဟာနာမ်မင်းကြီး သမီးတော်မှန်ပေ၏ဟု ဆုံးဖြတ်ခြင်းကို ပြုကြကုန်၏။ တမန်တို့သည် အထူးကိုသိခြင်းငှါ မတတ်နိုင်။

မဟာနာမ်မင်းကြီးသည် များသော ပူဇော် သက္ကာရတို့ဖြင့်၎င်း, များစွာသော အခြံအရံဖြင့်၎င်း သမီးတော်ကို ကောသလမင်းကြီးအား ပို့စေ၏။ တမန်တို့သည်လည်း ထိုမင်းသမီးကို သာဝတ္ထိပြည်သို့ ဆောင်၍ ဤမင်းသမီးသည် အမျိုးနှင့် ပြည့်စုံ၏။ မဟာနာမ်မင်းကြီး၏ သမီးတော်တည်း ဟု တင်လျှောက်၏။ ကောသလမင်းကြီးသည် အလွန်နှစ်သက်သည်ဖြစ်၍ အလုံးစုံသော မြို့တော်ကို တန်ဆာဆင်စေပြီးလျှင် ဝါသဘခတ္တိယာ မင်းသမီးကို ရတနာအစု၌ထား၍ မိဖုယားကြီးအရာ၌ အဘိသိက်သွန်းစေ၏။ ထိုမိဖုယားကို ကောသလမင်းကြီးသည် အလွန်ချစ်နှစ်သက်တော်မူ၏။ ထိုအခါ ဝါသဘခတ္တိယာ မင်းသမီးအား မကြာမြင့်မီလျှင် ကိုယ်ဝန်သည် တည်၏။ ကောသလမင်းကြီးသည် ကိုယ်ဝန် အစောင့်အရှောက်ကို ပေးတော်မူ၏။ ထိုမင်းသမီးသည် ဆယ်လလွန်သဖြင့် ရွှေအဆင်းနှင့်တူသော အဆင်းရှိသော သားတော်ကို ဖွား၏။ ထိုအခါ သားတော်ကို အမည်မှည့်အံ့သောနေ့၌ မင်းကြီးသည် ဘိုးတော် မဟာနာမ် မင်းကြီးအထံသို့ စေလိုက်၏။ သာကီဝင် မင်းသမီးဖြစ်သော ဝါသဘခတ္တိယာ မင်းသမီးသည် သားကို ဖွားမြင်၏။ မြေးတော်အား အမည်ကို အသို့မှည့်ရအံ့နည်း ဟု စေလိုက်၏။ ထိုသတင်းစကားကို ယူ၍သွားသော အမတ်သည် အတန်ငယ် နားပင်း၏ ထိုအမတ်သည် ဘိုးတော် မဟာနာမ်မင်းကြီးအား ကြားလျှောက်၏။

ဘိုးတော် မာနာမ်မင်းကြီးသည် ထိုစကားကိုကြား၍ ဝါသဘခတ္တိယာသည် သားကို မဖွားဘဲလျက်လည်း အလုံးစုံသောသူတို့ကို လွှမ်းမိုး၏။ ယခုမူကား အလွန်လျှင် မင်းအား အကျွမ်းဝင်သည် ဖြစ်လတ္တံ့ဟု ဆို၏။ ထိုနားပင်းသော အမတ်သည် ဝလ္လဘ-ဟူသော စကားကို မကောင်းသဖြင့်ကြား၍ ဝိဋဋူဘ-ဟူ၍ မှတ်မိသဖြင့် မင်းသို့ကပ်၍ အရှင်မင်းကြီး မင်းသားအမည်ကို ဝိဋဋူဘဟူ၍ မှည့်ကုန်သတတ်ဟု လျှောက်၏။ ကောသလ မင်းကြီးသည် ရှေး၌မင်းပေးသော အမည်ဖြစ်လတ္တံ့ဟု ကြံ၍ ဝိဋဋူဘ ဟူသောအမည်ကို မှည့်တော်မူ၏။ ထိုအခါမှစ၍ မင်းသားသည် မင်းသားတို့၏ အဆောင်အရွက်ဖြင့်ကြီးသည်ဖြစ်၍ ခုနစ်နှစ်အရွယ် ရှိသောအခါ၌ တပါးကုန်သော မင်းသားတို့အား အဘိုးအဘွားအိမ်မှ ဆင်ရုပ်ငယ်, မြင်းရုပ်ငယ် အစရှိသည်တို့ကို ဆောင်ခဲ့ကုန်သည်တို့ကို မြင်၍ မယ်တော်ကို မေး၏။

မိခင်-တပါးသော မင်းသားတို့အားကား အဘိုး-အဘွားအိမ်မှ လက်ဆောင်ပဏ္ဏာကို ဆောင်ခဲ့ကုန်၏။ အကျွန်ုပ်အား တစုံတယောက်သောသူသည် တစုံတခုကိုမျှ မပို့စေ၊ အသို့နည်း မိခင်သည် မယ်တော် ခမည်းတော် မရှိသလော ဟု မေး၏။ ထိုအခါ သားတော်ကို မယ်တော်သည် ချစ်သား သာကီဝင်မင်းတို့သည် သင်ချစ်သားတို့၏ ဘိုးတော်တည်း၊ ထိုသာကီဝင်မင်းတို့သည် ဝေးသောအရပ်၌ နေကုန်၏။ ထိုသို့ ဝေးသောကြောင့် ဘိုးတော်တို့သည် တစုံတခုကိုမျှ မစေကုန် ဟု ဆို၍ သားတော်ကို လှည့်စား၏။

တဖန် တဆယ့်ခြောက်နှစ်ရှိသောအခါ မိခင် ကျွန်ုပ်သည် ဘိုးတော်မဟာနာမ်မင်းကြီး၏ အမျိုးကို ဖူးမြင်လို၏ ဟု ဆို၏။ ချစ်သား ထိုအရပ်သို့သွား၍ အသို့ပြုအံ့နည်း ဟု တားမြစ်သော်လည်း အဖန်တလဲလဲ တောင်းပန်၏။ ထိုအခါ မင်းသား၏ မယ်တော်သည် ထိုသို့တပြီးကား သွားလေလော့ ဟု ဝန်ခံ၏။ သားတော် ဝိဋဋူဘမင်းသားသည် ခမည်းတော် ကောသလမင်းကြီးအား ကြားလျှောက်၍ များစွာသော အခြံအရံဖြင့် ထွက်၏။ ဝါသဘခတ္တိယာသည် ရှေးဦးစွာ အမှာစာကို ပို့နှင့်စေ၏။ အကျွန်ုပ်သည် ဤအရပ်၌ ချမ်းသာစွာ နေရပါ၏။ အရှင်တို့သည် တစုံတခုသော အထူးကို မပြပါကုန်လင့် ဟု စေလိုက်၏။

သာကီဝင်မင်းတို့သည် ဝိဋဋူဘ လာသည်ကို သိကုန်၍ ရှိခိုးခြင်းငှါ မတတ်နိုင်ကုန်၊ ထိုဝိဋဋုဘအောက် ငယ်ကုန် ငယ်ကုန်သော မင်းသားတို့ကို ဇနပုဒ်သို့ စေလိုက်ကုန်၏။ ဝိဋဋူဘ မင်းသားသည် ကပိလဝတ်ပြည်သို့ ရောက်သည်ရှိသော် သာကီဝင်မင်းသားတို့သည် စည်းဝေးရာအရပ်၌ ထိုင်ကုန်၏။ ဝိဋဋူဘမင်းသားသည် စည်းဝေးရာအရပ်သို့သွား၍ တည်၏။ ထိုအခါ ဝိဋဋုဘမင်းသားကို ချစ်သား ဤသူသည် သင်မင်းသား၏ ဘိုးတော်တည်း၊ ဤသူသည် သင်မင်းသား၏ ဦးရီးတော်တည်း ဤသို့ အစရှိသည်ကို ပြောဆိုကြကုန်၏။ ဝိဋဋူဘမင်းသားသည် အလုံးစုံသော သာကီဝင်မင်းတို့ကို ရှိခိုးလျက် လှည့်လည်၏။ ထိုဝိဋဋူဘမင်းသားသည် အဆုံးတိုင်အောင် နှစ်သက်လျက် ရှိခိုး၍ မိမိကို ရှိခိုးသော တယောက်သော သူမျှကိုလည်း မမြင်၍ အဘယ့်ကြောင့် ကျွန်ုပ်ကို ရှိခိုးသောသူတို့သည် မရှိကုန်သနည်းဟု မေး၏။ သာကီဝင်မင်းတို့သည် ချစ်သား- သင်ချစ်သား၏ ညီတော် ဖြစ်ကုန်သော မင်းသားတို့သည် ဇနပုဒ်သို့ သွားကြကုန်၏ ဟု ဆို၍ ထိုဝိဋဋူဘ မင်းသားအား ပူဇော်သက္ကာရကို ပြုကုန်၏။

ဝိဋဋူဘ မင်းသားသည် နှစ်ရက်-သုံးရက်နေပြီးလျှင် များစွာသော အခြံအရံဖြင့် ထွက်ခဲ့၏ ထိုသို့ ဝိဋဋူဘမင်းသား ထွက်ပြီးသောအခါ တယောက်သော ကျွန်မသည် စည်းဝေးရာအရပ်၌ ဝိဋဋူဘ မင်းသားနေသောပျဉ်ကို ဤပျဉ်သည် ဝါသဘခတ္တိယာ ကျွန်မသားနေသော ပျဉ်တည်း ဟု ဆဲရေးလျက် နို့ရည်ဖြင့် ဆေး၏။ မင်းချင်းယောက်ျားတယောက်သည် မိမိလက်နက် မေ့ရစ်သဖြင့် ပြန်လည်၍ ထိုလက်နက်ကို ယူသည်ရှိသော် ဝိဋဋူဘ မင်းသားအား ဆဲရေးသော အသံကိုကြား၍ ထိုအကြောင်းကိုမေး၍ ဝါသဘခတ္တိယာသည် ကျွန်မဝမ်း၌ဖြစ်သော မဟာနာမ်သာကီဝင်မင်းကြီး၏ သမီးတော်တည်း ဟု သိလျှင် သွား၍ ဗိုလ်စုကို ပြော၏။ ဝါသဘခတ္တိယာသည် ကျွန်မသမီးဖြစ်သတတ်ဟု ကြီးစွာသော အုတ်အုတ်ကျက်ကျက်သည် ဖြစ်၏။ ဝိဋဋူဘ မင်းသားသည် ထိုစကားကိုကြား၍ ဤသာကီဝင်မင်းတို့သည် ငါ၏နေရာပျဉ်ကို နို့ရည်ဖြင့် ဆေးလင့်ကုန်စေဦး၊ ငါသည်ကား မင်းဖြစ်သောအခါ ထိုသာကီဝင်မင်းတို့၏ လည်ချောင်းသွေးကို ယူ၍ ငါ၏နေရာပျဉ်ကို ဆေးအံ့ ဟု စိတ်ကိုဖြစ်စေ၏။

ထို ဝိဋဋူဘမင်းသားသည် သာဝတ္ထိပြည်သို့ ရောက်သည်ရှိသော် မှူးတော်မတ်တော်တို့သည် အလုံးစုံသော ထိုအကြောင်းကို ကောသလမင်းကြီးအား တင်လျှောက်ကုန်၏။ ကောသလမင်းကြီးသည် အလုံးစုံသော သာကီဝင်မင်းတို့သည် ငါ့အား ကျွန်မသမီးကို ပေးကုန်၏ ဟု သာကီဝင်မင်းတို့အား အမျက်ထွက်၍ ဝါသဘခတ္တိယာအား၎င်း, သားတော် ဝိဋဋူဘအား၎င်း ပေးတော်မူသော အဆောင်အရွက်ကို နုတ်၍ ကျွန်ယောက်ျား ကျွန်မိန်းမတို့သည် ရအပ်သော အဆောင်အရွက်မျှကိုသာလျှင် ပေးတော်မူ၏။ ထိုနောက်မှ နှစ်ရက်သုံးရက်လွန်သဖြင့် သဗ္ဗညူမြတ်စွာဘုရားသည် ကောသလမင်းကြီး နန်းတော်သို့ ကြွတော်မူ၍ နေတော်မူ၏။ ကောသလမင်းကြီးသည် မြတ်စွာဘုရားကို ရှိခိုး၍ အရှင်ဘုရား အရှင်ဘုရားတို့၏ ဆွေတော် မျိုးတော်တို့သည် ကျွန်မသမီးကို ကျွန်ုပ်အား ပေးသတတ်၊ ထို့ကြောင့် အကျွန်ုပ်သည် သားနှင့်တကွ ဝါသဘခတ္တိယာ၏ အဆောင်အရွက် စည်းစိမ်အခြံအရံကို ဖြတ်၍ ကျွန်ယောက်ျား ကျွန်မိန်းမတို့သည် ရအပ်သော စည်းစိမ်အခြံအရံမျှကို ပေး၏ ဟု လျှောက်၏။ သဗ္ဗညူမြတ်စွာဘုရားသည် မြတ်သောမင်းကြီး သာကီဝင်မင်းတို့သည် မသင့်သည်ကို ပြုဘိ၏။ ပေးသောသူတို့မည်သည်ကား တူသော အမျိုးရှိသောသူကို ပေးအပ်၏။ မြတ်သောမင်းကြီး ထိုသို့ ကျွန်မသမီးပင် ဖြစ်သော်လည်း ဤဝါသဘခတ္တိယာသည် ရေမြေကိုအစိုးရသော မင်းမြတ်၏ နန်းတော်၌ အဘိသိက် သွန်းခြင်းသို့ရောက်၏။ သားတော် ဝိဋဋူဘသည်လည်း ရေမြေကိုအစိုးရသော မင်းကိုစွဲ၍ ဖြစ်၏။ အမိမျိုးမည်သည် အဘယ်ပြုအံ့နည်း၊ အဖမျိုးသာလျှင် ပမာဏတည်း၊ ထိုသို့ အဖမျိုးသာလျှင် ပမာဏဖြစ်သောကြောင့် ရှေးပညာရှိတို့သည် ဆင်းရဲလှစွာသော ထင်းခွေမိန်းမအား မိဖုယားကြီးအရာကို ပေးဘူးကုန်ပြီ၊ ထိုထင်းခွေမိန်းမ၏ ဝမ်း၌ဖြစ်သောသားသည် တဆယ့်နှစ်ယူဇနာရှိသော ဗာရာဏသီပြည်ကြီး၌ မင်းအဖြစ်ကိုပေး၍ ကဋ္ဌဝါဟနမည်သော မင်းဖြစ်ဘူးပြီဟု မိန့်တော်မူ၍ ကဋ္ဌဝါဟနဇာတ်ကို ဟောတော်မူ၏။

ကောသလမင်းကြီးသည် မြတ်စွာဘုရား၏ တရားစကားကို နာရ၍ အဖအမျိုးသာလျှင် ပမာဏဖြစ်သတတ်ဟု ကြားရလျှင် နှစ်သက်၍ မိသားနှစ်ယောက်တို့အား ပကတိ ပေးမြဲသော အဆောင်အရွက် စည်းစိမ်အခြံအရံကိုသာလျှင် ပေးစေတော်မူ၏။ ကောသလမင်းကြီး၏ကား ဗန္ဓုလ အမည်ရှိသော စစ်သူကြီးသည် မလ္လိကာမည်သော မိမိမယားကို သင်သည် မြုံ၏။ သင့်မိဘအိမ်သို့သာလျှင် သွားလေလော့ ဟု ဆို၍ ကုသိနာရုံပြည်သို့ စေ၏။ ထိုမလ္လိကာသည်လည်း သဗ္ဗညူမြတ်စွာဘုရားကို ဖူးမြင်၍သာလျှင် သွားအံ့ ဟုကြံ၍ ဇေတဝန် ကျောင်းတော်သို့ဝင်ပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍ တင့်အပ်သောအရပ်၌ နေသည်ရှိသော် မလ္လိကာ အဘယ်မည်သော အရပ်သို့ သွားအံ့နည်း ဟု မေးတော်မူသည်ရှိသော် အရှင်ဘုရား အကျွန်ုပ်၏လင်သည် မိဘအိမ်သို့ ပို့စေ၏ ဟု နားတော်လျှောက်သည်ရှိသော် အဘယ့်ကြောင့် ပို့စေသနည်း ဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား အကျွန်ုပ်သည် မြုံ၏။ သားမရှိပေ။ ထို့ကြောင့် ပို့စေ၏ ဟု နားတော် လျှောက်သည်ရှိသော် အကယ်၍ မြုံသောကြောင့် သားမရှိသောကြောင့် မိဘအိမ်သို့ ပို့စေသည်ဖြစ်အံ့၊ ဤသို့ ဖြစ်သည်ရှိသော် သွားအံ့သောကိစ္စ မရှိ၊ သင်ပြန်လေလော့ ဟု မိန့်တော်မူသည်ရှိသော် မလ္လိကာသည် နှစ်သက်သည်ဖြစ်၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် အိမ်သို့သာလျှင် ပြန်လေ၏။

အဘယ်ကြောင့် ပြန်လာသနည်း ဟု မေးသည်ရှိသော် မြတ်စွာဘုရားသည် ပြန်စေတော်မူ၏ ဟု ဆို၏။ ဗန္ဓုလစစ်သူကြီးသည် မြတ်စွာဘုရားသည် သားရအံ့သော အကြောင်းကို မြင်တော်မူသည် ဖြစ်လတ္တံ့ ဟု ဆို၏။ မလ္လိကာသည် မကြာမီ ကိုယ်ဝန်ကိုရလျှင် ဖြစ်သောချင်ခြင်း ရှိသည်ဖြစ်၍ ငါ့အား ချင်ခြင်းသည် ဖြစ်၏ ဟု လင်အားကြား၏။ ချင်ခြင်းသည် အဘယ်နည်း ဟု မေးသည်ရှိသော် ဝေသာလီမြို့၌ လိစ္ဆဝီမင်းတို့၏ အဘိသိက်သွန်းရာဖြစ်သော မင်္ဂလာရေကန်တော်သို့ ဆင်း၍ ရေချိုးသဖြင့် ရေကို သောက်လိုသည် ဖြစ်၏ဟု ဆို၏။ ဗန္ဓုလစစ်သူကြီးသည် ကောင်းပြီ ဟု ဆို၍ ဗိုလ်တထောင်တင်နိုင်သော လေးကိုယူ၍ မလ္လိကာကို ရထား၌ စီးစေပြီးလျှင် သာဝတ္ထိပြည်မှ ထွက်၍ ရထားကိုနှင်လျက် ဝေသာလီပြည်သို့ဝင်၏။

ထိုအခါ ကောသလမင်းနှင့်၎င်း, ဗန္ဓုလစစ်သူကြီးနှင့်၎င်း တဆရာတည်း အတတ်သင်ဘက်ဖြစ်သော မဟာလိမည်သော လိစ္ဆဝီမင်းသည် မျက်စိမမြင်သည်ဖြစ်၍ လိစ္ဆဝီမင်းတို့အား အကျိုးအကြောင်းကို ဆုံးမလျက် မြို့တံခါးအနီး၌နေ၏။ ထိုမဟာလိသည် ဗန္ဓုလစစ်သူကြီးရထား၏ တံခါး၌ ထိခိုက်သံကိုကြား၍ ဤရထားသံသည် ဗန္ဓုလမလ္လမင်း၏ ရထားသံတည်း၊ ယနေ့ လိစ္ဆဝီမင်းတို့အား ဘေးသည် ဖြစ်လတ္တံ့ဟု ဆို၏။ မင်္ဂလာရေကန်၏ အတွင်းအပ၌ အစောင့်အရှောက်ထား၍ ရေကန်ပေါ်၌ သံကွန်ယက်ကို ကြက်၏။ ငှက်တို့၏သော်လည်း အခွင့်သည် မရှိ၊ ဗန္ဓုလစစ်သူကြီးသည် ရထားမှ ဆင်းသက်၍ အစောင့်အရှောက်လူတို့ကို သန်လျက်ဖြင့် ပုတ်ခတ်လျက် ပြေးစေပြီးလျှင် သံကွန်ယက်ကို ဖြတ်၍ ရေကန်တွင်းသို့ မယားမလ္လိကာကို ဆင်းသက်စေ၍ ရေကိုချိုးစေ သောက်စေပြီးလျှင် မိမိလည်း ရေချိုးပြီးလျှင် မလ္လိကာကို ရထားသို့တင်၍ ဝေသာလီပြည်မှ ထွက်ခဲ့၍ လာသောခရီးဖြင့်သာလျှင် သွား၏။ အစောင့်အရှောက်တို့သည် သွား၍ လိစ္ဆဝီမင်းတို့အား ကြားလျှောက်ကုန်၏။ လိစ္ဆဝီမင်းတို့သည် အမျက်ထွက်ကုန်၍ ရထားငါးရာတို့ကို တက်စီးကုန်၍ ဗန္ဓုလမလ္လမင်းကို ဖမ်းကုန်အံ့ဟု ထွက်ကုန်၏။ ထိုအကြောင်းကို မဟာလိအားကြားကုန်၏။ မဟာလိသည် မလိုက်ကြကုန်လင့်၊ ထိုစကားသည် မှန်၏။ ထိုဗန္ဓုလမလ္လမင်းသည် အလုံးစုံသော လိစ္ဆဝီမင်းတို့ကို သတ်လတ္တံ့ ဟု ဆို၏။

ထိုလိစ္ဆဝီမင်းတို့သည်လည်း ငါတို့သည် လိုက်အံ့သည်သာတည်း ဟု ဆိုကုန်၏။ ထိုသို့တပြီးကား ရထားလှည်းဘီး ပုံတောင်းတိုင်အောင် မြေသို့ဝင်သောအရာတို့ကို မြင်သည်ရှိသော် ပြန်ခဲ့ကြကုန်၊ ထိုအရပ်မှ မပြန်ခဲ့ကုန်သည်ရှိသော် ရှေ့မှ မိုယ်ကြိုးသံကဲ့သို့ အသံကို ကြားကုန်လတ္တံ့၊ ထိုအရပ်မှ ပြန်ခဲ့ကြကုန်၊ ထိုအရပ်မှ မပြန်ခဲ့ကုန်သည်ရှိသော် သင်တို့၏ ရထားဦးတို့၌ အပေါက်ကို မြင်ကုန်လတ္တံ့၊ ထိုအရပ်မှ ပြန်ခဲ့ကြကုန်၊ ရှေ့သို့ မလိုက်ကြကုန်လင့် ဟု ဆို၏။ ထိုလိစ္ဆဝီမင်းတို့သည် မဟာလိ၏ စကားဖြင့် မပြန်မူ၍ လိုက်ကုန်၏။

မလ္လိကာသည် မြင်၍ အရှင်ရထားတို့သည် ထင်ကုန်၏ ဟု ဆို၏။ ဗန္ဓုလသည် ထိုသို့တပြီးကား ရထားအပေါင်းတို့ကို တစီးတည်းကဲ့သို့ ထင်သောအခါ ငါ့အား ကြားလော့ ဟု ဆို၏။ မလ္လိကာသည် အကြင်အခါ အလုံးစုံသော ရထားငါးရာတို့သည် တစီးတည်းကဲ့သို့ ဖြစ်၍ ထင်ကုန်၏။ ထိုအခါ မလ္လိကာသည် အရှင်ရထားဦး တစီးတည်းကဲ့သို့ ထင်ပြီ ဟု ဆို၏။ ဗန္ဓုလသည် ထိုသို့တပြီးကား ဤရထားကြိုးတို့ကို ကိုင်လော့ ဟု ဆို၏။ မလ္လိကာအား ရထားကြိုးကိုပေး၍ ထိုဗန္ဓုလသည် ရထား၌ ရပ်လျက် လေးကိုတင်၏ ရထားလှည်းဘီးသည် ပုံတောင်းတိုင်အောင် မြေသို့ဝင်၏။ လိစ္ဆဝီမင်းတို့သည် ထိုအရပ်ကို မြင်ကုန်၍လည်း မပြန်ကုန်၊ ဗန္ဓုလသည် အတန်ငယ် သွား၍ လေးညှို့ကိုဖြန့်၏။ ထိုလေးညှို့ဖြန့်သောအသံသည် မိုဃ်းကြိုးသံကဲ့သို့ ဖြစ်၏။ ထိုလိစ္ဆဝီမင်းတို့သည် ထိုအရပ်မှလည်း မပြန်ကုန်၊ လိုက်ကုန်သည် ဖြစ်၍ သွားကုန်သည်သာတည်း၊ ဗန္ဓုလသည် ရထား၌ တည်လျက်သာလျှင် မြှားတစင်းကို ပစ်၏။ ထိုမြားသည် ရထားငါးရာတို့၏ ရထားဦးကို ဖောက်၍ လိစ္ဆဝီမင်းငါးရာတို့၏ ပျဉ်ဝတ် ချပ်တန်ဆာဖွဲ့ရာအရပ်၌ ဖောက်ထွင်း၍ မြေသို့ဝင်၏။ ထိုလိစ္ဆဝီမင်းတို့သည် မိမိအား မြားဖောက်ထွင်းသော အဖြစ်ကို မသိကုန်၍ ဟယ်-လူပျက် ရပ်လော့ ဟု ဆိုကုန်လျက် လိုက်ကုန်၏။

ဗန္ဓုလသည် မိမိရထားကို ရပ်စေလျက် သင်တို့သည် သေကုန်ပြီ၊ သူသေတို့နှင့်တကွ ငါ့အား စစ်ထိုးခြင်း မည်သည် မရှိ ဟု ဆို၏။ လိစ္ဆဝီမင်းတို့သည် သေသောသူတို့သည် ငါတို့နှင့်တူသည် မဖြစ်ကုန် ဟု ဆိုကုန်၏။ ထိုသို့ တပြီးကား နောက်ဆုံးလူ၏ ချပ်ဝတ်တန်ဆာကို ဖြေကြကုန်လော့ ဟု ဆို၏။ ထိုလိစ္ဆဝီမင်းတို့သည် ဖြေကုန်၏။ ထိုသူသည် ဖြေ၍လွတ်ကာမျှ၌ သေ၍ လဲ၏။ ထိုအခါ အလုံးစုံသော လိစ္ဆဝီမင်းတို့ကို သင်တို့သည်လည်း ဤအတူ သေကုန်သည်သာတည်း၊ မိမိအိမ်တို့သို့ သွားပြီးလျှင် စီရင် မှာထားဘွယ်ကို မှာထား၍ သားမယားတို့ကို ဆုံးမပြီးမှ ပျဉ်ဝတ် ချပ်တန်ဆာကို ဖြေကြလေကုန် ဟု ဆိုလိုက်၏။ ထိုလိစ္ဆဝီမင်းတို့သည် ဗန္ဓုလဆိုတိုင်း ပြု၍ အလုံးစုံသော လိစ္ဆဝီမင်းငါးရာတို့သည် အသက်ကုန်ခြင်းသို့ ရောက်ကုန်၏။ ဗန္ဓုလသည် မလ္လိကာကို သာဝတ္ထိပြည်သို့ ဆောင်၏။

ထိုမလ္လိကာသည် တဆယ့်ခြောက်ကြိမ်တိုင်အောင် နှစ်ယောက်စီနှစ်ယောက်စီ အစုံဖြစ်သော သားတို့ကို ဖွား၏။ ထိုအလုံးစုံသော သုံးကျိပ်နှစ်ယောက်ကုန်သော သားတို့သည်လည်း အလွန် ရဲရင့်ကုန်၏။ အစွမ်းခွန်အားနှင့် ပြည့်စုံကုန်၏။ အလုံးစုံသော သားတို့သည် အတတ်၏ အပြီးသို့ ရောက်ကုန်၏။ တယောက် တယောက်သော သားအားလည်း ယောက်ျားကောင်း တထောင်စီ အခြံအရံရှိသည်ဖြစ်၏။ အဖဗန္ဓုလနှင့်တကွ မင်းအိမ်သို့ သွားကုန်သည်ရှိသော် ထိုအခြံအရံတို့ဖြင့်သာလျှင် မင်းယင်ပြင်သည် ပြည့်၏။ ထိုအခါ တနေ့သ၌ တရားဆုံးဖြတ်ရာ အရပ်ဝယ် စဉ်းလဲသော အစီအရင်ကြောင့် တရားရှုံးကုန်သော သူတို့သည် ဗန္ဓုလလာလတ်သည်ကို မြင်၍ သည်းစွာသော ငိုကြွေးခြင်းကို ငိုကြွေးကုန်လျက် တရားစီရင်သော အမတ်တို့၏ စဉ်းလဲစဉ်းစား တရားစီရင်ကြောင်းကို ထိုဗန္ဓုလ စစ်သူကြီးအား လျှောက်ကုန်၏။ ထိုဗန္ဓုလ စစ်သူကြီးသည်လည်း တရားစီရင်ရာသို့ သွားပြီးလျှင် ထိုတရားကို သုတ်သင်စီရင်၍ ဥစ္စာရှင်ဖြစ်သော သူကိုသာလျှင် ဥစ္စာရှင်ပြု၍ ဥစ္စာရှင် မဟုတ်သောသူကို ဥစ္စာရှင် မဟုတ်သည်ကို ပြု၏။ လူများအပေါင်းသည် သည်းစွာသောအသံဖြင့် ကောင်းချီးပေးခြင်းကို ဖြစ်စေ၏။ ကောသလမင်းကြီးသည် ဤအသံကား အဘယ်အသံနည်းဟု မေး၍ ထိုအကြောင်းကို ကြားတော်မူရလျှင် အလွန် နှစ်သက်တော်မူသည်ဖြစ်၍ အလုံးစုံသော တရားသူကြီးဖြစ်ကုန်သော အမတ်တို့ကို အရာမှချ၍ ဗန္ဓုလစစ်သူကြီးအားသာလျှင် တရားသူကြီးအရာကို အပ်နှင်းတော်မူ၏။ ဗန္ဓုလစစ်သူကြီးည် ထိုနေ့မှစ၍ ကောင်းစွာ စီရင်ဆုံးဖြတ်၏။ ထို့နောင်မှ တရားသူကြီးမင်းတို့သည် တံစိုးလက်ဆောင်ကို မရကုန်ရကား နည်းသော လာဘ်ရှိသည်ဖြစ်၍ ဗန္ဓုလစစ်သူကြီးသည် မင်းအဖြစ်ကို တောင့်တ၏ ဟု မင်းအိမ်၌ ဖျက်ကုန်၏။ ကောသလမင်းကြီးသည် ထိုဖျက်သော စကားကိုယူ၍ စိတ်ကို နှိပ်ခြင်းငှါ မတတ်နိုင်၊ ဤသူကို ဤအရပ်၌ သတ်သည်ရှိသော် ကဲ့ရဲ့ခြင်းသည် ဖြစ်လတ္တံ့ဟု ကြံပြန်၏။ မင်းစေ ခိုးသူတို့ဖြင့် ပစ္စန္တရစ်ကို တိုက်ခိုက်စေ၍ ထိုခိုးသူတို့ကိုပြေးစေပြီးလျှင် ပြန်သောအခါ ခရီးအကြား၌ သားတို့နှင့်တကွ သတ်ခြင်းငှါ သင့်၏ဟု ကြံပြီးလျှင် ဗန္ဓုလစစ်သူကြီးကို ခေါ်စေ၍ ပစ္စန္တရစ်သည် ပုန်ကန်သတတ်၊ သင်ကား သားတို့နှင့်တကွ သွား၍ ခိုးသူတို့ကို ဖမ်းချေလော့ဟု စေတော်မူ၍ ထိုအရပ်၌သာလျှင် သုံးကျိပ်နှစ်ယောက်သော သားတို့နှင့်တကွ ဗန္ဓုလစစ်သူကြီး၏ ဦးခေါင်းကိုဖြတ်၍ ဆောင်ကုန်လော့ဟု ဆို၍ ဗန္ဓုလစစ်သူကြီး သားအဖတို့နှင့်တကွ တပါးလည်းဖြစ်ကုန်သော စွမ်းနိုင်ကုန်သော သူရဲတို့ကို စေတော်မူ၏။

ထိုဗန္ဓုလစစ်သူကြီးသည် ပစ္စန္တရစ်သို့သွား၍ ဗန္ဓုလစစ်သူကြီး လာ၏ဟု ကြားလျှင် မင်းစေ ခိုးသူတို့လည်း ပြေးကုန်၏။ ဗန္ဓုလစစ်သူကြီးသည် ထိုအရပ်ကို နေစေ၍ ဇနပုဒ်ကို တည်ထားခဲ့ပြီးလျှင် ပြန်ခဲ့၏။ ထိုသို့ ပြန်သောအခါ မြို့မှ မနီးမဝေးသော အရပ်၌ သူရဲကောင်းတို့သည် သားနှင့်တကွ ဗန္ဓုလစစ်သူကြီး၏ ဦးခေါင်းကို ဖြတ်ကုန်၏။ ထိုနေ့၌ မလ္လိကာသည် ရဟန်းငါးရာတို့နှင့်တကွ အဂ္ဂသာဝက နှစ်ပါးတို့ကို ပင့်ဘိတ်အပ်ကုန်၏။ ထိုအခါ မလ္လိကာအား နံနက်အခါ၌ သားတို့နှင့်တကွ သင့်လင်ဦးခေါင်းကို ဖြတ်ကုန်ပြီဟူသော အမှာစာကိုဆောင်ခဲ့၍ ပေးကုန်၏။ မလ္လိကာသည် ထိုအကြောင်းကို သိ၍ တစုံတယောက်သောသူအား တစုံတခုသော စကားကိုမျှ မဆိုမူ၍ အမှာစာကို ခါးပိုက်၌ထား၍ ရဟန်းသံဃာတို့ကိုသာလျှင် ဆွမ်းကျွေး၏။ ထိုအခါ မလ္လိကာ၏ အလုပ်အကျွေး မိန်းမသည် ရဟန်းတို့အား ဆွမ်းကိုလှူပြီး၍ ထောပတ်အိုးတို့ကို ဆောင်ခဲ့သည်ရှိသော် မထေရ်တို့၏ရှေ့မှ ထောပတ်အိုးတို့သည် ကွဲကုန်၏။ တရားစစ်သူကြီးဖြစ်တော်မူသော အရှင်သာရိပုတ္တရာ မထေရ်သည် ဒါယိကာမ ကွဲပြိုတတ်သော သဘောသည် ကွဲပြိုတတ်၏။ မစိုးရိမ်အပ်ကုန် ဟု မိန့်တော်မူ၏။ ထိုမလ္လိကာသည် ခါးပိုက်မှ အမှာစာကိုထုတ်၍ သုံးကျိပ်နှစ်ယောက်သော သားတို့နှင့်တကွ ဦးခေါင်းကို ဖြတ်ကုန်၏ဟု အကျွန်ုပ်အား မှာစာကို ဆောင်ခဲ့ကုန်၏။ အကျွန်ုပ်သည် ဤစကားကို ကြားလျက်လည်း မစိုးရိမ်ပါ၊ အရှင်ဘုရား ထောပတ်အိုးကွဲခြင်းကြောင့် အသို့စိုးရိမ်အံ့နည်း ဟု လျှောက်၏။ အရှင်သာရိပုတ္တရာသည် အကြောင်းကိုမူကား သိအပ်၏။ ဤသို့ အစရှိသည်တို့ကို မိန့်တော်မူ၍ တရားဟောပြီးလျှင် နေရာမှထ၍ ကျောင်းတော်သို့ ကြွတော်မူ၏။

ထိုမလ္လိကာသည်လည်း သုံးကျိပ်နှစ်ယောက်ကုန်သော ချွေးမတို့ကိုခေါ်၍ သင်တို့၏လင်တို့သည် မိမိတို့၏ ရှေးကံအကျိုးကို ရကုန်၏။ သင်တို့သည် မစိုးရိမ်ကြကုန်လင့်၊ မင်း၏ အပေါ်၌ နှလုံးပြစ်မှားခြင်းကို မပြုကြကုန်လင့် ဟု ဆုံးမ၏။ ကောသလမင်းကြီး၏ အချင်းယောက်ျားတို့သည်လည်း ထိုစကားကိုကြား၍ မလ္လိကာတို့၏ ဒေါသမရှိသောအဖြစ်ကို ကောသလမင်းကြီးအား တင်လျှောက်ကုန်၏။ ကောသလမင်းကြီးသည် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ မလ္လိကာ၏အိမ်သို့ သွားတော်မူပြီးလျှင် မလ္လိကာကို၎င်း, ချွေးမတို့ကို၎င်း သည်းခံစေ၍ မလ္လိကာအား ဆုပေးတော်မူ၏။ ထိုမလ္လိကာသည် အကျွန်ုပ်သည် ထိုဆုကို ယူအပ်ပါသည် ဖြစ်ပါစေ ဟု ဆို၍ ကောသလမင်းကြီး သွားသည်ရှိသော် မတကဘတ်ဆွမ်းကိုလှူ၍ မင်းသို့ကပ်ပြီးလျှင် အရှင်မင်းကြီး အရှင်မင်းကြီးတို့သည် အကျွန်ုပ်တို့အား ဆုကို ပေးတော်မူ၏။ အကျွန်ုပ်တို့သည် တပါးဆုကို အလိုမရှိပါ၊ သုံးကျိပ်နှစ်ယောက်သောချွေးမတို့သည်၎င်း အကျွန်ုပ်သည်၎င်း မိဘအိမ်သို့ သွားခြင်းကို ခွင့်ပြုတော်မူပါကုန်လော့ ဟု လျှောက်၏။ ကောသလမင်းကြီးသည် ဝန်ခံတော်မူ၏။

ထိုမလ္လိကာသည် သုံးကျိပ်နှစ်ယောက်သော ချွေးမတို့အား မိမိတို့၏အိမ်သို့စေပြီးလျှင် မိမိသည် ကုသိနာရုံပြည် မိမိအိမ်သို့ သွားလေ၏။ ကောသလမင်းကြီးသည် ဗန္ဓုလစစ်သူကြီး၏ တူဖြစ်သော ဒီဃကာရာယနအား စစ်သူကြီးအရာကို ပေးတော်မူ၏။ ထိုဒီဃကာရာယနသည်ကား ဤမင်းသည် ငါ၏ဦးရီးကို သတ်၏ ဟု မင်းအား သတ်ခွင့်ကိုရှာလျက် ကျင့်၏။ ကောသလမင်းကြီးသည် အပြစ်မရှိသော ဗန္ဓုလစစ်သူကြီးကို သတ်သောအခါမှစ၍ နှလုံး မသာယာရကား စိတ်၏ချမ်းသာခြင်းကို မရ၊ မင်းစည်းစိမ်ကို မခံစားနိုင်၊ ထိုအခါ သဗ္ဗညူမြတ်စွာဘုရားသည် သာကီဝင် မင်းမျိုးတို့၏ ဝေဠု မည်သော နိဂုံးကို အမှီပြု၍ နေတော်မူ၏။ ကောသလမင်းကြီးသည် ထိုနိဂုံးသို့သွား၍ ကျောင်းတော်မှ မနီးမဝေးသောအရပ်၌ သစ်တပ်ကို တည်ပြီးလျှင် များစွာသော အခြံအရံဖြင့် မြတ်စွာဘုရားကို ရှိခိုးအံ့ဟု ကျောင်းတော်သို့သွား၍ မင်းမြောက်တန်ဆာ ငါးပါးတို့ကို ဒီဃကာရာယန စစ်သူကြီးအားပေး၍ ကိုယ်တော်တယောက်တည်းသာလျှင် ဂန္ဓကုဋိတော်သို့ ဝင်လေ၏။ အလုံးစုံသောစကားကို ဓမ္မစေတိယသုတ်ကို အစဉ်မှီးသဖြင့် သိအပ်၏။

ထိုကောသလမင်းသည် ဂန္ဓကုဋီသို့ ဝင်သည်ရှိသော် ဒီဃကာရာယန စစ်သူကြီးသည် ထိုမင်းမြောက်တန်ဆာ ငါးပါးတို့ကိုယူ၍ သားတော် ဝိဋဋူဘကို မင်းပြုစေပြီးလျှင် ကောသလမင်းကြီး၏ မြင်းနှင့် လုပ်ကျွေးသော ကိုယ်လုပ်တော် တယောက်ကို ပြန်စေ၍ သာဝတ္ထိပြည်သို့ သွားလေ၏။ ကောသလမင်းကြီးသည် မြတ်စွာဘုရားနှင့် တကွ ချစ်ဘွယ်သော စကားကို ပြောဆို၍ ဂန္ဓကုဋိမှထွက်ခဲ့သည်ရှိသော် စစ်သည်-ရဲမက်တော်တို့ကို မမြင်လျှင် ထိုပြန်စေသော ကိုယ်လုပ်တော်ကိုမေး၍ ထိုအကြောင်းကို ကြားသိရလျှင် ငါ့တူတော် အဇာတသတ်ကိုခေါ်၍ လာလတ်ပြီးလျှင် ဝိဋဋူဘကိုဖမ်းအံ့ ဟုကြံ၍ ရာဇဂြိုဟ်ပြည်သို့ သွားသည်ရှိသော် ညဉ့်အခါမဲ့၌ တံခါးတို့သည် ပိတ်ကုန်သည်ရှိသော် မြို့တွင်းသို့ဝင်ခြင်းငှါ မတတ်နိုင်သည်ဖြစ်၍ တခုသော စရပ်၌ အိပ်လတ်သော် လေ, နေပူတို့ကြောင့် အလွန် ပင်ပန်းသည်ဖြစ်၍ ညဉ့်အခါ ထိုစရပ်၌ပင်လျှင် သေလေ၏။

ညဉ့်သည် လင်းလတ်သော် ထိုကိုယ်လုပ်တော်သည် ကောသလတိုင်းသူတို့ကို အစိုးရတော်မူသော အရှင်မင်းကြီး ယခုအခါ ကိုးကွယ်ရာမရှိသည် ဖြစ်တော်မူ၏ ဟု ငိုကြွေးသော ကိုယ်လုပ်တော်၏ အသံကိုကြား၍ အဇာတသတ်မင်းကြီးအား တင်လျှောက်ကုန်၏။ အဇာတသတ် မင်းကြီးသည် ဦးရီးတော် ကောသလမင်းကြီးအား များစွာသော ပူဇော်သက္ကာရဖြင့် သင်္ဂြိုဟ်ခြင်း ကိစ္စကို ပြုတော်မူ၏။ ထိုဝိဋဋူဘသည်လည်း မင်းအဖြစ်ကိုရလျှင် သာကီဝင်မင်းတို့၌ စွဲမှတ်သော ထိုရန်ကို အောက်မေ့၍ အလုံးစုံသော သာကီဝင်မင်းမျိုးတို့ကို သတ်အံ့ ဟုကြံ၍ များစွာသော စစ်သည်ဗိုလ်ပါဖြင့် မြို့မှထွက်၏။

ထိုနေ့၌ သဗ္ဗညူမြတ်စွာဘုရားသည် မိုးသောက်ထအခါ၌ သတ္တလောကကို ကြည့်တော်မူလတ်သော် ဆွေတော်မျိုးတော်အပေါင်း၏ ပျက်စီးခြင်းကို မြင်တော်မူ၍ ဆွေတော် မျိုးတော်တို့အား ထောက်ပံ့ခြင်းကို ပြုခြင်းငှါ သင့်၏ဟု ကြံတော်မူ၍ နံနက်အခါ ဆွမ်းအလို့ငှာ ကြွတော်မူ၍ ဆွမ်းခံရွာမှ ဖဲခဲ့ပြီးသော် ဂန္ဓကုဋိတော်၌ ခြင်္သေ့မင်း၏ အိပ်ခြင်းနှင့်တူသော ကျိန်းအိပ်တော်မူခြင်းကို ပြုတော်မူ၍ ညချမ်းအခါ ကောင်းကင်ခရီးဖြင့် ကြွတော်မူ၍ ကပိလဝတ်ပြည်တော်၏ အနီးဖြစ်သော ပါးသော အရိပ်ရှိသော တခုသော ဇီးပင်ရင်း၌ နေတော်မူ၏။ ထိုဇီးပင်မှ မနီးမဝေး၌ ဝိဋဋူဘမင်း၏ နိုင်ငံအပိုင်းအခြားအတွင်း၌ ချမ်းအေးသော အရိပ်ရှိသော ပညောင်ပင်သည်ရှိ၏။ ထိုဝိဋဋူဘသည် မြတ်စွာဘုရားကို မြင်၍ အထံတော်သို့ ကပ်ပြီးလျှင် အရှင်ဘုရား အဘယ့်ကြောင့် ဤသို့သဘောရှိသော ပူသောအခါ၌ ဤပါးသော အရိပ်ရှိသော ဇီးပင်ရင်း၌ နေတော်မူဘိသနည်း၊ ချမ်းအေးသော အရိပ်ရှိသော ထိုပညောင်ပင်ရင်း၌ နေတော်မူကုန်လော့ ဟု နားတော်လျှောက်သည်ရှိသော် မြတ်သောမင်းကြီး ထိုသို့ရှိသည်မူလည်းဖြစ်စေ ဆွေမျိုးတို့၏ အရိပ်မည်သည်ကား အလွန်ချမ်းအေး၏ ဟု မိန့်တော်မူလတ်သော် မြတ်စွာဘုရားသည် ဆွေမျိုးတို့ကို စောင့်ရှောက်ခြင်းငှာ ကြွတော်မူလာသည် ဖြစ်လတ္တံ့ ဟု ကြံ၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် သာဝတ္ထိပြည်သို့သာလျှင် ပြန်လေ၏။

မြတ်စွာဘုရားသည်လည်းကောင်းကင်သို့ ပျံတက်၍ ဇေတဝန်ကျောင်းသို့ ကြွတော်မူ၏။ ဝိဋဋူဘမင်းကြီးသည် သာကီဝင်မင်းတို့၏ အပြစ်ကို အောက်မေ့၍ နှစ်ကြိမ်မြောက်ထွက်၍ ရှေးအတူသာလျှင် မြတ်စွာဘုရားကို မြင်၍လျှင် တဖန်ပြန်၏။ သုံးကြိမ်မြောက်၌ထွက်၍ ထိုရှေးအတူလျှင် မြတ်စွာဘုရားကို မြင်၍ ပြန်၏။ လေးကြိမ်မြောက်၌ကား ဝိဋဋူဘမင်းကြီး ထွက်သည်ရှိသော် မြတ်စွာဘုရားသည် သာကီဝင်မင်းတို့၏ ရှေးကံကို ကြည့်တော်မူ၍ ထိုသာကီဝင်မင်းတို့၏ မြစ်၌ အဆိပ်ခပ်ဖူးသော ကံ၏ မတားမြစ်နိုင်သောအဖြစ်ကို သိတော်မူ၍ လေးကြိမ်မြောက်၌ ကြွတော်မမူ၊ ဝိဋဋုဘသည် နို့စိုသူငယ်တို့ကို အစပြု၍ အလုံးစုံသော သာကီဝင်မင်းမျိုးတို့ကို သတ်ပြီးလျှင် လည်ချောင်းသွေးဖြင့် နေရာပျဉ်ကိုဆေး၍ ပြန်ခဲ့၏။ မြတ်စွာဘုရားသည် သုံးကြိမ်မြောက်၌ ကြွတော်မူသည်မှ ပြန်ခဲ့၍ နက်ဖြန်နေ့၌ ဆွမ်းအလို့ငှါ ကြွတော်မူ၍ ဆွမ်းဘုဉ်းပေးခြင်းကိစ္စ ပြီးလတ်၍ ဂန္ဓကုဋီသို့ ဝင်တော်မူသည်ရှိသော် အရပ်ထက်ဝန်းကျင်မှ စည်းဝေးလာကုန်သော ရဟန်းတို့သည် တရားသဘင်၌ နေကုန်၍ ငါ့သျှင်တို့ သဗ္ဗညူမြတ်စွာဘုရားသည် ကိုယ်တော်ကို ပြတော်မူသဖြင့် ဝိဋဋူဘမင်းကြီးကို ပြန်လည်စေ၍ ဆွေတော်မျိုးတော်တို့ကို သေဘေးမှ လွတ်စေတော်မူ၏။ ဤသို့ မြတ်စွာဘုရားသည် ဆွေမျိုးတော်တို့၏ အကျိုးစီးပွားကို ကျင့်တော်မူ၏ ဟု သဗ္ဗညူမြတ်စွာဘုရား၏ ကျေးဇူးတော်စကားကို ပြောဆိုကုန်၏။

သဗ္ဗညူမြတ်စွာဘုရားသည် ကြွလာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်းတို့ ယခုအခါ၌သာလျှင် ငါဘုရားသည် ဆွေတော်မျိုးတော်တို့၏ အကျိုးစီးပွားကို ကျင့်တော်မူသည် မဟုတ်သေး၊ ရှေး၌လည်း ကျင့်ဘူးသည်သာလျှင်တည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သော မင်းသည် ရာဇဓံဆယ်ပါးကို မပျက်စေမူ၍ တရားနှင့်အညီ မင်းပြုသည်ရှိသော် တနေ့သ၌ ကြံ၏။ ဇမ္ဗူဒီပါကျွန်းအပြင်၌ မင်းတို့သည် များသောတိုင်ရှိကုန်သော ပြာသာဒ်တို့၌ နေကုန်၏။ ထို့ကြောင့် များစွာကုန်သောတိုင်တို့ဖြင့် ပြာသာဒ်ကို ပြုခြင်းမည်သည်အံ့ဘွယ်မရှိ၊ အကယ်၍ကား ငါသည် တတိုင်တည်းသာရှိသော နန်းပြာသာဒ်ကိုပြုအံ့၊ ဤသို့ပြုသည်ရှိသော် ခပ်သိမ်းသော မင်းတို့ထက် မြတ်သောမင်းကြီး ဖြစ်လတ္တံ့ဟု ကြံ၏။ ကြံပြီး၍ ထိုဗြဟ္မဒတ်မင်းသည် လက်သမားကိုခေါ်စေ၍ ငါ့အား တင့်တယ်ခြင်းသို့ရောက်သော တပင်တိုင်နန်းပြာသာဒ်ကို ပြုလော့ ဟု ဆို၏။

ထိုလက်သမားသည် ကောင်းပြီဟုဝန်ခံ၍ ဖြောင့်ဖြောင့် ကြီးကုန်သော တပင်တိုင် နန်းပြာသာဒ်ပြုခြင်းငှါ ထိုက်ကုန်သော များစွာကုန်သော သစ်ပင်တို့ကိုမြင်၍ ဤသစ်ပင်တို့သည် ရှိကုန်၏။ ခရီးသည်ကား မညီမညွတ်၊ ထိုသစ်ပင်ကို ဤအရပ်သို့ ချခြင်းငှါ မတတ်နိုင်၊ မင်းအား ကြားအံ့ဟု ကြံ၍ ကြံတိုင်းပြုကုန်၏။ မင်းသည် တစုံတခုသော အကြောင်းဖြင့် တဖြည်းဖြည်း ချကုန်လော့ ဟု ဆို၍ အရှင်မင်းကြီး တစုံတခုသော အကြောင်းဖြင့် မတတ်နိုင်ပါ ဟုဆိုသည်ရှိသော် ထိုသို့တပြီးကား ငါ၏ဥယျာဉ်တော်၌ သစ်တပင်ကို စုံစမ်းကြကုန်လော့ ဟု ဆို၏ လက်သမားသည် ဥယျာဉ်တော်သို့သွား၍ တပင်သော ဖြောင့်သော ရွာ, နိဂုံးသူတို့သည် ပူဇော်အပ်သော မင်းမျိုးမှလည်း ရအပ်သော ပူဇော်ခြင်းရှိသော မင်္ဂလာအင်ကြင်းပင်ကို မြင်၍ မင်း၏ အထံသို့ သွားပြီးလျှင် ထိုအကြောင်းကို ကြားလျှောက်၏။ မင်းသည် ဥယျာဉ်တော်သို့ရောက်သော သစ်ပင်မည်သည်ကား ငါနှင့်စပ်၏။ အချင်းတို့ သွားချေကုန်၊ ထိုသစ်ပင်ကို ဖြတ်ကုန်လော့ဟု ဆို၏။ ထိုသူတို့သည် ကောင်းပြီဟု ဝန်ခံကုန်၍ ပန်းနံ့သာ အစရှိသည်တို့ကို လက်စွဲကုန်လျက် ဥယျာဉ်တော်သို့သွား၍ သစ်ပင်၌ နံ့သာဖြင့် လက်ငါးချောင်းရာကို ပေးပြီးလျှင် ချည်ဖြင့်ရံ၍ ပန်းကုံးဖွဲ့၍ ဆီမီးညှိစေသဖြင့် ပူဇော်သက္ကာရကို ပြု၍ ဤနေ့မှ ခုနစ်ရက်မြောက်သောနေ့၌ လာ၍ သစ်ပင်ကို ဖြတ်ကုန်အံ့၊ မင်းသည် ဖြတ်စေတော်မူ၏။ ဤမင်္ဂလာအင်ကြင်းပင်၌ ဖြစ်သော နတ်သည် တပါးသော အရပ်သို့ သွားပါကုန်၊ ငါတို့အား အပြစ်မရှိဟု ကြား၏။

ထိုအခါ အင်ကြင်းပင်၌ဖြစ်သော နတ်သားသည် ထိုစကားကို ကြား၍ မချွတ်လျင် ဤလက်သမားတို့သည် ဤသစ်ပင်ကို ဖြတ်ကုန်လတ္တံ့၊ ငါ၏ဗိမာန်သည် ပျက်စီးလတ္တံ့၊ စင်စစ်သော်ကား ငါ၏အသက်သည် ဗိမာန်လျှင် အပိုင်းအခြားရှိ၏။ ငါ၏ အသက်သည် မရှိပြီ၊ ဤသစ်ပင်ကိုခြံရံ၍ တည်ကုန်သော အင်ကြင်းပင်ငယ်တို့၌ ဖြစ်ကုန်သော ငါ၏ အဆွေအမျိုးနတ်တို့အားလည်း များစွာကုန်သော ဗိမာန်တို့သည် ပျက်စီးကုန်လတ္တံ့၊ ငါ၏ဆွေမျိုးဖြစ်ကုန်သော နတ်တို့၏အသက်သည်လည်း ဗိမာန်လျှင် အပိုင်းအခြားရှိကုန်၏။ စင်စစ်သော်ကား ငါ့ကို မိမိ၏ ဗိမာန်၌ ပျက်စီးခြင်းသည် နှိပ်စက်သကဲ့သို့ ထို့အတူ ဆွေမျိုးတို့အားလည်း နှိပ်စက်၏။ ထို့ကြောင့် ငါသည် ထိုဆွေမျိုးတို့၏ အသက်ကို ပေးခြင်းငှါ သင့်၏ဟု ကြံ၍ ညဉ့်သန်းခေါင်ယံအခါ၌ နတ်၌ဖြစ်သော တန်ဆာတို့ဖြင့် တန်ဆာဆင်လျက် မင်း၏ ကြက်သရေရှိသော တိုက်ခန်းသို့ဝင်၍ အလုံးစုံသော တိုက်ခန်းကို တပြိုင်နက်သော အလင်းကိုပြု၍ ဦးခေါင်းရင်းနံပါး၌ ငိုလျက်ရပ်၏။ မင်းသည် ထိုနတ်ကိုမြင်လျှင် ကြောက်လန့်သည်ဖြစ်၍ ထိုနတ်နှင့်တကွ စကားပြောလိုရကား-

၁၃။ ကာ တွံ သုဒ္ဓေဟိ ဝတ္ထေဟိ၊ အဃေ ဝေဟာယသံ ဌိတာ။
ကေန တျဿူနိ ဝတ္တန္တိ၊ ကုတော တံ ဘယ မာဂတံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၁၃။ တွံ၊ သင်သည်။ သုဒ္ဓေဟိ၊ စင်ကြယ်ကုန်သော။ ဝတ္ထေဟိ၊ အဝတ်တန်ဆာတို့ဖြင့်။ အဃေ၊ ထိပါးခြင်းမရှိသော။ ဝေဟာယသံ၊ ကောင်းကင်၌။ ဌိတာ၊ တည်၏။ ကာ၊ အဘယ်သူနည်း။ ကေန၊ အဘယ်အကြောင်းကြောင့်။ တေ၊ သင်၏။ အဿူနိ၊ မျက်ရည်တို့သည်။ ဝတ္တန္တိ၊ ဖြစ်ကုန်သနည်း။ ကုတော၊ အဘယ်အရပ်မှ။ တံ၊ သင့်ကို။ ဘယံ၊ ဘေးသည်။ အာဂတံ၊ ရောက်သနည်း။

ထို့နောင် နတ်မင်းသည်-

၁၄။ တဝေဝ ဒေဝ ဝိဇိတေ။ ဘဒ္ဒသာလောတိ မံ ဝိဒူ။
သဋ္ဌိဝဿ သဟဿာနိ၊ တိဋ္ဌတော ပူဇိတဿ မေ။
၁၅။ ကာရယန္တာ နဂရာနိ၊ အဂါရေ စ ဒိသမ္ပတိ။
ဝိဝိဓေ စာပိ ပါသာဒေ၊ န မံ တေ အစ္စမညိသုံ။
ယထေဝ မံ တေ ပူဇေသုံ၊ တထေဝ တွမ္ပိ ပူဇယ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၄။ ဒေဝ၊ အရှင်မင်းကြီး။ တဝ၊ ရှင်မင်းကြီး၏။ ဝိဇိတေ ဧဝ၊ နိုင်ငံ၌သာလျှင်။ ဘဒ္ဒသာလောတိ၊ ဘဒ္ဒသာလဟူ၍။ မံ၊ ငါ့ကို။ ဝိဒူ၊ သူခပ်သိမ်းတို့ သိကုန်၏။ ပူဇိတော၊ လူအပေါင်းတို့သည် ပူဇော်အပ်သည်ဖြစ်၍။ တိဋ္ဌတော၊ တည်သော။ အဿ မေ၊ ထိုငါ့အား။ သဋ္ဌိဝဿသဟဿာနိ၊ အနှစ်ခြောက်သောင်း ရှိကုန်ပြီ။

၁၅။ ဒိသမ္ပတိ၊ အရပ်မျက်နှာတို့၏ အရှင်ဖြစ်တော်မူသော မင်းမြတ်။ နဂရာနိ စ၊ မြို့တို့ကို၎င်း။ ဝိဝိဓေ၊ အထူးထူး အပြားပြားရှိကုန်သော။ ပါသာဒေ စာပိ၊ ပြာသာဒ်တို့ကို၎င်း။ ကာရယန္တာ၊ ပြုကုန်သော။ တေ၊ ထိုရှေးမင်းတို့သည်။ မံ၊ ငါ့ကို။ န အစ္စမညိသုံ၊ မညှဉ်းဆဲကုန်။ တေ၊ ထိုရှေးမင်းတို့သည်။ မံ၊ ငါ့ကို။ ပူဇေသုံ ယထာ၊ ပူဇော်ကုန်သကဲ့သို့။ တထေဝ၊ ထို့အတူသာလျှင်။ တွမ္ပိ၊ အရှင်မင်းကြီးသည်လည်း။ ပူဇယ၊ ပူဇော်တော်မူလော့။

ထို့နောင်မှ မင်းသည်-

၁၆။ တံ ဣဝါဟံ န ပဿာမိ၊ ထူလံ ကာယေန တေ ဒုမံ။
အာရောဟ ပရိဏာဟေန၊ အဘိရူပေါသိ ဇာတိယာ။
၁၇။ ပါသာဒံ ကာရယိဿာမိ၊ ဧကတ္ထမ္ဘံ မနောရမံ။
တတ္ထ တံ ဥပနေဿာမိ၊ စိရံ တေ ယက္ခ ဇီဝိတံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၆။ ဘဒ္ဒသာလ၊ ဘဒ္ဒသာလနတ်မင်း။ တေ၊ သင်၏။ ကာယေန၊ ဗိမာန်နှင့်။ သမံ၊ တူသော။ တံ ဣဝ၊ သင်၏ ဗိမာန်ကဲ့သို့။ ထူလံ၊ ကြီးသော။ ဒုမံ၊ သစ်ပင်ကို။ အဟံ၊ ငါသည်။ န ပဿာမိ၊ မမြင်။ တွံယေဝ၊ သင်သည်သာလျှင်။ အာရောဟ ပရိဏာဟေန၊ အလုံးအရပ်အားဖြင့်။ ဇာတိယာ၊ ပေါက်ကတည်းက။ အဘိရူပေါ၊ အလွန်အဆင်း လှသည်။ အသိ၊ ဖြစ်၏။

၁၇။ ဧကတ္ထမ္ဘံ၊ သည်တိုင်တချောင်းသာရှိသော။ မနောရမံ၊ မွေ့လျော်ဘွယ်ရှိသော။ ပါသာဒံ၊ ပြာသာဒ်ကို။ ကာရယိဿာမိ၊ ငါပြုစေအံ့။ တတ္ထ၊ ထိုတပင်တိုင်နန်းပြာသာဒ်သို့။ တံ၊ သင်နတ်မင်းကို။ ဥပနေဿာမိ၊ ငါဆောင်အံ့။ ယက္ခ၊ နတ်မင်း။ တေ၊ ရှင်နတ်မင်းအား။ စိရံ၊ မြင့်ရှည်စွာ။ ဇီဝိတံ၊ အသက်သည်။ ဘဝိဿတိ၊ လတ္တံ့။

ထိုစကားကို ကြား၍ နတ်မင်းသည်-

၁၈။ ဧဝံ စိတ္တံ ဥဒပါဒိ၊ သရီရေန ဝိနာဘာဝေါ။
ပုထုသော မံ ဝိကန္တိတွာ၊ ခဏ္ဍသော အဝကန္တထ။
၁၉။ အဂ္ဂေ စ ဆေတွာ မဇ္ဈေ စ၊ ပစ္ဆာ မူလမှိ ဆိန္ဒထ။
ဧဝံ မေ ဆိဇ္ဇမာနဿ၊ န ဒုက္ခံ မရဏံ သိယာ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၁၈။ ဒေဝ၊ အရှင်မင်းကြီး။ သရီရေန၊ ငါ့ဗိမာန်နှင့်။ ဝိနာဘာဝေါ၊ ကင်း၍မဖြစ်။ ဧဝံ၊ ဤသို့။ စိတ္တံ၊ စိတ်သည်။ ဥဒပါဒိ၊ ဖြစ်အံ့။ ပုထုသော၊ များသောအားဖြင့်။ မံ၊ ငါ့ကို။ ဝိကန္တိတွာ၊ ဖြတ်သည်ရှိသော်။ ခဏ္ဍသော၊ အပိုင်းအပိုင်း။ အဝကန္တထ၊ ဖြတ်ကုန်လော့။

၁၉။ အဂ္ဂေ စ၊ အဖျားတို့ကို၎င်း။ မဇ္ဈေ စ၊ အလယ်တို့ကို၎င်း။ ဆေတွာ၊ ဖြတ်ပြီးသည်ရှိသော်။ ပစ္ဆာ၊ နောက်မှ။ မူလ၊ အရင်း၌။ ဆိန္ဒထ၊ ဖြတ်ကုန်လော့။ ဟိ သစ္စံ၊ မှန်၏။ ဧဝံ၊ ဤသို့ဖြတ်သည်ရှိသော်။ ဆိဇ္ဇမာနဿ၊ ပြတ်သော။ မေ၊ ငါ့အား။ ဒုက္ခံ၊ ဆင်းရဲသော။ မရဏံ၊ သေခြင်းသည်။ နသိယာ၊ မဖြစ်ရာ။

ထို့နောင်မှ မင်းသည်-

၂၀။ ဟတ္ထပါဒေ ယထာ ဆိန္နေ၊ ကဏ္ဏနာသဉ္စ ဇီဝတော။
တတော ပစ္ဆာ သိရေ ဆိန္နေ၊ တံ ဒုက္ခံ မရဏံ သိယာ။
၂၁။ သုခံ နု ခဏ္ဍသော ဆိန္နံ၊ ဘဒ္ဒသာလ ဝနပ္ပတိ။
ကိံဟေတု ကိမုပါဒယ၊ ခဏ္ဍသော ဆိန္နမိစ္ဆသိ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၂၀။ ဘဒ္ဒသာလ၊ အင်ကြင်းပင်လှနတ်။ ဇီဝတာ၊ အသက်ရှိသောသူအား။ ယထာ၊ အကြင်အခြင်းဖြင့်။ ဟတ္ထပါဒေ စ၊ လက်ခြေတို့ကို၎င်း။ ကဏ္ဏနာသဉ္စ၊ နား, နှာခေါင်းတို့ကို၎င်း။ ဆိန္နေ၊ ဖြတ်ပြီးသော်။ တတော ပစ္ဆာ၊ ထိုနောက်မှ။ သိရေ၊ ဦးခေါင်းကို။ ဆိန္နေ၊ ဖြတ်သည်ရှိသော်။ ဒုက္ခံ၊ ဆင်းရဲစွာသော။ တံ မရဏံ၊ ထိုသေခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။

၂၁။ ဝနပ္ပတိ၊ တောစိုးသစ်ပင်ရှင်ဖြစ်သော။ ဘဒ္ဒသာလ၊ အင်ကြင်းပင်လှနတ်မင်း။ ခဏ္ဍသော၊ အဖျားမှပိုင်း၍။ ဆိန္နံ၊ ဖြတ်သည်ရှိသော်။ မရဏံ၊ သေခြင်းသည်။ သုခံ နု၊ သက်သာသလော။ ကိံ ဟေတု၊ အဘယ်အကြောင်းကြောင့်။ ကိံ၊ အဘယ်ကို။ ဥပါဒါယ၊ စွဲ၍။ ခဏ္ဍသော၊ အဖျားမှပိုင်း၍။ ဆိန္နံ၊ ဖြတ်ခြင်းကို။ ဣစ္ဆသိ၊ အလိုရှိဘိသနည်း။

ထိုအခါ မင်းအား ကြားလိုသည်ဖြစ်၍ ဘဒ္ဒသာလ နတ်မင်းသည်-

၂၂။ ယဉ္စ ဟေတုံ ဥပါဒါယ၊ ဟေတု ဓမ္မူပသံဟိတံ။
ခဏ္ဍသော ဆိန္နမိစ္ဆာမိ၊ မဟာရာဇ သုဏောဟိ မေ။
၂၃။ ဉာတီ မေ သုခသံဝဍ္ဎာ၊ မမ ပဿေ နိဝါသိနော။
တေပိ ဟံ ဥပဟိံသေယျုံ၊ ပရေသံ အသုခေါစိတံ။

ဟူသော နှစ်ဂါထာတို့ကို ဆို၏။

၂၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဟေတု ဓမ္မူပသံဟိတံ၊ အကြောင်းအကျိုးနှင့်စပ်သော။ ယဉ္စ ဟေတုံ၊ အကြင်အကြောင်းကိုလျှင်။ ဥပါဒါယ၊ စွဲ၍။ ခဏ္ဍသော၊ အဖျားမှစ၍ အပိုင်းအပိုင်း။ ဆိန္နံ၊ ဖြတ်ခြင်းကို။ အဟံ၊ ငါသည်။ ဣစ္ဆာမိ၊ အလိုရှိ၏။ တံ ဟေတုံ၊ ထိုအကြောင်းကို။ သုဏေဟိ၊ နာတော်မူလော့။

၂၃။ မေ၊ ငါ၏။ ဉာတီ၊ အဆွေအမျိုးတို့သည်။ သုမသံဝဍ္ဎာ၊ ချမ်းသာစွာ ကြီးကုန်သည်ဖြစ်၍။ မမ၊ ငါ၏။ ပဿေ၊ အနီးအပါး၌။ နိဝါသိနော၊ နေကုန်၏။ အဟံ၊ ငါသည်။ တေပိ၊ ထိုအဆွေအမျိုးတို့ကိုလည်း။ ဥပဟိံသေယျုံ၊ ညှဉ်းဆဲကုန်ရာ၏။ ပရေသံ၊ သူတပါးတို့၏။ အသုခေါစိတံ၊ ဆင်းရဲကို ပွားစေသည် မည်၏။

ထိုစကားကိုကြား၍ မင်းသည် ဤနတ်သားကား တရားစောင့်ပေစွ၊ မိမိဗိမာန် ပျက်စီးခြင်းကို အလိုရှိ၏။ ဆွေမျိုးတို့၏ ဗိမာန်ပျက်စီးခြင်းကို အလိုမရှိ၊ ဆွေမျိုးတို့၏ အကျိုးစီးပွားကို ကျင့်ပေ၏ဟု ထိုနတ်သားအား ဘေးမဲ့ကို ပေးအံ့ ဟု အလွန်နှစ်သက်ရကား-

၂၄။ စေတေယျရူပံ စေတေသိ၊ ဘဒ္ဒသာလ ဝနပ္ပတိ။
ဟိတကာမောသိ ဉာတီနံ၊ အဘယံ သမ္မ ဒမ္မိ တေ။

ဟူသော ဤအဆုံးဂါထာကို ဆို၏။

၂၄။ ဝနပ္ပတိ၊ တောစိုးသစ်ပင်ရှင်ဖြစ်သော။ ဘဒ္ဒသာလ၊ အင်ကြင်းပင်လှနတ်မင်း။ တွံ၊ ရှင်နတ်မင်းသည်။ စေတေယျရူပံ၊ ကြံအပ်သော သဘောကို။ စေတသိ၊ ကြံပေ၏။ ဉာတီနံ၊ ဆွေမျိုးတို့၏။ ဟိတကာမော၊ အကျိုးစီးပွားကို အလိုရှိသည်။ အသိ၊ ဖြစ်ပေ၏။ သမ္မ၊ အချင်း အကျင့်မြတ်သော အင်ကြင်းပင်နတ်။ တေ၊ ရှင်နတ်မြတ်အား။ အဘယံ၊ ဘေးမဲ့ကို။ အဟံ၊ သည်။ ဒမ္မိ၊ ပေး၏။

ဘဒ္ဒသာလ အမည်ရှိသော အင်ကြင်းပင်လှ နတ်မင်းသည် မင်းအား တရားဟော၍ သွားလေ၏။ မင်းသည် ထိုဘုရားလောင်း ဘဒ္ဒသာလ နတ်မင်း၏ အဆုံးအမ၌ တည်သဖြင့် ဒါနအစရှိသော ကုသိုလ်ကောင်းမှုတို့ကိုပြု၍ နတ်ပြည်ကို ပြည့်စေ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ဤသို့လျှင် သင်တို့ဆရာ ငါဘုရားသည် ရှေး၌လည်း ဆွေမျိုးတို့၏ အကျိုးစီးပွားကို ကျင့်ဘူးပြီ ဟု မိန့်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရား ပရိသတ်တို့သည် ထိုအခါ အင်ကြင်းပင်ငယ်တို့၌ ဖြစ်ကုန်သော ဆွေမျိုးနတ်အပေါင်းတို့သည် ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဘဒ္ဒသာလ အမည်ရှိသော အင်ကြင်းပင်လှ နတ်မင်းဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။ ။

ဆွေမျိုးတို့အား၊ ထောက်ပံ့ငြား၊ မှတ်သား မင်္ဂလာ

နှစ်ခုမြောက်သော ဘဒ္ဒသာလဇာတ်သည် ပြီး၏။

*****