မဟာဗုဒ္ဓဝင်/အနုဒီပနီ မာတိကာ

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
အနုဒီပနီ မာတိကာ

(က)

မဟာဗုဒ္ဓဝင်ဒုတိယတွဲ

အနုဒီပနီ

**********

နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ


အခဏ်း (၁)၊ စာမျက်နှာ (၃)

ကောလာဟလ ငါးပါးအကြောင်း

     ကောလာဟလဟူသည် အုတ်အုတ်ကျက်ကျက် “ဤသို့ ဖြစ်တော့မည်တဲ့”ဟု မဖြစ်မီက ကြိုတင်၍ သတင်းစကား တဦး နှစ်ဦးကစ၍ အများအပြား စုပေါင်းကာ စကားတူ အသံတူ ရုတ်ရုတ်ရက်ရက် ပြောဆိုကြခြင်းမျိုးကို ဆိုလိုသည်။

     ဤအရာတွင် နောက်နောင်အခါ အမှန်မုချ ဖြစ်ပေါ်လာမည်ကို မဖြစ်ပေါ်မီ ဝေးလံစွာသော အချိန်ကာလက ကြိုတင်၍ ရှေ့ပြေးနိမိတ်အနေဖြင့် လူအများ စုရုံးကာ အုတ်အုတ်ကျက်ကျက် ပြောဆိုကြခြင်းမျိုးကိုသာ “ကောလာဟလ”ဟူ၍ ဆိုလို သည်၊ ထိုထိုမြို့ရွာ စသည်တို့၌ ရောက်တတ်ရာရာ အမှန်လည်း မဖြစ်လာနိုင်ပါပဲလျက် “စကြာမင်း ပေါ်တော့မည်တဲ့” အစရှိသည်ဖြင့် အုတ်အုတ်ကျက်ကျက် ရုတ်ရုတ်ရက်ရက် ပြောဆိုကြခြင်းမျိုးကို ဆိုလိုသည်မဟုတ်။

     လောက၌ ကြိုတင်၍ နိမိတ်ရှေ့ပြေးအနေဖြင့် ထိုအုတ်အုတ် ကျက်ကျက်ဖြစ်ခြင်း ကောလာဟလသည်-

(၁) ကပ္ပကောလာဟလ,

(၂) စက္ကဝတ္တိကောလာဟလ,

(၃) ဗုဒ္ဓကောလာဟလ,

(၄) မင်္ဂလကောလာဟလ,

(၅) မောနေယျကောလာဟလ-

ဟူ၍ ငါးမျိုးရှိ၏။ ထိုငါးမျိုးတို့တွင်-



(ကာ)

(၁) ကပ္ပကောလာဟလ

     ကမ္ဘာကြီး ပျက်တော့မည်ဟု အုတ်အုတ်ကျက်ကျက် ဖြစ်ခြင်းကို ကပ္ပကောလာဟလဟူ၍ ခေါ်ဆို၏။ ကမ္ဘာပျက်လုနီးလာသောအခါ မပျက်မီ နှစ်ပေါင်းတသိန်းက ကြိုတင်၍ လောကဗျူဟာ အမည်ရှိသော ကာမာဝစရနတ်တို့သည် နီမြန်းသောအဝတ်တို့ကို ဝတ်ဆင်ကြပြီးလျှင် ဆံပင်ကို ဖားရရားချကုန်၍ ငိုယိုသောမျက်နှာမှ မျက်ရည်တို့ကို သုတ်ကာ သုတ်ကာ အလွန်မသက်သာသော အသွင်အပြင် အခြင်းအရာတို့ဖြင့် လူတို့သွားလာရာ ခရီးလမ်းတို့၌ လှည့်လည်ကြကုန်လျက်-

အချင်းတို့.. ဤနှစ်မှစ၍ နောက် အနှစ်တသိန်းလွန်သော အခါ၌ ဤကမ္ဘာလောကကြီးသည် ပျက်စီးပေတော့မည်။ မဟာသမုဒြာသည်လည်း ခန်းခြောက်တော့မည်၊ မဟာပထဝီမြေကြီးသည်၎င်း, မြင်းမိုရ်တောင်မင်းသည်၎င်း ဤအလုံးစုံတို့သည် (မီးဖျက်မည့် ကမ္ဘာဖြစ်လျှင်) မီးလောင်၍ ပျက်စီးကုန်လိမ့်မည်၊ (ရေဖျက်မည့် ကမ္ဘာဖြစ်လျှင်) ရေလွှမ်းမိုး၍ ပျက်စီးကုန်လိမ့်မည်၊ (လေဖျက်မည့် ကမ္ဘာဖြစ်လျှင်) လေပြင်း လေကြမ်းတိုက်ခတ်၍ ပျက်စီးကုန်လိမ့်မည်၊ မြင်းမိုရ်သမုဒြာတို့၏တည်ရာ ဤမဟာပထဝီ မြေကြီးမှသည် ဗြဟ္မာ့ပြည်တိုင်အောင် ဤကမ္ဘာလောကကြီး ပျက်စီးလိမ့်မည်။ အိုအချင်းတို့.. သင်တို့သည် မေတ္တာတရားကို ပွါးများကြကုန်လော့၊ ကရုဏာတရားကို ပွါးများကြကုန်လော့၊ မုဒိတာတရားကို ပွါးများကြကုန်လော့၊ ဥပေက္ခာဗြဟ္မစိုရ်တရားကို ပွါးများကြကုန်လော့၊ အမိအဖတို့ကို ရိုသေစွာ ပြုစုလုပ်ကျွေးကြကုန်လော့၊ သက်ကြီးသူအို ရိုသေထိုက်သူကို ရိုသေကြကုန်လော့၊ ကုသိုလ်ကောင်းမှုတို့၌ အစဉ်နိုးကြားကြကုန်လော့၊ မမေ့မလျော့ကြကုန်လင့်-

ဟူ၍ အနှံ့အပြား လူအပေါင်းတို့ ကြားသိလောက်အောင် ကြွေးကြော်ကြကုန်၏၊ ဤသို့ ကြွေးကြော်ကြသည်ကို အကြောင်းအစပြု၍ “ကမ္ဘာကြီး ပျက်တော့မည်တဲ့.. ကမ္ဘာကြီး ပျက်တော့မည်တဲ့”ဟူ၍ လူအများ စုရုံးကာ နေရာအနှံ့အပြား၌ အုတ်အုတ်ကျက်ကျက် ပြောဆိုကြခြင်းကို “ကပ္ပကောလာဟလ”ဟူ၍ ခေါ်ဆို၏။

(၂) စက္ကဝတ္တိကောလာဟလ

     လူ့ပြည်လောက၌ အရံကျွန်းငယ် နှစ်ထောင်နှင့်တကွ ကျွန်းကြီးလေးကျွန်း လူ့ပြည်တဝှန်းလုံးကို သိမ်းကျုံးအစိုးရသော “စကြဝတေးမင်း ဖြစ်ပေါ်လာတော့မည်တဲ့”ဟု လူအပေါင်းတို့ အုတ်အုတ်ကျက်ကျက် ဖြစ်ခြင်းကို



(ကိ)

စက္ကဝတ္တိကောလာဟလဟူ၍ ခေါ်ဆို၏။ လူ့ပြည်လောက၌ စကြဝတေးမင်း ဖြစ်ပေါ်လာတော့မည်ကို ကြိုတင်သိရှိကြကုန်သော လောကပါလ ကာမာဝစရနတ်တို့သည် စကြဝတေးမင်း မဖြစ်ပေါ်မီ နှစ်ပေါင်း တရာက ကြိုတင်၍ လူတို့သွားလာရာ ခရီးလမ်းမတို့၌ လှည့်လည်ကြကုန်လျက်-

အချင်းတို့.. ဤနေ့မှနောက် နှစ်ပေါင်းတရာ စေ့ရောက်သောအခါ ဤလူ့ပြည်လောက၌ စကြဝတေးမင်း ဖြစ်ထွန်း ပေါ်ပေါက်လာလိမ့်မည်–

ဟူ၍ အနှံ့အပြား လူအပေါင်းတို့ ကြားသိလောက်အောင် ကြွေးကြော်ကြကုန်၏၊ ဤသို့ ကြွေးကြော်ကြသည်ကို အကြောင်းအစပြု၍ “စကြဝတေးမင်း ပေါ်တော့မည်တဲ့.. စကြဝတေးမင်း ပေါ်တော့မည်တဲ့”ဟူ၍ လူအများစုရုံးကာ နေရာအနှံ့အပြား၌ အုတ်အုတ်ကျက်ကျက် ပြောဆိုကြခြင်းကို “စက္ကဝတ္တိကောလာဟလ”ဟူ၍ ခေါ်ဆို၏။

(၃) ဗုဒ္ဓကောလာဟလ

     လူ့ပြည်လောက၌ “ဘုရားပွင့်တော်မူတော့မည်တဲ့”ဟု လူအပေါင်းတို့ အုတ်အုတ်ကျက်ကျက် ဖြစ်ခြင်းကို ဗုဒ္ဓကောလာဟလဟူ၍ ခေါ်ဆို၏။ လူ့ပြည်လောက၌ သဗ္ဗညုမြတ်စွာဘုရား ပွင့်ထွန်းတော်မူလာတော့မည်ကို ကြိုတင်သိရှိကြကုန်သော သုဒ္ဓါဝါသ ဗြဟ္မာကြီးတို့သည် ကိုယ်၌ ဗြဟ္မာတို့၏အဝတ်အစား အဆင်တန်ဆာတို့ကို ဝတ်ဆင်ကြကုန်၍ ဦးခေါင်း၌ ဗြဟ္မာတို့၏ မကိုဋ်သရဖူကို ဆောင်းကြကုန်ပြီးလျှင် ကြည်လင်ရွှင်လန်း ဝမ်းမြောက်သော စိတ်ရှိကြလျက် ဘုရားမပွင့်မီ နှစ်ပေါင်းတထောင်ကပင် ကြိုတင်၍ လူတို့သွားလာရာ ခရီးလမ်းမတို့၌ လှည့်လည်ကြကုန်လျက်-

အချင်းတို့.. ယနေ့မှနောက် နှစ်ပေါင်းတထောင် စေ့ရောက်သောအခါ ဤလူ့ပြည်လောက၌ သဗ္ဗညုမြတ်စွာဘုရား ထင်ရှား ပွင့်ပေါ်တော်မူလိမ့်မည်-

ဟူ၍ အနှံ့အပြား လူအပေါင်းတို့ ကြားသိလောက်အောင် ကြွေးကြော်ကြကုန်၏၊ ဤသို့ ကြွေးကြော်ကြသည်ကို အကြောင်းအစပြု၍ “မြတ်စွာဘုရား ပွင့်တော်မူတော့မည်တဲ့.. မြတ်စွာဘုရား ပွင့်တော်မူတော့မည်တဲ့”ဟူ၍ လူအများစုရုံးကာ နေရာအနှံ့အပြား၌ အုတ်အုတ်ကျက်ကျက် ပြောဆိုကြခြင်းကို “ဗုဒ္ဓကောလာဟလ”ဟူ၍ ခေါ်ဆို၏။

(ဤဗုဒ္ဓကောလာဟလ အရာ၌ “ဘုရားမပွင့်မီ အနှစ်တထောင်က ကြိုတင်၍ ဗုဒ္ဓကောလာဟလ ဖြစ်ပေါ်လာ၏”ဟူသော စကားကို



(ကီ)

ပွင့်တော်မူလတံ့သော ဘုရားရှင်တို့၏ အသက်တမ်း ခေတ်အားလျော်စွာသာလျှင် မိန့်ဆိုသောစကားဟူ၍ မှတ်သားရာ၏၊ ပွင့်တော်မူကြမည့် ဘုရားရှင်ဟူသမျှအတွက် အသက်တမ်းခေတ်ကို မငဲ့ပဲ မိန့်ဆိုသော သာမညစကားဟူ၍ မမှတ်သားရာ။ အကြောင်းကိုဆိုသော်.. အသက်တမ်းရှည်သောခေတ်၌ ပွင့်တော်မူကြသည့် ဒီပင်္ကရမင်းသား, ကောဏ္ဍညမင်းသား, မင်္ဂလမင်းသား- စသည်တို့မှာ ဘုရားဖြစ်ရန် လူ့ပြည်သို့ သက်ဆင်း၍ လူအဖြစ်ဖြင့် မင်း၏စည်းစိမ်ချမ်းသာကို နှစ်ပေါင်း တသောင်းခန့် ကိုးထောင်ခန့် စသည် ကြာမြင့်အောင်ခံစံပြီးမှ တောထွက်၍ ဒုက္ကရစရိယာ ကျင့်တော်မူကြကာ ဘုရားဖြစ်တော်မူကြကုန်၏။ ဗုဒ္ဓကောလာဟလမှာလည်း အစဦးစွာ နတ်ပြည်၌ဖြစ်ပေါ်ပြီးမှ ထိုကောလာဟလအရ စကြဝဠာတိုက်တသောင်းရှိ နတ်ဗြဟ္မာအပေါင်းတို့ အလောင်းတော်နတ်သားထံ ချဉ်းကပ်တောင်းပန်ကြမြဲဖြစ်၏။ ထိုသို့ တောင်းပန်၍ အလောင်းတော်နတ်သား၏ ဝန်ခံချက်ကို ရမှသာ သုဒ္ဓါဝါသဗြဟ္မာကြီးတို့ လူ့ပြည်လောက၌ လှည့်လည်၍ ကြွေးကြော်ကြခြင်းဖြစ်၏၊ သို့ရကား ဗုဒ္ဓကောလာဟလ လူ့ပြည်လောက၌ ဖြစ်ပေါ်ပြီးသည့်နောက် နှစ်ပေါင်း တထောင်မက ငါးထောင်မက နှစ်ပေါင်း တသောင်းခန့် ကိုးထောင်ခန့် ကြာမြင့်ပြီးမှ သက်တော်ရှည် မြတ်စွာဘုရားတို့ ပွင့်တော်မူကြသဖြင့် “ဗုဒ္ဓကောလာဟလအတွက် အနှစ်တထောင်” ဆိုသောစကားကို ဘုရားရှင်တိုင်းအတွက် မိန့်ဆိုသောစကားဟူ၍ မမှတ်ယူပဲ ဂေါတမ မြတ်စွာဘုရားကဲ့သို့ သက်တမ်းတိုတော်မူကြသော ဘုရားရှင်တို့အတွက်သာ မိန့်ဆိုသောစကားဟူ၍ မှတ်သင့်ပေ၏။)

(၄) မင်္ဂလကောလာဟလ

     မင်္ဂလာတရား၏ သဘောသွား အနက်အဓိပ္ပါယ်ကို အတိအကျ အမှန်အတိုင်း မဆုံးဖြတ်နိုင်ကြပဲလျက် သူတမျိုး ငါတမျိုး လူအများစုရုံးကာ ဤအရာကို မင်္ဂလာတရားခေါ်၏၊ ဤအရာကို မင်္ဂလာတရားခေါ်၏ဟူ၍ မိမိတို့ ထင်မြင်ရာကို မင်္ဂလာတရားဟု အသီးသီး ပြောကြားကြကာ “မင်္ဂလာတရားဟူသည် ဤအရာတဲ့”ဟူ၍ အုတ်အုတ်ကျက်ကျက် ဖြစ်ခြင်းကို မင်္ဂလကောလာဟလဟူ၍ ခေါ်ဆို၏၊ ဤလူ့ပြည်လောက၌ မင်္ဂလာတရားတော်ကို မြတ်စွာဘုရား ဟောကြားတော်မူလိမ့်မည်ကို ကြိုတင် သိရှိကြကုန်သော သုဒ္ဓါဝါသ ဗြဟ္မာကြီးတို့သည် မင်္ဂလာတရားကို လိုလားတောင့်တကြသည့် လူတို့၏ စိတ်အကြံကို သိကြကုန် သဖြင့် မင်္ဂလာတရားကို မြတ်စွာဘုရား မဟောကြားမီ တဆယ့်နှစ်နှစ်ကပင် ကြိုတင်၍ လူတို့သွားလာရာ ခရီးလမ်းမတို့၌ လှည့်လည်ကြကုန်လျက်-



(ကု)

အချင်းတို့ ယနေ့မှနောက် တဆယ့်နှစ်နှစ် စေ့ရောက်သောအခါ မင်္ဂလာတရားကို မြတ်စွာဘုရား ဟောကြားတော်မူလိမ့်မည်-

ဟူ၍ အနှံ့အပြား လူအပေါင်းတို့ ကြားသိလောက်အောင် ကြွေးကြော်ကြကုန်၏၊ ဤသို့ ကြွေးကြော်ကြသည်ကို အကြောင်းအစပြု၍ မင်္ဂလာတရားနှင့်စပ်၍ လူအများ စုရုံးကာ နေရာအနှံ့အပြား၌ အုတ်အုတ် ကျက်ကျက် ပြောဆိုကြခြင်းကို “မင်္ဂလကောလာဟလ”ဟူ၍ ခေါ်ဆို၏။

(၅) မောနေယျကောလာဟလ

     မောနေယျ အကျင့်ပဋိပတ်နှင့်စပ်၍ အုတ်အုတ်ကျက်ကျက် ဖြစ်ခြင်းကို မောနေယျကောလာဟလဟူ၍ ခေါ်ဆို၏။ (ဤမောနေယျအကျင့် ပဋိပတ်အကြောင်းအရာ အကျယ်ဝိတ္ထာရကို သံဃရတနာ ထေရာဝင်ကျမ်း နာဋကမထေရ်၏ အပိုင်းအခဏ်း၌ အကျယ်ရေးသား ဖော်ပြထားသည်။) လူ့ပြည်လောက၌ ရဟန်းတပါးသည် မြက်စွာဘုရား အထံတော်သို့ ချဉ်းကပ်၍ မောနေယျအကျင့်ပဋိပတ်ကို မေးလျှောက်လိမ့်မည်ဟု ကြိုတင်သိရှိကြကုန်သော သုဒ္ဓါဝါသဗြဟ္မာကြီးတို့သည် မဟောမီ ခုနစ်နှစ်ကပင် ကြိုတင်၍ ရှေးနည်းအတူ လူတို့သွားလာရာ ခရီးလမ်းမတို့၌ လှည့်လည်ကြကုန်လျက်-

အချင်းတို့ ယနေ့မှနောက် ခုနစ်နှစ် စေ့ရောက်သောအခါ ရဟန်းတော်တပါး မြတ်စွာဘုရားထံ ချဉ်းကပ်၍ မောနေယျအကျင့် ပဋိပတ်ကို မေးလျှောက်လိမ့်မည်–

ဟူ၍ အနှံ့အပြား လူအပေါင်းတို့ ကြားသိလောက်အောင် ကြွေးကြော်ကြကုန်၏၊ ဤသို့ ကြွေးကြော်ကြသည်ကို အကြောင်းအစပြု၍ မောနေယျအကျင့် ပဋိပတ်ဟူသော စကားကို လူအများ စုရုံးကာ နေရာအနှံ့အပြား၌ အုတ်အုတ်ကျက်ကျက် ပြောဆိုကြခြင်းကို “မောနေယျကောလာဟလ”ဟူ၍ ခေါ်ဆို၏။

     ဤကား ကောလာဟလ ငါးမျိုးတို့တည်း၊ ဤကောလာဟလများ အကြောင်းကို ဗုဒ္ဓဝင်အဋ္ဌကထာ ဇာတကအဋ္ဌကထာ ကောသလသံယုတ်အဋ္ဌကထာ ခုဒ္ဒကပါဌအဋ္ဌကထာ သုတ္တနိပါတအဋ္ဌကထာ ဇိနာလင်္ကာရဋီကာတို့၌ ဖွင့်ဆိုအပ်၏။

ကောလာဟလငါးပါးအကြောင်း ပြီး၏။



(ကူ)

အခဏ်း(၁)၊ စာမျက်နှာ (၄)

နတ်တို့စုတေခါနီး၌ ထင်လာသော ပုဗ္ဗနိမိတ်ငါးပါး

ပုဗ္ဗနိမိတ် ငါးပါးတို့ဟူသည်မှာ-

(၁) နတ်ပန်းတို့ ညှိုးနွမ်းခြင်း၊

(၂) နတ်ဝတ်တန်းဆာတို့ ညစ်နွမ်းခြင်း၊

(၃) လက်ကတီးကြား (= ချိုင်းကြား)တို့မှ ချွေးယိုခြင်း၊

(၄) ရုပ်ရည်အဆင်း ဖောက်ပြန်ခြင်း၊

(၅) မိမိနေရာ နတ်ဘုံဗိမာန်၌ မမွေ့လျော် မပျော်ပိုက်ခြင်း-

ဤငါးမျိုးတို့ပင်တည်း။ ထိုငါးမျိုးတို့တွင်..

     (၁) နတ်ပန်းတို့ ညှိုးနွမ်းခြင်း ဟူသည်ကား.. ထိုနတ်ဘဝ ပဋိသန္ဓေယူသောနေ့ (နတ်ဖြစ်သောနေ့)၌ အဆင်တန်းဆာ ဖြစ်လာခဲ့ကုန်သော နတ်ပန်းတို့ ညှိုးနွမ်းလာရခြင်းကို ဆိုလိုသည်။ ထိုနတ်ပန်းတို့သည် နတ်ဘဝကို ရသည်နှင့်တပြိုင်နက် ထိုနတ်တို့၏ကိုယ်၌ အသင့်ဖြစ်ပေါ် ပါရှိလာကြပြီးလျှင် နတ်သက်တမ်းတလျှောက်လုံး နတ်တဘဝလုံးတွင် မည်သည့်အခါမှာမှ မညှိုးနွမ်းခဲ့ပဲ အမြဲအစဉ်ပင် လန်းဆန်း လတ်ဆတ်ခဲ့၍ ထိုနတ်ဘဝက စုတေခါနီးကာလ လူတို့၏ အရေအတွက်အားဖြင့် ခုနစ်ရက်သာ အသက်ကြွင်းကျန်တော့သည့်အခါမှာ ညှိုးနွမ်းလာကုန်သည်။ (အလောင်းတော် သေတကေတု နတ်သားမှာလည်း တုသိတာနတ်များ အသက်တမ်း တလျှောက်လုံး (လူတို့ အရေအတွက်အားဖြင့် နှစ်ပေါင်း ငါးဆယ့်ခုနစ်ကုဋေ ခြောက်သန်း ကာလပတ်လုံး) ထိုနတ်ပန်းများ တရံတခါမျှ မညှိုးနွမ်းခဲ့ဘူးပဲ ထိုနတ်ဘဝက စုတေခါနီး လူတို့အရေအတွက် ခုနစ်ရက်အလိုမှာ ညှိုးနွမ်းလာကြသည်။)

     (၂) နတ်ဝတ်တန်းဆာတို့ ညစ်နွမ်းခြင်းဟု ဆိုရာ၌လည်း ရှေးနည်းအတိုင်းပင် နတ်သက်တမ်း တလျှောက်လုံး နတ်တဘဝလုံးတွင် မည်သည့်အခါမှာမှ နတ်ဝတ်တန်းဆာများ မညစ်နွမ်းခဲ့ပဲ စုတေခါနီး ခုနစ်ရက် အလိုမှာမှ ထိတ်လန့်ဖွယ်ရာ ညစ်နွမ်းလာကြသည်။

     (၃) လက်ကတီးကြား (= ချိုင်းကြား)တို့မှ ချွေးယိုခြင်းဟု ဆိုရာ၌ ထိုနတ်ပြည်ဝယ် လူ့ပြည်မှာကဲ့သို့ ဥတုဖောက်ပြန် ပြင်းထန်သော ပူအိုက်ခြင်း ချမ်းအေးခြင်း အလျှင်းမရှိခဲ့ဘူးသော်လည်း စုတေခါနီး ခုနစ်ရက် အလိုမှာမှ ကိုယ်အင်္ဂါအစိတ်အပိုင်း (အထူးသဖြင့် ချိုင်းကြား)တို့မှ ချွေးလုံးချွေးပေါက်များ ယိုစီးကျဆင်းလာကြသည်။



(ကေ)

     (၄) ရုပ်ရည်အဆင်း ဖောက်ပြန်ခြင်းဟု ဆိုရာမှာလည်း ထိုနတ်တို့အား မိမိတို့၏ နတ်သက်တမ်း တလျှောက်လုံး နတ်တဘဝလုံးတွင် တရံတခါမျှ သွားကျိုးခြင်း ဆံဖြူခြင်း အရေတွန့်လိပ်ခြင်းစသော အိုမင်းရင့်ရော်ဟန် ဖောက်ပြန်ချွတ်ယွင်း အဆင်းယုတ်လျော့မှု တစုံတရာ မဖြစ်လာ မထင်လာခဲ့ဘူးပဲ အမြဲအားဖြင့် နတ်သမီးတို့မှာ အသက် တဆယ့်ခြောက်နှစ်အရွယ် နတ်သားတို့မှာ အသက်နှစ်ဆယ်အရွယ် ပမာဏ၌သာ တည်နေကြကုန်သည်၊ ဤသို့ နတ်သား နတ်သမီးတို့မှာ ကြီးစွာသော ကုသိုလ်ကောင်းမှုကြောင့် ရှုချင်စဖွယ် နုနယ်ပျိုမျစ်၍ အသစ်စက်စက် တလက်လက် တဝင်းဝင်း အဆင်းအရောင် တောက်ပြောင် လှပနေကြသည်ဖြစ်လျက် နတ်သက်လျှောကြွေ စုတေခါနီးအချိန်သို့ ရောက်သောအခါ သွေ့ခြောက်ညစ်နွမ်းလျက် ပင်ပန်းညှိုးလျသော ကိုယ်အတ္တဘောအနေဖြင့် ရုပ်ရည်အဆင်း ဖောက်ပြန်ခြင်းဖြစ်၍ လာရလေသည်။

     (၅) မိမိနေရာ နတ်ဘုံဗိမာန်၌ မမွေ့လျော် မပျော်ပိုက်ခြင်းဟု ဆိုရာမှာလည်း ထိုနတ်တို့သည် နတ်သက်တမ်း တလျှောက်လုံး နတ်တဘဝလုံးတွင် မိမိတို့ နတ်ဘုံဗိမာန်၌ မမွေ့လျော် မနှစ်ခြိုက် မပျော်ပိုက်ခြင်း အလျှင်းမရှိခဲ့ဘူးပဲ စုတေလုနီးခါမှ မိမိတို့နေရာ နတ်ဘုံဗိမာန်၌ မမွေ့လျော် မနှစ်ခြိုက် မပျော်ပိုက်နိုင်ခြင်း ဖြစ်ပေါ်လာရလေသည်။

ပုဗ္ဗနိမိတ်ငါးပါး နတ်တိုင်းလည်း မဖြစ်

     ဤဆိုအပ်ပြီးသောအတိုင်း စုတေခါနီးဝယ် ပုဗ္ဗနိမိတ်ငါးမျိုးတို့ ဖြစ်ပေါ်လာကြသည် ဆိုသော်လည်း နတ်တိုင်း နတ်တိုင်းမှာပင် ဖြစ်သည်ဟူ၍ မမှတ်ယူရ၊ လူ့ပြည်လောက၌ ဘုန်းတန်ခိုးကြီးမားကြသော မင်း မှူးမတ် စသည်တို့အတွက်သာလျှင် စုတေခါနီး၌ ဥက္ကာကျခြင်း, မြေလှုပ်ခြင်း, လ-နေကြတ်ခြင်းစသော နိမိတ်တို့ ဖြစ်ပေါ်ကုန်သကဲ့သို့ ထို့အတူ နတ်ပြည်၌လည်း တန်ခိုးဘုန်းကံ ထက်သန်ကြီးမားသော နတ်သား နတ်သမီးတို့မှာသာလျှင် ဤပုဗ္ဗနိမိတ်ငါးမျိုးတို့ ဖြစ်ပေါ်ကြသည်။ တန်ခိုးဘုန်းကံ သေးငယ်သော နတ်တို့မှာကား ဤနိမိတ်ငါးပါးတို့ မဖြစ်ပေါ်ကြချေ။

     ထိုသို့ ဖြစ်ပေါ်လာသော ပုဗ္ဗနိမိတ်ငါးပါးတို့၏ အကျိုးအပြစ်များကိုလည်း လူ့ပြည်၌ ပုဗ္ဗနိမိတ်တို့၏ အကျိုးအပြစ်များကို နိမိတ်ဖတ်ဆရာ ပညာရှိတို့သာ သိကြသကဲ့သို့ ပညာရှိသော နတ်တို့သာလျှင် သိကြကုန်၏၊ ပညာမရှိသော နတ်တို့ မသိကြကုန်။

     ထိုသို့ စုတေရန် ပုဗ္ဗနိမိတ်များ ထင်လာသောအခါ ကုသိုလ်အား နည်းပါးကြသော နတ်တို့သည် “ယခု ဘယ်ဘုံမှာ ဖြစ်လိမ့်မည်ဟု ဘယ်သူသိအံ့နည်း”ဟု ပြင်းထန်စွာ ကြောက်ရွံ့ တုန်လှုပ်ကြကုန်၏။ ကုသိုလ်အား ကြီးမားကြသော



(ကဲ)

နတ်တို့သည်ကား “ငါတို့သည် ပေးလှူခဲ့သောအလှူဒါန စောင့်ရှောက်ခဲ့သော ဥပုသ်သီလ ပွါးများခဲ့သော ဘာဝနာကောင်းမှု ကုသိုလ်ကို အကြောင်းပြု၍ အထက်နတ်ပြည်တို့၌ စည်းစိမ်ကို ခံစားကြရကုန်လတံ့”ဟု အောက်မေ့ကြကာ ကြောက်ရွံ့ခြင်း အလျှင်းမရှိကြကုန်။ (သုတ်မဟာဝါ မဟာပဒါနသုတ် အဋ္ဌကထာ ဒီ-ဋ္ဌ ၂-၂၁-မှ)။

အခဏ်း(၁)၊ စာမျက်နှာ(၁၄)

ဒုတိယအရွယ်၌ ပဋိသန္ဓေယူခြင်းအကြောင်း

     အဘယ့်ကြောင့် ဒုတိယအရွယ်၏ တတိယအသက်ပိုင်းကျမှ အလောင်းတော်ပဋိသန္ဓေကို မယ်တော်မာယာ ယူရသနည်းဟု မေးဖွယ်ရှိ၏။ အဖြေကား.. ပဌမအရွယ်၌ တည်နေဆဲ သတ္တဝါတို့၏ ကိုယ်အတ္တဘော၌ ဆန္ဒရာဂတဏှာ ပြင်းထန် ထက်သန် အားကြီးမြဲဖြစ်သည်။ ထို့ကြောင့်ပင် ထိုပဌမအရွယ်၌ ကိုယ်ဝန် ပဋိသန္ဓေ စွဲကပ်လာသော မိန်းမတို့သည် မိမိတို့၏ ကိုယ်ဝန်ကို အန္တရာယ်ကင်းအောင် မစောင့်ရှောက်နိုင်ကြကုန်၊ မထိန်းသိမ်းနိုင်ကြကုန်သည်သာ များလှ၏။ ထို့ကြောင့် ထိုမိန်းမတို့၏ ကိုယ်ဝန်သည်လည်း ရောဂါအနာ များပြားထူပြော၏။

     မဇ္ဈိမဝယ-ဟု ခေါ်ဆိုသော ဒုတိယအရွယ် = အသက်တမ်း၏ သုံးပုံတပုံဖြစ်သော အလယ်ပိုင်းကို သုံးပိုင်းပိုင်းပြန်၍ နှစ်စိတ်နှစ်ပိုင်းကိုလွန်ကာ တတိယ အစိတ်အပိုင်းသို့ ရောက်သောအခါတွင်မူကား ထိုမိန်းမတို့၏ ဂဗ္ဘာသယခေါ် ကိုယ်ဝန်တည်ရာ သားအိမ်ဝမ်းတိုက်သည် သန့်ရှင်းစင်ကြယ်၏၊ သန့်ရှင်းစင်ကြယ်သော ဝမ်းတိုက်၌ ဖြစ်ရသော သားငယ်တို့သည် အနာရောဂါ ကင်းရှင်းကြကုန်၏။

     ပစ္ဆိမဘ၀သား ဘုရားအလောင်းတော်၏ မယ်တော်မည်သည် ပဌမအရွယ်၌ စည်းစိမ်ချမ်းသာကို ခံစားစံစား၍ မဇ္ဈိမအရွယ်၏ တတိယပိုင်း၌ အလောင်းတော်သားကို ဖွားမြင်ပြီးလျှင် စုတေရမြဲ ဓမ္မတာဖြစ်သည်။ (အလောင်းတော်ကို ဖွားမြင်ပြီးနောက် ခုနစ်ရက်မြောက်၌ မယ်တော် နတ်ရွာစံခြင်းမှာလည်း ဓမ္မတာပင် ဖြစ်ချေသည်၊ သားတော်ကို ဖွားမြင်ရခြင်းကြောင့်မဟုတ်၊ စင်စစ်သော်ကား အလောင်းတော်နတ်သား၏ ကြည့်ခြင်းကြီးငါးပါး အခဏ်းတွင် မယ်တော်၏အသက်ပိုင်းကို ကြည့်ရှုရာ၌ အလောင်းတော် ပဋိသန္ဓေ တည်နေသည်မှနောက် ဆယ်လနှင့် ခုနစ်ရက် မယ်တော်အသက်ကြွင်းရှိသည်ကို မြင်မှသာ အလောင်းတော်နတ်သားသည် စုတေမြဲ ဖြစ်သည်။ ဤအကြောင်းအရာကို ဆင်ခြင်သောအားဖြင့် အလောင်းတော် ပဋိသန္ဓေ မနေမီကပင် မယ်တော်၏ အသက်ကြွင်း ဆယ်လနှင့် ခုနစ်ရက်သာ ရှိတော့သည်ကို သတိပြု၍



(ကော)

အလောင်းတော်ကို ဖွားမြင်ရခြင်းကြောင့် မယ်တော် နတ်ရွာစံခြင်းမဟုတ်၊ အချိန်စေ့ရောက်၍သာ မယ်တော် နတ်ရွာစံခြင်း ဖြစ်သည်ဟု ယုံမှားမရှိ မှတ်ယူရာ၏)။ (ဒီ-ဋ္ဌ ၂-၂၉-စသည်)။

အခဏ်း (၁)၊ စာမျက်နှာ (၃၂)

     မဟာမာယာဒေဝီ မိဖုရားကို ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်သို့ ပို့ဆောင်သော အခဏ်း၌-

(ဒေ၀ဒဟပြည်နှင့် ကပိလဝတ်၏အကြား ငါးယူဇနာရှိသော အရပ်ကို ခတ်အပ်သောတလင်းအသွင် သန့်စင်စွာ ညီညွတ်စေ၍)-

ဟု ဇိနတ္ထပကာသနီကျမ်း၌ ရေးသား၏။

တထာဂတဥဒါနဒီပနီကျမ်း၌ကား (ကပိလဝတ်ပြည်မှ ဒေ၀ဒဟပြည်တိုင် ယူဇနာ သုံးဆယ်ရှိသော ခရီးကို ညီညွတ်လှအောင် တူးဆွချဲ့ထွင် ဖို့ပြင်စေ၍)-

ဟု ရေးသား၏၊ ရေးသားပုံချင်း မတူကြ။

     ဤ မဟာဗုဒ္ဓဝင်ကျမ်း၌ကား ဗုဒ္ဓဝင်အဋ္ဌကထာ ဇာတ်အဋ္ဌကထာတို့၌ ခရီးအဝေးအကွာကို မဖွင့်ဆိုပဲ ကပိလဝတ်ပြည်မှ ဒေဝဒဟပြည်တိုင်အောင် ခရီးလမ်းကို ညီညွတ်အောင် ပြုပြင်စေကြောင်း သာမညသာ ဖွင့်ဆိုသဖြင့် ထိုအဋ္ဌကထာတို့ ဖွင့်ဆိုသည့်အတိုင်း ရေးသားခြင်းဖြစ်သည်။

     မဟာမာယာဒေဝီ စီးနင်းလိုက်ပါသော ယာဉ်ကိုလည်း ဤမဟာဗုဒ္ဓဝင်ကျမ်း၌ ဇာတ်အဋ္ဌကထာ ဗုဒ္ဓဝင်အဋ္ဌကထာတို့ ဖွင့်ဆိုသည့်အတိုင်း ရွှေထမ်းစင်ကို စီးနင်းလိုက်ပါကြောင်း ရေးသားခဲ့ပေသည်။ (ထိုရွှေထမ်းစင်ကို လူတထောင် မည်သို့ မြှောက်ချီ ထမ်းဆောင်မည်နည်း ဟူ၍ကား သံသယမဖြစ်သင့်ပေ။ အကြောင်းမှာ.. “အလောင်းတော်မင်းသားကို နို့ထိန်း နှစ်ရာ့လေးကျိပ်တို့က နို့တိုက် ထိန်းပိုက်ရ၏”ဟု ဆိုရာ၌ကဲ့သို့ အလှည့်ကျ ထမ်းဆောင်ရသည် ဖြစ်နိုင်သောကြောင့်တည်း၊ တနည်း.. ရွှေထမ်းစင်ကို ရှည်လျားစွာ တပ်ဆင် ဖွဲ့နှောင်ထားသော စန္ဒားယများကြိုး စသည်ဖြင့် တပြိုင်နက် ဆောင်ယူမည်ဆိုကလည်း ဆောင်ယူနိုင်ဖွယ် ရှိသောကြောင့်တည်း)။

     တထာဂတဥဒါနဒီပနီကျမ်းပဌမတွဲ စာမျက်နှာ(၁ဝ၆)(၁၀၇)တို့၌ကား-

(ယူဇနာသုံးဆယ် ခရီးလမ်း တလျှောက်လုံးကို ကြီးကျယ်ခမ်းနားစွာ ပြင်ဆင်မွမ်းမံလျက် တန်းဆာဆင်ယင်စေပြီးလျှင် တိမ်တိုက်မှလာသော



(ကော်)

ဝလာဟကသိန္ဓောမျိုး ဖြစ်ကုန်သော ကြာဖြူအဆင်းရှိကုန်သော မြင်းဖြူကြီးရှစ်စီးတို့က-သော ရထားယာဉ်ဗိမာန်၌ သုဒ္ဓေါဒနမင်းကြီးနှင့်အတူ စီးတော်မူလျက် ယူဇနာခွဲခရီးသို့တိုင်အောင် လိုက်၍ ပို့တော်မူပြီးသော် တဦးကိုတဦး ကန်တော့နှစ်သိမ့်စေကြ၍ မင်းကြီး ပြန်လည်လာခဲ့ကြောင်း)နှင့် (ထိုမြင်းဖြူကြီး ရှစ်စီးတို့ကလည်း ငါတို့သည် ဤသို့ ဘုရားအလောင်းတော် ကိုယ်ဝန်ဆောင်သော မယ်တော်မဟာမာယာကို ဤသို့ ရုန်းဆောင် ထမ်းပို့ရသဖြင့် နိဗ္ဗာန်ရောက်ကြောင်း ကုသိုလ်ကောင်း ဖြစ်ကြကုန်လတံ့-ဟု အောက်မေ့စဉ်းစား နှလုံးထားကြကုန်၍ ဝမ်းမြောက်ဝမ်းသာ ရွှင်မြူးစွာ ရုန်းဆောင်ကြကုန်၏) အစရှိသည်ဖြင့်-

ထူးထွေဆန်းပြား ခမ်းနားကျယ်ဝန်းစွာ ရေးသားပြဆိုထားသည်။ ဗုဒ္ဓဝင်အဋ္ဌကထာ ဇာတ်အဋ္ဌကထာ ဇိနာလင်္ကာရဋီကာတို့၌ကား ထိုကဲ့သို့ မပြဆိုကြ၊ ရွှေထမ်းစင်ဖြင့်သာ ကြွချီကြောင်း ဖွင့်ပြကြသဖြင့် ထိုအဋ္ဌကထာဋီကာတို့ ဖွင့်ဆိုသည့်အတိုင်း ဤမဟာဗုဒ္ဓဝင်၌ ရေးသားခဲ့ပေသည်။

     လုမ္ဗိနီ အင်ကြင်းတောအကြောင်း ခေါင်းစဉ်ပါ စကားရပ်စု၌ ဇာတ်အဋ္ဌကထာ၏ ဖွင့်ပြပုံနှင့် ဗုဒ္ဓဝင်အဋ္ဌကထာ၏ ဖွင့်ပြပုံ စကားနှစ်ရပ် ခွဲခြားဖော်ပြခဲ့ရာ ဗုဒ္ဓဝင်အဋ္ဌကထာ ဖွင့်ပြပုံဖြစ်သည့် နောက်စကားရပ်၌ ( )ကွင်းအတွင်းရှိ “ထိုပန်းနံ့ဝတ်ရည်တို့ကို ခံစားသွားလာ ပျံဝဲလျက်ရှိကြကုန်သော သူတပါးအဖို့ကိုပါ ဆောင်ယူတတ်”ဟူသော စကားရပ်မှာ ငါးခုန်ဆရာတော်၏ ဗုဒ္ဓဝင်အတိုင်း ရေးသားဖော်ပြခဲ့ခြင်း ဖြစ်ပေသည်။ ထိုဆရာတော်၏လက်ကိုင် ဗုဒ္ဓဝင်အဋ္ဌကထာ၌ “အနုဘုတ္တသဉ္စာရာဟိ”ဟူ၍ ပါဠိနေ ရှိဟန်တူ၏။ ယနေ့ လက်ရှိဖြစ်သည့် ဗုဒ္ဓဝင်အဋ္ဌကထာ ရှေးမူ ဆဋ္ဌမူ စာအုပ်တို့၌ကား “အနုဘုတ္တပဉ္ဇရာဟိ”ဟူ၍ ရှိသည်။ ဤစာအုပ်မူများအရ “ပဉ္ဇရ”သဒ္ဒါ၏ အနက်ကို ရှာကြသော် လှောင်အိမ် (ချိုင့်)ဟောကြောင်း အဘိဓာန်တို့၌ ဆို၏။ ယခု နေရာနှင့် လှောင်အိမ် (ချိုင့်)ကား မလျော်လှပေ။ ဤအချက်ကို မကျေနပ်နိုင်၍-

     သီဟိုဠ်မူ အဋ္ဌကထာကို ရှာဖွေကြည့်ရှုရာ ထိုသီဟိုဠ်မူအဋ္ဌကထာ၌ “ဘူတသဉ္စရာဟိ”ဟူ၍ ပါဠိရှိနေသည်။ ဤသီဟိုဠ်မူအရ ဘူတ-သဒ္ဒါ သစ်ပင်ဟော၊ သဉ္စာရ-သဒ္ဒါ လှည့်လည်ပျံဝဲခြင်းဟောဖြစ်၍ (သစ်ပင်ကြီးငယ်တို့၌ လှည့်လည် ပျံဝဲကြကုန်သော)ဟူ၍ မြန်မာပြန်ဆိုရပေမည်။

     တဖန် “ပရဘတမဓုကရ၀ဓူဟိ”ဟူသောပါဠိကို ငါးခုန်ဆရာတော်၏မူ ဗုဒ္ဓဝင်၌ “သူတပါးအဖို့ကိုပါ ဆောင်ယူတတ်သော ပျားပိတုန်းမတို့ဖြင့်”ဟူ၍ အနက်မြန်မာ ပြန်ဆိုထားသည်။ ပရဘတ-သဒ္ဒါ ဥဩငှက်ဟော



(ကံ)

အဘိဓာန်လာသော်လည်း ဤ၌ ထိုအနက်ကို မလိုအပ်ပေ၊ အရာမဟုတ်ပေ။ ထို့ကြောင့်ပင် ငါးခုန်ဆရာတော်က သင့်လျော်အောင် သူတပါးအဖို့ကို ဆောင်ယူတတ်သောဟူ၍ ပြန်ခဲ့ခြင်း ဖြစ်ပေသည်။ ဤအရာ၌ အသင့်ယုတ္တိရှိလောက်သော မြန်မာပြန်အနက်ကို စဉ်းစားဆင်ခြင်ရာတွင် ပျားနှင့်စပ်သည့် အကြောင်းအရာများ၌ (၁) အရပ်လေးမျက်နှာမှ ရရာဝတ်ရည်အမျိုးမျိုးကို ဆောင်ယူတတ်သော ဝတ်ရည်ဆောင်ပျား၊ (၂) ထိုဝတ်ရည်ဆောင်ပျားများ ဆောင်ယူခဲ့သမျှ အရသာအမျိုးမျိုးပါရှိသော ဝတ်ရည်အမျိုးမျိုးတို့ကို ပျားအုံမှ စောင့်နေကြကာ ချိုမြိန်သော အရသာရှိသည့် ပျားရည်ဖြစ်အောင် ပြုလုပ်တတ်သော အရည်ပြုပျားမများ-စသည်ဖြင့် ပျားကောင်တို့မှာ အလုပ်ကိစ္စအလိုက် အထူးထူးရှိကြောင်း မှတ်သား ဖတ်ကြားရဘူးသည်။ ဤဗုဒ္ဓဝင်အဋ္ဌကထာ၌ (၂)အမှတ်ပါ အရည်ပြုပျားမတို့ကို ဖွင့်ဆိုလိုရိပ် ရှိပေ၏၊ ထို့ကြောင့် “ပရဘတမဓုကရ၀ဓူဟိ”ကို “တပါးသော (ဝတ်ရည်ဆောင်)ပျားတို့ ဆောင်ယူအပ်သမျှသော ဝတ်ရည် အမျိုးမျိုးကို ပျားရည်ဖြစ်အောင် ပြုလုပ်တတ်သည့် (အရည်ပြု)ပျားမတို့သည်-ဟု အနက်ပြန်၍ ထိုကွင်းအတွင်း စကားရပ်ကို-

(သစ်ပင်ကြီးငယ်တို့၌ လှည့်လည်ပျံဝဲကြကုန်သော ဝတ်ရည်ဆောင်ပျားတို့ ဆောင်ယူခဲ့သမျှသော ဝတ်ရည်အမျိုးမျိုးကို ချိုမြိန်သော အရသာရှိသည့် ပျားရည်ဖြစ်အောင် ပြုလုပ်တတ်ကြသော အရည်ပြုပျားမတို့သည်)–

ဟူ၍ မြန်မာစကားပြေ ပြန်ဆိုမှ အသင့်ယုတ္တိရှိပေမည်။

အခဏ်း (၁)၊ စာမျက်နှာ (၃၆)

     ဘုရားအလောင်းတော်ကို ဖွားမြင်ခဏ်း၌ တထာဂတဥဒါနဒီပနီ-စသော မြန်မာဗုဒ္ဓဝင်ကျမ်းအချို့၌ “မဟာမာယာဒေဝီမိဖုရား သားတော်ကို ဖွားမြင်လုလု နီးကပ်လာသောအချိန်မှာ ညီမတော် ပဇာပတိဂေါတမီက လက်ဝဲဖက်မှနေ၍ မှီတွဲဖေးမပေးရကြောင်း၊ ကိုယ်လုပ်မောင်းမတို့၏ ဝိုင်းဝန်းကူညီမှုကို ရယူ၍ ဖွားမြင်ရကြောင်း”အနေဖြင့် ရေးသားဖော်ပြကြကုန်၏။ ဗုဒ္ဓဝင်အဋ္ဌကထာ ဇာတ်အဋ္ဌကထာ ဇိနာလင်္ကာရဋီကာ တို့၌ကား ဖွားမြင်ရန်အချိန် နီးကပ်၍ ကမ္မဇလေများ လှုပ်ရှားလာသောအခါ မဟာမာယာနှင့် အတူပါလာသူ လူတို့က မဟာမာယာအား တင်းထိမ်ကန့်လန့်ကာကို ဝန်းပတ်ကာရံပေးကြပြီးလျှင် ထိုလူတို့သည် မဟာမာယာ၏ အနီးအပါးမှ ဖဲခွါနေကြကြောင်း၊ ထိုသို့ ဖဲခွါစဉ်မှာပင် အလောင်းတော်ကို ဖွားမြင်ကြောင်း ဖွင့်ဆိုသောကြောင့် ထိုအဋ္ဌကထာ ဋီကာတို့ ဖွင့်ဆိုသည့်အတိုင်းသာ ဤမဟာဗုဒ္ဓဝင်ကျမ်း၌ ရေးသားခဲ့ပေသည်။



(ကား)

     ဘုရားအလောင်းတော် ဖွားမြင်ခြင်းကို ပြဆိုသော စကားအစဉ်၌ ဖွားမြင်ပြီးလျှင်ပြီးခြင်းပင် ရေအေးရေနွေးဖြင့် အအေးအပူ ဥတုမျှတအောင် ယူစေကြောင်း ရေးသားခဲ့သည်ကား မဟာပဒါနသုတ်ပါဠိတော် ဗုဒ္ဓဝင်အဋ္ဌကထာ ဇာတ်အဋ္ဌကထာတို့၌ ဖွင့်ဆိုသော စကားအစဉ်အတိုင်း ရေးသားခြင်းဖြစ်၏။

     သုတ်မဟာဝါအဋ္ဌကထာတို့၌ အထူးဖွင့်ပြသည်ကား- “ထိုရေအယဉ် နှစ်မျိုးတို့တွင် ရေအေးအယဉ်သည် ရွှေဖျဉ်း၌ ကျရောက်၏၊ ရေနွေးအယဉ်ကား ငွေဖျဉ်း၌ ကျရောက်၏၊ ဤကောင်းကင်မှ ကျရောက်လာသော ရေအေးရေနွေး ရေအယဉ်အစုံကိုလည်း မြေအပြင်၌ တစုံတခုသော အညစ်အကြေးဖြင့် မရောယှက်သည့် သားတော်နှင့် မယ်တော်တို့အတွက် သောက်သုံးရန် ရေကို၎င်း, သူတပါးတို့နှင့် မဆက်ဆံသော ကစားမြူးထူးရန် ရေကို၎င်း ပြဆိုခြင်းငှါ ဟောတော်မူအပ်သည်။ ထိုကောင်းကင်မှကျသော ရေအေးရေနွေးတို့မှတပါး ရွှေအိုး ငွေအိုးတို့ဖြင့် သယ်ခပ်အပ်သောရေ, ဟံသဝတ္တကရေကန် စသည်၌ရှိသော ရေတို့၏ အပိုင်းအခြားကား မရှိ၊ များပြားလှ၏”ဟူ၍ ဖြစ်သည်။ အထူးမှတ်သားရန် ဖြစ်သည်။

အခဏ်း (၁)၊ စာမျက်နှာ (၅၇)

ကာဠဒေဝိလ ရှင်ရသေ့အကြောင်း

     (ဤရှင်ရသေ့၏အမည်ကို သီဟိုဠ်မူ၌ ဒေဝလရသေ့ဟု ဖွင့်ဆို၏၊ မြန်မာမူ၌ ဒေဝိလရှင်ရသေ့ဟု ဖွင့်ဆို၏။) ထိုဒေဝိလရှင်ရသေ့၏ အကြောင်းအရာကို သုတ္တနိပါတ အဋ္ဌကထာ ဒုတိယအုပ် စာမျက်နှာ ၂၀၃-မှ ယူဆောင်၍ ပြဆိုပေအံ့။

     ဤဒေဝိလရသေ့သည်ကား သုဒ္ဓေါဒနမင်းကြီး၏ ခမည်းတော် ကပိလဝတ်ပြည့်ရှင် ဘုရင်သီဟဟနုမင်းကြီး၏ ဆရာပုရောဟိတ်ပုဏ္ဏား ဖြစ်ခဲ့၏။ ကိုယ်ရေအဆင်း မည်းနက်သည်ဖြစ်၍ ထိုရသေ့၏အမည်ကို အသိတ-ဟူ၍လည်း ခေါ်ဝေါ်ကြ၏။ သီဟဟနုမင်းကြီး၌ ဆိုက်ရောက် ကြုံတွေ့လာသမျှသော တိုင်းရေးပြည်ရေး မင်းရေး စိုးရေး အစရှိသည့် အရေးအရာ ခပ်သိမ်းတို့ကို ပြေငြိမ်းကုန်စင်အောင် ကြံဆောင်ညွှန်ပြ အမှုတော်ထမ်းရွက်ရသော မင်းဆရာ ပညာရှိအမတ်ကြီး ဖြစ်ပေ၏။

     သီဟဟနုမင်းကြီး ထီးနန်းအုပ်စိုးစဉ် သားတော် သုဒ္ဓေါဒနမင်းသား အဘိသိက်မခံရသေးမီ မင်းသားအဖြစ်ဖြင့် အိမ်နိမ့်စံစဉ်ကာလကပင် ထိုသုဒ္ဓေါဒနမင်းသားအား မင်းလိုက်စိုးသုံး ထုံးပုံနည်းနာ အဖြာဖြာတို့နှင့်တကွ သိပ္ပံပညာ အလိမ္မာ အရည်အသွားတို့ကို သင်ကြားပြသပေးရသော အကြီးတော်ဆရာလည်း ဖြစ်ပေသည်။



(ခ)

     သီဟဟနု မင်းကြီးနောက် သားတော် သုဒ္ဓေါဒနမင်းသားက ဆက်လက်၍ ခမည်းတော်၏အရိုက်အရာ ကပိလဝတ်ပြည်ထီးနန်းကို သိမ်းမြန်းစိုးစံ အဘိသိက်ခံယူပြီးသော အခါ၌လည်း ထို(အသိတပုဏ္ဏား) ပုရောဟိတ်ဟောင်းသည်ပင် သုဒ္ဓေါဒနမင်း၏ ဆရာပုရောဟိတ် ဖြစ်ရပြန်၏။

     ယင်းသို့ သုဒ္ဓေါဒနမင်းသား ထီးနန်းစိုးစံ အဘိသိက်ခံပြီးသောအခါ၌ ငယ်ဆရာဖြစ်ခဲ့သော ထို(အသိတပုဏ္ဏား) ပုရောဟိတ်ကို သုဒ္ဓေါဒနမင်းကြီးက မိမိငယ်ရွယ်စဉ် မင်းသားဘဝကကဲ့သို့ ညွတ်ညွတ်ပျပျ ဂါရဝတရားဖြင့် လေးစားရိုသေခြင်းအထူးကို မပြုတော့ဘဲ ညဉ့်ညဉ့်နေ့နေ့ ညီလာခံသဘင်သို့ ဝင်သောအခါတို့၌ အဘိသိက်ခံပြီးသော သာကီဝင် ဘုရင်မင်းတို့၏ ထုံးတမ်းဓမ္မတာအတိုင်း ထိုဆရာပုရောဟိတ်ကို လက်အုပ်ချီကာမျှသာ အရိုအသေ ပြုလေတော့သည်။

     ဤသို့ ရှေးအခါကကဲ့သို့ ဝိသေသဂါရဝမြောက်မြောက်ကြီး ညွတ်ပျရိုသေခြင်းကို မခံရသောကြောင့် ဗြာဟ္မဏဇာတိ အာစရိယမာန်ဖြင့် မကျေနပ် မနှစ်သက်၍ ထိုမင်းထံ ခစားဝင်ထွက်ရခြင်း၌ စိတ်အိုက်ငြီးငွေ့ လာတော့သဖြင့် အသိတပုရောဟိတ်က မိမိ ရသေ့ရဟန်းပြုလိုကြောင်း သုဒ္ဓေါဒနမင်းကြီးထံ ခွင့်တောင်း ပန်ကြားလေသည်။

     သုဒ္ဓေါဒန မင်းကြီးသည် ဆရာပုရောဟိတ်၏ ခိုင်မြဲသောဆုံးဖြတ်ချက်ကို သိရှိတော်မူကာ ထိုဆရာ ပုရောဟိတ်အား “ရသေ့ရဟန်း ပြုလိုလျှင် ပြုပါတော့၊ သို့ရာတွင် ရသေ့ရဟန်းပြုပြီးသောအခါ ဝေးလံသောအရပ်သို့ ကြွရောက် နေတော်မမူပဲ အစဉ်မပြတ် ဆရာ့ကို တွေ့ဆုံဖူးမျှော်လွယ်ရန် ကျွန်ုပ်၏ဥယျာဉ်၌ပင် သီတင်းသုံး နေထိုင်ပါ”ဟူ၍ တောင်းပန်သဖြင့် “ကောင်းပြီ၊ ရှိစေတော့”ဟု ဝန်ခံပြီးလျှင် ထိုဆရာ ပုရောဟိတ်ပုဏ္ဏားသည် ရသေ့ရဟန်းပြုပြီးလျှင် သုဒ္ဓေါဒနမင်းကြီး၏ အပြုအစုကို ခံယူကာ မင်းဥယျာဉ်၌ပင် နေထိုင်လျက် ကသိုဏ်းပရိကံ ဘာဝနာကမ္မဋ္ဌာန်းတို့ကို စီးဖြန်းပွါးများ၍ လောကီအဘိညာဏ် ငါးပါးနှင့်တကွ သမာပတ်ရှစ်ပါးတို့ကို ရရှိလေ၏။ ထိုဆရာရသေ့သည် ထိုသို့ ရသေ့ရဟန်းပြုကာ ဈာန်သမာပတ် ရသောအခါမှစ၍ သုဒ္ဓေါဒနမင်းကြီး၏နန်းတော်၌ နေ့စဉ် နေ့စဉ် ဆွမ်းဘုဉ်းပေးပြီးသောအခါ ဟိမဝန္တာ တောင် စတုမဟာရာဇ်နတ်ပြည် တာဝတိံသာနတ်ပြည် အစရှိသော အရပ်ဌာနတို့သို့ သွားရောက်လျက် နေ့သန့်(နေခို) နေထိုင်လေ့ရှိပေ၏။

ဤကား အသိတဣသိခေါ်သော ကာဠဒေဝိလရှင်ရသေ့၏

အကြောင်းအရာတည်း။



(ခါ)

အခဏ်း (၁)၊ စာမျက်နှာ (၆၅)

ဘုရားအလောင်းတော်၏ မျိုးဆက်ဆွေစဉ် ရာဇဝင်အကျဉ်းချုပ်

     အလောင်းတော် သေတကေတုနတ်သား၏ အမျိုးကိုကြည့်ရှုခြင်း တည်းဟူသော ကုလဩလောကနနှင့် စပ်ဆက်၍ သာကီဝင်မင်းမျိုးတို့၏အစဉ် ရာဇဝင်အဆက် ရာဇက္ကမကို ပြဆိုလတံ့သောအတိုင်း အကျဉ်းချုပ်အားဖြင့် မှတ်သားရာ၏၊ ဤသို့ မှတ်သားခြင်းဖြင့် မြတ်စွာဘုရား အလောင်းတော်၏ အမျိုးဇာတ်အားဖြင့် မြင့်မြတ်ခြင်း ဇာတိမဟတ္တဂုဏ်ကို သိမှတ်သည်မည်၏။

     ဤဘဒ္ဒကမ္ဘာ ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေယျကပ်၏ ရှေးဦးစွာသော အန္တရကပ်၌ ဖြစ်ကြကုန်သော ကမ္ဘာဦးသူ လူအပေါင်းတို့၏ လက်မွန်မဆွ ပဌမမင်းသည်ကား ကျွန်ုပ်တို့မြတ်စွာဘုရား၏ အလောင်းတော်သူမြတ် ဖြစ်ပေသည်၊ အမည်တော်အားဖြင့် မနုဟူသော အမည်ရင်း ရှိလေသည်။

     ထိုမနုမည်သော အလောင်းတော်မင်းမြတ်သည် ကမ္ဘာဦးသူ လူအပေါင်းတို့ထက် အလွန်အဆင်းလှ၏၊ အလွန် ရှုချင်ဖွယ်ရှိ၏၊ အလွန် ကြည်ညိုဖွယ်ရှိ၏၊ ဘုန်းတန်ခိုး အာနုဘော်လည်း ကြီးမြတ်ပေ၏၊ ကောင်းမြတ်သော ဂုဏ်ကျေးဇူးအပေါင်းနှင့် ပြည့်စုံပေ၏။

     ယင်းသည့် ခေတ်ကာလ ကမ္ဘာဦးအခါ၌ ပဌမရှေ့ပိုင်းတွင် ကမ္ဘာဦး ထိုလူတို့ အလွန်တရာ ကိုယ်ကျင့်တရား ဖြူစင်ကြပြီးနောက် ကာလအတန်ကြာ ရောက်သောအခါ သူတပါးဥစ္စာကို ခိုးယူကဲ့ဝှက်ခြင်း (အဒိန္နာဒါန်) အစရှိသော မကောင်းမှုကို ပြုလုပ်ကျူးလွန်သူတို့ ပေါ်ပေါက်ဖြစ်ပွါးလာသဖြင့် ထိုမကောင်းမှုများမှ လွတ်ကင်း လျော့ပါး၍ ပြကတေ့ ချမ်းသာစွာ နေနိုင်ကြရန်အကျိုးငှါ ထိုကမ္ဘာဦးသူ လူအပေါင်းတို့ စည်းဝေးတိုင်ပင်ကြကုန်လျက် မိမိတို့အပေါ်၌ ထိုက်လျော်စွာ စီရင်အုပ်ချုပ်မည့်သူကို ရွေးချယ်စိစစ် တင်မြှောက်ရန် အညီအညွတ် သဘောတူဆုံးဖြတ် ပြဋ္ဌာန်းကြကုန်၏။

     ထိုသို့ ဆုံးဖြတ်ချက်အရ မြတ်စွာဘုရား အလောင်းတော်ဖြစ်သော မနုသည်သာလျှင် အသင့်မြတ်ဆုံး ဂုဏ်အင်္ဂါကျေးဇူးအပေါင်းနှင့် ပြည့်စုံသည်ဟူ၍ အယူဆန္ဒ ညီညွတ်ကြကုန်၏၊ ထိုသို့ ညီညွတ်ကြပြီးသော် ထိုကမ္ဘာဦးသူ လူအပေါင်းတို့သည် အလောင်းတော် မနုမည်သော ပုဂ္ဂိုလ်သူမြတ်ထံသို့ ဝိုင်းဝန်း ချဉ်းကပ်ကြကုန်လျက် မိမိ (ကမ္ဘာဦးသူ လူအပေါင်း)တို့ကို ကောင်းမွန် ထိုက်လျောက်ရာ အစီအရင်ဖြင့် စိုးမိုးအုပ်ချုပ်ရန် တောင်းပန်ကြကုန်၏။

     ယင်းသို့ စီရင်စိုးမိုး အုပ်ချုပ်ရခြင်း တည်းဟူသော အလုပ်တာဝန်ကို ဆောင်ရွက်ရသဖြင့် အအုပ်အချုပ်ခံရသူ လူအပေါင်းတို့က ကိုယ်စီကိုယ်ငှ



(ခိ)

မိမိတို့လုပ်ဆောင်ရရှိသော သလေးစပါးရိက္ခာ အဖို့အစုတို့မှ ဆယ်စုလျှင် တစု၊ ဆယ်ပုံလျှင် တပုံ၊ ဆယ်ဖို့လျှင် တဖို့၊ ဆယ်ခိုင်လျှင် တခိုင်ကို အလောင်းတော်သူမြတ်အား စီရင်အုပ်ချုပ်ခ အနေအားဖြင့် အခွန်အတုတ်ကို ပေးဆက် ပူဇော်ကြကုန်၏။

အမည်သုံးပါး ရရှိခြင်း

အလောင်းတော်သူမြတ်ကို အခွန်အတုတ် ပေးဆက်ပူဇော်ရာ တရားသဖြင့် စီရင်စိုးမိုး အုပ်ချုပ်သူအဖြစ်ဖြင့် လူအပေါင်းတို့က အကန့်အကွက်မရှိ၊ တညီတညွတ်တည်း သဘောတူ ကောင်းစွာ သမုတ်ကြကုန်၏၊ ထို့ကြောင့် အလောင်းတော် မနုပုဂ္ဂိုလ်သူမြတ်သည် မဟာသမ္မတဟူသော အမည်တော်ကိုလည်း ရရှိတော်မူပေ၏။

လယ်ယာမြေတို့နှင့် ပတ်သက်စပ်လျဉ်း၍ သူပိုင်ငါပိုင် အငြင်းပွါးခြင်း ခိုက်ရန်ဖြစ်ခြင်းစသော အမှုများ မရှိကြရန် (အကယ်၍ ရှိလာပြန်ကလည်း) ဆုံးဖြတ်စီမံ အုပ်စိုးခွင့် အာဏာရှိသောကြောင့် အလောင်းတော် မနုပုဂ္ဂိုလ်သူမြတ်သည် ခတ္တိယဟူသော အမည်တော်ကိုလည်း ရရှိတော်မူပေ၏။

လူအပေါင်းတို့ကို ကောင်းမွန်ဖြောင့်မှန်သော မင်းကျင့်တရားတို့ဖြင့် စီရင်ထိန်းစောင့်လျက် နှစ်သက်ချစ်ကြည်စေတတ်သောကြောင့် အလောင်းတော် မနုပုဂ္ဂိုလ်သူမြတ်သည် ရာဇဟူသော အမည်တော်ကိုလည်း ရရှိတော်မူပေ၏။

     ဤဘဒ္ဒကမ္ဘာ၌ လူမင်းတကာတို့တွင် မဟာသမ္မတ, ခတ္တိယ, ရာဇဟူသော အမည်သုံးပါးတို့ကို ဤဘုရားလောင်း မနုပုဂ္ဂိုလ်သူမြတ်သည်သာလျှင် ရှေးဦးစွာ ရရှိခဲ့လေသည်။

     နေမင်းသည် သတ္တဝါတို့အား အမြင် အဆင်း အလင်းကို ပေးလျက် ရောင်ခြည်တထောင်ကို ဆောင်သကဲ့သို့၊ ထို့အတူ ကမ္ဘာဦးသူ လူအပေါင်းတို့၏ မျက်စိသဖွယ်လည်းဖြစ်၍ ဒုတိယနေတစင်း ထွန်းလင်း ထွက်ပေါ်လာသည့်အလား များမြတ်သော ဂုဏ်ကျေးဇူးအရောင်တို့ကို ဆောင်ပေတတ်သောကြောင့် အနွယ်တော်အားဖြင့် အာဒိစ္စဝံသ (= နေမင်း၏အနွယ်)ဟူ၍လည်း ထိမ်းမှတ် ခေါ်ဆိုကြရလေသည်။

(ဤအရာ၌၊ ၊ကမ္ဘာဦး မဟာသမ္မတမင်းနှင့် ပတ်သက်၍၎င်း, ဤဘဒ္ဒကမ္ဘာ၏ လေးပုံတပုံ လေးပိုင်းတပိုင်းဖြစ်သော ဝိဝဋ္ဋဋ္ဌာယီ အသင်္ချေကပ်၏ အစိတ်အပိုင်း ကာလများဖြစ်သည့် အန္တရကပ် ၆၄-ကပ်တို့တွင်



(ခီ)

ယခုရောက်ဆဲဖြစ်သည့် လေးခုမြောက် စတုတ္ထ အန္တရကပ်နှင့် ပတ်သက်၍၎င်း ကျမ်းပြုဆရာ ပညာရှိများ ဝါဒကွဲပြား အထူးထူး အထွေထွေ ရေးသားကြသော်လည်း ရတနာပူရ စတုတ္ထမြို့တည် နန်းတည် ဘကြီးတော် ဖလ်နန်းရှင် မင်းတရားလက်ထက် မှန်နန်းတော်ဆောင်အတွင်း၌ သုံးနှစ် သုံးမိုး ရဟန်းပညာရှိ မှူးမတ်ပညာရှိတို့ ပေါင်းဆုံစည်းဝေး ညှိနှိုင်းတိုင်ပင်၍ စီရင်ရေးသားအပ်သော မှန်နန်း မဟာရာဇဝင်တော်ကြီး၌၎င်း, ထို့နောက် ပဉ္စမသင်္ဂါယနာတင် ဘုရင် မင်းတုန်းမင်းတရားကြီး တောင်းပန်၍ “သုဇာတာဘိသီရိဓဇာဓိပတိပဝရမဟာဓမ္မရာဇာဓိရာဇဂုရု” ဘွဲ့တံဆိပ်တော်ရ မိုးထားသာသနာပိုင် ဆရာတော်ဘုရားကြီး ရေးသား ဆုံးဖြတ်အပ်သော ကပ္ပဝိနိစ္ဆယပါဌ်နိဿကျမ်း၌၎င်း- “မဟာသမ္မတဟူသည် ဤဘုရားအလောင်းတော် မဟာသမ္မတမင်း တပါးတည်းသာလျှင် ဖြစ်ကြောင်း, ယခုရောက်ဆဲ အန္တရကပ်မှာလည်း လေးခုမြောက်ဖြစ်သော (စတုတ္ထ) အန္တရကပ်သာလျှင် ဖြစ်ကြောင်းများကို များပြားခိုင်မာလှသော ပါဠိ အဋ္ဌကထာ ဋီကာ အကိုးအကားသာဓကတို့ကို ဖော်ပြကိုးကားလျက် ဆုံးဖြတ်ခဲ့ကြပြီး ဖြစ်လေသည်။

အထူးသဖြင့် ကပ္ပဝိနိစ္ဆယကျမ်း၌ စံနစ်တကျ (စောဒနာ သောဓနာ) အမေးအဖြေ စသည်များဖြင့် ဝိသေသကဏ္ဍများကို စီစဉ်၍ ကျယ်ဝန်းပြည့်စုံစွာပင် အန္တရကပ် ၁၁-ကပ်ဆိုသော အယူဝါဒ, မဟာသမ္မတမင်း ၁၁-ယောက်ဆိုသော အယူဝါဒ, ၁၂-ခုမြောက် အန္တရကပ်, ၁၉-ခုမြောက် အန္တရကပ်စသည် အယူဝါဒရှိသူများနှင့်တကွ ယုံမှားသံသယရှိသူ များရှင်လူတို့ စင်ဖြူသန့်ရှင်း ယုံမှားကင်းလောက်အောင် အခိုင်အမာ ရေးသား ဆုံးဖြတ်ထားပေသည်။

ထိုမဟာသမ္မတမင်းစသော မင်းတို့၏ အစဉ်အဆက် ရာဇက္ကမကို ရေတွက်ပြဆိုရာ၌ သီလက္ခန် အမ္ဗဋ္ဌသုတ် အဋ္ဌကထာ၊ ၎င်း ဋီကာသစ်၊ အဋ္ဌကနိပါတ် စေတိယဇာတ် အဋ္ဌကထာ၊ မဟာဝင်၊ ဒီပဝင်၊ ရာဇဝင်တို့ဝယ် အနည်းငယ်စီ ကွဲလွဲခြားနားကြကုန်၏၊ ယခု ပြဆိုလတံ့သည်ကား မဟာဝင်ကျမ်းနှင့် မဟာသုတကာရီ မဃဒေဝလင်္ကာကျမ်းတို့ကို အဓိက မှီငြမ်းပြု၍ ပြဆိုခြင်းပေတည်း။

(က)။ ။(၁) ရှေးဦးစွာ ဘုရားအလောင်းတော် မနုအမည်ရှိသော မဟာသမ္မတမင်း၊

(၂) ထိုမဟာသမ္မတမင်း၏သား ရောစမင်း၊



(ခု)

(၃) ထိုရောစမင်း၏သား ဝရရောစမင်း၊

(၄) ထိုမင်း၏သား ကလျာဏမင်း၊

(၅) ထိုမင်း၏သား ဝရကလျာဏမင်း၊

(၆) ထိုမင်း၏သား ဥပေါသထမင်း၊

(၇) ထိုမင်း၏သား မန္ဓာတုမင်း (အလောင်းတော် မန္ဓာတ်မင်းကြီး)၊

(၈) ထိုမင်း၏သား ဝရမင်း၊

(၉) ထိုမင်း၏သား ဥပဝရမင်း၊

(၁၀) ထိုမင်း၏သား စေတိယမင်း။

(၁၁) ထိုမင်း၏သား မုစလမင်း၊

(၁၂) ထိုမင်း၏သား မဟာမုစလမင်း၊

(၁၃) ထိုမင်း၏သား မုစလိန္ဒမင်း၊

(၁၄) ထိုမင်း၏သား သာဂရမင်း၊

(၁၅) ထိုမင်း၏ သာဂရဒေဝမင်း။

(၁၆) ထိုမင်း၏သား ဘရတမင်း၊

(၁၇) ထိုမင်း၏သား အင်္ဂီရသမင်း၊

(၁၈) ထိုမင်း၏သား ရုစိမင်း၊

(၁၉) ထိုမင်း၏သား သုရုစိမင်း (မဟာရုစိလည်း ဟူ၏)။

(၂၀) ထိုမင်း၏သား ပတာပမင်း၊

(၂၁) ထိုမင်း၏သား မဟာပတာပမင်း၊

(၂၂) ထိုမင်း၏သား ပနာဒမင်း၊

(၂၃) ထိုမင်း၏သား မဟာပနာဒမင်း၊

(၂၄) ထိုမင်း၏သား သုဒဿနမင်း၊

(၂၅) ထိုမင်း၏သား မဟာသုဒဿနမင်း၊

(၂၆) ထိုမင်း၏သား နေရုမင်း၊

(၂၇) ထိုမင်း၏သား မဟာနေရုမင်း၊

(၂၈) ထိုမင်း၏သား အစ္စိမမင်း၊

     ဤ နှစ်ကျိပ်ရှစ်ယောက်ကုန်သော မင်းတို့သည် နှစ်ပေါင်းအသင်္ချေ အသက်ရှည်ကုန်၏။ နောက် နှစ်ကျိပ်ခုနစ်ယောက်သော မင်းတို့သည် မဟသမ္မတမင်း၏ သား မြေး အဆက်ဆက်တို့ ဖြစ်ကုန်၏။ ထိုနှစ်ကျိပ်ရှစ်ယောက်သော



(ခူ)

မင်းတို့တွင် အချို့မင်းတို့သည် ကုသဝတီပြည်၌ စိုးအုပ်စံနေကြကုန်၏။ အချို့သော မင်းတို့သည် ရာဇဂြိုဟ်ပြည်၌ စိုးအုပ်စံနေကြကုန်၏။ အချို့သော မင်းတို့သည် မိထိလာပြည်၌ စိုးအုပ်စံနေ ကြကုန်၏။

(ခ)။ ။ထိုမင်းပေါင်း နှစ်ကျိပ် ရှစ်ယောက်တို့တွင် နောက်ဆုံးဖြစ်သော အစ္စိမမင်း၏ သားတော်သည် ကုသဝတီပြည်ကို ပြန်လည်တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေးအဆက်ဆက်တို့သည် (၁၀၀) တရာတိုင်တိုင်ပင် ရှိခဲ့ကုန်၏။ (ဒီပဝင်ကျမ်း၌ကား ကပိလဝတ်ပြည်၌ စိုးစံကြသောဟူ၏။)

     ဤ (က)မှတ် (ခ)မှတ်ပါ (၁၂၈) တရာ့နှစ်ကျိပ် ရှစ်ယောက်သော မင်းတို့၏ အကြောင်းကို မဟာသုတကာရီ မဃဒေဝလင်္ကာကျမ်း ဒုတိယပိုင်း (၁) ရာဇဝင်ခဏ်း ပိုဒ်ရေ (၂၆)၌-

ဝသုန္ဓရေ၊ ဤမြေကမ္ဘာ၊ ပေါ်ဦးစွာ၌၊ သူရိယာနတ်၊ ရောင်သဟသ်နှင့်၊ ပညတ်ဂုဏ်တူ၊ သယမ္ဘူတိ၊ နှစ်ဆူပြိုင်ပ၊ ဂေါတမ-ဟု၊ အာဒိစ္စချည်း၊ တနွယ်တည်းသာ၊ ခြည်းခြည်းသံခြေ၊ ခေါ်မှတ်စေလျက်၊ သပြေဇမ္ဗူ၊ ကပ်ဦးသူတို့၊ ဆယ်ဆူစုံပူး၊ တိုက်နဖူးဖြင့်၊ ဆံဦးမကြွင်း၊ ကိုယ်သက်နှင်း၍၊ မင်းဟုထိပ်ပြင်၊ မြှောက်ကြတင်သည့်၊ ဗုဒ္ဓင်္ကုရ၊ ဘုရာ့ညွန့်ဖူး၊ ပန်ဆုထူးနှင့်၊ လူ့မှူးဘုန်းပွင့်၊ နေနှစ်ဆင့်မှ၊ နေမင်းဆွေမိတ်၊ နေမြိတ်ဝံသာ၊ နွယ်တော်လာကား၊ မဟာသမ္မတ၊ သားရောစနှင့်၊ ဝရရောစ၊ ကလျာဏ-က၊ ဝရကလျာဏ၊ နောက်မှသားတော်၊ ဥပေါ်သထ၊ သားလှမန္ဓာတ်၊ စကြာနတ်တည့်၊ သားမြတ်ဝရ၊ ထိုပြီးမှလည်း၊ ဥပဝရ၊ စေတိယဟု၊ မုစလရာဇာ၊ မဟာမုစလ၊ တေဇလျှံထိန်၊ မုစလိန္ဒ၊ သာဂရနှင့်၊ သာဂရဒေဝ၊ ဘရတတွင်ညီ၊ အင်္ဂီရသ၊ ထိုမှရုစိ၊ သုရုစိမည်ရ၊ ပတာပတဖြာ၊ မဟာပတာပ၊ ပနာဒ-က၊ ကြီးလှပညာ၊ မဟာပနာဒ၊ နာမပညတ်၊ သုဒသ်မည်သာ၊ မဟာသုဒသ်၊ တွင်မှတ်နေရု၊ နှိုင်းတုဖက်ကွာ၊ မဟာနေရု၊ မျက်ရှုသားလှ၊ အစ္စိမ-ဟု၊ အဋ္ဌဝီသာ၊ မြတ်ရာဇာက၊ တရာတိုင်တိုင်၊ စောဘုန်းလှိုင်တို့၊ ခရိုင်သောင်းတိုက်၊ ဇနပိုဒ်ကို၊ ခွန်ရိုက်ကျုံးကာ၊ စက်ဘုန်းဖြာကို၊ ကုသာဝတီ၊ ပူရီမှိုင်းညို၊ ရာဇဂြိုဟ်နှင့်၊ နဂိုရ်အောင်ချာ၊ မိထိလာဝယ်၊ လူ့ရွာစည်းစိမ်၊ စံကြငြိမ်သည်၊ ၊မွေ့သိမ်ဧးမြ သာချမ်းတည်း။-

ဟူ၍ စပ်ဆိုထားလေသည်။

(ဂ)။ ။အစ္စိမမင်း၏ သားမြေးစဉ်ဆက် တရာသော မင်းတို့အနက် နောက်ဆုံး တရာမြောက်ဖြစ်သော မင်းသည်ကား အရိန္ဒမမင်း



(ခေ)

မည်၏၊ ထိုအရိန္ဒမမင်း၏ သားတော်သည် အယုဇ္ဈပူရမည်သောပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေးအဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုအယုဇ္ဈပူရပြည်၌ (၅၆) ငါးကျိပ်ခြောက်ယောက် ရှိခဲ့ကုန်၏။

(ဃ)။ ။ထို ငါးကျိပ်ခြောက်ယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား ဒုပ္ပသဟ အမည်ရှိ၏၊ ထိုဒုပ္ပသဟမင်း၏ သားတော်သည် ဗာရာဏသီပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေးအဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုဗာရာဏသီပြည်၌ မင်းပေါင်း (၆၀) ခြောက်ကျိပ် ရှိခဲ့ကုန်သည်။

(င)။ ။ထိုခြောက်ကျိပ်ကုန်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား အဇိတ အမည်ရှိ၏၊ ထိုအဇိတမင်း၏ သားတော်သည် ကမ္ဗလမည်သော ပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သား မြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုကမ္ဗလပြည်၌ မင်းပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင် ရှိခဲ့ကုန်သည်။

(စ)။ ။ထိုရှစ်သောင်းလေးထောင်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား ဗြဟ္မဒတ္တ အမည်ရှိ၏၊ ထိုဗြဟ္မဒတ္တမင်း၏ သားသည် ဟတ္ထိပူရမည်သော ပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုဟတ္ထိပူရပြည်၌ (၃၆) သုံးကျိပ်ခြောက်ယောက် ရှိခဲ့ကုန်သည်။

     ဤ (ဂ)မှတ် (ဃ)မှတ် (င)မှတ် (စ)မှတ်ပါ မင်းပေါင်း (၈၄၁၅၂) ရှစ်သောင်း လေးထောင် တရာ ငါးဆယ် နှစ်ဆက်တို့၏ အကြောင်းကို မဟာသုတကာရီ မဃဒေဝလင်္ကာကျမ်း ဒုတိယပိုင်း (၁) ရာဇဝင်ခဏ်း ပိုဒ်ရေ (၂၇)၌-

တရာအားလုံး၊ မင်းအဆုံးတွင်၊ လက်ရုံးဝရဇိန်၊ စက်ဘုန်းရှိန်နှင့်၊ အရိန္ဒမ၊ နရိန္ဒ၏၊ သားက သားဆက်၊ ဆင်းသက်စဉ်လျောက်၊ ငါးကျိပ်ခြောက်တို့၊ မချောက်မချား၊ တရားမခွ၊ မြဲနိစ္စဖြင့်၊ လူများစောဓီး၊ ရိပ်ဖြူထီးနှင့်၊ ရိုက်တီးပဟိုရ်၊ နန်းပွဲကြို၍၊ နဂိုရ်သာလှ၊ အယုဇ္ဈဟု၊ ပုရရွှေပြည်၊ စိုးကြတည်၏။ ဘုန်းစည်စိုးချုပ်၊ မိုးသို့အုပ်သား၊ ဒုပ္ပသဟ၊ မင်းကပွါးလျက်၊ သားမြေးဆက်၍၊ ဆင်းသက်ကုန်ကြ၊ အဇိတရာဇာ၊ တိုင်အောင်သာလျှင်၊ အာဏာတက်ဆိပ်၊ ဘုန်းစက်ရိပ်နှင့်၊ ခြောက်ကျိပ်သင်္ချာ၊ ထိုရာဇာတို့၊ ဗာရာဏသီ၊ ပုရီပြည်မ၊ စိုးတည်ကြရှင့်။ အဇိတမင်း၊ သားရင်းမြေးပေါင်း၊ မြစ်တော်လောင်း၍၊ ရှစ်သောင်းလေးထောင်၊ မြားမြောင်စွာလှ၊ မင်းထိုမျှလည်း၊ ကမ္ဗလပြည်ကြီး၊

(ခဲ)

စံတည်မှီးမှ။ ။တသီးဆုံးစွန်၊ မင်းမွန်ဗြဟ္မဒတ်၊ နေနွယ်နတ်က၊ မပြတ်ဆက်ခံ၊ ကမ္ဗလဝံသ၊ မင်းလှအဆုံး၊ သုံးကျိပ်အောက်ဆူ၊ ဘူဓိပတိ၊ လူဘုန်းယှိတို့၊ ဟတ္ထိပုရ၊ ပြည်သာစွ၌၊ ထာဝရကိန်း၊ တရားထိန်း၍၊ မုဒိန်းရွမ်းဆော်၊ စံကြပျော်သည်၊ ၊နန်းပေါ်မရွေ့ ရွှင်ဝမ်းတည်း။-

ဟူ၍ စပ်ဆိုထားလေသည်။

(ဆ)။ ။ထိုမင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား ကမ္ဗလဝံသ အမည်ရှိ၏၊ ထိုကမ္ဗလဝံသမင်းသည် ဧကစက္ခုအမည်ရှိသော ပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုဧကစက္ခုပြည်၌ (၃၂) သုံးကျိပ် နှစ်ယောက်တို့ ရှိခဲ့ကုန်သည်။

(ဇ)။ ။ထိုသုံးကျိပ်နှစ်ယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား ပုရိန္ဒေဝ အမည်ရှိ၏၊ (အချို့စာမူများ၌ သုရိန္ဒေဝဟူ၍၎င်း, မုနိန္ဒဒေဝဟူ၍၎င်း ရှိသည်)၊ ထိုပုရိန္ဒေဝမင်း၏ သားတော်သည် ဝဇိရမုတ္တိမည်သော ပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုဝဇိရမုတ္တိပြည်၌ (၂၈) နှစ်ကျိပ် ရှစ်ယောက်တို့ ရှိခဲ့ကုန်သည်။

(ဈ)။ ။ထိုနှစ်ကျိပ် ရှစ်ယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား သာဓိန အမည်ရှိ၏၊ ထိုသာဓိနမင်း၏ သားတော်သည် မထုရမည်သော ပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုမထုရပြည်၌ (၂၂) နှစ်ကျိပ် နှစ်ယောက်တို့ ရှိခဲ့ကုန်သည်။

(ည)။ ။ထိုနှစ်ကျိပ်နှစ်ယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား ဓမ္မဂုတ္တ အမည်ရှိ၏၊ ထိုဓမ္မဂုတ္တမင်း၏ သားတော်သည် အရိဋ္ဌပုရမည်သော ပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုအရိဋ္ဌပုရပြည်၌ (၁၈) တကျိပ်ရှစ်ယောက်တို့ ရှိခဲ့ကုန်သည်။

(ဋ)။ ။ထိုတကျိပ်ရှစ်ယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား သိပ္ပိ အမည်ရှိ၏၊ ထို သိပ္ပိမင်း၏ သားတော်သည် ဣန္ဒပတ္ထနဂိုရ်မည်သော ပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုဣန္ဒပတ္ထနဂိုရ်ပြည်၌ (၁၇) တကျိပ်ခုနစ်ယောက် ရှိခဲ့ကုန်သည်။



(ခေါ)

     ဤ (ဆ)မှတ် (ဇ)မှတ် (ဈ)မှတ် (ည)မှတ် (ဋ)မှတ်ပါ ငါးရပ်မင်းပေါင်း (၁၁၇) တရာ့တဆယ့် ခုနစ်ယောက်တို့၏ အကြောင်းကို မဟာသုတကာရီ မဃဒေဝလင်္ကာကျမ်း ဒုတိယပိုင်း (၁) ရာဇဝင်ခဏ်း ပိုဒ်ရေ (၂၈)၌-

ထိုကမ္ဗလ၊ မင်းဝံသ၏၊ ပုတ္တနတ္တာ၊ မြတ်ရာဇာတို့၊ သင်္ချာပြည့်သိပ်၊ သုံးကျိပ်နှစ်ပါး၊ တရားမခွ၊ မြဲနိစ္စဖြင့်၊ ဧကစက္ခု၊ ပြည်သေတ္တု၌၊ တစုတရုံး၊ စံရွှင်ပြုံးရှင့်။ ။နှောင်းဆုံးဘူမိန်၊ ပူရိန်ဒေ၀၊ မင်းကဆက်ပေါ်၊ သားတော်မြေးမြစ်၊ နှစ်ကျိပ်ရှစ်မူ၊ နန်းသစ်သိင်္ဂီ၊ ပြောင်းကာချီ၍၊ ဝဇီရမုတ်၊ ပုရုတ္တရ၊ ရွှေပြည်မ၌၊ သာဓိနမင်းတိုင်၊ စိုးစံထိုင်လျက်၊ ဘုန်းလှိုင်မင်းလှ၊ သာဓိန၏၊ သားကမြေးကွန့်၊ မြစ်တော်ညွန့်၍၊ အဓွန့်ရှည်ညောင်း၊ မိုးနှောင်းသံတင်၊ ဘုရင်စည်ကား၊ တရားမယုတ်၊ ဓမ္မဂုတ်တိုင်၊ နရုတ္တမ၊ ဗာဝီသတို့၊ မထုရပြည်၊ ထောင်တည်ဘန်ဆန်း၊ ရွှေနန်းစံကြ။ ။မင်းဓမ္မက၊ ပွါးထဋ္ဌာရသ်၊ မပြတ်ဆက်ကာ၊ နေနွယ်ဖြာ၍၊ စဉ်လာမကင်း၊ မင်းသိပ္ပိကျ၊ အရိဋ္ဌ-ဟု၊ ပုရပြည်ကြီး၊ စိုးကြပြီးသော်။ ။နေမီးမယွင်း၊ သိဒ္ဓိမင်း၏၊ သားရင်းမြေးရင်း၊ သက်ဆင်းဆက်ခံ၊ ဗြဟ္မဒေဝ၊ မင်းသို့ကျအောင်၊ တေဇရန်နှိပ်၊ တကျိပ်ခုနစ်၊ မဟာရာဇ်တို့၊ အနှစ်ရှည်ကြာ၊ ဘုန်းရောင်ဖြာ၍၊ အောင်ချာပြည်မြတ်၊ ဣန္ဒပတ်၌၊ မိုးနတ်တရထည်၊ စံကြတည်သည်၊ ၊ရွှေစည်နေ့ည ဆော်ရွမ်းတည်း။-

ဟူ၍ စပ်ဆိုထားလေသည်။

(ဌ)။ ။ဆိုအပ်ပြီးသည့် ငါးရပ်မင်းပေါင်း (၁၁၇) တရာတဆယ့် ခုနစ်ယောက်တို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား ဗြဟ္မဒေဝ အမည်ရှိ၏၊ ထိုဗြဟ္မဒေဝမင်း၏ သားတော်သည် ဧကစက္ခုပြည်၌ပင် စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုဧကစက္ခုပြည်၌ (၁၅) တကျိပ်ငါးယောက် ရှိပြန်ကုန်သည်။

(ဍ)။ ။ထိုတကျိပ်ငါးယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား ဗလဒတ္တ အမည်ရှိ၏၊ ထိုဗလဒတ္တမင်း၏ သားတော်သည် ကောသမ္ဗီမည်သော ပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုကောသမ္ဗီပြည်၌ (၁၄) တကျိပ်လေးယောက်တို့ ရှိခဲ့ကုန်သည်။

(ဎ)။ ။ထိုတကျိပ်လေးယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား ဟတ္ထိဒေဝ အမည်ရှိ၏၊ ထိုဟတ္ထိဒေဝမင်း၏



(ခေါ်)

သားတော်သည် ကဏ္ဏဂေါစ္ဆိမည်သော ပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုကဏ္ဏဂေါစ္ဆိပြည်၌ (၉) ကိုးယောက်တို့ ရှိခဲ့ကုန်သည်။

(ဏ)။ ။ထိုကိုးယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား နရဒေ၀ (နရစိုး) အမည်ရှိ၏။ ထိုနရဒေဝမင်း၏ သားတော်သည် ရောစနမည်သော ပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုရောစနပြည်၌ (၇) ခုနစ်ယောက် ရှိခဲ့ကုန်သည်။

(တ)။ ။ထိုခုနစ်ယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား မဟိန္ဒ အမည်ရှိ၏၊ ထိုမဟိန္ဒမင်း၏ သားတော်သည် စမ္ပာပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက် ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုစမ္ပာပြည်၌ (၁၂) တကျိပ်နှစ်ယောက်တို့ ရှိခဲ့ကုန်သည်။

     ဤ (ဌ)မှတ် (ဍ)မှတ် (ဎ)မှတ် (ဏ)မှတ် (တ)မှတ်ပါ ငါးရပ်မင်းပေါင်း (၅၇) ငါးကျိပ် ခုနစ်ယောက်တို့၏ အကြောင်းကို မဃဒေဝလင်္ကာကျမ်း ဒုတိယပိုင်း (၁) ရာဇဝင်ခဏ်း ပိုဒ်ရေ (၂၉)၌-

ဗြဟ္မဒေဝ၊ မင်းကဆက်ပွါး၊ တကျိပ်ငါးတည့်၊ နောက်ဖျားဆုံးသတ်၊ ဗလဒတ်ဟု၊ မင်းမြတ်တိုင်ကျ၊ ဘူမိန္ဒတို့၊ ဧကစက္ခု၊ ရှေးပြုပြည်တော်၊ ပြန်ကြပျော်၏။ ။နုဘော်ထန်ပြင်း၊ မင်းဗလဒတ်၊ နွယ်မြတ်သားမြေး၊ တကျိပ်လေးလည်း၊ ကျူးဧးကျံကျံ၊ ပဉ္စင်ခံလျက်၊ ကုသမ္ဗက၊ တာပသ၏၊ ဌာနသာမော၊ ကြို့ပင်တောကို၊ နတ်ပြောစီရင်၊ မြို့ကြီးယင်၍၊ ရဇ္ဇင်စုံညီ၊ ကောသမ္ဗီဝယ်၊ သိင်္ဂီရွှေနန်း၊ စံကြမြန်းပြီး။ ။ဆုံးခန်းစိုးဘိ၊ ဘုန်းတန်းယှိသား၊ ဟတ္ထိဒေဝ၊ ရာဇိန္ဒ၏၊ ဝံသသက်ဆင်း၊ ကိုးပါးမင်းမူ၊ ပျော်ခင်းသာလှ၊ ပြည်ကဏ္ဏကို၊ တည်ကြအုပ်မိုး။ ။ထိုမင်းကိုးတွင်၊ နရစိုးမည်၊ နှောင်းဆုံးတည်မှ၊ ဘုန်းစည်မြေးသား၊ ခုနစ်ပါးတို့၊ ထီးပွါးနန်းပွါး၊ ထောင်တည်ခြား၍၊ တရားစည်ကြီး၊ ရိုက်တီးနေ့ည၊ ယွင်းမခွဘဲ၊ ရောစနမည်၊ မြတ်ရွှေပြည်၌၊ နှစ်ရှည်မပြောင်း၊ စံကြညောင်းလျက်။ ။နှောင်းတွင်အဆုံး၊ ပြိုင်ဘက်ရှုံးသား၊ လက်ရုံးဝင်းထိန်၊ မင်းမဟိန်၏၊ ဝရဇိန်နတ်စက်၊ စိန်လက်နက်သို့၊ ထိန်လက်တေဇ၊ သားမြေးစသည်၊ နာဂဒေဝ၊ စောလှဘုန်းလှိုင်၊ မင်းဆုံးတိုင်အောင်၊ ဦးကိုင်စိုးလစ်၊ တကျိပ်နှစ်ကား၊ ဖြူရှစ်စကြာ၊ မိုးကြက်ကာ၍၊ စမ္ပာပြည်သစ်၊



(ခံ)

နန်းမြေခေတ်၌၊ ဘွင့်လှစ်ဥကင်၊ စံမြူးရွှင်သည်၊ ၊ကြည်လင်မကြော့ မကြမ်းတည်း။-

ဟူ၍ စပ်ဆိုထားလေသည်။

(ထ)။ ။ဆိုအပ်ပြီးသည့် ငါးရပ်မင်းပေါင်း (၅၇) ငါးကျိပ် ခုနစ်ယောက်တို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား နာဂဒေဝ အမည်ရှိ၏၊ ထိုနာဂဒေဝမင်း၏ သားတော်သည် မိထိလာပြည်ကို ဒုတိယတဖန် အသစ်တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏သားမြေး အဆက်ဆက်တို့သည် ထိုမိထိလာပြည်၌ ထိုမင်းနှင့်တကွ (၂၅) နှစ်ကျိပ် ငါးယောက်တို့ ရှိပြန်ကုန်သည်။

(ဒ)။ ။ထိုနှစ်ကျိပ်ငါးယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား သမုဒ္ဒဒတ္တ အမည်ရှိ၏၊ ထိုသမုဒ္ဒဒတ္တမင်း၏ သားတော်သည် ရာဇဂြိုဟ်ပြည်၌ စိုးအုပ်စံနေပြန်ရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုရာဇဂြိုဟ်ပြည်၌ (၂၅) နှစ်ကျိပ် ငါးယောက်တို့ပင် ရှိခဲ့ကုန်သည်။

(ဓ)။ ။ထိုနှစ်ကျိပ်ငါးယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား တိဓင်္ကရ အမည်ရှိ၏၊ ထိုတိဓင်္ကရမင်း၏ သားတော်သည် တက္ကသိုလ်ပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သား မြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ တက္ကသိုလ်ပြည်၌ (၁၂) တကျိပ်နှစ်ယောက်တို့ ရှိခဲ့ကုန်သည်။

(န)။ ။ထို တကျိပ်နှစ်ယောက်သော မင်းတို့တွင် နောက်ဆုံးမင်းသည်ကား တာလိဿရ အမည်ရှိ၏၊ ထိုတာလိဿရမင်း၏ သားတော်သည် ကုသိနာရုံပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုကုသိနာရုံပြည်၌ (၁၂) တကျိပ်နှစ်ယောက်တို့ပင် ရှိခဲ့ကုန်သည်။

(ပ)။ ။တကျိပ်နှစ်ယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား ပုရိန္ဒအမည်ရှိ၏၊ ထိုပုရိန္ဒမင်း၏ သားတော်သည် တာမလိတ္ထိယမည်သော ပြည်ကို တည်ထောင်၍ စိုးအုပ်စံနေရာ ထိုမင်း၏ သားမြေး အဆက်ဆက်တို့သည် ထိုမင်းနှင့်တကွ ထိုတာမလိတ္ထိယပြည်၌ (၉) ကိုးယောက်တို့ ရှိခဲ့ကုန်၏။



(ခါး)

     ဤ (ထ)မှတ် (ဒ)မှတ် (ဓ)မှတ် (န)မှတ် (ပ)မှတ်ပါ ငါးရပ်မင်းပေါင်း (၈၃) ရှစ်ကျိပ် သုံးယောက်တို့၏ အကြောင်းကို မဃဒေဝလင်္ကာကျမ်း ဒုတိယပိုင်း (၁) ရာဇဝင်ခဏ်း ပိုဒ်ရေ(၃၀)၌-

စမ္ပာပြည်သစ်၊ နန်းမြေခေတ်၌၊ ကာရှစ်ရိပ်ဖြူ၊ နှောင်းဆုံးယူသား၊ ဇမ္ဗူအုပ်မိုး၊ နာဂစိုး၏၊ နွယ်ရိုးစဉ်စီ၊ ပဉ္စဝီဖြင့်၊ ကျင့်ညီဓမ္မ၊ ရာဇညတို့၊ ဝိဒေဟတိုင်း၊ ရှေးသမိုင်းနှင့်၊ ကသိုဏ်းပမာ၊ မြေမျက်နှာတွင်၊ မိထိလာပြည်မ၊ ဒုတိယဖြင့်၊ တည်ကြနန်းဘုံ၊ စံကြတုံ၏။ ။ဆုံးကြုံနရုတ်၊ ဘုန်းဟုန်သုတ်သား၊ သမုဒ္ဒဒတ်၊ မင်းမြတ်ကပွား၊ နှစ်ကျိပ်ငါးလည်း၊ နောက်ဖျားဘုရင်၊ တိဓင်္ကရ၊ မင်းသို့ကျအောင်၊ သာလှနဂိုရ်၊ ရာဇဂြိုဟ်၌၊ ပဟိုရ်ရွမ်းဆော်၊ စံကွန်းပျော်မှ။ ။မင်းကျော်တိဓင်၊ ယင်းနွယ်ဝင်ဖြင့်၊ ဘုရင်တာလိသ်၊ ဆုံးပိတ်ဒွါဒသ်၊ မဟာရတ်တို့၊ ပြည်မြတ်မှိုင်းညို၊ တက္ကသိုလ်ဝယ်၊ နဂိုရ်ထာဝရ၊ ကိန်းမှန်ချ၍၊ စံကြတသင်း။ ။တာလိသ်မင်းမှ၊ သက်ဆင်းကုန်ကြ၊ မင်းဒွါဒလည်း၊ ဓမ္မဆယ်ပါး၊ တရားလက်ယှိ၊ ပျက်မငြိဘဲ၊ ကုသိနာရုံ၊ ရွှေဘုံပြည်နန်း၊ သိမ်းမြန်းစံကြ။ ။ပုရိန္ဒဟု၊ ဆုံးကျရာဇာ၊ မင်းမြတ်စွာ၏၊ သည်းချာဆက်နွယ်၊ မင်းကိုးသွယ်ကား၊ ပျော်ဘွယ်မဆိတ်၊ မွမ်းမွမ်းထိတ်မျှ၊ တာမလိတ္ထိယ၊ ရွှေပြည်မ၌၊ သာဂရဒေဝ၊ မင်းဆုံးကျအောင်၊ ဒသရာဇဓံ၊ စိုးကြစံသည်၊ ၊နိုင်ငံစည်ပြန့် ပြည်ဝှမ်းတည်း။—

ဟူ၍ စပ်ဆိုထားလေသည်။

(ဖ)။ ။ဆိုအပ်ပြီးသည့် ငါးရပ်မင်းပေါင်း (၈၃) ရှစ်ကျိပ် သုံးယောက်တို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား သာဂရဒေဝ အမည်ရှိ၏၊ ထိုသာဂရဒေဝမင်း၏ သားတော်သည်ကား (မဂ္ဃဒေဝခေါ်) မဃဒေဝ အမည်ရှိ၏၊ ထိုမဃဒေဝမင်းမှစ၍ ထိုမင်း၏ သားမြေးဖြစ်သော မင်းအဆက်ဆက်တို့သည် မိထိလာပြည်၌ စိုးအုပ်စံနေကြရာ မင်းဆက်ပေါင်း (၈၄ဝဝဝ) ရှစ်သောင်း လေးထောင်တို့တိုင်အောင် ရှိခဲ့ကုန်သည်။

(ဗ)။ ။ထိုမဃဒေဝ မင်းဆက်ပေါင်း ရှစ်သောင်းလေးထောင်တို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား (နိမိ) နေမိမင်း ဘုရားအလောင်းတော်တည်း၊ ထိုအလောင်းတော် နေမိမင်း၏ သားတော်သည်ကား ကဠာရဇနက အမည်ရှိ၏၊ ထိုမင်း၏ သားတော်သည်ကား သမင်္ကရ အမည်ရှိ၏၊ ထိုမင်း၏ သားတော်သည်ကား အသောစ (အသောက-ဟူ၍လည်း ရှိ၏) အမည်ရှိ၏။ ဤကဠာရဇနကမင်း,



(ဂ)

သမင်္ကရမင်း, အသောစမင်းတို့မှ စ၍ ထိုမင်းတို့၏ သားမြေး အဆက်ဆက်ဖြစ်သော မင်းပေါင်း (၈၄၀၀၃) ရှစ်သောင်း လေးထောင် သုံးယောက်တို့သည် ဗာရာဏသီပြည်၌ ဒုတိယတဖန် မြို့နန်းတည်၍ စိုးအုပ်စံနေကြကုန်သည်။

(ဘ)။ ။ထိုရှစ်သောင်း လေးထောင် သုံးယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော မင်းသည်ကား သီဟပ္ပတိ အမည် ရှိ၏။

(၁) ထိုသီဟပ္ပတိမင်း၏သား ဝိဇိတသေနမင်း၊

(၂) ထိုမင်း၏သား ဓမ္မသေနမင်း၊

(၃) ထိုဓမ္မသေနမင်း၏သား နာဂသေနမင်း၊

(၄) ထိုနာဂသေနမင်း၏သား သမိဒ္ဓမင်း၊

(၅) ထိုသမိဒ္ဓမင်း၏သား ဒိသမ္ပတိမင်း၊

(၆) ထိုဒိသမ္ပတိမင်း၏သား ရေဏုမင်း၊

(၇) ထိုရေဏုမင်း၏သား ကုသမင်း၊

(၈) ထိုကုသမင်း၏သား မဟာကုသမင်း၊

(၉) ထိုမဟာကုသမင်း၏သား နဝရဋ္ဌမင်း၊

(၁ဝ) ထိုနဝရဋ္ဌမင်း၏သား ဒသရဋ္ဌမင်း၊

(၁၁) ထိုဒသရဋ္ဌမင်း၏သား အလောင်းတော် ရာမမင်း၊

(၁၂) ထိုရာမမင်း၏သား ဝိဠာရဋ္ဌမင်း၊

(၁၃) ထိုဝိဠာရဋ္ဌမင်း၏သား စိတ္တရံသီမင်း၊

(၁၄) ထိုစိတ္တရံသီမင်း၏ အမ္ဗရံသီမင်း၊

(၁၅) ထိုအမ္ဗရံသီမင်း၏သား သုဇာတမင်း၊

(၁၆) ထိုသုဇာတမင်း၏သား ဩက္ကာကမင်း၊

     ဤ (၁၆) တကျိပ် ခြောက်ယောက်ကုန်သော မင်းတို့သည်လည်း ဗာရာဏသီပြည်၌ပင် ဆက်လက်စိုးအုပ် စံနေကြကုန်သည်။

     ကပ်ဦးအစ ဘုရားအလောင်းတော် မဟာသမ္မတမင်းမှစ၍ ဩက္ကာကမင်းသို့တိုင်အောင် မင်းဆက်ပေါင်း သားမြေး အစဉ်အဆက်အားဖြင့် (၂၅၂၅၅၆) နှစ်သိန်း ငါးသောင်း နှစ်ထောင် ငါးရာ ငါးကျိပ် ခြောက်ယောက်ရှိကုန်၏။



(ဂါ)

     ဤဆိုအပ်ပြီးသည့် (ဖ)မှတ်ပါ မင်းပေါင်း ရှစ်သောင်းလေးထောင်၊ (ဗ)မှတ်ပါ မင်းပေါင်း ရှစ်သောင်းလေးထောင်သုံးယောက်၊ (ဘ)မှတ်ပါ မင်းပေါင်း တကျိပ်ခြောက်ယောက်တို့အကြောင်းနှင့်တကွ မဟာသမ္မတမင်းမှစ၍ ရေတွက်သော် ဩက္ကာကမင်းတိုင်အောင် မင်းပေါင်း နှစ်သိန်း ငါးသောင်း နှစ်ထောင် ငါးရာ ငါးကျိပ် ခြောက်ယောက် ရှိပြီဖြစ်ကြောင်းကို မဟာသုတကာရီ မဃဒေဝလင်္ကာကျမ်း ဒုတိယပိုင်း (၁) ရာဇဝင်ခဏ်း ပိုဒ်ရေ (၃၁)၌—

သာဂရဒေဝ၊ တေဇနေစက်၊ မင်းမှဆက်သား၊ ဘုန်းတက်ကြွကြွ၊ မဃဒေဝ၊ စောလောင်းက-တိ၊ အစပြဋ္ဌာန်း၊ ရဟန်းပြုချည်း၊ စု၍စည်းသို့၊ ရှေးနည်းနောက်မှီ၊ ဆက်ကာစည်ပြီး၊ ပဝေဏီထုံး၊ မြတ်နှလုံးကို၊ စွဲသုံး လက်ယှိ၊ ရာဇိသိဖြင့်၊ နေမိမင်းစစ်၊ လောင်းတော်ဖြစ်တိုင်၊ ရှစ်သောင်းလေးထောင်၊ ရာဝင်ပြောင်သည့်၊ မင်းခေါင်များစွာ၊ မြတ်ရာဇာတို့၊ မိထိလာရွှေနန်း၊ ပြန်စံမြန်းရှင့်။ ။ကြငှန်းဓိပတိ၊ မင်းနေမိ၏၊ ဘုန်းယှိ သည်းချာ၊ ကာဠာဇနက်၊ ဘုန်းစက်နေသွင်၊ သမင်္ကရ၊ အသောစ-က၊ စ၍အဖြောင့်၊ ရှစ်သောင်းလေးထောင်၊ သုံးယောက်အောင်လျှင်၊ ရွှေတောင်သိင်္ဂ၊ ဗာရာဏ၌၊ ဒုတိယနန်းတည်၊ စိုးကုန်သည်တည့်။ ။ရုံးရည်ထွန်းပ၊ ဆုံးစွန်ကျသား၊ ဝိဇိတမည်ခေါ်၊ ထိုမင်းကျော်၏၊ သားတော်ဘုန်းယှိ၊ နတ်တရှိသို့၊ ဝိဇိတသေန၊ တေဇပြင်းရှိန်၊ ဓမ္မသိန်နှင့်၊ နာဂသိန်မည်ရ၊ သမိဒ္ဓ-က၊ ကြီးလှနာမံ၊ ဒိသမ္ပတိ၊ ထိုပြိရေဏု၊ ကုသရာဇာ၊ မဟာကုသ၊ ထို့နောင်မှလျှင်၊ နဝရဋ္ဌ၊ ဒသရဋ္ဌ၊ လောင်းရာမ-တိ၊ သားလှဆက်ကာ၊ ဝိဠာရဋ္ဌ၊ စိတ္တရံသီ၊ တွင်ညီနာမ၊ အမ္ဗရံသီ၊ ကျော်ညီထင်ရှား၊ သားသုဇာတ၊ ဩက္ကာက-တိုင်၊ သောဠသမင်း၊ လူမှန်ကင်းတို့၊ ယင်းဗာရာပြည်၊ တီးရွှေစည်နှင့်၊ ကျူးမြည်သာယာ၊ စံချမ်းသာရှင့်။ ။မဟာသမ္မတ၊ မင်းကစ၍၊ ဩက္ကာကထိ၊ အယှိတွက်ကိန်း၊ ဂဏန်းချိန်းသော်၊ နှစ်သိန်းငါးသောင်း၊ နှစ်ထောင့်ငါးရာ၊ ငါးကျိပ်သာ၍၊ သင်္ချာနောက်ပွါး၊ မင်းခြောက်ပါးတည့်၊ ပိုင်းခြားရွှေမင်၊ ရှေးဦးတင်သည်၊ ၊ရာဝင်ပထမ ဝေခြမ်းတည်း။-

ဟူ၍ စပ်ဆိုထားလေသည်။

(ဤ၌၊ ၊သီလက္ခန်အဋ္ဌကထာ အမ္ဗဋ္ဌသုတ်အဖွင့်နှင့် သုတ္တနိပါတအဋ္ဌကထာ မုနိသုတ်အဖွင့်တို့၌ “မဃဒေဝမင်းဆက်ပေါင်း ရှစ်သောင်း လေးထောင်တို့၏ နောက်၌ ဩက္ကာကမင်းဆက် သုံးဆက်ရှိကြောင်း၊ တတိယမြောက် ဩက္ကာကမင်းအား မောင်းမအခြံအရံ ငါးရာစီရှိသော မိဖုရားကြီး ငါးဦးစီရှိကြောင်း စသည်ကို” ဖွင့်ပြသောကြောင့်



(ဂိ)

သကျသာကီဝင်မင်းတို့သည် တတိယ ဩက္ကာကမင်း၏ အမျိုးအဆက်အနွယ်တို့ ဖြစ်ကုန်၏ဟု သိမှတ်ရာ၏၊ ဖော်ပြရာပါ နှစ်သိန်းငါးသောင်း နှစ်ထောင့်ငါးရာ ငါးကျိပ် ခြောက်ယောက်မြောက် ဩက္ကာကမင်းကိုလည်း တတိယမြောက် ဩက္ကာကမင်းဟူ၍ မှတ်ယူအပ်၏။)

ဩက္ကာကမင်း အကြောင်း

     ထိုနှစ်သိန်း ငါးသောင်း နှစ်ထောင့် ငါးရာ ငါးကျိပ် ခြောက်ယောက်သော မင်းတို့တွင် နောက်ဆုံးဖြစ်သော ဩက္ကာကရာဇ်မင်း၏ မိဖုရားတို့ကား ဟတ္ထာ, စိတ္တာ, ဇန္တု, ဇာလိနီ, ဝိသာခါဟူ၍ ငါးယောက်တို့ ရှိကုန်၏၊ တယောက် တယောက်လျှင် မောင်းမမိဿံ အခြွေအရံ ငါးရာစီ ငါးရာစီ ရှိကုန်၏။

(ဩက္ကာကမင်းကို ဩက္ကာကဟူ၍ ခေါ်ဝေါ်ရခြင်းအကြောင်းမှာ ထိုမင်း စကားပြောဆိုသောအခါ အာခံတွင်းမှ ဝင်းဝင်းလက်လက် ဥက္ကာရောင် (မီးရှူးရောင်ကဲ့သို့) ထွက်သောကြောင့် ဩက္ကာကမင်းဟု ခေါ်ဝေါ်ကြောင်း သီလက္ခန်အဋ္ဌကထာ အမ္ဗဋ္ဌသုတ်၌ ဖွင့်ပြသည်။ ။မြန်မာရာဇဝင်၌လည်း ကျန်စစ်သားမင်း, မနုဟာ (သထုံ)မင်းစသော မင်းယောက်ျား အထူးတို့သည် ဩက္ကာကမင်းကဲ့သို့ပင် အာခံတွင်းမှ ဝင်းဝင်းလက်လက် စက်ရောင် (သို့မဟုတ်) ဥက္ကာရောင် (သို့မဟုတ်) အရောင်ထူးတမျိုး ထွက်သည်ဟူ၍ မှတ်ယူဖွယ် ရှိပေသည်။

ဩက္ကာကမင်းကြီး၏ စံနေရာ တိုင်းပြည်ကိုလည်း ဗာရာဏသီပြည်ဟူ၍ ဧကန္တ မမှတ်ယူသင့်ပေ၊ အကြောင်းမှာ- ထိုဩက္ကာကမင်းကြီး၏ သမီးတော်အကြီးဆုံး ပိယာမင်းသမီးနှင့် ဗာရာဏသီပြည့်ရှင် ရာမမင်းတို့ သင့်မြတ်ကြောင်း စသည်ကို အမ္ဗဋ္ဌသုတ် အဋ္ဌကထာ၌ပင် ပြဆိုသောကြောင့် သကျသာကီဝင်မင်းတို့၏ အာဒိပုရိသအနွယ်တော်တွင် ပဓာနဖြစ်သည့် ယခု ဩက္ကာက (တတိယဩက္ကာက)မင်းကြီး၏ စံရာတိုင်းပြည်ကား ဗာရာဏသီပြည်မှတပါး အခြားတိုင်းပြည်သာလျှင် ဖြစ်၏ဟူ၍ မှတ်ယူသင့်ပေသည်။)

     ထိုမိဖုရား ငါးယောက်တို့တွင် အကြီးဆုံးဖြစ်သော ဟတ္ထာမိဖုရားမှ ဥက္ကာမုခ, ကရကဏ္ဍု, ဟတ္ထိနိက, သိနိသူရဟူ၍ သားတော်လေးပါး၊ ပိယာ, သုပ္ပိယာ, အာနန္ဒာ, ဝိဇိတာ, ဝိဇိတသေနာဟူ၍ သမီးတော်ငါးပါး ဖွားမြင်လေသည်။

     သားတော်လေးပါး, သမီးတော်ငါးပါး ဖွားမြင်ပြီးနောက် ဟတ္ထာမိဖုရားကြီး နတ်ရွာစံ (ကွယ်လွန်)သွားသောအခါ ဩက္ကာကမင်းကြီးသည် အသက်အရွယ် နုနယ်ပျိုမျစ်၍ နှစ်သက်ဖွယ်ရာ လွန်စွာအဆင်းလှပသော မင်းသမီးငယ်တယောက်ကို



(ဂီ)

မိဖုရားကြီးအရာ၌ တင်မြှောက်သဖြင့် ထိုမိဖုရားမှ ဇန္တုအမည်ရှိသော သားငယ်ကို ဖွားမြင်၍ ငါးရက်မြောက်သောနေ့၌ သားတော်ငယ် ဇန္တုကို ရှုချင်ဖွယ်ရာ တန်းဆာဆင်ယင်ပြီး မင်းကြီးအား ပြသသည်တွင် ဩက္ကာကမင်းကြီးသည် အလွန်နှစ်သက်တော်မူရကား ထိုမိဖုရားအား “အလိုရှိရာ ဆုတခုကို ယူလော့”ဟု ပြောဆိုကာ ဆုပေးလေသည်။

     ထိုမိဖုရားသည် ဆွေမျိုးများနှင့် တိုင်ပင်ပြီးသော် သားတော်ငယ် ဇန္တုအား မင်းအဖြစ် (ထီးနန်းအရိုက်အရာ) ပေးအပ်ရန် ဆုတောင်းလေသည်။ ဩက္ကာကမင်းကြီးသည် “ဟယ် အယုတ်မ.. ပျက်လော့၊ သင်ကား ငါ့သားတော်တို့၏ အန္တရာယ်ကို အလိုရှိဘိ၏”ဟု မြည်တွန်ခြိမ်းချောက် ငေါက်ငမ်း ငြင်းဆန်လျက်သာ နေခဲ့ရာ၊ အခါအခွင့် သင့်တိုင်း သင့်တိုင်းပင်လျှင် ထိုမိဖုရားက မင်းကြီးကို နှစ်သိမ့်စေပြီးလျှင် “အရှင်မင်းကြီး.. မင်းတို့မည်သည် ပြောဆိုခဲ့သော (ကတိ) ဝန်ခံချက်ကို မုသား မဖြစ်စေသင့်ပါ၊ ပေးမည်ဆိုသည့်အတိုင်း ပေးစေလိုပါသည်”ဟု အဖန်တလဲလဲ သားတော်ဇန္တုအား ထီးနန်းလွှဲအပ်ရန် တောင်းပန် လျှောက်ထားသောကြောင့် ဩက္ကာကမင်းကြီးသည် ဥက္ကာမုခစသော သားတော်ကြီးတို့ကို ခေါ်စေပြီးသော် စိတ်နှလုံးမသက်မသာ ဝမ်းနည်းစွာဖြင့် ဤသို့မိန့်တော်မူ၏-

“သားတော်တို့.. ခမည်းတော်သည် မောင်တို့၏ညီငယ် ဇန္တုမင်းသားကို မြင်ရ၍ ဝမ်းမြောက်လှစွာ ဇန္တု၏မယ်တော်အား အလိုရှိရာဆု တခုခုကို ယူရန် ပေးခဲ့မိလေပြီ၊ ထိုဇန္တု၏ မယ်တော်သည် မိမိ၏သား ဇန္တုအား ထီးနန်းစည်းစိမ်ကို လွှဲအပ်ဖို့ရန် ပြင်းထန်စွာ အလိုရှိနေသည်။ ခမည်းတော်၏ မင်္ဂလာဆင်တော် မင်္ဂလာမြင်းတော် မင်္ဂလာရထားတော်တို့ကို ချန်လှပ်၍ သားတော်တို့ အလိုရှိသမျှ ဆင်, မြင်း, ရထားတို့ကို ယူငင်ဆောင်ကြဉ်း၍ ခမည်းတော် မကွယ်လွန်မီ ဤပြည်မှ လွတ်ရာသို့ သွားရောက် နေကြကုန်ဦး၊ ခမည်းတော် ကွယ်လွန်ပြီးသည့်နောက်မှ ဤပြည်ထီးနန်းကို သိမ်းမြန်းစိုးအုပ်ကြကုန်လော့”–

ဟူ၍ မိန့်ကြားတော်မူပြီးလျှင် သားတော်ကြီးများကို အမတ်ကြီး ရှစ်ယောက်တို့နှင့် အတူတကွ စေလွှတ်လိုက်လေသည်။

     ဥက္ကာမုခစသော သားတော်ကြီးတို့သည်လည်း စိတ်နှလုံး မသက်မသာ များစွာငိုကြွေးကြကုန်၍ “ခမည်းတော်ဘုရား.. သားတော်တို့၏ အပြစ်ဒေါသများရှိခဲ့သော် သည်းခံတော်မူပါကုန်”ဟု ပြောဆိုကြကာ ခမည်းတော်မင်းကြီးကို၎င်း၊ မင်းမောင်းမတို့ကို၎င်း ကျေရာကျကြောင်း တောင်းပန်ကန်တော့ကြကုန်ပြီးသော် “ခမည်းတော်ဘုရား.. သမီးတော်တို့လည်း မောင်တော်တို့နှင့်



(ဂု)

အတူတကွ လိုက်ပါကြပါရစေ”ဟု ခမည်းတော်ကို ပန်ကြား၍ အတူတကွ လိုက်ပါရန် မြို့မှထွက်လာကြ သော အစ်မတော် နှမတော် ငါးပါးတို့ကိုပါ ခေါ်ငင် ဆောင်ကြဉ်းကြ၍ အမတ်ကြီးရှစ်ဦးပါ စစ်အင်္ဂါလေးပါး ခြံရံလျက် မြို့တော်မှ ထွက်ခဲ့ကြကုန်၏။ “သားတော်ကြီးများသည် ခမည်းတော် နတ်ရွာစံလျှင် ဧကန်ပင် ထီးနန်းစိုးအုပ်ကြလိမ့်မည်။ စောစောကပင် မင်းသားများထံ ခစား လုပ်ကျွေး ပြုစုကြကုန်အံ့”ဟု အကြံဖြစ်ကာ များစွာသော လူအပေါင်းတို့သည် မင်းသားတို့နောက်သို့ လိုက်ပါလာကြကုန်၏။

     ထိုသို့ လိုက်ပါလာကြသော ဗိုလ်ပါပရိသတ်၏ အတိုင်းအရှည် ပမာဏကား ပဌမနေ့၌ တယူဇနာ၊ ဒုတိယနေ့၌ နှစ်ယူဇနာ၊ တတိယနေ့၌ သုံးယူဇနာ၊ တနေ့ထက်တနေ့ တိုးတက်များပြား၍လာသည်တွင် မင်းသားတို့သည် ဤသို့ တိုင်ပင်ကြကုန်၏- “ငါတို့၏ စစ်သည်ဗိုလ်ပါ အင်အားသည် အလွန် များပြားလှသည်ဖြစ်ရာ ဤစစ်အင်အားဖြင့် အနီးအပါး အခြားသော သာမန္တရာဇ်မင်း၏ တိုင်းပြည်နိုင်ငံကို လုပ်ကြံတိုက်ခိုက် ငါတို့ သိမ်းပိုက်လိုပါမူကား မည်သည့်မင်း မည်သည့်နိုင်ငံကမျှ ခုခံဝံ့ကြမည် မဟုတ်ပေ။ သို့သော် သူတပါးတို့၏ တိုင်းကားနိုင်ငံကို ညှဉ်းပန်းနှိပ်စက် နိုင်ထက်ကလူ လုယူအုပ်စိုးခြင်းဖြင့် အဘယ်အကျိုးရှိအံ့နည်း၊ အကျိုးမရှိသည်သာ။ ဤဇမ္ဗူဒီပါကျွန်းကြီးသည် ကျယ်ဝန်း ကြီးမားလှပေ၏။ လွတ်လပ်သော တောအရပ်၌ မြို့နန်းအသစ် တည်ထောင်ကြကုန်အံ့”ဟူ၍ တိုင်ပင် သဘောတူ ညီညွတ်ကြပြီးလျှင် ဟိမဝန္တာတောသို့ ရှေးရှုဦးတည် သွားရောက်ကြကာ မြို့နန်းတည်ရန်နေရာကို ရှာကြကုန်၏။

ကပိလဝတ်ပြည် တည်ထောင်ကြခြင်း

     ထိုစဉ်အခါ ကျွန်ုပ်တို့၏ မြတ်စွာဘုရား အလောင်းတော်သည် ဥစ္စာအနှစ် များပြားကြွယ်ဝလှစွာသော ဗြာဟ္မဏမဟာသာရ = ပုဏ္ဏားသူဌေးမျိုး၌ ကပိလအမည်ရှိသော ပုဏ္ဏားသူဌေးဖြစ်၍ ထိုသူဌေးအဖြစ်ကို စွန့်လွှတ် တောထွက်ကာ ရသေ့ရဟန်းပြုပြီးလျှင် ဟိမဝန္တာတောင်နံပါး ကြီးမားသော ကျွန်းသစ်တော၏အတွင်း သန့်ရှင်း ကြည်လင်သော ရေကန်၏အနီး၌ သစ်ရွက်မိုးကျောင်း ဆောက်လုပ်ဖန်တီး၍ နေတော်မူဆဲ ဖြစ်လေသည်။

     ထိုဘုရားအလောင်းတော် ကပိလရှင်ရသေ့သည် ဘူမိဇာလအမည်ရှိသော အတတ် (မြေကြန်အင်္ဂါကိုသိသော အတတ်)ကို တတ်သိသူဖြစ်၍ မြေ၏အောက်၌ အတောင်ရှစ်ဆယ် မြေ၏အထက်၌ အတောင်ရှစ်ဆယ်တိုင်အောင် မြေ၏ အကျိုးအပြစ်တို့ကို သိမြင်တော်မူ၏။ ထိုကပိလရှင်ရသေ့၏ သစ်ရွက်မိုးကျောင်း ဆောက်လုပ်နေထိုင်ရာ မြေနယ်တဝိုက်၌ မြက် သစ်ပင် ချုံနွယ်တို့သည်



(ဂူ)

လက်ျာရစ်လည်ကုန်လျက် ထို မြက် သစ်ပင် ချုံနွယ်တို့၏ အညွန့် နှာမောင်းတို့သည် အရှေ့အရပ်မျက်နှာသို့သာ မျက်နှာရှေးရှူ ထွက်ပြူ ပေါက်ရောက်ကြကုန်၏။ ဤမျှသာမကသေး- ခြင်္သေ့ ကျား အစရှိသော သားရဲ သားကြမ်းတို့သည် မိမိတို့၏ အစာဖြစ်သော သမင် ဝက်တို့ကို လိုက်ကြကုန်သော်၎င်း, မြွေ ကြောင်တို့သည် ဖား ကြွက်တို့ကို လိုက်ကြကုန်သော်၎င်း ထိုနေရာသို့ ရောက်ကြလျှင် မလိုက်နိုင် မဖမ်းယူနိုင်ကြတော့ကုန်ပဲ ထိုသမင် ဝက် ဖား ကြွက်တို့က ဤခြင်္သေ့စသော သားရဲ သားကြမ်း မြွေ ကြောင်တို့ကို ခြိမ်းချောက်တုံ့ပြန် ရန်မူအပ်ကြသဖြင့် ဆုတ်နစ်၍သာ ပြန်လည် ပြေးသွားကြရသည်ချည်း ဖြစ်ကုန်၏။ အလောင်းတော် ကပိလရှင်ရသေ့သည် ဤအခြင်းအရာတို့ကို တွေ့ရှိ သိမြင်ရသောကြောင့်ပင် “ဤအရပ် နယ်ပယ်သည် ရန်ကိုအောင်နိုင်ရာ မြေချာဥက္ကဌ် အထွတ်အမြတ်တည်း”ဟု သိရှိတော်မူသောကြောင့် ထိုအရပ်၌ မိမိအတွက် သစ်ရွက်မိုး ကျောင်းသင်္ခမ်းကို ဖန်ဆင်း ဆောက်လုပ်တော်မူခဲ့ပေ၏။

     ဥက္ကာမုခမင်းသား အမှူးရှိသော မင်းသားတို့သည် မြို့ရွာတိုင်းပြည် တည်ထောင်လိုကြသဖြင့် မြို့ကို ရှာဖွေလှည့်လည်ကြရာတွင် ထိုအလောင်းတော် ကပိလရှင်ရသေ့၏ သစ်ရွက်မိုး သင်္ခမ်းကျောင်းအရပ်သို့ ရောက်လာကြ၍ အလောင်းတော် ရှင်ရသေ့က မေးမြန်းသဖြင့် ရှင်ရသေ့အား မိမိတို့ မြို့တည်ရန် မြို့ရာမြေ ရှာဖွေကြည့်ရှုလာကြကြောင်းကို လျှောက်ထားကြကုန်၏။ အလောင်းတော် ကပိလရှင်ရသေ့သည် လည်း ထိုအကြောင်းကိုသိ၍ ထိုမင်းသားတို့အပေါ် သနားတော်မူလှသဖြင့်-

မင်းသားတို့.. ဤငါ၏ သင်္ခမ်းကျောင်းနေရာ၌ တည်ထောင်အပ်သောမြို့သည် ဇမ္ဗူဒိပ်ကျွန်းအပြင်၌ အမြတ်ဆုံးသောမြို့ ဖြစ်လိမ့်မည်။ ဤမြို့၌ ဖွားမြင်သော ယောက်ျားတို့တွင် တယောက် တယောက်သော ယောက်ျားသည် အခြား တပါးသောအရပ်၌ ဖွားမြင်သော လူယောက်ျား အရာ အထောင်ကိုပင် လွှမ်းမိုး နိုင်နင်းခြင်းငှါ စွမ်းနိုင်ပေလိမ့်မည်၊ ထို့ကြောင့် ဤငါ၏သင်္ခမ်းကျောင်းနေရာ၌ မြို့သစ်တည်ထောင် ဖန်ဆင်းကြလေကုန်။ ဤငါ၏ ကျောင်းသင်္ခမ်းနေရာ၌ မင်းအိမ်နန်းတော် တည်ဆောက်ကြလေကုန်။ ဤနေရာမြေ၏ ကောင်းမွန် ထူးမြတ်ပုံကို ပြဆိုရသော် ဤအရပ်၌ အထောက်အမှီပြုရမူ ဒွန်းစဏ္ဍား၏ သားပင်သော်လည်း စကြဝတေးမင်း၏ အားစွမ်းဖြင့် အလွန် ချီးမွမ်းအပ်သူ ဖြစ်ပေလိမ့်မည်-

ဟူ၍ မိန့်ကြားတော်မူ၏။ မင်းသားတို့က “အရှင်ရသေ့.. ဤနေရာသည် အရှင်ရသေ့၏ နေဆဲ အသုံးပြုဆဲ နေရာဖြစ်သည် မဟုတ်ပါလော”ဟု လျှောက်ထားကြရာ



(ဂေ)

ကပိလရှင်ရသေ့က “မင်းသားတို့ ဤနေရာသည် ငါ၏ အသုံးပြုဆဲ နေရာဟူ၍ ထွေရာစဉ်းစား အကြံမများကြကုန်လင့်၊ ငါ၏အတွက် အစွန်အဖျား နံပါးတနေရာတွင် ကျောင်းသင်္ခမ်း ဆောက်လုပ်ကြပြီးလျှင် ငါညွှန်ပြရာ ဤနေရာ၌ပင် မြို့နန်း တည်ဆောက်ကြကုန်၊ မြို့၏ အမည်ကိုလည်း ကပိလဝတ္ထုဟူ၍ မှည့်ခေါ်ကြကုန်”ဟူ၍ မိန့်ကြားတော်မူ၏။

     ဥက္ကာမုခမင်းသား အမှူးရှိသော မင်းသားလေးယောက်တို့နှင့်တကွ မှူးမတ် စစ်သည် ဗိုလ်ပါတို့သည် အလောင်းတော် ကပိလရှင်ရသေ့ မိန့်ဆိုညွှန်ကြားသည့်အတိုင်း မင်းအိမ်နန်းတော်နှင့်တကွ မြို့ကို တည်ထောင်ကြပြီးလျှင် ထိုမြို့ ထိုပြည်ကို ကပိလဝတ္ထုမြို့ ကပိလဝတ္ထုပြည်ဟူ၍ မှည့်ခေါ်သမုတ်ကာ နေထိုင် ကြလေသည်။

သကျသာကီဝင်ဟု ဖြစ်ပွါးလာခြင်း

     ယင်းသို့ နေထိုင်ကြသဖြင့် မင်းသားတို့ အသက်ကြီးမြင့်၍ အိမ်ထောင်သင့်သောအရွယ်သို့ ရောက်လာသောအခါ မှူးမတ်အပေါင်းတို့သည် “အမတ်မင်းတို့.. ဤမင်းသားတို့သည် အရွယ်ရောက်ကြလေကုန်ပြီ၊ အကယ်၍ ထိုမင်းသားတို့၏ ခမည်းတော် ဩက္ကာကမင်းကြီး အနီး၌ရှိခဲ့ပါလျှင် ထိုခမည်းတော်မင်းကြီးသည် ဤမင်းသား မင်းသမီးတို့အား ထိမ်းမြားမင်္ဂလာ ပြုတော်မူလေရာ၏၊ ယခုသော်မူ အကျွန်ုပ်တို့၏ တာဝန်ဖြစ်ချေပြီ”ဟု ကြံစည် အောက်မေ့ကြပြီးလျှင် မင်းသားတို့နှင့် အတူတကွ တိုင်ပင်ကြကုန်၏။

     မင်းသားတို့ကလည်း “အို-အချင်း အမတ်တို့.. ဤအရပ်၌ ငါတို့နှင့် အမျိုးဇာတ်နွယ်တူသော မင်းသမီးများ မရှိကြကုန်၊ နှမတော်များနှင့် အမျိုးဇာတ်နွယ်တူသော မင်းသားများလည်း မရှိကြကုန်၊ အမျိုးဇာတ်နွယ် မတူသူချင်း ထိမ်းမြားပေါင်းဖက်ခြင်း ပြုလုပ်ခဲ့သော် ငါတို့မှ ဖွားမြင်သက်ဆင်းလာကြသော သားသမီးတို့သည် အဖမျိုးဘက်မှ၎င်း, အမိမျိုးဘက်မှ၎င်း မသန့်ရှင်း မစင်ကြယ်ကြ၍ အမျိုးဇာတ်နွယ် ရောယှက်ပျက်ပြားခြင်း = (ဇာတိသမ္ဘေဒ)သို့ ရောက်ကြကုန်လိမ့်မည်၊ သို့ရကား ငါတို့ မောင်နှမကိုးယောက်တို့တွင် အစ်မအကြီးဆုံးဖြစ်သော ပိယာမင်းသမီးကို အမိအရာ၌ တင်မြှောက်ကြ၍ ကြွင်းကျန်သော ငါတို့ မောင်လေး ယောက်နှင့် နှမလေးယောက်အားဖြင့် ရှစ်ယောက်တို့သည် အမျိုးဇာတ်နွယ် မရောမယှက် မပျက်ပြားစေခြင်းငှါ အချင်းချင်း ထိမ်းမြားစုံဖက်ခြင်းကို ပြုကြကုန်အံ့”ဟု တိုင်ပင် ညီညွတ်ကြပြီးလျှင် ထိုမင်းသားတို့သည် အစ်မအကြီးဆုံး ပိယာမင်းသမီးကို အမိအရာ၌ တင်မြှောက်ထားကြ၍ ဇာတ်နွယ်ရောယှက် ပျက်ပြားမည်ကို စိုးရွံ့ကြသောကြောင့်



(ဂဲ)

နှမတော်လေးဦးတို့နှင့် အစုံစီ အစုံစီ ထိမ်းမြားစုံမက် အိမ်ထောင်ဖက်ပြုလုပ် နေကြလေကုန်၏။

     ယင်းသို့ နေခဲ့ကြရာ ထိုဥက္ကာမုခ မင်းသားမင်းသမီး အစုံအစုံသော အိမ်ထောင်ရှင်တို့အား သားသမီးတို့ဖြင့် ပွါးစီးစည်ပင်ခြင်းသို့ ရောက်ခဲ့လေသည်။ ထိုသို့ ဥက္ကာမုခမင်းသား အမှူးရှိကုန်သော သားတော် သမီးတော်တို့ ကပိလဝတ်ပြည် တည်ထောင်ကြ၍ အခြားတပါးသောအမျိုးနှင့် အိမ်ထောင်ဖက်စပ် လက်ထပ် ထိမ်းမြားခြင်း မပြုကြပဲ မိမိတို့ အဖတူ အမိတူ မွေးချင်းသားချင်း အရင်းအချာ မောင်နှမအရင်း အချင်းချင်း ထိမ်းမြားအိမ်ထောင်မှု ပြုကြ၍ ကြီးပွါးချမ်းသာစွာ နေကြကြောင်းကို ခမည်းတော် ဩက္ကာကမင်းကြီး ကြားသိရလေသော် ခမည်းတော်မင်းကြီးသည် အလွန် ဝမ်းမြောက်လှသည်ဖြစ်၍ မှူးမတ်ဆွေမျိုး ပရိသတ်တို့အလယ်၌-

“သကျာ ဝတ ဘော ကုမာရာ = အို-အချင်းတို့.. ငါ၏ သားတော် သမီးတော်တို့သည် စွမ်းနိုင်ကြပေစွာ့တကား၊

ပရမာ သကျာ ဝတ ဘော ကုမာရာ = အို-အချင်းတို့.. ငါ၏ သားတော် သမီးတော်တို့သည် လွန်ကဲ မြင့်မြတ်ကုန်သည်ဖြစ်၍ စွမ်းနိုင်ကြပေစွာ့တကား-

ဟူ၍ ချီးကျူးစကား မြွက်ကြား ကျူးရင့်တော်မူလေသည်။

     ဤသို့ “သကျာ ဝတ = စွမ်းနိုင်ကြပေစွာ့တကား”ဟူ၍ ခမည်းတော် ဩက္ကာကမင်းကြီး ချီးကျူးစကား မြွက်ကြားကျူးရင့်ချက်အရ စွမ်းဆောင်နိုင်ခြင်း အနက်အဓိပ္ပါယ်ရှိသော သကျ-ဟူသော စကားကို အကြောင်းအစွဲပြု၍ ထိုဥက္ကာမုခစသော မင်းသား မင်းသမီးတို့နှင့်တကွ ထိုမင်းသား မင်းသမီးတို့မှ ဖွားမြင်သက်ဆင်းလာကြသော မင်းမျိုးအဆက်ဆက်တို့ကို သကျ = သာကိယ = သာကီဝင် = သာကီမျိုး = သာကီနွယ်တို့ဟူ၍ ခေါ်တွင်မှတ်သား ထင်ရှားခဲ့ကြကုန်တော့သည်။

(ဤကား သကျသာကီဝင်မင်းဟု ဖြစ်ပွါးလာခြင်းအကြောင်းတည်း။)

ကောလိယပြည် တည်ထောင်ခြင်းအကြောင်း

     ထိုမှနောက် အခါတပါး၌ ဥက္ကာမုခစသော မောင်နှမအိမ်ထောင်ရှင်တို့၏ အကြီးဆုံး အစ်မဖြစ်သော ပိယာမင်းသမီးမှာ ကုဋ္ဌရောဂါ နူနာစွဲကပ်လာခဲ့လေ၏။ ထိုမင်းသမီး၏ကိုယ်၌ ကလောပွင့် (သို့မဟုတ်) ပင်လယ်ကသစ်ပွင့်နှင့်တူသော အပိမ့် အဖု အကွက်တို့သည် ဖြစ်ပေါ်လာခဲ့ကုန်၏။



(ဂေါ)

     ထိုသို့ဖြစ်လာရကား မောင်ဖြစ်သော မင်းသားညီနောင်တို့သည် “ဤမျှ စက်ဆုပ်ဖွယ် နူနာရောဂါရှိသူ အစ်မကြီးပိယာနှင့် ငါတို့သည် အတူတကွ တပေါင်းတည်း နီးကပ်စွာ နေထိုင်စားသောက်ခြင်းအမှု ပြုကြကုန်သည်ရှိသော် ငါတို့အပေါ် ဤနူနာရောဂါ ကူးစက် ပြန့်ပွါး၍ လာပေလိမ့်မည်”ဟု ကြံစည်စဉ်းစား တိုင်ပင်ကြပြီးလျှင် တနေ့သ၌ ဥယျာဉ်ကစားသွားကြသည့် အနေကဲ့သို့ သွားဟန်ပြုကြကာ အစ်မကြီးပိယာကို ရထား၌ တင်ယူခဲ့ကြပြီး တောအရပ် လျောက်ပတ်သောနေရာသို့ ရောက်သည်တွင် လျောင်း, ထိုင်, ရပ်, သွား လေးပါးသော ဣရိယာပုထ်ဖြင့် မျှတလောက်ဖွယ်ရှိသော လေးထောင့်ကျင်းကြီးတခုကို တူးစေကြ၍ ထိုလေးထောင့်ကျင်း မြေတိုက်အတွင်း၌ စားသောက်ဖွယ်ရာ ရိက္ခာအပြည့်အစုံတို့ကို ထားသိုစီမံကြပြီးလျှင် ကျင်းထဲ၌ အစ်မကြီးပိယာကို ချထား၍ ဘေးရန်အန္တရာယ်တို့မှ ကာကွယ် လွတ်ကင်းနိုင်စေခြင်းငှါ ထိုလေးထောင့်ကျင်း၏ အထက်၌ ပျဉ်ချပ်အမိုးကို အုပ်မိုးဖုံးပိတ်ပြီးသော် ထိုပျဉ်ချပ်အမိုး၏ အစွန်းအနား ထိပ်ပြင်တို့၌ မြေမှုန့်တို့ဖြင့် အစုအမြောင်း မွမ်းမံပြုလုပ် ဖို့အုပ်ခဲ့ကြပြီးနောက် မိမိတို့၏ ကပိလ၀တ်နေပြည်တော်သို့ ပြန်ခဲ့ကြကုန်၏။

     ထိုစဉ်အခါတွင် ရာမအမည်ရှိသော ဗာရာဏသီမင်းသည် ကုဋ္ဌရောဂါ နူနာစွဲကပ်၍ ကိုယ်လုပ်မောင်းမစသော နန်းသူနန်းသား အခြွေအရံအပေါင်းတို့က စက်ဆုပ်ရွံရှာအပ်ရကား ထိတ်လန့်ခြင်း သံဝေဂဖြစ်သောကြောင့် သားတော်ကြီးအား မင်းအဖြစ် (မင်းစည်းစိမ်)ကို ဆောင်နှင်းအပ်နှံခဲ့ပြီးလျှင် တောသို့ဝင်၍ သစ်ရွက်မိုးတဲ ပြုလုပ် တည်ဆောက်ကာ သစ်မြစ်သစ်သီးတို့ကို စားသုံး၍ မကြာမြင့်မီပင် နူနာရောဂါ ကင်းရှင်း ရွှေရောင်အဆင်း ရှိသည်ဖြစ်၍ ထိုမှဤမှ လှည့်လည်ရာတွင် ပင်စည်ပင်လုံးကြီးမား၍ အတွင်း၌ကား အခေါင်းရှိသော သစ်ပင်တပင်ကို တွေ့ရှိ၍ ထိုသစ်ပင်၏အတွင်း၌ တဆယ့်ခြောက်တောင်ပမာဏ ကျယ်ဝန်းသော အရပ်ကို အပြေအပြစ်ဖြစ်အောင် သုတ်သင်ပြီးလျှင် ထွက်ဝင်ရန် တံခါးမ လေသာတံခါးတို့ကို၎င်း လှေကားကို၎င်း တပ်ဆင်၍ နန်းဆောင်ခန်းငယ်ပမာ ဖြစ်စေလျက် ထိုသစ်ခေါင်းအိမ်၌ပင် ကြိုတင်နေထိုင်နှင့်ဆဲ ဖြစ်လေသည်။

     ထိုရာမမင်းသည် မီးအိုးကင်းကြီးတခု၌ မီးကိုထည့်၍ ညဉ့်အခါ၌ သမင် တောဝက် စသည်တို့၏ အော်မြည်သံကို အရပ်ဌာနအားဖြင့် မှတ်သားနားထောင်ပြီး အိပ်လေ့ရှိပေ၏၊ နံနက်မိုးသောက် ရောက်သောအခါ ထို အသံကြားရာ အရပ်ဌာနသို့ သွားရောက်ကြည့်ရှု၍ ခြင်္သေ့ သစ် ကျား စသည်တို့၏ စားကြွင်းဖြစ်သော သမင်သား ဝက်သား စသည်တို့ကို ကောက်ယူဆောင်ကြဉ်းခဲ့ပြီးလျှင် ချက်ပြုတ်စားသောက်၍ နေလေ့ရှိပေ၏။



(ဂေါ်)

     တနေ့သ၌ ရာမမင်းနေရာနှင့် မနီးမဝေးဖြစ်သော ပိယာမင်းသမီး၏ နေထိုင်ရာ မြေအိမ်ကျင်းတိုက်မှ မင်းသမီး၏ ကိုယ်အနံ့ရသဖြင့် ကျားတကောင်သည် ထိုမင်းသမီးနေထိုင်ရာ ကျင်းတိုက်အမိုး ပျဉ်ချပ်ကို လက်သည်းတို့ဖြင့် ကုပ်ဖဲ့ ဖွင့်လှစ်လာသဖြင့် မင်းသမီးလည်း အလွန်ကြောက်ရွံ့ ထိတ်လန့်ရကား ကျယ်လောင်စွာ ဟစ်အော်သည်ရှိသော် ရာမမင်းသည် မိုးလင်းခါနီး၌ မီးအိုးကင်းဝယ် မီးထည့်၍ ထိုင်နေရင်းမှ ထိုအသံကိုကြားရ၍ “ဤအသံကား မိန်းမအသံတည်း”ဟု ဆင်ခြင် စဉ်းစားပြီးလျှင် နံနက်စောစော ထိုမင်းသမီးရှိရာ မြေတိုက်ကျင်းအနီးသို့ သွားရောက်၍ “ဤကျင်းတိုက်မြေအိမ်အတွင်း၌ ရှိသူကား အဘယ်သူနည်း”ဟု မေးမြန်းလေ၏။ “အကျွန်ုပ်ကား မိန်းမပါတည်း”ဟု ဖြေကြားလေလျှင် “အဘယ်အမျိုးအနွယ် ရှိသူနည်း”ဟု မေးမြန်းပြန်၏။ “အရှင်.. အကျွန်ုပ်ကား ဩက္ကာကမင်းကြီး၏ သမီးတော်ပါတည်း”ဟု ဖြေကြားလေလျှင် “အပြင်သို့ ထွက်ခဲ့လော့”ဟု ပြောဆိုပြန်၏။ “အရှင် အပြင်သို့ထွက်ရန် မတတ်နိုင်ပါ”ဟု ပြောဆိုလေလျှင် “အဘယ့်ကြောင့်နည်း”ဟု မေးမြန်း၍ “အရှင်.. အကျွန်ုပ်အား အရေဖျားရောဂါ ရှိပါသည်”ဟူ၍ ဖြေကြားသောအခါ ရာမမင်းသည် အလုံးစုံသော အကြောင်းခြင်းရာဖြစ်ပုံကို မေးမြန်း၍ ခတ္တိယမာန်ဖြင့် မထွက်လာသော မင်းသမီးကို “ငါသည်လည်း ခတ္တိယနွယ်ရိုး မင်းမျိုးပင်တည်း”ဟု မိမိ၏ မင်းအဖြစ်ကို သိစေပြီးလျှင် လှေကားချပေး၍ မင်းသမီးကို မြေကျင်းတိုက်ခန်းမှ ထုတ်ယူကာ မိမိ၏ နေရာအရပ်သို့ ဆောင်ကြဉ်းခဲ့ပြီးနောက် မိမိစားသုံးခဲ့သော ဆေးဝါးတို့ကိုပင် စားသုံးစေ၍ ထိုကုဋ္ဌရောဂါ နူနာပျောက်ကင်း ရွှေအဆင်းရှိသည်ကို ပြုပြီးလျှင် ထိုပိယာမင်းသမီးနှင့် အညီအညွတ် သဘောတူ အိမ်ထောင်ပြုလျက် နေလေ၏။

     ယင်းသို့ နေထိုင်ကြရာ ထိုပိယာမိဖုရားသည် နှစ်ယောက် နှစ်ယောက်ကုန်သော သားမြွာတို့ကို တဆယ့်ခြောက်ကြိမ်တိုင်တိုင် ဖွားမြင်သဖြင့် သားတော်ပေါင်း သုံးကျိပ်နှစ်ယောက်ရှိခဲ့၍ ထိုသားတော်များ အစဉ်သဖြင့် အရွယ်သို့ရောက် ကြီးမြောက်လာသောအခါ ခမည်းတော် ရာမမင်းသည် ထိုသားတော်တို့ကို မင်းသားတို့ တတ်မြောက်သင့်သမျှသော အတတ်ပညာတို့ကို သင်ကြားပေးလေသည်။

     တနေ့သ၌ ရာမမင်း၏ နေပြည်တော်ရင်းဖြစ်သော ဗာရာဏသီပြည်မှ တောလည်မုဆိုးတဦးသည် ဟိမဝန္တာ၏ အနီးအပါး နံပါးဖြစ်သော ထိုတောအရပ်သို့ ရတနာတို့ကို ရှာဖွေလှည့်လည် လာရောက်သည်တွင် ရာမမင်းကို တွေ့မြင်ရ၍ သိမှတ်ခဲ့ဘူးရင်းဖြစ်ရကား “အရှင်မင်းကြီး.. အကျွန်ုပ်သည် အရှင်မင်းကြီးတို့ကို ကောင်းစွာသိပါ၏”ဟု လျှောက်ဆိုသဖြင့် မိမိ၏တိုင်းတော် ပြည်တော် နိုင်ငံတော်အကြောင်း အလုံးစုံကို ထိုမုဆိုးအား မေးမြန်း ကြားနာစဉ်တွင်



(ဂံ)

သားတော်သုံးကျိပ် နှစ်ယောက်တို့သည် ထိုနေရာသို့ ရောက်ရှိလာကြကုန်၏။ မုဆိုးသည် ထိုမင်းသားတို့ကို မြင်၍ “အရှင်မင်းကြီး.. ဤသူငယ်တို့သည်ကား အဘယ်သူတို့နည်း”ဟု မေးမြန်းလေ၏၊ “ငါ၏ သားတော်တို့တည်း”ဟု ဖြေကြားလေသော် ထိုမင်းသားတို့၏ အမိဖက်မှ ဆင်းသက်လာသော အမျိုးအနွယ်ကို တဖန် မေးမြန်းသိရှိရ၍ မုဆိုးသည် “ဗာရာဏသီပြည့်ရှင်မင်းအား လျှောက်ကြားဖွယ် စကားလက်ဆောင်ကောင်းကို ငါရရှိပေပြီ”ဟူ၍ အောက်မေ့ကာ ဗာရာဏသီပြည်သို့ ပြန်ခဲ့ပြီးလျှင် ဗာရာဏသီမင်းအား ထို အကြောင်းအလုံးစုံကို လျှောက်ထားလေ၏။

     ရာမမင်း၏ သားတော်ဖြစ်သော ဗာရာဏသီ ပြည့်ရှင်မင်းသည်လည်း ခမည်းတော်ကို ပြန်လည်ပင့်ဆောင်ရပေတော့မည်ဟု အလွန်ဝမ်းမြောက်စွာ စစ်အင်္ဂါလေးပါးဖြင့် ခမည်းတော် ရာမမင်းရှိရာသို့ လာရောက်ပြီးလျှင် ခမည်းတော်ကို ရိုသေစွာရှိခိုးလျက် “ခမည်းတော်မင်းကြီ.. ဗာရာဏသီမင်းအဖြစ်ကို တဖန် လက်ခံတော်မူပါ”ဟူ၍ တောင်းပန်စကား လျှောက်ထားလေ၏။ ခမည်းတော် ရာမမင်းသည်လည်း “ချစ်သား.. ဗာရာဏသီမင်းအဖြစ်ကို ခမည်းတော် အလိုမရှိတော့ပြီ၊ ဗာရာဏသီပြည်သို့လည်း ငါမလိုက်တော့ပြီ၊ ဤအရပ်မှာပင် ငါ၏နေရာ ဤသစ်ပင်ကို ပယ်ရှား၍ ဤကလောပင်ကြီး၏နေရာကို ငါ၏စံအိမ်နန်း ဆောက်ထားလျက် ငါ့အလို့ငှါ မြို့နန်းအသစ် တည်ထောင်လော့”ဟု စေခိုင်းသဖြင့် သားတော် ဗာရာဏသီမင်းသည် ခမည်းတော်ရာမမင်း မိန့်ဆိုညွှန်ကြားတိုင်းပင် မြို့သစ်ကို တည်ထောင်လေ၏။

     ဤမြို့သစ်၏အမည်ကို ခမည်းတော်၏နေရာ ကလောပင်ကိုပယ်ရှား၍ မြို့တည်သောကြောင့် ကောလိယမြို့ ကောလိယပြည်ဟူ၍၎င်း, ကျားတို့သွားရာ လမ်းခရီးပေါ်၌ တည်ထားသောကြောင့် ဗျဂ္ဃပဇ္ဇမြို့ဟူ၍၎င်း အမည်နှစ်မျိုးလုံးပင် ခေါ်တွင် သမုတ်စေ၍ သားတော် ဗာရာဏသီမင်းသည် ခမည်းတော်ရာမမင်းကို ရှိခိုး၍ မိမိ၏မြို့သို့ ပြန်ခဲ့လေ၏။

     ရာမမင်းနှင့် ပိယာမိဖုရားတို့သည် ထိုကောလိယမြို့သစ်၌ စံနေခဲ့ကြရာ တနေ့သ၌ အရွယ်သို့ ရောက်လေပြီးသော သားတော်တို့ကို မယ်တော်ပိယာ မိဖုရားသည်-

“အမောင်သားတော်တို့.. အမောင်တို့၏ ဦးရီးတော်ဖြစ်ကြသော သာကီဝင်မင်းတို့သည် ကပိလဝတ်ပြည်၌ စိုးအုပ်စံနေကြကုန်၏၊ အမောင်တို့ ဦးရီးတော်များ၏ သမီးတော်တို့သည် ဤသို့ဤပုံ ထုံးနှောင်ဝတ်ဆင်မှု ရှိကြကုန်၏၊ ဤသို့ဤပုံ အသွင်အပြင် အနေအထား အမူအရာ ရှိကြကုန်၏၊ ထိုမင်းသမီးတို့ ရေချိုးရန် ရေချိုးဆိပ်သို့ လာကြသောအခါ



(ဂါး)

အမောင်တို့ နှစ်သက်မြတ်နိုးရာရာ မင်းသမီးတို့ကို ဆွဲကိုင် ခေါ်ငင်ကာ ဆောင်ကြဉ်းချေကြလော့”—

ဟူ၍ သင်ပြညွှန်ကြားလေ၏။

     မင်းသားတို့သည်လည်း မယ်တော်ညွှန်ကြား သင်ပြသည့်အတိုင်းပင် ကပိလဝတ်ပြည် ဦးရီးတော် သာကီဝင်မင်းတို့၏ သမီးတော်များ ရေချိုးရာဆိပ်သို့ သွားရောက် ကြည့်ရှုကြပြီးသော် ကိုယ်စီကိုယ်ငှ မိမိတို့ကြိုက်နှစ်သက်ရာ မင်းသမီးတို့ကို ကြည့်ရှု ရွေးချယ်ကြကုန်ပြီးလျှင် ထိုမင်းသမီးများ ရေချိုးပြီးစ ဆံပင်တို့ကို ခြောက်သွေ့စေသော ခဏ၌ မင်းသမီးတို့ကို ဆွဲယူကြကုန်လျက် မိမိတို့၏ အမည်နာမစသည်တို့ကို ပြောကြားကြကုန်၍ ဆောင်ကြဉ်းခဲ့ကြကုန်၏။

     ထိုအကြောင်းကို သာကီဝင်မင်းတို့ ကြားသိကြလေသော် “အချင်းတို့.. ရှိပစေ၊ ထိုကောလိယမင်းသားတို့သည် ငါတို့အစ်မကြီး၏ သားများဖြစ်ကြ၍ ငါတို့၏တူသား ဆွေမျိုးရင်းတို့သာ ဖြစ်ကုန်၏”ဟု ပြောဆိုကြကာ အပြစ်မယူ ကြည်ဖြူကျေနပ်ကြကုန်၍ ဆိတ်ဆိတ်သာ နေကြကုန်၏။

     ဤသို့ သကျသာကီဝင်နှင့် ကောလိယမင်းတို့ အချင်းချင်း ထိမ်းမြားမှု ပြုခဲ့ကြရာ ဘုရားမြတ်စွာ လက်ထက်တော်တိုင်အောင်ပင် အနွယ်အဆက် မပျက်ပဲ ဆင်းသက်ခဲ့လေသည်။

     ဤသို့အားဖြင့် သကျ သာကီဝင် မင်းမျိုးတို့သည် ဆွေမျိုးအရင်းအချာချင်း သန့်ရှင်းစင်ကြယ် တင့်တယ်မွန်မြတ်စွာပင် နွယ်ဇာတ်မျိုးရိုး ဖွံ့ဖြိုးပြန့်ပွါးခြင်းသို့ ရောက်ခဲ့ကုန်၏။ သကျသာကီဝင်တို့၏ အမွန်မူလဖြစ်သော ဩက္ကာကမင်းကြီးမှ မြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းတိုင်အောင် မျိုးရိုးနွယ်ဇာတ် ပြတ်ခြားကွဲပြားခြင်း မရှိခဲ့သောကြောင့် ဤသကျသာကီဝင်တို့သည် “အသမ္ဘိန္န ခတ္တိယနွယ်တော်စင်”ဟု ရာဇဝင်အထွတ်အဖျား ကြီးပွါးမြင့်မြတ်ခြင်းသို့သာ ရောက်ခဲ့ကြကုန်၏။

ဒေဝဒဟပြည် တည်ထောင်ကြောင်း

     ကပိလဝတ်ပြည်၌ နေကြကုန်သော သာကီဝင်မင်းတို့သည် နှလုံးမွေ့လျော်ဖွယ်ရာ သာယာတင့်တယ်သော ရေအိုင်ကြီးတခုသို့ သွားရောက်ကြကုန်၍ ရေကစားလေ့ ရှိကြကုန်သည်။ ထိုရေအိုင်သည် သာကီဝင်မင်းတို့၏ ရေကစားရာ အိုင်ဖြစ်သောကြောင့် ဒေဝဒဟ-ဟု အမည်တွင်ခဲ့လေသည်။ (ဒေ၀ = သမ္မုတိ နတ်ဖြစ်သော သာကီဝင်မင်းတို့၏ + ဒဟ = ရေကစားရာ ရေအိုင်ဟု ဆိုလိုသည်)။



(ဃ)

     နောက်အခါတွင် ဤရေအိုင်သို့ ရေကစားလာကြသော သာကီဝင်တို့သည် ကပိလဝတ် ပြည်သို့ မပြန်ကြပဲ ထိုရေအိုင်၏အနီး၌ တည်းခိုစံနေရာ မင်းတဲ (မင်းကွန်း)တည်ဆောက် နေထိုင်ခဲ့ကြရာမှ အစဉ်သဖြင့် စည်ကား ကြီးကျယ်၍ တိုင်းပြည် တပြည်အဖြစ်သို့ ရောက်လာရကား ထိုဒေဝဒဟရေအိုင်ကို အစွဲပြု၍ ထိုပြည်၏အမည်ကိုလည်း ဒေဝဒဟပြည်ဟုပင် ခေါ်ဝေါ် သမုတ်ကြကုန်တော့သည်။

     ထိုပြည်၌ စံနေကြသော သာကီဝင်မင်းတို့သည်လည်း ထိုပြည်ကိုပင် အစွဲပြု၍ ဒေဝဒဟသာကီဝင်ဟူ၍ အမည်တွင်ကြလေကုန်သည်။

(ဥပရိပဏ္ဏာသအဋ္ဌကထာ ဒေဝဒဟသုတ်အဖွင့် စာမျက်နှာ ၁-ကို အမှီပြုသည်။)

ဥက္ကာမုခသာကီဝင်မင်းဆက်အကြောင်း

     ကပိလဝတ်ပြည်, ကောလိယပြည်, ဒေဝဒဟပြည် ဤသာကီဝင် သုံးပြည်ထောင်တို့တွင် ကပိလဝတ်ပြည်ကို တည်ထောင်သော-

(၁) ဥက္ကာမုခမင်း (ဤမင်း၏ ခံတွင်းမှလည်း စကားပြောဆိုသောအခါ ခမည်းတော် ဩက္ကာကမင်းကြီးကဲ့သို့ပင် ဝင်းဝင်းလက်လက် စက်ရောင်ထွက်သည်)၊

(၂) ထိုမင်း၏ သားတော် နိပုဏမင်း၊

(၃) ထိုမင်း၏ သားတော် စန္ဒိမမင်း၊

(၄) ထိုမင်း၏ သားတော် စန္ဒမုခမင်း၊

(၅) ထိုမင်း၏ သားတော် သိဝိမင်း၊

(၆) ထိုမင်း၏ သားတော် သိဉ္စယမင်း (သိဉ္စည်းမင်း)၊

(၇) ထိုမင်း၏ သားတော် အလောင်းတော် ဝေဿန္တရာမင်း၊

(၈) ထိုမင်း၏ သားတော် ဇာလီမင်း၊

(၉) ထိုမင်း၏ သားတော် သီဟဝါဟနမင်း၊

(၁ဝ) ထိုမင်း၏ သားတော် သီဟဿရမင်း၊

     ဤတကျိပ်သော သာကီဝင် မင်းမျိုးတို့သည်၎င်း, တဖန် ထိုသီဟဿရမင်း၏ သားမြေးမြစ် အဆက်ဆက် ဖြစ်ကုန်သော ဇေယျသေနမင်း အဆုံးရှိသည့် ရှစ်သောင်း နှစ်ထောင်ကုန်သော သာကီဝင်မင်းတို့သည်၎င်း သက္ကတိုင်း ကပိလဝတ်ပြည်ကြီး၌ အဆက်ဆက်သော မင်းတို့ ဖြစ်ကြကုန်၏။



(ဃာ)

     ထို ရှစ်သောင်း နှစ်ထောင် တကျိပ်သော သာကီဝင်မင်းတို့တွင် အဆုံးစွန်ဖြစ်သော ဇေယျသေနမင်း၌ သားတော် သီဟဟနု, သမီးတော် ယသောဓရာဟူ၍ နှစ်ယောက်ရှိ၏။

     ထိုခေတ်အခါတွင် ဒေဝဒဟပြည်၌ စိုးစံလျက်ရှိသော ဥက္ကာသက္ကမင်းနှင့် ယသဝတီ မိဖုရားကြီးတို့၌ သားတော်အဉ္စန, သမီးတော် ကဉ္စနာဟူ၍ နှစ်ယောက်ပင် ရှိ၏။

     ထိုသို့ သားတော် သမီးတော် နှစ်ယောက်စီ ရှိကြရာဝယ် ကပိလဝတ်ပြည် ဇေယျသေနမင်း၏ သားတော် သီဟဟနုမင်းသားနှင့် ဒေ၀ဒဟပြည် ဥက္ကာသက္ကမင်း၏ သမီးတော် ကဉ္စနာမင်းသမီးတို့ကို စုံဖက်ထိမ်းမြား၍ သားတော်ငါးယောက် သမီးတော် နှစ်ယောက်အားဖြင့် သားတော် သမီးတော် ခုနစ်ယောက် ထွန်းကား ဖြစ်ပွါးခဲ့လေသည်။ သားတော် ငါးယောက်တို့ဟူသည်ကား (၁) သုဒ္ဓေါဒန၊ (၂) အမိတောဒန၊ (၃) ဓောတောဒန၊ (၄) သက္ကောဒန၊ (၅) သုက္ကောဒန ဤငါးယောက်တို့ ဖြစ်ကုန်၏။ (သုတ္တနိပါတ်အဋ္ဌကထာ ဒုတိယအုပ် သမ္မာပရိဗ္ဗာဇနီယသုတ်အဖွင့်အတိုင်း ဖော်ပြသည်။) သမီးတော် နှစ်ယောက်တို့ ဟူသည်ကား (၁) အမိတ္တာမင်းသမီး၊ (၂) ပါလိတာမင်းသမီး ဤနှစ်ယောက်တို့ ဖြစ်သည်။

     ထို့ပြင်တဖန် ဒေဝဒဟပြည် ဥက္ကာသက္ကမင်း၏ သားတော် အဉ္စနမင်းသားနှင့် ကပိလဝတ်ပြည် ဇေယျသေနမင်း၏ သမီးတော် ယသောဓရာ မင်းသမီးတို့ကို စုံဖက်ထိမ်းမြား၍ သားတော်နှစ်ယောက် သမီးတော်နှစ်ယောက် ပေါင်း လေးယောက် မွေးဖွားဖြစ်ပွါးခဲ့လေသည်။ (ဤ၌ အဉ္စနမင်း၏အမည်ကို မဟာသုပ္ပဗုဒ္ဓဟူ၍လည်း ခေါ်ဆိုဖွင့်ပြကြ၏။) သားတော်နှစ်ယောက်တို့ ဟူသည်ကား (၁) သုပ္ပဗုဒ္ဓမင်းသားနှင့် (၂) ဒဏ္ဍပါဏိ မင်းသားတို့တည်း၊ သမီးတော်တို့ ဟူသည်ကား (၁) သီရိမဟာမာယာမင်းသမီးနှင့် (၂) ပဇာပတိဂေါတမီ မင်းသမီးတို့ ဖြစ်ကုန်၏။

     သီဟဟနုမင်း၏ သားတော် သုဒ္ဓေါဒနမင်းသားနှင့် အဉ္စနမင်း၏ သမီးတော် သီရိမဟာမာယာမင်းသမီး ပဇာပတိဂေါတမီမင်းသမီး ဤညီအစ်မ နှစ်ပါးစုံတို့ကို စုံဖက်ထိမ်းမြားရာတွင် အစ်မတော် သီရိမဟာမာယာမိဖုရားကြီးမှ အလောင်းတော် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်တော်မူသည်။ ညီမတော် ပဇာပတိဂေါတမီ မင်းသမီးမှ သမီးတော် ရူပနန္ဒာမင်းသမီး, သားတော် နန္ဒမင်းသားတို့ကို ဖွားမြင်တော်မူသည်။



(ဃိ)

     ဤသို့ အကျဉ်းမျှပြဆိုခဲ့သော စကားအစဉ်အားဖြင့် ကပိလဝတ်ပြည်ကို စတင် တည်ထောင်ခဲ့သော ဥက္ကာမုခမင်းမှစ၍ ထိုမင်း၏ သားမြေး အဆက်ဆက် သီဟဿရမင်းတိုင်အောင် မင်းပေါင်း (၁၀) တကျိပ်၊

     ထိုသီဟဿရမင်း၏ သားမြေး အဆက်ဆက် ဇေယျသေနမင်းတိုင်အောင် မင်းပေါင်း (၈၂၀၀၀) ရှစ်သောင်းနှစ်ထောင်၊

(၁) ထိုဇေယျသနမင်း၏သား သီဟနုမင်း၊

(၂) ထိုမင်း၏သားတော် သုဒ္ဓေါဒနမင်း၊

(၃) ထိုမင်း၏သားတော် အလောင်းတော် သိဒ္ဓတ္ထမင်း၊

ဤသို့လျှင် သုံးရပ်ပေါင်း (၈၂၀၁၃) ရှစ်သောင်းနှစ်ထောင် တကျိပ်သုံးယောက်ကုန်သော သာကီဝင်မင်းတို့သည် ကပိလဝတ်နေပြည်တော်၌ စိုးစံသော အသမ္ဘိန္န သကျသာကီဝင် ဘုရင်မင်းမြတ်တို့ချည်းသာလျှင် ဖြစ်ကုန်၏။ (ဤကား ကပိလဝတ်ပြည် သာကီဝင်မင်းဆက်တို့ကို အကျဉ်းမျှ ပြဆိုခြင်းတည်း)။

     ရှေးဖော်ပြခဲ့ပြီးသော ကပ်ဦးအစ မဟာသမ္မတမင်းမှစ၍ ဩက္ကာကမင်းတိုင်အောင် မင်းပေါင်း (၂၅၂၅၅၆) နှစ်သိန်း ငါးသောင်း နှစ်ထောင့် ငါးရာ ငါးကျိပ် ခြောက်ယောက်တို့နှင့် ယခုမင်းဆက် ဥက္ကာမုခမင်းမှစ၍ ဘုရားအလောင်း တော်သိဒ္ဓတ္ထမင်းတိုင်အောင် သာကီဝင်မင်းပေါင်း (၈၂၀၁၃) ရှစ်သောင်း နှစ်ထောင်တကျိပ် သုံးယောက်တို့ကို ပေါင်း၍ အလုံးစုံ မင်းဆက်ပေါင်းကား (၃၃၄၅၆၉) သုံးသိန်း သုံးသောင်း လေးထောင့် ငါးရာ ခြောက်ကျိပ် ကိုးယောက်တို့ ဖြစ်ကုန်၏။

     ထို့ကြောင့် မဟာသုတကာရီ မဃဒေဝလင်္ကာကျမ်း ဒုတိယပိုင်း (၁) ရာဇဝင်ခဏ်း ပိုဒ်ရေ (၃၂-၃၃)တို့၌-

(၃၂) ထိုဩက္ကာက၊ ရာဇိန္ဒ၏၊ တကွမပြား၊ လေးယောက်သားနှင့်၊ ငါးပါးသမီး၊ နတ်ရွယ်ညီးတို့၊ တောကြီးဟေမာ၊ ထွက်ကြလာ၍၊ မဟာဣသိန္ဒ၊ တာပသ၏၊ သာကဝနေ၊ ကျောင်းရာမြေဝယ်၊ ဇေယျာနက်သန်၊ အောင်ကွက်မှန်နှိုက်၊ ဗိမာန်ထီးနန်း၊ တည်ဖန်ဆန်း၍၊ ပြဋ္ဌာန်းနာမ၊ တိုင်းသက္ကနှင့်၊ ကပိလဝတ္ထု၊ ပြည်သေတ္တုဟု၊ ဇမ္ဗုဦးစွန်း၊ မော်ကွန်းသိင်္ဂီ၊ ထိုးစိုက်စီလျက်၊ နောင်ညီလေးပါး၊ နှောင်းဖွားရွယ်လှ၊ ငယ်နှမတို့၊ ဝံသမပြား၊ မျိုးမခြားအောင်၊ စုလျားပတ်နှောင်၊ ပြည်တည်ထောင်ပြီး၊ ယခေါင်နောင်မင်း၊ အာခံတွင်းက၊ ဝင်းဝင်းပြောင်ဝါ၊ စက်ရောင်ဖြာသား၊ ဥက္ကာမုခ၊ မင်းကဆင့်ပွါး၊ သားနိပုဏ၊ စန္ဒိမနှင့်၊ စန္ဒမုခ၊ ထိုမှသိဝိ၊ ထိုပြီ့းသိဉ္စည်း၊ ကျော်သည်းဝေဿန်၊ ဘုန်းအန်ထန်ပြင်း၊



(ဃီ)

ဇာလီမင်းက၊ သားရင်းသီဟ၊ ဝါဟနနှင့်၊ တေဇလွှံပတ်၊ သီဟဿရ၊ မင်းမှစ၍၊ သကျမျိုးမြတ်၊ သာကီဇာတ်တို့၊ မပြတ်သမ္ဘိန်၊ ထွန်းခဲ့ထိန်ရှင့်၊ ဇေယျသိန်မင်းဖျား၊ သားသီဟနု၊ အတုလွတ်ကျော်၊ သုဒ္ဓေါ်မင်းမြတ်၊ လောင်းသိဒ္ဓတ်ဟု၊ အထွတ်ဆုံးတိုင်၊ နှုန်းမပြိုင်အောင်၊ မဏ္ဍိုင်ဌာနီ၊ ပြည်ကပီဝယ်၊ သာကီမင်းပေါင်း၊ ရှစ်သောင်းအခေါင်၊ နှစ်ထောင်တွက်ကျုံး၊ တကျိပ်သုံးတို့၊ ကျွန်းလုံးကျော်ဟိုး၊ နတ်နှယ်မိုး၍၊ နေမျိုးပေါ်တွင်၊ ညွန့်ဖူးတင်သည်၊ ၊ရာဝင်ဒုတိယ ရွှေကျမ်းတည်း။-

ဟူ၍၎င်း,

(၃၃) ဤသို့လျှင်တိ၊ မဟာဝင်လျဉ်၊ ရာဝင်စဉ်တွင်၊ ဓမ္မဉ္စရ၊ ရာဇညတို့၊ သမ္မတဂိုဏ်း၊ ဥက္ကာဂိုဏ်းဟု၊ နှစ်ပိုင်းအစု၊ ဂိုဏ်းကြီးပြု၍၊ တိုင်းပြုပြည်ပြု၊ အစိတ်ရှုက၊ စတုဝီသ၊ အစုရ၏။ ထိုမျှရာဇာ၊ စောချုပ်ခြာတို့၊ သင်္ချာသရုပ်၊ နှစ်ပါးအုပ်ပြီး၊ အချုပ်ထိန်းသော်၊ သုံးသိန်းသုံးသောင်း၊ လေးထောင့်ငါးရာ၊ ခြောက်ကျိပ်သာ၍၊ နောက်မှာအစွန်း၊ ကိုးယောက်ထွန်းသည်၊ ၊မော်ကွန်းတင်ပြ မှတ်ကြမင်းစဉ် အကျဉ်းတည်း။-

ဟူ၍၎င်း ရေးသားစပ်ဆိုခဲ့လေပြီ။

     အဉ္ဇနမင်း၏သားတော် သုပ္ပဗုဒ္ဓမင်းသားနှင့် သီဟဟနုမင်း၏သမီးတော် အမိတ္တာတို့ကို စုံဖက်ထိမ်းမြားရာတွင် သမီးတော် ဘဒ္ဒကဉ္စနာ = ယသောဓရာ မင်းသမီးနှင့် သားတော် ဒေဝဒတ်မင်းသားတို့ကို ဖွားမြင်လေသည်။

     ကပိလဝတ်ပြည့်ရှင် ဘုရင်သုဒ္ဓေါဒနမင်းကြီးနှင့် သီရိမဟာမာယာ မိဖုရားကြီးတို့၏ သားတော် အလောင်းတော် သိဒ္ဓတ္ထမင်းသားနှင့် ဒေဝဒဟပြည့်ရှင် ဘုရင်သုပ္ပဗုဒ္ဓမင်းနှင့် အမိတ္တာမိဖုရားတို့၏ သမီးတော် ဘဒ္ဒကဉ္စနာ = ယသောဓရာ မင်းသမီးတို့ကို စုံဖက် ထိမ်းမြားရာတွင် သားတော်ရာဟုလာ မင်းသားကို ဖွားမြင် လေသည်။

(မြတ်စွာဘုရား အလောင်းတော် သိဒ္ဓတ္ထမင်းမှာ ဤရာဟုလာမင်းသားမှတပါး အခြားသားတော် တဦးတယောက်မျှ မရှိချေ၊ အချို့ ဗုဒ္ဓဝင်ကျမ်းငယ်တို့၌ အလောင်းတော် သိဒ္ဓတ္ထမင်းမှာ ယသောဓရာမှတပါး အခြားသော မိဖုရားငယ် မောင်းမမိဿံတို့မှ ဖွားမြင်သော သားတော်များ ရှိသေးလေဟန် ကြံဖန်ရေးသား ကြသော်လည်း သာသနာတော် ကျမ်းဂန်တို့၌ အရိပ်အငွေ့မျှမရှိ၊ ရာဟုလာ သားတော်တပါးသာ ရှိကြောင်း



(ဃု)

ဖွင့်ပြသဖြင့် သားတော်ရာဟုလာ တပါးတည်းဟူ၍သာ အခိုင်အမာ မှတ်ယူကြစေကုန်သတည်း။)

မြတ်စွာဘုရား၏ဘိုးတော် အဉ္ဇနမင်းကြီး

သက္ကရာဇ်ဖြိုခြင်းအကြောင်း

     မြတ်စွာဘုရား၏ ဘိုးတော် (သီရိမဟာမာယာဒေဝီ၏ ခမည်းတော်) ဒေဝဒဟပြည့်ရှင် ဘုရင်အဉ္ဇနမင်းကြီးသည် မိမိ၏ ခေတ်လက်ထက်၌ ရှိရင်းစွဲ ရောက်ဆဲဖြစ်သော ဂေါဇာသက္ကရာဇ် (၈၆၄၉) ရှစ်ထောင် ခြောက်ရာ လေးဆယ့်ကိုးခုကို ထိုနှစ် တပေါင်းလကွယ် စနေနေ့အထိ ဖြိုပြီးလျှင် (= ဗေဒင်နည်းအရ ဖျောက် ချေပယ်ဖျက် စွန့်ပစ်လိုက်ပြီးလျှင် (တနည်း) ထိုရေးမှတ်ခဲ့သော သက္ကရာဇ်အရေအတွက်ကို ရေးမှတ်သုံးစွဲခြင်း မပြုကြရန် စီမံပြဋ္ဌာန်းပြီးလျှင်) တန်းခူးလဆန်း ၁-ရက် တနင်္ဂနွေနေ့ကိုအစပြု၍ သက္ကရာဇ်တခုကို ထားလေသည် (= ထိုအခါကစ၍ သက္ကရာဇ်တခုကို အသုံးပြုရန် ပြဋ္ဌာန်းခဲ့သည်)။ ထိုသက္ကရာဇ်ကို မဟာသက္ကရာဇ်ဟူ၍ နောက်အခါ၌ ခေါ်ဝေါ်ကြ၏။

     ဤသို့ သက္ကရာဇ်ဖြိုခြင်း အကြွင်းတခုကိုထားခြင်း အကြောင်းတို့ကို ပြဆိုချက်တို့မှာ ရာဇဝင်တို့၌ပြဆိုသော လောကသင်္ကေတ စကားတို့သာ ဖြစ်ကုန်၏။ စင်စစ်ကား သက္ကရာဇ်ဖြိုသော အကြောင်းအရာနှင့် ရောက်လာသောနှစ်ကို မှတ်သားချက် သက္ကရာဇ်ဟူသော အခေါ်အဝေါ် ဝေါဟာရ ကောဇာ+ဂေါဇာဟူသော အသုံးအနှုန်းတို့သည် သင်္ဂါယနာတင် ကျမ်းဂန်တို့၌ မပါရှိခဲ့ကုန်ချေ။ လောကအကြောင်းဆိုင်ရာ ဗေဒင်ကျမ်း ရာဇဝင်ကျမ်းတို့၏ အဆို အလိုအားဖြင့်သာ ရှိခဲ့ကုန်၏။ ထိုလောကအသုံးအဆောင် ဗေဒင် ရာဇဝင်ကျမ်းဂန်တို့၌ ရှိကြသော နည်းနာ အသုံးအနှုန်းတို့ကိုပင် နှစ်ပရိစ္ဆေဒ အချိန်ကာလတို့ကို မှတ်သားလွယ်ကူရန် အကျိုးငှါ မြန်မာပြည် ပုဂံခေတ် ပင်းယခေတ်စသောကာလ ကျမ်းပြုဆရာ ပညာရှိ အဆက်ဆက်တို့ ယူငင်သုံးစွဲ ရေးမှတ်ခေါ်ဝေါ်ခြင်းအမှု ပြုခဲ့ကုန်သည်။

သက္ကရာဇ် + သကရာဇ်၊ ကောဇာ + ဂေါဇာ

ရေးထုံးများအကြောင်း

     ဤသက္ကရာဇ် + သကရာဇ်၊ ကောဇာ + ဂေါဇာ ရေးထုံးများအကြောင်း သမန္တစက္ခုဒီပနီကျမ်း ဒုတိယတွဲ၌ မုံရွေးဇေတဝန် ဆရာတော်ဘုရား အကျယ် ဖြေဆိုရေးသားပြီး ရှိလေပြီ။ ထိုဝိနိစ္ဆယအဆုံး၌ ဆရာတော်ကြီး၏ နှလုံးသွင်း ယူဆချက်ကို-



(ဃူ)

ဤသို့စသည်ဖြင့် နည်းနာနယ များစွာပင် တွေ့မြင်ကြားသိရဘူး၏၊ ကာလဒေသအလျောက် သင်္ကေတပညတ် မှတ်ထား ရေးသားရရုံမျှသာ အကျိုးရှိသည်၊ ထိုအရေးအသား အမှတ်အက္ခရာ တိမ်းယိမ်းသည် ဟူ၍ သံသရာရေး လျော့ပါးနွမ်းနယ်ကောင်းသော အရာမဟုတ် ဖြစ်၍တကြောင်း၊ ဤသို့သော အရေးကို အတပ်မှန် သိရသဖြင့် ဝဋ်တရားမှ ထွက်မြောက်နိုင်အောင် အကျိုးဆောင်သောပညာ သမ္မာဒိဋ္ဌိဉာဏ်၏ အာရုံမဟုတ်သည်လည်း တကြောင်းဖြစ်၍ ငါတို့အလိုကား လျော်ရာ လျော်ရာ သင့်ကြလေသည်ချည်းပင် ဖြစ်တော့သည်ဟူ၍ နှလုံးသွင်းသင့်မည် ထင်ပေသည်-

ဟူ၍ ရေးသားတော်မူချက်ကား အလွန်နှစ်သက်ဖွယ် ကောင်းလှပေ၏။

     အချုပ်အားဖြင့် လူများကို ထိန်းစောင့်ခြင်းငှါစွမ်းနိုင်သော မင်းတို့ စီမံပြဋ္ဌာန်းသော နှစ်အပိုင်းအခြား အမှတ်အသားဖြစ်၍ သက္ကရာဇ်ဟူ၍၎င်း၊ သကမည်သောမင်း စီမံပြဋ္ဌာန်းသော နှစ်အပိုင်းအခြား အမှတ်အသားဖြစ်၍ သကရာဇ်ဟူ၍၎င်း၊ နေလတို့၏ အသွားအလာ အချိန်အပိုင်းအခြားကို ကောဇာဟူ၍၎င်း ဂေါဇာဟူ၍၎င်း ခေါ်ဝေါ်ပညတ် သမုတ်အပ်လေသည်။ ။(သက္ကရာဇပုဒ်မှ သက္ကရာဇ်ဟူသော ဝေါဟာရ ဖြစ်ပေါ်လာသည်။ သက္က = လူများကို ထိန်းစောင့်ခြင်းငှါ စွမ်းနိုင်သော + ရာဇ = မင်း၊ သက္ကရာဇ = လူများကို ထိန်းစောင့်ခြင်းငှါ စွမ်းနိုင်သော မင်းတို့ စီမံပြဋ္ဌာန်းသတ်မှတ်အပ်သည့် နှစ်အပိုင်းအခြား သက္ကရာဇ်ဟု ဆိုလိုသည်။ ။သကရာဇပုဒ်မှ သကရာဇ်ဟူသော ဝေါဟာရ ဖြစ်ပေါ်လာသည်။ သက = သကမည်သော + ရာဇ = မင်း၊ သကရာဇ = သကမည်သောမင်း စီမံပြဋ္ဌာန်း သတ်မှတ်အပ်သည့် နှစ်အပိုင်းအခြား သကရာဇ်ဟု ဆိုလိုသည်။ ။ကောဇာ + ဂေါဇာ ဟူသည်၌ ကောသဒ္ဒါ နေဟော၊ ဂေါသဒ္ဒါ နေလနှစ်ပါးဟော ဖြစ်သည်။ ဇာသဒ္ဒါ လှည့်လည်သွားလာခြင်းဟောဖြစ်၍ နေလတို့၏ အသွားအလာ တဆယ့်နှစ်ရာသီခွင်တွင် တပါဒ် တပါဒ်ပြည့်သော အချိန်အပိုင်းအခြားကို ကောဇာနှစ် ဂေါဇာနှစ် တနှစ် တနှစ်ဟူ၍ ခေါ်ဆိုလေသည်။ ဂေါစာရ်နှစ်ဟူ၍လည်း ရေးစမှတ် ပြုကြပေ၏)။

ကလိယုဂ်နှင့် သက္ကရာဇ်အသုံး

     သက္ကရာဇ်ဟူသော စကား၏ ရှေ့မှ ကလိယုဂ်ဟူသော ဝိသေသနပုဒ် ထည့်၍ “ကလိယုဂ်သက္ကရာဇ် နှစ်ပေါင်း ဤမျှ”ဟူ၍ သုံးနှုန်းရာ၌ ကလိယုဂ်ဟူသည်နှင့် သက္ကရာဇ်ဟူသည် အနက်တူ မဟုတ်ပေ၊ ကလိယုဂ်ဆန်းသော ခေတ်တွင် သက္ကရာဇ်နှစ်ပေါင်း ဤမျှဟူ၍ ဆိုလိုရင်းဖြစ်သည်။ အနည်းငယ် ထင်ရှားစေဦးအံ့..၊



(ဃေ)

     အန္တရကပ်ခေါ်သော တက်ကပ်ဆုတ်ကပ် တစုံတစုံအနက် တက်ကပ်၌ ကတယုဂ် တြေတာယုဂ် ဒွါပရယုဂ် ကလိယုဂ်ဟူ၍ ယုဂ်လေးပါး (နှစ်ပရိစ္ဆေဒ)တို့ အလှည့်အလည် ဆန်းတုံ ကွယ်တုံ ရှိခဲ့ရာ ထိုယုဂ်လေးပါး ဆန်းကြ ကွယ်ကြသည့် အကြိမ်ပေါင်း ခြောက်ဆယ်ပြည့်မှ တက်ကပ်တကပ်ဆုံး၏။ ဆုတ်ကပ်၌လည်း ထိုနည်းအတူပင်တည်းဟူ၍ လောကီကျမ်းတို့၌ အဆိုရှိသည်။ ထိုယုဂ် လေးပါးတို့တွင် ရှေးဦးစွာ ကတယုဂ်သည် နှစ်ပေါင်း (၁၇၂၈၀ဝ၀) တသန်း ခုနစ်သိန်း နှစ်သောင်း ရှစ်ထောင် အရေအတွက်ရှိ၏။ ထို့နောင် တြေတာယုဂ် ဆန်း၏၊ ထိုတြေတာယုဂ်သည် နှစ်ပေါင်း (၁၂၉၆ဝဝဝ) တသန်း နှစ်သိန်း ကိုးသောင်း ခြောက်ထောင် အရေအတွက်ရှိ၏။ ထို့နောင် ဒွါပရယုဂ် ဆန်း၏၊ ထိုဒွါပရယုဂ်သည် နှစ်ပေါင်း (၈၆၄၀၀၀) ရှစ်သိန်း ခြောက်သောင်း လေးထောင် အရေအတွက်ရှိ၏။ ထို့နောင် ကလိယုဂ်ဆန်း၏၊ ထိုကလိယုဂ်သည် နှစ်ပေါင်း (၄၃၂၀၀၀) လေးသိန်း သုံးသောင်း နှစ်ထောင် အရေအတွက်ရှိ၏။ (ကလိယုဂ်နှစ်တွင် တဆတိုးလျှင် ဒွါပရယုဂ်သက်၊ နှစ်ဆတိုးလျှင် တြေတာယုဂ်သက်၊ သုံးဆတိုးလျှင် ကတယုဂ်သက်ဖြစ်သည်ကို သတိပြုရာ၏။) ယုဂ်လေးပါးအပေါင်း နှစ်ပရိစ္ဆေဒသော်ကား (၄၃၂ဝဝဝဝ) လေးသန်း သုံးသိန်း နှစ်သောင်း အရေအတွက်ရှိ၏။

     ကတယုဂ် နှစ်ပိုင်းတွင် သတ္တဝါတို့ ခြေလေးချောင်းထောက်၍ နေသကဲ့သို့ သတ္တဝါတို့ကို လေးပုံပုံလျှင် လေးပုံလုံး တရားစောင့်ကြ၏။ တြေတာယုဂ်တွင် ခြေသုံးချောင်းထောက်၍ နေသကဲ့သို့ လေးပုံသုံးပုံသာလျှင် တရားစောင့်၍ ကျန်တပုံကား တရားမစောင့် ရှိ၏။ ဒွါပရယုဂ် နှစ်ပိုင်းတွင် လေးပုံ နှစ်ပုံ (တဝက်သာ) တရားစောင့်၍ ကျန်နှစ်ပုံ (တ၀က်)ကား တရားမစောင့် ရှိ၏။ ကလိယုဂ်နှစ်ပိုင်းတွင် လေးပုံ တပုံသာ တရားစောင့်၍ ကျန်သုံးပုံကား တရားမစောင့် ရှိ၏။

     အကျွန်ုပ်တို့၏ဆရာ ဂေါတမနွယ်ဖွား မြတ်စွာဘုရားသည် ကလိယုဂ်နှစ်ပေါင်း (၂၅၇၀) နှစ်ထောင် ငါးရာ ခုနစ်ဆယ်မြောက်တွင် ပွင့်ထွန်းတော်မူကြောင်းကို ဂေါတမပုရာဏ်ကျမ်း ပဌမကဏ္ဍ၌-

ကလေရာရဗ္ဘတော သုည-သတ္တပဉ္စဒုကေ ဂတေ။

သံဝစ္ဆရေ ဗဘုဝ ဝေ၊ ဓမ္မဝိဒေါ ဂေါတမာဘိဓော။

     ကလိယုဂ်နှစ်ဆန်းသည်မှ နှစ်ပေါင်း (၂၅၇၀) နှစ်ထောင် ငါးရာ ခုနစ်ဆယ်သို့ ရောက်သောနှစ်၌ တရားကိုသိမြင်သော ဂေါတမမြတ်စွာဘုရား ဖြစ်ပွင့်တော်မူပြီဟူ၍ ရေးသားချက်ရှိလေသည်။



(ဃဲ)

     ယခု ရောက်ဆဲ သာသနာနှစ်နှင့် ယခုရောက်ဆဲ ကလိယုဂ်နှစ်တို့ကို သိလိုသော် “သက္ကရာဇ်ဒီဃ၊ တည်ပြီးမှလျှင်၊ ဒွေးအဋ္ဌနှင့်၊ ဧကဧကာ၊ နှောတို့ပါက၊ သာသနာနှစ်၊ အတိတ်ဖြစ်၏”ဟူသော ရှေးလင်္ကာအတိုင်း ရောက်ဆဲ သက္ကရာဇ်နှစ်ကိုတည်၊ ၁၁၈၂-ကို ရောလျှင် အတိတ်သာသနာနှစ် ဖြစ်၏။ (ဥပမာ) ယခုရောက်ဆဲ ၁၃၂၃-ခုနှစ်တွင် အတိတ်သာသနာနှစ်ပေါင်း မည်မျှရှိပြီဟု သိလိုလျှင် ရောက်ဆဲသက္ကရာဇ် ၁၃၂၃-ခုနှင့် ၁၁ဂ၂-ကို ပေါင်း၍ နှော၍ ရသောနှစ်ပေါင်း ၂၅၀၅-သည် အတိတ်သာသနာနှစ်ဖြစ်၏။

     သာသနာနှစ်ကိုသိလျှင် “သုညသတ္တ၊ ပည်း ဒွယ၊ နှောထ ကလိယုဂ်” ဟူသောအတိုင်း ယခုရောက်ဆဲ သာသနာနှစ် ၂၅၀၅-တွင် ၂၅၇၀-ကို ရော၍ နှော၍ ရသောနှစ်ပေါင်း (၅၀၇၅) ငါးထောင် ခုနစ်ဆယ်ငါးသည် ယခုရောက်ဆဲ ကလိယုဂ်နှစ်မည်၏။

     အချုပ်အားဖြင့် “ကလိယုဂ် သက္ကရာဇ်နှစ်ပေါင်း ဤရွေ့ဤမျှ”ဟူ၍ ရေးသား သုံးစွဲကြရာ၌ “ကလိယုဂ်ခေတ်တွင် သက္ကရာဇ်နှစ်ပေါင်း ဤရွေ့ဤမျှ”ဟု ဆိုလိုရင်း ဖြစ်သည်ကို သတိပြုရာ၏၊ ကလိယုဂ်မှာ ဆိုခဲ့ပြီးသည့်အတိုင်း နှစ်ပေါင်း လေးသိန်း သုံးသောင်း နှစ်ထောင်ရှိ၏၊ သက္ကရာဇ်မှာ မင်းတို့ပြဋ္ဌာန်း ဆုံးဖြတ်သည့် အတိုင်း လိုက်နာမှတ်သားရသော နှစ်အရေအတွက် ဖြစ်သည်။

     ယုဂ်လေးပါးအကြောင်းနှင့် ကလိယုဂ်နှစ် ၂၅၇၀-၌ မြတ်စွာဘုရား ပွင့်တော်မူကြောင်းကို မဟာသုတကာရီ မဃဒေဝလင်္ကာကျမ်း ဓမ္မစရိယာနိသံသခဏ်း ပိုဒ်ရေ (၅၅၃)၌-

လေးတန်ယုဂ၊ ထိုလောက်မျှတွင်၊ ကတနှစ်တွင်း၊ လူခပင်းတို့၊ မကြွင်းဥဿုံ၊ လုံးစုံသမ္မာ၊ မှန်သစ္စာ၏၊ တြေတာတုံ၊ လေးပုံပုံငြား၊ သုံးပုံအားဖြင့်၊ တရားတည်ကြ၊ တပုံပ၏။ ဒွါပရစက်၊ ထိုယုဂ်သက်၌၊ ထက်ဝက်ကောင်းဆိုး၊ နှစ်မျိုးညီဘိ။ ယုဂ်ကလိကား၊ အသိအယူ၊ အမူကောင်းစွာ၊ သတ္တဝါနည်းလှ၊ တဘို့မျှဖြင့်၊ သုံးဆချွတ်ယွင်း၊ တရားကင်း၏။ ယင်း ကလိယုဂ်၊ သမုတ်လူ့ဘောင်၊ နှစ်ယခေါင်တွင်၊ နှစ်ထောင်ကျော်ထ၊ ငါးရာ့ခုနစ်ဆယ်၊ ပြည့်ကယ်တုံလျက်၊ ဆန်းလွန်တက်မှ၊ ရာသက်ကာလ၊ ဟာယန၌၊ သကျသီဟ၊ ဂေါတမဟု၊ လောကထွတ်ထား၊ မြတ်ဘုရားလျှင်၊ ထင်ရှားလူ့ရွာ၊ ဖြစ်ပွင့်လာ၍...

စသည်ဖြင့် စပ်ဆိုလေသည်။



(ဃော)

စာမျက်နှာ (၉၄)

ကရဝိက်ငှက်မင်း၏ အသံသာယာပုံနှင့်

အသန္ဓိမိတ္တာမိဖုရားဝတ္ထု

     ဓမ္မာသောက မင်းတရား၏ အသန္ဓိမိတ္တာ မိဖုရားသည် (မြတ်စွာဘုရား၏အသံတော် သာယာပုံနှင့်စပ်၍) “ဤလောက၌ မြတ်စွာဘုရား၏ အသံတော်နှင့်တူသော တဦးဦး၏အသံသည် ရှိပါသလော”ဟူ၍ သံဃာတော်ကို မေးမြန်း လျှောက်ထားသဖြင့် သံဃာတော်က“ရှိပေသည် ကရဝိက်ငှက်မင်း၏ အသံသည် မြတ်စွာဘုရား အသံတော်နှင့် တူ၏”ဟု ဖြေကြားတော်မူ၏။ တဖန် အသန္ဓိမိတ္တာမိဖုရားက “ထိုကရဝိက်ငှက်တို့သည် အဘယ်အရပ်၌ နေပါကုန်သနည်းဘုရား”ဟု လျှောက်ထားသောအခါ သံဃာတော်က “ဟိမဝန္တာအရပ်၌ နေကုန်၏”ဟု ဖြေကြားတော်မူ၏။

     အသန္ဓိမိတ္တာမိဖုရားက အသောကမင်းကြီးကို “အရှင်မင်းကြီး.. ကရဝိက်ငှက်ကို ကြည့်လိုလှပါသည်”ဟု လျှောက်ထားသဖြင့် အသောကမင်းတရားသည် “ဤလှောင်ချိုင့်၌ နားနေ၍ ကရဝိက်ငှက်သည် လိုက်ပါလာရမည်”ဟု အမိန့်တော်ပြန်၍ ရွှေလှောင်ချိုင့်ကို လွှတ်လိုက်လေသည်။ လှောင်ချိုင့်သည် သွားလတ်၍ ကရဝိက်ငှက်တကောင်၏ ရှေ့၌ ရပ်တည်လေ၏၊ ထိုကရဝိက်ငှက်သည် “ဤလှောင်ချိုင့်ကား မင်း၏အာဏာဖြင့်လာသော လှောင်ချိုင့်ဖြစ်လေသည်။ အာဏာကိုဖီဆန်၍ မလိုက်ပါပဲနေခြင်းငှါ မတတ်နိုင်”ဟု ဆင်ခြင်အောက်မေ့ကာ လှောင်ချိုင့်၌ နားတည်လေသည်။ လှောင်ချိုင့်သည် လာလတ်၍ မင်းကြီး၏ ရှေ့မှောက်၌ တည်လေ၏။

     ကရဝိက်ငှက် ရောက်လာသော်လည်း အသံတွန်မြည်အောင် မပြုနိုင်ပဲ ရှိကြသည်တွင် အသောကမင်းတရားက “အချင်းတို့.. အဘယ်သို့သောနည်းဖြင့် (ဘယ်လိုပြုလုပ်လျှင်) ဤကရဝိက်ငှက်တို့သည် အသံတွန်မြည်ကြကုန်သနည်း”ဟု မေးမြန်း၍ မှူးမတ်တို့က “အရှင်မင်းကြီး.. ဤကရဝိက်ငှက်တို့သည် ချင်းတို့၏ ဆွေမျိုးများကိုမြင်လျှင် အသံတွန်မြည်ကြကုန်၏”ဟု လျှောက်ထားကြသဖြင့် အသောကမင်းတရား သည် ကရဝိက်ငှက်၏ ပတ်ဝန်းကျင်မှ ကြေးမုံ (မှန်)တို့ဖြင့် ကာရံစေတော်မူ၏။

     ကရဝိက်ငှက်သည် မိမိ၏အရိပ်ကို မြင်ရလျှင်ပင် ငါ့ဆွေမျိုးတွေ လာကုန်ပြီဟု ထင်မှတ်လျက် တောင်ပုံကို ရိုက်ခတ်ကာ ချိုမြိန်သာယာလှစွာသော အသံဖြင့် ပတ္တမြားပြွေ (ပုလွေ)ကို ညှင်းသကဲ့သို့ ဖြည်းညှင်းသာယာစွာ တွန်ကျူး ရင့်ရူလေသည်။ ကရဝိက်ငှက်မင်း၏ တွန်ကျူးရင့်ရူသံကို ကြားကြရကုန်သော အသန္ဓိမိတ္တာမိဖုရားနှင့်တကွ ပါဋလိပုတ် ပြည်သူပြည်သား လူအများတို့သည်



(ဃော်)

ထိုကရဝိက်ငှက်မင်း၏ အသံဖြင့် မူးယစ်ကြသကဲ့သို့ဖြစ်ကာ ကခုန်ကြတော့မည့်ပမာ လွန်စွာမြူးတူး အထူးနှစ်သက်ကြကုန်၏။

     အသန္ဓိမိတ္တာမိဖုရား စဉ်းစားဆင်ခြင်မိသည်မှာ “တိရစ္ဆာန်ဖြစ်သော ဤကရဝိက်ငှက်၏ အသံသည်ပင် ဤမျှလောက် ချိုမြိန်သာယာလှပေ၏။ သဗ္ဗညုတဉာဏ်တော်ဖြင့် ဘုန်းတန်ခိုးအသရေတော် အထွတ်အထိပ်သို့ ရောက်တော်မူသော မြတ်စွာဘုရား၏ အသံတော်မှာ အဘယ်သို့ နေလိမ့်မည်နည်း၊ မည်ရွေ့မည်မျှ ချိုမြိန်သာယာလှပေ၏ဟုပင် ပိုင်းခြား ကန့်သတ်နိုင်တော့မည် မဟုတ်ပေတကား”ဟု မြတ်စွာဘုရားကို အာရုံပြုကာ နှစ်သက်ခြင်း (= ပီတိ)ကို ဖြစ်စေ၍ ထိုပီတိကို မစွန့်မခွါပဲ ဝိပဿနာတရား အဆင့်ဆင့်ပွါးသဖြင့် အသန္ဓိမိတ္တာမိဖုရားသည် မိန်းမရွေဘော် ခုနစ်ရာတို့နှင့်တကွ သောတာပတ္တိဖိုလ်၌ တည်လေသည်။ (မဇ္ဈိမပဏ္ဏာသအဋ္ဌကထာ မျက်နှာ ၂၆၃-မှ)။

စာမျက်နှာ (၇၁)မှ (၉၈)တိုင်

လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးတို့၏

အကြောင်းကံစသည်

     ပြဆိုအပ်ပြီးသော မဟာပုရိသ လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးတို့တွင် တပါး တပါး၌ (၁) ကမ္မ၊ (၂) ကမ္မသရိက္ခက၊ (၃) လက္ခဏ၊ (၄) လက္ခဏာနိသံသ ဤလေးချက်တို့ကို ထင်စွာပြ၍ ဖွင့်ဆိုရေးသားမှသာ လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးတို့ကို ကောင်းစွာ ဖွင့်ဆိုရေးသားအပ်သည် မည်ကုန်၏-ဟူ၍ ဇိနာလင်္ကာရဋီကာကျမ်း၌ ပြဆိုသောကြောင့် ဤအရာဝယ် ထိုကမ္မ, ကမ္မသရိက္ခက, လက္ခဏ, လက္ခဏာနိသံသဟူသော လေးချက်တို့၏ အနက်သဘောကို ရှေးဦးစွာ အကျဉ်းမျှ ပြဆိုဦးအံ့..။

     ထိုလေးချက်တို့တွင် (၁) ကမ္မဟူသည်ကား.. ဘုရားဖြစ်ရန် ရည်သန်ပြုလုပ် အားထုတ် ဆည်းပူးတော်မူခဲ့သည့် လက္ခဏာတော်ကြီးများကို ဖြစ်စေတတ်သော ရှေးကောင်းမှုကုသိုလ် အဆောက်အဦကို ခေါ်ဆိုသည်။ (၂) ကမ္မသရိက္ခက ဟူသည်ကား.. ကံနှင့်တူစွာ ဖြစ်ပေါ်လာသည့် လက္ခဏာတော်တို့၏ ထိုထိုအစွမ်းသတ္တိဂုဏ်ကို ခေါ်ဆိုသည်။ (၃) လက္ခဏ ဟူသည်ကား.. ရှေးကောင်းမှုကုသိုလ် အဆောက်အဦကြောင့် ယခုဘဝ ရရှိသော ညီညာသော ဖဝါးတော် တရာ့ရှစ်ကွက် စက်လက္ခဏာ အရေးအသား အစရှိသော သုံးဆယ့်နှစ်မျိုးတို့ကို ခေါ်ဆိုသည်။ (၄) လက္ခဏာနိသံသ ဟူသည်ကား.. လက္ခဏာတော်ကို ဖြစ်စေတတ်သည့် ရှေးကောင်းမှု ကုသိုလ်ကံ၏ အကျိုးဆက် အကျိုးဖျားကို ခေါ်ဆိုသည်။



(ဃံ)

(ဥပမာ။ ။အလောင်းတော်သူမြတ်သည် ရှေးရှေး ဘဝများစွာတို့က ဘုရားဖြစ်ကြောင်း ကောင်းမှုကုသိုလ်တို့ကို မည်သူတဦးတယောက်မျှ တားဖျက်၍ မရနိုင်အောင် မြဲမြဲမြံမြံ ကြံ့ကြံ့ခိုင်ခိုင် မယိုင်မလှုပ် အားထုတ်ဆည်းပူးတော်မူခဲ့လေသည်။ ထိုသို့ အားထုတ် ဆည်းပူးတော်မူအပ်သော ကောင်းမှုကံကြောင့် နတ်ရွာသုဂတိ၌ ဆယ်ပါးသော ဌာနတို့ဖြင့် သူ့ထက်ကဲချွန် သာလွန်သော နတ်စည်းစိမ်ကို ခံစံတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ ရွှေခြေနင်းပမာ ညီညာသော ဖဝါးတော်အပြင် ရှိခြင်းတည်းဟူသော လက္ခဏာတော်ကြီးကို ရတော်မူလေ၏။ ထိုလက္ခဏာတော် ပါရှိသည့်အတွက် အလောင်းတော်သူမြတ်သည် တစုံတယောက်သော လူနတ်ဗြဟ္မာ သတ္တဝါကမျှ ရွေ့ရှားတုန်လှုပ်စေခြင်းငှါ မတတ်နိုင်အောင် မြဲမြဲကြံ့ခိုင် မယိုင်မလှုပ် မတ်မတ်ရပ်တည်တော်မူနိုင် ကြွချီတော်မူနိုင်၏။ ထိုကောင်းမှုကံကြောင့်ပင်လျှင် လောဘ ဒေါသ မောဟ အစရှိသော ကိုယ်တော်မြတ်၏ အတွင်းကိလေသာ ရန်သူများနှင့် ဆန့်ကျင်မှုကို ထင်ထင်ရှားရှား ပြုသူ မပြုသူဟူ၍ နှစ်ထွေပြားသော အပြင်အပ ရန်သူတို့သည် ကိုယ်တော်မြတ်ကို တုန်လှုပ် ချောက်ချားစေခြင်းငှါ မတတ်နိုင်ကြကုန်။

ဤအရာ၌ ရှေးရှေး ဘဝများစွာတို့က မည်သူတဦးတယောက်မျှ တားဖျက်၍မရနိုင်အောင် မြဲမြံကြံ့ခိုင် မယိုင်မလှုပ် အားထုတ် ဆည်းပူးတော်မူခဲ့သော ရှေးကောင်းမှု ကုသိုလ်တော်အစုသည် (၁) ကမ္မမည်၏။ ညီညာသော ဖဝါးတော်အပြင်ရှိခြင်းသည် (ဝါ) ညီညာသော ဖဝါးတော်သည် ရှေးကုသိုလ်ကံအကြောင်းကို သိမှတ်ကြောင်း ဖြစ်သောကြောင့် (၃) လက္ခဏမည်၏၊ ထိုလက္ခဏာတော်၏ အစွမ်းသတ္တိဖြစ်သော မြဲမြံကြံ့ခိုင် မယိုင်မလှုပ် မတ်မတ်ခိုင်ကျည် ရပ်တည်တော်မူနိုင်ခြင်း ကြွချီတော်မူနိုင်ခြင်းသည် (၂) ကမ္မသရိက္ခကမည်၏၊ အကြောင်းဖြစ်သော ကံတော်မှာ မြဲမြံကြံ့ခိုင် မယိုင်မလှုပ် အားထုတ်ခြင်း စွမ်းရည်သတ္တိ ပါရှိသကဲ့သို့ အကျိုးဖြစ်သော လက္ခဏာတော်မှာလည်း မြဲမြံကြံ့ခိုင် မယိုင်မလှုပ် မတ်မတ်ခိုင်ကျည် ရပ်တည်တော်မူနိုင်ခြင်း ကြွချီတော်မူနိုင်ခြင်း စွမ်းရည်သတ္တိ ပါရှိလာလေသည်၊ ဤသို့ အကြောင်းဖြစ်သော ရှေး ကုသိုလ်ကံမှာ ပါရှိသည့် ဂုဏ်ထူးသတ္တိနှင့် တူသော အကျိုးဖြစ်သည့် လက္ခဏာတော်တို့မှာပါရှိသည့် ဂုဏ်ထူးသတ္တိကို ကမ္မသရိက္ခက (= ကံနှင့်တူသောသဘော)ဟူ၍ ခေါ်ဆိုလေသည်။ ရေရှိသော (ရေပါသော) ဗူးကို ယူဆောင်လျှင်ပင် အတွင်းကပါရှိသည့် ရေကိုလည်း ယူဆောင်ခြင်းကိစ္စ



(ဃား)

ပြီးသကဲ့သို့ အစွမ်းသတ္တိ ဂုဏ်ထူးရှိသော လက္ခဏာတော်ကို ယူလိုက် ဆိုလိုက်လျှင်ပင် ထိုလက္ခဏာတော်၏ အစွမ်းသတ္တိ ဂုဏ်ထူးကိုလည်း ယူပြီး ဆိုပြီး ဖြစ်လေသည်။ ထို့ကြောင့်ပင် ပါထိကဝဂ္ဂ လက္ခဏသုတ်အဋ္ဌကထာ၌ လက္ခဏာနှင့် ကမ္မသရိက္ခက အချက်ကို ဖွင့်ပြပုံမှာ တူ၍နေလေသည်။ ရှေးရှေး ဘဝများစွာတို့က မြဲမြံကြံ့ခိုင် မယိုင်မလှုပ် အားထုတ်တော်မူခဲ့သော ကောင်းမှုကုသိုလ်တော် အစုသည် “ဖဝါးတော် ညီညာခြင်း လက္ခဏာတော်” တည်းဟူသော အကျိုးရင်းကို အကျိုးပေးလိုက်ရရုံမျှဖြင့် အားမရ တင်းမတိမ်နိုင်သေးသကဲ့သို့ ထိုလက္ခဏာတော်ကို ရရှိသောဘဝဝယ် အလောင်းတော်သူမြတ်ကို အတွင်းအပ ရန်သူတို့ ကျူးကျော်ဝံ့စား လှုပ်ချောက်ချားမှု မပြုနိုင်ခြင်းတည်းဟူသော အကျိုးဖျား အကျိုးဆက်ကိုလည်း ဆက်၍ တဖန် အကျိုးပေးပြန်လေသည်။ ထိုအကျိုးဆက် အကျိုးဖျားသည် (၄) လက္ခဏာနိသံသ မည်၏။

ယခုအခါ အလောင်းတော်သူမြတ်၏ လက္ခဏာတော်ကြီးနှင့်စပ်၍ ထိုရှေးကံအကြောင်းထူး စသည်တို့ကို ဖတ်ကြားလွယ် မှတ်သားလွယ်သော မြန်မာစကားဖြင့် လက္ခဏသုတ် ပါဠိတော်စသည်၌ လာရှိသည့် အတိုင်း အကျဉ်းအားဖြင့် ရေးသားဖော်ပြပေအံ့။)

ဖဝါးတော် ညီညာကြောင်း

     (၁) အလောင်းတော် သူမြတ်သည် ရှေးရှေးဘဝ များစွာတို့က မည်သူတဦးတယောက်မျှ တားမြစ်ဖျက်ဆီး၍ မရနိုင်အောင် ဘုရားဖြစ်ကြောင်း ကောင်းမှုကုသိုလ်အထူးတို့ကို မြဲမြံကြံ့ခိုင် မယိုင်မလှုပ် အားထုတ်ဆည်းပူးတော်မူခဲ့၏။ ထိုကောင်းမှုကုသိုလ်ကံကြောင့် နတ်ရွာသုဂတိဘုံဌာန၌ အသက်ရှည်ခြင်း, အဆင်းလှခြင်း, ချမ်းသာကြီးခြင်း, အစိုးရခြင်း, အခြွေအရံများခြင်း, နတ်တို့၏ အသုံးအဆောင်ဖြစ်သော ရူပါရုံပေါများခြင်း, သဒ္ဒါရုံပေါများခြင်း, ဂန္ဓာရုံပေါများခြင်း, ရသာရုံပေါများခြင်း, ဖောဋ္ဌဗ္ဗာရုံပေါများခြင်း ဤဆယ်ပါးသော အရာဌာနတို့ဖြင့် တပါးသောနတ်တို့ထက် သာလွန်သော နတ်စည်းစိမ်ကို ခံစံတော်မူပြီးနောက် တဖန် လူ့ပြည်သို့ ဖြစ်ရောက်တော်မူလာသောအခါ “ရွှေခြေနင်းပမာ ညီညာသော ဖဝါးတော်ရှိခြင်း” တည်းဟူသော မဟာပုရိသ လက္ခဏာတော်ကြီးကို ရရှိတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်နှင့် ပြည့်စုံတော်မူသည့်အတွက် မဟာသုဒဿန စကြာမင်းဘဝ၌ကဲ့သို့ လူ့ပြည်လောက၌ အိမ်ရာစိုးအုပ် လူပြုလုပ်နေလျှင် ရတနာခုနစ်ပါးနှင့် ပြည့်စုံသော လေးကျွန်းသနင်း စကြာမင်းဖြစ်တော်မူကာ တစုံတယောက်သော လူသားရန်သူတို့ မတုန်လှုပ်စေနိုင် မချောက်ချားစေနိုင် အန္တရာယ်မပြုနိုင်ခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။ အကယ်၍ နောက်ဆုံးပစ္ဆိမ



(င)

သိဒ္ဓတ္ထမင်းသားဘဝမှာကဲ့သို့ တောထွက်၍ ရဟန်းပြုလျှင် သဗ္ဗညုတရွှေဉာဏ်တော်ကို ရရှိကာ သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား ဘုရားဖြစ်တော်မူပြီးလျှင် လောဘ ဒေါသ မောဟ အစရှိသော အတွင်းကိလေသာရန်သူ ဆန့်ကျင်မှုကို ထင်ထင်ရှားရှား ပြု မပြုအားဖြင့် နှစ်မျိုးပြားကြသည့် ရဟန်း ပုဏ္ဏား နတ် မာရ် ဗြဟ္မာမှအစ တစုံတယောက်သော ရန်သူကမျှ ကိုယ်တော်မြတ်နှင့်တကွ ကိုယ်တော်၏ အကျိုးတရားတို့ကို မဟန့်တားနိုင်ခြင်း မဖျက်ဆီးနိုင်ခြင်း အန္တရာယ် မပြုနိုင်ခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

(ဤ၌ တချိန်က မန္တလေးမြို့ တောင်ပြင် ဘုံကျော်ကျောင်းတိုက် ဒေါင်းကျောင်း၌ သီတင်းသုံးကာ စာချသဘင် ပွဲကြီးယင်တော်မူခဲ့သည့် (ယခုအခါ ကွယ်လွန်ပြီးဖြစ်သော) ဆရာတော် ဦးဃောသိတ ရေးသား ဖွဲ့ဆိုတော်မူခဲ့သည့် လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါး ဘုရားရှိခိုးလင်္ကာမှ ဆိုင်ရာစာပိုဒ်တို့ကို အဆုံးသတ် ထည့်စွက်၍ ဗုဒ္ဓဝင်စာဖတ် ပရိသတ်တို့ အရကျက်၍ ဘုရားကို ကြည်ညိုနိုင်ရန် ဖော်ပြရေးသား သွားပေအံ့။)

(အရကျက်ရန်)။ ။ဘ၀ထိုထို၊ ရှေးအဟိုဝယ်၊ ကုသိုလ်ပွါးလူး၊ တရားထူး၌၊ စူးစိုက်မြဲလျက်၊ ဆောက်တည်ချက်ကို၊ တားဖျက်မနိုင်၊ ကြံ့ခိုင်ခဲ့ခြင်း၊ ကောင်းမှုရင်းကြောင့်..၊ ရွှေခြေနင်းဟန်၊ နင်းပြန်အတူ၊ ကြွမူမခြား၊ ဖဝါးတော်ညီညာ၊ လက္ခဏာတော်၊ အာနုဘော်ဖြင့်..၊ ကျူးကျော်ဝံ့စား၊ လှုပ်ချောက်ချားအောင်၊ စွမ်းအားရှိမူ၊ ဘယ်ရန်သူမျှ၊ မပြုဝံ့ပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


ဖဝါးတော်ဝယ် တရာ့ရှစ်ကွက် စက်လက္ခဏာပါရှိကြောင်း

     (၂) အလောင်းတော်သူမြတ်သည် ရှေးရှေး ဘဝများစွာတို့က သတ္တဝါများ ချမ်းသာဘို့ကို ကောင်းစွာ ရွက်ဆောင်တော်မူခဲ့၏၊ ထိတ်လန့်ကြောက်ရွံ့သူတို့ကိုလည်း ထိုထိတ်လန့်ကြောက်ရွံ့ခြင်းမှ လွတ်ကင်းအောင် စောင့်ရှောက် ကယ်တင်တော်မူခဲ့၏၊ အခြံအရံနှင့်တကွသော အလှူဒါနကို ပြုတော်မူခဲ့၏၊ (ဥပမာ သင်္ကန်းအလှူ အဝတ်အလှူကို ဦးတည်အဓိကထား၍ လှူလိုသောအခါ ထိုအဝတ်သင်္ကန်းအလှူဒါန၏ အခြံအရံ ပရိဝါရကောင်းမှု ကုသိုလ်အနေဖြင့် အလှူခံပုဂ္ဂိုလ်တို့အား ဆွမ်းကျွေးလိုက်သေး၏၊ နေရာထိုင်ခင်း ပေးလှူလိုက်သေး၏၊ ပန်းနံ့သာ စသည်တို့ဖြင့် ပူဇော်လိုက်သေး၏၊ အဖျော်ယမကာများ ဆက်ကပ်လိုက်သေး၏၊ ပြီးမှ သီလခံယူကာ သဗ္ဗညုတဆုကြီးကို ဆုတောင်း၍ လှူလိုရင်းဖြစ်သော အဝတ်သင်္ကန်းကို ရိုရိုသေသေ လှူဒါန်းလေသည်၊ ဤသို့ အခြံအရံ ကောင်းမှုနှင့်တကွသော အလှူဒါနကို ပြုတော်မူခဲ့၏။) ထိုကောင်းမှု



(ငါ)

ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာပင် နတ်ရွာသုဂတိ၌ ရှေး၌ ဆိုအပ်ပြီးသည့်နည်းအတူ ဆယ်ပါးသောဌာနတို့ဖြင့် သာလွန်သော နတ်စည်းစိမ်ကို ခံစံတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ ဖဝါးတော်အပြင်၌ ရှေးဖော်ပြရာပါ စက်တော်အစုံ ပါရှိခြင်းတည်းဟူသော (၂) အမှတ်ပြ လက္ခဏာတော်ကြီးကို ရရှိတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်နှင့် ပြည့်စုံတော်မူသည့်အတွက် အိမ်ရာတည်ထောင် လူ့ဘောင်၌နေလျှင် လေးကျွန်းသနင်း စကြာမင်းဖြစ်၍ ပုဏ္ဏား သူကြွယ်အစရှိသော များသော အခြံအရံရှိခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။ နောက်ဆုံးပစ္ဆိမ သိဒ္ဓတ္ထမင်းသား ဘဝမှာကဲ့သို့ တောထွက်၍ ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရား ဖြစ်တော်မူ၍ ရဟန်းယောက်ျား ရဟန်းမိန်းမ ဥပါသကာ ဥပါသိကာ နတ် လူ အသူရာ နဂါး ဂန္ဓဗ္ဗနတ် များမြတ်သော ပရိသတ်အခြံအရံ ရှိခြင်းတည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ အတိတ်ဘဝများက အခြံအရံ ပရိဝါရကောင်းမှုနှင့်တကွ ပြည့်စုံစွာ ပေးလှူခဲ့သော ဒါနကောင်းမှုသည် ကမ္မမည်၏၊ သပရိဝါရ ဒါနကောင်းမှု ပြုခဲ့ကြောင်း နတ်လူအပေါင်းတို့ သိစေသတည်းဟု ဖော်ပြပြောဆိုသည့်ပမာ စက်လက္ခဏာတော်၏ ခပ်သိမ်းသော အရာအားဖြင့် ပြည့်စုံခြင်းသည် ကမ္မသရိက္ခက မည်၏၊ စက်လက္ခဏာသည် လက္ခဏမည်၏၊ အခြံအရံများခြင်းသည် လက္ခဏာနိသံသမည်၏။

(အရကျက်ရန်)။ ။သူ့ချမ်းသာအောင်၊ မကြောက်အောင်ရွယ်၊ စောင့်ရှောက်ကယ်၍၊ ဖွယ်ရာခြံရံ၊ လှူဒါနံကြောင့်..၊ ဝန်းရံပတ်လျက်၊ ရာ့ရှစ်ကွက်ဖြင့်၊ မြချက်ပုံတောင်း၊ အကွပ်ဆောင်း၍၊ ထောင်ပေါင်းအကန့်၊ ရှင်းသန့်ပြတ်သား၊ ခြေတော်ဖဝါး၌၊ ကြီးမားတေဇော်၊ စက်တော်ရတနာ၊ လက္ခဏာဖြင့်..၊ မကွာခစား၊ ထံတော်ပါးဝယ်၊ များသောအခြံအရံ ရှိတော်မူသော မြတ်စွာဘုရား မြတ်စွာဘုရား။


ဖနောင့်တော် လက်ချောင်း ခြေချောင်းတော် သွယ်ရှည်၍

ဖြောင့်မတ်သော ကိုယ်တော်ရှိကြောင်း

     (၃) အလောင်းတော်သူမြတ်သည် ရှေးရှေးဘဝများစွာတို့က သူတပါးအသက်ကို သတ်ဖြတ်ခြင်းမှ ဝေးစွာရှောင်ကြဉ်တော်မူခဲ့၏။ သူတပါးကို ညှဉ်းပန်းရန်အနေဖြင့် တုတ်ဓားလက်နက်တို့ကို စွဲကိုင်တော်မမူခဲ့ချေ၊ ပါဏာတိပါတ ဒုစရိုက်မှုပြုရန် အလွန် ရှက်ကြောက်တော်မူ၏၊ ခပ်သိမ်းသော သတ္တဝါတို့၏ စီးပွါးချမ်းသာကို လိုလားစောင့်ရှောက် သနားတတ်သည့် မေတ္တာစိတ် ကရုဏာစိတ်တို့ဖြင့် နေတော်မူခဲ့၏။ ထိုကောင်းမှုကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ



(ငိ)

နတ်ရွာသုဂတိ၌ ရှေး ဆိုအပ်ပြီးသည့်နည်းအတူ ဆယ်ပါးသော ဌာနတို့ဖြင့် သာလွန်သော နတ်စည်းစိမ်ကို ခံစံတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ ရှည်လျားသော ဖနောင့်တော်ရှိခြင်း တည်းဟူသော (၃) အမှတ်ပြ လက္ခဏာတော်ကြီး၊ ရှည်သွယ်သော ခြေချောင်းတော် လက်ချောင်းတော်ရှိခြင်း တည်းဟူသော (၄) အမှတ်ပြ လက္ခဏာတော်ကြီး၊ ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့ ဖြောင့်မတ်သော ကိုယ်တော်ရှိခြင်း တည်းဟူသော (၁၅) အမှတ်ပြ လက္ခဏာတော်ကြီး ဤလက္ခဏာတော်ကြီး သုံးပါးကို ရရှိတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီး သုံးပါးနှင့် ပြည့်စုံတော်မူသည့်အတွက် အိမ်ရာတည်ထောင် လူ့ဘောင်၌နေလျှင် လေးကျွန်းသနင်း စကြာမင်းဖြစ်၍ အသက်ရှည်ခြင်း အသက်တမ်းမပြည့်မီ အကြားကာလ၌ တစုံတယောက်က အသက်၏အန္တရာယ်ကို မပြုနိုင်ခြင်း (သေအောင် မပြုနိုင်ခြင်း) တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။ နောက်ဆုံးပစ္ဆိမ သိဒ္ဓတ္ထမင်းသားဘဝမှာကဲ့သို့ တောထွက်၍ ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရား ဖြစ်တော်မူ၍ အသက်ရှည်ခြင်း, အာယုကပ် အသက်တမ်း၏ ငါးပုံ့လေးပုံမပြည့်မီ အကြားကာလ၌ ရဟန်း ပုဏ္ဏား နတ် မာရ် ဗြဟ္မာ အစရှိသည့် တစုံတယောက်သော ရန်သူကမျှ အသက်တော်၏ အန္တရာယ်ကို မပြုနိုင်ခြင်း (သေအောင် မပြုနိုင်ခြင်း) တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

အန္တရာယ်မပြုနိုင်သော တရားလေးပါး

     မြတ်စွာဘုရားတို့အား သူတပါးတို့က အန္တရာယ်မပြုနိုင်ကောင်းသော တရားလေးမျိုးရှိကုန်၏။ လေးမျိုးတို့သည်ကား-

(၁) မြတ်စွာဘုရားတို့၏အတွက် ရည်မှတ်၍ ဆောင်ယူအပ်သော ပစ္စည်းလေးပါးတို့ကို တစုံတယောက်သောသူမျှ အန္တရာယ်ပြုခြင်းငှါ မတတ်နိုင်။

(၂) မြတ်စွာဘုရားတို့၏ အသက်တော်ကို တစုံတယောက်သောသူမျှ အန္တရာယ်ပြုခြင်းငှါ မတတ်နိုင်။

(၃) မြတ်စွာဘုရားတို့၏ လက္ခဏာတော်ကြီးငယ်တို့ကို တစုံတယောက်သောသူမျှ အန္တရာယ်ပြုခြင်းငှါ မစွမ်းနိုင်။

(၄) မြတ်စွာဘုရားတို့၏ ရောင်ခြည်တော်တို့ကို တစုံတယောက်သောသူမျှ အန္တရာယ်ပြုခြင်းငှါ မစွမ်းနိုင်။ ဤလေးမျိုးတို့တည်း။

(ဗုဒ္ဓဝင်အဋ္ဌကထာအဆုံး မျက်နှာ ၃၅၂-မှ)



(ငီ)

(၁) မြတ်စွာဘုရားတို့၏အလို့ငှါ ရှေးရှုဆောင်အပ်သော ပစ္စည်းလေးပါး လာဘ်လာဘတို့ကို တစုံတယောက်သောသူမျှ အန္တရာယ်ပြုခြင်းငှါ မစွမ်းနိုင်။

(၂) မြတ်စွာဘုရားတို့၏ အသက်တော်ကို တစုံတယောက်သောသူမျှ အန္တရာယ်ပြုခြင်းငှါ မစွမ်းနိုင်။

(၃) မြတ်စွာဘုရားတို့၏ လက္ခဏာတော်ငယ် ရှစ်ဆယ်နှင့် ကိုယ်တော်ရောင်ကို တစုံတယောက်သောသူမျှ အန္တရာယ်ပြုခြင်းငှါ မစွမ်းနိုင်။ (မြတ်စွာဘုရား၏ ကိုယ်တော်ရောင် ထွန်းပရာအရပ်၌ လရောင် နေရောင် နတ်ဗြဟ္မာတို့၏ ကိုယ်ရောင်များ ထိုးဖောက်၍ မထွန်းလင်းနိုင်ကုန်။)

(၄) မြတ်စွာဘုရားတို့၏ သဗ္ဗညုတဉာဏ်တော်ကို တစုံတယောက်သောသူမျှ အန္တရာယ်ပြုခြင်းငှါ မစွမ်းနိုင်။

(ဝိနည်း ပါရာဇိကဏ်အဋ္ဌကထာ ပဌမအုပ်၊ မျက်နှာ ၁၄၇-မှ)

ပစ္စည်းလေးဝ၊ သက်ဇီဝ၊ လက္ခဏကြီးငယ်။

ရောင်ခြည်တော်ခြောက်၊ စုံတယောက်၊ မနှောက်အန္တရာယ်။

လာဘ်နှင့် သက်တော်၊ ကိုယ်ရောင်တော်၊ ဉာဏ်တော် သဗ္ဗညု။

ဝိနည်းဋ္ဌကထာ၊ ကျမ်း၌လာ၊ မိန့်မှာ တနည်းရှု။


ကမ္မ, ကမ္မသရိက္ခကစသည် လေးချက်

     ဤလက္ခဏာတော်ကြီး သုံးရပ်တို့၌ (၁) ကမ္မဟူသည် ပါဏာတိပါတဒုစရိုက်မှ ရှောင်ကြဉ်ခဲ့ခြင်းတည်း။ (၂) ကမ္မသရိက္ခကဟူသည် ဖနောင့်တော် လက်ချောင်းတော် ခြေချောင်းတော်တို့၏ ရှည်သွယ်သော ဂုဏ်သတ္တိ, ကိုယ်တော်၏ ဖြောင့်မတ်သော ဂုဏ်သတ္တိတို့ပင်တည်း။ ထင်ရှားစေဦးအံ့.. ပါဏာတိပါတမှု ပြုလုပ်သောသူတို့သည် ထိုသူ့သက်သတ်မှု ပြုလိုကုန်လတ်သော် ခြေသံကြားမည်ကို စိုးသဖြင့် ခြေဖျားထောက်ကာ သွားရောက် သတ်ဖြတ်ကြကုန်သည်။ ထိုသူများ လူဖြစ်လာသောအခါ ပါဏာတိပါတဒုစရိုက်မှု ခြေဖျားထောက်၍ ပြုခဲ့သည်ကို လူအများသိစေသားဟု ဖော်ပြသည့်ပမာ ထိုသူတို့သည် တချို့မှာ လေးကိုင်းပမာ အတွင်းဘက်သို့ ခြေကောက်၍ နေကြကုန်၏၊ တချို့မှာ အပြင်ဘက်သို့ ခြေကောက်၍ နေကြကုန်၏။ တချို့မှာ ဖဝါးပြင်အလယ်ပိုင်း ရှိုင်း၍ နေကုန်၏၊ တချို့မှာ ခြေဖျားခွင်၍ တချို့မှာ ဖနောင့်ခွင်ကုန်၏၊ အလောင်းတော်သူမြတ်အားမှာမူ ခြေဖျားထောက်၍ သွားရောက်ကာ



(ငု)

သူတပါးကို မသတ်ခဲ့ကြောင်း(= ပါဏာတိပါတမှု မပြုခဲ့ကြောင်း) လူအပေါင်း သိစေသားဟု ဖော်ပြသည့်ပမာ ဖနောင့်တော်၏ ရှည်သွယ်ခြင်း လက္ခဏာတော် ဖြစ်ပေါ်လာ၏။ ထို့အတူ ပါဏာတိပါတ ဒုစရိုက်သမား အခြားလူတို့သည် သူတပါးကိုသတ်ရန် သွားသောအခါ ပကတိ မတ်မတ်သွားလျှင် သူတပါးတို့ မြင်မည်စိုး၍ ငုံ့လျှိုးသွားရောက်ကာ သူတပါးကို သတ်ခဲ့ကြကုန်သည်၊ ထိုသူများ လူဖြစ်လာသောအခါ ပါဏာတိပါတဒုစရိုက်မှု ငုံ့လျှိုးသွားရောက်၍ ပြုခဲ့သည်ကို လူအများ သိစေသားဟု ဖော်ပြသည့်ပမာ ထိုသူတို့သည် တချို့မှာ ကုန်းကြ တချို့မှာ ပုကွကြ တချို့မှာ ဆွံ့ကြကုန်၏၊ အလောင်းတော်သူမြတ်အားမှာမူ ဤကဲ့သို့ ငုံ့လျှိုးသွား၍ သူတပါးကို မသတ်ခဲ့ကြောင်း လူအပေါင်း သိစေသားဟု ဖော်ပြသည့်ပမာ ဗြဟ္မာမင်း၏ကိုယ်ကဲ့သို့ ဖြောင့်စင်းသော ကိုယ်တော်တည်းဟူသော မဟာပုရိသ လက္ခဏာတော် ဖြစ်ပေါ်လာ၏။ ထို့အတူ ပါဏာတိပါတ ဒုစရိုက်သမား အခြားလူတို့သည် သူတပါးကို သတ်လိုကုန်လတ်သော် လက်သီးကိုဆုပ် လက်နက်တင်းပုတ်တို့ကို စွဲကိုင်ကာ သူတပါးကို သတ်ခဲ့ကြကုန်သောကြောင့် ထိုသူတို့၏ ထိုမကောင်းမှုပြုခဲ့ပုံကို လူအများ သိစေသားဟု ဖော်ပြသည့်ပမာ ထိုသူတို့သည် လက်ချောင်းသော်လည်း တိုကြကုန်၏၊ လက်တခုလုံးသော်လည်း တိုကြကုန်၏၊ လက်ချောင်းသော်မူလည်း ကွေးကောက်ကြကုန်၏၊ တချို့မှာ လက်ချောင်းဟူ၍မထင် လက်ဝါးပြင် တပြင်ထဲဖြစ်၍ နေကုန်၏၊ အလောင်းတော် သူမြတ်မှာမူကား ဤကဲ့သို့ လက်သီးဆုပ်၍ တင်းပုတ် လက်နက်တို့ကို စွဲကိုင်ကာ သူ့အသက်ကို မသတ်ခဲ့ကြောင်း နတ်လူအပေါင်းတို့ သိစေသားဟု ဖော်ပြသည့်ပမာ လက်ချောင်းတော်များ တင့်တယ် ရှည်သွယ်ခြင်းတည်းဟူသော မဟာပုရိသလက္ခဏာတော် ဖြစ်ပေါ်လာ၏။ ဤသို့ ဖနောင့်တော် ရှည်သွယ်ခြင်း လက်ချောင်း ခြေချောင်းတော်တို့ ရှည်သွယ်ခြင်း ကိုယ်တော် ဖြောင့်မတ်ခြင်း လက္ခဏာတော်ကြီးသုံးပါးတို့၏ ထိုဘဝဝယ် အသက်ရှည်မည်ကို သိစေသော အကြောင်းနိမိတ်အဖြစ်ဖြင့် ရှည်သွယ် ဖြောင့်မတ်စွာဖြစ်ခြင်း ဂုဏ်သတ္တိသည် ကမ္မသရိက္ခကမည်၏။ ရှည်သွယ်သော ဖနောင့်တော် လက်ချောင်း ခြေချောင်းတော် ဖြောင့်စင်းသော ကိုယ်တော်တို့သည် (၃) လက္ခဏမည်ကုန်၏။ အသက်တမ်းပြည့်ရှည် တည်နေခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။ခြ ပုန်း ပိုး ရွ၊ စသည်မကြွင်း၊ သတ်ဖြတ်ခြင်းကို၊ အလျှင်းမပြု၊ ဤကောင်းမှုကြောင့်..၊ ဖနောင့်လက်ချောင်း၊ ခြေချောင်းသွယ်ရှည်၊ ဖြောင့်သည်ကိုယ်မှာ၊ လက္ခဏာဖြင့်..၊ မေတ္တာမပ္ပါး၊ တဖက်သားတို့၊ တုတ်ဓားဆောင်ယူ၊ သတ်လိုမူလည်း၊ ဘယ်သူမစွမ်း၊ ဘေးဘျမ်းမရှိ၊ ပကတိ အသက်ရှည်တော်မူသော မြတ်စွာဘုရား မြတ်စွာဘုရား။



(ငူ)

ခုနစ်ဌာန အသားတော်ပြည့်ဖြိုးကြောင်း

     (၄) အလောင်းတော် သူမြတ်သည် ရှေးရှေး ဘဝများစွာတို့က မွန်မြတ်၍ အရသာနှင့်ပြည့်စုံသော မုံ့ခဲဖွယ်တို့ကို၎င်း, ဘောဇဉ်တို့ကို၎င်း, ထောပတ်ဆီဥ စသည်တို့ကို၎င်း, နို့ဃနာ စသည်တို့ကို၎င်း, အဖျော်မျိုးတို့ကို၎င်း ပေးလှူတော်မူခဲ့၏။ “ထိုကောင်းမှုကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ ခြေဖမိုးတော် နှစ်ဖက်, လက်ဖမိုးတော် နှစ်ဖက်, ပခုံးတော် နှစ်ဖက်, လည်ကုပ်တော် ဤခုနစ်ဌာနတို့၌ အသားတော်ပြည့်ဖြိုးခြင်းတည်းဟူသော (၁၆) အမှတ်ပြ လက္ခဏာတော်ကြီးကို ရတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီးနှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍၎င်း, ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရား ဖြစ်၍၎င်း မွန်မြတ်၍အရသာနှင့် ပြည့်စုံသော ခဲဖွယ် စားဖွယ် သာယာဖွယ် လျက်ဖွယ် သောက်ဖွယ်တို့ကို များစွာ ရတော်မူ၏။

     ဤ၌ လေးအသင်္ချေ ကမ္ဘာတသိန်း ကာလပတ်လုံး လှူခဲ့သော မွန်မြတ်သော ဘောဇဉ်အလှူသည် (၁) ကမ္မည်၏။ ခုနစ်ဌာန အသားတော်တို့က အလောင်းတော်သူမြတ်၏ ရှေးအတိတ်ဘဝတို့က မွန်မြတ်သော ခဲဖွယ်ဘောဇဉ် စသည်ကို လှူဒါန်းခဲ့သော ရှေးကောင်းမှုကို နတ်လူအများ သိစေသားဟု ထင်ရှား ဖော်ပြ သည့်ပမာ ပြည့်ဖြိုးစွာ ဖြစ်ပေါ်လာခြင်း ယခုဘဝ လာဘ်လာဘကောင်း ပေါများမည်ကို သိစေတတ်သော အကြောင်းနိမိတ် ဖြစ်ခြင်းသည် (၂) ကမ္မသရိက္ခကမည်၏။ ခုနစ်ဌာန ပြည့်ဖြိုးသော အသားတော်သည် (၃) လက္ခဏမည်၏။ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်တို့ကို ရခြင်းသည် (၄) လက္ခဏာနိသံသမည်၏။

(အရကျက်ရန်)။ ။ချိုမြိန်ကောင်းမြတ်၊ ရသာဓာတ်ကို၊ ဆက်ကပ်ပူဇော်၊ လှူဘူးသော်ကြောင့်..၊ ခြေတော်ဖမိုး၊ လက်ဖမိုးတော်၊ ပခုံးတော်နှင့်၊ ကုပ်(ဂုတ်)တော်ခုနစ်ချက်၊ စုံ့လျက်ဖြိုးဖြိုး၊ ညှပ်ရိုးပခုံး၊ လက်ရုံးရင်တော်၊ ခုနစ်ဖော်လည်း၊ ရှုမြှော်မညှိုး၊ ဆူဖြိုးတင့်စွာ၊ လက္ခဏာဖြင့်..၊ အရသာဓာတ်၊ ထူးအမြတ်ကို၊ မပြတ်သုံးဆောင်တော်မူရပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


လက်ခြေနူးညံ့၍ ရွှေကွန်ရက်ခက်သကဲ့သို့ ရှိတော်မူကြောင်း

     (၅) အလောင်းတော်သူမြတ်သည် ရှေးရှေးဘဝများစွာတို့က လူများအပေါင်းကို သင်္ဂဟတရား လေးပါးဖြင့် ချီးမြှောက်တော်မူခဲ့၏။ ပေးကမ်းမှ နှစ်သက်သူကို ပေးကမ်းခြင်း (= ဒါန)တည်းဟူသော သင်္ဂဟတရားဖြင့် ချီးမြှောက်တော်မူ၏။ ပိယဝါစာ ချိုသာစကား ပြောကြားခြင်းကိုသာ အလိုရှိသူကို



(ငေ)

ပိယဝါစာ ချိုသာစကား ပြောကြားခြင်း သင်္ဂဟတရားဖြင့် ချီးမြှောက်တော်မူခဲ့၏။ အကျိုးရှိအောင် ပြောဆို ခြင်းကို အလိုရှိသောသူတို့ကို “ဤအမှုမျိုးကို သင်ပြုသင့်၏၊ ဤအမှုမျိုးကို သင် မပြုသင့်၊ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို သင်မှီဝဲသင့်၏။ ဤသို့သဘောရှိသော ပုဂ္ဂိုလ်ကို သင်မမှီဝဲသင့်” စသည်ဖြင့် အကျိုးရှိအောင် ကျင့်ကြံပြောဆိုခြင်း (= အတ္ထစရိယာ) သင်္ဂဟတရားဖြင့် ချီးမြှောက်တော်မူ၏၊ ဆင်းရဲချမ်းသာ အရာရာဝယ် ကိုယ်တူကျင့်မှ (တန်းတူထားမှ) ကျေနပ် နှစ်သက်သူကို ကိုယ်တူကျင့်ခြင်း (= သမာနတ္တတာ) သင်္ဂဟတရားဖြင့် ချီးမြှောက်တော်မူခဲ့၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ လက်ဖဝါးတော် ခြေဖဝါးတော် နူးညံ့ခြင်း တည်းဟူသော (၅)အမှတ်ပြ လက္ခဏာတော်ကြီး၊ ရွှေဇာကွန်ရက်ခက်သကဲ့သို့ လက်ချောင်း ခြေချောင်းတော်ရှိခြင်း တည်းဟူသော (၆)အမှတ်ပြ လက္ခဏာတော်ကြီး ဤလက္ခဏာတော်ကြီး နှစ်ပါးကို ရတော်မူ၏၊ အလောင်းတော် သူမြတ်သည် ထိုလက္ခဏာတော်ကြီး နှစ်ပါးတို့နှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍၎င်း, ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရား ဖြစ်၍၎င်း ကောင်းစွာသိမ်းဆည်း လုံးစည်းပေါင်းစု လက်တွင်းပြုအပ်သကဲ့သို့ မပြတ် ဆည်းကပ်ခစားသော ပရိသတ်အခြံအရံရှိခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ ဘဝများ ဆည်းပူးခဲ့သော သင်္ဂဟတရား လေးပါးဖြင့် လူများအပေါင်းကို ချီးမြှောက်မှု ရှေးကုသိုလ်တော်သည် (၁) ကမ္မမည်၏။ သင်္ဂဟတရားလေးပါးဖြင့် သူတပါးကို မချီးမြှောက်ခဲ့သူတို့မှာ လက်ခြေကြမ်းတမ်း၍ လက်ချောင်း ခြေချောင်း မညီမညွတ် ရှိကြ၏၊ အလောင်းတော်သူမြတ်မှာမူကား ဘဝများစွာက သူတပါးတို့ကို သင်္ဂဟတရားလေးပါးဖြင့် ချီးမြှင့်ထောက်ပံ့ခဲ့ကြောင်း နတ်လူအပေါင်းကို သိသာစေရန် လက်ဖဝါး ခြေဖဝါး နူးညံ့၏။ လက်ချောင်း ခြေချောင်းတော်တို့ ရွှေဇာကွန်ရက်ခက်သည့်ပမာ ညီညွတ်စွာ ဖြစ်ပေါ်လာကုန်၏၊ ဤသို့ လက်ဖဝါး ခြေဖဝါးကို နူးညံ့စွာဖြစ်ခြင်း ရွှေဇာကွန်ရက်ခက်သကဲ့သို့ လက်ချောင်း ခြေချောင်းတို့ ညီညွတ်ခြင်း ဂုဏ်သတ္တိသည် (၂) ကမ္မသရိက္ခကမည်၏။ နူးညံ့သော လက်ဖဝါး ခြေဖဝါးတော် ညီညွတ်သော လက်ချောင်း ခြေချောင်းတော်တို့သည် (၃) လက္ခဏ မည်ကုန်၏။ ကောင်းစွာသိမ်းဆည်း လုံးစည်းပေါင်းစု လက်တွင်းပြုအပ်သကဲ့သို့သော ပရိသတ်အခြံအရံရှိခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။ချစ်ဖွယ်စကား၊ ပေးကမ်းငြား၍၊ စီးပွါးဆောင်လင့်၊ ကိုယ်တူကျင့်ဟု၊ လေးဆင့်သင်္ဂြိုဟ်၊ သူ့ကိုယ်ထောက်ထား၊



(ငဲ)

ကောင်းမှုအားကြောင့်၊ လက်ဖဝါးနှင့်၊ ခြေဖဝါးပါ၊ နူးညံ့စွာ၏။ ရှစ်ဖြာလက်ချောင်း၊ ဆယ်ချောင်းခြေတော်၊ ညီမျှသော်ကြောင့်၊ မုယော်တွင်လစ်၊ အတွင်းဆစ်၌၊ ရေးရစ်ဖြောင့်လေ့၊ စပါးစေ့များ၊ ပွတ်တံခါးသို့၊ ဖြောင့်သားညီညာ၊ လက္ခဏာဖြင့်၊ ကောင်းစွာသိမ်းဆည်း၊ လုံးစည်းပေါင်းစု၊ လက်တွင်းပြုအပ်၊ ပရိသတ်သာ၊ ရှိတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


ဖမျက်တော်မြင့်၍ မွေးညှင်းတော် ပျံကြောင်း

     (၆) အလောင်းတော်သူမြတ်သည် ရှေးရှေး ဘဝများစွာတို့က ပြိန်ဖျင်းသော သမ္ဖပ္ပလာပစကားကို ပြောကြားတော်မမူပဲ ပစ္စုပ္ပန် တမလွန် အကျိုးကိုမှီသော တရားစကားကို ပြောကြားတော်မူခဲ့၏။ သံသရာဝဋ်မှ လွတ်မြောက်ကြောင်း ကောင်းမှုဆယ်ပါးနှင့်စပ်သော တရားစကားကို ဟောကြားတော်မူခဲ့၏။ လူများအပေါင်းအား ထိုကောင်းမှုဆယ်ပါးနှင့်စပ်သော ကြီးပွါးမြင့်မောက် အထက်တန်းရောက်စေနိုင်သည့် တရားစကားကို ထင်ရှားအောင် ဟောပြ၍ ဓမ္မအလှူကြီးကို ပေးလှူတော်မူခဲ့၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ မြူမလိမ်းတွယ် စဉ်းငယ်မြင့်သော ဖမျက်တော်ရှိခြင်း တည်းဟူသော ( ၇) အမှတ်ပြ လက္ခဏာတော်ကြီး၊ မျက်နှာတော်ကို မော်၍ဖူးသည့်ပမာ အထက်သို့သာ အဖျားကော့သည့် မွေးညှင်းတော်ရှိခြင်း တည်းဟူသော (၁၄) အမှတ်ပြ လက္ခဏာတော်ကြီး ဤလက္ခဏာတော်ကြီး နှစ်ပါးတို့ကို ရတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီး နှစ်ပါးတို့နှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍ လူတကာတို့ထက် ကြီးကဲမြင့်မြတ် အထက်တန်းရောက်ခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။ နောက်ဆုံး ပစ္ဆိမ သိဒ္ဓတ္ထမင်းသား ဘဝမှာကဲ့သို့ ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရားဖြစ်၍ ခပ်သိမ်းသော သတ္တဝါတို့ထက် ကြီးကဲမြင့်မြတ် အထက်တန်းရောက်ခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ အထက်တန်းပေါက် ရောက်စေတတ်သည့် တရားစကား ဟောကြားညွှန်ပြခဲ့ခြင်း ကောင်းမှုကုသိုလ်သည် (၁) ကမ္မမည်၏။ အထက်တန်းပေါက် ရောက်စေတတ်သော တရားစကား မပြောကြားသူတို့မှာ ထိုအကြောင်းကို လူအပေါင်း သိစေသားဟု ဖော်ပြသည့်ပမာ ဖမျက်နိမ့်ကျခြင်း မွေးညှင်းဖျားများ အောက်သို့စိုက်လျက်နေခြင်း ဖြစ်ကုန်၏။ အလောင်းတော် သူမြတ်မှာမူကား အထက်တန်းပေါက် ရောက်စေတတ်သော တရားစကားကို ဟောကြားခဲ့ကြောင်း



(ငေါ)

နတ်လူအပေါင်းတို့ သိစေသားဟု ဖော်ပြသည့်ပမာ ဖမျက်တော်မြင့်၍ မွေးညှင်းပျံခြင်း လက္ခဏာတော်နှစ်ပါး ထင်ရှား ဖြစ်ပေါ်လာကုန်၏၊ သို့ရကား ထိုအကြောင်းကို သိစေတတ်သည့် ဖမျက်တော်၏ မြင့်စူးခြင်း မွေးညှင်းတော်ပျံခြင်း ဂုဏ်သတ္တိတို့သည် (၂) ကမ္မသရိက္ခကမည်ကုန်၏။ မြင့်စူးသော ဖမျက်တော် အထက်သို့ ကော့သော မွေးညှင်းတော်ဒြဗ်တို့သည် (၃) လက္ခဏ မည်ကုန်၏။ သတ္တဝါခပ်သိမ်းတို့ထက် ကြီးကဲမြင့်မြတ် အထက်တန်းရောက်ခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။ကြောင်းကျိုးဖော်ပြ၊ မြတ်ဓမ္မကို၊ မိန့်ဟဟောကျူး၊ ပြုခဲ့ဘူး၍..၊ မြင့်စူးဖမျက်၊ ရွှေမျက်ခွက်ကို၊ မော့လျက်ဖူးဟန်၊ မွေးညှင်းပျံသည့်၊ နှစ်တန်ခြင်းရာ၊ လက္ခဏာဖြင့်..၊ သတ္တဝါအလုံး၊ လူတဖြုံးကို၊ လွှမ်းဖုံးပိုမောက်၊ အခေါင်ရောက်သဖြင့်၊ ပါမောက်တဆူ၊ ဖြစ်တော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


ဧဏီမည်သောသား (တနည်း-စပါးဖုံး)ကဲ့သို့

လုံးဝန်းတင့်တယ်သော သလုံးတော်ရှိကြောင်း

     (၇) အလောင်းတော် သူမြတ်သည် ရှေးရှေး ဘဝများစွာတို့က မိမိထံမှောက် နည်းခံရောက်ကြသည့် အန္တေဝါသိက တပည့်တို့ကို အမြန်သိနိုင်အောင် အမြန်ကျင့်ကြံနိုင်အောင် ကြာရှည်စွာ မပင်ပန်းရအောင် နှုတ်မှုပညာအမျိုးမျိုး လက်မှုပညာအမျိုးမျိုး ငါးပါးသီလ ဆယ်ပါးသီလ ပါတိမောက္ခသံဝရသီလ တည်းဟူသော အကျင့် (= စရဏ)မျိုး ကမ္မဿကတာ ပညာမျိုးတို့ကို ဆရာစားဟူ၍မချန် ရိုသေစွာ လျင်မြန်စွာပို့ချ ပြသတော်မူခဲ့၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ ဧဏီမည်သော သားကောင်၏ သလုံးမြင်းခေါင်းနှင့်တူသော (တနည်းအားဖြင့်- စပါးဖုံးနှင့်တူသော) လုံးလျားပြည့်ကြွယ် တင့်တယ်သည့် သလုံးတော်ရှိခြင်း တည်းဟူသော (၈) အမှတ်ပြ လက္ခဏာတော်ကြီးကို ရတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကို ရတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍ သက်ရှိသက်မဲ့ဖြစ်သော မင်းသုံးမင်းဆောင်တို့ကို လျင်မြန်ပြည့်စုံစွာ ရတော်မူခြင်း ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရားဖြစ်၍ ရဟန်းအသုံးအဆောင်ပစ္စည်းတို့ကို လျင်မြန်ပြည့်စုံစွာ ရတော်မူခြင်း အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ ဘဝများစွာ နှုတ်မှုပညာစသည်ကို တရိုတသေ လျင်မြန်စွာ တတ်မြောက်အောင် သင်ပြတော်မူခဲ့သော ကောင်းမှုသည် (၁) ကမ္မမည်၏။ ထိုကဲ့သို့ တပည့်တို့ကို ရိုသေလျင်မြန်စွာ အတတ်ပညာကို မသင်ပြပဲ အချိန်ဆွဲကာ



(ငေါ်)

မိမိရှေ့၌ ရိုသေစွာနေစေခြင်း, ထိုထိုကိစ္စတို့ကို စေပါးခြင်း စသည်ဖြင့် တပည့်တပန်းတို့ကို ပင်ပန်းစေသောသူတို့မှာ သလုံးသားများ ခြစ်၍ လှီး၍ ချထားသည့်ပမာ နောက်သို့စု၍ နေကုန်၏။ အလောင်းတော် သူမြတ်မှာမူကား တရိုတသေ လျင်လျင်မြန်မြန် ဆရာစားမချန် အပြည့်အစုံ သင်ပြခဲ့ကြောင်း နတ်လူ အပေါင်းတို့ သိစေသားဟု ဖော်ပြသည့်ပမာ အစဉ်သဖြင့် မြင့်တက်လုံးဝန်းသော သလုံးတော်လက္ခဏာ ဖြစ်ပေါ်လာ၏၊ သို့ရကား သလုံးတော်၏ အစဉ်သဖြင့် မြင့်တက်လုံးဝန်းခြင်း ဂုဏ်သတ္တိသည် (၂) ကမ္မသရိက္ခက မည်၏။ အစဉ်သဖြင့် မြင့်တက်လုံးဝန်းသော သလုံးတော်ဒြဗ်သည် (၃) လက္ခဏမည်၏။ လျောက်ပတ်သော အသုံးအဆောင်ကို လျင်မြန်ပြည့်စုံစွာ ရခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။နှုတ်မှုပညာ၊ လက်ပညာကို၊ ကောင်းစွာပို့ချ၊ သင်ခဲ့ပြ၍..၊ တောဝမြိုင်ဖျား၊ ဧဏီသားသို့၊ စပါးဖုံးဟန်၊ လုံးလျားတင့်တယ်၊ သလုံးတော်ချယ်သဖြင့်..၊ သုံးဖွယ်သုံးရာ၊ အဖြာဖြာကို၊ မြန်စွာခဏ၊ ရတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


သိမ်မွေ့သော အရေတော်ရှိကြောင်း

     (၈) အလောင်းတော် သူမြတ်သည် ရှေးရှေးဘဝ များစွာတို့က ပညာရှိသော ရဟန်းပုဏ္ဏား သူမြတ်များထံသို့ ခစားဆည်းကပ်တော်မူကာ “အရှင်ဘုရား.. အဘယ်တရားသည် ကုသိုလ်မည်ပါသနည်း၊ အဘယ်တရားသည် အကုသိုလ်မည်ပါသနည်း၊ အဘယ်တရားသည် အပြစ်ရှိပါသနည်း၊ အဘယ်တရားသည် အပြစ်မရှိပါသနည်း၊ အဘယ်တရားကို မှီဝဲအပ်ပါသနည်း၊ အဘယ်တရားကို မမှီဝဲအပ်ပါသနည်း၊ အဘယ် တရားကို တပည့်တော် ပြုလုပ်အပ်သည်ရှိသော် ရှည်ကြာလေးမြင့် ဆင်းရဲဖို့ရန်ဖြစ်၍ အဘယ်တရားကို တပည့်တော် ပြုလုပ်အပ်သည်ရှိသော် ရှည်ကြာလေးမြင့် ချမ်းသာဖို့ရန် ဖြစ်ပါသနည်း”ဟု မေးမြန်းဆွေးနွေးမှု ပြုတော်မူခဲ့၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်သောအခါ နူးညံ့သော အရေတော်တည်းဟူသော လက္ခဏာတော်ကြီးကို ရတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီးနှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍ ပညာရှိကြီးတဆူ ဖြစ်တော်မူရာ၏၊ ကာမဘောဂီ လူအပေါင်းတို့တွင် အလောင်းတော်သူမြတ်နှင့် ပညာတူသူ အလောင်းတော်သူမြတ်ထက် ပညာသာသူ တလူမျှ မရှိချေ။ နောက်ဆုံး ပစ္ဆိမ သိဒ္ဓတ္ထမင်းသား ဘဝမှာကဲ့သို့ ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရားဖြစ်၍ ကြီးမြတ်သောပညာ ရှိတော်မူ၏၊ အထူးထူးသော ခန္ဓာ အာယတန



(ငံ)

ဓာတ် စသည်တို့ကိုသိသော ပုထုပညာ, ပီတိသောမနဿနှင့်တကွ ဖြစ်သော ဟာသပညာ, လျင်မြန်စွာသိသော ဇဝနပညာ, ကိလေသာတို့ကို လျင်မြန်စွာ ပယ်ဖြတ်တတ်သော တိက္ခပညာ, ဖောက်ခွဲနိုင်ခဲသော လောဘ ဒေါသ မောဟအထုကို ဖောက်ခွဲထိုးထွင်း သိမြင်သော နိဗ္ဗေဓိကပညာနှင့် ပြည့်စုံတော်မူ၏။ သတ္တဝါခပ်သိမ်းတို့ထက် လွန်ကဲ ထူးမြတ်သော ဉာဏ်ပညာရှိခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

(အရကျက်ရန်)။ ။ရဟန်းပုဏ္ဏား၊ သူမြတ်များသို့၊ ခစားဆည်းကပ်၊ သို့ပြုအပ်မည်၊ မအပ်မည်ကို၊ စိတ်ကြည်ညွတ်နူး၊ မေးခဲ့ဘူး၍..၊ နူးညံ့အရေ၊ ပိန်းကြာရွှေတွင်၊ ရေမတင်သို့၊ မြူလျှင်ကင်းဝေး၊ ညစ်ကြေးမလိမ်း..၊ ခပ်သိမ်းသတ္တဝါ၊ လောကဓာဝယ်၊ ပညာသာသူ၊ တူသူကင်းပြီး၊ ပညာရှိကြီးတဆူ ဖြစ်တော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


ရွှေရောင်မယွင်း ဝါဝင်းသော အဆင်းရှိကြောင်း

     (၉) အလောင်းတော် သူမြတ်သည် ရှေးရှေးဘဝ များစွာတို့က အမျက်ဒေါသ နည်းပါးတော်မူခဲ့၏၊ ထွက်သောအမျက်ကိုလည်း လျင်မြန်စွာ ပယ်ဖျောက်ထိန်းသိမ်း ငြိမ်းစေတော်မူခဲ့၏။ စိတ်ပူပန် ပင်ပန်းခြင်း ဥပါယာသတရား နည်းပါးတော်မူခဲ့၏၊ သူတပါးတို့က အမျက်ထွက်ဖွယ်ရာ များစွာပြောဆိုသော်လည်း ဒေါသ၏အစွမ်းဖြင့် စိတ်၏ငြိစွန်းခြင်း အမျက်ထွက်ခြင်း ဖောက်ပြန်ခြင်း အကြိတ်အခဲတည်ခြင်း အလျှင်းမရှိ။ ဤတွင်မျှမကသေး နူးညံ့သိမ်မွေ့လှစွာသော အခင်းအရုံ အဝတ်အထည်တို့ကိုလည်း ပေးလှူတော်မူခဲ့၏။ ထိုကောင်း မှု ကုသိုလ်ကံတို့ကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ သိင်္ဂီနိက် ရွှေစင်အဆင်းကဲ့သို့ ဝါဝင်းသော အရေအဆင်းရှိခြင်း တည်းဟူသော (၁၁) အမှတ်ပြ လက္ခဏာတော်ကြီးကို ရရှိတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီးနှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍၎င်း ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရားဖြစ်၍၎င်း သိမ်မွေ့နူးညံ့သော အဝတ်အရုံ အခြုံအခင်းတို့ကို ရလွယ်ခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ ဘဝများစွာက အမျက်မထွက်ခဲ့ခြင်း, နူးညံ့သော အဝတ်အရုံ အခြုံအခင်းတို့ကို လှူဒါန်းခဲ့ခြင်းသည် (၁) ကမ္မမည်၏။ အမျက်ထွက်သောသူ၏ အရေအဆင်းသည် နောက်ကျု၏၊ ထိုသူ၏မျက်နှာသည် အကြည့်ရခက်အောင် အရုပ်ဆိုးလျက်ရှိ၏၊ လောက၌ အဝတ်ဝတ်ခြင်းနှင့်တူသော



(ငါး)

တန်ဆာဆင်ခြင်းမည်သည်မရှိ၊ ထို့ကြောင့် အမျက်ထွက်ခဲ့သောသူ အဝတ်အရုံ အခြုံအခင်း မလှူဒါန်းခဲ့သော သူများမှာ အမျက်ထွက်ခဲ့ခြင်း အစရှိသည့် ထိုသူ၏ ရှေးမကောင်းမှုကို လူအများ သိစေသားဟု ဖော်ပြသည့်ပမာ အဆင်းသဏ္ဌာန် မလှပဲ ရှိကြကုန်၏။ အမျက်မထွက်သောသူ၏ မျက်နှာသည် တင့်တယ်၏၊ အရေအဆင်းသည် ကြည်လင်၏။ မှန်၏.. သတ္တဝါတို့သည်-

၁။ ရှေးဘဝများက အစာအာဟာရကို လှူခဲ့ခြင်း၊

၂။ ရှေးဘဝများက အဝတ်အရုံကို လှူခဲ့ခြင်း၊

၃။ ရှေးဘဝများက တံမြက်လှည်းကျင်း သုတ်သင်ခဲ့ခြင်း၊

၄။ အမျက်မထွက်ခဲ့ခြင်း-

ဤအကြောင်း လေးပါးတို့ကြောင့် ရုပ်ရည်အဆင်း ကြည်ညိုဖွယ်ရှိခြင်း တည်းဟူသော အကျိုးကို ရကုန်၏၊ ဤအကြောင်း လေးမျိုးလုံးကိုပင် အလောင်းတော်သူမြတ်သည် ဘဝများစွာက ပြုခဲ့ဘူးသည်သာ ဖြစ်ကုန်၏။ ထို့ကြောင့် အလောင်းတော်သူမြတ်မှာ ထိုကောင်းမှုလေးပါးတို့ကို ပြုခဲ့ကြောင်း နတ်လူအပေါင်းတို့ သိစေသားဟု ထင်ရှားဖော်ပြ ပြောဆိုသည့်ပမာ သိင်္ဂီနိက်ရွှေစင်အဆင်း ဝါဝင်းသော ကိုယ်ရေအဆင်း တည်းဟူသော (၁၁) အမှတ်ပြ မဟာပုရိသလ က္ခဏာတော်ကြီး ထင်ရှားဖြစ်ပေါ်လာ၏။ သို့ရကား ထိုကောင်းမှုလေးပါးကို ပြုခဲ့ကြောင်း ကောင်းစွာသိစေတတ်သည့် ကိုယ်ရေအဆင်း၏ သိင်္ဂီနိက်ရွှေစင် အဆင်း ဝါဝင်းတင့်တယ်တော်မူခြင်းသည် (၂) ကမ္မသရိက္ခက မည်၏။ သိင်္ဂီနိက်ရွှေစင်အဆင်း ဝါဝင်းသော ကိုယ်သားကိုယ်ရေတော်ဒြဗ်သည် (၃) လက္ခဏမည်၏။ နူးညံ့သိမ်မွေ့သော အဝတ်အရုံ အခြုံအခင်းတို့ကို ရတော်မူခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။ချိုးဖဲ့နှိပ်စက်၊ ဆိုတုံလျက်လည်း၊ အမျက်မလို၊ စိတ်မတိုခဲ့၊ ကြည်ညိုချမ်းမြေ့၊ ချောမွေ့နုမွတ်၊ အဝတ်အရုံ၊ အခြုံအခင်း၊ လှူခဲ့ခြင်းကြောင့်..၊ အဆင်းအရေ၊ ဇမ္ဗူရွှေသို့၊ လျှံဝေဝင်းဝါ၊ လက္ခဏာဖြင့်..၊ ဖဲဝါကတ္တီ၊ သိုးမွေးထည်နှင့်၊ ပိုးထည်နုပျောင်း၊ ထည်လိပ်ကောင်းကို၊ လူပေါင်းဗြဟ္မာ၊ နတ်ဒေဝါတို့၊ များစွာကပ်လှူ၊ မပြတ်ရတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


အအိမ်ဖြင့်ဖုံးလွှမ်းအပ်သည် ယောက်ျားနိမိတ် ရှိတော်မူကြောင်း

     (၁၁) အလောင်းတော် သူမြတ်သည် ရှေးဘဝများစွာတို့က ကြာမြင့်စွာ ကွဲကွာကွေကွင်း နေကြကုန်သော အမျိုးအဆွေ မိတ်ခင်ပွန်းတို့ကို အညီအညွတ်ဖြစ်အောင် ရွက်ဆောင် စေ့စပ်ပေးတော်မူခဲ့၏၊ အမိနှင့်သား စိတ်ဝမ်းကွဲပြားနေလျှင်၎င်း,



(စ)

အဖနှင့်သား စိတ်ဝမ်းကွဲပြားနေလျှင်၎င်း, ညီအစ်ကိုချင်း မောင်နှမချင်း ညီအစ်မချင်း စိတ်ဝမ်းကွဲပြားနေလျှင်၎င်း အညီအညွတ်ဖြစ်အောင် ရွက်ဆောင်ပေးတော်မူခဲ့၏၊ ထိုသို့ ရွက်ဆောင်ပေးသဖြင့် မိတ်ခင်ပွန်းချင်း သားနှင့်အမိ သားနှင့်အဖ ညီနှင့်အစ်ကို မောင်နှင့်နှမ ညီအစ်မတို့ ညီညွတ်၍ နေကြသည်ကိုလည်း အလွန်ဝမ်းမြောက်တော်မူ၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ ဆဒ္ဒန်ဆင်မင်းပမာ အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ယောက်ျားမြတ်နိမိတ် ရှိတော်မူခြင်း တည်းဟူသော (၁၀) အမှတ်ပြ မဟာပုရိသ လက္ခဏာတော်ကြီးကို ရတော်မူ၏။ အလောင်းတော် သူမြတ်သည် ထိုလက္ခဏာတော်ကြီးနှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍ ရန်သူစစ်သည်တဖက်ကို ညက်ညက်ချေမှုန်းနိုင်သည့် သူရသတ္တိပြည့်ဝသော အထောင်မကသော သားကောင်းတို့ကို ရရှိခြင်းတည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။ ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရားဖြစ်၍ ကိလေသာရန်သူ စစ်သည်တဖက်ကို ညက်ညက်ချေမှုန်းနိုင်သည့် သူရသတ္တိပြည့်ဝသော အထောင်မက (ထောင်ပေါင်းများစွာ) အရိယာသာဝက သားတော်တို့ကို ရရှိတော်မူခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ ဘဝများစွာ ဆွေမျိုးများကို ညီညွတ်အောင် ပြုခဲ့ခြင်းကောင်းမှုသည် (၁) ကမ္မမည်၏။ “ဆွေမျိုးများသည် တဦးနှင့်တဦး ညီညွတ်နေကြလျှင် တယောက်သည် တယောက်၏အပြစ်ကို ဖုံးလွှမ်းကြကုန်၏၊ ထိုဆွေမျိုးများသည် ခိုက်ရန်ငြင်းခုံမှု ပြုသောအခါ ပြုကြပါသော်လည်း တယောက်ယောက်၏ အပြစ်ဒေါသ ဖြစ်ပေါ်လာလျှင် သူတပါးကို မသိစေလိုကြကုန်၊ “ဤကား ထိုသူ၏ အပြစ်တည်း”ဟု ပြောဆိုလျှင် အားလုံးထကြ၍ “ဘယ်သူ မြင်သနည်း၊ ဘယ်သူ ကြားသနည်း၊ ငါတို့ဆွေမျိုးထဲမှာ ဤအပြစ်မျိုး ပြုလုပ်တတ်သူ တလူမရှိ” ဤသို့ စသည်ဖြင့် အပြစ်ကို ဖုံးလွှမ်းကြကုန်၏။ အလောင်းတော်သူမြတ်သည်လည်း ရှေးရှေးဘဝများစွာတို့က ဆွေမျိုးအချင်းချင်း စိတ်ဝမ်းကွဲနေသည်ကို ညီညွတ်အောင် စေ့စပ်ပေးခြင်းဖြင့် ဤအပြစ်ကိုဖုံးလွှမ်းမှုကို ပြုအပ်သည် မည်ပေ၏၊ ထို့ကြောင့် အလောင်းတော်သူမြတ်မှာ ဆွေမျိုးအချင်းချင်း အပြစ်ကို ဖုံးလွှမ်းနိုင်အောင် စိတ်ဝမ်းကွဲသည်ကို ညီညွတ်အောင် စေ့စပ်မှုပြုတော်မူခဲ့ကြောင်း နတ်လူအပေါင်းတို့ သိစေသားဟု ထင်ရှား ဖော်ပြသည့်ပမာ အပြစ်နှင့်တူသော ယောက်ျားနိမိတ်တော်မှာ အအိမ်ဖြင့် ဖုံးလွှမ်းလျက် ဖြစ်ပေါ်လာ၏၊ သို့ရကား ဆွေမျိုးအချင်းချင်း အပြစ်ကိုဖုံးကာ ချမ်းသာစွာ နေနိုင်ကြအောင် ညီညွတ်အောင် စေ့စပ်ဆောင်ရွက်ခဲ့မှု ရှေးကံအကြောင်းကို သိစေတတ်သည့် ယောက်ျားနိမိတ် တော်မှာ အအိမ်ဖြင့်ဖုံးလွှမ်းခြင်းသည် (၂) ကမ္မသရိက္ခက မည်၏။



(စာ)

အအိမ်ဖြင့် ဖုံးလွှမ်းအပ်သော ယောက်ျားနိမိတ်ဒြဗ်သည် (၃) လက္ခဏမည်၏။ ထောင်ပေါင်းများစွာ အရိယာသာဝက သားတော်တို့ကို ရခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။မိသားအဖ၊ မောင်နှမဟု၊ သဟာယချင်း၊ ကွေကွင်းခဲ့ရာ၊ တွေ့အောင်ရှာ၍၊ ကောင်းစွာထက်ကြပ်၊ ပေါင်းစပ်ခဲ့ဘူး၊ ကောင်းမှုထူးကြောင့်..၊ ဆင်မှူးဆဒ္ဒန်၊ ပုံသဏ္ဌာန်သို့၊ နေဟန်တင့်ဆုံး၊ အိမ်ဖုံးစေ့စပ်၊ သပ်ယပ်ထင်ရှား၊ ယောက်ျားနိမိတ်၊ တံဆိပ်ပြီစွာ၊ လက္ခဏာဖြင့်..၊ များစွာစုပေါင်း၊ ထောင်သောင်းမက၊ သားကောင်းရတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


အလံအရပ် ညီမျှ၍ ရပ်တော်မူလျက် မညွတ်ပဲ

ဒူးဝန်းတော်ကို သုံးသပ်တော်မူနိုင်ကြောင်း

     (၁၁) အလောင်းတော်သူမြတ်သည် ရှေးရှေးဘဝ များစွာတို့က မိမိ၏ အခြွေအရံ လူအပေါင်းကို သင်္ဂြိုဟ်ချီးမြှောက်ခြင်းအမှု ပြုတော်မူသည်ရှိသော် ပညာရှိသူ မရှိသူ ဂုဏ်ကျေးဇူးရှိသူ မရှိသူတို့ကို ကိုယ်တိုင်သိအောင် စုံစမ်း၍ အမှန်အတိုင်း ပုဂ္ဂိုလ်၏အရည်အချင်းကို သိရှိတော်မူပြီးကာ “ဤသူကား ဤမျှ ပူဇော်သက္ကာရကို ခံထိုက်၏၊ ဤသူကား ဤမျှ ပူဇော်သက္ကာရကို ခံထိုက်၏”ဟု အရည်အချင်းအလိုက် သင်္ဂြိုဟ် ချီးမြှောက်တော်မူခဲ့၏။ တကျပ်တန်သူအား ကျပ်ဝက် (ငါးမူး = ပြားငါးဆယ်)ကိုပေးလျှင် ထိုပေးသူသည် အပေးခံရသူ၏ ကျပ်ဝက်ကို ဖျက်ဆီးသည်မည်၏။ တကျပ်တန်သူအား နှစ်ကျပ်ပေးလျှင်လည်း ထိုပေးသောသူသည် မိမိပိုင်တကျပ်ကို ဖျက်ဆီးပစ်သည်မည်၏၊ ထို့ ကြောင့် ဤနှစ်မျိုးလုံးကိုပင် ပြုတော်မမူပဲ (တိုး၍ လျှော့၍ မချီးမြှောက်ပဲ) တကျပ်တန်သူအား တကျပ် ချီးမြှောက်တော်မူ၏။ နှစ်ကျပ်တန်သူအား နှစ်ကျပ် ချီးမြှောက်တော်မူခဲ့၏၊ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ “အရပ်တော်နှင့် အလံတော် ညီမျှသဖြင့် ပညောင်ပင်အဝန်းကဲ့သို့ ဝန်းသော (လုံးချောသပ္ပါယ်သော) ကိုယ်တော်ရှိခြင်း” တည်းဟူသော (၁၉) အမှတ်ပြ လက္ခဏာတော်ကြီး၊ “ရပ်တော်မူလျက်ပင် ကိုယ်တော်ကို မကိုင်းညွတ်ပဲ လက်ဖဝါးတော်နှစ်ဖက်ဖြင့် ပုဆစ်ဒူးဝန်းတော်နှစ်ဖက်ကို သုံးသပ် ထိတွေ့နိုင်ခြင်း” တည်းဟူသော (၉) အမှတ်ပြ လက္ခဏာတော်ကြီးတို့ကို ရတော်မူပေ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီး နှစ်ပါးတို့နှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍ စည်းစိမ်ဥစ္စာ ရတနာရွှေငွေ အသုံးအဆောင် ဘဏ္ဍာကျီကြ ပေါများခြင်း



(စိ)

တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။ ရှင်ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရားဖြစ်၍ သဒ္ဓါ သီလ သုတ စာဂ ပညာ ဟိရီ ဩတ္တပ္ပ တည်းဟူသော သူတော်ကောင်းဥစ္စာတို့ လွန်စွာပေါများခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ ပုဂ္ဂိုလ်၏အရည်အချင်းနှင့် ညီညွတ်လိုက်လျောအောင် ချီးမြှောက်ပေးကမ်းခဲ့ခြင်းသည် (၁) ကမ္မမည်၏။ ထိုကံနှင့် အလားတူစွာ ဤယခု လူ့ဘဝ၌ အလံနှင့်အရပ် ညီညွတ်လိုက်လျောခြင်း, ကိုယ်တော်အထက်ပိုင်း အောက်ပိုင်း ညီညွတ် လိုက်လျောခြင်းသည် (၂) ကမ္မသရိက္ခက မည်၏။ ပညောင်ပင်ဝန်းကဲ့သို့ ဝန်းသော ကိုယ်ဒြဗ်တော်, အပေါက်အဆက်ညီမျှသော အထက်အောက် ကိုယ်ဒြဗ်တော်သည် (၃) လက္ခဏ မည်၏။ သူတော်ဥစ္စာ ခုနစ်ဖြာတို့ ပေါများခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။ပုဂ္ဂိုလ်ယုတ်မြတ်၊ ရွေးချယ်လတ်၍၊ လျောက်ပတ်သင့်လျော်၊ ပူဇော်ခဲ့ဟန်၊ ကောင်းမှုကံကြောင့်..၊ အလံအရပ်၊ ညီလတ်ရွှန်းရွှန်း၊ ပညောင်ဝန်းသို့၊ ဝန်းသောကိုယ်တော်၊ ရပ်သော်စူးစူး၊ မညွတ်ဦးပဲ၊ ရွှေဒူးဝန်းပေါ်၊ လက်ဝါးတော်ဖြင့်၊ သုံးသော်မှီလောက်၊ ကိုယ်ထက်အောက်လည်း၊ အပေါက်အဆက်၊ ညီလျက်အမျှ၊ ကုန်းမကွတည့်၊ ပုဏ္ဏကာယာ၊ လက္ခဏာဖြင့်..၊ သဒ္ဓါ သီလ၊ သုတ စာဂါ၊ ပညာ ဟိရီ၊ ဩတ္တပ္ပီဟု၊ ခုနစ်လီဥစ္စာ၊ ရတနာသာရ၊ မြတ်ဓနဖြင့်၊ ကြွယ်ဝချမ်းသာတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


ကိုယ်တော်ပြည့်ဖြိုး၍ ရေစီးကြောင်းမထင် ကျောပြင်ရှိခြင်းနှင့်

လည်တိုင်ဖြိုးတော်မူကြောင်း

     (၁၂) အလောင်းတော်သူမြတ်သည် ရှေးရှေးဘဝ များစွာတို့က လူအပေါင်း၏ အကျိုးစီးပွါးကို အလိုရှိတော်မူခဲ့၏။ ချမ်းသာခြင်း ယောဂလေးခင်းမှ ဘေးကင်းခြင်းကို အလိုရှိတော်မူခဲ့၏။ ဤသူတို့သည် ဘယ်သို့သောနည်းနှင့် (ဘယ်လိုနည်းနှင့်) သဒ္ဓါတရားဖြင့် ကြီးပွါးကြပါကုန်မည်နည်း၊ ငါးပါးသီလ ဆယ်ပါးသီလဖြင့် ကြီးပွါးကြပါကုန်မည်နည်း၊ ဘယ်လိုများ ပညာရှိ သူတော်ကောင်းတို့၏ စကားကို လိုက်နာခြင်း သုတဖြင့်၎င်း, စွန့်ကြဲပေးလှူခြင်း စာဂဖြင့်၎င်း, မှန်ကန်သော တရားဖြင့်၎င်း, ကံသာလျှင် ကိုယ်ပိုင်ဥစ္စာရှိမှုကို သိသော ကမ္မဿကတာ ဉာဏ်ပညာဖြင့်၎င်း ကြီးပွါးကြပါကုန်မည်နည်း။ ဘယ်လိုများ ဥစ္စာစပါးဖြင့် လယ်ယာမြေဝတ္ထုဖြင့် အခြေနှစ်ချောင်း အခြေလေးချောင်းရှိ သတ္တဝါတို့ဖြင့် သား မယား ကျွန် အမှုလုပ် ဆွေမျိုးမိတ်သင်္ဂဟတို့ဖြင့်



(စီ)

ပွါးတိုး ကြီးမြင့်ကြပါကုန်မည်နည်းဟု အကျိုးစီးပွါးတို့ကို အလိုရှိတော်မူခဲ့၏။ အကျိုးများရန် ကြံစည်စဉ်းစား ပွါးများတော်မူခဲ့၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ “ခြင်္သေ့မင်း၏ ရှေ့ပိုင်းကိုယ်ကဲ့သို့ အောင်မောင်းပြည့်ဝသည့် ကိုယ်တော်ရှိခြင်း” တည်းဟူသော (၁၇) အမှတ်ပြ လက္ခဏာတော်ကြီး၊ “ရွှေပျဉ်ချပ်ပမာ ခါးတော်မှစ၍ အထက် လည်ကုပ်တိုင်အောင် ရေစီးကြောင်း (အကြား)မထင် ပြည့်ဖြိုးစင်သည့် ကျောက်ကုန်းတော်ရှိခြင်း” တည်းဟူသော (၁၈) အမှတ်ပြ လက္ခဏာတော်ကြီး၊ “ညီလည်း ညီညွတ် လုံးလည်း လုံးဝန်းသည့် လည်တိုင်တော်ရှိခြင်း” တည်းဟူသော (၂၀) အမှတ်ပြ လက္ခဏာတော်ကြီး ဤလက္ခဏာတော်ကြီး သုံးပါးတို့ကို ရတော်မူပေ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီးသုံးပါးတို့နှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍ မင်း၏အသုံးအဆောင် ခပ်သိမ်းသော စည်းစိမ်တို့မှ မယုတ်လျော့ခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။ ရှင်ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရားဖြစ်၍ သဒ္ဓါ သီလ သုတ စာဂ ပညာ အစရှိသော လောကီ လောကုတ္တရာ ဂုဏ်ကျေးဇူးတို့မှ မယုတ်လျော့ခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ လူများအပေါင်း၏ အကျိုးစီးပွါးကို လိုလားတော်မူခြင်းသည် (၁) ကမ္မမည်၏။ ထိုကဲ့သို့ သူတပါးတို့ အကျိုးစီးပွါး ကြီးထွားတိုးတက်ရန် လိုလားတော်မူခဲ့ကြောင်း ကောင်းစွာဖော်ပြသည့်ပမာ ကိုယ်တော် ကျောက်ကုန်းတော် လည်တိုင်တော်တို့ ပြည့်ဖြိုးလုံးဝန်းခြင်း ဂုဏ်သတ္တိသည် (၂) ကမ္မသရိက္ခက မည်၏။ ပြည့်ဖြိုးလုံးဝန်းသော ကိုယ်တော် ကျောက်ကုန်းတော် လည်တိုင်တော်သည် (၃) လက္ခဏ မည်၏။ ဥစ္စာစီးပွါးစသည် သဒ္ဓါတရား စသည်တို့ဖြင့် မယုတ်လျော့ခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။သူတပါးကို၊ ကောင်းစေလို၍၊ ကုသိုလ်ပညာ၊ ဥစ္စာဓန၊ သဟာယများ၊ ဘယ်သို့ပွါးအံ့၊ သူ့အားတောင့်တ၊ ကြောင့်ကြခဲ့ဟန်၊ ကောင်းမှုကံကြောင့်..၊ မြိုင်ယံပျော်မွေ့၊ ရွှေခြင်္သေ့၏၊ ရှေ့ထက်ဝက်ကိုယ်၊ ပမာလိုလျှင်၊ ကိုယ်တော်အောင်မောင်း၊ ရေစီးကြောင်းမထင်၊ ရွှေကျောပြင်နှင့်၊ စည်သွင်မုရိုး၊ ပြည့်ဖြိုးလုံးခြင်း၊ လည်ပင်းသပ္ပါယ်၊ ဤသုံးသွယ်ဖြင့်..၊ ဤဝယ်လောကီ၊ ဤသည်လောကုတ်၊ ဂုဏ်ပေါင်းထုတ်သော်၊ ယုတ်လျော့ခြင်းရာ၊ မထင်ပါသော မြတ်စွာဘုရား မြတ်စွာဘုရား။



(စု)

အရသာကြော(၇၀၀၀)တို့ အဖျားထောင်၍ လည်၌ စွပ်လျက်ရှိကြောင်း

     (၁၃) အလောင်းတော်သူမြတ်သည် ရှေးရှေးဘဝ များစွာတို့က သတ္တဝါတို့ကို လက်ဖြင့်သော်၎င်း, ခဲဖြင့်သော်၎င်း, တုတ်လှန်ကန်ဖြင့်သော်၎င်း, ဓားစသော လက်နက်ဖြင့်၎င်း ညှဉ်းပန်းနှိပ်စက်မှု ပြုတော်မမူခဲ့ချေ။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်သောအခါ “နှမ်းလုံးခန့်မျှ နည်းငယ်လှသော အရသာကိုသော်လည်း တကိုယ်တော်လုံး ပျံ့နှံ့အောင် ဆောင်နိုင်သည့် ခုနစ်ထောင်သော အရသာကြောတို့ အဖျားချင်းအပ် လည်မှာစွပ်လျက် ရှိခြင်း” တည်းဟူသော (၂၁) အမှတ်ပြု လက္ခဏာတော်ကို ရတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီးနှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍၎င်း, ရှင်ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရား ဖြစ်၍၎င်း အနာရောဂါနည်းပါးခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ သတ္တဝါတို့ကို မညှဉ်းဆဲခဲ့ခြင်း ကောင်းမှုကုသိုလ်သည် (၁) ကမ္မမည်၏။ လက်စသည်ဖြင့် အရိုက်အပုတ် ခံရသောသူအား ထိုထိုအရိုက်အပုတ် ခံရသောအရပ်၌ သွေးစုခြင်း သွေးကြည်ဥခြင်းက အစပြု၍ အတွင်းမှာပင် ပြည်တည်ကာ ပေါက်ကွဲသဖြင့် ရောဂါအနာ များလှစွာ၏။ အလောင်းတော်သူမြတ်ကား ဘဝများစွာက သတ္တဝါတို့ကို မညှဉ်းဆဲခြင်း တည်းဟူသော အနာရောဂါကင်းကြောင်း ကောင်းမှုကုသိုလ်ကို ပြုခဲ့ကြောင်း နတ်လူအပေါင်းတို့ သိစေသားဟု ထင်ရှားဖော်ပြသည့်ပမာ အရသာကြောများ အဖျား ထောင်လျက် လည်မှာစွပ်လျက် ရှိခြင်းတည်းဟူသော လက္ခဏာတော်ကို ရတော်မူ၏။ သို့ရကား အရသာကြောများ သူတပါးနှင့်မတူ ထိုကဲ့သို့ တည်နေဖြစ်ပွါးခြင်း ဂုဏ်သတ္တိသည် (၂) ကမ္မသရိက္ခက မည်၏။ အဖျားထောင်၍ လည်မှာစွပ်လျက်ရှိသော အရသာကြောများသည် (၃) လက္ခဏ မည်၏။ အနာရောဂါ ကင်းခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

     ဤ၌ အလောင်းတော်သူမြတ်၏ အရသာကြာတို့ကလည်း နှမ်းလုံးခန့်မျှသော ရသဓာတ်ကိုပင်သော်လည်း တကိုယ်လုံး ပျံ့နှံ့အောင် ပို့ဆောင်ကြကုန်သည်၊ ဝမ်းမီးကလည်း မနုံ့လွန်း မထက်လွန်း အလယ်အလတ်ဖြစ်၍ စားသမျှ အစာအာဟာရကို လှလှကြီးကြေအောင် ချေချက်ပေးသည်။ ထို့ကြောင့် သူတပါးတို့ထက် အနာရောဂါ ကင်းရှင်းတော်မူခြင်းဖြစ်သည်။

(အရကျက်ရန်)။ ။သတ္တဝါခပင်း၊ မညှဉ်းဆဲရှောင်၊ ကုသိုလ်ဆောင်၍..၊ ခုနစ်ထောင်သော၊ ရသာကြောများ၊ အဖျားချင်းအပ်၊ လည်မှာစွပ်၍၊ မီးဓာတ်ဂဟဏီ၊ ဇီရဏီလည်း၊ အညီချက်ချေ၊



(စူ)

အစာကြေသဖြင့်..၊ ထွေထွေရောဂါ၊ ကင်းရှင်းကွာသည်၊ ကျန်းမာတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


မျက်လုံးတော် အလွန်ညို၍

မျက်တောင်မွေးတော် အလွန်နုကြောင်း

     (၁၄) အလောင်းတော် သူမြတ်သည် ရှေးရှေးဘဝ များစွာတို့က သတ္တဝါတို့အပေါ်မှာ အမျက်ထွက်ကာ ပုဇွန်မျက်လုံးပမာ မျက်လုံးတော်ကို ပြူး၍လည်း ကြည့်တော်မမူခဲ့၊ အမျက်ထွက်ကာ မျက်စောင်းထိုး၍လည်း ကြည့်တော်မမူခဲ့။ အမျက်ထွက်ကာ ထိုသူကကြည့်သောအခါ မိမိက မျက်စိကိုမှိတ်ထား၍ ထိုသူက မျက်နှာလွှဲမှ စိတ်ဆိုးသော ကြည့်ခြင်းဖြင့်လည်း ကြည့်တော်မမူခဲ့ပဲ သူတပါးတို့ကို ချစ်ကြည်သောစိတ် ပျံ့ပျူးသော စိတ်ရှိ၍ ဖြောင့်ဖြောင့်ပြန့်ပြန့် ချစ်မြတ်နိုးစွာသာ ကြည့်တော်မူခဲ့၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ “အလွန်ညိုကြည်သည့် မျက်လုံးတော်ရှိခြင်း” တည်းဟူသော (၂၉) အမှတ်ပြ လက္ခဏာတော်ကြီးနှင့် “ဖွားသစ်စ နွားနီငယ်၏ မျက်တောင်မွေးကဲ့သို့ အလွန်နူးညံ့နုပျိုသည့် မျက်တောင်မွှေးတော်ရှိခြင်း” တည်းဟူသော (၃၀) အမှတ် လက္ခဏာတော်ကြီးတို့ကို ရရှိတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီးနှစ်ပါးနှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍၎င်း, ရဟန်းပြုလျှင် သဗ္ဗညု မြတ်စွာဘုရားဖြစ်၍၎င်း ဆိုင်ရာ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ ချစ်ချစ်ခင်ခင် ကြည်ကြည်ညိုညို ကြည့်ရှုဖူးမြော်ကြခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ ဘဝများစွာက သတ္တဝါတို့အား ချစ်ခင်သော မျက်စိဖြင့် ကြည့်တော်မူခဲ့ခြင်းသည် (၁) ကမ္မမည်၏။ အမျက်ထွက်၍ မျက်စောင်းထိုးကြည့်သူ မျက်မှောင်ကုပ်၍ ကြည့်သူတို့မှာ ထိုအမူအရာအတိုင်း မျက်စိဖြစ်၍ နေတတ်၏။ ချစ်ခင်ကြည်ညိုသောစိတ်ဖြင့် ကြည့်သောသူ၏ မျက်စိကား ငါးပါးသောအဆင်းဖြင့် ကြည်လင်လှပ၏၊ အလောင်းတော် သူမြတ်မှာလည်း ဖော်ပြရာပါ မျက်လုံးတော် မျက်တောင်မွေးတော်တို့က ရှေးဘဝများစွာဝယ် သတ္တဝါတို့ကို ချစ်ခင်ကြည်ညိုသော မျက်စိဖြင့်သာ ဖြောင့်ဖြောင့်ကြည်ကြည် ကြည့်တော်မူခဲ့သည်၏အဖြစ်ကို ထင်စွာဖော်ပြသည့်ပမာ ငါးပါးသော အဆင်းတို့ဖြင့် ညိုကြည်ခြင်း မျက်တောင်မွေးတော် နူးနူးညံ့ညံ့ ကော့ရရော့ရှိခြင်း ဂုဏ်သတ္တိနှင့် ပြည့်စုံစွာ မျက်လုံးတော် မျက်တောင်မွေးတော်တို့ ဖြစ်ပေါ်လာ၏၊ ထိုဂုဏ်သတ္တိနှစ်မျိုးသည် (၂) ကမ္မသရိက္ခက မည်၏။ အလွန်ညိုကြည်သည့် မျက်လုံးတော် အလွန်နူးညံ့နုပျိုသည့် မျက်တောင်မွေးတော် ဤနှစ်ပါးတို့သည် (၃) လက္ခဏ မည်၏။



(စေ)

သတ္တဝါတို့၏ ချစ်ခင်ကြည်ညိုစွာ အဖူးအမြော်ခံရခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။မျက်စောင်းမထိုး၊ မကျိုးမျက်မှောင့်၊ ဖြောင့်ဖြောင့်ချစ်ကြည်၊ ကြည့်ခဲ့သည်ကြောင့်..၊ ညိုကြည်မျက်လုံး၊ အံ့မဆုံးအောင်၊ ရွှေမျက်တောင်မွေး၊ သွယ်သေးနုစွာ၊ လက္ခဏာဖြင့်..၊ ပိယာသိဒ္ဓိ၊ နတ်ဆေးရှိသို့၊ တြိဘုံခန်း၊ ရဟန်းလူများ၊ သိကြားဗြဟ္မာ၊ နတ်သူရာဟု၊ သတ္တဝါထိုထို၊ ကြည်ညိုလေးမြတ်၊ ချစ်ခင်အပ်ပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


သင်းကျစ်တော်အသားလွှာပါရှိကြောင်း

     (၁၅) အလောင်းတော် သူမြတ်သည် ရှေးရှေး ဘဝများစွာတို့က ကာယသုစရိုက် ဝစီသုစရိုက် မနောသုစရိုက် လှူဒါန်းပေးကမ်းမှု သီလဆောက်တည်မှု ဥပုသ်ကျင့်သုံးမှု အမိအဖကို ပြုစုလုပ်ကျေးမှုစသော ကုသိုလ်ကောင်းမှု အစုစုတို့၌ ရှေ့သွားဦးစီး အမှူးအကြီးပြုကာ စီမံရွက်ဆောင်တော်မူခဲ့၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ “နဖူးတော်ဝယ် ပကတိ ပင်ကိုယ်အားဖြင့်ပင် သင်းကျစ်ရွှေပြား တပ်စီ၍ထားသကဲ့သို့ သင်းကျစ်တော်အသားလွှာ ပါရှိခြင်း” တည်းဟူသော (၃၂) အမှတ်ပြ လက္ခဏာတော် ကြီးကို ရရှိတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီးနှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍၎င်း, ရဟန်းပြုလျှင် သဗ္ဗညုမြတ်စွာဘုရားဖြစ်၍၎င်း သတ္တဝါထိုထို များလူဗိုလ်တို့ ကိုယ်တော်၏ နောက်လိုက်ဖြစ်ရခြင်း ကိုယ်တော်မြတ်က ရှေ့သွားခေါင်းဆောင် ဖြစ်ရခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ ကုသိုလ်မှုတို့၌ ရှေ့သွားခေါင်းခံ စီမံအားထုတ်ခြင်း ကောင်းမှုသည် (၁) ကမ္မမည်၏။ အကြင်သူသည် ရှေ့သွားခေါင်းခံပြု၍ ဒါနစသော ကုသိုလ်မှုတို့ကို စီမံဆောင်ရွက်၏။ ထိုသူသည် ပရိသတ်ပွဲလယ်၌ မျက်နှာမသာမယာမရှိရပဲ ဦးခေါင်းကို ရဲရဲထောင်ကာ နှစ်သက်ခြင်း ဝမ်းမြောက်ခြင်းတို့နှင့် ပြည့်စုံသော ဦးခေါင်းရှိ၍ လှည့်လည်ကျက်စား သွားလာရ၏၊ ပရိသတ်နောက်လိုက် အခြံအရံလည်း များလှစွာ၏၊ အလောင်းတော် သူမြတ်သည်လည်း ရှေးရှေးဘဝ များစွာတို့က ကုသိုလ်မှုတို့၌ ရှေ့သွားခေါင်းခံ စီမံအားထုတ်တော်မူခဲ့၏။ ထိုအကြောင်းကို နတ်လူအပေါင်းတို့ သိသာစေရန် နဖူးတော်ဝယ် သင်းကျစ်တော် အသားလွှာ ပကတိပါရှိလာ၏၊ (တနည်း ပြည့်ဖြိုးလုံးဝန်းသော ဦးခေါင်းတော် ဖြစ်ပေါ်လာ၏။) သို့ရကား သင်းကျစ်တော်အသားလွှာ



(စဲ)

(တနည်း ပြည့်ဖြိုးသော ဦးခေါင်းတော်)၏ ထိုရှေးကံအကြောင်းကို သိစေတတ်သော အစွမ်းသတ္တိသည် (၂) ကမ္မသရိက္ခက မည်၏။ သင်းကျစ်တော်အသားလွှာဒြဗ် (တနည်း- ပြည့်ဖြိုးလုံးဝန်းသော ဦးခေါင်းတော်ဒြဗ်)သည် (၃) လက္ခဏ မည်၏။ သတ္တဝါထိုထို များလူဗိုလ်တို့ ကိုယ်တော်နောက်၌ စိုက်စိုက်မကွာ လိုက်ပါရခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။ကုသိုလ်တရား၊ ဟူသည်များ၌၊ ရှေ့သွားအမှူး၊ ဦးစီးခေါင်းခံ၊ ဆော်စီမံဘူး၊ ကောင်းမှုထူးကြောင့်၊ နဖူးတော်ဝယ်၊ ရွှေပြားချယ်သို့၊ တင့်တယ်လှစ်လှစ်၊ အသားစစ်မှ၊ သင်းကျစ်တော်လွှာ၊ လက္ခဏာဖြင့်..၊ သတ္တဝါထိုထို၊ များလူဗိုလ်တို့၊ ကိုယ်တော်နောက်၌၊ စိုက်စိုက်မကွာ၊ လိုက်ရပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


မွေးတွင်းတော် တခုတခု၌ မွေးညှင်းတော် တပင်စီနှင့်

နဖူးတော်၌ ဥဏ္ဏလုံမွေးရှင်တော် ပါရှိကြောင်း

     (၁၆) အလောင်းတော် သူမြတ်သည် ရှေးရှေးဘဝ များစွာတို့က မဟုတ်မမှန်စကား (= မုသားစကား) ပြောကြားခြင်းမှ ရှောင်ရှားတော်မူခဲ့၏၊ ဟုတ်မှန်သော စကားကိုသာ ပြောဆိုတော်မူခဲ့၏၊ (မုသားစကား အကြားမညှပ်ပဲ) ရှေး ဟုတ်မှန်သောစကားနှင့် နောက် ဟုတ်မှန်သောစကားတို့ စပ်လျက် ရှိတော်မူ၏။ မြဲမြံခိုင်ခံ့သော စကားရှိတော်မူ၏၊ လူအများ သက်ဝင်ခုံတည် ယုံကြည်ရသော စကားရှိတော်မူခဲ့၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ “မွေးညှင်းတွင်း တတွင်းတတွင်းလျှင် မွေးညှင်းတော် တပင်စီ တပင်စီသာ ပေါက်ရောက်ခြင်း” တည်းဟူသော (၁၃) အမှတ်ပြ လက္ခဏာတော်ကြီးနှင့် “မျက်မှောင် (မျက်ခုန်း)တော်နှစ်ဖက် အလယ်ချက်၌ ဥဏ္ဏလုံမွေးရှင်တော် ပေါက်ရောက်ခြင်း” တည်းဟူသော (၃၁) အမှတ်ပြ လက္ခဏာတော်ကြီး ဤလက္ခဏာတော်ကြီး နှစ်ပါးကို ရတော်မူ၏။ အလောင်းတော် သူမြတ်သည် ထိုလက္ခဏာတော်ကြီး နှစ်ပါးတို့နှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍၎င်း, ရဟန်းပြုလျှင် သဗ္ဗညု မြတ်စွာဘုရားဖြစ်၍၎င်း သတ္တဝါထိုထို များလူဗိုလ်တို့ ကိုယ်တော်၏စိတ်ကြိုက် အလိုလိုက်ကြရခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ ဘဝများစွာက အမှန်ကိုသာ ပြောကြားခဲ့ခြင်း ကောင်းမှုကုသိုလ်သည် (၁) ကမ္မ မည်၏။ အလောင်းတော်သူမြတ်မှာ ဘဝများစွာက ထွေရာလေးပါး အမှားကိုမပြောပဲ အမှန်တခုကိုသာ ပြောကြားတော်မူခဲ့ကြောင်း နတ်လူအပေါင်းကို သိသာစေရန် မွေးတွင်းတော် တတွင်းတတွင်း၌



(စော)

မွေးညှင်းတော် တပင်စီ တပင်စီသာ ပေါက်ရောက်၍ ဥဏ္ဏလုံမွေးရှင်တော် ထူးဆန်းစွာ ပေါက်ရောက်ရကား အမှန်စကား တခွန်း ကိုသာ ပြောဆိုခဲ့ကြောင်း သိစေတတ်သည့် မွေးညှင်းတော် တပင်စီတပင်စီသာ ပေါက်ရောက်ခြင်း, ဥဏ္ဏလုံမွေးရှင်တော် ပေါက်ရောက်ခြင်း ဂုဏ်သတ္တိသည် (၂) ကမ္မသရိက္ခက မည်၏။ ထိုမွေးညှင်းတော်ဒြဗ်, ဥဏ္ဏလုံမွေးရှင်တော် ဒြဗ်သည် (၃) လက္ခဏ မည်၏။ သတ္တဝါထိုထို များလူဗိုလ်တို့ ကိုယ်တော်စိတ်ကြိုက် အလိုလိုက်ကာ ပါရခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။မလိမ်မထောင့်၊ သစ္စာစောင့်၍၊ ရိုးဖြောင့်မှန်စင်း၊ တရားရင်းကြောင့်..၊ မွေးတွင်းတခု၊ မြွာမစုပဲ၊ တခုစီတွင်၊ တပင်စီသာ၊ ရှင်းစွာသင့်လျော်၊ မွေးညှင်းတော်နှင့်၊ မျက်မှောင်တော်နှစ်ဖက်၊ အလယ်ချက်ဝယ်၊ လံဝက်လောက်မျှ၊ ဆွဲက ရှည်လာ၊ လွှတ်လိုက်ခါမူ၊ လက်ျာရစ်ခွေ၊ ဖြူရောင်ဝေသည့်၊ ရွှေနဖူးဝယ်၊ သောက်ရှူးကြယ်သို့၊ နုနယ်ဂွမ်းပုံ၊ ဥဏ္ဏလုံဖြင့်..၊ သုံးဘုံလူဗိုလ်၊ ကိုယ်တော်စိတ်ကြိုက်၊ အလိုလိုက်ခါ၊ ပါရပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


သွားတော် ၄၀-စေ့၍ သွားတော်မကျဲ သိပ်သဲစေ့စပ်ကြောင်း

     (၁၇) အလောင်းတော် သူမြတ်သည် ရှေးရှေးဘဝ များစွာတို့က တယောက်နှင့် တယောက် အချစ်ဆိတ်သုဉ်းစေတတ်သည့် ကုန်းချောစကား ပြောကြားခြင်း (ဂုံးတိုက်ခြင်း)မှ ရှောင်ရှားတော်မူခဲ့၏၊ ကွဲပြားကုန်သော သူတို့ကို အချင်းချင်း သင့်မြတ်အောင် စေ့စပ်တော်မူခဲ့၏။ ညီညွတ်ကုန်သော သူတို့အား ညီညွတ်မှု မပျက်ပြားအောင် အားပေးတော်မူခဲ့၏၊ ညီညွတ်မှု သာမဂ္ဂီရှိရာအရပ် ညီညွတ်သောသူတို့၌ အလွန် နှစ်ခြိုက်မွေ့လျော် ပျော်ပိုက်တော်မူခဲ့၏။ ညီညွတ်သောသူတို့ကို မြင်ရကြားရလျှင် အလွန် နှစ်သက်အားရတော်မူခဲ့၏။ အချင်းချင်း ညီညွတ်အောင် ပြုတတ်သည့် စကားကိုသာ ပြောကြားတော်မူခဲ့၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ “သွားတော်ချောင်းရေ (၄၀) လေးဆယ် အစေ့အင ရှိတော်မူခြင်းတည်းဟူသော (၂၃) အမှတ်ပြု လက္ခဏာတော်ကြီးနှင့် “သွားတော် မကျဲမကွာ စေ့စပ်စွာရှိခြင်း” တည်းဟူသော (၂၅) အမှတ်ပြ လက္ခဏာတော်ကြီး ဤလက္ခဏာတော်ကြီး နှစ်ပါးကို ရတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီး နှစ်ပါးတို့နှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍၎င်း, ရဟန်းပြုလျှင် သဗ္ဗညု မြတ်စွာဘုရားဖြစ်၍၎င်း သူတပါးတို့ ဖျက်ဆီး၍



(စော်)

မပျက်စီး စိတ်ဝမ်းမကွဲသည့် ပရိသတ်အခြံအရံရှိခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ ဘဝများစွာ သံသရာက ဂုံးတိုက်စကား မပြောကြားခဲ့ခြင်း ညီညွတ်စေတတ်သည့် စကားကိုသာ ပြောကြားခဲ့ခြင်းသည် (၁) ကမ္မမည်၏။ ဂုံးတိုက်စကား ပြောကြားခဲ့သူမှာ သူတဖက်သားတို့၏ ညီညွတ်မှုကို ဖျက်ဆီးခဲ့ ကွဲပြားစေခဲ့သောကြောင့် သွားအချောင်းရေ လေးဆယ် မပြည့်မစုံ ပေါက်သည့်ပြင် ကျဲလည်း ကျဲကုန်၏၊ အလောင်းတော် သူမြတ်မှာမူ ဘ၀များစွာ သံသရာက ဂုံးတိုက်စကား မပြောကြားခဲ့ကြောင်း နတ်လူအပေါင်းတို့ သိသာရန် သွားတော်လေးဆယ် အစေ့အငပေါက်၍ သွားတော်တို့ မကျဲပဲ သိပ်သဲစေ့စပ်လှပေ၏။ သို့ရကား ဂုံးတိုက်စကား မပြောကြားခဲ့ကြောင်းကို သိစေတတ်သည့် သွားအချောင်းရေ လေးဆယ် အစေ့အင ပေါက်ရောက်ခြင်း မကျဲခြင်း ဂုဏ်သတ္တိသည် (၂) ကမ္မသရိက္ခက မည်၏။ ထိုဂုဏ်သတ္တိရှိသော မကျဲသောသွားဒြဗ်, လေးဆယ်စေ့ငသော သွားတော်ဒြဗ်သည် (၃) လက္ခဏ မည်၏။ သူတပါးတို့ ဖျက်ဆီး၍ မပျက်စီး စိတ်ဝမ်းမကွဲသည့် ပရိသတ်အခြံအရံရှိခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။ဂုံးတိုက်စကား၊ ကြဉ်ရှောင်ရှား၍၊ ကွဲပြားမကပ်၊ ကြားစေ့စပ်သဖြင့်၊ စေ့စပ်ပြီးကို၊ မြဲအောင်ဆိုခဲ့၊ ထိုကုသိုလ်တော်၊ နှိုးပင့်ဆော်၍..၊ သွားတော်လေးဆယ်၊ ပြည့်ဖြိုးကြွယ်လျက်၊ သေးသွယ်စိပ်စိပ်၊ သိပ်သိပ်ထူထဲ၊ မကျဲသွားမှာ၊ လက္ခဏာဖြင့်..၊ ညီညာမြဲစွဲ၊ သူပင်ခွဲလည်း၊ မကွဲပြိုနိုင်၊ ကြံ့ခိုင်စေ့စပ်၊ ပရိသတ်သာ၊ ရှိတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


ရှည်ပြန့်နူးညံ့သော လျှာတော်နှင့်

အင်္ဂါရှစ်တန် ဗြဟ္မာကရဝိက်သံ ရှိတော်မူကြောင်း

     (၁၈) အလောင်းတော် သူမြတ်သည် ရှေးရှေးဘဝ များစွာတို့က ရုန့်ရင်းကြမ်းတမ်းသော ဆဲရေးစကား ပြောကြားခြင်းမှ ရှောင်ရှားတော်မူခဲ့၏၊ လူအများ နှစ်သက်၍ လူအများ၏ စိတ်နှလုံးကို ပွါးစေတတ်သည့် အပြစ်ကင်းလှ ကြားရချမ်းသာ ချစ်ဖွယ်ရာတအင် နှလုံးသို့သက်ဝင်၍ ယဉ်ကျေးသော စကားကိုသာ ပြောကြားတော်မူခဲ့၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ “ရှည်လျားနူးညံ့ ပြန့်သောလျှာတော် ရှိခြင်း” တည်းဟူသော (၂၇) အမှတ်ပြ လက္ခဏာတော်ကြီးနှင့် “ဗြဟ္မာမင်း၏ အသံကဲ့သို့ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသည့် အသံတော်ရှိခြင်း” တည်းဟူသော



(စံ)

(၂၈) အမှတ်ပြ လက္ခဏာတော်ကြီး ဤလက္ခဏာတော်ကြီး နှစ်ပါးတို့ကို ရတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီး နှစ်ပါးတို့နှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍၎င်း, ရဟန်းပြုလျှင် သဗ္ဗညု မြတ်စွာဘုရားဖြစ်၍၎င်း ကိုယ်တော်မြတ်၏စကားကို လူနတ်ဗြဟ္မာ သတ္တဝါတို့ လိုက်နာရခြင်း, စကားစူး၍ ဩဇာပြန့်လှိုင် အာဏာထူးပိုင်ခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ ဘဝများစွာ သံသရာက သူနားမချမ်း ကြမ်းကြမ်းကြုတ်ကြုတ် အယုတ်တမာ ဆဲရေးတိုင်းထွာသည့် (= ဖရုသဝါစာ)စကား မပြောကြားခဲ့ခြင်း, သိမ်မွေ့ယဉ်ကျေး ချိုအေးသာကြည်သော စကားကို ပြောကြားတော်မူခဲ့ခြင်းသည် (၁) ကမ္မမည်၏။ ဆဲရေးတိုင်းထွာ ဖရုသဝါစာစကား ပြောကြားခဲ့သူတို့ မှာ လျှာကို လှည့်ကာလှည့်ကာ ဆဲရေးစကား ပြောကြားခဲ့ကြောင်း အများသိစေရန် လျှာထူခြင်း, လျှာတွဲခြင်း, လျှာကွဲခြင်းအပြစ်များ ရရှိကြလေသည်။ အလောင်းတော်သူမြတ်မှာမူ ထိုကဲ့သို့သော ဆဲရေးတိုင်းထွာ ဖရုသဝါစာစကား မပြောကြားခဲ့ပဲ သိမ်မွေ့ယဉ်ကျေး ချိုအေးသာကြည်သော စကားကိုသာ ပြောဆိုတော်မူခဲ့ကြောင်း နတ်လူအပေါင်းတို့ သိသာရန် လျှာတော်ရှည်ပြန့် နူးညံ့သေးသွယ်ခြင်း အကျိုးရင်းလက္ခဏာကို ရတော်မူ၏။ ဆဲရေးတိုင်းထွာစကား ပြောကြားသူတို့မှာ အသံကွဲ အသံအက်ကြီးဖြင့် ဆဲရေးတိုင်းထွာခဲ့ကြောင်း အများသိစေရန် အသံကွဲခြင်း အသံအက်ခြင်းစသော အပြစ်များ ရရှိကြလေသည်။ အလောင်းတော်သူမြတ်မှာ ဘဝများစွာက အသံကွဲအက်ကြောင်း ဆဲရေးစကား မပြောကြားခဲ့သည်ကို နတ်လူအပေါင်းတို့ သိစေသားဟု ထင်ရှားဖော်ပြသည့်ပမာ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသော အသံတော်ရှိခြင်းအကျိုး ရတော်မူခဲ့လေသည်။ သို့ရကား လျှာတော်ရှည်ပြန့် နူးညံ့ခြင်း, အသံတော်၏ အင်္ဂါရှစ်ပါးနှင့် ပြည့်စုံခြင်းသည် (၂) ကမ္မသရိက္ခက မည်၏။ သိမ်မွေ့ရှည်ပြန့် နူးညံ့သော လျှာတော်ဒြဗ်, အင်္ဂါရှစ်ပါးရှိသော အသံတော်ဒြဗ်သည် (၃) လက္ခဏ မည်၏။ ကိုယ်တော်၏စကားကို လူနတ်များ လိုက်နာရခြင်း, စကားစူး၍ ဩဇာပြန့်လှိုင် အာဏာထူးပိုင်တော်မူခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။သူ့နားမချမ်း၊ ကြမ်းကြမ်းကြုတ်ကြုတ်၊ အယုတ်တမာ၊ မဆိုပါပဲ၊ ချိုသာအေးကြည်၊ ဆိုခဲ့သည်ကြောင့်..၊ လျှာရှည်ကြီးပြန့်၊ လျှာနူးညံ့လျက်၊ ရှင်းသန့်ချိုသာ၊ သိသာနာဖွယ်၊ ပွဲလယ်မထွက်၊ လုံးနက်ပဲ့တင်၊ အင်္ဂါရှစ်တန်၊ ဗြဟ္မာကရဝိက်၊ ကောင်းဟိတ်သံသာ၊ လက္ခဏာဖြင့်..၊ ဆိုခါရင့်ကျူး၊ စကားစူး၍၊ အထူးလိုက်နာ၊ ဩဇာပြန့်လှိုင်၊ အာဏာထူး ပိုင်တော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။



(စား)

လဆန်း ၁၂ -ရက်လနှင့် ခြင်္သေ့မင်း၏မေးတို့ကဲ့သို့

ဖြိုးသော မေးတော်ရှိကြောင်း

     (၁၉) အလောင်းတော် သူမြတ်သည် ရှေးရှေးဘဝ များစွာတို့က အနှစ်မပါသော စပါးပြိန် စပါးဖျင်းအလား အကျိုးမရှိသည့် ပြိန်ဖျင်းသော (= သမ္ဖပ္ပလာပ)စကား ပြောကြားခြင်းမှ ရှောင်ကြဉ်တော်မူခဲ့၏။ အချိန်ကာလအား လျောက်ပတ် လျော်ကန်သော စကားကိုသာ ပြောကြားတော်မူခဲ့၏၊ ဟုတ်မှန်သောစကား အကျိုးရှိသောစကား တရားနှင့်စပ်သောစကား အဆုံးအမဩဝါဒ ဝိနည်းနှင့်စပ်သော စကားမျိုးကိုသာ ပြောကြားတော်မူခဲ့၏၊ ကြားသူတို့ စိတ်နှလုံးသေတ္တာထဲ၌ သိုမှီးသိမ်းဆည်း မှတ်ထားသင့်လောက်အောင် အကြောင်းသက်သေ ဥပဒေနည်းညွှန်းနှင့်တကွ အပိုင်းအခြား သားနားတိတိ အနက်အဓိပ္ပါယ်ရှိသည့် စကားကိုသာ ပြောကြားတော်မူခဲ့၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ “ခြင်္သေ့မင်း၏ မေးကဲ့သို့သော (ပြုံးတော့မည့် အရိပ်သွေးနေသည့်) ဖြိုးသော မေးတော်ရှိခြင်း” တည်းဟူသော (၂၂) အမှတ်ပြ လက္ခဏာတော်ကြီးကို ရရှိတော်မူ၏။ အလောင်းတော် သူမြတ်သည် ထိုလက္ခဏာတော်ကြီးနှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍၎င်း, ရဟန်းပြုလျှင် သဗ္ဗညု မြတ်စွာဘုရားဖြစ်၍၎င်း အတွင်းအပရန်သူ တယောက်လူမျှ ကလူနိုင်ထက် မချိုးဖျက်နိုင်ခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ ပြိန်ဖျင်းသော (= သမ္ဖပ္ပလာပ)စကား မပြောကြားခဲ့ခြင်းသည် (၁) ကမ္မမည်၏။ အတိတ်ဘဝက ပြိန်ဖျင်းသည့်စကား ပြောကြားခဲ့သူတို့မှာ ထိုအခါက မေးတလှုပ်လှုပ် အကျိုးမရှိသည့်စကား ပြောကြားခဲ့သည်ကို အများသိသာစေရန် မေးချိုင့်၍နေခြင်း မေးကောက်၍နေခြင်းစသော မေးနှင့်ဆိုင်ရာ အပြစ်များကို ရရှိကြလေသည်။ အလောင်းတော် သူမြတ်မှာမူကား ထိုကဲ့သို့ ပြိန်ဖျင်းသည့်စကား မပြောကြားခဲ့ခြင်း အကျိုးပြည့်နှက်သည့် စကားကိုသာ ပြောကြားတော်မူခဲ့ခြင်းကို နတ်လူအပေါင်းတို့ သိသာစေရန် မေးတော်ဖြိုးခြင်းအကျိုး ရတော်မူလေသည်၊ သို့ရကား အတိတ်ဘဝက အကျိုးပြည့်သောစကားကို ပြောကြားခဲ့ကြောင်း သိစေတတ်သည့် မေးတော်၏ဖြိုးခြင်း တည်းဟူသော ဂုဏ်သတ္တိသည် (၂) ကမ္မသရိက္ခက မည်၏။ ထိုဂုဏ်သတ္တိရှိသည့် ပြည့်ဖြိုးသော မေးတော်ဒြဗ်သည် (၃) လက္ခဏမည်၏။ အတွင်းအပရန်သူ တယောက်လူမျှ ကလူနိုင်ထက် မချိုးဖျက်နိုင်ခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။အနှစ်မဆံ၊ ယူရန်ကင်းလျှော၊ အသောအဖျင်း၊ ပြောခြင်းမလေ့၊ ကုသိုလ်ငွေ့ကြောင့်..၊ ခြင်္သေ့မင်းလို၊ ရွှန်းစိုပုံ့ပုံ့၊



(ဆ)

ဖြိုးစုန့်စုန့်လျှင်၊ ပြုံးတော့မည့်ပုံ၊ ဆန်းတုံဆယ့်နှစ်ရက်၊ စန်းယုန်စက်သို့၊ ရောင်ယှက်ထွန်းပေါ်၊ မြတ်မေးတော်ဖြင့်..၊ ကျူးကျော်ဘယ်သူ၊ တယောက်လူမျှ၊ ကလူနိုင့်ထက်၊ မချိုးဖျက်နိုင်ပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


ညီညွတ်သော သွားတော်နှင့်

ဖြူဖွေးသော စွယ်တော်လေးဆူရှိကြောင်း

     (၂၀) အလောင်းတော်သူမြတ်သည် ရှေးရှေးဘဝ များစွာတို့က ယုတ်မာသော အသက်မွေးမှုကို ရှောင်ရှား၍ ဖြူစင်သော အသက်မွေးမှုဖြင့် အသက်မွေးမြူတော်မူခဲ့၏၊ ချိန်စဉ်းလဲ တောင်းစဉ်းလဲ အသပြာစဉ်းလဲ စသော စဉ်းလဲမှုအမျိုးမျိုးမှ၎င်း, တံစိုးလက်ဆောင်စား၍ ကောက်ကျစ်မှုကို ပြုခြင်း ထိုထိုဥပါယ်တမျဉ်ဖြင့် လှည့်ပတ်ခြင်း အတုအပပြု၍ ကောက်ကျစ် လှည့်ပတ်ခြင်းမျိုးတို့မှ၎င်း, လက်ခြေကို ဖြတ်ခြင်း သတ်ခြင်း နှောင်ဖွဲ့ခြင်း လုယက်ခြင်း ပြည်ရွာကို ဖျက်ဆီးနှောက်ယှက်ခြင်း နိုင်ထက်ကလူ ပြုမူခြင်းတို့မှ၎င်း ဝေးစွာ ရှောင်ကြဉ်တော်မူခဲ့၏။ ထိုကောင်းမှု ကုသိုလ်ကံကြောင့် ထိုကံအားလျော်စွာ ရှေးနည်းအတူ နတ်စည်းစိမ်ကို ခံစားတော်မူပြီးနောက် တဖန် လူ့အဖြစ်သို့ ရောက်တော်မူသောအခါ “ညီညွတ်သော သွားတော်ရှိခြင်း” တည်းဟူသော (၂၄) အမှတ်ပြု လက္ခဏာတော်ကြီးနှင့် “သောက်ရှူးကြယ်ပမာ လွန်စွာစင်ကြယ် ဖြူဝင်းသာ အရောင်တလက်လက်ထွက်သည့် စွယ်တော်လေးဆူရှိခြင်း” တည်းဟူသော (၂၆) အမှတ်ပြ လက္ခဏာတော်ကြီး ဤလက္ခဏာတော်ကြီး နှစ်ပါးတို့ကို ရတော်မူ၏။ အလောင်းတော်သူမြတ်သည် ထိုလက္ခဏာတော်ကြီး နှစ်ပါးတို့နှင့် ပြည့်စုံတော်မူသည့်အတွက် လူ့ဘောင်၌နေလျှင် စကြာမင်းဖြစ်၍၎င်း, နောက်ဆုံးပစ္ဆိမ သိဒ္ဓတ္ထဘဝမှာကဲ့သို့ ရဟန်းပြုလျှင် သဗ္ဗညု မြတ်စွာဘုရားဖြစ်၍၎င်း စင်ကြယ်သော ပရိသတ်အခြံအရံရှိခြင်း တည်းဟူသော အကျိုးဆက်ကို ရတော်မူ၏။

     ဤ၌ ဘဝများစွာက အသက်မွေးမှု စင်ကြယ်ခဲ့ခြင်းသည်၊ (၁) ကမ္မမည်၏။ အသက်မွေးမှု မစင်ကြယ်ခဲ့သော သူတို့မှာ ထိုအကြောင်းကို အများသိသာရန် ဖော်ပြသည့်ပမာ သွားများ အထက်အောက် အတွင်းအပြင် မညီမညွတ် ပေါက်ရောက်၍ အစွယ်များမှာလည်း ညစ်နွမ်းကြလေသည်။ အလောင်းတော် သူမြတ်မှာမူကား ဘဝများစွာ သံသရာက အသက်မွေးမှု စင်ကြယ်ခဲ့ကြောင်း နတ်လူအပေါင်းတို့ သိသာရန် ဖော်ပြသည့်ပမာ သွားတော်များ ညီညီညွတ်ညွတ် ပေါက်၍ စွယ်တော်လေးဆူတို့သည်လည်း အလွန်ဖြူစင်ကုန်၏၊ သို့ရကား ရှေးရှေးဘဝတို့က အသက်မွေးမှု စင်ကြယ်ခဲ့ကြောင်း ကောင်းစွာ သိစေတတ်သည့်



(ဆာ)

သွားတော်တို့၏ ညီညွတ်ခြင်း, စွယ်တော်လေးဆူတို့၏ ဖြူဖွေးသန့်စင်ခြင်း ဂုဏ်သတ္တိများသည် (၂) ကမ္မသရိက္ခက မည်၏။ ဖြူဖွေးသော စွယ်တော်ဒြဗ်, ညီညွတ်သော သွားတော်ဒြဗ် ဝတ္ထုများသည် (၃) လက္ခဏ မည်၏။ စင်ကြယ်သော ပရိသတ်အခြံအရံ ရှိခြင်းသည် (၄) လက္ခဏာနိသံသ မည်၏။

(အရကျက်ရန်)။ ။ကြီးငယ်တောင်းလျှင်၊ ချိန်ခွင်တိုရှည်၊ လိမ်လည်လုယက်၊ ခိုးနှိပ်စက်၍၊ အသက်မွေးခြင်း၊ ကင်းခဲ့သောကြောင့်..၊ မခေါမသီ၊ စိန်ကိုစီသို့၊ ပြေညီသွားတော်၊ စွယ်တော်လေးဆူ၊ ဆွတ်ဆွတ်ဖြူသား၊ ကိုယ်တော့်သွား၏၊ နှစ်ပါးခြင်းရာ၊ လက္ခဏာဖြင့်..၊ ယုတ်မာကောက်ကျစ်၊ ဆိုးညစ်သောသူ၊ မပါမူ၍၊ ဖြောင့်ဖြူသပ္ပါယ်၊ လ၌ကြယ်သို့၊ စင်ကြယ်သော အခြံအရံ ရှိတော်မူပါသော မြတ်စွာဘုရား မြတ်စွာဘုရား။


နိဂုံးချုပ် လက္ခဏာတော်ဘုရားရှိခိုး

(အရကျက်ရန်)။ ။ဤသို့ကောင်းမှု၊ ကိုယ်တော်ပြု၍၊ ယခုခါဝယ်၊ သုံးဆယ့်နှစ်ပါး၊ ယောက်ျားအင်္ဂါ၊ လက္ခဏာဖြင့်၊ စကြာသခင်၊ ဖြစ်မည်လျှင်တည့်၊ စက်-ဆင်-မြင်း-မြ၊ မ-ဌေး-သား-ဟု၊ ခုနစ်ပါးရတနာ၊ သားမှာတထောင်၊ လေးကျွန်းဘောင်ဝယ်၊ ဘုန်းခေါင်စက္ကဝတ်၊ မချွတ်ဖြစ်မည်၊ လျှောက်တင်သည်ကို၊ မထီမလေး၊ တံတွေးပေါက်နှယ်၊ စွန့်ပစ်ပယ်၍၊ သောင်းနယ်လောကဓာတ်၊ လွှံ့ပတ်ကျေညာ၊ မဟာဓမ္မရာဇ်၊ မင်းဆုံးဖြစ်လျက်၊ ရေစစ်တွက်ကျုံး၊ အံ့မဆုံးအောင်၊ ဘုန်းတော်ခြောက်စုံ၊ ဂုဏ်တော်အနန်၊ ဉာဏ်တော်ဖြာဖြာ၊ လက္ခဏာနိသင်၊ အမြဲဆင်သော၊ ရှင်ပင်ဘုရား၊ ကိုယ်တော်အားကို၊ ကိုးစားကြပ်ကြပ်၊ မြဲဆည်းကပ်လျက်၊ တုံ့ဝပ်ရိုကျိုး၊ လက်စုံမိုး၍၊ ရှိခိုးပါ၏ မြတ်စွာဘုရား မြတ်စွာဘုရား။


ဒွတ္တိံသ မဟာပုရိသလက္ခဏာ ဒီပနီကဗျာ

     ဤ၌ မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး ရေးသား စပ်ဆိုတော်မူအပ်သော “ကမ္မ, ကမ္မသရိက္ခက, လက္ခဏ, လက္ခဏာနိသံသ လေးပါးစုံကိုပြသည့် ဒွတ္တိံသမဟာပုရိသလက္ခဏဒီပနီကဗျာ”ကိုလည်း ဗဟုသုတ ဖြစ်ပွါးစေရန် ထည့်သွင်း ဖော်ပြဦးအံ့။ ၎င်းမှာ-

သုတ်ပါထေယျ၊ လက္ခဏသုတ်၊ ဟောထုတ်ဖွင့်ချဲ့၊ သုံးဆဲ့နှစ်ဖြာ၊ လက္ခဏာကို၊ စကြာမင်းဖျား၊ စောဘုရားတို့၊ ကံအားလျော်ညီ၊ ရကြောင်းသီပိမ့်။



(ဆိ)

အတီရှေးက၊ ကုသလ၌၊ မြဲစွဆောက်တည်၊ ခဲ့ဘူးသည်ကြောင့်၊ သက်ရှည်ဆင်းဝါ၊ ချမ်းသာစိုးရ၊ ခြွေရံခလျက်၊ ရူပ သဒ္ဒါ၊ ဂန္ဓာ ရသ၊ ဖောဋ္ဌဗ္ဗဖြင့်၊ လွတ်ထဆယ်မည်၊ နတ်ဖြစ်သည်နောက်၊ လူ့ပြည်ရောက်လည်း၊ မမောက်မခွက်၊ မွတ်မွတ်ညက်သား၊ မြေထက်ဖဝါး၊ နင်းချသွားသော်၊ ပြားပြားညီထိ၊ သုပတိဋ္ဌိတ၊ ပါဒလက္ခဏာ၊ ဖြစ်ပေါ်လာ၍၊ ကင်းကွာရန်သူ၊ တွင်းပဟူ၏။ (၁)

ဗိုလ်လူအများ၊ ချမ်းသာပွါးဘို့၊ ဆီးတားဘေးဘျမ်း၊ ခြံရံပန်းလျက်၊ လှူဒါန်းသည့်တာ..၊ နတ်ဖြစ်ရာမူ၊ ပုဒ်တိုင်းတူပြီ၊ ဤလူတို့ဘောင်၊ ကန့်တထောင်နှင့်၊ ရုပ်ရောင်ပီပြင်၊ စက်ဝန်းထင်၍၊ စက္ကင်္ကိတ၊ ပါဒလက္ခဏာ၊ ပြည့်စုံလာလျက်..၊ ခြွေရံတက်၏။ (၂)

သူ့သက်မသတ်၊ ကောင်းမှုမြတ်ကြောင့်..၊ ရှည်လတ်ပဏှိ၊ အင်္ဂုလိနှင့်၊ ဖြောင့်ဘိကိုယ်မှာ၊ မိုးဗြဟ္မာသို့၊လက္ခဏာသုံးပါး၊ ပေါ်ထင်ရှား၍..၊ ရှည်လျားအသက်။ (၃)

ရသာပြက်ကို၊ လှူဆက်ဘူးလေ၊ ကောင်းမှုတွေကြောင့်..၊ လက် ခြေ ပခုံး၊ လည်လုံးဖွံ့တုတ်၊ သတ္တုဿဒါ၊ လက္ခဏာနှင့်..၊ ရသာ လာဘ်ရ။ (၄)

သင်္ဂဟဝတ္ထု၊ ချီးမြှောက်မှုကြောင့်..၊ မုဒုပျောင်းညက်၊ ကွန်ရက်ရှက်သို့၊ ခြေလက်ဖဝါး၊ နှစ်ပါးပြည့်လျှံ..၊ ခြွေရံမကွဲ၊ ထံပါးမြဲ၏။ (၅)

ခပဲလူပေါင်း၊ ချမ်းသာကြောင်းကို၊ ကျိုးကြောင်းပြလျက်၊ ဟောဖော်မြွက်ကြာင့်..၊ ဖမျက်မြင့်ခေါင်၊ သရေဆောင်သည့်၊ ကော့ထောင်မွေးဖျား၊ နှစ်ပါးရလတ်..၊ သူ့ထက် မြတ်၏။ (၆)

အတတ်ပညာ၊ ပြစ်မဲ့ရာကို၊ လျင်စွာတတ်စေ၊ ပို့ချပေလို့..၊ ဧဏီဇင်္ဃ၊ သလုံးလှ၍..၊ ဘောဂလျင်စွာ၊ ပြည့်စုံလာ၏။ (၇)

ပညာလိုရွေ့၊ မေးမြန်းလေ့ကြောင့်..၊ သိမ်မွေ့ကိုယ်ရေ..၊ ဉာဏ်မိုးစွေ၏။ (၈)

ချုပ်နေမာန်မျက်၊ သဒ္ဓါထက်၍၊ လှူဆက်ချောနု၊ ခင်းရုံမှုကြောင့်..၊ ရွှေတုအဆင်း၊ ချောလွန်မင်းသည်..၊ အခင်းကိုယ်ရုံ၊ ပေါများတုံ၏။ (၉)



(ဆီ)

မဆုံကွဲနေ၊ မျိုးမိတ်ဆွေကို၊ ရှာဖွေစပ်ပေး၊ ကုသိုလ်ရေးကြောင့်..၊ ဖုံးမြှေးအိမ်ရေ၊ သိုရှိလေ၍..၊ သားတွေပေါလှ၊ ထောင်မကတည့်။ (၁၀)

ဗလအလျောက်၊ ရွေးနုတ်ကောက်၍၊ ချီးမြှောက်စိုးစံ၊ ကုသိုလ်ကံကြောင့်..၊ အလံကိုယ်တူ၊ မညွတ်မူ၍၊ ကိုင်ယူဒူးဝန်း၊ နှစ်ပါးထွန်းလျက်..၊ ပြည့်မွန်းဥစ္စာ၊ ကောင်းကျိုးလာ၏။ (၁၁)

သတ္တဝါအများ၊ ကျိုးစီးပွါးကို၊ လိုလားမမေ့၊ ကုသိုလ်လေ့ကြောင့်..၊ ခြင်္သေ့ရှေ့ကိုယ်၊ ကဲ့နှစ်ကိုယ်နှင့်၊ ပြည့်မိုကျောပြင်၊ လည်တွင်လုံးလှ၊ သုံးပါးရ၍..၊ ဘောဂခြွေရွေ၊ မယုတ်လေတည်း။ (၁၂)

သဗ္ဗေသတ္တာ၊ ချစ်ကြင်နာ၍၊ ချမ်းသာစေလို၊ မဖျက်ဖြိုတိ..၊ လည်မျိုစုနှောင်၊ ရသာဆောင်သည့်၊ ခုနစ်ထောင်ကြောဖျား၊ တည်ဆုံငြား၍..၊ နာဖျားကင်းကွေ၊ အစာကြေ၏။ (၁၃)

မစွေဖြောင့်စွာ၊ ချစ်မေတ္တာဖြင့်၊ မျက်လွှာဖွင့်လျက်၊ ရှုကြည့်တွက်ကြောင့်..၊ မည်းနက်ရွှင်ပြုံး၊ မျက်လုံးမျက်မွေး၊ ဒွေးလက္ခဏ..၊ များချစ်ကြ၏။ (၁၄)

ပြုကြကုသိုလ်၊ ကံထိုထို၌၊ လူဗိုလ်ရှေ့ဦး၊ ဆောင်ခဲ့ဘူးလို့..၊ နဖူးသင်္ကျစ်၊ ပေါ်ဖြစ်လက္ခဏာ..၊ ဟောတိုင်းပါ၍၊ သတ္တဝါအများ၊ ကျင့်လိုက်စား၏။ (၁၅)

မုသားရှောင်ကွင်း၊ ဆိုခဲ့ခြင်းကြောင့်..၊ မွေးတွင်းတစ်တွင်၊ မွေးတပင်နှင့်၊ လဲသွင်ဖြူတုံ၊ မျက်မှောင်ဆုံမှာ၊ ဥဏ္ဏလုံမွေး၊ အမှတ်ဒွေးတည်း..၊ ကျွန်ကျေးဗိုလ်ထု၊ လိုတိုင်းပြု၏။ (၁၆)

ပိသုဏပယ်၊ ကုသိုလ်ကယ်လို့..၊ လေးဆယ်ပြည့်မြဲ၊ သွားမကျဲဟု၊ နှစ်တွဲလက္ခဏာ..၊ ခြွေရံမှာလည်း၊ ညီညာကြည်ဧ၊ လုံးတထွေးတည်း။ (၁၇)

ဆဲရေးဆိုမည်၊ ရှောင်ခဲ့သည်ကြောင့်..၊ ပါး ရှည် ပြန့် လျှာ၊ သံ ဗြဟ္မာသို့၊ လက္ခဏာနှစ်ပါး..၊ ဆိုစကားကို၊ အများယူကြ။ (၁၈)



(ဆု)

ထိုးဇာတ်ပြသို့၊ သမ္ဖဖျင်းစွေ့၊ ရှောင်ကြဉ်လေ့ကြောင့်..၊ ခြင်္သေ့မေးတူ၊ ပြည့်ဝန်းမူလျက်..၊ ရန်သူဝေးကွာ၊ မဖျက်လာတည်း။ (၁၉)

မိစ္ဆာဇီဝ၊ ရှောင်ခဲ့ရလို့..၊ ညီမျှသွားတော်၊ စွယ်တော်ဖြူလွင်၊ နှစ်ပါးအင်နှင့်..၊ သန့်စင်ခြွေရွေ၊ ပြည့်စုံပေ၏။ (၂ဝ)

ဆိုလေသမျှ၊ ဒွတ္တိံသဟု၊ ကြီးလှလက္ခဏာ၊ ပြည့်စုံလာမူ၊ လူ့ရွာထင်ရှား၊ စကြာဘွားနှင့်၊ ဘုရားသော်လျှင်၊ ဖြစ်မြဲပင်ဟု၊ ဗေဒင်တတ်များ၊ ဟောမြွက်ထားသည်၊ ၊အများနည်းယူ ကျင့်ဘွယ်ကောင်းသတည်း။

ဤဆိုအပ်ပြီးသည်ကား လက္ခဏာတော်ကြီး သုံးဆယ့်နှစ်ပါးတို့၏

အကြောင်းကံစသည်ကို ပြဆိုချက်ပေတည်း။

မဟာဗုဒ္ဓဝင် (ဒုတိယတွဲ) အနုဒီပနီပြီး၏။