မဟာဗုဒ္ဓဝင်/၆- ပါရမီတော်ခဏ်း (ဂ) နေက္ခမ္မပါရမီ

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
(ဂ) နေက္ခမ္မပါရမီ

(ဖီ)

(ဂ) နေက္ခမ္မပါရမီ

နိက္ခမနှင့် နေက္ခမ္မ

     (နိက္ခမ= လွတ်မြောက်သောသူ၊ နေက္ခမ္မ= လွတ်မြောက်ခြင်း။) ဤသုံးခုမြောက်ဖြစ်သော ပါရမီကို နိက္ခမပါရမီဟု ပြီးလွယ်စီးလွယ် ပြောတတ်ကြ၏။ ပြခဲ့ပြီးသည့်အတိုင်း နိက္ခမမှာ ထွက်မြောက်သောသူ လူဒြဗ်ကိုဟော၍ ထိုလူဒြဗ်သည် ပါရမီမဖြစ်နိုင်၊ လွတ်မြောက်ခြင်း သဘောတရားသာ ပါရမီဖြစ်နိုင်သည့်အတွက် ပါရမီကို နိက္ခမဟု မခေါ်သင့်၊ နေက္ခမ္မဟူ၍သာ ခေါ်သင့်သည်။

     ထွက်မြောက်ခြင်းသည်လည်း သံသရာဘဝမှ ထွက်မြောက်ခြင်း၊ ကာမမှ ထွက်မြောက်ခြင်းဟူ၍ နှစ်ပါးအပြားရှိ၏။ သံသရာဘဝမှ ထွက်မြောက်ခြင်းမှာ အကျိုးဖြစ်၍ ကာမမှ ထွက်မြောက်ခြင်းမှာ အကြောင်းဖြစ်၏။ ကာမမှထွက်မြောက်အောင် ဖြည့်ကျင့်နိုင်မှ သံသရာမှ ထွက်မြောက်ခြင်း ဖြစ်သည်ဟု ဆိုလိုသည်။ ထိုထွက်မြောက်ခြင်း နှစ်မျိုးတို့တွင် အကျိုးဖြစ်သော (ဘဝမှ) ထွက်မြောက်ခြင်းကို ရည်ရွယ်တော်မူ၍ ဘဝသုံးပါးကို နှောင်အိမ်ကြီးနှင့် ပမာပြကာ (ဘဝတော ပရိမုတ္တိယာ= ဘ၀သုံးပါးမှ ထွက်မြောက်ရန် ဟူ၍) ဗုဒ္ဓဝင်ပါဠိတော်၌ ဟောတော် မူသည်။

နေက္ခမ္မပါရမီ တရားကိုယ်

     ဒါနနှင့် သီလတို့မှာ ဆိုင်ရာဆိုင်ရာ သီးခြားဖြစ်သင့်သော ပရမတ္ထတရားကိုယ်ကို ရကောင်းသကဲ့သို့ နေက္ခမ္မ၌ကား အသီးအခြား ပရမတ္ထတရားကိုယ်ကို မရကောင်း၊ သို့ဖြစ်၍ ကာမနှစ်မျိုးမှ၎င်း ဘဝသုံးမျိုးမှ၎င်း ထွက်မြောက်ခြင်း၏ အစွမ်းအားဖြင့်ဖြစ်သော ကုသိုလ်စိတ် စေတသိက် တရားအစုကိုပင် နေက္ခမ္မပါရမီ ခေါ်သည်ဟူ၍ စရိယာပိဋကအဋ္ဌကထာ၌ ဖွင့်ပြတော်မူ၏။

     ကာမနှစ်ပါးဟူသော်ကား မဟာနိဒ္ဒေသ ပါဠိတော်၌လာသည့် ဝတ္ထုကာမ ကိလေသကာမ နှစ်ပါးတို့တည်း။ ဘ၀သုံးပါးဟူသည် ဘုံသုံးပါးပင်တည်း။

     ကာမ၏အရ ကိလေသကာမ ဝတ္ထုကာမ နှစ်ပါးရှိသည်တွင် နှစ်သက်ဖွယ်သော အာရုံကို လိုချင်မက်မောတတ်သောကြောင့် လောဘကိလေသာကို ကိလေသာကာမဟု ခေါ်၏။ (ဤအလိုသော် ကာမဟူသော ပါဠိစကားကို လိုချင်မက်မောတတ်သော တရား သို့မဟုတ် လိုချင်မက်မောခြင်း တရားဟူ၍ မြန်မာပြန်ဆိုအပ်၏။) အလိုရှိအပ်သော အရာဝတ္ထု အစုစုကို ဝတ္ထုကာမဟု ခေါ်၏။ (ဤအလိုသော် ကာမဟူသော ပါဠိစကားကို အလိုရှိအပ်သော တရားဟူ၍ မြန်မာပြန်ဆိုအပ်၏။) ဤ နေက္ခမ္မပါရမီအရာ၌ ကာမတို့မှ ထွက်မြောက်ခြင်းဟူသော စကားအရ ထိုကာမနှစ်မျိုးလုံးမှ ထွက်မြောက်ခြင်းကိုပင် ဆိုလိုသည်။



(ဖု)

ထွက်မြောက်အောင် နှလုံးသွင်းပုံ

     ထိုကာမ နှစ်မျိုးတို့တွင် ကိလေသကာမမှ ထွက်မြောက်အောင် နှလုံးသွင်းပုံကို မဟာနိဒ္ဒေသပါဠိတော်၌-

အဒ္ဒသံ ကာမ တေ မူလံ၊ သင်္ကပ္ပါ ကာမ ဇာယသိ။

န တံ သင်္ကပ္ပယိဿာမိ၊ ဧဝံ ကာမ န ဟောဟိသိ။

ဟယ် ကိလေသကာမ.. သင်၏ အမြစ်အရင်းကို ငါမြင်ပြီ၊ နှစ်သက်ဖွယ် အာရုံတို့ကို နှစ်သက်ဖွယ်အနေဖြင့် ကြံစည်စိတ်ကူးခြင်း= ကာမဝိတက်ဟူသော အကြောင်းကြောင့် သင်ကား ဖြစ်ရ၏၊ ထိုအာရုံကို နှစ်သက်ဖွယ်အနေဖြင့် ငါမကြံတော့အံ့၊ ဟယ် ကိလေသကာမ.. ဤသို့ ငါမကြံစည်ခဲ့လျှင် သင်ဖြစ်ရတော့မည်မဟုတ်-

ဟူ၍ ဟောတော်မူသည်။

     ဤပါဠိတော်အရ.. မိစ္ဆာဝိတက်သုံးပါး သမ္မာဝိတက်သုံးပါးကို ရှေးဦးစွာ နားလည်ထားရပေမည်။ မိစ္ဆာဝိတက်သုံးပါး ဟူသော်ကား-

(၁) ကာမဝိတက်= ဝတ္ထုကာမတို့ကို တွယ်တာတပ်မက်ဖွယ် အနေဖြင့် ကြံစည်စိတ်ကူးခြင်း၊

(၂) ဗျာပါဒဝိတက်= သူတပါးတို့ကို နှိပ်စက်သတ်ဖြတ်ရန် ကြံစည်စိတ်ကူးခြင်း၊

(၃) ဝိဟိံသာဝိတက်= သူတပါးတို့ကို (အသေသတ်ရန်မဟုတ်) ညှဉ်းဆဲရန် ကြံစည်စိတ်ကူးခြင်း

ဤသုံးပါးတို့ဖြစ်သည်။

     သမ္မာဝိတက် သုံးပါးဟူသော်ကား..

(၁) နေက္ခမ္မဝိတက်= ဝတ္ထုကာမတို့မှ ထွက်မြောက်ရန် ကြံစည်စိတ်ကူးခြင်း၊

(၂) အဗျာပါဒဝိတက်= မေတ္တာတရားနှင့်ယှဉ်သော ကြံစည်စိတ်ကူးခြင်း၊

(၃) အဝိဟိံသာဝိတက်= ကရုဏာနှင့်ယှဉ်သော ကြံစည်စိတ်ကူးခြင်း-

ဤသုံးပါးတို့ဖြစ်သည်။

     ကိလေသကာမ၏ အမြစ်အရင်း (အကြောင်းရင်း)ကို ရှာဖွေဆင်ခြင်လျှင် မိစ္ဆာဝိတက်သုံးပါး အပါအဝင်ဖြစ်သော ကာမဝိတက်ကို တွေ့ရှိသိရလိမ့်မည်။



(ဖူ)

ထိုကာမဝိတက်ကို ဆက်ကာဆက်ကာ ကြံစည်စိတ်ကူးနေသမျှ ကိလေသကာမတရား တိုး၍သာ ဖြစ်ပွါး သဖြင့် ထို ကိလေသကာမမှ မထွက်မြောက်နိုင်၊ ကာမဝိတက်ကို မကြံစည်မှသာလျှင် ကိလေသကာမ မဖြစ်သဖြင့် ထိုကိလေသကာမမှ ထွက်မြောက်နိုင်သည်။ ထို့ကြောင့် ရှေးဆိုအပ်ပြီးသည့် နည်းအတိုင်း ကိလေသကာမမှ ထွက်မြောက်အောင် နှလုံးသွင်းရာ၏။ ကာမမှ ထွက်မြောက်အောင် အားထုတ်လျှင် ဘဝမှ ထွက်မြောက်ခြင်းအကျိုး ရသကဲ့သို့၊ ကိလေသကာမမှ ထွက်မြောက်အောင် လုံ့လကြိုးကုတ် နှလုံးသွင်းဆင်ခြင် အားထုတ်လျှင် ဝတ္ထုကာမမှ ထွက်မြောက်ခြင်းအကျိုး ရနိုင်၏။

     ဤနေက္ခမ္မပါရမီမှစ၍ အထက်အထက်ဖြစ်သော ပါရမီတို့၌ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန် စသည်တို့ကို အထက်ဖြစ်သော ပကိဏ္ဏကခဏ်း၌ အကျယ် ဖော်ပြလတ္တံ့ဖြစ်၍ ထို လက္ခဏ ရသ စသည်တို့ကို ဤမှနောက်၌ မဖော်ပြတော့ပြီ။

တောထွက်ခြင်းနှင့် ရဟန်းအဖြစ်တို့ အပြန်အလှန် အကြောင်းအကျိုးဆက်စပ်ပုံ

     ဤနေက္ခမ္မပါရမီအရာ၌ စရိယာပိဋက အဋ္ဌကထာ၀ယ်၊ ၊ နေက္ခမ္မံ ပဗ္ဗဇ္ဇမူလကံ၊ ၊ဟူ၍ ဖွင့်ပြထား၏။ ဤအဋ္ဌကထာ စကားအရ “ထွက်မြောက်ခြင်း= နေက္ခမ္မပါရမီသည် ရဟန်းအဖြစ်လျှင် အရင်းခံ (အကြောင်းရင်း) ရှိ၏” ဟူ၍၎င်း “ထွက်မြောက်ခြင်း= နေက္ခမ္မပါရမီသည် ရဟန်းအဖြစ်၏ အရင်းခံ (အကြောင်းရင်း) ဖြစ်၏” ဟူ၍၎င်း အဓိပ္ပါယ်နှစ်မျိုး ထွက်နိုင်၏။ ပဌမအဓိပ္ပါယ်မှာ ရဟန်းအဖြစ်က အကြောင်း၊ ထွက်မြောက်ခြင်း= နေက္ခမ္မပါရမီက အကျိုးဖြစ်၏။ ဤအနက်မှာ မဟာဇနကဇာတ်တော်နှင့် ညီညွတ်၏။ မှန်၏.. မဟာဇနကမင်းသည် မိဖုရား မောင်းမမိဿံ ရံရွေတော်များ မသိရအောင် လူယုံတော်တယောက်ကို သင်္ကန်းသပိတ် အဝယ်ခိုင်း၍ ရွှေနန်းပြာသာဒ်ထက်တွင် ရှေးဦးစွာ ရဟန်းပြုပြီးမှ တောထွက်တော်မူသည်။ သို့ဖြစ်၍ အလောင်းတော် မဟာဇနကမင်းမှာ ရဟန်းအရင်ပြုပြီးမှ တောထွက်သောကြောင့် ရဟန်းအဖြစ်က အကြောင်းရင်းဖြစ်၍ တောထွက်ခြင်းက အကျိုးဖြစ်သည်ဟု ဆိုနိုင်ပေသည်။

     ဒုတိယအဓိပ္ပါယ်မှာ တောထွက်ခြင်း= နေက္ခမ္မပါရမီက အရင်းခံ (အကြောင်းရင်း)ဖြစ်၍၊ ရဟန်းအဖြစ်က အကျိုးဖြစ်၏။ ဤအနက်မှာ သုမေဓာပညာရှိ ဟတ္ထိပါလညီနောင် စသည်တို့၏ အဖြစ်တော်များနှင့် ညီညွတ်၏။ မှန်၏.. သုမေဓာပညာရှိသည် ရှေးဦးစွာ တောထွက်ပြီးနောက် ဓမ္မိကတောင်ယံသို့ရောက်၍ သိကြားဖန်ဆင်းပေးသော ကျောင်းသင်္ခမ်းများကို တွေ့ရှိသောအခါ ရသေ့ရဟန်းပြုသည်။ ဟတ္ထိပါလညီနောင်တို့လည်း ၎င်းနည်းပင် ရှေးဦးစွာ တောထွက်သွားကာ မယ်တော် မည်းတော် တပြည်ထောင်လုံး လိုက်လာကြသောအခါ



(ဖေ)

ရသေ့ရဟန်း ပြုတော်မူသည်။ သို့ဖြစ်၍ သုမေဓာပညာရှိနှင့် ဟတ္ထိပါလညီနောင် စသည်တို့မှာ တောထွက်ခြင်းက အကြောင်းဖြစ်၍ ရဟန်းဖြစ်ခြင်းက အကျိုးဖြစ်သည်ဟု ဆိုနိုင်ပေသည်။

     စရိယာပိဋက အဋ္ဌကထာ၌ကား.. ပဌမအနက်အဓိပ္ပါယ်အတိုင်း အကျယ် ဖွင့်ပြတော်မူသည်။ (အထက် ပကိဏ္ဏကခဏ်း၌ ထင်ရှားစွာ ဖော်ပြထားသည်။) (တနည်းအားဖြင့်) သုမေဓာပညာရှိနှင့် ဟတ္ထိပါလညီနောင် စသည်တို့သည် ရှေးဦးစွာ တောထွက်ပြီး နောက်မှ ရဟန်းပြုကြသော်လည်း ရှင်ရဟန်းပြုလိုသောကြောင့်သာ တောထွက်တော်မူကြခြင်းဖြစ်၍ တောထွက်မှုက အရင်ကျစေကာမူ နောက်မှပြုမည့် ရှင်ရဟန်းအဖြစ်က အကြောင်းရင်းဖြစ်၏ဟု ဆိုနိုင်ပေ၏။ (ပြာသာဒ်ဆောက်ရန် သစ်ခုတ်သည်ဟူသော စကား၌ သစ်ခုတ်ခြင်းက အရင်ဖြစ်သော်လည်း ပြာသာဒ်ဆောက်လိုခြင်းကြောင့် သစ်ကိုခုတ်ခြင်းဖြစ်ရကား ပြာသာဒ်ဆောက်လိုခြင်းက အကြောင်း၊ သစ်ကိုခုတ်ခြင်းက အကျိုးဟူ၍ ဆိုအပ်သကဲ့သို့တည်း။)

တော၌နေခြင်း ၅-မျိုး

     တော၌နေခြင်းသည်-

(၁) တစုံတရာ အကြောင်းအကျိုးမသိပဲ ဉာဏ်နုံ့နှေး မိုက်မဲသောကြောင့် တော၌နေခြင်း၊

(၂) ငါ တော၌ သွားနေလျှင် တောနေပုဂ္ဂိုလ်ဟူ၍ များစွာ လှူဒါန်းကြလိမ့်မည် ဤသို့စသည်ဖြင့် ယုတ်မာသော အလိုဆိုးရှိ၍ တော၌နေခြင်း၊

(၃) စိတ်ရူးသွပ်သောကြောင့် တော၌နေခြင်း၊

(၄) ဘုရားအစရှိသော သူတော်ကောင်းတို့သည် ချီးမွမ်းအပ်သောအရာ ဖြစ်သည်ဟူ၍ တော၌နေခြင်း၊

(၅) အလိုနည်းခြင်း ရောင့်ရဲလွယ်ခြင်း အစရှိသည့် တရားကောင်းတို့ကို အမှီပြု၍ တော၌နေခြင်း-

ဟူ၍ တော၌နေခြင်း ၅-မျိုးရှိကြောင်းကို (ဝိ၊ ၅၊ ၂၃၃နှင့် ၃၃၅) ဝိနယ ပရိဝါရပါဠိ ဧကုတ္တရိကနယ ပဉ္စကနှင့် ဥပါလိပဉှာ ဓုတင်္ဂဝဂ်တို့၌ မြတ်စွာဘုရား ဟောတော်မူသည်။ ဤ တောနေခြင်း (တောထွက်ခြင်း) ငါးမျိုးတို့တွင် နောက်နှစ်ပါးကို ချီးမွမ်းအပ်သော တောနေခြင်း (တောထွက်ခြင်း)ဟူ၍ မှတ်ယူအပ်၏။



(ဖဲ)

     ပြဆိုအပ်ခဲ့ပြီးသောအတိုင်း ကိလေသကာမမှ ထွက်မြောက်ခြင်း= နေက္ခမ္မပါရမီကို နေရာဌာနအားဖြင့် ဝေဖန်ရန်မလို၊ ကိလေသကာမဟူသည် မည်သည့်နေရာမှာမဆို နှစ်သက်ဖွယ်အာရုံတို့ကို နှစ်သက်မက်မောခြင်းသဘော ဖြစ်ပေါ်လာတတ်၏။ ထိုသို့ ဖြစ်ပေါ်လာသော ကိလေသကာမကို ထိုဖြစ်ပေါ်ရာ နေရာ၌ပင် ဆက်လက်မဖြစ်စေပဲ ပယ်ရှားရာ၏၊ ထိုသို့ ပယ်ရှားသဖြင့် ထိုကိလေသကာမမှ လွတ်မြောက်ခြင်းသည် နေက္ခမ္မသဘော ဖြစ်၏။

     ၀တ္ထုကာမမှ ထွက်မြောက်ခြင်း= နေက္ခမ္မကိုကား သုမေဓာပညာရှိ ဟတ္ထိပါလညီနောင် စသည်တို့မှာ ဟိမဝန္တာကျအောင် တောထွက်သွားတော်မူကြသည်။ သို့ဖြစ်၍ “ဝတ္ထုကာမမှ ထွက်မြောက်ခြင်း= နေက္ခမ္မပါရမီကို ဖြည့်လိုက ဟိမဝန္တာကျအောင်ပင် သွားရောက်ရမည်လော”ဟု တွေးတောဖွယ်ရှိ၏။ အကြောင်းညီညွတ်၍ သွားနိုင်ပါမူ သွားလိုပါမူ သွားဖို့ပင်ဖြစ်သည်။ တောထွက်ခြင်းနှင့်စပ်၍ ဟောကြားတော်မူအပ်သော ဇာတ်နိပါတ်တော်တို့မှာ ဟိမဝန္တာအရောက် တောထွက်ကြသည့် ပုဂ္ဂိုလ်စုသာ များ၏။ အကြောင်း ညီညွတ်၍ သွားရောက်ကြခြင်း ဖြစ်ပေသည်။

     ဧကကနိပါတ်လာ မဃဒေဝဇာတ် မဟာနိပါတ်လာ နိမိဇာတ်တော်တို့၌ကား.. မဃဒေဝမင်းအစ နိမိမင်းတိုင်အောင် ဘုရင်မင်းပေါင်း ရှစ်သောင်း လေးထောင်တို့သည် မိမိတို့၏ဦးခေါင်းမှ ဆံပင်ဖြူတချောင်းပေါက်လျှင် တောထွက်ကြသည်ချည်း ဖြစ်၏။ ထိုသို့ တောထွက်ကြရာ ဟိမဝန္တာကျအောင် မည်သည့်မင်းမျှ တောထွက်တော်မမူကြပဲ မိမိတို့စိုးပိုင်သော မိထိလာပြည်၏အနီး မင်း၏ သရက်ဥယျာဉ်မှာသာ တောထွက်တော်မူကြ၍ ဈာန်အဘိညာဏ်တရားများ အားထုတ်ရရှိကာ ဗြဟ္မာ့ပြည်သို့ ကပ်ရောက်ကြရကြောင်း လာရှိသည်။ ဤမင်းတို့၏ အကြောင်းအရာကို ထောက်ဆလျှင် ဟိမဝန္တအရောက် မသွားသော်လည်း မိမိ၏ ကိလေသကာမ ကျက်စားရာနယ်ပယ်ဌာနမှ လွတ်မြောက်အောင် တောထွက်လျှင်ပင် နေက္ခမ္မပါရမီ အောင်မြင်သည်ဟု မှတ်ယူအပ်၏။ မှန်၏.. မဃဒေဝစသော မင်းပေါင်း ရှစ်သောင်း လေးထောင်တို့သည် မိမိတို့ မွေ့လျော် စမ္ပယ်နေကြရာဖြစ်သော ထီးနန်းစည်းစိမ်တို့ကို အာလယပြတ် စွန့်ပစ်ကာ သရက်ဥယျာဉ်၌ နေခြင်းသည်ပင် နေက္ခမ္မပါရမီ ထမြောက် အောင်မြင်တော်မူကြခြင်း ဖြစ်သည်။

     သို့ဖြစ်၍ မည်သူမဆို မိမိတို့ ကိလေသကာမဖြင့် ကျက်စားရာနယ်ပယ်ကို အာလယပြတ် စွန့်ခွာပြီးလျှင် ထိုနယ်ပယ်မျိုး အသစ်ကိုလည်း မထူထောင်ပဲ ကိလေသကာမလွတ်ကင်းရာ သင့်လျော်သော တနေရာ၌ နေခြင်းသည်ပင်လျှင် နေက္ခမ္မပါရမီကို ဖြည့်ကျင့်သည်မည်၏ဟု မှတ်ယူအပ်၏။



(ဖော)

တောထွက်ခြင်း နှစ်မျိုး

     အလောင်းတော်တို့၏ တောထွက်ခြင်းသည်-

(၁) ပျိုရွယ်သူ (လူပျို) တောထွက်ခြင်း၊

(၂) လူအို (အိမ်ထောင်ရှိသူ) တောထွက်ခြင်း-

ဟူ၍ နှစ်မျိုးရှိရာ သုမေဓာပညာရှိ ဟတ္ထိပါလညီနောင် စသည်တို့မှာ မိမိတို့ ရရှိပြည့်စုံထားသော ထီးနန်းစည်းစိမ်ချမ်းသာ သူဌေးစည်းစိမ်ချမ်းသာ တည်းဟူသော ဝတ္ထုကာမတို့မှ လွတ်မြောက်ရန် တောထွက်တော်မူကြသည်ဖြစ်၍ နေက္ခမ္မပါရမီကိုဖြည့်သော ပုဂ္ဂိုလ်များဟူ၍ ဇာတ်တော်တို့၌ အထင်အရှား လာရှိသော်လည်း ထိုသူတို့သည် အိမ်ရာမထောင်ရသေးသော လုင်ပျိုများသာ ဖြစ်ကြ၏၊ လုင်ပျိုတို့မှာ ဝတ္ထု ကာမများ ရှိနေစေကာမူ ထိုဝတ္ထုကာမတို့က အတင်းအကြပ် အဖွဲ့အနှောင် ခံနေရသည်ဟူ၍ မဆိုသာပေ။ အိမ်ရာတည်ထောင်ခြင်းပြုကာ သားမယားနှင့်နေသော လူအို (အိမ်ထောင်ရှိသူ)များမှာသာ သားမယားစသော ဝတ္ထုကာမတို့က အတင်းအကြပ် အဖွဲ့အနှောင် ခံနေကြရလေသည်။

     ဤအကြောင်းကို စဉ်းစားလျှင် လုင်ပျိုများ တောထွက်ခြင်းထက် လူအို (အိမ်ထောင်ရှိသူ)များ တောထွက်ခြင်းက သာလွန်၍ ခဲယဉ်းသည်ဟု ဆိုဖွယ်ရာဖြစ်၏။ အလောင်းတော် တေမိယမင်းသားမှာ တောမထွက်ရ ထွက်ရအောင် မဆွံ့ပဲ ဆွံ့ယောင် မအ-ပဲ အ-ယောင် နားမပင်းပဲ ပင်းယောင်ဆောင်ကာ များစွာ အတိဒုက္ခခံပြီးမှ တောထွက်ရသောကြောင့် တေမိယမင်းသား၏ တောထွက်ခြင်းသည် အလွန်ခဲယဉ်းသော တောထွက်ခြင်း ဖြစ်သည်ဟု ဆိုလိုက ဆိုနိုင်မည်ဖြစ်သော်လည်း ဝတ္ထုကာမ အဖွဲ့အနှောင်ကား မရှိသေးသလောက်ပင် ဖြစ်ပေသည်။ သို့ဖြစ်၍ တောထွက်ရအောင် ကြံဆောင်ရာ၌ များစွာ အတိဒုက္ခခံရသော်လည်း တောထွက်သောအခါ ဝတ္ထုကာမ အနှောင်အဖွဲ့များ နည်းပါးသည့်အတွက် အလွန်ကြီး ခဲခက်လှသည်ဟု ဆိုဖွယ်မရှိချေ။ ထို့ကြောင့်ပင် အဋ္ဌသာလိနီအဋ္ဌကထာ၌ ဘုရားအလောင်းတော်တို့ အသီးသီး ဖြည့်ဆည်းပူးအပ်သော ပါရမီတော်တို့ကို ပြဆိုရာ နေက္ခမ္မပါရမီခဏ်းတွင် “သောမနဿမင်းသား ဖြစ်သောအခါ ဟတ္ထိပါလမင်းသား ဖြစ်သောအခါ အယောဃရမင်းသား ဖြစ်သောအခါ စသည်ဖြင့် မရေမတွက်နိုင်သော ဘဝတို့၌ နေက္ခမ္မပါရမီကို ဖြည့်ကျင့်ဆည်းပူးတော်မူ၏၊ အထူးအားဖြင့်ကား.. စူဠသုတသောမမင်း ဖြစ်သောအခါ တောထွက်ခြင်း နေက္ခမ္မပါရမီသည် ထူးမြတ်သည်ဖြစ်၍ ပရမတ္ထပါရမီဟူ၍ ခေါ်သင့်ကြောင်း ဖွင့်ပြထားတော်မူသည်။



(ဖော်)

     ဤသို့ စူဠသုတသောမမင်း၏ တောထွက်ခြင်းကိုသာ ပရမတ္ထ နေက္ခမ္မပါရမီဟု အဋ္ဌသာလိနီအဋ္ဌကထာ၌ ပြဆိုခြင်းမှာ စူဠသုတသောမမင်းသည် သားမယား အမိအဖမှစ၍ ထီးနန်းစည်းစိမ် တည်းဟူသော ဝတ္ထုကာမတို့ အကြီးအကျယ် အတင်းအကြပ် နှောင်ဖွဲ့နေရာမှ အလွတ် ထွက်မြောက်ရခြင်းကို ရည်ရွယ်လျက် ပရမတ္ထပါရမီဟူ၍ ပြဆိုခြင်းဖြစ်သည်ဟု ယူဖွယ်ရှိ၏။ သောမနဿမင်းသား အယောဃရမင်းသား ဟတ္ထိပါလမင်းသား တေမိယမင်းသားတို့မှာ လုင်ပျိုများသာ ဖြစ်ကြသည်။ ထိုလုင်ပျိုများ တောထွက်ခြင်းထက် လူအိုဖြစ်သော မဟာဇနကမင်း၏ တောထွက်ခြင်းက သာလွန်၍ ခဲယဉ်းသည်ဟု ဆိုသင့်ပေ၏။ သို့သော်လည်း မိဖုရား မောင်းမမိဿံတို့ မသိရအောင် ရဟန်းပြု၍ တောထွက်သွားသောအခါမှ မိဖုရားများ နောက်ကလိုက်၍ အတင်းအကြပ် တားမြစ်နှောင်ဖွဲ့ကြခြင်း ဖြစ်လေသည်၊ ရဟန်းပြုမည်ကို မပြုရအောင် တောထွက်မည်ကို မထွက်ရအောင် ကြိုတင်တားဆီး နှောင်ဖွဲ့နိုင်ကြခြင်း မဟုတ်ချေ။

     မဃဒေဝစသော မင်းပေါင်း ရှစ်သောင်းလေးထောင်တို့မှာ တောထွက်ခါနီးတွင် သားမယားစသည်တို့အား အထင်အရှား ပြောကြားတော်မူကြ၏။ ပြောကြားသဖြင့် ထိုသားမယား စသည်တို့က အထူးထူး တောင်းပန် နှောင်ဖွဲ့ကြသော်လည်း အနှောင်အဖွဲ့မခံပဲ တောထွက်တော်မူကြသည်။ သို့ရာတွင် တောက ခရီးဝေးလှသည်မဟုတ်၊ မိမိတို့ပိုင် သရက်တော ဥယျာဉ်မှာသာဖြစ်၍ နေပေသည်။ စူဠသုတသောမမင်းကား မိမိဦးခေါင်းတွင် ဆံဖြူတပင်ပေါက်သည်ကို မြင်လျှင်ပင် တရားရ၍ တောထွက်မည့်အကြောင်းကို ပရိသတ် ဗိုလ်ပုံအလယ်မှာ ပြောကြားရာ သားမယား မယ်တော် ခမည်းတော် ဗိုလ်ပါအပေါင်းတို့က များစွာ ငိုကြွေးတောင်းပန်ကြသော်လည်း ထိုတောင်းပန်မှုကို လျစ်လျူရှုကာ ဟိမဝန္တာအရောက် ဝေးကွာစွာ တောထွက်တော်မူခြင်း ဖြစ်လေသည်။ သို့ဖြစ်၍ စူဠသုတသောမမင်း၏ တောထွက်ခြင်းသည် မဃဒေဝမင်း စသည်တို့၏ တောထွက်ခြင်းထက် ပိုမိုထက်မြက်သည်ဟု ဆိုနိုင်လေသည်။ ထိုအကြောင်းတို့ကြောင့် နေက္ခမ္မပါရမီအရာမှာ စူဠသုတသောမမင်း၏ ပါရမီကို ပရမတ္ထပါရမီဟူ၍ အဋ္ဌကထာဆရာ ဖွင့်ပြတော်မူခြင်း ဖြစ်သည်။

ငယ်ပြု (ငယ်ဖြူ)နှင့် တောထွက်

     ဤသို့ ကျမ်းဂန်များမှာ လုင်ပျိုများ၏ တောထွက်ခြင်းကို နေက္ခမ္မပါရမီဖြစ်ကြောင်း လာရှိသော်လည်း လူအို (အိမ်ထောင်ရှိသူ)များ၏ တောထွက်ခြင်းလောက် အကြပ်အတည်း အခက်အခဲမရှိဟု ဆိုသင့်သောကြောင့်၎င်း ဘုရားဖြစ်တော်မူရသည့် နောက်ဆုံးဘဝ၌ ဘုရားအလောင်းတော်တို့သည်



(ဖံ)

မည်သည့်ဘုရားအလောင်းမျှ လုင်ပျိုအဖြစ်ဖြင့် တောမထွက်ကြပဲ သားတယောက် ဖွားမြောက်ရရှိမှသာ တောထွက်တော်မူကြသည် တကြောင်းတို့ကြောင့်- ယခုကာလမှာ ငယ်စဉ် သာမဏေအဖြစ်မှ အစဉ်သဖြင့် ရဟန်းအဖြစ်သို့ ရောက်ကြသော ရဟန်းတော်များကို (ငယ်ပြု-ဟု ဆိုလိုလျက်) ငယ်ဖြူဟူ၍ ခေါ်ဝေါ်ကြသည်။ အိမ်ထောင်ရှိသူ လူအိုများ သားမယားကို စွန့်ပစ်၍ ရဟန်းပြုသည်ကိုမူ ပါဠိလို နိက္ခမ= မြန်မာလို တောထွက် ကိုယ်တော်ကြီးဟူ၍ ခေါ်စမှတ်ပြုကြလေသတည်း။

နေက္ခမ္မပါရမီခဏ်း ပြီး၏။

**********