မဟာဗုဒ္ဓဝင်/၆- ပါရမီတော်ခဏ်း (ဃ) ပညာပါရမီ

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(ဃ) ပညာပါရမီ

(ဃ) ပညာပါရမီ

ပညာသုံးမျိုး

     ပညာနှင့်စပ်လျဉ်း၍ အဘိဓမ္မာ ဝိဘင်းပါဠိတော် ဉာဏဝိဘင်း၌..

(၁) စိန္တာမယပညာ၊

(၂) သုတမယပညာ၊

(၃) ဘာဝနာမယပညာ-

ဟူ၍ ပညာသုံးမျိုးရှိကြောင်း ဟောကြားတော်မူသည်။

     လောက၌ အယုတ်အမြတ်ဖြစ်သော အမှုကိစ္စအမျိုးမျိုး အတတ်ပညာအမျိုးမျိုးတို့၌ အကျိုးအကြောင်း ဖြစ်သင့်သမျှကို (သူတပါးထံ မေးမြန်းခြင်း သူတပါးပြောသည်ကို ကြားရခြင်း အလျဉ်းမရှိပဲ) မိမိဉာဏ်စွမ်းဖြင့် ကြံစည် ဖြစ်ပေါ်လာသော အသိဉာဏ်ပညာကို စိန္တာမယပညာဟု ခေါ်သည်။ (စိန္တ= ကြံစည်ခြင်း၊ မယ= ပြီးစီးဖြစ်ပေါ်လာသော ပညာ၊ ကြံစည်သဖြင့် ပြီးစီးဖြစ်ပေါ်လာသော ပညာဟု ဆိုလိုသည်။)

ကြံစည်သိမြင်အပ်သော အရာဟူသည် လောကအကြောင်းအရာသာမက ဓမ္မသဘာဝ အကြောင်းအရာလည်း ပါဝင်၏။ သို့ဖြစ်၍ လက်သမားလုပ်မှု လယ်ယာထွန်မှုစသော သာမည လောကကိစ္စမှစ၍ ဓမ္မသဘာဝဖြစ်သော ဒါန သီလ သမထ ဝိပဿနာ ဘာဝနာဟု ဆိုအပ်သော တရားသဘောစုကိုပါ ကြံစည်သိမြင်နိုင်သော ပညာဟူသမျှသည် စိန္တာမယပညာ ဖြစ်သည်။ မြတ်စွာဘုရား၏ သဗ္ဗညုတရွှေဉာဏ်တော် ကြီးသည်ပင်လျှင် စိန္တာမယပညာဖြစ်သည်ဟု ဆိုလိုက ဆိုနိုင်ခွင့်ရှိပေသည်။



(ဖား)

အကြောင်းကား.. အလောင်းတော် သိဒ္ဓတ္ထမင်းသားသည် သဗ္ဗညုတဉာဏ်ကို ရခြင်း၏အကြောင်း ကောင်းမြတ်သော ပဋိပတ်အကျင့်ကို မည်သူ့ထံကမှ ကြားနာရခြင်းမရှိပဲ ကိုယ်တော်တိုင် ကြံစည် ထိုးထွင်းသိမြင် ဆင်ခြင်တော်မူကာ ကျင့်ကြံ၍ သဗ္ဗညုတဉာဏ်ကို ရတော်မူ (ဘုရားဖြစ်တော်မူ)လေသည်။

သို့ရာတွင် အလောင်းတော်သုမေဓာ ရှာဖွေစူးစမ်းအပ်သော လေးခုမြောက် ပညာပါရမီအရမှာ အရဟတ္တမဂ်ဉာဏ်တော်နှင့် သဗ္ဗညုတ ဉာဏ်တော်ကြီးများကို ရရှိရန် အခြေခံ ဖြည့်ဆည်းပူးအပ်သော ပညာစုသာ ဖြစ်သင့်သည်။ ဘုရားဖြစ်တော်မူရမည့် ပစ္ဆိမဘဝ ပညာစုကိုကား ယူဖွယ်မလို။ ပစ္ဆိမဘဝမတိုင်မီ ဘုရားအလောင်းတော်များ ပညာပါရမီကို ဆည်းပူးရာတွင် ဝိပဿနာဉာဏ် ဆယ်ဆင့်ရှိသည့်အနက် ကိုးဆင့်မြောက် သင်္ခါရုပေက္ခာဉာဏ် ရှေ့ပိုင်းတွင်ရွေ့သာ အဆုံးထား၍ ဖြည့်ဆည်းပူးတော်မူကြသည်။ အထွတ်အထိပ်ရောက် သင်္ခါရုပေက္ခာဉာဏ်မှာ မဂ်ဉာဏ်သို့အရောက် ပို့ဆောင် ကျေးဇူးပြုသည်ဖြစ်၍ ထိုအထွတ်အထိပ်ရောက် သင်္ခါရုပေက္ခာဉာဏ်သို့ အရောက်ဆည်းပူးတော်မမူကြ၊ အကယ်၍ ဆည်းပူးပါလျှင် ထိုဘဝမှာပင် မဂ်ဖိုလ်ရကာ အရိယာဖြစ်၍ အစဉ်အတိုင်း နိဗ္ဗာန်ဝင်ရုံသာ ရှိတော့မည်၊ ဘုရားဖြစ်တော့မည် မဟုတ်၊ သို့ဖြစ်၍ အလောင်းတော်ဘဝဝယ် သင်္ခါရုပေက္ခာဉာဏ် ရှေ့ပိုင်းတိုင်ရုံသာ ပညာပါရမီကို ဆည်းပူးတော်မူကြသည်ဟု မှတ်သားအပ်၏။

     ကိုယ်တိုင်ကြံစည် သိမြင်ခြင်းကို မပြုနိုင်၍ ပညာရှိများထံမှ မိမိက မေးမြန်း၍ ပြောဟောသည်ကိုဖြစ်စေ မမေးမြန်းပဲ အလိုအလျောက် ပြောဟောသည်ကိုဖြစ်စေ ကြားနာရ၍ ဖြစ်ပေါ်လာသော ပညာဟူသမျှသည် သုတမယပညာ မည်၏။ (သုတ= ကြားခြင်း၊ မယ= ပြီးစီးဖြစ်ပေါ်လာသော ပညာ၊ ကြားရ၍ ဖြစ်ပေါ်လာသော ပညာဟု ဆိုလိုသည်။) ဤ သုတမယပညာသည်လည်း စိန္တာမယပညာကဲ့သို့ပင် အရာကျယ်ဝန်း၏။ ကိုယ်တိုင်ကြံစည် သိမြင်ခြင်းနှင့် သူတပါးထံမှ ကြားနာရ၍ သိမြင်ခြင်းသာ ထူးသည်။

     ဘာဝနာမယပညာဟူသည် ထိုထို ဈာနသမာပတ် ဖလသမာပတ် ဝင်စားသူတို့၏ သမာပတ်အတွင်း ဖြစ်ပေါ်သောပညာသည် ဘာဝနာမယပညာ မည်၏။

အဘိဓမ္မာ ဝိဘင်းပါဠိတော် ဉာဏဝိဘင်း၌ တပါးစုပညာ နှစ်ပါးစုပညာ စသည်ဖြင့် ဆယ်ပါးစုပညာတိုင်အောင် ပညာအမျိုးမျိုးတို့ကို ဟောကြားတော်မူသည်။ (ပိဋကမြန်မာပြန်၌ ကြည့်ရှုရာ၏။)

(ဗ)

     အလုံးစုံသော ပညာအစုကိုပင် စိန္တာမယပညာ သုတမယပညာ ဘာဝနာမယပညာ တည်းဟူသော ပညာသုံးပါးထည်းသို့ ထည့်သွင်းလျှင် ဝင်သည်သာ ဖြစ်၏။ အနည်းငယ် ပုံစံပြရသော်..

     စိန္တာမယစသော သုံးပါးစုပညာ၏နောက်၌ ဆက်ကာ ဒါနမယပညာ သီလမယပညာ ဘာဝနာမယပညာဟူ၍ သုံးပါးတွဲပင် ဟောတော်မူပြန်သည်။ ဒါနကို အကြောင်းပြု၍ဖြစ်သော ပညာသည် ဒါနမယပညာ မည်၏။ ဒါနစေတနာသည် မလှူမီ လှူဆဲ လှူပြီးနောက်အားဖြင့် သုံးပါးရှိရာ ထိုစေတနာသုံးပါးနှင့်ယှဉ်သော ပညာသုံးမျိုးလုံးပင် ဒါနမယပညာ မည်၏။ သီလမယပညာ၌လည်း ဤနည်းအတူပင် သီလကို ဆောက်တည် ကျင့်သုံးအံ့ဟု ကြံစည်သည့် ရှေ့ပိုင်း၌ ဖြစ်သောပညာ၊ ဆောက်တည် ကျင့်သုံးဆဲကာလ၌ ဖြစ်သောပညာ၊ ကျင့်သုံးပြီးနောက် ဆင်ခြင်သောကာလ၌ ဖြစ်သောပညာ သုံးမျိုးလုံးပင် သီလမယပညာမည်၏။

     ဤဒါနမယပညာ သီလမယပညာတို့ကို ကိုယ်တိုင်ဆင်ခြင်၍ သိမြင်နိုင်ပါလျှင် စိန္တာမယပညာတွင်း ထည့်သွင်းအပ်၏။ သူတပါးထံမှ ကြားနာရ၍ သိမြင်ရပါလျှင် သုတမယပညာအတွင်း ထည့်သွင်းအပ်၏။ ဤသို့သောနည်းအားဖြင့် အခြားပညာများကို စိန္တာမယစသော ပညာသုံးပါးအတွင်းသို့ ထည့်သွင်းလျှင် အလုံးစုံ ထိုက်သည့်အလျောက် ဝင်လေတော့၏။

     ဗုဒ္ဓဝင်ပါဠိတော်၌ကား.. “ပရိပုစ္ဆန္တော ဗုဓံ ဇနံ၊ ပညာပါရမိတံ ဂန္တွာ= ပညာရှိများထံ မေးမြန်းကာ ပညာပါရမီ အထွတ်အထိပ်သို့ ရောက်စေ၍”ဟု ဟောကြားထားသဖြင့် သုတမယပညာကို အရင်းခံထား၍ ဟောကြားကြောင်း သိအပ်၏။ ဤသို့ ဟောကြားခြင်းမှာ လောက၌ ပညာအခြေခံ မရှိသေးသောသူသည် မည်သည့်အရာမျိုးကိုမျှ မိမိအလိုအလျောက် ကြံစည်သိမြင်နိုင်မည် မဟုတ်၊ မိမိမှာ အခြေခံပညာရရှိရန် ပညာရှိများထံမှ ကြားနာ၍ ရှေးဦးစွာ ဆည်းပူးရပေမည်။ ထို့ကြောင့် ပညာပါရမီကို ဖြည့်ဆည်းပူးလိုသောသူသည် ရှေးဦးစွာ မိမိမှာ ပညာအခြေခံ မရှိသေးမီ ပညာရှိများထံမှ နာခံ၍သာ ပညာကို ဆည်းပူးရမည်ဟု ဟောကြားတော်မူခြင်း ဖြစ်သည်။

     ဤသို့ ပညာရှိများထံမှ နာခံဆည်းပူးသဖြင့် ပညာအခြေခံ ရရှိလာသောအခါမှသာ မိမိအလိုအလျှောက် ကိုယ်ပိုင်ဉာဏ်ဖြင့် ကြံစည်၍ သိမြင်ခြင်းသဘောကို ရရှိနိုင်သည်။ (အကျဉ်းချုပ်အားဖြင့်.. သုတမယပညာကို ရှေးဦးစွာ ရှာမှီးပြီးမှ စိန္တာမယပညာကို ရှာမှီးရမည်ဟု ဆိုလိုသည်။)

     ဘုရားအလောင်းတော်ကြီးများ ပညာပါရမီဖြည့်ရာ ဘဝတို့ကို အဋ္ဌသာလိနီအဋ္ဌကထာ စသည်တို့၌ ဝိဓုရပညာရှိ ဖြစ်သောဘဝ၊ မဟာဂေါဝိန္ဒပညာရှိ ဖြစ်သောဘဝ၊



(ဗာ)

ကုဒါလပညာရှိ ဖြစ်သောဘဝ၊ အရကပညာရှိ ဖြစ်သောဘဝ၊ ဗောဓိပရိဗိုဇ်ပညာရှိ ဖြစ်သောဘဝ၊ မဟောသဓာပညာရှိ ဖြစ်သောဘဝ စသည်ဖြင့် ပညာပါရမီကို ဖြည့်ဆည်းပူးခဲ့သော ဘဝပေါင်းကား အရေအတွက်မရှိဟူ၍ ပြဆိုတော်မူကြ၏။ ထိုသို့ ပြဆိုခြင်းမှာ ပညာအခြေခံရှိ၍ စိန္တာမယပညာ ပြည့်စုံနေသော အလောင်းတော်ဘဝများကိုသာ ပြဆိုခြင်းဖြစ်သည်၊ ဤဝိဓုရပညာရှိ စသည်ဖြစ်သော ဘဝတို့၌ အခြေခံပညာ အားကြီးလှပြီဖြစ်၍ သုတမယပညာကို အဓိကထား ဆည်းပူးနေရန် မလိုတော့ပြီ။

ကဝိလေးမျိုး

     ဤစိန္တာမယပညာ စသည်ကို အခြေခံထား၍ပင်-

(၁) စိန္တာကဝိ၊

(၂) သုတကဝိ၊

(၃) အတ္ထကဝိ၊

(၄) ပဋိဘာနကဝိ..

ဟူ၍ ကဝိလေးမျိုး (ပညာရှိလေးမျိုး) ပြားကြောင်းကို အင်္ဂုတ္တရနိကာယ စတုက္ကနိပါတ်၌ ဟောထားတော်မူသည်။ (ကဝိဟူသော ပုဒ်သည် ကဝဓာတ်ဖြင့်ပြီးသော ပုဒ်တည်း၊ ကဝဓာတ်ကလည်း ချီးမွမ်းခြင်းအနက်ကို ဟော၏၊ သို့ဖြစ်၍ ချီးမွမ်းသင့်သောအရာကို ချီးမွမ်းပြောဆိုတတ်သော ပုဂ္ဂိုလ်ကို ကဝိဟူ၍ ခေါ်၏။ ပညာရှိဟု ဆိုလိုသည်။) ထိုကဝိလေးမျိုးတို့တွင်..

     (၁) တစုံတခုသော အကြောင်းအရာကို မိမိအလိုအလျောက် ကြံစည် သိမြင်နိုင်သော ပုဂ္ဂိုလ်သည် စိန္တာကဝိမည်၏။ (ချီးမွမ်းသင့်သူကို ချီးမွမ်းဖွဲ့ဆိုခြင်းအမှုကို ကဝိတို့၏ ဥစ္စာဖြစ်၍ ကဗျာဟု ခေါ်သည်။) ကိုယ်ပိုင်ဉာဏ်ဖြင့် ကြံစည်စဉ်းစား၍ ထိုကဗျာမှု ပြုတတ်သူကို စိန္တာကဝိခေါ်၏။

     (၂) တစုံတယောက်သောသူထံမှ ကြားနာရ၍ သိမြင်နိုင်သောပုဂ္ဂိုလ် သူတပါးထံမှ ကြားနာနည်းယူ၍ ကဗျာမှု ပြုတတ်သောသူကို သုတကဝိခေါ်၏။

     (၃) မိမိအလိုအလျောက် ကြံစည်၍လည်း မသိ သူတပါးထံမှလည်း ကြားနာရခြင်း မရှိပဲ မိမိသိရှိထားပြီးဖြစ်သော ခက်ခဲသည့် အနက်အဓိပ္ပါယ်တခုကို အခြေခံထားကာ အလားတူ အခြားအနက်အဓိပ္ပါယ်တို့ကို သိမြင်နိုင်သောသူသည် အတ္ထကဝိမည်၏။ အကြောင်းအရာတခုခုကို အခြေခံပြုကာ ကဗျာမှု ပြုတတ်သူကို ဆိုလိုသည်။



(ဗိ)

     (၄) ကြံစည်၍လည်း မနေရ သူတပါးထံမှလည်း ကြားနာရခြင်းမရှိ အထောက်အထားပြုစရာ အနက်အဓိပ္ပါယ်လည်း မရပဲ ရုတ်တရက် ထိုးထွင်းသိမြင်နိုင်သော အသိဉာဏ် ပဋိဘာန်ရှိသော ပုဂ္ဂိုလ်သည် ပဋိဘာနကဝိမည်၏။ (ဘုရားလက်ထက်တော်အခါ အရှင်ဝင်္ဂီသထေရ်ကဲ့သို့တည်း။)

ပညာ၏သဘော

     ပညာဟူသည် စေတသိက် ပရမတ္ထတရား သီးခြားတခုဖြစ်၏။ ဤပညာစေတသိက်ကို ဓမ္မသင်္ဂဏီ ပါဠိတော်၌ ပညိန္ဒြေ ပညာ ပဇာနနာစသော အမည်များဖြင့် ဟောကြားတော်မူ၏။ တရားတခုတည်းကို အမည်အမျိုးမျိုး ထုတ်ဖော် ဟောကြားခြင်းမှာ တရားတခုတွက် ဟောသင့်သမျှ အချက်အလက်တို့ကို အပြည့်အစုံ ဟောကြားခြင်းတည်းဟူသော အဘိမ္မာ၏ သဘောဓမ္မတာပင် ဖြစ်၏။ အရင်းခံ အမည်ကား ပညိန္ဒြိယ= ပညိန္ဒြေပင်တည်း၊ ဤ ပညိန္ဒြိယဟူသော ပုဒ်မှာ ပညာ+ဣန္ဒြိယ ပုဒ်နှစ်ခု တွဲစပ်ထား၏။

     သစ္စာလေးပါး တရားတို့ကို အပြားအားဖြင့် သိတတ်သောကြောင့် ပညာခေါ်သည်။ တနည်း အနိစ္စ ဒုက္ခ အနတ္တဟူသော လက္ခဏာသုံးပါးတို့ကို အပြားအားဖြင့် သိတတ် သိစေတတ်သောကြောင့် ပညာခေါ်သည်။ ။မသိမမြင်ခြင်းတည်းဟူသော အဝိဇ္ဇာမောဟကို လွှမ်းမိုးနိုင်သောကြောင့် ဣန္ဒြိယခေါ်သည်။ တနည်း သိမြင်ခြင်းလက္ခဏာ၌ အစိုးရမှုကို ပြုတတ်သောကြောင့် ဣန္ဒြိယခေါ်သည်။ (ဣန္ဒြိယ= လွှမ်းမိုးနိုင်ခြင်း၊ ဝါ- အစိုးရခြင်း။) ပုဒ်နှစ်ပါးကို တွဲစပ်သောအားဖြင့် ပညိန္ဒြိယ= ပညိန္ဒြေဟူ၍ ခေါ်သည်။ သစ္စာလေးပါးကို သိတတ်သောသဘော အနိစ္စ ဒုက္ခ အနတ္တဟူသော လက္ခဏာသုံးပါးကို အပြားအားဖြင့် သိတတ် သိစေတတ်သော သဘောတည်း။

     ထိုပညာသည် အရောင်အလင်းကို ပြုခြင်းလက္ခဏာ သဘောရှိ၏၊ မှောင်အတိကျနေသော တိုက်ခန်းအတွင်းမှာ မီးထွန်းလိုက်လျှင် အမှောင်ပျောက်၍ အလင်းရောက်သကဲ့သို့ မောဟဖုံးလွှမ်း၍ မသိမမြင်နိုင်သောအရာမှာ ပညာဝင်လာလျှင် မသိခြင်း= မောဟပျောက်၍ ထင်ထင်လင်းလင်း သိမြင်ခြင်းသို့ ရောက်ရ၏၊ ထို့ကြောင့် “ပညာသမာ အာဘာ နတ္ထိ= ပညာနှင့်တူသော အရောင်အလင်းမည်သည် မရှိ”ဟူ၍ မြတ်စွာဘုရား ဟောကြားတော်မူသည်။

     တနည်းကား.. ခွဲခြားသိမြင်ခြင်း သဘောလက္ခဏာရှိ၏။ လောက၌ လိမ္မာလှသော ဆေးသမားသည် လူမမာတို့၏အတွက် ဤအစာကား သင့်၍ ဤအစာကား မသင့် စသည်ဖြင့် ခွဲခြားသိမြင်သကဲ့သို့၊ ဤပညာသည် ဖြစ်လာလျှင် ဤအရာစုကား ကုသိုလ်မှု၊ ဤအရာစုကား အကုသိုလ်မှု စသည်ဖြင့် ခွဲခြား ဝေဖန် သိမြင်နိုင်သည်။



(ဗီ)

     တနည်းကား.. ပညာသည် ဟုတ်မှန်တိုင်းသော သဘောကို ထိုးထွင်းသိမြင်ခြင်း လက္ခဏာရှိ၏။ တနည်း လိမ္မာလှသောမြှားဆရာ ပစ်လွှင့်အပ်သည့် မြှားကဲ့သို့ မလွဲမစောင်း မချွတ်မယွင်း ထိုးထွင်းသိမြင်ခြင်း လက္ခဏာရှိ၏။

ဤလက္ခဏာနှင့်စပ်၍ အထူးသတိချပ်ရန်မှာ.. မည်သည့်အရာမျိုးကိုမဆို ဟုတ်မှန်သည့်အတိုင်း သိမြင်ခြင်းသည် ပညာအစစ်ဖြစ်၍ အပြစ်မရှိ၊ ထို့ကြောင့်ပင် ဤပညာစေတသိက်ကို သင်္ဂြိုဟ်ကျမ်း၌ သောဘဏစေတသိက်၌ ထည့်သွင်း ဖော်ပြသည်။ မေးဖွယ်ရှိပြန်သည်ကား..

ပါဌဇာတ် (ငါးရာ့ငါးဆယ်) အဋ္ဌကနိပါတ်၊ ၃-သုလသာဇာတ်၌.. ဗာရာဏသီပြည်၌ သုလသာအမည်ရှိသော ပြည့်တန်းဆာမသည် သတ္တုကအမည်ရှိသော ခိုးသူကို အသတ်ခံရမည့်ဆဲဆဲ အသက်ဘေးမှကယ်ဆယ်ကာ လင်ပြုလုပ် ပေါင်းသင်းနေရာ ထိုခိုးသူက အကောက်ကြံ၍ တသိန်းတန် အဆင်တန်ဆာများကို ဆင်ယင်ပြီးလျှင် တောင်ထိပ်တခုသို့တက်ကာ ထိုတောင်ထိပ်သို့ ရောက်သည်တွင် ဆင်လာသော အဆင်တန်ဆာများကို အချွတ်ခိုင်း၍ သုလသာကို သတ်တော့မည်ဟု ပြုလုပ်၏။ ထိုအခါ သုလသာက “ငါ့ကို သတ်တော့မည် အမှန်ဖြစ်သည်။ ငါသည် မာယာဖြင့် သူ့ကို အလျင်လက်ဦးမှ တော်မည်”ဟု ကြံပြီးလျှင် “အမောင်.. အမောင်က ကျွန်ုပ်ကို သတ်မည်ဖြစ်သော်လည်း ကျွန်ုပ်က အမောင့်အပေါ်မှာ မေတ္တာမပျက်နိုင်ပါ၊ ကျွန်ုပ် သေရခါနီးတွင် ကျေနပ်အောင် အမောင့်ကို ရှေ့နောက်ဝဲယာ လေးမျက်နှာတို့မှ ရှိခိုးပါရစေ”ဟု တောင်းပန်စကား ပြောကြားလေသည်။ သတ္တုကခိုးသူက အဟုတ်ပင်ထင်မှတ်၍ ရှိခိုးကန်တော့ခွင့် ပြုသည်တွင် တောင်ထိပ် ကမ်းပါးစောက်၌ မတ်တတ် ရပ်နေသော ခိုးသူကို ရှေးဦးစွာ ရှေ့ဖက် ဘေးဖက်တို့မှ အယုံသွင်းကာ ရှိခိုးပြီးလျှင် ကျောဖက်သို့ ရောက်သောအခါ တအားကုန် တွန်းထိုး၍ ချလိုက်သဖြင့် ထိုခိုးသူ ကြေမွသေဆုံး၍ သွားသောအခါ တောင်ထိပ်တွင်နေသော အလောင်းတော်နတ်က-

န ဟိ သဗ္ဗေသု ဌာနေသု၊ ပုရိသော ဟောတိ ပဏ္ဍိတော။

ဣတ္တီပိ ပဏ္ဍိတာ ဟောတိ၊ တတ္ထ တတ္ထ ဝိစက္ခဏာ။

“အရာတိုင်းမှာ ယောက်ျားများသာ ပညာရှိသည် မဟုတ်၊ မိန်းမသည်လည်း ထိုထိုအရာတို့မှာ မြော်မြင် ဆင်ခြင်နိုင်သော ပညာရှိဖြစ်သည်သာ” ဤသို့ အစရှိသည်ဖြင့် သုလသာကို ချီးမွမ်းကြောင်း လာရှိသည်။



(ဗု)

ဤဇာတ်တော်အရ သုလသာ၌ ခိုးသူကိုသတ်နိုင်ရန် ကြံစည်ခြင်းသည် ပါဏာတိပါတ ဒုစရိုက်အရာသာ ဖြစ်၍ ပညာစေတသိက် မယှဉ်နိုင် မပါနိုင်ပါပဲလျက် ပညာရှိဟူ၍ ဘုရားအလောင်းနတ်က ချီးမွမ်းခြင်းသည် မည်သို့ သင့်နိုင်အံ့နည်းဟူ၍ မေးမြန်းတတ်ကြ၏။

ဖြေဆိုသူတို့ကလည်း ဤသုလသာ၏အသိမှာ ပညာအစစ်မဟုတ်၊ သညာသိ ဝိညာဏ်သိ ပညာသိအားဖြင့် အသိသုံးမျိုးရှိသည်တွင် ဝိညာဏ်သိ= စိတ်ကူးသိသာ ဖြစ်သည်။ ထိုဝိညာဏ်သိကိုပင် ပညာရှိဟု ခေါ်ဝေါ်ခြင်းဖြစ်သည်ဟု ဖြေဆိုကြကုန်၏။

အချို့ကလည်း အယူအမြင်ကို ဒိဋ္ဌိခေါ်၏၊ ကောင်းသော အယူအမြင်ကို သမ္မာဒိဋ္ဌိ မကောင်းသော အယူအမြင်ကို မိစ္ဆာဒိဋ္ဌိဟု ခွဲခြားရရာ သုလသာ၏အမြင်သည် မကောင်းသော အမြင်ဖြစ်၍ မိစ္ဆာဒိဋ္ဌိရှိသည်ကို အကြောင်းပြုကာ ပညာရှိဖြစ်ကြောင်းနှင့် တောင်စောင့်နတ်က ချီးမွမ်းခြင်းဖြစ်သည်၊ ပညိန္ဒြေကို အစွဲပြု၍ ချီးမွမ်းခြင်း မဟုတ်သောကြောင့် အဘိဓမ္မာသဘောနှင့် မဆန့်ကျင်ပါဟူ၍လည်း အလွဲလွဲ အချော်ချော် ဖြေဆိုကြ၏။

ပဌမ ဒုတိယ အဖြေနှစ်ရပ်လုံးပင် ပညာမဟုတ်သည့် ဝိညာဏ်နှင့် ဒိဋ္ဌိတို့ကို ပညာပြု၍ ပြောဆိုဖြေကြားခြင်း ဖြစ်သောကြောင့် အဘိဓမ္မာသဘောနှင့် လွန်စွာ့လွန်စွာ ဆန့်ကျင်လှပေ၏။

အမှန်မှာ.. “ဤခိုးသူကို ငါ ဤကဲ့သို့ ပရိယာယ်ပြော၍ ကြံစည်လိုက်လျှင် ငါနိုင်မည်”ဟု သုလသာ၏ သိခြင်းသည် အမှန်သိဖြစ်၍ ပညာသိပင် ဖြစ်သည်။ ဒုစရိုက်အရာမှာ ပညာအစစ်ဝင်ရောက်၍ ဖြစ်မှဖြစ်နိုင်ပါမည်လော ဟူ၍လည်း မယုံမှားသင့်ပေ။ ဥပမာဆိုသော်.. မသောက်ထိုက် မသောက်ကောင်း ဒုစရိုက်၏ အကြောင်းဖြစ်သော အရက်သေစာအမျိုးမျိုးကို ခွဲခြားကာ မည်သည့်အရက်မျိုးသည် မည်သို့ သတ္တိရှိသည်။ မည်မျှ အဖိုးတန်သည်၊ သောက်လျှင် မည်သို့ ဖြစ်ပျက်သွားမည် စသည်တို့ကို သိရုံမျှ သိခြင်းသည် အပြစ်မရှိနိုင်ပေ။ သောက်တော့မည်ဟု ကြံစည်လိုက်သည်ကစ၍သာ အကုသိုလ် ဖြစ်နိုင်ပေသည်။

ဥပမာ တနည်းသော်ကား.. ကမ္ဘာပေါ်၌ အယူဝါဒ အမျိုးမျိုးရှိရာ မည်သည့်အယူဝါဒက မည်သို့ယူသည် စသည်ဖြင့် အလုံးစုံကို တခုမကျန် ဝေဖန်ခွဲခြား၍ သိရုံသာ သိမြင်ခြင်းသည် အပြစ်မရှိပေ။ ထိုအယူဝါဒ အမျိုးမျိုးအနက် မည်သည့်အယူဝါဒက



(ဗူ)

အကြောင်းအကျိုး မှန်ကန်၍ မည်သည့်အယူဝါဒက မှားယွင်းသည်ဟု အမှန်ကို အမှန်အတိုင်း အမှားကို အမှားအတိုင်း သိရုံမျှ သိခြင်းသည် အပြစ်မရှိနိုင်ပေ။ မှားယွင်းသော အယူဝါဒကို အမှန်ကြီး အကောင်းကြီး ထင်မြင်သွားသော အခါမှစ၍သာ အပြစ်ရှိနိုင်သည်။

သို့ဖြစ်၍ “ဤကဲ့သို့ ပရိယာယ်ဖြင့် ကြံစည်လိုက်က ငါနိုင်မည်”ဟု အမှန်အတိုင်း သိခြင်းသည် အပြစ်မရှိ၊ ပညာသိပင် ဖြစ်သည်။ ကြံစည်သည့်အတိုင်း ပြုလုပ်တော့မည် ပရိယာယ်ဖြင့် သတ်တော့မည်ဟု ဆုံးဖြတ်သည်ကစ၍ အပြစ်ရှိသော ဒုစရိုက်မှု ဖြစ်လေသည်။ ဤသို့ သုလသာ၏ ပါဏာတိပါတကံပြုရာမှာ ရှေးဦးစွာ အသိဉာဏ် ဖြစ်ပေါ်သည်ကို ရည်ရွယ်၍သာ အလောင်းတော် တောင်စောင့်နတ်က ပညာရှိဟု ချီးမွမ်းသည်ဟူ၍သာ မုချဆတ်ဆတ် မှတ်ယူအပ်ပေ၏။

ဤဆိုအပ်ပြီးသည့်အတိုင်း အသိဉာဏ်နယ်တပိုင်း ပါဏာတိပါတ ဒုစရိုက်နယ်တပိုင်းအားဖြင့် ခွဲခြား၍ မှတ်ယူသင့်သည်၊ ထိုသို့မဟုတ်ပဲ သုလသာ၏ အသိဉာဏ်သည် မကောင်းမှုအရာဖြစ်၍ ပညာအစစ် မဖြစ်နိုင်ဟု မလျှော့တန်း ယူနေလျှင် မြတ်စွာဘုရား၏ သဗ္ဗညုတဉာဏ်တော်ကြီးကိုပင် အပြစ်မလွတ်သော အခြေရောက် ပို့ပေးရာရောက်ချေမည်၊ အကြောင်းကား.. မြတ်စွာဘုရား၏ ဉာဏ်တော်ကြီးသည် ကောင်း မကောင်း အရာဟူသမျှ သိမြင်နိုင်သည့်အတွက် သဗ္ဗညုတဉာဏ်တော်ဟူသော အမည်ကို ရလေသည်။ ဉာဏ်ပညာအစစ်သည် မကောင်းသောအရာကို မသိနိုင်ဟုဆိုလျှင် မြတ်စွာဘုရား၏ ဉာဏ်တော်သည် မကောင်းသောအရာကို သိတော့မည်မဟုတ်၊ မသိလျှင် သဗ္ဗညုတဉာဏ်ဟူ၍ပင် မခေါ်နိုင်တော့ချေ။ စင်စစ်ကား ကောင်းသောအရာ မကောင်းသောအရာ ခပ်သိမ်းကိုပင် သိမြင်နိုင်သောကြောင့် သဗ္ဗညုတဉာဏ်ဟူ၍ ခေါ်ရသည်။

အချုပ်အားဖြင့်.. မြတ်စွာဘုရားသည် အပြစ်ရှိသောအရာ အပြစ်မရှိသောအရာ ခပ်သိမ်းကိုပင် သိတော်မူ၏၊ သို့သော် အပြစ်ရှိသောအရာကို ပြုလုပ်ရန်အတွက်မူ အနုသယ အမြစ်အရင်းပါမကျန် ပယ်စွန့်ပြီးဖြစ်၍ မည်သည့်အခါမျှ ဆန္ဒရှိတော်မမူ၊ ပြုဖို့ရန်မူ ဆိုရန်မရှိတော့ပြီ။ ဤသို့ အပြစ်မရှိသော အရာဟူသမျှကို သိမြင်တော်မူပြီးလျှင် ပယ်သင့်သောတရားဖြစ်၍ ပယ်စွန့်တော်မူခြင်း အလျဉ်းပြုတော်မမူခြင်း တည်းဟူသော ဂုဏ်ကျေးဇူးကို အာရုံပြုကာ သဒ္ဓါတရား တိုးတက်ပွါးများရာ၏။



(ဗေ)

ထိုမှတပါးလည်း.. ပညာပါရမီကို အကြောင်းပြု၍ ဟောတော်မူအပ်သော မဟောသဓာဇာတ်၌ အလောင်းတော် မဟောသဓာသုခမိန်၏.. စူဠနီဗြဟ္မဒတ်မင်းသည် လက်အောက်ခံ မင်းများနှင့်တကွ ဝိဒေဟတိုင်းကို စစ်ကြီးဝိုင်းဝန်းတိုက်ခိုက်ရာ မြို့ရိုးအတွင်းမှနေလျက် အထူးထူး ဉာဏ်ယှဉ်ကာ စူဠနီဗြဟ္မဒတ်မင်း ရွံ့ကြောက်အောင် စီမံပုံများ.. ထို့နောက် စူဠနီဗြဟ္မဒတ်မင်း စစ်ကြီးပျက်၍ ကစဉ့်ကရဲ ထွက်ပြေးရအောင် စီမံပုံများ.. အစရှိသည်တို့ကို ပြုလုပ်ရာမှာ ကုသိုလ်အရေးအရာ မဟုတ်သဖြင့် ပညာတရား ဖြစ်ပွါးခွင့်မရှိဟု ဆိုလျှင် မဟောသဓာဘဝမှာ ပညာပါရမီ ဖြည့်သောအချက် ရှိနိုင်တော့မည် မဟုတ်၊ စင်စစ်ကား မဟောသဓာဇာတ်လာ အချက်အလက်စုသည် အလောင်းတော်၏ ပညာစွမ်းဖြင့်သာ စီမံရသော အချက်စု ဖြစ်၍ ပညာပါရမီ ဖြည့်တော်မူသောဘဝဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့သည်။

ဤသို့စသော အကြောင်းအရာအစုကို ထောက်ထားလျှင် သုလသာဇာတ်၌ အလောင်းတော် တောင်စောင့်နတ်၏ သုလသာကို ပညာရှိမိန်းမဟု ချီးမွမ်းခြင်းသည် ပညာရှိဖြစ်၍သာ ချီးမွမ်းခြင်းဖြစ်သည်ဟု စိတ်ဖြာခွဲခြား မှတ်ယူအပ်၏။

(ဤကား ပညာ၏ သဘောလက္ခဏာနှင့်စပ်၍ ယုံမှားခြင်း ဖြစ်တတ်သည့်အရာကို ရှင်းလင်း ပြဆိုချက်တည်း။)

ပညာအမျိုးအစား

     ပြခဲ့ပြီးသည့်အတိုင်း သစ္စာလေးပါး လက္ခဏာသုံးပါးတို့ကို အများအားဖြင့် သိတတ် သိစေတတ်သောကြောင့် ပညာမည်၏ဟူ၍ အဋ္ဌသာလိနီစသော အဋ္ဌကထာတို့၌ ပြဆိုခြင်းသည် ဥက္ကဋ္ဌနည်း= အဆင့်အတန်း မြင့်မားသော ပညာတို့ကို ရည်ရွယ်၍ ပြဆိုခြင်းဖြစ်သည်၊ ဤအဆင့်အတန်းကို မမှီသော အောက်တန်းပညာစုလည်း ရှိပေသေးသည်။ ရှိကြောင်းကို ဝိဘင်းပါဠိတော် ဉာဏဝိဘင်း စိန္တာမယပညာ သုတမယပညာတို့ကို ဟောကြားရာ၌ (တတ္ထ ကတမာ စိန္တာမယာ ပညာ၊ ယောဂဝိဟိတေသု ဝါ ကမ္မာယတနေသု ယောဂဝိဟိတေသု ဝါ သိပ္ပါယတနေသု.. အစရှိသည်ဖြင့်) အသက်မွေးမှု၏ အကြောင်းဖြစ်သော အမှုမျိုး= ကမ္မာယတန, အသက်မွေးမှု၏ အကြောင်းဖြစ်သော အတတ်မျိုး= သိပ္ပါယတနတို့ကို ဟောတော်မူရာ အဋ္ဌကထာ၌ ပညာဖြင့် စီမံအပ်သော အမှုအမျိုးမျိုးကို ကမ္မာယတနခေါ်ကြောင်း၊ ပညာဖြင့် စီမံအပ်သော အတတ်အမျိုးမျိုးကို သိပ္ပါယတနခေါ်ကြောင်း ဖွင့်ပြပြီးလျှင်



(ဗဲ)

ကမ္မာယတနအရ အမှုမျိုးကလည်း အညံ့စား အမြတ်စားဟူ၍ နှစ်ပါးရှိရာ လက်သမားလုပ်မှု စသည်ကား အညံ့စားအမှုမည်၏။ လယ်ထွန်ခြင်း ကုန်သွယ်ခြင်း စသည်ကား အမြတ်စားအမှုမည်၏။ သိပ္ပါယတန အတတ်မျိုးမှာလည်း ထရံချက်အတတ် ရက္ကန်းရက်အတတ် စသည်သည် အညံ့စား အတတ်မျိုး မည်၏၊ ဂဏန်းအတတ် စာရေးအတတ် စသည်သည် အမြတ်စားအတတ်မည်၏ စသည်ဖြင့် အကျယ်ဖွင့်ပြထားသည်။

ဤအရာတွင် ကမ္မာယတန= အမှုနှင့် သိပ္ပါတယန= အတတ်တို့၏ အထူးမှာ.. အထူးသင်ကြားနေရခြင်း မရှိပဲ ပြုလုပ်နိုင်သော အမှုကိစ္စမျိုးသည် ကမ္မာယတနမည်၏။ သင်ကြားမှ တတ်မြောက် သိမြင်လာသော အတတ်မျိုးသည် သိပ္ပါယတနမည်၏။ (တနည်း) အချုပ်အားဖြင့် အထူးမသင်ရပဲ ပြုလုပ်အပ်သော ကိစ္စနှင့် အထူးသင်ကြား တတ်မြောက်ထားသော လက်မှုပညာဟူ၍ ထူးပုံကို ခွဲခြားရမည်။ သင်ကြား၍ တတ်မြောက်သော နှုတ်မှုပညာကိုကား ဝိဇ္ဇာဌာနဟူ၍ ခေါ်ဆို၏။

ဤအရာ၌ ယုတ်ညံ့သော ပစ္စည်းဝတ္ထုတည်းဟူသော လောင်စာကို လောင်သည့်မီး မြတ်သောပစ္စည်းဝတ္ထု တည်းဟူသော လောင်စာကို လောင်သည့်မီး နှစ်မျိုးတို့ကို လောင်စာ၏ အယုတ်အမြတ်သို့လိုက်၍ ယုတ်သောမီး မြတ်သောမီးဟူ၍ ခွဲခြားဖွယ်မရှိပဲ လောင်စာအားသေးလျှင် အားသေးသောမီး လောင်စာအားကြီးလျှင် အားကြီးသောမီး ဟူ၍သာ ဆိုသင့်သကဲ့သို့၊ ဤအတူ ပညာအရာမှာလည်း သိအပ်သောအရာက ယုတ်ညံ့သည့်အတွက် ယုတ်ညံ့သောပညာ၊ သိအပ်သောအရာက မြင့်မြတ်သည့်အတွက် မြင့်မြတ်သောပညာဟူ၍ ခွဲခြားဖွယ်မရှိပဲ အားသေးပညာ အားကြီးသောပညာ (တနည်း) လွယ်ကူသောပညာ ခဲခက်သောပညာဟူ၍သာ ဆိုသင့်ပေ၏။ အဋ္ဌသာလိနီ အဋ္ဌကထာ ပညာ၏လက္ခဏာကို ပြသည့်အတိုင်း အထက်တန်းစား ပညာကြီးများကိုမှ ပညာဟူ၍ မမှတ်ယူပဲ အောက်တန်းစား ပညာများကိုလည်း ပညာ ဟူ၍ပင် မှတ်ယူရာ၏။

သို့ဖြစ်၍ ပညာပါရမီကို ဆည်းပူးလိုသောသူသည် အထက်တန်း အောက်တန်း မရွေးချယ်ပဲ မိမိမသိသေးသည့် အရာဖြစ်လျှင် ပညာရှိများထံမေး၍ ဆည်းပူး ဖြည့်ကျင့်သင့်ပေ၏။ ထို့ကြောင့်ပင် ဗုဒ္ဓဝင်ပါဠိတော်၌.. “ပရိပုစ္ဆန္တော ဗုဓံ ဇနံ၊ ပညာပါရမိတံ ဂန္တွာ”ဟူ၍ ဟောတော်မူသည်။



(ဗော)

ပညာပွါးကြောင်း ခုနစ်ပါး

     ထိုမှတပါးလည်း သမ္မောဟဝိနောဒနီ (ဝိဘင်း)အဋ္ဌကထာ သတိပဋ္ဌာန ဝိဘင်းအဖွင့်၌လည်း ပညာပွါးခြင်းအကြောင်း ခုနစ်ပါးကို ဖွင့်ပြထားပေသည်။ ခုနစ်ပါးဟူသော်ကား..

     (၁) ပရိပုစ္ဆကတာ= ပညာရှိတို့ထံ အဖန်ဖန် မေးမြန်းခြင်း၊ (ဤ ပဌမအင်္ဂါသည် “ပရိပုစ္ဆန္တော ဗုဓံ ဇနံ”ဟူသော ဗုဒ္ဓဝင်ပါဠိတော်အရ ဖော်ပြအပ်သော အင်္ဂါဖြစ်၏။)

     (၂) ဝတ္ထုဝိသဒကိရိယာ= ကိုယ်တွင်းကိုယ်ပ နှစ်ဌာနလုံးသော ဝတ္ထုတို့ကို သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ရခြင်း၊ (ဆံပင် ခြေသည်း လက်သည်း မုတ်ဆိတ် ကျင်စွယ်တို့ ရှည်လျားခြင်း တကိုယ်လုံးမှာ အတွင်းဓာတ် တောင့်တင်းခိုင်မာနေခြင်း ချွေး ကြေးညှော် ထူထပ်ခြင်းတည်းဟူသော ကိုယ်တွင်း မစင်ကြယ်မှု မရှိစေရ၊ အဝတ်အစား ဟောင်းနွမ်းကာ မကောင်းသောအနံ့ နံစော်ခြင်း အိပ်ရာနေရာတို့၌ အမှိုက်သရိုက် ထူထပ်ခြင်းစသော ကိုယ်ပ မစင်ကြယ်မှုများလည်း မရှိစေရ။ ကိုယ်တွင်းကိုယ်ပ နှစ်ဌာန မစင်ကြယ်မှု ရှိနေသောအခါ ဖြစ်ပေါ်သော ပညာမှာလည်း အညစ်အကြေးထူထပ်သော မီးခွက် မီးစာ ဆီတို့မှဖြစ်သော မီးတောက်သည် မကြည်လင်သကဲ့သို့ မကြည်မလင် မစင်မကြယ်သာ ဖြစ်လာ၏။ အညစ်အကြေး ကင်းစင်သော မီးခွက် မီးစာ ဆီတို့မှဖြစ်သော မီးတောက်သည် ကြည်လင်စင်ကြယ်သကဲ့သို့ ကြည်လင်စင်ကြယ် ထွန်းပသော ပညာဉာဏ် ဖြစ်ပေါ်လာအောင် ကိုယ်တွင်းကိုယ်ပ နှစ်ဌာနဝတ္ထုတို့ကို စင်ကြယ်စေရမည်ဟု ဆိုလိုသည်။)

     (၃) ဣန္ဒြိယသမတ္တပဋိပါဒနာ= သဒ္ဓါစသော ဣန္ဒြေတို့ ညီမျှအောင်ပြုခြင်း၊ (သတ္တဝါတို့သန္တာန်၌ စိတ်စေတသိက်တို့ကို စိုးအုပ်နေသော ဣန္ဒြေတရား ငါးပါးရှိသည်အနက်- သဒ္ဓိန္ဒြေက အားကြီးနေလျှင် အခြား ဣန္ဒြေလေးပါးတို့သည် အားနည်းကြသဖြင့် ဝီရိယိန္ဒြေကလည်း မိမိ၏တာဝန်ဖြစ်သော ချီးမြှောက်အားပေးခြင်းကိစ္စကို မရွက်ဆောင်နိုင်၊ သတိန္ဒြေကလည်း အာရုံထင်စေခြင်းကိစ္စကို မရွက်ဆောင်နိုင်၊ သမာဓိန္ဒြေကလည်း မပျံ့လွင့်ခြင်းကိစ္စကို မရွက်ဆောင်နိုင်၊ ပညိန္ဒြေကလည်း သိမြင်ခြင်းကိစ္စကို မရွက်ဆောင်နိုင်၊ သို့ဖြစ်၍ သဒ္ဓိန္ဒြေ လွန်ကဲနေလျှင် ထိုလွန်ကဲနေသော သဒ္ဓိန္ဒြေကို အညီအမျှသာဖြစ်ရမည့် တရားသဘောကို ဆင်ခြင်ခြင်းဖြင့်သော်၎င်း သဒ္ဓိန္ဒြေမြောက်များ အားရှိစေမည့်နည်းကို နှလုံးမသွင်းခြင်းဖြင့်သော်၎င်း ယုတ်လျော့အောင် ညီမျှအောင် အားထုတ်ရာ၏၊ အကယ်၍.. ဝီရိယန္ဒြေ အားကြီးနေငြားအံ့၊ ထိုအခါ သဒ္ဓိန္ဒြေသည် မိမိ၏ဆိုင်ရာ ကြည်ညိုဖွယ်ဝတ္ထု၌ သက်ဝင်ကြည်ညိုခြင်းကိစ္စကို



(ဗော်)

မရွက်ဆောင်နိုင်၊ အခြားဣန္ဒြေများလည်း မိမိတို့ဆိုင်ရာ ကိစ္စတို့ကို မရွက်ဆောင်နိုင်ကြ၊ သို့ဖြစ်၍ ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးစွာထားသင့်သည့် သဘောကို ထင်စွာပွါးများခြင်းဖြင့် ထိုလွန်ကဲသော ဝီရိယိန္ဒြေကို ယုတ်စေရာ၏။ ဤနည်းအတိုင်း အခြားဣန္ဒြေတို့မှာလည်း တပါးတပါး အားရှိနေခဲ့သော် ကျန်သောဣန္ဒြေတို့ မိမိတို့ဆိုင်ရာကိစ္စကို မရွက်ဆောင်နိုင်ဟူ၍ သိအပ်၏။)

ဤဣန္ဒြေတို့ကို ညီမျှစေသောအရာ၌ အထူးအားဖြင့် သဒ္ဓါနှင့် ပညာတို့၏ ညီမျှခြင်းကို၎င်း၊ သမာဓိနှင့် ဝီရိယတို့၏ ညီမျှခြင်းကို၎င်း ပညာရှိ သူတော်ကောင်းတို့ ချီးမွမ်းကြကုန်၏။ သဒ္ဓါတရားအားကြီး၍ ပညာတရား နည်းပါးသောသူသည် အချည်းနှီးသော ကြည်ညိုခြင်းဖြင့် ကြည်ညိုနေတတ်၏။ (ကြည်ညိုဖွယ်ဝတ္ထု ဟုတ်-မဟုတ်ကို သိမြင်နိုင်သော ပညာတရား အားနည်းနေသည့်အတွက် ကြည်ညိုဖွယ်မဟုတ်သောအရာ၌ ကြည်ညိုနေတတ်၏ဟု ဆိုလိုသည်။ ဘုရား တရား သံဃာ အစစ်မဟုတ်သည့် အရာတို့ကို ဘုရားစစ် တရားစစ် သံဃာစစ်ဟူ၍ ထင်မြင်ယုံကြည်နေခြင်းသည် ယုံကြည်သည့်အတိုင်း မမှန်သည့်အတွက် အကျိုးမပြီး အချည်းနှီးသော ယုံကြည်ခြင်းသာ ဖြစ်၏ဟူ၍ ဆိုလို၏။) မိစ္ဆာအယူ ရှိသူတို့သည် မိမိတို့ အယူမှားအတိုင်း ဘုရား တရားဟူ၍ ထင်မြင်သောအရာကို ကြည်ညိုကြ၏။ ထိုသူတို့၏ ကြည်ညိုခြင်းကား သဒ္ဓါအစစ်မဟုတ်၊ မိစ္ဆာဓိမောက္ခသာဖြစ်ကြောင်း ကောင်းစွာ သိမှတ်ရာ၏။

ပညာတရား အားကြီး၍ သဒ္ဓါတရား နည်းပါးနေသောသူသည် လမ်းရိုးလမ်းမှန်ကို မရောက်တတ်ပဲ ကောက်ကျစ်စဉ်းလဲသော လမ်းဖက်သို့ လိုက်မှား ကပ်ရောက်သွားတတ်၏။ လောက၌ ဆေးစားမှား၍ဖြစ်သော ရောဂါကို ကုစားရန် ခဲယဉ်းသကဲ့သို့၊ သဒ္ဒါနည်းပါး ပညာများ၍ လမ်းမှားကပ်ရောက် ကောက်ကျစ်စဉ်းလဲသူကို လမ်းမှန်ရောက်အောင် ပြုပြင်ကုစားရန် ခဲယဉ်းလှ၏။ “ဒါနဟူသည် စေတနာဒါန ဝတ္ထုဒါနဟူ၍ နှစ်မျိုးရှိရာ စင်စစ်မုချအားဖြင့် စေတနာသာ နောက်ဘဝ၌ ကောင်းကျိုးပေးနိုင်သည်။ ပစ္စည်းဝတ္ထုက တစုံတရာ ကောင်းကျိုးမပေးနိုင်၊ သို့ဖြစ်၍ ပစ္စည်းဝတ္ထုကို လှူနေဖွယ်မလို၊ စေတနာကောင်းကောင်း ထားလိုက်လျှင် လိုအပ်သောကောင်းကျိုး ရနိုင်သည်သာ ဖြစ်၏”ဟူ၍ ကောက်ကျစ်စဉ်းလဲကာ ဒါနစသော ကုသိုလ်တို့ကို မပြုပဲနေသဖြင့် သေသောအခါ ငရဲသို့ကျရောက်တတ်၏။ သဒ္ဓါနှင့်ပညာ နှစ်ပါးစုံ မျှတညီညွတ်မှသာလျှင် ကြည်ညိုအပ်သောအရာ၌သာ ကြည်ညိုခြင်း ကောက်ကျစ်စဉ်းလဲမှု မရှိခြင်းတို့ဖြင့် ကောင်းကျိုးအများ ဖြစ်ပွါးနိုင်သည်။



(ဗံ)

ဝီရိယနှင့် သမာဓိတို့လည်း ညီမျှရမည်၊ ဝီရိယနည်းပါး၍ သမာဓိ ကြီးမားနေလျှင် ထကြွအားထုတ်မှုမရှိပဲ သမာဓိရအောင် ငြိမ်သက်စွာနေသည့်အယောင်ဖြင့် ကောသဇ္ဇခေါ်သော အပျင်းဓာတ် လွှမ်းမိုးဖိစီးခြင်းကို ခံရတတ်သည်။

ဝီရိယကြီးမား၍ သမာဓိ နည်းပါးနေလျှင်လည်း တည်ကြည်မှုမရှိတော့ပဲ အမြဲ ထကြွလုံ့လ ပြုနေသောသူမှာ “ရည်ရွယ်သည့်အတိုင်း အကျိုးမဖြစ်ခဲ့သော် ဤအလုပ်သည် အကျိုးဖြစ်ပေါ်နိုင်မည့်အလုပ် မဟုတ်၊ သို့ဖြစ်၍ ဤအလုပ်ကို စွန့်ပစ်ကာ အခြားအလုပ်တခုခုကို ပြုလုပ်မှ သင့်လျော်မည်” စသည်ဖြင့် စိတ်၏ပျံ့လွင့်ခြင်း= ဥဒ္ဓစ္စတရား လွှမ်းမိုးဖိစီးခြင်းကို ခံရတတ်သည်။

ဝီရိယနှင့် သမာဓိတို့ကို ညီမျှအောင် အားထုတ်လျှင် ပျင်းရိခြင်း= ကောသဇ္ဇတရားလည်း ဝင်ခွင့်မရ၊ စိတ်ပျံ့လွင့်ခြင်း= ဥဒ္ဓစ္စတရားလည်း ဝင်ခွင့်မရ၊ နှစ်ပါးစုံညီသည့်အတွက် အပ္ပနာဟုခေါ်သော ဈာန်သမာဓိတရားကို လျင်မြန်စွာ ရနိုင်သည်။

သတိန္ဒြေမူကား ပိုလွန်သောဟူ၍ မရှိ၊ လိုလျှင်သာ လိုမည်။ ထို့ကြောင့် “သတိသည် စားဖွယ်ဟင်းလျာ ဟူသမျှတို့၌ ပါဝင်ရသော ဆားနှင့်တူ၏ ဟူ၍၎င်း၊ အလုံးစုံသော မင်း၏ အရေးကိစ္စတို့၌ ပါဝင်ရသော အမတ်ချုပ်ကြီးနှင့် တူ၏ဟူ၍၎င်း” ကျမ်းဂန်တို့၌ ပြဆိုထား၏။ သို့ဖြစ်၍ သတိကို အစွမ်းကုန်ထား၍ သဒ္ဓါနှင့်ပညာ ဝီရိယနှင့် သမာဓိတို့ကို အညီအမျှ ပွါးများအားထုတ်ရာ၏၊ တခုခုက ပိုနေလျှင် အပြစ်ရှိသည်၊ ဤအကြောင်းကို ဆရာတော်ဦးဗုဓ်က..

     သဒ္ဓါလွန်လျှင် ကွန့်သည်၊

     ပညာလွန်လျှင် ဆွံ့သည်၊

     ဝီရိယလွန်လျှင် ပြန့်သည်၊

     သမာဓိလွန်လျှင် တွန့်သည်၊

     သတိမူကား လွန်သည်မရှိ၊-

ဟူ၍ မဟာသတိပဋ္ဌာနသုတ် နိဿယ၌ ရေးသားတော်မူခဲ့သည်။

     (၄) ဒုပ္ပညပုဂ္ဂလပရိဝဇ္ဇနံ= ပညာမဲ့သော ပုဂ္ဂိုလ်တို့ကို ဝေးစွာရှောင်ကြဉ်ခြင်း၊ (ခန္ဓာ အာယတနစသော သဘောတရားစု၌ သက်ဝင်နိုင်သော ဉာဏ်မရှိသည့် ပုဂ္ဂိုလ်စုကို ပညာမဲ့= ဒုပ္ပညပုဂ္ဂိုလ်ဟု ခေါ်သည်။ ထိုပုဂ္ဂိုလ်မျိုးကို ဝေးစွာ ရှောင်ကြဉ်ရမည်ဟု ဆိုလိုသည်။)



(ဗား)

     (၅) ပညဝန္တပုဂ္ဂလသေဝန= ပညာရှိသော ပုဂ္ဂိုလ်တို့ကို မှီဝဲခြင်း၊ (ပညာရှိသော ပုဂ္ဂိုလ်ဟူသည်မှာ ဥဒယဗ္ဗယဉာဏ် ငါးဆယ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို ဆိုလို၏၊ ဤ ဥဒယဗ္ဗယဉာဏ်ငါးဆယ်ကို ပဋိသမ္ဘိဒါမဂ် မြန်မာပြန်၌ ကြည့်ရှုရာ၏။)

ဤ (၄)အမှတ်နှင့် (၅)အမှတ် နှစ်ရပ်လုံးမှာပင် အဋ္ဌကထာဆရာတော် ပြဆိုချက်သည် ဥက္ကဋ္ဌနည်းအားဖြင့် အထက်တန်းအကျဆုံးကို ပြဆိုတော်မူခြင်းဖြစ်၏။ အထက်တန်းကျပုံမှာ.. (၄)အမှတ် ပညာမဲ့သော ပုဂ္ဂိုလ်အရ ခန္ဓာ အာယတနစသော တရားစု၌ ဉာဏ်မသက်ဝင်နိုင်သော ပုဂ္ဂိုလ်ဟု ဖော်ပြခြင်းပင်ဖြစ်၏။ ခန္ဓာ အာယတနစသော တရားစု၌ သက်ဝင်နိုင်သည့် ဉာဏ်ပညာရှိသော ပုဂ္ဂိုလ်သည် အထက်တန်း ပညာရှိကြီးသာ ဖြစ်၏၊ ဤသို့ သိမ်မွေ့နက်နဲလှသော ခန္ဓာ အာယတနစသည့် တရားသဘောတို့ကို မသိမြင်နိုင်စေကာမူ သာမညအားဖြင့် “ဤသို့ လှူကောင်းသည်၊ ဤသို့ မလှူကောင်း၊ ဤသို့ သီလစောင့်သင့်သည်။ ဤသို့ မစောင့်သင့်” စသည်ဖြင့် ဓမ္မသဘောစုကို၎င်း “ဤသို့ ပြုကျင့်ခြင်းသည် အသက်ရှည်ကြောင်း ဖြစ်၏။ ဤသို့ ပြုကျင့်ခြင်းသည် အသက်တိုကြောင်း ဖြစ်၏” စသည်ဖြင့် သိမြင်သောသူသည် ပညာရှိ မဟုတ်သကဲ့သို့ ဖြစ်၍နေ၏။ စင်စစ်ကား ထိုပုဂ္ဂိုလ်တို့ကိုလည်း မှီဝဲရမည်သာ ဖြစ်ပေသည်။

(၅)အမှတ်ပြ ပညာရှိပုဂ္ဂိုလ်အရ “ဥဒယဗ္ဗယဉာဏ် ငါးဆယ်နှင့် ပြည့်စုံသောပုဂ္ဂိုလ်ကို” ပြဆိုခြင်းသည်လည်း အထက်တန်း ဝိပဿနာ ပညာရှိကြီးများကိုသာ ဥက္ကဋ္ဌနည်းအားဖြင့် ပြဆိုခြင်းဖြစ်၏။ ပညာရှာမှီးရမည့်အရာမှာ ဗုဒ္ဓဝင်ပါဠိတော်အရ “အယုတ်အလတ် အမြတ်မရွေး အိမ်စဉ်လျှောက်ကာ ဆွမ်းခံရသည့်ရဟန်းကို ပမာထား၍ အယုတ်အလတ် အမြတ်မရွေး သိမြင်နိုင်သည့် ပုဂ္ဂိုလ်ထံ မေးမြန်းဆည်းပူးရမည်”ဟူ၍ ဟောတော်မူရကား ရှောင်ကြဉ်ရမည့် ဒုပ္ပညပုဂ္ဂိုလ်ဟူသည် တစုံတရာကိုမျှ မသိသောသူသာ ဖြစ်သင့်ပေ၏၊ မှီဝဲရမည့် ပညာရှိပုဂ္ဂိုလ် ဟူသည်လည်း မိမိ သိမြင်လိုသောအရာကို ကောင်းစွာ ဖြေဆိုသိမြင်နိုင်မည့် ပုဂ္ဂိုလ်ဟူသမျှပင် ဖြစ်သင့်ပေ၏။

အချုပ်အားဖြင့်.. တစုံတရာကိုမျှ မေးမြန်း၍မရမည့် လူမျိုးကို ရှောင်ကြဉ်၍၊ မိမိ မသိသေးသောအရာကို အနည်းနှင့်အများ ဖြေကြားနိုင်မည့် ပုဂ္ဂိုလ်စုကို မှီဝဲ ဆည်းကပ်ရာ၏ဟူ၍ ဆိုလိုပေသည်။



(ဘ)

ပညာဆည်းပူးရာမှာ ဗုဒ္ဓဝင်ပါဠိတော်လာအတိုင်း ရှေးဦးစွာ ပညာရှိများထံ နာကြား မေးမြန်း၍ သုတမယပညာကို ဆည်းပူးပြီးမှ ထိုဆည်းပူးပြီးသော သုတမယပညာထဲတွင် မရှင်းမလင်းသော အကြောင်းအရာ ထင်မြင်လာသောအခါ ဆင်ခြင်ကြံစည်ခြင်း တည်းဟူသော စိန္တာမယပညာကို ဆည်းပူးပွါးများရာ၏။

ဤအကြောင်းကို အင်္ဂုတ္တရနိကာယ် တိကနိပါတ၊ ဒုတိယပဏ္ဏာသက၊ ၂-မဟာဝဂ်၊ ၅-ကာလာမသုတ်၌ ကာလာမမင်းအများက..“တပည့်တော်များအရပ်သို့ ဓမ္မကထိကပုဂ္ဂိုလ်အများ လာရောက်ကြရာတွင် လာရောက်သမျှ ပုဂ္ဂိုလ်စုသည် မိမိဝါဒကိုသာ ချီးမွမ်း၍ အခြားဝါဒတို့ကို ပယ်ရှား ပုတ်ခတ်သည်ချည်းသာ ဖြစ်ပါသည်။ ဘုရားတပည့်တော်များမှာ မည်သည့်ဝါဒကို အတိအကျ မှတ်ယူရမည်ဟု မသိနိုင်အောင် ယုံမှားဖြစ်၍ နေရကြောင်း” မြတ်စွာဘုရားအား လျှောက်ထားရာ မြတ်စွာဘုရားက ဟောကြားတော်မူပုံအချုပ်မှာ “မိမိဉာဏ်ဖြင့် စဉ်းစားဆင်ခြင်၍ အပြစ်ကင်းသော ဝါဒကိုသာ အတိအကျ မှတ်ယူရမည်”ဟူ၍ ဟောတော်မူသည်။ ဤဒေသနာတော်အရ ဓမ္မကထိကပုဂ္ဂိုလ်တို့၏ ဟောပြောချက်ကို နာခံရခြင်း သုတမယပညာကိစ္စကို ရွက်ဆောင်ပြီးလျှင် မည်သည့်ဝါဒကသာ အပြစ်ကင်းခြင်းကို မိမိဉာဏ်ဖြင့် ဆင်ခြင်ခြင်း= စိန္တာမယညဏ်ကို အသုံးပြုရမည်ဟု ဆိုလိုရင်းဖြစ်သည်။

ထိုမှတပါးလည်း ပါဌဇာတ် ဒသကနိပါတ် ၉-မဟာဓမ္မပါလဇာတ်၌ "ဓမ္မပါလရွာ၌ အသက်တမ်း မပြည့်သေးသည့် သူငယ်များ မသေနိုင်ခြင်း၏အကြောင်းကို တက္ကသိုလ်ဆရာကြီးကိုယ်တိုင် လာရောက်မေးမြန်းသည်တွင် သုဒ္ဓေါဒနမင်းကြီး၏ အလောင်းတော် မဟာဓမ္မပါလ (ရွာအုပ်)ကြီးက ပြန်ကြား ဖြေဆိုသောအခဏ်း၌ “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ရွာသို့ လာရောက်သမျှ ပုဂ္ဂိုလ်တို့၏ တရားကို နာကြကုန်၏။ နာကြားပြီးနောက် စဉ်းစားဆင်ခြင်ပြီးလျှင် မသူတော်တို့၏တရားကို မနှစ်သက် လက်မခံပဲ ထိုသူတို့ကိုလည်း ပယ်ရှားပါသည်။ သူတော်ကောင်းတို့၏ တရားကိုသာ နှစ်သက်လက်ခံ၍ ထိုသူတော်ကောင်းတို့ကို မစွန့်ပါ။ သို့ဖြစ်၍ ကျွန်ုပ်တို့ (ဓမ္မပါလ)ရွာ၌ ကလေးသူငယ်များ အသက်တမ်းမပြည့်မီ မသေကြကုန်”ဟူ၍ ဖြေဆိုလေသည်။ ဤမဟာဓမ္မပါလ ဇာတ်တော်အရလည်း ရှေးဦးစွာ သုတမယဉာဏ်ဖြင့် နာခံ၍ နောက်မှ စိန္တာမယဉာဏ်ဖြင့် ဆင်ခြင်စဉ်းစားကာ မှန်ကန်သည့်အချက်ကို လက်ခံ အတည်ပြုရကြောင်း ထင်ရှားပေ၏။



(ဘာ)

မှီဝဲဆည်းကပ်ခြင်း

ပညာရှိသောပုဂ္ဂိုလ်ကို မှီဝဲခြင်း..ဟူသော စကားနှင့်စပ်၍ “မှီဝဲခြင်းဟူသည် အဘယ်သို့သော သဘောဖြစ်သနည်း”ဟု မေးရန်ရှိ၏။ ပညာရှိထံ သွားရောက်ချဉ်းကပ်ကာ နေ့ညဉ့်မကွာ နေထိုင်ရုံမျှဖြင့် ပညာရှိကို မှီဝဲသည်မမည်။ ပညာရှိထံမှ တစုံတရာ ပညာရရှိအောင် ပြုလုပ်မှ ပညာရှိကို မှီဝဲသည်မည်၏။

လောက၌ “လူမိုက်ကို မမှီဝဲရ”ဟူသော မင်္ဂလာတရားတော်အရ လူမိုက်ထံ သွားရောက်နေရုံမျှကို လူမိုက်ကို မှီဝဲသည်ဟု မဆိုရပေ။ လူမိုက်ကို ပူးကပ်ဖျားယောင်း ဆုံးမလိုသောကြောင့် ထိုလူမိုက်ထံ သွားရောက်ခြင်းဖြစ်လျှင် မင်္ဂလာတရား မပျက်စီး။ မြတ်စွာဘုရားသည် ဥရုဝေလတောအုပ်၌ မိစ္ဆာဒိဋ္ဌိအယူရှိသော ရသေ့တို့နှင့်အတူ ကြွရောက် နေတော်မူသကဲ့သို့ ဖြစ်သည်။ လူမိုက်တို့၏ အကျင့် အယူဝါဒ တစုံတရာကို ခံယူမှသာ ထိုလူမိုက်ကို မှီဝဲသည်ဟု ဆိုအပ်၏။ ပညာရှိကို မှီဝဲရမည်ဟူသော မင်္ဂလာတရား အရာ၌လည်း ပညာရှိထံ သွားရောက် အတူနေကာမျှဖြင့် ပညာရှိကို မှီဝဲသည်ဟု မဆိုရ၊ ပညာရှိထံမှ တရားနည်းလမ်းရရှိအောင် ယူမှသာလျှင် ပညာရှိကို မှီဝဲသည်ဟု ဆိုရ၏။ သို့ဖြစ်၍ ပညာရှိသောပုဂ္ဂိုလ်ကို မှီဝဲခြင်းဟူရာ၌ ပညာရှိပုဂ္ဂိုလ်တို့နှင့် အတူတကွ နေရုံမျှဖြင့် ကိစ္စမပြီး၊ ထိုပညာရှိတို့ထံမှ ပညာအနည်းအများ ရရှိမှတ်သားရမှသာ မှီဝဲခြင်းဖြစ်ကြောင်းကို ကောင်းစွာ မှတ်ယူအပ်၏။

     (၆) ဂမ္ဘီရဉာဏစရိယပစ္စဝေက္ခဏာ= နက်နဲသောဉာဏ်၏ ကျက်စားရာဖြစ်သော တရားသဘောတို့ကို ဆင်ခြင်ခြင်း၊ (ဤအရာ၌ ဉာဏ်ပညာသည် မီးနှင့်တူ၏။ မီးသည် လောင်စာဟူက သေးသိမ်နုတ်ဖွဲသော အရာစုကိုလည်း လောင်၏၊ အထုအထယ် ကြီးမားလှသော အစုစုကိုလည်း လောင်၏၊ ဤသို့ လောင်စာဟူသမျှကို မဖယ်မရှောင် လောင်သည့်အရာတွင် သေးသိမ်နုတ်ဖွဲသော အရာစုကိုလောင်သော မီးဖြစ်လျှင် မီးသေးမီးငယ်ဖြစ်၍ အထုအထယ် ကြီးမားလှသော အရာစုကို လောင်သောမီးဖြစ်လျှင် ကြီးကျယ်သောမီး ဖြစ်လာသကဲ့သို့၊ ပညာဉာဏ်သည်လည်း သိအပ်သော အရာဟူသမျှကို သိသည်ချည်းသာ ဖြစ်၏။ သေးငယ်သောအရာကို သိလျှင် သေးငယ်သောဉာဏ်၊ ပေါ်လွင်သောအရာကိုသိလျှင် ပေါ်လွင်သောဉာဏ်၊ နက်နဲသောအရာကို သိလျှင် နက်နဲသောဉာဏ်ဟူ၍ သိအပ်သော သဘောတရားကို စွဲကာ အမျိုးမျိုး ခွဲခြား၍ ခေါ်ဆိုအပ်၏။ ဉာဏ်၏ကျက်စားရာ နက်နဲသောအရာ ဟူသည်ကား



(ဘိ)

ခန္ဓာ အာယတနစသော တရားစုပင် ဖြစ်၏။ ထိုတရားစု၌ဖြစ်သော အသိဉာဏ်သည် နက်နဲသော ဉာဏ်ပညာ မည်၏၊ ထိုနက်နဲသော ဉာဏ်ပညာသည် နက်နဲသော သဘောတရား များသလောက်ပင် များပြား၏။ ဤသို့ သိအပ်သည့် နက်နဲသော သဘောတရား များပြားသလောက် များပြားသည်တို့ကို ခွဲခြားဝေဖန် ဆင်ခြင်ခြင်းသည် ပညာဉာဏ်ကြီးပွါးခြင်း၏ အကြောင်းဖြစ်သည်ဟု ဆိုလိုသည်။)

     (၇) တဒဓိမုတ္တတာ= ထိုဉာဏ်ပညာ ပွါးများမှု၌ ညွတ်ကိုင်းသော စိတ်ရှိခြင်း၊ (လျောင်း- ထိုင်- ရပ်- သွား ဣရိယာပုထ် လေးပါးတို့၌ ပညာတရား ဖြစ်ပွါးရန်ကိုသာ လိုလား ညွတ်ကိုင်းသော စိတ်ရှိရမည်။ ဤသို့ စိတ်ရှိခြင်းသည် ပညာတရား ပွါးခြင်းအကြောင်းတပါးဖြစ်၏။)

ဖန်ဖန်မေးမှု၊

ဝတ္ထုစင်စေ၊

ဣန္ဒြေညီမျှ၊

ဗာလကိုကြဉ်၊

ဉာဏ်ရှိယှဉ်မှ၊

ဆင်ခြင်နက်လှ၊

ဝိမုတ္တဟု၊ ၊ဉာဏပွါးကြောင်း ခုနစ်တည်း။ (ဆရာတော်ဦးဗုဓ်)

**********

ပညာ၏ ဂုဏ်သတ္တိများ

     ဤ ပညာတရားသည်- (၁) ထိုထိုကိစ္စတို့၌ ရှေ့ဆောင်ဦးစီး အကြီးအမှူးအဖြစ်ဖြင့် ဖြစ်သောအခါ ဝီမံသာဓိပတိဟူ၍ အဓိပတိလေးပါးတို့တွင် တပါးအပါအဝင် ဖြစ်ပေ၏။

     (၂) အတူတကွ ဖြစ်ဖော်ယှဉ်ဖက်တရားတို့ကို အစိုးရသော ဣန္ဒြေ (၂၂)ပါးတွင် ပညိန္ဒြေ အနညာတညဿာမီတိန္ဒြေ အညိန္ဒြေ အညာတာဝိန္ဒြေဟူ၍ လေးမျိုးလေးစားအားဖြင့် ပါဝင်ရာ လောကီဉာဏသမ္ပယုတ်စိတ် (၃၉)ခု၌ရှိသော ပညာသည် ပညိန္ဒြေ၊ သောတာပတ္တိမဂ်စိတ်၌ရှိသော ပညာသည် အနညာတညဿာမီတိန္ဒြေ၊ အရဟတ္တဖိုလ်၌ရှိသော ပညာသည် အညာတာဝိန္ဒြေ၊ အလယ်လောကုတ္တရာစိတ် (၆)ပါး၌ရှိသော ပညာသည် အညိန္ဒြေဟူ၍ အသီးအသီးဖြစ်ကြ၏။



(ဘီ)

     ဤ ဖြည့်ဆည်းပူးအပ်သော ပညာပါရမီအရ ပညာတရားကိုကား လောကီဉာဏသမ္ပယုတ်စိတ် (၃၉)ထဲမှ ကုသိုလ်ဉာဏသမ္ပယုတ်စိတ် (၁၃)ပါး၌ရှိသော ပညာကိုသာ ကောက်ယူအပ်၏။ (ကြိယာစိတ်စုမှာ ရဟန္တာပုဂ္ဂိုလ်များနှင့်သာ သက်ဆိုင်၍ ပုထုဇန် အလောင်းတော်များနှင့် မသက်ဆိုင်သောကြောင့်၎င်း ဉာဏသမ္ပယုတ် ဝိပါက်စိတ်တို့မှာလည်း ဖြစ်ပေါ်စေရန် အထူး အားထုတ်နေရသည်မဟုတ် ရှေးကံ စီမံသည့် အတိုင်းသာ ဖြစ်ပေါ်သော တရားစုဖြစ်သောကြောင့်၎င်း ထိုကြိယာနှင့် ဝိပါက်ဖြစ်သော ဉာဏသမ္ပယုတ်စိတ်တို့မှာ ပါရှိသည့် ပညာစုကို ဤပညာပါရမီအရ မကောက်ယူရချေ။) လောကီကုသိုလ် ပညာပါရမီကိုသာ အလောင်းတော်ကြီးများသည် မပြည့်ပြည့်အောင် ဖြည့်ဆည်းပူးတော်မူကြရ၏။

     ဗောဓိပက္ခိယတရားအဝင် ဣန္ဒြေငါးပါးတွင်လည်း ပညိန္ဒြေဟူ၍ ပါရှိရာ ထိုပညိန္ဒြေအရ လောကီလောကုတ္တရာ နှစ်ပါးပင်ရှိရာ လောကုတ္တရာ မဂ်ဖိုလ်တို့၌ရှိသော ပညိန္ဒြေမှာ အလောင်းတော်ကြီးများ ဆည်းပူးအပ်သည့် ပညာပါရမီ၌ မပါဝင်နိုင်။ မဂ်ဖိုလ်၏ရှေ့အဖို့ သီလကို စင်ကြယ်စေခြင်း စိတ်ကိုစင်ကြယ်စေခြင်းစသည့် လောကီဝိသုဒ္ဓိတရားတို့ကို အားထုတ်စဉ်အခါ မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ်နှင့် တွဲ၍ဖြစ်သော ပညိန္ဒြေသည်ကား အလောင်းတော်ကြီးများ ဖြည့်ဆည်းပူးအပ်သော ပညာပါရမီတွင် အပါအဝင်ပင် ဖြစ်၏။

     (၃) ထို့အတူ သမ္ပယုတ် (ယှဉ်ဖက်)တရားတို့၏ အင်အားသဖွယ်ဖြစ်သော ဗိုလ်တရား ငါးပါးတို့တွင် ပညာဗိုလ်ဟူ၍ အားတပါးအဖြစ်ဖြင့် ပါဝင်၏။ ဣဒ္ဓိပါဒ်လေးပါးတို့တွင် ဝီမံသိဒ္ဓိပါဒ်ဟူ၍၎င်း ဗောဇ္ဈင်ခုနစ်ပါးတို့တွင် ဓမ္မဝိစယသမ္ဗောဇ္ဈင်ဟူ၍၎င်း မဂ္ဂင်ရှစ်ပါးတို့တွင် သမ္မာဒိဋ္ဌိမဂ္ဂင်ဟူ၍၎င်း ပညာနှင့်ဆိုင်ရာ ဗိုလ် ဣဒ္ဓိပါဒ် ဗောဇ္ဈင် မဂ္ဂင်တို့ ပါရှိရာ လောကုတ္တရာဖြစ်သော ဗိုလ် ဣဒ္ဓိပါဒ် ဗောဇ္ဈင် မဂ္ဂင်ဆိုင်ရာ ပညာကား အလောင်းတော်ကြီးများ ဖြည့်ဆည်းပူးအပ်သော ပညာပါရမီတွင် မပါဝင်ပဲ မဂ်ဖိုလ်၏ ရှေ့ပိုင်းဖြစ်သည့် လောကီဝိသုဒ္ဓိတရားတို့ကို အားထုတ်စဉ်အခါ မဟာကုသိုလ် ဉာဏသမ္ပယုတ်စိတ်နှင့် ယှဉ်တွဲ၍ဖြစ်သော ပညာဗိုလ် ဝီမံသိဒ္ဓိပါဒ် ဓမ္မဝိစယသမ္ဗောဇ္ဈင် သမ္မာဒိဋ္ဌိမဂ္ဂင်ထိုက်သော ပညာသည်ကား အလောင်းတော်ကြီးများ ဖြည့်ဆည်းပူးအပ်သော ပညာပါရမီတွင် အပါအဝင်ဖြစ်၏ဟူ၍ ယုံမှားမရှိ မှတ်ယူအပ်၏။

ဤသို့ ထူးခြားသော ပညာ၏ ဂုဏ်သတ္တိတို့ကို ဆင်ခြင်စဉ်းစားကာ ပညာပါရမီကို အထွတ်အထိပ်ရောက် ကျင့်ဆောက် ဆည်းပူးနိုင်ကြပါစေကုန်သတည်း။

ပညာပါရမီခဏ်း ပြီး၏။

**********



(ဘု)