မဟာဗုဒ္ဓဝင်/၇- ပကိဏ္ဏကခန်း (၁၅) ပါရမီတို့၏ အကျိုးဆက် အာနိသင်များ

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၁၅) ပါရမီတို့၏ အကျိုးဆက် အာနိသင်များ

(၁၅) ပါရမီတို့၏ အကျိုးဆက် အာနိသင်များ

“ပါရမီတို့၏ အကျိုးဆက် အာနိသင်တို့ကား အဘယ်နည်း”ဟု မေးခဲ့သော်-

“အဝီစိငရဲကြီး၌ မဖြစ်ခြင်း အစရှိသည်တို့သည် ပါရမီတို့၏ အကျိုးဆက် အာနိသင်များ ဖြစ်ကြသည်”ဟု အကျဉ်းချုပ် ဖြေဆိုရာ၏။



၂၆၉

အကျယ်အဖြေကား..

     အဝီစိငရဲကြီး၌ မဖြစ်ခြင်း အစရှိသော အဘဗ္ဗဋ္ဌာန (၁၈)ပါးတို့သည်၎င်း.. (ထိုအဘဗ္ဗဋ္ဌာန ၁၈-ပါးကို ဤပကိဏ္ဏကခဏ်း၏နောက်၌ ဆက်၍ ဖော်ပြပေအံ့၊) သတ္တလောက၏ အကျိုးကို ကျင့်ခြင်းတို့သည်၎င်း.. (မဇ္ဈိမနိကာယ် ဥပရိပဏ္ဏာသပါဠိ သုညတဝဂ် အစ္ဆိရိယအဗ္ဘုတသုတ်လာ) အံ့ဖွယ် နှစ်ဆယ်တို့သည်၎င်း..၊ ထိုမှတပါး ဘုရားအလောင်းတော်တို့၏ အလိုရှိသမျှ ပြည့်စုံခြင်း.. နှုတ်မှုလက်မှုတို့၌ ကျွမ်းကျင် နိုင်နင်းခြင်း အစရှိသည့် ထိုထိုဇာတ်တော်များနှင့် ဗုဒ္ဓဝင်ကျမ်း စသည်တို့၌ ပြဆိုအပ်သော အာနိသင် အလုံးစုံတို့သည်၎င်း ပါရမီတို့၏ အကျိုးဆက် အာနိသင်များ ဖြစ်ကြ၏။ (ရှေး ၁၂- ပါရမီတို့၏ အကျဉ်းချုပ်တရားများ အခဏ်း၌ လာရှိသည့် ဒုက ၁၅-ပါးတို့ဖြင့် ပြအပ်သော အကျိုးများသည်လည်း ပါရမီတို့၏ အာနိသင်များပင် ဖြစ်ကုန်၏။)

     ထိုမှတပါးလည်း ဘုရားအလောင်းတော်သည် ဘုရားဆုပန်တော်မူသည်ကစ၍ ခပ်သိမ်းသော သတ္တဝါတို့၏ အစီးအပွါးကို လိုလားတော်မူခြင်းကြောင့် သတ္တလောက၏ ဘခင်ကြီးနှင့်တူသူ ဖြစ်ခြင်း.. ဂုဏ်ကျေးဇူးအထူးနှင့် ယှဉ်တော်မူခြင်းကြောင့် မြတ်သောအလှူကို ခံထိုက်ခြင်း.. အလေးအမြတ် ပြုအပ်သူဖြစ်ခြင်း.. အလွန်မြတ်သည့် ကုသိုလ်မျိုးကို စိုက်ပျိုးကြဲချရာ လယ်ယာမြေကောင်းကြီးနှင့် တူတော်မူခြင်း.. လူနတ်တို့က ချစ်ခင်လေးမြတ်အပ်သူဖြစ်ခြင်း.. မေတ္တာ ကရုဏာ အဟုန်ဖြင့် ပွါးထုံအပ်သော စိတ်နှလုံးရှိတော်မူခြင်းကြောင့် ခြင်္သေ့ သစ် ကျား သားရဲစသည်တို့က မနှိပ်စက်နိုင်သူ ဖြစ်တော်မူခြင်း.. ဖြစ်လေရာရာ ဘဝတို့၌ ကုသိုလ်အထူးရှိသူ ဖြစ်ခြင်းကြောင့် အလွန်မြတ်သော အဆင်း အခြံအရံ ချမ်းသာသုခ ခွန်အားဗလ အစိုးရခြင်းဂုဏ်တို့ဖြင့် သူတပါးတို့ကို လွှမ်းမိုး စိုးအုပ်နိုင်ခြင်း.. အနာရောဂါ ကင်းရှင်းခြင်း.. အလွန်သန့်ရှင်းသည့် သဒ္ဓါ ဝီရိယ သတိ သမာဓိ ပညာရှိခြင်း.. ကိလေသာ နည်းပါးသူဖြစ်ခြင်း.. ကိလေသာ နည်းပါးသောကြောင့်ပင်



၂၇၀

ဆုံးမလွယ်သူဖြစ်ခြင်း.. သည်းခံနိုင်ခြင်း.. ကောင်းမှု၌ မွေ့လျော်ခြင်း.. အမျက်မထွက် ရန်ငြိုးအာဃာတ မဖွဲ့ခြင်း.. သူ့ကျေးဇူးကို မချေမဖျက်ခြင်း.. အပြိုင်မူမှု မပြုခြင်း.. မနာလိုမှု ဝန်တိုမှု မရှိခြင်း.. မကောက်ကျစ် မလှည့်ဖြားခြင်း.. မခက်မထန် မာန်မမူခြင်း.. ငြိမ်းအေးခြင်း.. ကုသိုလ်တရားတို့၌ မမေ့မလျော့ခြင်း.. သူတပါးတို့က ပူပန်အောင် ပြုလုပ်သည်ကိုသာ သည်းခံ၍ မိမိကမူ သူတပါးတို့ကို ပူပန်အောင် မပြုလုပ်ခြင်း.. ဘုရားအလောင်းနေထိုင်ရာ မြို့ရွာ နယ်ပယ်တို့၌ ဘေးအန္တရာယ် ကင်းရှင်းခြင်း.. ဥဿဒငရဲငယ်တို့၌ တရံတခါ ကံမလှ၍ (တေမိမင်းမဖြစ်မီ ဘဝမှာကဲ့သို့) ကျရောက်ရသော်လည်း အခြားငရဲသားများကဲ့သို့ ဆင်းရဲဒုက္ခကြောင့် ဒေါသမပွါးပဲ သံဝေဂတရားသာ တိုး၍တိုး၍ ဖြစ်ပွါးခြင်းတို့သည်လည်း ပါရမီတို့၏ အကျိုးဆက် အာနိသင်ပင် ဖြစ်ကုန်၏။

     ထိုမှတပါး အာယုသမ္ပဒါ, ရူပသမ္ပဒါ, ကုလသမ္ပဒါ, ဣဿရိယသမ္ပဒါ, အာဒေယျဝစနတာ, မဟာနုဘာဝတာ ဤအရာစုသည်လည်း ပါရမီတို့၏ အာနိသင်ပင် ဖြစ်ကုန်၏၊ ထိုတွင်-

     အာယုသမ္ပဒါ..ဟူသည် ဖြစ်လေရာ ဘဝတို့၌ အသက်ရှည်စွာ တည်နေရခြင်းတည်း၊ ယင်း အာယုသမ္ပဒါဖြင့် အလောင်းတော်သည် မိမိဆောက်တည်အပ်သော ကုသိုလ်မှုတို့ကို အဆုံးရောက်အောင် အားထုတ်၍ ကုသိုလ်တရား များစွာ ပွါးစေသည်။

     ရူပသမ္ပဒါ..ဟူသည် ရှုချင်စဖွယ် ကြည်ညိုစဖွယ် တင့်တယ်သော ရုပ်အဆင်းရှိမှုတည်း၊ ယင်း ရူပသမ္ပဒါဖြင့် အလောင်းတော်သည် ရူပပမာဏ= (ရုပ်အဆင်းလှသည်ကို အလေးပြုတတ်သော) သတ္တဝါတို့၏ ကြည်ညိုခြင်းကို ဆောင်တော်မူသည်။

     ကုလသမ္ပဒါ..ဟူသည် မြတ်သောအမျိုး၌ ဖြစ်ခြင်းတည်း၊ ယင်း ကုလသမ္ပဒါဖြင့် ဇာတိမာန်စသည် ယစ်မူးသော သတ္တဝါတို့ကသော်လည်း ကိုယ်တော်မြတ်သို့ ဆည်းကပ်ရသည်၊ ထို့ကြောင့် ထိုသူတို့ကို မာန်မာနကင်းစင်အောင် ဆုံးမတော်မူနိုင်သည်။



၂၇၁

     ဣဿရိယသမ္ပဒါ..ဟူသည် စည်းစိမ်ဥစ္စာများခြင်း တန်းခိုးကြီးခြင်း အခြွေအရံများခြင်းတည်း၊ ယင်း ဣဿရိယသမ္ပဒါဖြင့် ချီးမြှောက်သင့်သူတို့ကို သင်္ဂဟတရား လေးပါးဖြင့် ချီးမြှောက်ခြင်းငှါ၎င်း နှိပ်ကွပ်သင့်သူတို့ကို တရားသဖြင့် နှိပ်ကွပ်ခြင်းငှါ၎င်း စွမ်းနိုင်တော်မူသည်။

     အာဒေယျဝစနတာ..ဟူသည် သူခပ်သိမ်းတို့ ယုံကြည်အပ်သော စကားရှိသူဖြစ်ခြင်းတည်း၊ ယင်း အာဒေယျဝစနတာဖြင့် သတ္တဝါတို့၏ ချိန်ခွင်ကြီးပမာ အားထားမှီခိုရာ ဖြစ်ပြီးလျှင် အလောင်းတော်၏ အာဏာကို မည်သူမျှ မလွန်ကျူးဝံ့ကြချေ။

     မဟာနုဘာ၀တာ..ဟူသည် အာနုဘော်ကြီးမြတ်ခြင်း (သုံးဆောင်အပ်သော အရာဝတ္ထုတို့ အတုမရအောင် ကြီးကျယ်ခြင်း)တည်း၊ ယင်း မဟာနုဘာဝတာဖြင့် ကိုယ်တော်မြတ်ကို တစုံတယောက်က လွှမ်းမိုးစိုးအုပ်သည်ကို မခံရပဲ ကိုယ်တော်ကသာလျှင် သူတပါးတို့ကို တရားနှင့်အညီ လွှမ်းမိုး အုပ်စိုးတော်မူရသည်။

     ဤသို့လျှင် အာယုသမ္ပဒါစသော ဂုဏ်ကျေးဇူးတို့သည် ပါရမီတို့၏ အကျိုးအာနိသင်များ ဖြစ်ကြပြီးလျှင် မိမိတို့ ကိုယ်တိုင်ကလည်း မနှိုင်းရှည်နိုင်သော ကောင်းမှုအဆောက်အဦ၏ တိုးပွါးစည်ပင်ကြောင်း ဖြစ်ကြ၍ ဗောဓိယာဉ်သုံးပါး၌ မသက်ရောက်သေးသော သတ္တဝါတို့အား သက်ရောက်စေနိုင်ကြောင်း သက်ရောက်ပြီးသော သတ္တဝါတို့အား ရင့်သန်စေနိုင်ကြောင်း ဖြစ်ကြလေသည်။

(ဤကား ပါရမီတို့၏ အာနိသင်တည်း။)

**********