မဟာဗုဒ္ဓဝင်/၇- ပကိဏ္ဏကခန်း (၁၄) ပါရမီတော်တို့ ပြည့်စုံရာကာလအပိုင်းအခြား

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(၁၄) ပါရမီတော်တို့ ပြည့်စုံရာကာလအပိုင်းအခြား

(၁၄) ပါရမီတော်တို့ ပြည့်စုံရာ ကာလအပိုင်းအခြား

“အဘယ်မျှသော ကာလအပိုင်းအခြားဖြင့် ပါရမီတော်ကို ပြည့်စုံသနည်း (အဘယ်မျှကြာအောင် ပါရမီတို့ကိုဖြည့်မှ ဘုရားဖြစ်သနည်း)”ဟူ၍ မေးခဲ့သော်..

     ဘုရားဆုပန် နိယတဗျာဒိတ် ခံပြီးသည့်နောက် အနည်းဆုံးအားဖြင့် လေးအသင်္ချေနှင့် ကမ္ဘာတသိန်း၊ အလယ်အလတ်အားဖြင့် ရှစ်အသင်္ချေနှင့် ကမ္ဘာတသိန်း၊ အများဆုံးအားဖြင့် တဆယ့်ခြောက်အသင်္ချေနှင့် ကမ္ဘာတသိန်း ဤကာလအပိုင်းအခြားဖြင့် ပါရမီတော်တို့ ပြည့်စုံသည် (ဤမျှကြာအောင် ပါရမီတို့ကိုဖြည့်မှ ဘုရားဖြစ်သည်)ဟူ၍ ဆိုရာ၏။

     ဤသို့ ကာလအပိုင်းအခြား သုံးမျိုးပြားခြင်းမှာလည်း အစဉ်အတိုင်း ပညာဓိက ဘုရားအလောင်း၊ သဒ္ဓါဓိက ဘုရားအလောင်း၊ ဝီရိယာဓိက ဘုရားအလောင်းဟု ဘုရားအလောင်းသုံးမျိုးသို့လိုက်၍ ပြားခြင်းဖြစ်သည်။ (ပညာဓိက ဘုရားအလောင်းမှာ လေးအသင်္ချေနှင့် ကမ္ဘာတသိန်း, သဒ္ဓါဓိက ဘုရားအလောင်းမှာ ရှစ်အသင်္ချေနှင့် ကမ္ဘာတသိန်း, ဝီရိယာဓိက ဘုရားအလောင်းမှာ တဆယ့်ခြောက်အသင်္ချေနှင့် ကမ္ဘာတသိန်းကြာအောင် ဖြည့်ကျင့်မှ ပါရမီတော်များ ပြည့်စုံသည်၊ သို့ရကား ဘုရားအလောင်း သုံးမျိုးသို့လိုက်၍ ပြားခြင်းဖြစ်သည်ဟု ဆိုလိုသည်။)

“ဘုရားအလောင်းချင်း တူပါလျက် အဘယ့်ကြောင့် ပါရမီဖြည့်ရာကာလ သုံးမျိုးပြားသနည်း”ဟု မေးခဲ့သော်-

     အဖြေကား.. ပညာဓိက ဘုရားအလောင်းမှာ သဒ္ဓါနုန့်၍ ပညာကထက်သည်။ သဒ္ဓါဓိက ဘုရားအလောင်းမှာ သဒ္ဓါထက်၍



၂၆၆

ပညာက အလယ်အလတ်ရှိသည်။ ဝီရိယာဓိက ဘုရားအလောင်းမှာ ပညာနုန့်သည်။ ပညာ၏အာနုဘော်ဖြင့် သဗ္ဗညုတဉာဏ်သို့ ရောက်ရသည်၊ ပညာထက်လျှင် လျင်မြန်စွာ သဗ္ဗညုတဉာဏ်သို့ ရောက်သည်၊ ပညာနုန့်လျှင် နှေးကွေးစွာ သဗ္ဗညုတဉာဏ်သို့ ရောက်သည်။ ဤသို့ ပညာ၏ အထက်အနုန့် ကွဲပြားခြင်းကြောင့် ပါရမီဖြည့်ရာကာလ သုံးမျိုးပြားသည်။ ။(ဤကား အဋ္ဌကထာ၏ အဖြေတည်း။)

     အပရေဆရာတို့ကမူ ဝီရိယထက်ခြင်း အလယ်အလတ်ရှိခြင်း နုန့်ခြင်းသို့လိုက်၍ ဘုရားအလောင်းတို့၏ ပါရမီဖြည့်ရာကာလ သုံးမျိုးပြားသည်ဟု ဆိုကြ၏။

     ဝိမုတ္တိပရိပါစနီယတရား= (အရဟတ္တဖိုလ်ကို ရင့်သန်စေတတ်သည့် တရား၁၅-ပါး)တို့၏ ထက်သည် အလယ်အလတ်ရှိသည် နုန့်သည်သို့လိုက်၍ ဆိုခဲ့ပြီးသော ကာလအပိုင်းအခြားအတိုင်း အလောင်းတော်ကြီးတို့၏ ပါရမီများ ပြည့်စုံရကားကာလ သုံးမျိုးပြားခြင်းသည် သင့်လှပေ၏ဟု ဆရာတို့ ဆိုကြ၏။

အဋ္ဌကထာ၊ ပညာဖြင့်ဝေ၊ အပရေ ဝီရိ၊ ဝိမုတ္တိ၊ ၊အာစရိယများ။

     ထိုသုံးဝါဒတို့တွင် အဋ္ဌကထာဝါဒ သင့်မြတ်ကြောင်းကို ဖော်ပြလတ္တံ့သောအတိုင်း ဘုရားအလောင်းသုံးမျိုး ခွဲဝေခဏ်းဖြင့် သိမှတ်ရာ၏။

ဘုရားအလောင်း သုံးမျိုး

     ချဲ့ဦးအံ့.. သုမေဓာရှင်ရသေ့ဘဝကဲ့သို့ နိယတဗျာဒိတ်ခံယူသော ခဏ၌ပင် ဘုရားအလောင်းတော်ကြီးများသည်- (၁) ဥဂ္ဃဋိတညူဘုရားအလောင်း (၂) ဝိပဉ္စိတညူဘုရားအလောင်း (၃) နေယျဘုရားအလောင်းဟူ၍ သုံးပါးပြားကြသည်။

     ထိုသုံးပါးတို့တွင် နိယတဗျာဒိတ် ခံယူသည့်ဘဝဝယ် (အကယ်၍) သာဝကဗောဓိဉာဏ်၌ စိတ်ညွတ်တော်မူလျှင် (သာဝကအဖြစ်ဖြင့် နိဗ္ဗာန်ဝင်လိုလျှင်) သဗ္ဗညု မြတ်စွာဘုရား၏ မျက်မှောက်တော်မှ



၂၆၇

စတုပ္ပဒိက= (လေးပါဒ လေးပိုဒ်ရှိသော) တဂါထာကို ကြားနာစဉ် ထိုဂါထာ၏ တတိယပါဒ= (တတိယပိုဒ်)မဆုံးမီ အဘိညာဉ်ခြောက်ပါး ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ရောက်ခြင်းငှါ စွမ်းနိုင်သည့် ဥပနိဿယကုသိုလ်ထူးနှင့် ပြည့်စုံသော ဘုရားအလောင်းတော်သည် ဥဂ္ဃဋိတညူဘုရားအလောင်း မည်၏။ ဤဥဂ္ဃဋိတညူဘုရားအလောင်းကိုပင် ပညာဓိက ဘုရားအလောင်းဟူ၍ ခေါ်သည်။ ဥဂ္ဃဋိတညူဘုရားအလောင်းဟူသည် ပညာဉာဏ် အထက်ဆုံးသော ဘုရားအလောင်းတည်း။

     နိယတဗျာဒိတ် ခံယူသည့် ဘဝဝယ် (အကယ်၍) သာဝကဗောဓိဉာဏ်၌ စိတ်ညွတ်တော်မူလျှင် (သာဝကအဖြစ်ဖြင့် နိဗ္ဗာန်ဝင်လိုလျှင်) သဗ္ဗညုမြတ်စွာဘုရား၏ မျက်မှောက်တော်မှ စတုပ္ပဒိကတဂါထာကို ကြားနာစဉ် ထိုဂါထာ၏ စတုတ္ထပိုဒ်မဆုံးမီ အဘိညာဉ်ခြောက်ပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှါ စွမ်းနိုင်သည့် ဥပနိဿယ ကုသိုလ်ထူးနှင့် ပြည့်စုံသော ဘုရားအလောင်းတော်သည် ဝိပဉ္စိတညူ ဘုရားအလောင်း မည်၏။ ဤဝိပဉ္စိတညူ ဘုရားအလောင်းကိုပင် သဒ္ဓါဓိက ဘုရားအလောင်းဟူ၍ ခေါ်သည်။ ဝိပဉ္စိတညူ ဘုရားအလောင်းဟူသည် ပညာဉာဏ် အလယ်အလတ်ရှိသော ဘုရားအလောင်းတည်း။

     နိယတဗျာဒိတ် ခံယူသည့်ဘဝဝယ် (အကယ်၍) သာဝကဗောဓိဉာဏ်၌ စိတ်ညွတ်တော်မူလျှင် (သာဝကအဖြစ်ဖြင့် နိဗ္ဗာန်ဝင်လိုလျှင်) သဗ္ဗညုမြတ်စွာဘုရား၏ မျက်မှောက်တော်မှ စတုပ္ပဒိကတဂါထာကို ကြားနာစဉ် ထိုဂါထာပြီးဆုံးလျှင်ပင် အဘိညာဉ်ခြောက်ပါးတို့နှင့်တကွ အရဟတ္တဖိုလ်သို့ ရောက်ခြင်းငှါ စွမ်းနိုင်သည့် ဥပနိဿယ ကုသိုလ်ထူးနှင့် ပြည့်စုံသော ဘုရားအလောင်းတော်သည် နေယျဘုရားအလောင်း မည်၏။ ဤနေယျ ဘုရားအလောင်းကိုပင် ဝီရိယာဓိက ဘုရားအလောင်းဟူ၍ ခေါ်သည်။ နေယျဘုရားအလောင်းဟူသည် ပညာဉာဏ်နုန့်သော ဘုရားအလောင်းတည်း။



၂၆၈

     ဆိုအပ်ပြီးသည့် ဘုရားအလောင်း သုံးမျိုးလုံးပင် နိယတဗျာဒိတ် မခံရသေးမီ ရှေ့ပိုင်းကာလဝယ် ဤရွေ့ဤမျှဟု ရေတွက်၍မရသော ကမ္ဘာအသင်္ချေကပင် ဘုရားဆုကို တောင်းခဲ့ကြ၍ နိယတဗျာဒိတ် ခံယူရရှိပြီးသည့် နောက်၌ကား ဆိုခဲ့ပြီးသည့်အတိုင်း ပါရမီတို့ကို ဖြည့်ကျင့်၍ ဖော်ပြရာပါ ကာလအပိုင်းအခြားအတိုင်း သဗ္ဗညုဘုရားအဖြစ်သို့ ရောက်တော်မူကြသည်။

ထိုထက်စော၍ ဘုရားမဖြစ်နိုင်

     ကာလအပိုင်းအခြားဖြင့် ပွင့်လေ့ သီးလေ့ မှည့်ရင့်လေ့ရှိသော ကောက်မျိုး စပါးမျိုးကို မည်မျှပင်ကြိုးစား၍ ရေသွန်းခြင်းစသည်ကို ပြုစေကာမူ ဗီဇနိယာမ သူ၏ ပွင့်နေကျ သီးနေကျ မှည့်နေကျ ကာလအပိုင်းအခြားထက်စော၍ မပွင့်နိုင် မသီးနိုင် မမှည့်ရင့်နိုင်သကဲ့သို့၊ ဆိုအပ်ပြီးသည့် ထိုထို ကာလအပိုင်းအခြား မပြည့်စုံမီ ထိုထို ဘုရားအလောင်းတို့သည် နေ့စဉ်နေ့တိုင်း ပါရမီ စာဂ စရိယတို့ကို အလွန့်အလွန် တိုး၍ ကြိုးစား အားထုတ်သော်လည်း ဉာဏ်၏ မရင့်ကျက်ခြင်းကြောင့်၎င်း ဘုရားဖြစ်အောင်ပြုတတ်သော တရားတို့ မပြီးဆုံးသေးသောကြောင့်၎င်း အကြားကာလ၌ ဘုရားမဖြစ်နိုင်ချေ။

     ထို့ကြောင့် ဆိုအပ်ပြီးသည့် ကာလအပိုင်းအခြားအတိုင်း ပါရမီတို့၏ ပြည့်စုံခြင်းကို ရှင်းလင်းစွာ မှတ်ယူရာ၏။