သင်္ခဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၄၂။ သင်္ခဇာတ် (၄)


ဒသကနိပါတ်

၄။ သင်္ခဇာတ်

အနည်းငယ်မျှကို စွန့်လှူခြင်းကြောင့် ကြီးကျယ်သော အကျိုးကိုရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဗဟုဿုတော အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာ ဆင်အပ်သော ဤသင်္ခဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အလုံးစုံသော ပရိက္ခရာအလှူကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သာဝတ္ထိပြည်၌ တစ်ဦးသောဒါယကာသည် မြတ်စွာဘုရား၏ တရားတော်ကို နာရလျှင် ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ နက်ဖြန်အကျိုးငှာ ဆွမ်းဖိတ်ပြီးလျှင် မိမိအိမ်တံခါး၌ မဏ္ဍပ်ကိုဆောက်၍ တန်ဆာဆင်ပြီးလျှင် နက်ဖြန်နေ့၌ မြတ်စွားဘုရားအား ဆွမ်းဘုဉ်းပေးအံ့သောအခါကို ကြားလျှောက်စေ၏။

မြတ်စွာဘုရားသည် ငါးရာသော ရဟန်းအပေါင်း ခြံရံလျက် ထိုဒါယကာအိမ်သို့ ကြွတော်မူ၍ ကောင်းစွာခင်းအပ်သော နေရာ၌ နေတော်မူ၏။ ဒါယကာသည် သားမယား အလုပ်အကျွေး အခြံအရံပရိသတ်နှင့်တကွ ဘုရားအမှူးရှိသော ရဟန်းသံဃာအား ကြီးစွာသောအလှူကို လှူ၍ ဤကဲ့သို့ ခုနစ်ရက်ပတ်လုံး ပင့်ဖိတ်ပြီးလျှင် ကြီးစွာသောအလှူကို ဖြစ်စေ၍ ခုနစ်ရက်မြောက်သောနေ့၌ သပိတ်သင်္ကန်းအစရှိသော အလုံးစုံသော ပရိက္ခရာကိုလှူ၏။ ထိုအလှူကြီးကို လှူသည်သော်ရှိသော်ကား ဖိနပ်အလှူကို များစွာပြု၍လှူ၏။ မြတ်စွာဘုရားအား လှူအပ်သောဖိနပ်သည် အသပြာတစ်ထောင်ထိုက်၏။ နှစ်ပါးကုန်သော အဂ္ဂသာဝကတို့အား လှူအပ်သောဖိနပ်သည် အသပြာငါးရာထိုက်၏။ ကျန်ငါးရာကုန်သော ရဟန်းတို့အား လှူအပ်သောဖိနပ်သည် အသပြာတစ်ရာစီ ထိုက်၏။ ထိုဒါယကာသည် ပရိက္ခရာရှစ်ပါးနှင့်တကွ များစွာသောအလှူကိုလှူ၍ မိမိ၏ အခြံအရံပရိသတ်နှင့်တကွ မြတ်စွာဘုရား အထံတော်၌နေ၏။

ထိုအခါ ထိုဒါယကာအား မြတ်စွာဘုရားသည် သာယာသော အသံတော်ဖြင့် အနုမောဒနာ ပြုတော်မူလိုသည်ဖြစ်၍ ဒါယကာ သင်၏ အလုံးစုံသော ပရိက္ခရာအလှူ သည်မြတ်၏။ ဝမ်းမြောက်သည် ဖြစ်လော့။ ရှေး၌ ဘုရားမပွင့်မီ ပစ္စေကဗုဒ္ဓါဘုရားအား ဖိနပ်တစ်ရန်ကို လှူသောကြောင့် သင်္ဘောပျက်သည်ရှိသော် တည်ရာမရှိသော မဟာသမုဒ္ဒရာ၌လည်း ဖိနပ်လှူသော အကျိုးဆက်ဖြင့် တည်ရာကို ရရှိကုန်ပြီ၊ သင်သည်ကား ဘုရားအမှူးရှိသော ရဟန်းသံဃာအား အလုံးစုံသော ပရိက္ခရာအလှူကို လှူ၏။ သင်၏ ဖိနပ်အလှူ၏ အကျိုးသည် အဘယ့်ကြောင့် တည်ရာ မှီခိုရာသည် မဖြစ်လတ္တံ့နည်း ဟု မိန့်တော်မူ၍ ထိုဒါယကာသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ဒါယကာ... လွန်လေပြီးသောအခါ ဗာရာဏ သီပြည်သည် မောဠိနီအမည်ရှိ၏။ ထိုမောဠိနီအမည်ရှိသော ပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ကြွယ်ဝကုံလုံ ပြည့်စုံသော များသော ဥစ္စာရှိသော များသော အသုံးအဆောင်ရှိသော နှစ်သက်ခြင်း၏ အကြောင်းဖြစ်သော များသော အဆောက်အဦရှိသော များသော ဥစ္စာစပါး ရွှေငွေရှိသော သင်္ခမည်သော ပုဏ္ဏားသည် မြို့တံခါး လေးမျက်နှာတို့၌လည်းကောင်း မြို့လည် ၌လည်းကောင်းမိမိ အိမ်တံခါး၌လည်းကောင်း ဤသို့ ခြောက်ပါးသော အရပ်တို့၌ ခြောက်ဆောင်သော အလှူတင်းကုပ်တို့ကို ဆောက်၍ နေ့တိုင်း နေ့တိုင်း ခြောက်သိန်းသော အလှူဝတ္ထုတို့ကို လှူ၏။

ထီး ဖိနပ်လှူခြင်း

ထိုသင်္ခပုဏ္ဏားသည် တစ်နေ့သ၌ ကြံ၏။ အဘယ်သို့ ကြံသနည်းဟူမူကား ငါသည် အိမ်၌ ဥစ္စာကုန်သည်ရှိသော် အလှူပေးခြင်းငှာ မတတ်နိုင်လတ္တံ့၊ ထို့ကြောင့် ဥစ္စမကုန်မီလျှင် သင်္ဘောဖြင့် သုဝဏ္ဏဘူမိသို့သွား၍ ဥစ္စာကို ဆောင်အံ့ ဤသို့ ကြံ၏။ ကြံပြီး၍ လှေကိုပြုပြင်ပြီးလျှင် ဥစ္စာဖြင့် ပြည့်စုံစေ၍ သားမယားကို ခေါ်ပြီးလျှင် အကြင်မျှလောက် ငါသည် လာအံ့၊ ထိုမျှလောက် ငါ၏ လှူမြဲဝတ်ကို မပြတ်စေမူ၍ လှူနှင့်ကြကုန်လော့ ဟု ဆို၍ ကျွန်အမှုလုပ်တို့ဖြင့် ခြံရံလျက် ထီးကိုဆောင်း၍ ဖိနပ်ကိုစီးလျက် မွန်းတည့်သောအခါ၌ ပဋ္ဋနသင်္ဘောဆိပ်ရွာသို့ ရှေးရှုသွား၏။ ဘုရားလောင်း ထွက်သောခဏ၌ ဂန္ဓမာဒနတောင်ဝယ် တစ်ဆူသော ပစ္စေကဗုဒ္ဓါသည် ဆင်ခြင်၍ ဘုရားလောင်း သင်္ခပုဏ္ဏား၏ ဥစ္စာဆောင်ခြင်းငှာ သဘောဆိပ်သို့ သွားသည်ကို မြင်လျှင် ယောက်ျားမြတ်သည် ဥစ္စာကို ဆောင်ခြင်းငှာ သွား၏။ ထိုယောက်ျားမြတ်အား မဟာသမုဒ္ဒရာ၌ အန္တရာယ်သည် ဖြစ်လတ္တံ့လော ဟု ဆင်ခြင်ပြန်၍ အန္တရာယ်ဖြစ်လတ္တံ့ဟု သိလျှင် သင်္ခပုဏ္ဏားသည် ငါ့ကိုမြင်၍ ထီးကိုလည်းကောင်း, ဖိနပ်ကိုလည်းကောင်း ငါ့အားလှူ၍ ထိုထီး ဖိနပ်လှူသော ကောင်းမှုစေတနာ၏ အကျိုးဆက်ဖြင့် သမုဒ္ဒရာ၌ သင်္ဘောပျက်သည်ရှိသော် တည်ရာကိုရလတ္တံ့၊ ထိုယောက်ျား မြတ်အား ချီးမြှောက်ခြင်းကို ပြုအံ့ ဟု ကောင်းကင်ဖြင် လာတော်မူ၍ ထိုဘုရားလောင်း၏ အနီး၌ သက်တော်မူပြီးလျှင် ပြင်းစွာသော နေပူကြောင့် မီးကျီးအခင်းနှင့်တူသော ပူလှစွာသော သဲပြင်ကို နင်းတော်မူလျက် ထိုဘုရားလောင်းသို့ ရှေးရှုလာတော်မူ၏။

ထိုဘုရားလောင်းသည် ထိုအရှင်ပစ္စေကဗုဒ္ဓါကို မြင်၍ ငါ့အား ကောင်းမှုတည်းဟူသော မျိုးစေ့၏ စိုက်ပျိုးရာ လယ်မြေကောင်းသဖွယ်ဖြစ်သော အလှူခံသည် ရောက်လာပြီ၊ ယနေ့ ငါသည် ဤရှင်ပစ္စေကဗုဒ္ဓါ၌ အလှူတည်းဟူသော မျိုးစေ့ကို စိုက်ပျိုးခြင်းငှာ သင့်၏ဟု နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ လျင်မြန်စွာ ကပ်ပြီးလျှင် ရှိခိုး၍ ထုံအပ်သော စစ်အပ်ပြီးသောရေဖြင့် အရှင်ပစ္စေကဗုဒ္ဓါ၏ ခြေတော်တို့ကို ဆေးပြီးလျှင် နံ့သာဆီဖြင့်သုတ်၍ မိမိ၏ ဖိနပ်တို့ကို ခြေမှချွတ်၍ သုတ်သင်ပြီးလျှင် နံ့သာဆီဖြင့် သုတ်လိမ်း၍ ထိုအရှင်ပစ္စေကဗုဒ္ဓါ၏ ခြေတော်တို့၌ စွပ်ပြီးလျှင် အရှင်ဘုရား... ဖိနပ်တို့ကို စီးတော်မူ၍ ထီးကို ဦးခေါင်းထက်၌ထားတော်မူ၍ ကြွတော်မူလော့ ဟု ထီး၊ ဖိနပ်တို့ကို လှူ၏။ ထိုအရှင်ပစ္စေကဗုဒ္ဓါသည် ထိုဘုရားလောင်းအား ချီးမြှောက်တော်မူခြင်းငှာ ထီး၊ ဖိနပ်တို့ကို ယူ၍ ကြည်ညိုခြင်းသည် ပွားစိမ့်သောငှာ ထိုဘုရားလောင်း မြင်စဉ်ပင်လျှင် ကောင်းကင်သို့ ပျံတက်တော်မူ၍ ဂန္ဓမာဒန တောာင်သို့သာလျှင် ကြွတော်မူ၏။

ပင်လယ်၌ သင်္ဘောပျက်ပြီ

ဘုရားလောင်းသည်လည်း ထိုကောင်းကင်သို့ ပျံကြွသော အရှင်ပစ္စေကဗုဒ္ဓါကိုမြင်လျှင် အလွန်ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍ သဘောဆိပ်သို့ သွားပြီးလျှင် သင်္ဘောသို့ တက်လေ၏။ ထိုအခါ မဟာသမုဒ္ဒရာသို့ လွှင့်သော ဘုရားလောင်း၏ သင်္ဘောသည် ခုနစ်ရက်မြောက်သောနေ့၌ ကွဲပျက်လျက် ရေဝင်ခြင်းသို့ ရောက်၏။ သင်္ဘောသို့ဝင်သောရေကို ပြင်ပသို့ပက်ခြင်းငှာ မတတ်နိုင်ကုန်။ သင်္ဘောသား အပေါင်းတို့သည် သေဘေးမှ ကြောက်ကုန်သည်ဖြစ်၍ မိမိတို့ကိုးကွယ်သော နတ်တို့ကို ရှိခိုး၍ သည်းစွာသော မြည်တမ်းခြင်းကို မြည်တမ်းကုန်၏။ ဘုရားလောင်းသည် တစ်ယောက်သော အလုပ်အကျွေးကိုယူ၍ ကိုယ်အလုံးကို ဆီဖြင့်သုတ်၍ ထောပတ်နှင့်တကွ သကာမှုန့်တို့ကို အလိုရှိတိုင်း စားပြီးလျှင် ထိုအလုပ်အကျွေးကိုလည်း စားစေ၍ ထိုအလုပ်အကျွေးနှင့်တကွ လင်းယဉ်တိုင်ဖျားသို့ တက်၍ ဤအရပ်မျက်နှာ၌ ငါတို့မြို့ရှိ၏ဟု အရပ်မျက်နှာကို မှတ်၍ ငါးတည်းဟူသော ဘေးရန်မှ ကိုယ်ကို လွတ်စေလျက် ခုန်ပြီးလျှင် အလုပ်အကျွေးနှင့်တကွ တဥသဘ အတိုင်းအရှည်ရှိသော အရပ်ကို လွန်၍ ကျ၏။ ကြွင်းကုန်သော သံင်္ဘောသား အပေါင်းတို့သည်လည်း ပျက်စီးခြင်းသို့ ရောက်၏။ ဘုရားလောင်းသည်ကား အလုပ်အကျွေးနှင့်တကွ သမုဒ္ဒရာကိုကူးခြင်းငှာ အားထုတ်၏။ ထိုဘုရားလောင်း ကူးစဉ်ပင်လျှင် ခုနစ်ရက်မြောက်သော နေ့သည် ဖြစ်၏။ ထိုဘုရားလောင်းသည် ထိုကာလ၌ ဆားငန်ရေဖြင့် ခံတွင်းကို ဆေး၍ ဥပုသ်ဆောက် တည်သည်သာလျှင် ဖြစ်၏။

မေခလာနတ်သမီး လာအစာကျွေး

ထိုအခါ၌ လေးယောက်ကုန်သော လောကပါလ နတ်သားတို့သည် မဏိမေခလာ အမည်ရှိသော နတ်သမီးကို သမုဒ္ဒရာ၌ သင်္ဘောပျက်သည် ရှိသော် ရတနာသုံးပါးတို့ကို ကိုးကွယ်သော သူတို့သည်လည်းကောင်း၊ သီလနှင့်ပြည့်စုံသော သူတို့သည်လည်းကောင်း။ မိဘတို့ကို လုပ်ကျွေးကုန်သော သူတို့သည်လည်းကောင်း ဆင်းရဲခြင်းသို့ ရောက်ကုန်သည် အကယ်၍ ဖြစ်ကုန်အံ့၊ ထိုသူတို့ကို စောင့်ရှောက် ဆယ်တင်လေလော့ ဟု သမုဒ္ဒရာ၌ စောင့်ရှောက်စိမ့်သောငှာထား၏။ ထိုမဏိမေခလာ နတ်သမီးသည် မိမိ၏ စည်းစိမ်ဖြင့် ခုနစ်ရက်ပတ်လုံး ခံစားလျက် မေ့လျော့၍ ခုနစ်ရက်မြောက်သောနေ့၌ သမုဒ္ဒရာကို ကြည့်သည်ရှိသော် မြတ်သော အကျင့်သီလနှင့်ပြည့်စုံသော ဘုရားလောင်း သင်္ခပုဏ္ဏားကိုမြင်၍ ဤဘုရားလောင်းအား ခုနစ်ရက်ရှိပြီ၊ သမုဒ္ဒရာ၌ကျသော ဘုရားလောင်း၏ မှီခိုရာ ကိုးကွယ်ရာသည် မဖြစ်ငြားအံ့၊ ငါ့အား အလွန်ကဲ့ရဲ့ခြင်းသည် ဖြစ်လတ္တံ့ဟု ထိတ်လန့်သော စိတ်နှလုံးသည်ဖြစ်၍ တစ်ခုသော ရွှေခွက်ကို အထူးထူးသော မြတ်သော အရသာရှိသော ဘောဇဉ်တို့ဖြင့် ပြည့်စေ၍ လေကဲ့သို့ လျင်မြန်ခြင်းဖြင့် ထိုဘုရားလောင်းရှိရာ အရပ်သို့ လာလတ်ပြီးလျှင် ဘုရားလောင်း၏ ရှေ့၌ရပ်၍ ပုဏ္ဏား... သင်သည် ခုနစ်ရက်ပတ်လုံး အစာပြတ်၏။ နတ်၌ဖြစ်သော ဤအစာကို စားလော့ ဟု ဆို၏။

ဘယ်သူနှင့် စကားပြောသလဲ

ဘုရားလောင်းသည် ထိုနတ်သမီးကို ဦးခေါင်းမော်၍ ကြည့်ပြီးလျှင် သင့်ထမင်းကို ဖယ်ဦးလော့၊ ငါသည် ဥပုသ်ဆောက်တည်၏ ဟု ဆို၏။ ထိုသို့ ဆိုသောအခါဝယ် ဘုရားလောင်း၏ နောက်၌ လိုက်၍ကူးသော အလုပ်အကျွေးသည် နတ်သမီးကိုမမြင်ဘဲ အသံကိုသာလျှင် ကြား၍ ဤပုဏ္ဏားသည် ပကတိအားဖြင့် နူးညံ့၏။ ခုနစ်ရက်ပတ်လုံး ဝမ်း၌ အစာမရှိသည်၏ အဖြစ်ကြောင့် ဆင်းရဲသည်ဖြစ်၍ သေဘေးမှကြောက်သဖြင့် ငိုကြွေး မြည်တမ်းယောင်တကား၊ ထိုငါ့အရှင်ပုဏ္ဏားကို သက်သရာ ရစေအံ့ဟု ကြံ၍-

၃၉။ ဗဟုဿုတော သုတဓမ္မောသိ သင်္ခ၊
ဒိဋ္ဌာ တယာ သမဏဗြာဟ္မဏာ စ။
အထက္ခဏေ ဒဿယသေ ဝိလာပံ၊
အညော နု ကော တေ ပဋိမန္တကော မယာ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၃၉။ သင်္ခ၊ အရှင်သင်္ခပုဏ္ဏား။ တွံ၊ အရှင်သည်။ ဗဟုဿုတော၊ များသော အကြားအမြင်ရှိသည်။ အသိ၊ ဖြစ်၏။ သုတဓမ္မော၊ အရှင်ပစ္စေကဗုဒ္ဓါတို့၏အထံ၌ နာအပ်ပြီးသော တရားရှိသည်။ အသိ၊ ဖြစ်၏။ တယာ၊ အရှင်သင်္ခပုဏ္ဏားသည်။ သမဏဗြဟ္မဏာ စ၊ ငြိမ်းစေအပ်ပြီးသော ကိလေသာရှိသော အပပြုအပ်ပြီးသော မကောင်းမှုရှိသော ပစ္စေကဗုဒ္ဓဘုရားတို့ကိုလည်း။ ဒိဋ္ဌာ၊ ဖူးမြင်အပ်ပြီ။ အထ၊ ထိုသို့ဖြစ်လျက်။ အက္ခဏေ၊ စကားပြောရာ အခွင့်မဟုတ်သည်၌။ ဝိလာပံ၊ မြည်တမ်းခြင်းကို။ ဒဿယသေ၊ ပြဘိ၏တကား။ တေ၊ အရှင်ပုဏ္ဏားအား။ မယာ၊ ငါမှ။ အညော၊ တစ်ပါးသာ။ ပဋိမန္တကော၊ စကားပြောဖက်သည်။ ကော၊ ဘယ်သူနည်း။

နတ်သမီးနှင့် စကားပြောသည်

ထိုပုဏ္ဏားသည် အလုပ်အကျွေး၏ စကားကိုကြား၍ ဤငါ့အလုပ်အကျွေးအား နတ်သည် မထင်ယောင်တကား ဟု ကြံ၍ အချင်း ငါသည် သေဘေးမှကြောက်၍ မမြည်တမ်း၊ ငါအား သင်မှ တစ်ပါးသော စကားပြောဖက်သည် ရှိသလျှင်ကတည်းဟု ဆို၍-

၄၀။ သုဗ္ဘူ သုဘာ သုပ္ပဋိမုက္ကကမ္ဗု၊
ပဂ္ဂယှ သောဝဏ္ဏမယာယ ပါတိယာ။
ဘုဉ္ဇဿု ဘတ္တံ ဣတိ မံ ဝဒေသိ၊
သဒ္ဓါဝိတ်တာ တမဟံ နောတိ ဗြူမိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၄၀။ သမ္မ၊ အချင်း။ သုဗ္ဘူ-သုဘမုခါ၊ အလွန်တင့်တယ်သော မျက်နှာရှိသော။ သုဘာ၊ ကြည်ညိုဖွယ်သော မြတ်သော အဆင်းကို ဆောင်သော။ သုပ္ပဋိမုက္ကကမ္ဗူ၊ ရွှေရတနာဖြင့် တန်ဆာဆင်အပ်သော လည်၌စွပ်အပ်သော ပတ္တမြား လည်ရွဲရှိထသော။ ယာ ဒေဝဓီတာ၊ အကြင်နတ်သမီးသည်။ သဒ္ဓါဝိတ္တာ၊ သဒ္ဓါနှင့်ယှဉ်သောစိတ် နှစ်သက်သောစိတ် ရှိသည်ဖြစ်၍။ သောဝဏ္ဏမယာယ၊ ရွှေဖြင့်ပြီးသော။ ပါတိယာ၊ ခွက်ကို။ ပဂ္ဂယှ၊ ချီ၍။ ဘတ္တံ၊ ထမင်းကို။ ဘုဉ္ဇဿု၊ စားလော့။ ဣတိ၊ ဤသို့။ မံ၊ ငါ့ကို။ ဝဒေသိ၊ ဆို၏။ တံ ဒေဝမီတံ၊ ထိုနတ်သမီးကို။ နောတိ၊ ဥပုသ်ဆောက်တည်သောကြောင့် ငါမစားဟူ၍။ အဟံ၊ ငါသည်။ ဗြူမိ၊ ဆို၏။

မမေးလိုက်ဘူးလား

ထိုအခါ သင်္ခပုဏ္ဏားအား ထိုအလုပ်အကျွေးသည် -

၄၁။ ဧတာဒိသံ ဗြာဟ္မဏ ဒိသွာန ယက်ခံ။
ပုစ္ဆေယျ ပေါသော သုခမာသိသာနော။
ဥဋ္ဌေဟိ နံ ပဉ္စလိကာဘိပုစ္ဆ၊
ဒေဝီ နုသိ တွံ ဥဒ မာနုသီ နု။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၄၁။ ဗြဟ္မဏ၊ အရှင်သင်္ခပုဏ္ဏား။ ဧတာဒိသံ၊ ထိုသို့သဘောရှိသော။ ယက်ခံ၊ နတ်သမီးကို။ ဒီသွာန၊ မြင်ရ၍။ သုခံ၊ ချမ်းသာကို။ အာသိသာနော၊ တောင့်တသော။ ပေါသော၊ ယောက်ျားသည်။ ပုစ္ဆေယျ၊ မေးလိုက်ရာ၏။ ဥဋ္ဌေဟိ၊ ထသော အခြင်းအရာကိုပြုလော့။ တွံ၊ သင်ကား။ ဒေဝီ၊ နတ်သမီးသည်။ အသိ နု၊ ဖြစ်သလော။ ဥဒ၊ ထိုသို့ မဟုတ်မူ။ မာနုသီ၊ တန်ခိုးရှိသော လူမိန်းမသည်။ အသိ နု၊ ဖြစ်သလော။ ဣတိ၊ ဤသို့။ နံ၊ ထိုနတ်သမီးကို။ ပဉ္စလိကာဘိပုစ္ဆ၊ လက်အုပ်ချီခြင်းကိုပြုလျက် ရှေးရှုမေးလိုက်လော့။

သင် နတ်လား လူလား

ဘုရားလောင်းသည်သင့်သည်ကို ဆိုပေ၏ ဟု နှလုံးပြု၍ ထိုနတ်သမီးကို မေးလိုရကား-

၄၂။ ယံ တွံ သုခေနာဘိသမေက္ခသေ မံ၊
ဘုဉ္ဇဿု ဘတ္တံ ဣတိ မံ ဝဒေသိ။
ပုစ္ဆာမိ တံ နာရိ မဟာနုဘာဝေ၊
ဒေဝီ နု သိ တွံ ဥဒ မာနုသီ နု။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၄၂။ ဒေဝဓီတေ၊ နတ်သမီး။ ယံ -ယသ္မာ၊ အကြင့်ကြောင့်။ တွံ၊ သင်သည်။ မံ၊ ငါ့ကို။ သုခေန၊ ချစ်ဖွယ်သော မျက်စိဖြင့်။ အဘိသမေက္ခသေ၊ ကြည့်၏။ ဘတ္တံ၊ ထမင်းကို။ ဘုဉ္ဇဿု၊ စားလော့။ ဣတိ၊ ဤသို့လည်း မံ၊ ငါ့ကို။ ဝဒေသိ၊ ဆို၏။ မဟာနုဘာဝေ၊ ကြီးသော အာနုဘော်ရှိသော။ နာရိ၊ နတ်သမီး။ တံ-တသ္မာ၊ ထို့ကြောင့်။ ပုစ္ဆာမိ၊ ငါမေး၏။ တွံ၊ သင်သည်။ ဒေဝီ၊ နတ်သမီးသည်။ အသိ နု၊ ဖြစ်သလော။ ဥဒ၊ ထိုသို့မဟုတ်မူကား။ တွံ၊ သင်သည်။ မာနုသီ၊ တန်ခိုးကြီးသော အာနုဘော်ရှိသော လူမိန်းမသည်။ အသိ နု၊ ဖြစ်သလာ။

ကျုပ် နတ်သမီးပါ၊ လိုတာတောင်း

ထို့နောင်မှ နတ်သမီးသည်-

၄၃။ ဒေဝီ အဟံ သင်္ခ မဟာနုဘာဝေါ၊
ဣဓာဂတာ သာဂရဝါရိမဇ္ဈေ။
အနုကမ္ပိကာ နော စ ပဒုဋ္ဌစိတ္တာ၊
တဝေဝ အတ္ထာယ ဣဓာဂတာသ္မိ။
၄၄။ ဣဓန္နပါနံ သယနာသနဉ္စ၊
ယာနာနိ နာနာဝိဓာနိ သင်္ခ။
သဗ္ဗဿ တျာဟံ ပဋိပါဒယာမိ၊
ယံကိဉ္စိ တုယှံ မနသာ ဘိပတ္ထိတံ။

ဟူသော ဤနှစ်ဂါထာတို့ကိုဆို၏။

၄၃။ သင်္ခ၊ သင်္ခပုဏ္ဏား။ ဣဓ သာဂရဝါရိမဇ္ဈေ၊ ဤသမုဒ္ဒရာရေလယ်သို့။ အာဂတာ၊ လာသော။ အဟံ၊ ငါကား။ မဟာနုဘာဝေါ၊ ကြီးသောတန်ခိုး အာနုဘော်ရှိသော။ ဒေဝီ၊ နတ်သမီးသည်။ အသ္မိ၊ ဖြစ်၏။ အနုကမ္ပိကာ စ၊ သနားတတ်သည်သာလျှင်။ အသ္မိ၊ ဖြစ်၏။ နော စ ပဒုဋ္ဌစိတ္တာ၊ ပြစ်မှားတတ်သော စိတ်မရှိ။ တဝေဝ အတ္ထာယ၊ သင်၏ အကျိုးငှာသာလျှင်။ ဣဓ၊ ဤသမုဒ္ဒရာသို့။ အာဂတာ၊ လာသည်။ အသ္မိ၊ ဖြစ်၏။

၄၄။ သင်္ခ၊ သင်္ခပုဏ္ဏား။ ဣဓ၊ ဤရွှေခွက်၌။ အန္နပါနဉ္စ၊ ထမင်း အဖျော်သည်လည်းကောင်း။ သယနာသနဉ္စ၊ အိပ်ရာ နေရာသည်လည်းကောင်း။ နနာဝိဓာနိ၊ အထူးထူး အပြားပြား များကုန်သော။ ယာနာနိ စ၊ ဆင်ယာဉ် မြင်းယာဉ် အစရှိသည်တို့သည်လည်းကောင်း။ မေ၊ ငါ့အား။ အတ္ထိ၊ ရှိကုန်၏။ တုယှံ၊ သင့်သည်။ ယံကိဉ္စိ၊ အလုံးစုံသော စည်းစိမ်ကို။ မနသာ၊ စိတ်ဖြင့်။ အဘိပတ္ထိတံ၊ တောင့်တအပ်၏။ တေ၊ သင့်အား။ သဗ္ဗဿ၊ အလုံးစုံသော စည်းစိမ်၏။ သာမိကံ၊ အရှင်ကို။ ကတွာ၊ ပြု၍။ အဟံ၊ ငါသည်။ ပဋိပါဒယာမိ၊ ပေးအံ့။

ကျွန်ုပ်ရဲ့ ဘယ်ကောင်းမှု

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ဤနတ်သမီးသည်ကား သမုဒ္ဒရာရေအပြင်၌ ဤမည်သော ဤမည်သော စည်းစိမ်ကို ပေးအံ့ ဟု ဆို၏။ ထိုနတ်သမီးသည် ငါပြုအပ်သော ကောင်းမှုကံကြောင့် ပေးလိုသလော၊ ထိုသို့တည်း မဟုတ်မူကား မိမိ၏အစွမ်းဖြင့် ပေးလိုသလော၊ ထိုနတ်သမီးကို မေးအံ့ ဟု ကြံပြီး၍-

၄၅။ ယံကိဉ္စိ ယိဋ္ဌံ စ ဟုတဉ္စ မယှံ၊
သဗ္ဗဿ နော ဣဿရာ တွံ သုဂတ္တေ။
သူသောဏိ သုဗ္ဘမု သုဝိလဂ္ဂမဇ္ဈေ၊
ကိဿ မေ ကမ္မဿ အယံ ဝိပါကော။

ဟူသော ခုနစ်ခုမြောက်သော ဤဂါထာကိုဆို၏။

၄၅။ သုဂတ္တေ၊ တင့်တယ်သောကိုယ်ရှိသော။ သုသောဏိ၊ တင့်တယ်သော ဦးရုလက္ခဏာရှိသော။ သုဗ္ဘမု၊ တင့်တယ်သော မျက်မှောင်ရှိသော။ သုဝိလဂ္ဂမဇ္ဈေ၊ လျပါးသော ခါးရှိသော။ ဒေဝတေ၊ နတ်သမီး။ မယှံ၊ ငါသည်။ ယံကိဉ္စိ၊ အကြင်လှူအပ်သော ဝတ္ထုကို။ ယိဋ္ဌံ စ၊ လှူလည်း လှူအပ်ပြီ။ ဟုတဉ္စ၊ လာလာသမျှ အာဂန္တုကတို့အား ပေးလည်းပေးအပ်ပြီ။ တွံ၊ သင်နတ်သမီးသည်။ နော၊ ငါတို့၏။ သဗ္ဗဿ၊ အလုံးစုံသောကောင်းမှု၌။ ဣဿရာ၊ အစိုးရ၏။ အယံ ဝိပါကော၊ ဤသမုဒ္ဒရာ၌ တည်ရာကိုရသော အကျိုးသည်။ မေ၊ ငါသည်။ ကတေသု၊ ပြုအပ်သော ကောင်းမှုတို့တွင်။ ကိဿ ကမ္မဿ၊ အဘယ်ကောင်းမှုကံ၏။ ဝိပါကော၊ အကျိုးနည်း။

သင်၏ ဖိနပ်အလှူ

ထိုစကားကိုကြား၍ နတ်သမီးသည် ဤသင်္ခပုဏ္ဏားသည်ကား အကြင်ကုသိုလ်ကံကို မိမိလည်း ပြုအပ်၏။ ထိုကုသိုလ်ကံကို မသိ၊ ဤသို့သောအမှတ်ဖြင့် မေးယောင်တကား ဟု ထိုပုစ္ဆာကို ဖြေလိုသည်ဖြစ်၍-

၄၆။ ဃမ္မေ ပထေ ဗြာဟ္မဏ ဧကဘိက္ခုံ၊
ဥဂ္ဃဋပါဒံ တသိတံ ကိလန္တံ။
ပဋိပါဒယိ သင်္ခ ဥပါဟနာနိ၊
သာ ဒက္ခိဏာ ကာမဒုဟာ တဝဇ္ဇ။

ဟူသော ရှစ်ခုမြောက်သော ဤဂါထာကိုဆို၏။

၄၆။ သင်္ခ၊ သင်္ခအမည်ရှိသော။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ ဃမ္မေ ပထေ၊ ပူလှစွာသော သဲပြင်ခရီး၌။ ဥဂ္ဃဋပါဒံ၊ သဲပူ ကျောက်တို့ဖြင့် ထိပါးသော ခြေတော်ရှိထသော။ တသိတံ၊ ရေမွတ်သည်ဖြစ်၍။ ကိလန္တံ၊ ပင်ပန်းသော။ ဧက ဘိက္ခုံ၊ ကိလေသာတို့ကို မဂ်ဉာဏ်ဖြင့်ဖျက်ဆီးပြီးသော အရှင်ပစ္စေကဗုဒ္ဓါတဈပါးကို။ ဥပဟနာနိ၊ ဖိနပ်တို့ကို။ ပဋိပါဒယီ၊ လှူ၏။ အဇ္ဇ၊ ယခု။ တဝ၊ သင်၏။ သာ ဒက္ခိဏာ၊ ထိုအလှူ တည်းဟူသော မျိုးစေ့သည်။ ကာမဒုဟာ၊ တောင့်တအပ်သော မြတ်သောအကျိုးကို ပေးတတ်၏။

လှေဖန်ဆင်း၍ ပို့ပေးပါ

ထိုနတ်သမီးစကားကို ကြား၍ ဘုရားလောင်းသည် ဤသို့ သဘောရှိသော တည်ရာကိုမရကောင်းသော မဟာသမုဒ္ဒရာ၌လည်း ငါသည် လှူအပ်သော ဖိနပ်အလှူသည် ငါ့အား တောင့်တအပ်သော အလုံးစုံသော စည်းစိမ်ကို ပေးသည်ဖြစ်၏တကား၊ အရှင်ပစ္စေကဗုဒ္ဓါအား လှူအပ်သောဝတ္ထုကို ကောင်းစွာလှူအပ်စွ၊ အံ့ဖွယ်ရှိပေစွ ဟု နှစ်သက်သောစိတ် ရှိသည်ဖြစ်၍-

၄၇။ သာ ဟောတု နာဝါ ဖလကူပပန္နာ၊
အနဝဿုတာ ဧရကဝါတယုတ္တာ။
အညဿ ယာနာဿ န ဟေတ္ထ ဘူမိ၊
အဇ္ဇေဝ မံ မောဠိနိံ ပါပယဿု။

ဟူသော ကိုးခုမြောက်သော ဤဂါထာကိုဆို၏။

၄၇။ ဒေဝဓီတေ၊ နတ်သမီး။ ယံ နာဝံ၊ အကြင်လှေကို။ မာပေဿသိ၊ ဖန်ဆင်းလတ္တံ့။ သာ နာဝါ၊ ထိုလှေသည်။ ဖလကူပပန္နာ၊ စေ့စပ်သော များစွာသော ပျဉ်ချပ်တို့ဖြင့် ပြည့်စုံသည်။ အနဝဿုတာ၊ ရေတစ်ပေါက်မျှ မဝင်နိုင်သော။ ဧရကဝါတယုတ္တာ၊ ကောင်းစွာယူ၍ သွားတတ်သော လေနှင့်ယှဉ်သည်။ ဟောတု၊ ဖြစ်စေလော့။ ဟိ၊ ထိုစကားသည် သင့်၏။ ဧတ္ထ၊ ဤသမုဒ္ဒရာ၌။ အညဿ၊ လှေသင်္ဘောမှ တစ်ပါးသော။ ယာနဿ၊ ဆင်ယာဉ် မြင်းယာဉ် အစရှိသည်၏။ ဘူမိ၊ ဖြစ်ရာသည်။ န ဟောတိ၊ မဖြစ်။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ မံ၊ ငါ့ကို။ မောဠိနိံ၊ မောဠိနီမည်သော ပြည်ကြီးသို့။ ပါပယဿု၊ ရောက်စေလော့။

မဏိမေခလာ နတ်သမီးသည် ထိုဘုရားလောင်း သင်္ခပုဏ္ဏား၏ စကားကိုကြားလျှင် နှစ်သက်သော စိတ်ရှိသည်ဖြစ်၍ ရတနာခုနစ်ပါးတို့ဖြင့်ပြီးသော လှေကို ဖန်ဆင်း၏။ ထိုလှေသည် အလျားဖြင့် ရှစ်ဥသဘရှိ၏။ အနံအားဖြင့် လေးဥသဘရှိ၏။ အစောက်အဖြင့် တာနှစ်ဆယ်ရှိ၏။ ထိုလှေ၏ သုံးခုသော လင်းယဉ်တိုင်တို့သည် ပတ္တမြားညိုဖြင့် ပြီးကုန်၏။ စက်ကြိုးတို့သည် ရွှေဖြင့်ပြီးကုန်၏။ ရွက်တို့သည် ငွေဖြင့်ပြီးကုန်၏။ တက်မ ထိုးဝါးတို့သည် ရွှေစင်အတိ ပြီးသည်သာလျှင် ဖြစ်ကုန်၏။

အိမ်ပြန်ရောက်ကြပြီ

ထိုမဏိမေခလာ နတ်သမီးသည် ထိုလှေကို ရတနာခုနစ်ပါးဖြင့် ပြည့်စေပြီးလျှင် သင်္ခပုဏ္ဏားကို လည်၌ဖက်၍ တန်ဆာဆင်အပ်သော သင်္ဘော လှေထက်သို့ တင်၏။ ထိုဘုရားလောင်း၏ အလုပ်အကျွေးကိုကား ကြည့်ကာသာနေ၏။ သင်္ခပုဏ္ဏားသည် မိမိပြုအပ်သော ကောင်းမှုမှ ထိုအလုပ်အကျွေးအား အဖို့ကို ဝေ၏။ ထိုအလုပ် အကျွေးသည် သာဓု သာဓုဟု ဝမ်းမြောက်၏။ ထိုအနုမောဒနာ ကုသိုလ်ကို ဖြစ်စေသောအခါ၌ ထိုအနုမောဒနာကုသိုလ်ဆက်ကြောင့် နတ်သမီးသည် ထိုအလုပ်အကျွေးကိုလည်း လည်၌ဖက်၍ သင်္ဘောလှေ၌ တည်စေ၏။ ထိုနှစ်ယောက်သော သူတို့ကို တင်ပြီးသောအဆုံး၌ ထိုသင်္ဘောလှေကို မောဠိနီမည်သော မြို့သို့ဝင်၍ သင်္ခပုဏ္ဏားအိမ်၌ ရွှေငွေစသောဥစ္စာကို တည်စေပြီးလျှင် မိမိနေရာ ဗိမာန်သို့သာလျှင် သွားလေ၏။

မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီး၍-

၄၈။ သာ တတ္ထ ဝိတ္တာ သုမနာ ပတီတာ၊
နာဝံ သုစိတ္တံ အဘိနိမ္မိနိတွာ။
အာဒါယ သင်္ခံ ပုရိသေန သဒ္ဓိံ၊
ဥပါနယိ နဂရံ သာဓုရမ္မံ။

ဟူသော အဆုံးဖြစ်သော ဤဂါထာကို ဟောတော်မူ၏။

၄၈။ ဘိက္ခဝေ၊ ရဟန်းတို့။ သာ ဒေဝဓီတာ၊ ထိုမဏိမေခလာ နတ်သမီးသည်။ တတ္ထ၊ ထိုသမုဒ္ဒရာအလယ်၌။ ဝိတ္တာ၊ ဝိတ္တိဟုဆိုအပ်သော ပီတိနှင့်ပြည့်စုံသည်ဖြစ်၍။ သုမနာ၊ ကောင်းသော စိတ်ရှိသည်ဖြစ်၍။ ပတီတာ၊ နုသောပီတိ ရှိသည်ဖြစ်၍။ သုစိတ္တံ၊ အလွန်ဆန်းကြယ်သော။ နာဝံ၊ သင်္ဘောလှေကို။ အဘိနိမ္မိနိတွာ၊ တန်ခိုးဖြင့် ပြီးစေ၍။ သင်္ခံ၊ သင်္ခပုဏ္ဏားကို။ ပုရိသေန၊ အလုပ်အကျွေး ယောကျ်ားနှင့်။ သဒ္ဓိံ၊ တကွ။ အာဒါယ၊ ယူ၍။ သာဓုရမ္မံ၊ သူတော်ကောင်းတို့၏ မွေ့လျော် ပျော်ရာဖြစ်သော။ နဂရံ၊ မောဠိနီမည်သော ဗာရာဏသီပြည်ကြီးသို့။ ဥပါနယိ၊ အရောက်ဆောင်ပြီ။

သင်္ခပုဏ္ဏားသည်လည်း အသက်ထက်ဆုံး မနှိုင်းယှဉ်အပ်သော ဥစ္စာရှိသောအိမ်၌ အမြဲနေလျက် အလှူကိုလှူ၍ သီလကိုစောင့်၍ အသက်၏အဆုံး၌ သားမယား အခြွေအရံနှင့်တကွ နတ်ပြည်ကို ပြည့်စေ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကို ပြတော်မူပြီး၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ တောင်းပန်အပ်သော ဒါယကာသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဘယ်သို့ ဇာတ်ကို ပေါင်းတော်မူသနည်းဟူမူကား- ဒါယကာ... ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ မဏိမေခလာ နတ်သမီးဖြစ်ဖူးပြီ၊ ယခုအခါ အနန္ဒာသည် ထိုအခါ အလုပ်အကျွေးယောင်္ကျားဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည် ထိုအခါ သင်္ခပုဏ္ဏား ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကုသိုလ်မှုတွက်၊ ကောင်းကျိုးဆက်၊ မပျက်ရကြောင်းသာ

လေးခုမြောက်သော သင်္ခဇာတ်သည် ပြီး၏။

*****