မဟာဗုဒ္ဓဝင်/အခန်း- ၁၇

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
အခန်း- ၁၇

၇၅

အခဏ်း-၁၇

မြတ်စွာဘုရားသခင် ရဟန္တာပေါင်း နှစ်သောင်းခြံရံလျက်

ကပိလဝတ်နေပြည်တော်သို့ ကြွရောက်တော်မူခြင်း

     မြတ်စွာဘုရားသည် အင်္ဂတိုင်း မဂဓတိုင်းသား အမျိုးကောင်းသား ရဟန္တာပေါင်း တသောင်း, ကပိလဝတ်ပြည်သား အမျိုးကောင်းသား ရဟန္တာပေါင်း တသောင်း ဤရဟန္တာရဟန်းပေါင်း နှစ်သောင်းတို့ ခြံရံလျက် (မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁-ရက်နေ့တွင်) ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းတော်မှ ထွက်ခွါတော်မူ၍ တနေ့တနေ့လျှင် တယူဇနာ တယူဇနာ ခရီးကြွသွားတော်မူ၏၊ တနေ့လျှင် တယူဇနာ ကြွသွားလျှင် ရာဇဂြိုဟ်ပြည်မှ ယူဇနာခြောက်ဆယ် ဝေးကွာသော ကပိလဝတ်နေပြည်တော်သို့ နှစ်လဖြင့် ရောက်ဆိုက်လိမ့်မည်ဟု ရည်မှန်းတော်မူကာ အတုရိတာ ဒေသစာရီခေါ်သည့် မလျင်မြန်လွန်းသော ဒေသစာရီ ကြွချီတော်မူခြင်းဖြင့် ကြွသွားတော်မူလေ၏။

လမ်းခရီးတလျောက်၌ မြတ်စွာဘုရားသည်

ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ရွှေနန်းတော်မှ ဆက်ကပ်သောဆွမ်းဖြင့်

မျှတတော်မူခြင်း

     မြတ်စွာဘုရားသခင် ကပိလဝတ်နေပြည်တော်သို့ အတုရိတဒေသစာရီ ကြွချီတော်မူလတ်သော် အရှင်ကာဠုဒါယီ မထေရ်သည်လည်း “မြတ်စွာဘုရားသခင် ရာဇဂြိုဟ်ပြည်မှထွက်၍ ကပိလဝတ်နေပြည်တော်သို့ ကြွလာတော်မူကြောင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီးအား ငါသွား၍ ပြောကြားပေအံ့”ဟု ကြံစည်ပြီးလျှင် ဣဒ္ဓိဝိဓအဘိညာဏ်ဖြင့် ကောင်းကင်သို့ပျံတက်၍ ကောင်းကင်ခရီးဖြင့် ကြွသွားတော်မူကာ သုဒ္ဓေါဒနမင်းကြီး၏ ရွှေနန်းတော်၌ သက်ဆင်းတော်မူလေ၏၊ သုဒ္ဓေါဒနမင်းကြီးသည် အရှင်ကာဠုဒါယီမထေရ်ကို မြင်ရလျှင် အလွန်ပင် ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍ “ကြွတော်မူပါ ချစ်သားကာဠုဒါယီ.. ဤနေရာ၌ ထိုင်နေတော်မူပါ”ဟု ရိုသေစွာ လျှောက်ထား ပင့်ဖိတ်ကာ



၇၆

သူမြတ်တို့နှင့်သာ ထိုက်တန်သော ရာဇပလ္လင်၌ (နေရာပေးကာ) ထိုင်နေစေလျက် မိမိအတွက် စီရင်အပ်သော ထူးထွေကောင်းမြတ်သည့် အရသာရှိသော ဆွမ်းအပြည့် သပိတ်၌ထည့်ပြီးလျှင် ကာဠုဒါယီမထေရ်မြတ်အား ဆက်ကပ်လှူဒါန်းလေ၏။

     ကာဠုဒါယီမထေရ်သည် ထ၍ ကြွသွားအံ့သော အခြင်းအရာ (= အမူအရာ)ကို ပြတော်မူလေလျှင် သုဒ္ဓေါဒနမင်းကြီးက “ဤရာဇပလ္လင်ပေါ်၌ပင် ထိုင်၍ ဘုဉ်းပေးပါ ချစ်သား”ဟု လျှောက်ထားသည်တွင် “မြတ်သောမင်းကြီး.. မြတ်စွာဘုရားထံတော်သို့ရောက်မှ စားတော့မည်”ဟု အရှင်ကာဠုဒါယီမထေရ်က ပြန်ကြား ပြောဆိုလေသည်။ ထိုအခါ သုဒ္ဓေါဒနမင်းကြီးက “ချစ်သား.. မြတ်စွာဘုရား အဘယ်မှာရှိသနည်း”ဟု မေးလျှောက်သဖြင့် အရှင်ကာဠုဒါယီမထေရ်သည် “မြတ်သောမင်းကြီး.. မြတ်စွာဘုရားသည် ရဟန္တာပေါင်း နှစ်သောင်းခြံရံလျက် သင်မင်းကြီးတို့ကို တွေ့မြင်ရန် ခရီးဒေသစာရီ ထွက်ကြွတော်မူလာပြီ”ဟူ၍ ပြန်ကြားတော်မူလေသော် သုဒ္ဓေါဒနမင်းကြီးသည် အလွန်ဝမ်းမြောက်သော စိတ်ရှိလျက် “ချစ်သားကာဠုဒါယီ.. သင်ချစ်သားတို့သည် ယခုလှူကပ်အပ်သော ဆွမ်းကို ဤရွှေနန်းတော်၌ပင် ဘုဉ်းပေးတော်မူ၍ သားတော်ဘုရား ဤကပိလ၀တ်နေပြည်တော်သို့ ရောက်ဆိုက်တော်မူသည်တိုင်အောင် သားတော်ဘုရားအတွက် ဤရွှေနန်းတော်မှပင် ဆွမ်းဘောဇဉ်ကို ယူဆောင် ဆက်ကပ်တော်မူပါကုန်”ဟူ၍ လျှောက်ထားပြန်လေ၏။ အရှင်ကာဠုဒါယီ မထေရ်သည်လည်း မင်းကြီးလျှောက်ထားချက်ကို လက်ခံ သဘောတူ ဆိတ်ဆိတ်သာ နေတော်မူ၏။

     ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ကာဠုဒါယီမထေရ်ကို ရွှေနန်းတော်၌ပင် မွန်မြတ်သော ဆွမ်းခဲဘွယ် ဘောဇဉ်တို့ဖြင့် ဆက်ကပ်ကျွေးမွေးပြီးလျှင် အရှင်ကာဠုဒါယီ၏ သပိတ်ကို နံ့သာမှုန့်ဖြင့် ပွတ်တိုက်ဆေးကြော၍ မွန်မြတ်သော ဆွမ်းခဲဘွယ် ဘောဇဉ်အပြည့် သပိတ်၌ထည့်လျက် “မြတ်စွာဘုရားအား



၇၇

လှူဒါန်း ဆက်ကပ်တော်မူပါကုန်ဘုရား”ဟု လျှောက်ထားကာ အရှင်ကာဠုဒါယီမထေရ်လက်သို့ သပိတ်ကို ဆက်ကပ်လေသည်။ ကာဠုဒါယီမထေရ်သည် နန်းတွင်းသူ နန်းတွင်းသားအများတို့ ကြည့်ရှုနေကြစဉ်ပင် သပိတ်ကို ကောင်းကင်သို့ ပစ်လွှတ်လိုက်၍ ကိုယ်တိုင်လည်း ကောင်းကင်သို့တက်ကာ ဆွမ်းကို ဆောင်ယူခဲ့ပြီးလျှင် မြတ်စွာဘုရား၏လက်တော်သို့ ဆက်ကပ်လေ၏။ မြတ်စွာဘုရားသည် ကာဠုဒါယီမထေရ်မြတ် ဆောင်ယူအပ်ခဲ့သည့် ခမည်းတော် သုဒ္ဓေါဒနမင်းကြီး လှူဒါန်းလိုက်သည့်ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူလေ၏၊ ဤနည်းနှင်နှင် ကာဠုဒါယီမထေရ်သည် နေ့စဉ် နေ့စဉ် မြတ်စွာဘုရားအတွက် ကပိလဝတ်ရွှေနန်းတော်မှ ဆွမ်းကို ဆောင်ယူလေသည်၊ မြတ်စွာဘုရားသည်လည်း လမ်းခရီးအကြား၌ ခမည်းတော်မင်းကြီး လှူဒါန်းအပ်သော ဆွမ်းကိုပင် ဘုဉ်းပေး သုံးဆောင်တော်မူ၏။

     အထူးအားဖြင့် အရှင်ကာဠုဒါယီမထေရ်သည် ကပိလဝတ်ရွှေနန်းတော်၌ မိမိဆွမ်းဘုဉ်းပေးပြီးလျှင် နေ့တိုင်း နေ့တိုင်းပင် “ယနေ့ မြတ်စွာဘုရားသခင် ဤမျှသောခရီးသို့ ရောက်တော်မူလာပြီ၊ ယနေ့ ဤမျှသောခရီးသို့ ရောက်တော်မူလာပြီ”ဟု စကားချီကာ မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော်နှင့်စပ်သော တရားစကားဖြင့် သာကီဝင်မင်းမျိုး တမျိုးလုံးကို ဘုရားမဖူးရမီကပင် ဘုရားရှင်၌ ကြည်ညိုသော သဒ္ဓါတရား ဖြစ်ပွါးနှင့်အောင် ပြုတော်မူလေ၏။

(ထို့ကြောင့်ပင် မြတ်စွာဘုရားရှင်သည် နောက်တချိန်၌ သာဝကများအား ဧတဒဂ်ဘွဲ့ထူး နှင်းအပ်ပေးသောပွဲ၌ ကာဠုဒါယီမထေရ်သူမြတ်ကို “ဧတဒဂ္ဂံ ဘိက္ခဝေ မမ သာဝကာနံ ဘိက္ခူနံ ကုလပ္ပသာဒကာနံ ယဒိဒံ ကာဠုဒါယီ = ရဟန်းတို့ ဆွေတော်မျိုးတော်တို့အား ငါဘုရား၌ သက်ဝင်ကြည်ညိုခြင်းကို ဖြစ်စေကြသော ငါဘုရား၏ တပည့်သာဝက ရဟန်းတို့အနက် ကာဠုဒါယီရဟန်းသည် အသာဆုံး အမြတ်ဆုံးပေတည်း”ဟု မိန့်ကြားတော်မူကာ ကုလပ္ပသာဒ = ဆွေတော်မျိုးတော်တို့အား သဒ္ဓါတရားကို ဖြစ်ပွါးစေသောအရာ၌



၇၈

အသာဆုံး အမြတ်ဆုံး ပုဂ္ဂိုလ်အဖြစ် ချီးမြှင့်မြှောက်စား ဧတဒဂ်ထားတော်မူလေသည်။)

     ဤသို့လျှင် မြတ်စွာဘုရားသည် နောက်ပါ ရဟန္တာပေါင်း နှစ်သောင်းတို့ ခြံရံလျက် တနေ့လျှင် တယူဇနာကျ အတုရိတဒေသစာရီ ကြွချီတော်မူခဲ့ရာ ရက်ပေါင်းခြောက်ဆယ် (= နှစ်လတိတိ)ဖြင့် (မဟာသက္ကရာဇ် ၁၀၄-ခုနှစ် ကဆုန်လပြည့်ကျော် ၁-ရက်နေ့၌) ယူဇနာခြောက်ဆယ် ဝေးကွာသော ကပိလဝတ် နေပြည်တော်သို့ ကောင်းစွာ ဆိုက်ရောက်တော်မူလေသည်။

မြတ်စွာဘုရားသည် ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာဖြင့်

ဆွေတော်မျိုးတော်တို့၏ ဇာတိမာန်ကို

နှိမ်နင်းတော်မူခြင်း

     ခမည်းတော် သုဒ္ဓေါဒနမင်းတရားကြီး အမှူးပြုသော သာကီဝင်မင်းအပေါင်းတို့သည် မြတ်စွာဘုရားသခင် ကပိလ၀တ်နေပြည်တော်သို့ ဆိုက်ရောက်တော်မူလာလျှင် “ငါတို့၏ ဆွေမျိုးမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားကို ဖူးမြော်ကြရကုန်တော့မည်”ဟု စည်းဝေးပွဲကျင်းပ၍ ရှေးဦးစွာ (အစီအစဉ် ၁-အနေဖြင့်) မြတ်စွာဘုရား သီတင်းသုံး နေထိုင်တော်မူရန် နေရာဌာနကို တိုင်ပင် ဆွေးနွေးကြကုန်သည်ရှိသော် “နိဂြောဓသာကီဝင်မင်း၏ အရံဥယျာဉ်သည် မွေ့လျော်ဖွယ်ရှိ၏၊ အရိပ်ရေစမ်းနှင့်လည်း ပြည့်စုံ၏။ မြို့နှင့် မဝေးလွန်းခြင်း, မနီးလွန်းခြင်း, သွားလမ်းလာလမ်းနှင့် ပြည့်စုံခြင်း, အလိုရှိတိုင်းသောသူတို့ သွားရောက်ရန် လွယ်ကူခြင်း, ဆိတ်ငြိမ်ခြင်း တည်းဟူသော ဘုရားရှင်တို့ နှစ်သက်အပ်သည့် အင်္ဂါငါးရပ်နှင့်လည်း ပြည့်စုံ၏။ ထို့ကြောင့် ထိုနိဂြောဓ သာကီဝင်မင်း၏ အရံဥယျာဉ်သည် မြတ်စွာဘုရား နေထိုင်သီတင်းသုံးတော်မူရန် လျော်ကန်လျောက်ပတ် ကောင်းမြတ်သော နေရာဖြစ်၏”ဟု တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်သတ်မှတ် အတည်ပြုကြပြီးလျှင် ထိုဥယျာဉ်၌ ပြုပြင်ဖွယ်ကိစ္စ အဝဝကို ပြုပြင်စေကြပြီးနောက် ကိုယ်စီကိုယ်ငှ နံ့သာပန်းတို့ကို



၇၉

လက်စွဲကြကုန်လျက် မြတ်စွာဘုရားကို ခရီးဦးကြိုဆိုမှု ပြုလုပ်ကြကာ-

(က) အဆင်တန်းဆာ အပြည့်အစုံ ဆင်ယင်ကြပြီးသော အသက်ငယ်ရွယ်သူ (မြို့နေလူထု၏ သမီးသား) သူငယ်များ သူငယ်မများကို ရှေ့တန်းမှ စေလွှတ် နေရာချထားကြလေသည်။

(ခ) ထို့နောင်မှ အဆင်တန်းဆာ အပြည့်အစုံ ဆင်ယင်ကြပြီးသော မင်းသား မင်းသမီးတို့ကို လိုက်ပါစေကြသည်။

(ဂ) ထိုမင်းသား မင်းသမီးတို့၏ နောက်မှ အခြားမရှိ မိမိတို့ကိုယ်တိုင် နံ့သာပန်း နံ့သာမှုန့် စသည်တို့ဖြင့် ပူဇော်ကုန်လျက် မြတ်စွာဘုရားကို ပင့်ဆောင်၍ နိဂြောဓာရုံဥယျာဉ်သို့ သွားကြလေကုန်သည်။

     နိဂြောဓာရုံဥယျာဉ်သို့ ရောက်လတ်သောအခါ မြတ်စွာဘုရားသည် ရဟန္တာပေါင်း နှစ်သောင်းခြံရံလျက် သာကီဝင်မင်းတို့ ကြိုတင်စီစဉ် ခင်းထားအပ်သည့် မြတ်သော ဘုရားနေရာ ဗုဒ္ဓါသနဓမ္မပလ္လင်၌ သီတင်းသုံး ထိုင်နေတော်မူလေ၏။

     ထိုအခါ သာကီဝင်မင်းတို့သည် ဇာတိမာန် ခက်ထန် ထောင်လွှားကြသူများ ဖြစ်ရကား “သိဒ္ဓတ္ထမင်းသားသည် ငါတို့အောက် အသက်အရွယ် အလွန်ငယ်သူဖြစ်ပေ၏။ ငါတို့၏ ညီငယ်, တူငယ်, သားငယ်, မြေးငယ် ဖြစ်ပေသည်”ဟု ကြံစည်ကြ၍ ငယ်ကုန် ငယ်ကုန်သော မင်းသားတို့ကို “အမောင်တို့ ရှိခိုးကြကုန်လော့၊ ငါတို့ကား အမောင်တို့၏နောက်မှ ထိုင်နေကြကုန်အံ့”ဟူ၍ ပြောဆိုကြလေကုန်၏။ ဤသို့ ဆွေတော်မျိုးတော်ဖြစ်ကြသည့် သာကီဝင်မင်းတို့ မြတ်စွာဘုရားကို ရှိမခိုးပဲ မင်းသားငယ်တို့၏ နောက်ကွယ်မှ ထိုင်နေကုန်လတ်သော် မြတ်စွာဘုရားသခင်သည် သာကီဝင်မင်းတို့၏ ဇာတိမာန်ပြင်းပြ အတွင်းစိတ်ဆန္ဒကို သိမြင်တော်မူပြီးကာ “ဤငါ၏ဆွေမျိုး မာနအိုးတို့သည် ကိုယ်ကျိုးမပြီး



၈၀

အချည်းနှီး အိုမင်းကြသဖြင့် ငါ့ကို ရှိမခိုးကြကုန်၊ ဤငါ၏ဆွေမျိုး မာနအိုးတို့သည် ဘုရားမည်သည် အဘယ်သို့ သဘောရှိသောသူနည်း၊ ဘုရားရှင်တို့၏ အားအစွမ်းမည်သည် အဘယ်သို့ သဘောရှိသနည်း” ဟူ၍၎င်း၊ “ဘုရားမည်သည် ဤသို့ သဘောရှိသော သူပါတကား၊ ဘုရားရှင်တို့၏ အားအစွမ်းမည်သည် ဤသို့ သဘောရှိစွာ့တကား” ဟူ၍၎င်း လားလားမျှ မသိကြကုန်၊ ကိုင်း.. ယခုအခါ ငါဘုရားသည် ဘုရားတို့ခွန်အား စွမ်းပကားကို ထင်ရှားဖော်ပြကာ ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာကိုလည်း ပြုပေအံ့၊ အပြင်မိုးကောင်းကင်၌ စကြဝဠာပေါင်း တိုက်တသောင်း ကျယ်ပြန့်သော ရတနာစင်္ကြံတော်ကြီး ဖန်ဆင်းပြီးလျှင် ထိုရတနာစင်္ကြံထက်၌ စုန်ဆန်တုံ့ခေါက် စင်္ကြံလျှောက်၍ ရောက်ဆိုက်လာသမျှ ဝေနေယျအား အဇ္ဈာသယကိုကြည့်ကာ ဓမ္မဒေသနာမိုး စွေဖြိုးရွာသွန်းပေအံ့”ဟု ကြံစည်ဆုံးဖြတ်တော်မူလျှင်ပင် စကြဝဠာတိုက်တသောင်းမှ နတ်ဗြဟ္မာအပေါင်းတို့သည် ကောင်းချီးကြွေးကြော် သာဓုခေါ်ကြလေကုန်၏။

     မြတ်စွာဘုရားသည် ကြံစည် ဆုံးဖြတ်တော်မူပြီးသည့် အခြားမဲ့မှာပင် ဩဒါတကသိုဏ်းလျှင် အာရုံရှိသော စတုတ္ထဈာန်သမာပတ်ကို ၀င်စား၍ ထိုသမာပတ်မှ ထတော်မူပြီးကာ “စကြဝဠာပေါင်း တိုက်တသောင်းအနှံ့ အလင်းရောင်ပြန့်စေသတည်း”ဟု အဓိဋ္ဌာန်တော်မူလေသည်၊ အဓိဋ္ဌာန်တော်မူသည်နှင့် တပြိုင်နက် အဓိဋ္ဌာန်ချက်အတိုင်း စကြဝဠာ တိုက်တသောင်း အလင်းရောင် လွှမ်းမွမ်းညောင်း၍ လူပေါင်းများစွာ နတ်ဗြဟ္မာတို့ ကြည်သာရွှင်လန်း ဝမ်းမြောက်ဝမ်းသာ ရှိနေကြကုန်စဉ် အဘိညာဉ် စတုတ္ထဈာန်ဖြင့် ကောင်းကင်မိုးယံသို့ ပျံတက်၍-

(၁) အထက်နှင့်အောက်၊ (၂) ရှေ့နောက် ရူပကာ၊ (၃) ဝဲယာ နှစ်ဖော် မျက်စိတော်၊ (၄) နားတော်၊ (၅) နှာတော်၊ (၆) ပခုံးတော်၊ (၇) လက်တော်၊ (၈) နံပါးတော်၊ (၉) ခြေတော်၊ (၁၀) လက်ချောင်း ခြေချောင်းတော်နှင့် အကြားအကြား၊



၈၁

(၁၁) တဆူ တဆူသော မွေးညှင်းတော်၊ (၁၂) တခု တခုသော မွေးညှင်းတွင်းတော်-

     ဤ (၁၂) ဆယ့်နှစ်ဖော်သော ဌာနအစုတို့၌ ခု-မီးအလျှံ ခု-ရေအယဉ်၊ ခု-ရေအယဉ် ခု-မီးအလျှံ အပြန်ပြန်ပြောင်းလွှဲ ဖူးတိုင်း ဖူးတိုင်း အဆင်ကွဲစေလျက် အံ့ဩချီးပ၍ မဝမဆိတ် သာကီဝင်မင်းအပေါင်းတို့၏ ဦးထိပ်၌ တရိပ်ရိပ် တဖုံဖုံ ကိုယ်တော်မြတ်၏ ခြေတော်မှုန်ကို တသုန်သုန် တဖွဲဖွဲ ကြဲချသည့်ပမာ များစွာလူနတ် ပရိသတ်တို့၏ အလယ်၌ ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာကို ကောင်းစွာလှလှ ပြသတော်မူလေ၏။

ခမည်းတော် သုဒ္ဓေါဒနမင်းကြီး

တတိယအကြိမ်မြောက် ရှိခိုးဦးညွှတ်ခြင်း

     ထိုအခါ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည် ထိုအံ့ဖွယ်သရဲ ထူးကဲသော ယမိုက်ပြာဋိဟာ (= ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာ)ကို ဖူးမြော်ရလေလျှင် “ဘုန်းတော်ကြီးသော သားတော်မြတ်ဘုရား.. အရှင်ဘုရားတို့ကို ဖွားမြင်သန့်စင်သောနေ့က ကာလဒေပိလရှင်ရသေ့အား ရှိခိုးရန် လက်နှစ်ဖက်ကို ရှင်ရသေ့ရှိရာဘက်သို့ ယှက်၍ဆောင်အပ်စဉ် အရှင်ဘုရားတို့၏ ခြေတော်အစုံတို့ ကောင်းကင်သို့ပျံတက်ကာ ရှင်ရသေ့၏ ဦးခေါင်းထက်၌ ရပ်တည်နေသည်ဘိုကို ဖူးတွေ့ရသဖြင့် အကျွန်ုပ်သည် အရှင်ဘုရားတို့ကို ရှိခိုးခဲ့ပါပြီ၊ ယင်း ရှိခိုးခြင်းသည် အကျွန်ုပ် = ခမည်းတော် မင်းတရားကြီး၏ ပဌမအကြိမ် ရှိခိုးခြင်းဖြစ်ပါသည်။ ထို့နောက် လယ်ထွန်မင်္ဂလာသဘင် ဆင်ယင်သောနေ့၌ အရှင်ဘုရားတို့ကို သပြေပင်ရိပ်ဝယ် မြတ်သောနေရာ၌ သိပ်၍ထားရာ (အခြားသော သစ်ပင်ရိပ်တို့ နေအလိုက် ပြောင်းရွှေ့ကြသော်လည်း) အရှင်ဘုရားတို့၏နေရာ သပြေပင်အရိပ် မပြောင်းမရွှေ့ပဲ ဖုံးအုပ်နေမြဲနေသည်ကို မြင်ရသဖြင့် အရှင်ဘုရားတို့၏ ခြေတော်အစုံတို့ကို ရှိခိုးခဲ့ပါပြီ၊ ယင်း ရှိခိုးခြင်းသည် အကျွန်ုပ် = ခမည်းတော် မင်းတရားကြီး၏ နှစ်ကြိမ်မြောက် ရှိခိုးခြင်းဖြစ်ပါသည်။ ယခုအခါ ရှေးကမမြင်စဖူး ထူးကဲလှစွာသော ဤယမိုက်ပြာဋိဟာကို



၈၂

ဖူးမြင်ရသဖြင့် အကျွန်ုပ်သည် အရှင်ဘုရားတို့၏ ခြေတော်အစုံတို့ကို ရိုသေမြတ်နိုး ရှိခိုးပါ၏၊ ဤယခု ရှိခိုးခြင်းသည် အကျွန်ုပ် = ခမည်းတော် မင်းတရားကြီး၏ သုံးကြိမ်မြောက် ရှိခိုးခြင်း ဖြစ်သည်”ဟု လျှောက်ထားကာ မြတ်စွာဘုရားကို ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးဦးညွှတ်လေ၏။

     ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ရှိခိုးလတ်သည်ရှိသော် သာကီဝင်မင်း တဦးတယောက်မျှ မြတ်စွာဘုရားကို ရှိမခိုးပဲ ရပ်တည်နေနိုင်သောသူမည်သည် မရှိတော့ချေ၊ အလုံးစုံကုန်သော သာကီဝင်မင်းအပေါင်းတို့သည် မြတ်စွာဘုရားကို ရှိခိုးကြလေကုန်၏။

ရတနာစင်္ကြံဖန်ဆင်း၍ တရားဟောတော်မူခြင်း

     ဤသို့ မြတ်စွာဘုရားသည် ကောင်းကင်၌ ယမိုက်ပြာဋိဟာကို ပြတော်မူ၍ ဆွေတော်မျိုးတော်တို့၏ မာန်မာနကို နှိမ်ချိုးတော်မူပြီးနောက် လူများအပေါင်း၏ စိတ်ဖြစ်ပုံကို ကြည့်ရှုဆင်ခြင်တော်မူပြီးလျှင် ထိုလူများအပေါင်းအား အလိုဆန္ဒအား သင့်လျော်လျောက်ပတ်သော တရားစကားကို စင်္ကြံကြွသွားတော်မူရင်းကပင် ဟောကြားတော်မူလိုရကား အရှေ့ အနောက် စကြဝဠာတိုက်တသောင်း လွန်မြောက်အောင် အလုံးစုံ ရတနာဖြင့်ပြီးသော ရတနာစင်္ကြံတော်ကြီး ဖန်ဆင်းတော်မူလေသည်။ ထိုရတနာစင်္ကြံတော်၏ ပုံပန်းသဏ္ဌာန်ကို အကျဉ်းမျှ ပြဆိုပေအံ့-

     ဤစကြဝဠာကို ဗဟိုထား၍ အရှေ့အနောက်အားဖြင့် စကြဝဠာပေါင်း တိုက်တသောင်းတို့၌ တည်ရှိသည့် မြင်းမိုရ်တောင်ပေါင်း တသောင်းကို ရတနာစင်္ကြံတော်၏ အောက်ခြေ အမာခံအဖြစ် စိုက်ထူအပ်သော စင်္ကြံတိုင်တန်းကြီးသဖွယ်ထား၍ ထိုမြင်းမိုရ်တောင် (ရတနာစင်္ကြံတိုင်)တန်းကြီးကို ရွှေရောင်အဆင်း ဝါဝင်းတောက်ပစေလျက် ရွှေတိုင်ကြီးများပမာ ပြုပြီးလျှင် ထို၏အထက်၌ ကျယ်ပြန့်သန့်ရှင်းစွာသော ရတနာစင်္ကြံမြေကို ဖန်ဆင်းတော်မူလေသည်။ ထိုသို့ ဖန်ဆင်းတော်မူရာ၌



၈၃

ဖော်ပြရာပါ စကြဝဠာတိုက်ပေါင်း တသောင်းတို့တွင် အရှေ့ဆုံးဖြစ်သော စကြဝဠာတိုက်၏ အရှေ့ဖက်နခမ်း အနားရေးကို စင်္ကြံတော်၏ အဆုံးအစွန်အဖြစ်၎င်း, အနောက်ဆုံးဖြစ်သော စကြဝဠာတိုက်၏ အနောက်ဖက်နခမ်း အနားရေးကို စင်္ကြံတော်၏ အနောက်ဆုံး အစွန်အဖြစ်၎င်း ပြု၍ ဖန်ဆင်းတော်မူ လေသည်။

     ထိုရတနာစင်္ကြံတော်မြေ၏ ၀ဲဖက် ယာဖက် အနားရေးတို့မှာ ရွှေရောင်အဆင်းရှိ၍ အလယ်ဗဟို ရတနာစင်္ကြံတော်မြေမှာ ပတ္တမြားမြေ ဖြစ်လေသည်၊ ထိုရတနာစင်္ကြံတော်၏ ထုပ်, လျောက်, ဒိုင်း, မြှားတို့မှာ ရတနာအမျိုးမျိုးတို့ဖြင့် ပြိုးပြိုးပြက်ပြက် ပြီးကုန်လျက် ထို၏အထက်မှ ရွှေပျဉ်ချပ်တို့ဖြင့် ဖုံးအပ် မိုးအပ်လေသည်၊ စင်္ကြံတော်၏ ဝဲယာ အရံအကာဖြစ်သော ပွတ်တိုင်တို့ကား ရွှေအတိပြီးကုန်၏၊ ရတနာစင်္ကြံတော်မြေအပြင်၌ ပတ္တမြားနှင့် ပုလဲရတနာတို့ကို သဲပွင့်များပမာ ဖြန့်ခင်းအပ်ကုန်၏။ ဤဖော်ပြရာပါ အခြင်းအရာ ပုံပန်းဖြင့် ဖန်ဆင်းအပ်သော ရတနာစင်္ကြံတော်သည် တက်သစ်စ နေလုလင်ကဲ့သို့ အရပ်ဆယ်မျက်နှာတခွင်ကို ပြောင်ပြောင်ဝင်းဝင်း ထွန်းလင်းတောက်ပစေလေသည်။

     မြတ်စွာဘုရားသည် ထိုသို့ ဖန်ဆင်းအပ်ပြီးသော ရတနာစင်္ကြံတော်ကြီး၌ အတုမရှိသော ဘုရား၏အသရေဖြင့် လူးလာတုံ့ခေါက် စင်္ကြံကြွရောက်တော်မူလေသည်၊ ထိုအခါ စကြဝဠာတိုက်တသောင်းမှ များစွာသော နတ်ဗြဟ္မာအပေါင်းတို့သည် စည်းဝေးညီမူ လာရောက်ကြကာ နတ်၌ဖြစ်သော မန္ဒာရဝနတ်ပန်း, ပဒုမာကြာပန်း, ပင်လယ်ကသစ်ပန်းများကို ရတနာစင်္ကြံတော်၌ ကြဲဖျန်းကော်ရော် ပူဇော်ကြလေကုန်၏။

(ဤ၌။ ။ပင်လယ်ကသစ်ပန်းနှင့်စပ်၍ အထူးမှတ်ရန်မှာ.. မဃလုလင် အမှူးပြုသော ကောင်းမှုရှင် (၃၃) သုံးကျိပ်သုံးဦးတို့ လူ့ပြည်၌ဖြစ်စဉ် ကုသိုလ်မှု အားထုတ်ကြစဉ်က လူအများ ချမ်းသာစွာ နားနေသုံးစွဲရန် ပင်လယ်ကသစ်ပင်ကြီး စိုက်ပျိုးခဲ့လေသည်။ ထိုကောင်းမှု



၈၄

အာနုဘော်ကြောင့် တာဝတိံသာနတ်ပြည်၌ ယူဇနာတရာ အမြင့် အပြန့် ကျယ်သော ပင်လယ်ကသစ်ပင်ကြီး ဖြစ်ပေါ်ခဲ့လေသည်။ ယင်း ပင်လယ်ကသစ်ပင်ကြီး ပွင့်သောအခါ တာဝတိံသာ နတ်ပြည်တခွင် ယူဇနာတသောင်းအပြင်၌ မွှေးကြိုင်သောရနံ့ သင်းပျံ့၍နေပေ၏။)

     မြတ်စွာဘုရားသခင် ရတနာစင်္ကြံတော်၌ စင်္ကြံကြွတော်မူသောအခါ စကြဝဠာတိုက်တသောင်း၌ ရှိကြသော နတ်ဗြဟ္မာအပေါင်းတို့သည် အချို့ကလည်း မိမိတို့ဘုံဗိမာန်၌ နေရင်းကပင် ဖူးမြင်ကြကုန်၏၊ အချို့ကလည်း အလွန်နှစ်သက် ဝမ်းမြောက်ကြကာ ထိုထိုအရပ်၌ စည်းဝေးကြလေကုန်သည်၊ လူ့ပြည်နတ်ပြည်၌ရှိကြသော လူနတ်တို့နှင့်တကွ နဂါး ဂဠုန် ကိန္နရာတို့ပါ ကောင်းကင်၌ ပေါ်ထွန်းသည့် လပြည့်ဝန်းကြီး အတူ ရတနာစင်္ကြံ၌ စင်္ကြံကြွတော်မူသော မြတ်စွာဘုရားကို အားရဝမ်းသာစွာ ဖူးမြော်ကြလေကုန်သည်၊ (အသညသတ် ဗြဟ္မာကြီးများနှင့် အရူပဗြဟ္မာကြီးများကို ထား၍) ကျန် (၁၅) တဆယ့်ငါးဘုံ၌ ရှိကြသော ရူပါဝစရဗြဟ္မာတို့သည်လည်း အလွန် စင်ကြယ်ဖြူဆွတ်သော အဝတ်အရုံတို့ကို ဝတ်ရုံကြကုန်လျက် လက်အုပ်ချီမိုး ရှိခိုးကြ၍ “ဩ.. ငါးမာရ်အောင်မြင် ဘုရားရှင်သည် လောက၏ (အကျိုးဖြစ်ကြောင်း) အစီးအပွါးကောင်းကို ဆောင်တော်မူပါပေစွာ့၊ ဩ.. လောက၏ အစီးအပွါးဖြစ်အောင် စောင့်ရှောက်တော်မူပါပေစွာ့၊ ဩ.. မဟာကရုဏာရှင် ဖြစ်တော်မူပါပေစွာ့” ဤသို့ အစရှိသော ချီးမွမ်းထောမနာ စကား မြွက်ကြား ကျူးရင့်ကြကာ အညို အဝါ အနီ အဖြူ အမောင်းအားဖြင့် အဆင်းငါးပါးရှိသော ပန်းတို့ကို စန္ဒကူးနံ့သာမှုန့်ဖြင့် ရောပြွမ်းကာ ကြဲဖျန်းပူဇော်ကြလေကုန်၏၊ ကောင်းကင်၌ တံခွန်လွှင့်သည့်ပမာ ဗြဟ္မာတဘက်တို့ကိုလည်း တသွက်သွက် ဝှေ့ရမ်း ပူဇော်ကြလေသည်။

(ဤ၌။ ။ဗြဟ္မာတို့ ချီးမွမ်းပုံအကျယ် ဂါထာ (၂ဝ) နှစ်ဆယ်တို့ကို ပါဠိတော်၌ “တုဝံ သတ္ထာ စ ကေတူ စ၊ ဓဇော ယူပေါ စ ပါဏိနံ” အစရှိသည်ဖြင့် ဟောကြားအပ်လေသည်၊ ဗုဒ္ဓဝင်ပါဠိ ပိဋကတ်မြန်မာပြန်မှ ကြည့်ရှု မှတ်ယူကြကုန်ရာ၏။)



၈၅

အရှင်သာရိပုတ္တရာနှင့် ရဟန္တာငါးရာတို့

ကြွရောက်လာကြခြင်း

     ထိုသို့ မြတ်စွာဘုရားသည် ယမိုက်ပြာဋိဟာကို ပြတော်မူပြီး၍ ရတနာစင်္ကြံတော်ကြီး ဖန်ဆင်း၍ ထို ရတနာစင်္ကြံတော်၌ နတ်ဗြဟ္မာတို့ အကော်ရော် အပူဇော်ကိုခံယူကာ လူးလာတုံ့ခေါက် စင်္ကြံကြွရောက်တော်မူသည်ရှိသော် ထိုအချိန်၌ အဂ္ဂသာဝက လက်ျာရံဖြစ်တော်မူသော အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် အခြံအရံ တပည့်ရဟန်းပေါင်း ငါးရာတို့နှင့် အတူတကွ ရာဇဂြိုဟ်ပြည် ဂိဇ္ဈကုဋ်တောင်ယံ၌ သီတင်းသုံး နေထိုင်ဆဲဖြစ်လေသည်။ ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်သည် မြတ်စွာဘုရားကို ဒိဗ္ဗစက္ခုအဘိညာဉ်ဖြင့် ကြည့်ရှုလေလျှင် ကပိလ၀တ်နေပြည်တော်အထက် ကောင်းကင်ယံ ရတနာစင်္ကြံ၌ စင်္ကြံကြွနေတော်မူသည်ကို မြင်လတ်၍ “ဘုရားထံမြတ် ယခုပင် ငါဆည်းကပ်၍ အရပ်ရပ်စုံအလင် အလောင်းတော်တို့၏ လုပ်ငန်းစဉ် ဗုဒ္ဓဝင်ဒေသနာတရား ဟောကြားတော်မူရန် တောင်းပန် လျှောက်ထားတော့မည်”ဟု ကြံစည်ပြီးလျှင် မိမိနှင့်အတူနေ ငါးရာသော ရဟန္တာမထေရ်တို့ကို ခဏချင်း စည်းဝေးစေ၍ “ငါ့ရှင်တို့.. မြတ်စွာဘုရားသည် တလောကလုံး ညွှတ်ရုံးကြည်ညိုစေနိုင်သော ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာနှင့်တကွ လောကဝိဝရဏ အဘိညာဉ်တန်ခိုးကို ပြသတော်မူနေပြီ၊ ငါတို့သည်လည်း ထိုပြာဋိဟာပွဲသို့ သွားရောက်ကြကာ မြတ်စွာဘုရားကို ဖူးမြော်ကြကုန်စို့၊ ငါ့ရှင်တို့.. လာကြ၊ ငါတို့အလုံးစုံ သွားကြကုန်စို့၊ ဘုရားထံမှောက် သွားရောက် ဖူးမြော်ကြပြီးလျှင် ဗုဒ္ဓဝင်စံရှေး အတိတ်ကကျင့်စဉ်အရေးကို မေးမြန်း လျှောက်ထားကာ ယုံမှားသံသယကို ပယ်ဖျောက်ကြကုန်စို့”ဟူ၍ တိုင်ပင်စကား ပြောကြားတော်မူလေသည်။

(ဤ၌။ ။ကင်္ခံ ဝိနောဒယိဿာမ = ယုံမှားသံသယကို ပယ်ဖျောက်ကြကုန်စို့-ဟူ၍ အရှင်သာရိပုတ္တရာမထေရ်မြတ် မိန့်ဆိုအပ်သော စကားရပ်၌ အာသဝေါကုန်ခန်း ရဟန္တာပုဂ္ဂိုလ်များမှာ ကင်္ခါ (= ယုံမှား) တစုံတခုသော တရားမျှ မရှိပါပဲလျက် အဘယ့်ကြောင့် မထေရ်မြတ်သည် ဤသို့ မိန့်ဆိုတော်မူအပ်သနည်းဟူ၍ မေးမြန်းဖွယ်ရှိ၏။ အဖြေကား-



၈၆

ကင်္ခါ (= ယုံမှား) ဆယ့်ခြောက်ပါး တည်းဟူသော ဝိစိကိစ္ဆာတရားကို သောတာပတ္တိမဂ်ဖြင့်ပင် အကြွင်းမဲ့ ပယ်သတ်ပြီး ဖြစ်သောကြောင့် ရဟန္တာပုဂ္ဂိုလ်များမှာ ဝိစိကိစ္ဆာတည်းဟူသော ယုံမှားမှု တစိုးတစိမျှ မရှိသည်ကား အမှန်ပင်ဖြစ်၏၊ ယခု အရှင်သာရိပုတ္တရာမထေရ်မြတ် မိန့်ကြားအပ်သော ကင်္ခါ (= ယုံမှား)ဟူသည်မှာ ဝိစိကိစ္ဆာစေတသိက် တည်းဟူသော ယုံမှားမှုကို မဆိုလို၊ စင်စစ်သော်ကား ဤအရာ၌ လေးအသင်္ချေနှင့် ကမ္ဘာတသိန်းအတွင်း ပွင့်တော်မူကြသော မြတ်စွာဘုရားတို့၏ ဖြစ်ပွင့်တော်မူရာ ကပ်ကမ္ဘာ + အမည် + အနွယ် + အမျိုးစသည် အပိုင်းအခြားအားဖြင့် အစဉ်အဆက်ကိုဖော်ပြသည့် အကျယ်ဝိတ္တာရစကားရပ် တည်းဟူသော (ဗုဒ္ဓဝံသ)ပညတ်၌ မသိခြင်းမည်သည်ကို ဆိုတော်မူလိုရင်းဖြစ်သည်၊ (ယင်းသည့် ဗုဒ္ဓဝံသပညတ်၌ ယုံမှားမှုကို ဆိုလိုသည်)။ ဆက်ဦးအံ့.. အရှင်သာရိပုတ္တရာသည် မြတ်စွာဘုရားကို ဗုဒ္ဓဝင်ကို မေးမြန်း လျှောက်ထားတော်မူလို၏၊ ယင်း ဗုဒ္ဓဝင်သည်ကား ဘုရားရှင်တို့သာ အကျယ်ဟောပြ နိုင်သောကြောင့် ဘုရားတို့၏အရာသာ ဖြစ်၏။ ပစ္စေကဗုဒ္ဓါ သာဝကတို့၏ အရာမဟုတ်ချေ၊ သို့ရကား မထေရ်မြတ်သည် မိမိ၏အရာ မဟုတ်သောကြောင့် ဤကဲ့သို့ “မြတ်စွာဘုရားကို မေးမြန်းလျှောက်ထားကာ ယုံမှားသံသယကို ပယ်ဖျောက်ကြကုန်စို့”ဟူ၍ မိန့်ဆိုတော်မူခြင်း ဖြစ်လေသည်။ ဗုဒ္ဓဝံသအဋ္ဌကထာ၊စာမျက်နှာ-၆၅- မှ)။

     ထိုသို့ အရှင်သာရိပုတ္တရာမထေရ်မြတ် တိုင်ပင်စကား ပြောကြားလတ်သောအခါ ထို အတူနေ ငါးရာသော ရဟန္တာမထေရ်တို့သည် အရှင်သာရိပုတ္တရာမထေရ်၏ စကားကို ကြားကြလျှင် မိမိ မိမိတို့၏ သပိတ်သင်္ကန်းများကို အသင့်ယူဆောင်လာကြ၍ လျင်မြန်စွာသာလျှင် အရှင်သာရိပုတ္တရာ မထေရ်မြတ်ထံသို့ ချဉ်းကပ် စည်းဝေးတော်မူကြလေကုန်သည်။

     ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် ထိုရဟန္တာ မထေရ်ငါးရာတို့နှင့်တကွ ဣဒ္ဓိဝိဓအဘိညာဉ် ဈာန်ယာဉ်ကိုစီး၍ ကောင်းကင်ခရီးဖြင့် သွားရောက်ပြီးလျှင် ကပိလဝတ်နေပြည်တော်၏ အထက်ကောင်းကင်ယံ ရတနာစင်္ကြံ၌ စင်္ကြံကြွနေတော်မူဆဲဖြစ်သော မြတ်စွာဘုရားကို ထိုအထက် ကောင်းကင်ယံ၌ပင် ဖူးမြင်ဆည်းကပ်လေသည်။ အရှင်သာရိပုတ္တရာနှင့် အတူပါသော



၈၇

ရဟန္တာငါးရာတို့သည်လည်း ချောင်းဟန့်ခြင်း, ချေဆတ်ခြင်းကိုမျှ မပြုကြပဲ အလွန်ရိုသေစွာ မြတ်စွာဘုရားကို ချဉ်းကပ် ရှိခိုးကြလေသည်၊ ထိုအချိန်၌ အရှင်သာရိပုတ္တရာ, အရှင်မဟာမောဂ္ဂလာန်, အရှင်မဟာကဿပ-အစရှိသော မထေရ်မြတ်ကြီးတို့သည်လည်း ကောင်းကင်၌ပင် တည်နေကြကာ မြတ်စွာဘုရားကို ရိုသေမြတ်နိုး ရှိခိုးလျက် ရှိကြကုန်၏။

မြတ်စွာဘုရားသည် ကိုယ်တော်မြတ်၏ ဂုဏ်ကျေးဇူးများကို

ဟောကြားတော်မူခြင်း

     ထိုအခါ မြတ်စွာဘုရားသည် အရှင်သာရိပုတ္တရာထေရ် အမှူးပြုသော ရဟန္တာငါးရာတို့၏ သဒ္ဓါကြည်ညိုစိတ် တဖိတ်ဖိတ် ဖြစ်ပွါးနေပုံကို ပိုင်းခြားသိမြင်တော်မူကာ ကိုယ်တော်မြတ်၏ ဂုဏ်ကျေးဇူးတို့ကို အကျယ်ဟောကြားတော်မူရန်-

စတ္တာရော တေ အသင်္ချေယျာ၊

ကောဋိ ယေသံ န နာယတိ။-

အစရှိသည်ဖြင့် တရားဦးစ-ချီကာ ဟောကြားတော်မူသည်မှာ-

     ချစ်သားသာရိပုတ္တရာ.. ရေတွက်ခြင်းငှါ မစွမ်းနိုင်သော အသင်္ချေယျတရား လေးပါးတို့ရှိလေသည်၊ ယင်းအသင်္ချေယျတရား လေးပါးတို့၏ အစအစွန်း အဆုံးအစွန်းကား မသိနိုင်အောင်ပင် ရှိလေသည်၊ လေးပါးတို့ဟူသည်မှာ (၁) သတ္တဝါအပေါင်းသည်လည်း အဆုံးအပိုင်းအခြားမရှိ၊ (၂) ကောင်းကင်သည်လည်း အဆုံးအပိုင်းအခြားမရှိ၊ (၃) စကြဝဠာတိုက်တို့သည်လည်း အဆုံးအပိုင်းအခြား မရှိကုန်၊ (၄) ဘုရားဉာဏ်ခေါ်သော သဗ္ဗညုတရွှေဉာဏ်တော်သည်လည်း အဆုံးအပိုင်းအခြား မရှိ။

(ထိုအခိုက်၌ နတ်လူတို့၏ သန္တာန်ဝယ် မြတ်စွာဘုရား၏ တန်ခိုးဖန်ဆင်းခြင်း၌ အလွန်အံ့ဩသောစိတ်များ တဖွားဖွားဖြစ်လျက် ရှိလေသည်၊ ထိုနတ်တို့အား “ယခု တန်ခိုးဖန်ဆင်းခြင်းထက် အလွန်အမင်း အံ့ဩဖွယ်ကောင်းသော အကြောင်းများလည်း ရှိကြသေး၏၊



၈၈

ငါဘုရား၏ ထိုအလွန်အမင်း အံ့ဩဖွယ်ကောင်းသော အကြောင်းများကိုလည်း နာယူကြဦး”ဟု တိုက်တွန်းတော်မူသကဲ့သို့ တရားဒေသနာကို ဤသို့ဆက်ကာ တိုးချဲ့၍ ဟောတော်မူပြန်လေသည်)။

     ချစ်သား သာရိပုတ္တရာ.. ငါဘုရား၏ အံ့ဩဖွယ်ကောင်းသော အကြောင်းများကား ဤယခု တန်ခိုးဖန်ဆင်းခြင်းမျှသာ မကသေး၊ မဖြစ်စဘူး ထူးကဲလွန်မင်း ကြက်သီးမွှေးညှင်း ထလောက်သည့် အခြားတပါး အံ့ဩဖွယ်တို့ကား များစွာ ရှိကုန်သေး၏။ (ထိုအံ့ဩဖွယ်အချက်တို့ကို အမြွက်မျှ ဟောပြရမူ)–

     ငါဘုရားသည် ဝေဿန္တရာမင်းအဖြစ်မှ စုတေ၍ (ပါရမီ စာဂ စရိယတို့ ပြည့်ဝနေပြီဖြစ်ရကား ဘုရားဖြစ်ရန်အချိန်ကို ငံ့လင့်ကာ) တုသိတာနတ်ပြည်၌ သန္တုသိတမည်သော နတ်မင်းဖြစ်၍ လူတို့၏ အရေအတွက်အားဖြင့် နှစ်ပေါင်း (၅၇၆ဝဝဝဝဝဝ) ငါးဆယ့်ခုနစ်ကုဋေနှင့် အနှစ်ခြောက်သန်း ကာလကြာအောင် နတ်စည်းစိမ်ကို ခံစားတည်ရှိနေစဉ် စကြဝဠာပေါင်း တိုက်တသောင်း၌ နေကြသော နတ်ဗြဟ္မာအပေါင်းတို့ ငါ၏ထံမှောက် လာရောက်စည်းဝေးကြကာ-

“အို ဆင်းရဲကင်းရှင်း လောင်းနတ်မင်း.. သင်အလောင်းနတ်မင်းသည် ပါရမီဆယ်ပါး အကျယ်ပွါးက အပြားသုံးဆယ်, သုံးသွယ်စရိယ, ငါးဝသော စွန့်ခြင်းကြီးတို့ကို ဆည်းပူး ဖြည့်ကျင့်တော်မူခဲ့သည်မှာ စကြာမင်းစည်းစိမ်, သိကြားမင်းစည်းစိမ်, မာရ်နတ်မင်းစည်းစိမ်, ဗြဟ္မာမင်းစည်းစိမ်များကို လိုလားတောင့်တကာ ဖြည့်ကျင့်ခဲ့သည် မဟုတ်ပါ၊ စင်စစ်ကား သတ္တလောကကို ကယ်တင်ရန် ဘုရားအဖြစ်ကိုသာ တောင့်တ၍ ဖြည့်ကျင့်ခဲ့ပါသည်၊ အို ဆင်းရဲကင်းရှင်း လောင်းနတ်မင်း.. သင် အလောင်းနတ်မင်း တောင့်တလိုလားအပ်သည့် ဘုရားဖြစ်ရန် အချိန်အခါတော် တန်ခဲ့ပါပြီ။

လုံ့လထန်ပြင်း လောင်းနတ်မင်း.. သင် အလောင်းနတ်မင်း၏အတွက်တာ ဘုရားဖြစ်ရန် အချိန်တန်ပါပြီ၊



၈၉

မယ်တော်ဝမ်းတိုက်၌ ကိန်းပိုက်သန္ဓေ တည်နေ ဖြစ်ပွါးတော်မူပါလော့၊ နတ်နှင့်တကွသော သတ္တလောကကို သံသရာတည်းဟူသော ရေအယဉ်မှ ထုတ်ဆယ် ကယ်တင်တော်မူလျက် အမြိုက်နိဗ္ဗာန်ကို သိမြင်တော်မူပါလော့”-

ဟူ၍ ငါ့ကို ဘုရားဖြစ်ရန် တောင်းပန်လာကြကုန်၏။

     ထိုအခါ ငါဘုရားအလောင်းတော်သည် နတ်ဗြဟ္မာတို့က တောင်းပန်အပ်သော်လည်း ထိုနတ်ဗြဟ္မာတို့အား အလွယ်တကူ ပဋိညာဉ်ဝန်ခံမှု မပြုသေး မပေးသေးပဲ (၁) ဘုရားဖြစ်ပွင့်ရမည့် အချိန်အခါ၊ (၂) ဖြစ်ပွင့်ရမည့်ကျွန်း၊ (၃) ဖြစ်ပွင့်ရမည့် အရပ်ဒေသ၊ (၄) ဖြစ်ရမည့်အမျိုး၊ (၅) မယ်တော်၏ အသက်အပိုင်း အခြား ဤသို့အားဖြင့် ငါးပါးသော ကြည့်ခြင်းကြီးများကို ကြည့်တော်မူပြီးမှ (ဤအချက်ကြီး ငါးပါးတို့ ပြည့်စုံသည်ကို သိရှိတော်မူကာ) “အဆွေတော် နတ်ဗြဟ္မာအပေါင်းတို့.. ငါ့အတွက်တာ (သင်တို့ပြောသည့်အတိုင်း) ဘုရားဖြစ်ရန် အချိန်တန်ပေပြီ”ဟု နတ်ဗြဟ္မာတို့အား ပဋိညာဉ်ဝန်ခံချက် ပေးပြီးလျှင် ထိုတုသိတာနတ်ပြည်၌ အသက်တမ်းပြည့် တည်နေ၍ ထိုမှ စုတေခဲ့ပြီးနောက် အသမ္ဘိန္န သကျသာကီဝင် မင်းမျိုးဝယ် မယ်တော်မဟာမာယာ၏ ကြာတိုက်ဝမ်း၌ ကိန်းမြန်းသန္ဓေ တည်စံနေခဲ့လေသည်။

     ထိုသို့ သတိသမ္ပဇညတရား လက်မလွတ်ပဲ မယ်တော်ဝမ်းတိုက်၌ ပဋ္ဋိသန္ဓေ တည်နေသောအခါ စကြဝဠာ တိုက်တသောင်း ရိုက်ညောင်း တုန်လှုပ်လေသည်။

     ငါဘုရားအလောင်းတော်သည် သတိသမ္ပဇညတရား လက်မလွတ်ပဲ ဓမ္မာသနပလ္လင်မှ ဆင်းသက်သော ဓမ္မကထိက ရဟန်းကဲ့သို့၎င်း, စောင်းတန်းလှေကားမှ မားမားမတ်မတ် ဆင်းသက်လာသော ယောက်ျားကဲ့သို့၎င်း လက်ခြေတို့ကို ဆန့်တန်းကာ ရပ်လျက်သာလျှင် တစုံတရာ အညစ်အကြေး မလိမ်းထေးပဲ (မဟာသက္ကရာဇ် ၆၈-ခုနှစ် ကဆုန်လပြည့် သောကြာနေ့၌) မယ်တော်ဝမ်းမှ မီးရှူးသန့်စင် ဖွားမြင်ခဲ့လေပြီ။ ထိုအခါမှာလည်း



၉၀

ကောင်းချီးပေးသည့်ပမာ စကြဝဠာတိုက်တသောင်း ရိုက်ညောင်း တုန်လှုပ်ခဲ့လေပြီ။

     ချစ်သားသာရိပုတ္တရာ.. ပဋိသန္ဓေ တည်နေခြင်း၌ ငါဘုရားအလောင်းနှင့် တူသောသူမည်သည် မရှိ၊ မယ်တော်ဝမ်းတိုက်မှ မီးရှူးသန့်စင် ဖွားမြင်ရာ၌လည်း ငါဘုရားအလောင်းနှင့် တူသောသူမည်သည် မရှိ၊ (ဘုရားအလောင်းတော်မှာ အမိဝမ်းသို့ သက်ဝင်သောအခါ, အမိဝမ်း၌ ၁၀-လကြာ တည်နေသောအခါ, အမိ ဝမ်းမှ ဖွားမြင်သောအခါ ဤအခါသုံးမျိုး၌ပင် သတိသမ္ပဇညတရား လက်မလွတ်သောကြောင့် ဤသို့ မိန့်တော်မူခြင်း ဖြစ်သည်)၊ (အရဟတ္တမဂ်ဉာဏ်အရာ၌လည်း အချို့သာဝကများ၏ အရဟတ္တမဂ်ဉာဏ်သည် အရဟတ္တဖိုလ်အကျိုးကိုသာ ပေး၏။ အချို့သာ၀ကများ၏ အရဟတ္တမဂ်သည် ဝိဇ္ဇာသုံးပါးအကျိုးပေး၍ အချို့သာဝကများ၏ အရဟတ္တမဂ်သည် အဘိညာဉ် ခြောက်ပါးတို့ကိုသာ အကျိုးပေး၏။ အချို့သာဝကများ၏ အရဟတ္တမဂ်မှာ ပဋိသမ္ဘိဒါဉာဏ် လေးပါးတို့ကိုသာ အကျိုးပေး၏၊ အချို့သာဝကများ၏ အရဟတ္တမဂ်သည် သာဝကပါရမီဉာဏ်ကိုသာ အကျိုးပေး၏၊ ပစ္စေကဗုဒ္ဓါများ၏ အရဟတ္တမဂ်ဉာဏ်သည် ပစ္စေကဗောဓိဉာဏ်ကိုသာ အကျိုးပေး၏။ မြတ်စွာဘုရားတို့၏ အရဟတ္တမဂ်ဉာဏ်သည် အလုံးစုံသော ဘုရားဂုဏ်ကျေးဇူးများနှင့် ပြည့်စုံခြင်းတည်းဟူသော အကျိုးကို ပေး၏။ အရဟတ္တမဂ်ကို ရသည်နှင့်တပြိုင်နက် အလုံးစုံသော ဘုရားဂုဏ်ကျေးဇူးများ အပြည့်အစုံရရှိပြီး ဖြစ်လေ၏။ ထို့ကြောင့်) အရဟတ္တမဂ်ဉာဏ်အရာ၌လည်း ငါဘုရားသည် အမြတ်ဆုံးဖြစ်၏။ ဒေသနာဉာဏ်ကို ဖြစ်စေရာ၌လည်း ငါဘုရားသည် အမြတ်ဆုံး ဖြစ်၏၊ ဤသို့ အစရှိသည်ဖြင့် မြတ်စွာဘုရားသည် ကိုယ်တော်မြတ်၏ ဂုဏ်ကျေးဇူး များကို အကျယ်တဝင့် ဟောကြားတော်မူလေသည်။

ထိုအချိန်၌ မဟာပထဝီမြေကြီးသည် ဘုရားအလောင်းတော် ပဋိသန္ဓေတည်နေသော အခါ) စသည်၌ကဲ့သို့

၉၁

(၁) အရှေ့မှမြင့်၍ အနောက်မှနိမ့်ခြင်း၊ (၂) အနောက်မှမြင့်၍ အရှေ့မှနိမ့်ခြင်း၊ (၃) မြောက်မှမြင့်၍ တောင်မှနိမ့်ခြင်း၊ (၄) တောင်မှမြင့်၍ မြောက်မှနိမ့်ခြင်း၊ (၅) အလယ်မှမြင့်၍ အစွန်အဖျားပတ်လည်မှနိမ့်ခြင်း၊ (၆) အစွန်အဖျား ပတ်လည်မှမြင့်၍ အလယ်မှနိမ့်ခြင်း၊ ဤခြောက်ပါးသော အခြင်းအရာဖြင့် စကြဝဠာ လောကဓာတ်ပေါင်း တိုက်တသောင်း ရိုက်ညောင်း တုန်လှုပ်လေသည်၊ နတ်ဗြဟ္မာတို့၏ အာနုဘော်ကို လွန်မြောက်၍ အလွန်ပြန့်ပြော ကြီးကျယ်သော အရောင်အလင်းသည် ထွန်းလင်းတောက်ပလျက် ရှိလေသည်။ နတ်ဗြဟ္မာတို့သည် ဖော်ပြရာပါ အံ့ဖွယ်သရဲကို မြင်ရသဖြင့်၎င်း, မြတ်စွာဘုရား ဟောကြားအပ်သည့် အလောင်းတော်မြတ် ပဋိသန္ဓေ တည်နေတော်မူသော အခါမှာသာလျှင် မြေတုန်လှုပ်ခြင်း အစရှိသော အကြောင်းထူးကို ကြားသိရသဖြင့်၎င်း-

အဟော အစ္ဆရိယံ လောကေ၊

ဗုဒ္ဓါနံ ဂုဏမဟန္တတာ။

ဒသသဟဿီ လောကဓာတု၊

ဆပ္ပကာရံ ပကမ္ပထ။

ဩဘာသော စ မဟာ အာသိ။

အစ္ဆေရံ လောမဟံသနံ။

မာရိသာ = အချင်းများစွာ နတ်ဗြဟ္မာတို့..။ ဗုဒ္ဓါနံ = သဗ္ဗညုထွတ်ထား မြတ်စွာဘုရားတို့၏။ ဂုဏတေဇေန = ကျေးဇူးတော်ဂုဏ် အစွမ်းဟုန်ကြောင့်။ ဒသသဟဿီ လောကဓာတု = စကြဝဠာပေါင်း တိုက်တသောင်းသည်။ ဆပ္ပကာရံ = အရှေ့ + အနောက် + တောင် + မြောက် လေးသွယ် အလယ်နှင့် + အစွန်အဖျား = ဤခြောက်ပါးတို့ တပါးနိမ့်လျက် တပါးတက်သား ခြောက်ချက်ထူးခြား အခြင်းအရာအားဖြင့်။ ပကမ္ပထ = တငြိမ့်ငြိမ့် တုန်လှုပ်ခဲ့လေပြီ။ မဟာ = ကြီးကျယ် ပြန့်ပြောသော။



၉၂

ဩာဘာသော စ = အလင်းရောင်သည်လည်း။ အာသိ = နတ်ဗြဟ္မာတို့တန်ခိုးကို လွှမ်းမိုး၍ ဖြစ်ခဲ့လေပြီ။ အစ္ဆေရံ = လက်ဖျစ်တီး၍ အံ့ချီးဖွယ်သည်လည်းကောင်း။ လောမဟံသနံ = မွေးညှင်းရွှင်ပျ ကြက်သီးထခြင်းသည်လည်းကောင်း။ အဟောသိ = ဖြစ်ခဲ့လေပြီ။ ဗုဒ္ဓါနံ = မြတ်စွာဘုရားတို့၏။ ဂုဏမဟန္တတာ = ဂုဏ်ကျေးဇူးတော်အရပ်ရပ် ကြီးမြတ်သည်၏အဖြစ်သည်။ လောကေ = လောက၌။ အဟော အစ္ဆရိယံ = ဩ.. လက်ဖျစ်တီး၍ အံ့ချီးထိုက်ပါပေစွာ့တကား-

ဟူ၍ ချီးမွမ်းဂါထာ ရွတ်ဆိုကြလေသည်။

     ထိုအချိန်၌ မြတ်စွာဘုရားသည် နတ်လူတို့ကို တန်ခိုးပြာဋိဟာ ပြတော်မူလျက် တန်ခိုးတော်ဖြင့် ရတနာစင်္ကြံတော်၌ လူးလာတုံ့ခေါက် စင်္ကြံလျှောက်တော်မူလျက် ရှိ၏။ ယင်းသည့် စကြဝဠာပေါင်း တိုက်တသောင်းကို အုပ်မိုးလျက်တည်သော ရတနာစင်္ကြံတော်၌ လူးလာတုံ့ခေါက် စင်္ကြံတော်လျှောက်ရင်းပင် မြတ်စွာဘုရားသည် ဆေးဒန်းမြင်းသီလာ ကျောက်အပြင်၌ ခြင်္သေ့မင်း၏ ဟိန်းဟောက်ကျူးရင့်သံကို ကျူးရင့်သော ခြင်္သေ့မင်းကဲ့သို၎င်း, ထစ်ချုန်းသော မိုးကြီးကဲ့သို၎င်း, ကောင်းကင်မြစ်ကြီးကို တဖွားဖွားကူးသွားသော ယောက်ျားကဲ့သို့၎င်း အင်္ဂါရှစ်ဖော် အသံတော်ဖြင့် အထူးထူး အခဏ်းခဏ်း နည်းမျိုးစုံတို့ဖြင့် ဆန်းကြယ်သော အမှန်လေးပါး သစ္စာတရားနှင့် စပ်ယှဉ်သော အနိစ္စ ဒုက္ခ အနတ္တ လက္ခဏာယာဉ်သုံးချက်သို့ ဆိုက်ရောက်သော ချိုမြိန်စွာသော တရားစကားကို ဟောကြားတော်မူလေသည်။

     ထိုမျှ (စကြဝဠာပေါင်း တိုက်တသောင်း) အလျားရှည်သော ရတနာစင်္ကြံတော်ကြီးပင် ဖြစ်စေကာမူ မြတ်စွာဘုရားသည် လေးတောင်ခန့်မျှသာ အလျားရှိသော စင်္ကြံ၌ စင်္ကြံသွားသောသူသည် အစွန်းနှစ်ဖက်သို့ လျင်မြန်စွာရောက်၍ ဆုတ်နစ် (ပြန်လှည့်)သကဲ့သို့ ထို့အတူ ထိုရတနာစင်္ကြံတော်၏ အရှေ့အစွန်း အနောက်အစွန်း နှစ်ဖက်သို့ လျင်မြန်စွာရောက်ပြီးမှသာလျှင်



၉၃

ဆုတ်နစ် (ပြန်လှည့်)တော်မူလေသည်၊ အစွန်းနှစ်ဖက်သို့မရောက်ပဲ အကြား၌ ဆုတ်နစ် (ပြန်လှည့်)မှု ပြုတော်မမူ။

[ဤ၌။ ။မြတ်စွာဘုရားသည် တန်ခိုးတော်ဖြင့် ဤမျှရှည်လျားသော ရတနာစင်္ကြံကြီးကို တိုအောင်ပင် ဖန်ဆင်းတော်မူသလော၊ သို့မဟုတ် ကိုယ်တော်ကိုပင် ထိုစင်္ကြံကြီးလောက် ကြီးမားအောင် တန်ခိုးဖြင့် ဖန်ဆင်းတော်မူသလောဟူ၍ မေးမြန်းဖွယ်ရှိ၏၊ (ဣဒ္ဓိဝိသယ = တန်ခိုးတော်၏ အရာလောဟု မေးမြန်းလိုသည်)၊ အဖြေကား- ဤကဲ့သို့ တန်ခိုးတော်ဖြင့် ဖန်ဆင်းမှုကို ပြုတော်မမူပေ၊ မြတ်စွာဘုရားတို့၏ ဘုရားအာနုဘော်ကား သာမန်လူ ကြံစည်၍ မရနိုင်အောင်ပင် ကြီးမားလှပေ၏၊ (ဗုဒ္ဓဝိသယ အစိန္တေယျဖြစ်၍ ဤမျှရှည်လျားသော စင်္ကြံတော်၌လည်း လေးတောင်ခန့်သာ ရှည်လျားသော စင်္ကြံတိုကလေး၌ကဲ့သို့ပင် လျင်မြန်စွာ အစွန်းနှစ်ဖက်သို့ရောက်အောင် စင်္ကြံကြွတော်မူနိုင်ခြင်း ဖြစ်သည်ဟု ဆိုလို၏)။

ယင်းသို့ မကြံအပ် မကြံစည်နိုင်သော ဘုရားရှင်တို့၏ အာနုဘော်တော်ကြောင့်ပင် အကနိဋ္ဌဗြဟ္မာပြည်မှ အဝီစိငရဲတိုင်အောင် အပိတ်အပင် အကာအကွယ်မရှိ၊ ဟင်းလင်းအပြင်ကြီးဖြစ်၍ နေလေသည်။ ဖီလာ အားဖြင့်လည်း စကြဝဠာတိုက်ပေါင်း တသောင်းတို့သည် အပိတ်အပင် အကာအကွယ်မရှိ၊ ဟင်းလင်း အပြင်ကြီးဖြစ်၍ နေကုန်၏၊ နတ်ဗြဟ္မာတို့ကလည်း လူတို့ကို မြင်ကြရကုန်၏၊ လူတို့ကလည်း နတ်ဗြဟ္မာတို့ကို မြင်ကြရကုန်၏၊ ခပ်သိမ်းသော လူနတ်ဗြဟ္မာတို့သည် ထို အလျားရှည်လှသော ရတနာစင်္ကြံတော်၌ စင်္ကြံကြွတော်မူသော မြတ်စွာဘုရားကို ပကတိ ရိုးရိုးစင်္ကြံ၌ စင်္ကြံကြွတော်မူနေသကဲ့သို့ပင် ဖူးမြင်ကြရကုန်၏။ မြတ်စွာဘုရားသည်ကား စင်္ကြံကြွတော်မူရင်းပင် တရားတော်ကို ဟောတော်မူ၏၊ ပရိသတ်က သာဓုခေါ်နေခိုက်အကြား အားလပ်သော အချိန်ကလေး၌ စိတ္တိဿရိယ ဘုန်းတော်ရှင် ဖြစ်တော်မူသောကြောင့် ဖလသမာပတ်ကိုလည်း အချိန်ရသမျှ ဝင်စားတော်မူလေသည်။]

ဗုဒ္ဓဝင်ကို ဟောကြားတော်မူပါရန် အရှင်သာရိပုတ္တရာမထေရ်

တောင်းပန်လျှောက်ထားခြင်း

     ထိုအခါ အရှင်သာရိပုတ္တရာ မထေရ်မြတ်သည် အတုမရှိသော ဗုဒ္ဓအသရေတော်ဖြင့် ရတနာစင်္ကြံတော်ဝယ် လူးလာတုံ့ခေါက် စင်္ကြံလျှောက်ကာ စကြဝဠာတိုက်တသောင်းမှ နတ်ဗြဟ္မာအပေါင်းတို့နှင့်



၉၄

စည်းဝေးညီမူကြသော လူပရိသတ်အပေါင်းတို့အား သစ္စာလေးပါး မြတ်တရားကို ဟောကြားတော်မူသော မြတ်စွာဘုရားကို အားရကြည်ညိုစွာ ဖူးမြော်ပြီးလျှင် “ဤအစည်းအဝေးသည် စကြဝဠာပေါင်း တိုက်တသောင်း၌ နေကြသော နတ်ဗြဟ္မာတို့ ညီညာစွာ စုဝေးမိသော အစည်းအဝေး ဖြစ်ပေသည်။ ဤပရိသတ် အစည်းအဝေး၌ ကြီးစွာသော တရားဟောပွဲကြီးသဘင် ဖြစ်သင့်၏၊ အထူးအားဖြင့် ဗုဒ္ဓဝင်ဒေသနာတော်သည် အလွန်ကျေးဇူးများမည့် ဒေသနာတော် ဖြစ်ပေသည်။ မြတ်စွာဘုရား၌ ကြည်ညိုခြင်း သဒ္ဓါတရား တိုးပွါးအောင် ရွက်ဆောင်နိုင်မည့် တရားဒေသနာ ဖြစ်ပေသည်၊ ငါသည် မြတ်စွာဘုရား၏ ဘုရားဆုပန် နိယတဗျာဒိတ် ခံတော်မူသည်မှစ၍ ဗုဒ္ဓဝင်ကျင့်စဉ်ကို မေးလျှောက်ရမူ ကောင်းလေစွာ့”ဟု ကြံတော်မူ၍ လက်ဝဲတဖက် ပခုံးထက်၌ လက်ကန်တော့ စံပယ်တင်ပြီးလျှင် မြတ်စွာဘုရားထံမှောက် အနီးသို့ကပ်ရောက်၍ ဦးခေါင်းထက်၌ လက်အုပ်ကို မြှောက်ချီလျက် “ကီဒိသော တေ မဟာဝီရ၊ အဘိနီဟာရော နရုတ္တမ” အစရှိသော သုံးဂါထာတို့ဖြင့် မြတ်စွာဘုရား၏ ဗုဒ္ဓဝင်စံရှေး အတိတ်က ကျင့်စဉ်အရေးကို မေးမြန်း လျှောက်ထားလေသည်၊ (သဒ္ဓါကြည်ညိုမှု တိုးပွါးစေရန် သုံးဂါထာ ပါဠိအနက်ကို ထုတ်ဖော်ပြဆိုဦးအံ့)-

ကီဒိသော တေ မဟာဝီရ၊

အဘိနီဟာရော နရုတ္တမ။

ကမှိ ကာလေ တယာ ဓီရ၊

ပတ္ထိတာ ဗောဓိမုတ္တမာ။

     မဟာဝီရ = သမ္မပ္ပဓာန ကိစ္စဆင့်ပွါး လေးထွေပြားသည့် ကြီးမားသော လုံ့လဝီရိယလည်း ရှိတော်မူပေထသော။ နရုတ္တမ = လူတို့ထက်မြတ် နတ်တို့ထက်သာ ဗြဟ္မာတို့ထက်ကဲလွန် အမွန်ခေါင်ဖူး သုံးလူ့မှူးဘုရား..။ တေ = အရှင်ဘုရား၏။ အဘိနီဟာရော = နရက်ဘဝဂ် သွက်သွက်လှိုက်ခုန် သောင်းတိုက်တုန်သား ဘုန်းဂုဏ်တော်အား လွန်ကြီးမားသည့် ဘုရားဖြစ်ရန်



၉၅

ဆုပန်တော်မူခဲ့ခြင်းကို။ ကီဒိသော = ဘယ်သို့ရှုအပ် မှတ်ရပါမည်နည်းဘုရား။ ဓီရ = သဗ္ဗညုတ ဉာဏသခင် သုံးလူ့ရှင်ဘုရား..။ တယာ = အရှင်ဘုရားသည်။ ကမှိကာလေ = ဘယ်ကပ်ကမ္ဘာ ဘယ်ချိန်ခါ၌။ ဥတ္တမာ ဗောဓိ = ပစ္စေကဗောဓိ, သာဝကဗောဓိတို့ထက် အဓိပတိဥက္ကဌ် မြတ်ထွတ်လှစွာ သမ္မာသမ္ဗောဓိဆုကြီးကို။ ပတ္ထိတာ = စိတ်တော်ညွှတ်ကာ ရလိုပါဟု ပန်ထွာတောင့်တအပ်ခဲ့ပါသနည်းဘုရား။

ဒါနံ သီလဉ္စ နေက္ခမ္မံ၊

ပညာ ဝီရိယဉ္စ ကီဒိသံ။

ခန္တိ သစ္စမဓိဋ္ဌာနံ၊

မေတ္တုပေက္ခာ စ ကီဒိသာ။

     ဓီရ = သဗ္ဗညုတ ဉာဏသခင် သုံးလူ့ရှင်ဘုရား..။ တေ = အရှင်ဘုရား၏။ ဒါနဉ္စ= ဒါနပါရမီတော်ကို၎င်း။ သီလဉ္စ = သီလပါရမီတော်ကို၎င်း။ နေက္ခမ္မဉ္စ = နေက္ခမ္မပါရမီတော်ကို၎င်း။ ပညာ စ = ပညာပါရမီတော်ကို၎င်း။ ဝီရိယဉ္စ = ဝီရိယပါရမီတော်ကို၎င်း။ ကီဒိသံ = ဘယ်သို့ရှုအပ် မှတ်ရပါမည်နည်းဘုရား။ ခန္တီစ = ခန္တီပါရမီတော်ကို၎င်း။ သစ္စဉ္စ = သစ္စာပါရမီတော်ကို၎င်း။ အဓိဋ္ဌာနဉ္စ = အဓိဋ္ဌာန ပါရမီတော်ကို၎င်း။ မေတ္တာ စ = မေတ္တာပါရမီတော်ကို၎င်း။ ဥပေက္ခာ စ = ဥပေက္ခာပါရမီတော်ကို၎င်း။ ကီဒိသာ = ဘယ်သို့ရှုအပ် မှတ်ရပါမည်နည်းဘုရား။

ဒသ ပါရမီ တယာ ဓီရ၊

ကီဒိသီ လောကနာယက။

ကထံ ဥပပါရမီ ပုဏ္ဏာ၊

ပရမတ္ထပါရမီ ကထံ။

     ဓီရ = သဗ္ဗညုတ ဉာဏသခင် ဖြစ်တော်မူပါသော။ လောကနာယက = လောကသုံးပါးတို့၏ ရှေ့သွားခေါင်းဆောင် ဖြစ်တော်မူသော မြတ်စွာဘုရား..။ တယာ = အရှင်ဘုရားသည်။



၉၆

ဒသပါရမီ = ပါရမီတရား ကျင့်ဆယ်ပါးတို့ကို။ ကီဒိသီ = ဘယ်သို့ရှုအပ် မှတ်ရပါမည်ကိုပြု၍။ ပုဏ္ဏာ = တဆင့်ထက်တဆင့် ရင့်ထက်ရင့်အောင် ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့ပါသနည်းဘုရား။ ကထံ = ဘယ်ပုံစိတ်ဖြာ ဘယ်ခြင်းရာဖြင့်။ ဥပပါရမီ = ဥပပါရမီတရား ကျင့်ဆယ်ပါးတို့ကို၎င်း။ ကထံ = ဘယ်ပုံစိတ်ဖြာ ဘယ်ခြင်းရာဖြင့်။ ပရမတ္ထပါရမီ = ပရမတ္ထပါရမီတရား ကျင့်ဆယ်ပါးတို့ကို၎င်း။ ပုဏ္ဏာ = တဆင့်ထက်တဆင့် ရင့်ထက်ရင့်အောင် ဖြည့်ကျင့် ဆည်းပူးတော်မူခဲ့ပါသနည်းဘုရား။

[ဤ၌။ ။ဒါနပါရမီအရာဝယ် အပြင်အပ ဥစ္စာဘဏ္ဍာများကို စွန့်လှူခြင်းသည် ဒါနပါရမီမည်၏၊ အင်္ဂါကြီးငယ်ကို စွန့်လှူခြင်းသည် ဒါနဥပပါရမီမည်၏။ မိမိအသက်ကို စွန့်လှူခြင်းသည် ဒါနပရမတ္ထပါရမီမည်၏၊ ကြွင်းသော ပါရမီကိုးပါးတို့၌လည်း ဤနည်းအတူပင် အပြင်အပ ဥစ္စာဘဏ္ဍာများ ပျက်စီးဆုံးရှုံးမည်ကို မရေမတွက်ပဲ သီလကိုထိန်းစောင့်ခြင်း (ဝါ) ထိန်းစောင့်အပ်သော သီလမှုသည် သီလပါရမီမည်၏။ အင်္ဂါကြီးငယ်တို့ ပျက်စီးဆုံးရှုံးမည်ကို မရေမတွက်ပဲ ထိန်းစောင့်အပ်သော သီလမှုသည် သီလဥပပါရမီမည်၏၊ မိမိအသက် ပျက်စီးဆုံးရှုံးမည်ကို မရေမတွက်ပဲ ထိန်းစောင့်အပ်သော သီလမှုသည် သီလပရမတ္ထပါရမီမည်၏၊ ဤသို့အစရှိသည်ဖြင့် ခွဲခြားမှတ်ယူရာ၏။

မြတ်စွာဘုရား အလောင်းတော်၏ ဒါနအစရှိသော ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူခဲ့ရသော ဘဝတို့ကား မရေမတွက်နိုင်အောင်ပင် များလှစွာ၏၊ အထူးအားဖြင့်-

(၁) စတုက္ကနိပါတ် ၂-ပုစိမန္ဒဝဂ် ၇-သသပဏ္ဍိတဇာတ်၌ ယုန်ပညာရှိ ဖြစ်တော်မူသောအခါ ဆွမ်းခံကြွလာသော ပုဏ္ဏားအယောင်ဆောင် သိကြားမင်းကို တကယ်အလှူခံပုဏ္ဏားဟု မှတ်ယူတော်မူကာ မီးအဖိုခိုင်းပြီးလျှင် ရဲရဲညီးညီး မီးပုံကြီးအတွင်းသို့ အသက်ကို မငဲ့ကွက်ပဲ ခုန်ဆင်း၍ ကိုယ်တော်ကို စွန့်လှူခဲ့သော အလောင်းတော်မြတ်၏ ဒါနမှုသည် ဒါနပရမတ္ထပါရမီမည်၏။

(၂) စတ္တာလီနိပါတ် သင်္ခပါလဇာတ်၌ သင်္ခပါလနဂါးမင်း ဖြစ်တော်မူသောအခါ ရှစ်ဌာန၌ တံကျင်လျှို၍ ထိုထိုအရပ်၌ အားနွဲ့အောင် လှံမဖြင့် တအားကုန်ထိုးကြသော မူဆိုးတဆယ့်ခြောက်ယောက်တို့အား



၉၇

အမျက်တော်မထွက်ပဲ အသက်ကိုစွန့်လှူ၍ သီလကို ထိန်းစောင့်တော်မူသော အလောင်းတော်သူမြတ်၏ သီလမှုသည် သီလပရမတ္ထပါရမီ မည်၏။

(၃) စတ္တာလီသနိပါတ် စူဠသုတသောမဇာတ်၌ စူဠသုတသောမမင်း ဖြစ်တော်မူသောအခါ အသက်ဘေးရန် အန္တရာယ်ကို မငဲ့ကွက်ပဲ လက်တော်ရောက် ရရှိပြီးသော သုဒဿနနေပြည်တော် (ထိုစဉ်က ဗာရာဏသီပြည်သည် သုဒဿနမင်းနေပြည် အမည်ရှိခဲ့လေသည်။) မင်းစည်းစိမ်ကို ရက်ရက်ကြီး စွန့်ပစ်ကာ တောထွက်တော်မူခဲ့သော အလောင်းတော်သူမြတ်၏ နေက္ခမ္မမှုသည် ပရမတ္ထ နေက္ခမ္မပါရမီမည်၏။

(၄) သတ္တကနိပါတ် သတ္တုဘသ္တဇာတ်၌ သေနကသုခမိန် ပညာရှိ ဖြစ်တော်မူသောအခါ ရိက္ခာသားရေအိတ်အတွင်း၌ ပါရှိသော မြွေဟောက် မြွေဆိုးကို မျက်စိဖြင့်ကြည့်၍ ဟောသည့်ပမာ အတပ်ဟော၍ ထိုရိက္ခာသားရေအိတ်ရှင် ပုဏ္ဏားအား အသက်ဘေးမှ ကင်းဝေးအောင် စောင့်ရှောက်တော်မူခဲ့သော အလောင်းတော်သူမြတ်၏ ပညာတော်သည် ပရမတ္ထပညာပါရမီမည်၏။

(၅) မဟာနိပါတ် မဟာဇနကဇာတ်၌ ဇနကမင်းသား ဖြစ်တော်မူသောအခါ သမုဒြာအတွင်း၌ အခြားသူများ သေကြေပျက်စီးကုန်ကြသော်လည်း စိတ်ပျက်ခြင်း ပြောင်းလဲခြင်း မရှိပဲ မဟာသမုဒြာကို တအားစိုက်စူး အလျားလိုက်ကူးသော အလောင်းတော်သူမြတ်၏ ဝီရိယတော်သည် ပရမတ္ထ ဝီရိယပါရမီမည်၏။

(၆) စတုက္ကနိပါတ် ၂-ပုစိမန္ဒဝဂ် ၃-ခန္တီဝါဒီဇာတ်၌ ခန္တီဝါဒီရသေ့ ဖြစ်တော်မူသောအခါ ကာသိတိုင်းရှင် ဘုရင်ကလာဗုမင်းက ထက်လှစွာသော ပုဆိန်ဖြင့် ခြေလက်အင်္ဂါတို့ကို ဖြတ်တောက်စေကာမူ စိတ်စေတနာ လုံးဝမရှိသော သစ်တုံးကြီးပမာ ကလာဗုမင်းအားလည်း အမျက်မထွက်ပဲ ကြီးစွာသော ဆင်းရဲဒုက္ခကို သည်းခံတော်မူသော အလောင်းတော်သူမြတ်၏ ခန္တီအမှုသည် ပရမတ္ထခန္တီပါရမီ မည်၏။

(၇) အသီတိနိပါတ် မဟာသုတသောမဇာတ်၌ မဟာသုတသောမမင်း ဖြစ်တော်မူသောအခါ ပေါရိသာဒ လူသားစား၏အထံ၌ “နောက်နေ့နံနက် ဆက်ဆက်ပြန်ခဲ့မည်”ဟု ပဋိညာဉ်ဝန်ခံချက် ပြုတော်မူခဲ့သည့်အတိုင်း ကိုယ်တော်၏အသက်ကို ငဲ့ကွက်တော်မမူပဲ ဝန်ခံချက်အတိုင်း ပြန်လာတော်မူကာ တရာ့တပါးသော မင်းတို့ကို



၉၈

အသက်ဘေးမှ လွတ်မြောက်တော်မူစေခဲ့သော အလောင်းတော်သူမြတ်၏ ဝစီမင်္ဂလာ သစ္စာမှုသည် သစ္စာပရမတ္ထပါရမီမည်၏။

(၈) မဟာနိပါတ် မူဂပက္ခ (တေမိယ)ဇာတ်၌ အလောင်းတော် တေမိယမင်းသား ဖြစ်တော်မူသောအခါ အသက်ကိုပင် စွန့်လွှတ်၍ ဆွံ့ယောင်, အ-ယောင်, နားပင်းယောင်ဆောင်မှု အကျင့်ကို မပျက်မကွက် တောထွက်ရသည်တိုင်အောင် ဆောက်တည်တော်မူခဲ့သော အလောင်းတော်သူမြတ်၏ အဓိဋ္ဌာန်မှုသည် ပရမတ္ထ အဓိဋ္ဌာနပါရမီ မည်၏။

(၉) မဟာနိပါတ် သုဝဏ္ဏသာမဇာတ်၌ သုဝဏ္ဏသျှံသူဌေးသား ရသေ့ဖြစ်တော်မူသောအခါ မိမိအသက်ကိုပင် ငဲ့ကွက်တော်မမူပဲ မေတ္တာတရား ပွါးများတော်မူသော အလောင်းတော်သူမြတ်၏ မေတ္တာမှုသည် မေတ္တာပရမတ္ထပါရမီမည်၏။

(၁၀) ဧကကနိပါတ် ၁၀-လိတ္တဝဂ် လောမဟံသဇာတ်၌ အာဇီဝက တက္ကတွန်းရဟန်း ဖြစ်တော်မူသောအခါ ရွာသူသားငယ်တို့ ပြုလုပ်အပ်သော ဖောက်ပြန်မှုအမျိုးမျိုး, ပညာရှိသူ လူအပေါင်းတို့ ပြုလုပ်အပ်သော ပူဇော်မှု အမျိုးမျိုးတို့ကြောင့် လောဘ ဒေါသ လုံးဝမဖြစ်စေပဲ လျစ်လျူရှုတော်မူသော အလောင်းတော်သူမြတ်၏ ဥပေက္ခာမှုသည် ဥပေက္ခာပရမတ္ထပါရမီမည်၏။

ဤပရမတ္ထပါရမီဆိုင်ရာ အကြောင်းဝတ္ထုအကျယ် စကားရပ်တို့ကို စရိယာပိဋက အဋ္ဌကထာနှင့် ဆိုင်ရာ ဇာတ်အဋ္ဌကထာတို့မှ ထုတ်နုတ် မှတ်ယူရာ၏။]

     ဤသို့ အရှင်သာရိပုတ္တရာမထေရ်မြတ် တောင်းပန် လျှောက်ထားအပ်သည်ရှိသော် မြတ်စွာဘုရားသည် ဝေနေယျတို့၏ စိတ်နှလုံးကို ငြိမ်းအေးစေလျက် အမြိုက်ရေချမ်းကို သွန်းဖျန်းသည့်ပမာ “ပီတိပါမောဇ္ဇဇနနံ၊ သောကသလ္လဝိနောဒနံ” အစရှိသော နှစ်ဂါထာတို့ဖြင့် တရားနာပရိသတ် နတ်လူအပေါင်းတို့အား “နှစ်သက်ဝမ်းမြောက်ခြင်းကိုလည်း ဖြစ်စေတတ်, သောကငြောင့်တံသင်းကိုလည်း ပယ်ရှင်းတတ်, ခပ်သိမ်းသော သမ္ပတ္တိမျိုးကိုလည်း ရစေတတ်သည့် ဗုဒ္ဓဝင်ဒေသနာမြတ်ကို



၉၉

ရိုသေစွာ နာယူကြကုန်လော့”ဟု တိုက်တွန်းတော်မူ၍၎င်း၊ “မာန်မူခြင်း အမျိုးမျိုးကိုလည်း ပယ်ချိုး နှိမ်နင်းတတ်, စိတ်ပူပန်ခြင်း သောကအမျိုးမျိုးကိုလည်း ပယ်ဖျောက်တတ်, သံသရာဝဋ်မှလည်း ကျွတ်လွတ်စေတတ်, ဒုက္ခခပ်သိမ်း ကုန်ငြိမ်းခြင်းကိုလည်း ပြုတတ်သည့် ဘုရားဖြစ်ကြောင်း လမ်းကောင်းကျင့်စဉ် ဗုဒ္ဓဝင်ပဋိပတ်ကို ကျင့်ကြံကြိုးကုတ် အားထုတ်ကြကုန်လော့”ဟု ခပ်သိမ်းသော နတ်လူတို့အား သမ္မာသမ္ဗောဓိဆုကြီး ပန်ဘို့ရန် စိတ်အား ထက်သန်စေတော်မူ၍၎င်း-

ကပ္ပေ စ သတသဟဿေ၊

စတုရော စ အသင်္ခိယေ။

အမရံ နာမ နဂရံ၊

ဒဿနေယျံ မနောရမံ။

     အစရှိသော ဂါထာပေါင်း (၉၅၁) ကိုးရာ့ငါးဆယ့်တစ်ဂါထာတို့ဖြင့် တန်ဆာဆင်အပ်သော ဗုဒ္ဓဝင်ဒေသနာတော်မြတ်ကို လူနတ်နုမော် သာဓုခေါ်စေလျက် ဟောကြားတော်မူအပ်ပေသည်၊ ဗုဒ္ဓဝင်ဒေသနာနိဂုံး ပြီးဆုံးလတ်သောအခါ နတ်ဗြဟ္မာပေါင်း ကုဋေတသိန်းတို့သည် အာသဝေါကုန်ခန်း ရဟန္တာဖြစ်ကြလေကုန်၏၊ အောက်မဂ် အောက်ဖိုလ်၌ တည်ကြသော သတ္တဝါတို့ကား မရေမတွက်နိုင်အောင် များလှစွာကုန်၏။

(ဤ၌။ ။ဗုဒ္ဓ၀င်တရားသား ဂါထာတို့ကား(၉၅၁) ကိုးရာငါးဆယ့်တစ်ဂါထာတို့တည်း၊ နိဒါနကထာ၌ သင်္ဂီတိကာရက မထေရ်တို့၏စကား အရှင်သာရိပုတ္တရာ မထေရ်၏စကား မြတ်စွာဘုရား၏ စကားတော်တို့ ရောလျက် ဂါထာပေါင်း (၈၁) ရှစ်ဆယ့်တစ်ဂါထာတို့တည်း၊ ဗုဒ္ဓပကိဏ္ဏကခဏ်းနှင့် ဓာတုဘာဇနိယကထာတို့၌ သင်္ဂီတိကာရက မထေရ်တို့၏စကား ဂါထာပေါင်း (၃၈) သုံးဆယ့်ရှစ်ဂါထာတို့တည်း၊ အလုံးစုံကိုပေါင်းလျှင် ဗုဒ္ဓဝင်တကျမ်းလုံးအတွက် ဂါထာပေါင်း (၁၀၇ဝ) တထောင် ခုနစ်ဆယ်ရှိသည်)။

ဤတွင် အခဏ်း ၁၇-ပြီး၏။



၁၀၀