စူဠဗောဓိဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၄၃။ စူဠဗောဓိဇာတ် (၅)


ဒသကနိပါတ်

၅။ စူဠဗောဓိဇာတ်

ပညာရှိတို့သည် အမျက်မထွက်သင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ယော တေ ဣမံ ဝိသာလက္ခီ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤစူဠဗောဓိဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အမျက်ထွက်တတ်သော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းသည် ဝဋ်ဆင်းရဲမှ ထွက်စေတတ်သော ဘုရားသာသနာတော်၌ ရဟန်းအဖြစ်ကို ရပါသော်လည်း အမျက်ဒေါသကို နှိပ်ခြင်းငှာ မတတ်နိုင်သတတ်၊ ပြင်းစွာ အမျက်ထွက်တတ်၏။ အမျက်ဒေါသကြောင့် ကိုယ်၏ ပင်ပန်းခြင်း စိတ်၏ ပင်ပန်းခြင်းများ၏။ အနည်းငယ်သာဖြစ်လျှင်မူကား ကပ်ငြိတတ် တုန်လှုပ်တတ်၏။ ပကတိသဘောကို လွန်၍ ဖောက်ပြန်ခြင်းသို့ ရောက်တတ်၏။ အမျက်ဒေါသ၌သာ တည်၏။

သဗ္ဗညူ မြတ်စွာဘုရားသည် ထိုရဟန်း၏ အမျက် ထွက်တတ်သည်၏အဖြစ်ကို ကြားတော်မူလျှင် ခေါ်စေ၍ ရဟန်း သင်သည် အမျက် ဒေါသကြီးသတတ် ဟူသည် မှန်သလောဟု မေးတော်မူ၍ အရှင်ဘုရား... မှန်ပေ၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်း- အမျက်ဒေါသမည်သည်ကို မြစ်အပ်၏။ ထို စကားသည် မှန်၏။ ဤသို့ သဘောရှိသော အမျက်ဒေါသသည် ပစ္စုပ္ပန်လောက တမလွန်လောက၌ အကျိုးမဲ့ကိုသာ ပြုတတ်၏။ သင်သည် အမျက်ဒေါသမရှိသော ဘုရားသာသနာတော်၌ ရဟန်းပြု၍ အဘယ့်ကြောင့် အမျက်ထွက်ဘိသနည်း၊ ရှေးပညာရှိတို့သည်ကား သဗ္ဗညူဘုရားသာသနာတော်မှ အပဖြစ်သောအခါကာလ၌ ရသေ့ရဟန်း ပြု၍လည်း အမျက်ထွက်ခြင်းကို မပြုကုန်ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်း... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် အမှတ်မရှိသော နိဂုံးရွာ၌ ကြွယ်ဝကုံလုံ ပြည့်စုံသော များသောဥစ္စာရှိသော များသော အသုံးအဆောင်ရှိသော ပုဏ္ဏားတစ်ယောက်သည် သားမရှိသည် ဖြစ်၏။ ထိုပုဏ္ဏား၏ ပုဏ္ဏေးမသည် သားကို တောင့်တ၏။ ထိုအခါ ဘုရားလောင်းသည် ဗြဟ္မာပြည်မှစုတေခဲ့၍ ထိုပုဏ္ဏေးမ၏ ဝမ်း၌ဖြစ်၏။

ဗြဟ္မာဝင်စား လင်မယား

ထိုဘုရားလောင်းအား ဗောဓိကုမာရ ဟူသော အမည်ကို မှည့်ကုန်၏။ ထိုဘုရားလောင်း၏ အရွယ်သို့ရောက်သော ကာလ၌ တက္ကသိုလ်ပြည်သို့ သွားပြီးလျှင် အလုံးစုံသော အတတ်တို့ကိုသင်၍ တစ်ဖန် ပြန်လာသောအခါ၌ အလိုမရှိဘဲလျက် မိဘတို့သည် တူသောအမျိုးရှိသောအိမ်မှ သတို့သမီးကို ဆောင်ကုန်၏။ ထိုသတို့သမီးသည်လည်း ဗြဟ္မာ့ပြည်မှ စုတေလာသော သူတည်း၊ မြတ်သောအဆင်းကို ဆောင်၏။ နတ်သမီးနှင့် တူ၏။ ထိုနှစ်ယောက်ကုန်သော လူတို့၏ အလိုမရှိကုန်ဘဲလျက်လျှင် ထိမ်းမြားခြင်း မင်္ဂလာကို ပြုကုန်၏။ နှစ်ယောက်ကုန်သော သူတို့အား ကိလေသာဖြစ်ခြင်းမည်သည် တစ်ကြိမ် တစ်ဖန်မျှ မဖြစ်စဘူး၊ ရာဂ၏ အစွမ်းအားဖြင့် တစ်ယောက်သည် တစ်ယောက်ကို မကြည့်စဘူး၊ အိပ်မက်၌လည်း မေထုန်အကျင့်မည်သည်ကို မမြင်မက်စဘူး။ ဤသို့ စင်ကြယ်သော သီလရှိသည် ဖြစ်ကုန်၏။

လင်မယား ၂-ယောက် ရသေ့ဝတ်ကြ

ထိုအခါ နောက်အဖို့၌ ဘုရားလောင်း မိဘတို့သည် သေလွန်ကုန်သည်ရှိသော် ထိုမိဘတို့အား သင်္ဂြိုဟ်ခြင်းကိစ္စကို ပြုပြီးလျှင် ထိုမယားကိုခေါ်၍ ရှင်မ သင်သည် ကုဋေရှစ်ဆယ်ရှိသော ဥစ္စာကိုယူ၍ ချမ်းသာစွာ အသက်

မွေးလေလော့ ဟု ဆို၏။ အရှင့်သားသည် အသို့နည်းဟု ဆို၏။ ငါ့အား ဥစ္စာဖြင့် ပြုဖွယ်ကိစ္စ မရှိ၊ ဟိန္တာသို့ ဝင်ပြီးလျှင် ရသေ့ရဟန်းပြု၍ မိမိ၏တည်ရာ ကိုးကွရာကို ပြုအံ့ ဟု ဆို၏။ အရှင့်သား ရဟန်းအဖြစ်မည်သည် ယောက်ျားတို့အားသာလျှင် အပ်သလော မေး၏။ ရှင်မ မိန်းမတို့အားလည်း အပ်၏ဟု ဆို၏။ ထိုသို့တပြီးကား... အရှင်တို့သည် ထွေးအပ်သော တံတွေးပေါက်နှင့်တူသော ဥစ္စာကို ငါသည် မယူအံ့၊ ငါ့အားလည်း ဥစ္စာဖြင့် ပြုဖွယ်ကိစ္စမရှိ၊ ငါသည်လည်း ရဟန်းပြုအံ့ဟု ဆို၏။ ရှင်မ ကောင်းပြီ ဟု ဆို၍ နှစ်ယောက်ကုန်သော သူတို့သည် အလှူကြီးကို ပေးပြီးလျှင် အိမ်မှထွက်၍ မွေ့လျော်ဖွယ်ရှိသော မြေအရပ်၌ သင်္ခမ်း ဆောက်၍ ရသေ့ရဟန်းပြုပြီးလျှင် သစ်သီးကြီးငယ်တို့ကို ရှာမှီး၍ သစ်သီးကြီးငယ်တို့ဖြင့် မျှကုန်လျက် ဟိမဝန္တာတောအရပ်၌ ဆယ်နှစ်ပတ်လုံး နေကုန်၏။ ထိုနှစ်ယောက်ကုန်သော သူတို့အား ဈာန်သည်မပြည့်စုံသေး၊ ထိုနှစ်ယောက်ကုန်သော သူတို့သည် ထိုဟိမဝန္တာတော အရပ်၌ ရဟန်းချမ်းသာဖြင့်သာလျှင် ဆယ်နှစ်တို့ပတ်လုံး နေကုန်၍ ချဉ်ဆား မှီဝဲအံ့သောငှာ ဇနပုဒ်သို့ ဒေသစာရီ သွားကုန်သည်ရှိသော် အစဉ်သဖြင့် ဗာရာဏသီပြည်သို့ရောက်၍ မင်းဥယျာဉ်၌ နေကုန်၏။

မင်းကြီး ရသေ့မကိုကြိုက်ပြီ

ထိုအခါ တစ်နေ့သ၌ မင်းသည် လက်ဆောင်ကိုယူ၍ လာသော ဥယျာဉ်စောင့်ကိုမြင်၍ ဥယျာဉ် ကစားအံ့၊ ဥယျာဉ်ကို သုတ်သင်လော့ ဟု ဆိုပြီး၍ ဥယျာဉ်စောင့်သည် ကောင်းစွာစီရင်အပ်သော ဥယျာဉ်သို့ များသော အခြံအရံဖြင့် သွား၏။ ထိုခဏ၌ ထိုနှစ်ယောက်ကုန်သော ရသေ့ယောကျ်ား, ရသေ့မိန်းမတို့သည် ဥယျာဉ်နံပါးတစ်ဖက်၌ ရဟန်းချမ်းသာဖြင့် လွန်စေ၍ နေကုန်၏။

ထိုအခါ မင်းသည် ဥယျာဉ်၌ လှည့်လည်သည်ရှိသော် ရဟန်းချမ်းသာဖြင့် နေကုန်သော ထိုနှစ်ယောက်ကုန်သော ရသေ့ယောကျ်ား, ရသေ့မိန်းမတို့ကို မြင်၍ အလွန်ကြည်ညိုဖွယ်ရှိသော မြတ်သော အဆင်းကိုဆောင်သော ရသေ့မကို ကြည့်သည်ရှိသော် တပ်စွန်းသေစိတ်ရှိသည် ဖြစ်လေ၏။

အဘယ်သို့တော်စပ်သနည်း

ထိုဗာရာဏသီမင်းသည် ကိလေသ၏အစွမ်းဖြင့် တုန်လှုပ်လျက် ဤရသေ့မသည် ဤရသေ့ယောက်ျားနှင့် အသို့တော်သနည်းဟု မေးဦး ဟု ဘုရားလောင်းသို့ကပ်၍ အို-ရှင်ရသေ့ ဤရသေ့မသည် အရှင်ဘုရားနှင့် အသို့တော်သနည်း ဟု မေး၏။ မြတ်သောမင်းကြီး တစ်စုံတစ်ခု အမျိုးတော်၏ မတော်၏ဟု ဆိုဖွယ်သည် မဖြစ်၊ လူမှုနှင့်ရော သက်သက် တူသောရသေ့အကျင့်ဖြင့် ရသေ့အဖြစ်သို့ ရောက်သသူတည်း၊ စင်စစ်သော်ကား ငါ၏ လူဖြစ်သောအခါ ခြေရင်း၌ အလုပ်အကျွေးတည်းဟု ဆိုလေ၏။

ရသေ့မ စော်ကားလျှင် အသို့ပြုအံ့နည်း

ထိုစကားကိုကြား၍ မင်သည် ရသေ့မကား ထိုရသေ့၏ တစ်စုံတစ်ခု ပိုင်ထိုက်သော ဥစ္စာသည် မဖြစ်သတတ်၊ စင်စစ်သော်ကား လူဖြစ်သောအခါသာလျှင် ထိုရသေ့၏ ခြေရင်း၌ အလုပ်အကျွေး ဖြစ်သတတ်၊ ငါသည် ဤရသေ့မကို အစိုးရသော မင်း၏ အစွမ်းဖြင့်ယူ၍ အကယ်၍ သွားသည်ဖြစ်အံ့၊ အသို့ပြုလတ္တံ့နည်း၊ ထိုရသေ့ကို စုံစမ်းအံ့ဟု ကြံ၍ ချဉ်းကပ်ပြီးလျှင်-

၄၉။ ယော တေ ဣမံ ဝိသာလက္ခိံ၊ ပိယံ သမှိတဘာသိနိံ။
အာဒါယ ဗလာ ဂစ္ဆေယျ၊ ကိံနု ကယိရာသိ ဗြာဟ္မဏ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၄၉။ ဗြာဟ္မဏ၊ မကောင်းမှုကို အပပြုပြီးသော ရှင်ရသေ့။ ဝိသာလက္ခိံ၊ ဝန်းသော မျက်လုံးရှိသော။ သမှိတဘာသိနိံ၊ စဉ်းငယ်ရွှင်သော မျက်နှာရှိသော။ တေ၊ ရှင်ရသေ့၏။ ဣမံ ပိယံ၊ ဤလူ့ လက်ထက်၌ မယားဖြစ်ဖူးသော ရသေ့မကို။ ယော၊ အကြင်သူသည်။ ဗလာ-ဗလက္ကာရေန၊ နိုင်ထက်ကလူပြုသဖြင့်။ အာဒါယ၊ ယူ၍။ ဂစ္ဆေယျ၊ ငြားအံ့။ တံ၊ ထိုသူကို။ တွံ၊ သင်သည်။ ကိံနု၊ အသို့လျှင်။ ကယိရာသိ၊ ပြုအံ့နည်း။

ပညာရှိအမျက် ပြင်မထွက်

ထိုအခါ မင်း၏စကားကိုကြား၍ ဘုရားလောင်းသည်-

၅၀။ ဥပ္ပဇ္ဇေ မေ န မုစ္စေယျ၊ န မေ မုစ္စေယျ ဇီဝတော။
ရဇံဝ ဝိပုလာ ဝုဋ္ဌိ၊ ခိပ္ပမေဝ နိဝါရယေ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကိုဆို၏။

၅၀။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မေ၊ ငါ့အား။ ကောဓော၊ အမျက်ဒေါသသည်။ ဥပ္ပဇ္ဇေ-ဥပ္ပဇေယျ၊ ဖြစ်ငြားအံ့။ န မုစ္စေယျ၊ ဖြစ်သော အမျက်သည် ကိုယ်မှမထွက်ရာ။ ဇီဝတော၊ အသက်ရှည်သမျှ ကာလပတ်လုံး။ မေ၊ ငါ့အား။ န မုစ္စေယျ၊ ကိုယ်မှ မထွက်ရာ။ ဝိပုလာဝုဋ္ဌိ၊ သည်းစွာသော မိုးပေါက်ရှိသော မိုးကြီးသည်။ ရဇံ၊ မြူကို။ နိဝါရယေ ဣဝ၊ မြစ်သကဲ့သို့။ တံ၊ ထိုအမျက်ကို။ ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ နိဝါရယေ၊ မြစ်အံ့။

ရသေ့မကို အတင်းယူ

ဤသို့ဘုရားလောင်းသည် မြတ်သော တရားစကားကို ဟောတော်မူလေ၏။ ထိုသို့ဟောသော်လည်း မင်းသည် ဘုရားလောင်း၏ တရားစကားကို ကြား၍လည်း အလွန်မိုက်သည်၏ အဖြစ်ကြောင့် ရသေ့မ၌ တပ်စွန်းသော မိမိစိတ်ကို တားမြစ်ခြင်းငှာ မတတ်နိုင်သည်ဖြစ်၍ အမတ်တစ်ယောက်ကို ဤရသေ့မကို မင်း၏ နန်းတော်သို့ ဆောင်သွားလေလော့ဟု စေလိုက်၏။ ထိုအမတ်သည် ကောင်းပြီ ဟု ဝန်ခံ၍ ထိုမင်းဆိုတိုင်းကို ပြု၏။ ရသေ့မလည်း အချင်းတို့ လောက၌ သူတော်မဟုတ် သူယုတ်တို့၏အကျင့်သည် ဖြစ်၏။ မလျောက်ပတ်စွာ့တကား ဤသို့အစရှိသော စကားတို့ကိုဆို၍ ငိုကြွေးမြည်တမ်းစဉ်ပင်လျှင် ထိုရသေ့မကိုယူ၍ သွားလေ၏။

ဘုရားလောင်းသည် ထိုရသေ့မ၏ ငိုကြွေးသံကိုကြား၍ တစ်ကြိမ်ကြည့်ပြီးလျှင် တစ်ဖန်မကြည့်ပြီ။ ငိုမြည်တမ်းသော ရသေ့မကို မင်း၏ နန်းတော်သို့သာလျှင် ဆောင်လေ၏။ ထိုဗာရာ ဏသီမင်းသည်လည်း ဥယျာဉ်၌ ကြာမြင့်စွာနေခြင်းကို မပြုမူ၍သာလျှင် လျင်မြန်စွာ သွားပြီးလျှင် ထိုရသေ့မကိုခေါ်စေ၍ ကြီးစွာသော မင်း၏စည်းစိမ်ဖြင့် ဖိတ်၏။ ထိုရသေ့မသည် မင်းစည်းစိမ်ဖြင့် ကျေးဇူးမရှိသည်ကို ရဟန်းအဖြစ်၌ သာလျှင် ကျေးဇူးရှိသည်ကို ဆို၏။

ဧည့်မခံတော့ဘူးလား

မင်းသည် တစ်စုံတစ်ခုသော အကြောင်းဖြင့် ရသေ့မ၏ စိတ်ကို မရသည်ဖြစ်၍ ထိုရသေ့မကို တစ်ခုသော တိုက်ခန်း၌ထား၍ ကြံ၏။ အဘယ်သို့ ကြံသနည်းဟူမူကား ဤရသေ့မသည် သီလရှိ၏။ ကောင်းသောအကျင့်ရှိ၏။ ဤသို့သဘောရှိသော မိဖုရားစည်းစိမ်ကို အလိုမရှိ၊ ထိုရသေ့သည်လည်း ဤသို့သဘောရှိသော မယားဖြစ်ဖူးသော မိန်းမကို နိုင်ထက်ကလူ ယူ၍ သွားသော ငါတို့ကို အမျက်ထွက်၍ပင် ကြည့်တာကိုလည်း မပြု။ စင်စစ်လျှင် ရသေ့ရဟန်းတို့သည် များစွာကုန်သော မာယာရှိကုန်၏။ တစ်စုံတစ်ခုသော မန္တန် ဆေးဝါး မန္တရားကိုမှီ၍ ငါ့အား အကျိုးမဲ့ကိုလည်း ပြုကုန်ရာ၏။ သွားဦးအံ့၊ အဘယ်သို့ပြုလျက်နေသနည်း၊ သိအောင်ပြုအံ့ ဤသို့ ကြံ၏။ ကြံပြီး၍ ရပ်တည်ခြင်းငှာ မတတ်နိုင်ရကား ဥယျာဉ်သို့ သွားပြန်၏။ ဘုရားလောင်းသည်လည်း သင်္ကန်းတို့ကို ချုပ်လျက် နေ၏။ မင်းသည် နည်းသော အခြံအရံရှိသည်ဖြစ်၍ ခြေသံ ပြင်းသည်ကိုလည်း မပြုဘဲ ဖြည်းဖြည်း သာသာ ချဉ်းကပ်လေ၏။ ဘုရားလောင်းသည် မင်းကိုမကြည့်မူ၍ သင်္ကန်းကိုသာလျှင် ချုပ်၏။ မင်းသည် ဤရသေ့သည် အမျက်ထွက်၍ ငါနှင့်တကွ စကားမပြောဟု အောက်မေ့ သည်ဖြစ်၍ ဤရသေ့စဉ်းလဲသည် "အမျက်အား ဖြစ်ခြင်းငှာ ငါ မပေးအံ့၊ အမျက်ဖြစ်သော်လည်း ထိုအမျက်ကို လျင်မြန်စွာ နှိပ်အံ့" ဟု ရှေးဦးစွာကမူ ကြုံးဝါး၍ ယခုမူကား အမျက်ဖြင့်သာလျှင် ခက်ထန် ခိုင်မာသည်ဖြစ်၍ ငါနှင့်တကွ စကားမပြော ဤသို့သော အမှတ်ဖြင့်-

၅၁။ ယံနု ပုဗ္ဗေ ဝိကတ္ထိတ္ထော၊ ဗလမှိဝ အပဿိတော။
သွဇ္ဇ တုဏှိကတော ဒါနိ၊ သင်္သာဋိံ သိဗ္ဗမစ္ဆသိ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၅၁။ ဘော တာပသ၊ အိုရသေ့။ ပုဗ္ဗေ၊ ရှေး၌။ ဝိကတ္ထိတ္ထော နု၊ ကြုံးဝါး၏ မဟုတ်လော။ အဇ္ဇ၊ ယခုမူကား။ သော၊ ထိုရသေ့စဉ်းလဲ့သည်။ ယံ ဗလံ၊ အကြင်အမျက်ဒေါသ အစွမ်းကို။ အပဿိတော ဣဝ၊ မှီသကဲ့သို့။ တူဏှိကတော၊ တစ်စုံတစ်ခုသော စကားကိုမျှ မဆိုမူ၍။ တေန ဗလေန၊ ထိုအမျက်အစွမ်းဖြင့်။ သင်္ဃာဋိံ၊ ဒုကုဋ်သင်္ကန်းကို။ သိဗ္ဗံ-သိဗ္ဗန္တော၊ ချုပ်လျက်။ ဒါနိ၊ ယခု။ အစ္ဆသိ၊ နေဘိ၏တကား။

ဖြစ်ပါလျက် အပြင်မထွက်

ထိုစကားကိုကြား၍ ဘုရားလောင်းသည် ဤမင်းကား အမျက်ဒေါသ၏ အစွမ်းဖြင့် စကားမပြောဟူ၍ ငါ့ကို အောက်မေ့၏။ ယခုအခါ ထိုမင်းအား ဖြစ်သောအမျက်ဒေါသ၏ အလိုသို့ မလိုက်သည်၏အဖြစ်ကို ဟောအံ့ ဟု ကြံ၍-

၅၂။ ဥပ္ပဇ္ဇိ မေ န မုစ္စတ္ထ၊ န မေ မုစ္စိတ္ထ ဇီဝတော။
ရဇံဝ ဝိပုလာ ဝုဋ္ဌိ၊ ခိပ္ပမေဝ နိဝရယိံ။

ဟူသော လေးခုမြောက်သော ဤဂါထာကိုဆို၏။

၅၂။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မေ၊ ငါ့အာ။ ဥပ္ပဇ္ဇိ၊ ဖြစ်ကား ဖြစ်၏။ ပန၊ ထိုသို့ဖြစ်သော်လည်း။ န မုစ္စိတ္ထ၊ သန္တာန်မှအပ မထွက်စေရ။ မေ၊ ငါ့အား။ ဇီဝတော၊ သဇီဝသန္တာန်မှ။ န မုစ္စိတ္ထ၊ မထွက်စေရာသလျှင်ကတည်း။ ဝိပုလာ ဝုဋ္ဌိ၊ ကြီးစွာသော မိုးပေါက်သည်။ ရဇံ၊ မြူကို။ နိဝရယိ ဣဝ၊ ဖျောက်သကဲ့သို့။ ခိပ္ပမေဝ၊ လျင်စွာသာလျှင်။ နိဝါရယိံ၊ မြစ်အံ့။

ဘာများဖြစ်နေပါသလဲ

ထိုဘုရားလောင်း စကားကိုကြား၍ မင်းသည် ဤရသေ့ကား အမျက်ကိုသာလျှင် ရည်၍ဆိုသလော၊ ထိုသို့တည်းမဟုတ်မူ တစ်ပါးသော တစ်စုံတစ်ခုသော အတတ်ကိုရည်၍ ဆိုသလော၊ ထိုရသေ့ကို မေးဦးအံ့ ဟုကြံ၍ မေးလိုရကား-

၅၃။ ကိံ တေ ဥပ္ပဇ္ဇိ နော မုစ္စိ၊ ကိံ တေ န မုစ္စိ ဇီဝတော။
ရဇံဝ ဝိပုလာ ဝုဋ္ဌိ၊ ကတမံ တံ နိဝရယိ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

၅၃။ တာပသ၊ ရှင်ရသေ့။ တေ၊ ရှင်ရသေ့အား။ ဥပ္ပဇ္ဇိ၊ ဖြစ်ကားဖြစ်၏ ဟူသည်ကား။ ကိံ၊ အဘယ်သည်။ ဥပ္ပဇ္ဇိ၊ ဖြစ်လည်းဖြစ်သနည်း။ နော မုစ္စိ၊ လွှတ်လည်းမလွှတ်သနည်း။ ကိံ၊ အဘယ်သည်။ တေ၊ ရှင်ရသေ့၏။ ဇီဝတော၊ သဇီဝ သန္တန်မှ။ န မုစ္စိ၊ မလွှတ်သနည်း။ ဝိပုလာ ဝုဋ္ဌိ၊ ကြီးစွာသော မိုးပေါက်သည်။ ရဇံ၊ မြူကို။ နိဝရယိ ဣဝ၊ ဖျောက်သကဲ့သို့။ ကတမံ၊ အဘယ်မည်သော။ တံ၊ ထိုဝတ္ထုကို။ နိဝါရယိ၊ မြစ်သနည်း။

အမျက်ဖြစ်လျက် ပြင်မထွက်

ထိုစကားကိုကြား၍ ဘုရားလောင်းသည် မြတ်သော မင်းကြီး ဤသို့ များစွာသော အပြစ်ရှိသော တစ်ခုသော အမျက်သည် ငါ့အား ဖြစ်၏။ ဖြစ်သော်လည်း ထိုအမျက်ကို မေတ္တာ ဘာဝနာဖြင့် မြစ်၏ဟု အမျက်ဒေါသ၌ အပြစ်ကို ပြလိုသည်ဖြစ်၍-

၅၄။ ယမှိ ဇာတေ န ပဿတိ၊ အဇာတေ သာဓု ပဿတိ။
သော မေ ဥပ္ပဇ္ဇိ နော မုစ္စိ၊ ကောဓော ဒုမ္မေဓဂေါစရော။
၅၅။ ယေန ဇာတေန နန္ဒန္တိ၊ အမိတ္တာ ဒုက္ခမေသိနော။
သော မေ ဥပ္ပဇ္ဇိ နာ မုစ္စိ၊ ကောဓော ဒုမ္မေဓဂေါစရော။
၅၆။ ယသ္မိဉ္စ ဇာယမာနမှိ၊ သဒတ္ထံ နာဝဗုဇ္ဈတိ။
သော မေ ဥပ္ပဇ္ဇိ နော မုစ္စိ၊ ကောဓော ဒုမ္မေဓဂေါစရော။
၅၇။ ယေနာဘိဘူတော ကုသလံ ဇဟာတိ၊
ပရက္ကရေ ဝိပုလဉ္စာပိ အတ္ထံ
သ ဘီမသေနော ဗလဝါ ပမဒ္ဒီ၊
ကောဓော မဟာရာဇ န မေ အမုစ္စထ။
၅၈။ ကဋ္ဌသ္မိံ မတ္ထမာနသ္မိံ၊ ပါဝကော နာမ ဇာယတိ။
တမေဝ ကဋ္ဌံ ဍဟတိ၊ ယသ္မာ သော ဇာယတေ ဂိနိ။
၅၉။ ဧဝံ မန္ဒဿ ပေါသဿ၊ ဗာလဿ အဝိဇာနတော။
သာရမ္ဘာ ဇာယတေ ကောဓော၊ သောပိ တေနေ ဍယှတိ။
၆၀။ အဂ္ဂိဝ တိဏကဋ္ဌသ္မိံ၊ ကောဓော ယဿ ပဝဍ္ဎတိ။
နိဟီယတိ တဿ ယသော၊ ကာဠပက္ခဝ စန္ဒိမာ။
၆၁။ အနေဓော ဓူမကေတူဝ၊ ကောဓော ယဿူပသမ္မတိ။
အာပူရတိ တဿ ယသော၊ သုက္ကပက္ခေဝ စန္ဒီမာ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၅၄။ ဘူပါလ၊ ရေမြေသေဌ်နင်း ပြည့်ရှင်မင်း။ ယမှိ ကောဓေ၊ အကြင်အမျက်သည်။ ဇာတေ၊ ဖြစ်လတ်သော်။ န ပဿတိ၊ မိမိအကျိုး သူတစ်ပါးအကျိုးကို မမြင်။ ယမှိ၊ အကြင်အမျက်သည်။ အဇာတေ၊ မဖြစ်သည်ရှိသော်။ သာဓု၊ ကောင်းစွာ။ ပဿတိ၊ မိမိအကျိုး သူတစ်ပါးအကျိုးကို မြင်၏။ ဒုမ္မေဓဂေါစရော၊ ပညာမရှိသောသူတို့၏ ကျက်စားလေ့လာရာဖြစ်သော။ သော ကောဓော၊ ထိုအမျက်သည်။ မေ၊ ငါ့အား။ ဥပ္ပဇ္ဇိ၊ ဖြစ်၏။ နော မုစ္စိ၊ ကိုယ်မှ ပြင်ပသို့ မထွက်။

၅၅။ ဇနိန္ဒ၊ လူတို့ အရှင်မင်းမြတ်။ ဇာတေန၊ ဖြစ်သော။ ယေန၊ အကြင်အမျက်ဒေါသဖြင့်။ ဒုက္ခမေသိနော၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကို အလိုရှိကုန်သော။ အမိတ္တာ၊ ရန်သူတို့သည်။ နန္ဒန္တိ၊ နှစ်သက်ကုန်၏။ ဒုမ္မေဓဂေါစရော၊ ပညာမရှိသောသူတို့၏ ကျက်စားရာ အာရုံဖြစ်သော။ သော ကောဓော၊ ထိုအမျက်သည်။ မေ၊ ငါ့အား။ ဥပ္ပဇ္ဇိ၊ ဖြစ်၏။ နော မုစ္စိ၊ ငါ့ကိုယ်မှ ပြင်ပသို့မထွက်။

၅၆။ ဒိသမ္မတိ၊ အရပ်မျက်နှာ အရှင်ဖြစ်သော မင်းကြီး။ ယသ္မိဉ္စ၊ အကြင် အမျက်ဒေါသသည်လည်း။ ဖာယမာနမှိ၊ ဖြစ်လတ်သော်။ သဒတ္ထံ၊ မိမိအကျိုးစီးပွားကို။ နာဝ ဗုဇ္ဈတိ၊ မသိ။ ဒုမ္မေဓဂေါစရော၊ ပညာရှိသောသူတို့၏ ကျက်စားလေ့လာရာဖြစ်သော။ သော ကောဓော၊ ထိုအမျက်သည်။ မေ၊ ငါ့အား။ ဥပ္ပဇ္ဇိ၊ ဖြစ်၏။ နော မုစ္စိ၊ ငါ့ကိုယ်မှ ပြင်ပသို့မထွက်။

၅၇။ ရဋ္ဌေသဘ၊ တိုင်းပြည်သူအပေါင်းတို့ထက် မြတ်တော်မူသော။ ရာဇသေဋ္ဌ၊ မင်းမြတ်။ ယေန၊ အကြင်ဒေါသသည်။ အဘိဘူတော၊ နှိပ်စက်အပ်သောသူသည်။ ကုသလံ၊ ကုသိုလ်ကို။ ဇဟာတိ၊ စွန့်တတ်၏။ ဝိပုလံ၊ ပြန့်ပြောသော။ အတ္ထဉ္စာပီ၊ အကျိုးစီးပွားကိုလည်း။ ပရက္ကရေ၊ အပပြုလိုက်တတ်၏။ မဟာရာဇ၊ မင်းမြတ်။ ဘီမသေနော၊ များစွာသော ကိလေသာဟူသော စစ်သည်နှင့်ပြည့်စုံသော။ ဗလဝါ ပမဒ္ဒီ၊ အားရှိသောလူတို့ကို နှိပ်နင်းနိုင်သော။ သောကောဓော၊ ထိုအမျက်သည်။ မေ၊ ငါ၏။ သန္တိကာ၊ အထံမှ။ န မုစ္စထ၊ မထွက်။

အမျက်မီးပြောင် ကိုယ့်ကိုလောင်

၅၈။ ကဋ္ဌသ္မိံ၊ မီးပွတ်ခုံကို။ မတ္ထမာနသ္မိံ၊ မီးပွတ် သည်ရှိသော်။ ပါဝကော နာမ၊ မီးမည်သည်။ ဇာယတိ၊ ဖြစ်၏။ သော ဂိနိ၊ ထိုမီးသည်။ ယသ္မာ၊ အကြင်ပွတ်ခုံမှ။ ဇာယတ၊ ဖြစ်၏။ တမေဝကဋ္ဌံ၊ ထိုမီးဖြစ်ရာ ပွတ်ခုံကိုပင်လျှင်။ ဍဟတိ၊ လောင်၏။

အမျက်ဖြစ်မူ ဤကိုယ်ပူ

၅၉။ မဟာရာဇ၊ မင်းမြတ်။ ဧဝံ၊ ဤအတူ။ မန္ဒဿ၊ ပညာမရှိသော။ ဗာလဿ၊ မိုက်စွာသော။ အဝိဇာနတော၊ အကျိုးစီးပွားကို မသိသော။ ပေါသဿ၊ သတ္တဝါအား။ သာရမ္ဘာ၊ နင်လော ငါလော စသည်ဖြင့် လွန်စွာပြုတတ်သော လက္ခဏာရှိသော။ ကောဓော၊ အမျက်သည်။ ဇာယတေ၊ ဖြစ်၏။ သောပိ၊ ထို အမျက်ထွက်သော သူသည်လည်း။ တေနေဝ၊ ထိုမိမိအမျက်ဖြင့်သာလျှင်။ ဍယှတိ၊ ပူလောင်၏။

ပညာနည်းပါး ဒေါသပွား

၆၀။ ရထေသဘ၊ ရထားစီးချင်း မင်းတကာတို့ထက် အာသဘ မြောက်တော်မူသော။ ရာဇသေဋ္ဌ၊ မင်းမြတ်။ တိဏကဋ္ဌသ္မိံ၊ မြက်ခြောက်, သစ်ခက်ခြောက် ရှိရာအရပ်၌။ အဂ္ဂိ၊ လောင်သော မီးသည်။ ဝဍ္ဎတိ ဣဝ၊ ပွားလေလေဖြစ်သကဲ့သို့။ ယဿ၊ အကြင်ပညာနည်းသော သူအား။ ကောဓော၊ အမျက်သည်။ ပဝဍ္ဎတိ၊ ပွား၏။ တဿ၊ ထိုအမျက်ဒေါသ ပွားသောသူအား။ ကာဠပက္ခေ၊ လကွယ်ပက္ခ၌။ စန္ဒိမာ ဣဝ၊ လကဲ့သို့။ ယသော၊ စည်းစိမ်ချမ်းသာသည်။ နဟီယတိ၊ တရွေ့ရွေ့ ယုတ်၏။

အမျက်ဇာတ်သိမ်း ကိုယ်လုံးငြိမ်း

၆၁။ မန္နိဿရ၊ ရွှေနန်းရှင်။ အနေဓော၊ မီးစာမရှိသော။ ဓူမကေတု၊ မီးလျှံသည်။ ဥပသမ္မတိ ဣဝ၊ ငြိမ်းသကဲ့သို့။ ယဿ၊ အကြင်ပညာရှိအား။ ကောဓော၊ အမျက်သည်။ ဝူပသမ္မတိ၊ ငြိမ်း၏။ တဿ၊ ထိုအမျက်ငြိမ်းသောသူအား။ သုက္ကပက္ခေ၊ လဆန်းပက္ခ၌။ စန္ဒိမာ ဣဝ၊ လကဲ့သို့။ ယသော၊ စည်းစိမ်ချမ်းသာသည်။ ပူရတိ၊ တရွေ့ရွေ့ပြည့်၏။

ဗာရာဏသီမင်းသည် ဘုရားလောင်း၏ တရားစကားကို နာရလျှင် နှစ်သက်သောစိတ် ရှိသည်ဖြစ်၍ အမတ်တစ်ယောက်ကိုစေ၍ နန်းတော်သို့ ဆောင်လေပြီးသော ရသေ့မကို ဆောင်စေ၍ အမျက်ထွက်ခြင်းမရှိသော ရှင်ရသေ့ နှစ်ယောက်ကုန်သော ရှင်ရသေ့တို့သည် ရဟန်းချမ်းသာဖြင့် လွန်စေကုန်လျက် ဤအကျွန်ုပ် ဥယျာဉ်တော်၌သာလျှင် နေတော်မူကြကုန်လော့၊ အကျွန်ုပ်သည် အရှင်ဘုရားတို့အား တရားနှင့်လျော်စွာ စောင့်ရှောက်ခြင်း, တရားနှင့်လျော်စွာ ရန်မှတားမြစ်ခြင်း, တရားနှင့်လျော်သော လုံခြုံခြင်းကို ပြုအံ့ ဟု ဆို၍ ကန်တော့ပြီးလျှင် အကြိမ်ကြိမ် ရှိခိုး၍သွားလေ၏။

ထိုနှစ်ယောက်ကုန်သော သူတို့သည်လည်း ဥယျာဉ်တော်၌သာလျှင် နေကုန်၏။ နောက်အဖို့၌ ရသေ့မသည် သေ၏။ ဘုရားလောင်းသည် ထိုရသေ့မ သေသည်ရှိသော် ဟိမဝန္တာတောသို့ ဝင်ပြီးလျှင် အဘိညာဉ် သမာပတ်တို့ကို ဖြစ်စေ၍ လေးပါးကုန်သော ဗြဟ္မဝိဟာရတို့ကို ပွားစေလျက် ဗြဟ္မာ့ပြည်သို့ လာ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူပြီးလျှင် သစ္စာတို့ကိုပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ အမျက်ထွက်တတ်သော ရဟန်းသည် အနာဂါမိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ရာဟုလမယ်တော်သည် ထိုအခါ ရသေ့မဖြစ်ဖူးပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည် ထိုအခါ စူဠဗောဓိရသေ့ ဖြစ်ဖူးပြီ၊ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

မျက်ဒေါသမှာ၊ မီးပမာ၊ မှီရာလောင်မြိုက်မည်

ငါးခုမြောက်သော စူဠဗောဓိဇာတ်သည်ပြီး၏။

*****