မုဒုလက္ခဏဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၆၆။ မုဒုလက္ခဏဇာတ်

ဧကကနိပါတ်-ဣတ္ထိဝဂ်

၆။ မုဒုလက္ခဏဇာတ်

ကာမဂုဏ်၏အာရုံသို့လိုက်၍ ဆင်းရဲကြီးစွာရောက်သောအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဧကာ ဣစ္ဆာ ပုရေ အာသိ အစရှိသော ဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤမုဒုလက္ခဏဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော အမျိုးသား ကိုအကြောင်း ပြု၍ ဟောတော်မူ၏။ တယောက်သော သာဝတ္ထိမြို့၌နေသော အမျိုးသားသည် မြတ်စွာဘုရားတရားတော်ကိုနာရ၍ ရတနာတည်းဟူသော သာသနာ၌ ဝမ်းရေးကိုမငဲ့ဘဲရဟန်းပြုပြီးလျှင် အဖန်တလဲလဲ ကမ္မဋ္ဌာန်း၌ လုံ့လပြုသည်။ ကမ္မဋ္ဌာန်း၌ အမြဲယှဉ်သည်။ မလွတ်သော ကမ္မဋ္ဌာန်းရှိသည်ဖြစ်၍ တနေ့သ၌ သာဝတ္ထိမြို့သို့ ဆွမ်းအလို့ငှာသွားသည်ရှိသော် တယောက်သော တန်ဆာဆင်အပ်သော မိန်းမကိုမြင်၍ တင့်တယ်၏ဟု နှလုံးသွင်းသည်၏အစွမ်းအားဖြင့် ဣန္ဒြေတို့ကိုဖျက်၍ ကြည့်သတတ်၊ ထိုရဟန်း၏ကိုယ်တွင်း၌ ကိလေသာသည်လှုပ်၏။ ပဲကွပ်ဖြင့် ခတ်အပ်သော အစေးရှိသော သစ်ပင်ကဲ့သို့ ဖြစ်၏။ ထိုရဟန်းသည် ထိုနေ့မှစ၍ ကိလေသာ၏ အလိုသို့လိုက်သည်ဖြစ်၍ ကိုယ်၏ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်းကို မရသလျှင်ကတည်း၊ တုန်လှုပ်သော သမင်နှင့်တူသည်ဖြစ်၍ သာသနာတော်၌မမွေ့လျော်သည် ရှည်သောဆံအမွေး ခြေသည်းလက်သည်းရှိသည်, ညစ်နွမ်းသောသင်္ကန်းရှိသည် ဖြစ်၏။

ထိုအခါ ထိုရဟန်း၏ ဣန္ဒြေ၏ဖောက်ပြန်ခြင်းကိုမြင်၍ အဆွေခင်ပွန်းဖြစ်ကုန်သော ရဟန်းတို့သည် ငါ့သျှင် သင့်အား ယခုဣန္ဒြေတို့သည် အဘယ်ကြောင့် ရှေးကဣန္ဒြေတို့ကဲ့သို့မဖြစ်ကုန်သနည်းဟု မေးကုန်၏။ ငါ့သျှင်တို့ ငါသည် မမွေ့လျော်သည်ဖြစ်၏ဟု ဆို၏။ ထိုအခါ ထိုရဟန်းကို အဆွေခင်ပွန်း ရဟန်းတို့သည် မြတ်စွာဘုရားအထံတော်သို့ ဆောင်ကုန်၏။ မြတ်စွာဘုရားသည် ရဟန်းတို့ အလိုမရှိသောရဟန်းကိုယူ၍ အဘယ်ကြောင့် လာကြကုန်သနည်းဟုမေးတော်မူ၏။ အရှင်ဘုရား ဤရဟန်းသည် မမွေ့လျော်ဟု လျှောက်ကြကုန်၏။ မြတ်စွာဘုရားသည် ရဟန်း မမွေ့မလျော်သည်မှန်သလောဟု မိန့်တော်မူ၏။ ဘုန်းတော်ကြီး အရှင်ဘုရား မှန်ပေ၏ဟု နားတော်လျှောက်၏။ ရဟန်း သင့်ကို အဘယ်သူသည် ငြီးငွေ့စေသနည်းဟု မိန့်တော်မူ၏။ အရှင်ဘုရား အကျွန်ုပ်သည် ဆွမ်းအလို့ငှါသွားသည်ရှိသော် တယောက်သောမိန်းမကိုမြင်၍ ဣန္ဒြေတို့ကိုဖျက်၍ ကြည့်၏။ ထိုအခါ အကျွန်ုပ်၏ကိလသောသည် လှုပ်၏။ ထို့ကြောင့် ငြီးငွေ့သည်ဖြစ်၏ဟု လျှောက်၏။

ထိုအခါ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း ဣန္ဒြေကိုဖျက်၍ ဝိသဘာဂအာရုံကို တင့်တယ်၏ဟု နှလုံးသွင်းသည်၏ အစွမ်းအားဖြင့် ကြည့်သောသင့်ကို ကိလေသာတို့သည် တုန်လှုပ်စေခြင်းသည်ရှိ၏။ ထိုတုန်လှုပ်စေခြင်းသည်အံ့ဘွယ်မရှိ၊ ရှေး၌ အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးကို ရကုန်သော ဈာန်၏ အာနုဘော်ဖြင့် ကိလေသာတို့ကိုခွဲ၍ စင်ကြယ်စွာသောစိတ်ရှိကုန်သော ကောင်းကင်ပြင်၌သွားကုန်သော ဘုရားလောင်းတို့သည် ဣန္ဒြေတို့ကိုဖျက်၍ ဝိသဘာဂအာရုံကို ကြည့်သည်ရှိသော် ဈာန်မှ ယုတ်ကုန်၍ ကိလေသာတို့သည် တုန်လှုပ်စေအပ်သည်ဖြစ်၍ ကြီးစွာသောဆင်းရဲကို ခံရဘူးကုန်ပြီ၊ ထိုစကားသည် မှန်၏။ မြင်းမိုရ်တောင်ကို ကျွတ်စေတတ်သောလေသည် ဆင်ပမာဏရှိသောတောင်ဦးပြည်းငယ်ကို တောင်ဟူ၍မရေတွက်၊ သပြေပင်ကြီးကိုကျွတ်စေတတ်သောလေသည် မြစ်ကမ်းပါး၌ ပေါက်သောသစ်ပင်ငယ်ကို သစ်ပင်ဟူ၍မရေတွက်၊ မဟာသမုဒြာကိုပူစေတတ် ခြောက်ခန်းစေတတ်သောနေသည် တစုံတခုသာလျှင်ဖြစ်သော တဖက်ဆည်ကန်ကို ကန်ဟူ၍ မရေတွက်၊ ဤသို့လျှင် စင်ကြယ်သောစိတ်ရှိကုန်သော ဘုရားလောင်းဖြစ်ကုန်သော ပညာရှိတို့အား စင်ကြယ်လျှက်လည်း ဉာဏ်ကင်းခြင်းကိုပြုတတ်ကုန်သော ကိလေသာတို့သည် သင်၌ အဘယ့်ကြောင့်ရှက်ကုန်လတ္တံ့နည်း၊ စင်ကြယ်ကုန်သောသတ္တဝါတို့သည်လည်း ညစ်ညူးကုန်၏။ မြတ်သောအကျော်အစောနှင့် ပြည့်စုံသောသူတို့သည်လည်း အကျော်အစောမရှိသောအဖြစ်သို့ ရောက်ကုန်၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ကာသိတိုင်း၌ တယောက်သော များစွာသောဥစ္စာစည်းစိမ်ရှိသော ပုဏ္ဏား၏ အိမ်၌ဖြစ်၍ လိမ်မာသောအဖြစ်သို့ရောက်သည်ရှိသော် ခပ်သိမ်းသောအတတ်တို့၏ ကမ်းတဖက်သို့ရောက်၍ ကာမတို့ကိုစွန့်ပြီးလျှင် ရသေ့ရဟန်းပြု၍ ကသိုဏ်းပရိကံကိုပြုလျက် အဘိညာဉ်တို့ကို၎င်း၊ သမာပတ်တို့ကို၎င်းဖြစ်စေ၍ ဈာန်ချမ်းသာဖြင့်လွန်စေလျက် ဟိမဝန္တာအရပ်၌နေ၏။ ထိုဘုရားလောင်းသည် တရံရောအခါ၌ ချဉ်ဆားမှီဝဲအံ့သောငှါ ဟိမဝန္တာမှသက်ခဲ့၍ ဗာရာဏသီပြည်သို့ရောက်လျှင် မင်း၏ဥယျာဉ်၌နေ၍ နက်ဖြန်နေ့၌ ပြုအပ်ပြီးသော ကိုယ်လက်သုတ်သင်ခြင်းရှိသည်ဖြစ်၍ နီသောလျှော်တေဖြင့်ပြီးသောအဝတ်အာရုံကို ပြုပြင်၍ သစ်နက်ရေကို ပခုံးတဖက်၌စမ္ပယ်တင်၍ ဆံကျစ်ဝန်းကိုဖွဲ့၍ ဆွမ်းခံသပိတ်ကို ယူ၍ ဗာရာဏသီမြို့သို့ ဆွမ်းအလို့ငှါဝင်သည်ရှိသော် မင်းအိမ်တံခါးသို့ရောက်၏။ မင်းသည် ထိုရသေ့၏ဣရိယာပုထ်၌ကြည်ညို၍ ပင့်စေပြီးလျှင် မြတ်သောသူတို့အားသာလျှင်ထိုက်သော နေရာ၌နေစေ၍ မွန်မြတ်သော ခဲဘွယ်ဘောဇဉ်ဖြင့် ရောင့်ရဲစေ၍ ဆွမ်းအနုမောဒနာကိုပြုပြီးလျှင် ဥယျာဉ်၌နေစိမ့်သောငှာ တောင်းပန်၏။ ထိုရသေ့သည်ဝန်ခံ၍ မင်းအိမ်၌ဆွမ်းစား၍ မင်းမျိုးကိုဆုံးမလျက် ထိုဥယျာဉ်၌ တဆယ့်ခြောက်နှစ်ပတ်လုံးနေ၏။

ထိုအခါ တနေ့သ၌ မင်းသည် ပုန်ကန်သောပစ္စန္တရစ်ကို ငြိမ်းစိမ့်သောငှါ သွားသည်ရှိသော် မုဒုလက္ခဏာမည်သော မိဖုယားကြီးကို အရှင်မြတ်အားလုပ်ကျွေးခြင်းကို မမေ့မလျော့ပြုလောဟုဆို၍ သွားလေ၏။ ဘုရားလောင်းသည် မင်းကြီးသွားသောအခါမှစ၍ မိမိသည် နှစ်သက်သောအခါ၌ မင်းအိမ်သို့သွား၏။ ထိုအခါ တနေ့သ၌ မုဒုလက္ခဏမိဖုယားကြီးသည် ဘုရားလောင်းဘို့ အာဟာရကိုပြည့်စုံစေ၍ ယနေ့အရှင်မြတ်သည် ကြာမြင့်၏ဟု နံ့သာရေဖြင့်ချိုးပြီးလျှင် ခပ်သိမ်း သောတန်ဆာတို့ဖြင့် တန်ဆာဆင်လျက် မြတ်သောအပြင်၌ အိပ်ရာငယ်ကိုခင်းစေ၍ ဘုရားလောင်း၏လာခြင်းကိုမျှော်လျက် အိပ်နေ၏။ ဘုရားလောင်းသည်လည်း မိမိ၏အခါကိုမှတ်၍ ဈာန်မှထပြီးလျှင် ကောင်းကင်ခရီးဖြင့်သာလျှင် မင်းအိမ်သို့သွား၏။ မုဒုလက္ခဏမိဖုယားကြီးသည် လျှော်တေ သင်္ကန်းသံကို ကြား၍သာလျှင် အရှင်မြတ်လာပြီဟု လျှင်စွာထ၏။ လျှင်မြန်သဖြင့်ထသော မိဖုယား၏ပြေပြစ်သော အဝတ်သည် လျှောကျ၏။ ရသေ့သည် ခြင်္သေ့ခံသောလေသာပြူတင်းဖြင့် ဝင်သည်ရှိသော် မိဖုယား၏ဝိသဘာဂအာရုံကိုမြင်၍ ဣန္ဒြေတို့ကိုဖျက်၍ တင့်တယ်၏ဟု နှလုံးသွင်းသည်၏ အစွမ်းဖြင့် ကြည့်၏။

ထိုအခါ ဘုရားလောင်း၏ကိုယ်တွင်း၌ ကိလေသာသည် လှုပ်၏။ ပဲကွပ်ဖြင့်ခတ်အပ်သော အစေးရှိသောသစ်ပင်ကဲ့သို့ဖြစ်၏ ထိုခဏ၌ပင်လျှင် ရသေ့၏ဈာန်သည်ကွယ်၏။ အတောင်ပြတ်သောကျီးကဲ့သို့ ဖြစ်၏။ ထိုရသေ့သည် ရပ်လျှက်သာလျှင် အာဟာရကိုယူ၍ မစားမူ၍သာလျှင် ကိလေသာသည် တုန်လှုပ် စေအပ်သည်ဖြစ်၍ ပြာဿာဒ်မှသက်ခဲ့ပြီးလျှင် ဥယျာဉ်သို့သွား၍ သစ်ရွက်မိုးသောကျောင်းသို့ဝင်၍ ပျဉ်ခင်းသောနေရာ၏အောက်၌ အာဟာရကိုထား၍ ဝိသဘာဂအာရုံဖြင့် ဖွဲ့ယှက်အပ်သည်ဖြစ်၍ ဤကိလေသာမီးသည်လောင်သည်ရှိသော် အာဟာရကင်းသည် ၏အဖြစ်ကြောင့် ခြောက်ကပ်လျက် ခုနစ်ရက်တို့ပတ်လုံး ပျဉ်အ ခင်း၌အိပ်၏။ ခုနစ်ရက်မြောက်သောနေ့၌ မင်းကြီးသည် ပစ္စန္တရစ်ကိုငြိမ်းစေပြီး၍ လာသည်ရှိသော် မြို့ကိုလက်ျာရစ်လည်သည်ကို ပြု၍ နန်းတော်သို့မဝင်ဘဲ အရှင်မြတ်ကိုဖူးမြင်အံ့ဟု ဥယျာဉ်သို့သွားပြီးလျှင် သစ်ရွက်မိုးသောကျောင်းသို့ဝင်၍ လျောင်းသောရှင်ရသေ့ကိုမြင်သည်ရှိသော် တခုသောမချမ်းသာခြင်းသည် ဖြစ်ယောင်တကားဟု သစ်ရွက်မိုးသောကျောင်းကို သုတ်သင်စေ၍ ခြေကိုဆုပ်နယ်လျှက် အရှင်ဘုရားအား အဘယ်မချမ်းသာခြင်းသည် ဖြစ်သနည်းဟု မေး၏။

မြတ်သောမင်းကြီး ငါ့အား တပါးသောမချမ်းသာခြင်းသည် မရှိ၊ ကိလေသာ၏အစွမ်းဖြင့် တပ်စွန်းသောစိတ်ဖြစ်၏ဟု ဆို၏။ အရှင်ဘုရား အရှင်ဘုရား၏စိတ်သည် အဘယ်၌တပ်စွန်းသနည်း ဟု မေး၏။ မြတ်သောမင်းကြီး မုဒုလက္ခဏမိဖုယား၌တပ်စွန်း၏ ဟု ဆို၏။ အရှင်ဘုရား ကောင်းပြီ၊ အကျွန်ုပ်သည် မုဒုလက္ခဏကို ပေးအံ့ဟုဆိုပြီးလျှင် ရသေ့ကိုယူပြီး၍ နန်းတော်သို့ဝင်၍ မုဒု လက္ခဏမိဖုယားကို အလုံးစုံသောတန်ဆာတို့ဖြင့် ဆင်ယင်၍ ရသေ့အားပေး၏။ ပေးစဉ်၌လည်း မုဒုလက္ခဏာအား အမှတ်ကို ပေး၏။ အဘယ်သို့ပေးသနည်းဟူမူကား သင်သည် မိမိ၏အစွမ်းအားဖြင့် အရှင်မြတ်ကိုစောင့်ရှောက်ခြင်းငှါ လုံ့လပြုအပ်၏ဟု အမှတ်ပေး၏။ အရှင်မင်းကြီး ကောင်းပြီ စောင့်ရှောက်အံ့ဟု ဆို၏။ ရသေ့သည် မိဖုယားကိုယူ၍ မင်းအိမ်မှသက်၏။ ထိုအခါ တံခါးမှထွက်သောကာလ၌ အရှင်ငါတို့အား တခုသောအိမ်ကို ရခြင်းငှါသင့်၏။ သွားချေ မင်းကြီးကို အိမ်တောင်းချေလောဟု ဆို၏။ ရသေ့သည်သွား၍ အိမ်တောင်း၏။ မင်းကြီးသည် လူတို့၏ဝစ္စကုဋိကိစ္စကိုပြီးစေသော တခုသော စွန့်ပစ်အပ်သော အိမ်ကိုပေး၏။

ထိုရသေ့သည် မိဖုယားကိုယူ၍သွား၏။ ထိုမိဖုယားသည် အိမ်သို့ဝင်ခြင်းငှါအလိုမရှိ၊ အဘယ့်ကြောင့်မဝင်သနည်းဟု မေး၏။ မစင်ကြယ်သည်၏အဖြစ်ကြောင့် မဝင်ဟုဆိုသည်ရှိသော် ယခု အဘယ်ကိုပြုရအံ့နည်းဟု ဆို၏။ ထိုအိမ်ကို သုတ်သင်လောဟု ဆိုပြီး၍ မင်းကြီးအထံသို့စေ၍ သွားချေ ပေါက်တူးကိုဆောင်ချေလော၊ တောင်းကိုလည်း ဆောင်ချေလောဟု ဆို၍ ဆောင်စေပြီးလျှင် မစင်ကို၎င်း၊ အမှိုက်စုကို၎င်း စွန့်ပစ်စေ၍ နွားချေးကိုဆောင်စေပြီးလျှင် လိမ်းကျံ၍ တဖန်လည်း သွားချေညောင်စောင်းကို ဆောင်ချေလော၊ အင်းပျဉ်ကို ဆောင်ချေလော၊ အခင်းကို ဆောင်ချေလော၊ သောက်ရေ အိုးကိုဆောင်ချေလော၊ ရေခပ်အိုးကို ဆောင်ချေလော၊ တခုတခုစီကို ဆောင်စေ၍ တဖန် ရေခပ်ခြင်းအစရှိသည်တို့၏အကျိုးငှါ ထိုရသေ့ကို စေ၏။ ရသေ့သည် အိုးကိုယူပြီးလျှင် ရေကိုဆောင်လျက် သောက်ရေအိုးကို ပြည့်စေပြီးလျှင် ချိုးရေကိုစီရင်၍ အိပ်ရာခင်း၏။ ထိုအခါ အိပ်ရာ၌အတူထိုင်သောရသေ့ကို ကြင်စွယ်မုတ်ဆိတ်တို့ကိုင်၍ သင်၏ ရဟန်းအဖြစ်ကို၎င်း၊ မကောင်းမှုကို အပပြုတတ်သောသူ၏ အဖြစ်ကို၎င်း မသိဟုဆို၍ ညွတ်စေ၍ မိမိသို့ရှေးရှုတင်၏။ ရသေ့သည် ထိုအခါ သတိရ၍ ဤမျှလောက်သောကာလပတ်လုံး မိုက်မဲခြင်းသည် ဖြစ်၏။ ဤသို့လျှင် ကိလေသာတို့မည်သည်ကား မိုက်မဲခြင်းကို ပြုတတ်ကုန်၏။ ရဟန်းတို့ ကာမစ္ဆန္ဒနီဝရဏသည် ကန်းခြင်းကိုပြုတတ်ကုန်၏။ မိုက်မဲခြင်းကို ပြုတတ်ကုန်၏။ ဤသို့ အစရှိသော ပါဠိကို ဤအရာ၌ဆိုအပ်၏။ ထိုရသေ့သည်သတိရ၍ တဏှာသည် ပွားသည်ရှိသော် ငါ့အား လေးပါးကုန်သောအပါယ်တို့မှ ဦးခေါင်းကိုချီခြင်းငှာ မပေးလတ္တံ့၊ ယနေ့ပင်လျှင် ငါသည် ဤမုဒုလက္ခဏကို မင်းကြီးအားအပ်နှင်း၍ ဟိမဝန္တာသို့ဝင်ခြင်းငှာသင့်၏ဟု ကြံ၏။ ကြံပြီး၍ ထိုရသေ့သည် မုဒုလက္ခဏာကိုယူ၍ မင်းကြီးသို့ကပ်ပြီးလျှင် မြတ်သောမင်းကြီး သင်၏မိဖုယားဖြင့် ငါ့အားအလိုမရှိ၊ စင်စစ်သော်ကား ငါ့အား ဤမုဒုလက္ခဏကိုမှီ၍ တဏှာသည် ပွား၏ဟု ဆိုလို၍-

၆၆။ ဧကာ ဣစ္ဆာ ပုရေ အာသိံ၊ အလဒ္ဓံ မုဒုလက္ခဏံ။
ယတော လဒ္ဓါ အဠာရက္ခီ၊ ဣစ္ဆာ ဣစ္ဆံ ဝိဇာယထ။

ဟူသော ဤဂါထာကို ဆို၏။

၆၆။ မဟာရာဇ၊ မြတ်သောမင်းကြီး။ မုဒုလက္ခဏံ၊ မုဒုလက္ခဏာကို။ အလဒ္ဓါ၊ မရမီ။ ပုရေ၊ ရှေးကာလ၌။ ဧကာ၊ တပါးသော ဣစ္ဆာ၊ မုဒုလက္ခဏာကိုတောင့်တခြင်း တဏှာသည်။ အာသိ၊ ဖြစ်၏။ ယတော၊ အကြင်အခါ၌။ အဠာရက္ခီ၊ ကျယ်သောတင့်တယ်သော မျက်စိရှိသော မုဒုလက္ခဏကို။ လဒ္ဓါ၊ ရအပ်ပြီ။ အထ၊ ထိုအခါ၌။ သာ၊ ထိုမုဒုလက္ခဏာသည်။ ဣစ္ဆာ ဣစ္ဆံ၊ ငယ်ငယ်ကြီးကြီး ဖြစ်သော တဏှာကို။ ဝိဇာယထ၊ ဖြစ်စေ၏။

ထိုခဏ၌လျှင် ကွယ်သောဈာန်ကိုဖြစ်စေ၍ ကောင်းကင်၌ နေလျှက်တရားဟော၍ မင်းအားလည်း အဆုံးအမကိုပေးပြီးလျှင် ကောင်းကင်ဖြင့်သာလျှင် ဟိမဝန္တာသို့သွား၍ တဖန် လူ့ပြည်သို့ မလာပြီ၊ ထိုဟိမဝန္တာ၌ သာလျှင် ဗြဟ္မဝိဟာရတို့ကိုပွားလျက် မယုတ်သောဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်၌ ဖြစ်၏။ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကိုဆောင်တော်မူ၍ သစ္စာတို့ကိုတော်မူ၏။ သစ္စာတို့ကိုပြတော်မူသည်၏ အဆုံး၌ သာသနာတော်၌ မမွေ့လျော်သော ရဟန်းသည် အရဟတ္တဖိုလ်၌ တည်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် အနုသန္ဓေကိုစပ်၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ဘူးပြီ၊ ယခုအခါ ဥပ္ပလဝဏ်သည် ထိုအခါ မုဒုလက္ခဏမိဖုယား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ရသေ့ ဖြစ်ဘူးပြီ၊ ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

ဝိသဘာဂ၊ အာရုံရ၊ ဒသကိလေ ဆင်းရဲဖွေ

ခြောက်ခုတို့၏ပြည့်ကြောင်းဖြစ်သော မုဒုလက္ခဏဇာတ်သည် ပြီး၏။

*****