မဟာကဏှဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၆၉။ မဟာကဏှဇာတ် (၆)


ဒွါဒသကနိပါတ်

၆။ မဟာကဏှဇာတ်

သတ္တဝါတို့ အကျိုးအတွက် ကျင့်သင့်ခြင်းအကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ကဏှော ကဏှော စ အစရှိသော ဂါထာပုဒ်တို့ဖြင့် တန်ဆာဆင်အပ်သော ဤမဟာကဏှဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် သတ္တလောက၏အကျိုးငှာ ကျင့်တော်မူခြင်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ထိုစကားကို ချဲ့ဦးအံ့၊ တနေ့သ၌ ရဟန်းတို့သည် တရားသဘင်၌ နေကုန်လျက် ငါ့သျှင်တို့ သဗ္ဗညူမြတ်စွာဘုရားသည် များစွာသော သတ္တဝါတို့၏ အစီးအပွားအလို့ငှါ ကျင့်တော်မူ၏။ ချမ်းသာစွာနေခြင်းကို စွန့်တော်မူ၍ သတ္တလောက၏ အကျိုးစီးပွားကိုသာလျှင် ကျင့်တော်မူပေ၏။ အလွန်မြတ်သော သဗ္ဗညုတ ဉာဏ်တော်သို့ ရောက်တော်မူပြီးသော် ကိုယ်တော်တိုင် သပိတ်သင်္ကန်းကို ယူတော်မူ၍ တဆယ့်ရှစ်ယူဇနာ ရှိသောခရီးသို့ ကြွတော်မူပြီးလျှင် ပဉ္စဝဂ္ဂီမထေရ်တို့အား ဓမ္မစကြာတရားတော်ကို ဟောတော်မူ၍ ပက္ခ၏ ငါးရက်မြောက်သောနေ့၌ အနတ္တလက္ခဏသုတ်ကို ဟောတော်မူ၍ အလုံးစုံသော ပဉ္စဝဂ္ဂီတို့အား အရဟတ္တဖိုလ်ကို ပေးတော်မူ၏။ ဥရုဝေလသို့ ကြွတော်မူ၍ ညီနောင်ဖြစ်ကုန်သော ရသေ့တို့အား သုံးထောင့်ငါးရာသော တန်ခိုးပြာဋိဟာတို့ကို ပြတော်မူ၍ ဂယာသီသ၌ အာဒိတ္တပရိယာယသုတ်ကို ဟောတော်မူ၍ ရသေ့တထောင်တို့အား အရဟတ္တဖိုလ်ကို ပေးတော်မူ၏။ အရှင်မဟာကဿပအား သုံးဂါဝုတ်တိုင်အေင် ခရီးဦးကြိုဆိုခြင်းကို ပြုတော်မူ၍ သုံးပါးကုန်သောဩဝါဒတို့ဖြင့် ပဉ္စင်းအဖြစ်ကို ပေးတော်မူ၏။ တညဉ့်တည်း၌ လေးဆယ့်ငါးယူနာရှိသောခရီးသို့ ကြွတော်မူ၍ ပက္ကုသာတိ အမျိုးသားကို အနာဂါမိဖိုလ်၌ တည်စေတော်မူ၏။ မဟာကပ္ပိနမင်းအား ယူဇနာ တရာ့နှစ်ဆယ်တိုင်အောင် ခရီးဦးကြိုဆိုခြင်းကို ပြုတော်မူ၍ အရဟတ္တဖိုလ်ကို ပေးတော်မူ၏။ တညဉ့်တည်း၌ သုံးယူဇနာရှိသောခရီးသို့ ကြွတော်မူ၍ အလွန်ခက်ထန်ကြမ်းကြုတ်သော အင်္ဂုလိမာလကို အရဟတ္တဖိုလ်၌ တည်စေတော်မူ၏။ ယူဇနာသုံးဆယ်ရှိသောခရီးသို့ ကြွတော်မူ၍ အာဠဝကဘီလူးကို သောတာပတ္တိဖိုလ်၌တည်စေတော်မူ၍ ဟတ္ထာဠဝကမင်းသားအား ချမ်းသာခြင်းကို ပြုတော်မူ၏။ တာဝတိံသာ နတ်ပြည်၌ ဝါတွင်းသုံးလပတ်လုံး နေတော်မူသော ဘုရားသခင်အား ကုဋေရှစ်ဆယ်ကုန်သော နတ်ဗြဟ္မာတို့၏ အကျွတ်တရားကို ရခြင်းသည် ဖြစ်၏။ ဗြဟ္မာ့ပြည်သို့ ကြွတော်မူ၍ ဗကဗြဟ္မာ၏ မိစ္ဆာအယူကို ဖျက်ဆီးတော်မူ၍ ဗြဟ္မာတသောင်းတို့အား အရဟတ္တဖိုလ်ကို ပေးတော်မူ၏။ နှစ်တိုင်းနှစ်တိုင်း အဝန်းသုံးပါးတို့၌ ဒေသစာရီကြွတော်မူလျက် ဥပနိဿယနှင့် ပြည့်စုံကုန်သောလူတို့အား သရဏဂုံတို့ကို၎င်း, သီလတို့ကို၎င်း, မဂ်ဖိုလ် အစရှိသည်တို့ကို၎င်း ပေးတော်မူ၏။ နဂါး၊ ဂဠုန် အစရှိသည်တို့၏ အထူးထူးသော အကျိုးကို ကျင့်တော်မူ၏။ ဤသို့ သတ္တလောက၏အကျိုးငှါ ကျင့်တော်မူသော သဗ္ဗညူမြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော်တို့ကို ပြောဆိုကုန်၏။

သဗ္ဗညူမြတ်စွာဘုရားသည် လာတော်မူလတ်၍ ရဟန်းကို ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကြကုန်သနည်း ဟု မေးတော်မူ၍ ဤမည်သော စကားဖြင့် စည်းဝေးပါကုန်၏ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့ ငါဘုရားသည် ယခုအခါ၌ မြတ်သော သဗ္ဗညူဘုရားအဖြစ်သို့ ရောက်တော်မူ၍ သတ္တဝါအပေါင်း၏ အကျိုးစီးပွားအလို့ငှါ ကျင့်ခြင်းကို ကျင့်တော်မူသည်ကားအံ့ဘွယ်မရှိသေး၊ ရှေး၌လည်း ရာဂနှင့်တကွ ဖြစ်သောအခါ သတ္တလောက၏ အကျိုးစီးပွားကို ကျင့်သည်သာတည်း ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... ရဟန်းတို့ လွန်လေပြီးသောအခါ ကဿပ သဗ္ဗညူ မြတ်စွာဘုရား လက်ထက်တော်၌ ဗာရာဏသီပြည်ဝယ် ဥသီနကမည်သော မင်းသည် မင်းပြု၏။ ကဿပဘုရားသခင်သည် သစ္စာလေးပါး တရားတော်ဖြင့် လူအပေါင်းကို ကိလေသာ အနှောင်အဖွဲ့ကို ဖြေတော်မူ၍ နိဗ္ဗာန်ပြည်မြတ်ကို ပြည့်စေတော်မူပြီး၍ ပရိနိဗ္ဗာန် ယူတော်မူသည်ရှိသော် ရှည်မြင့်စွာသော ကာလလွန်သဖြင့် သာသနာတော်သည် ဆုတ်ယုတ်၏။ ရဟန်းတို့သည် နှစ်ဆယ့်တပါးသော အနေသနတို့ဖြင့် အသက်မွေးကုန်၏။ ရဟန်းတို့သည် လူတို့နှင့် ရောယှက်ခြင်းကို ပြုကုန်၏။ သား, သ္မီး အစရှိသည်တို့ဖြင့် ပွားကုန်၏။ ရဟန်းမိန်းမတို့သည်လည်း လူတို့နှင့် ရောယှက်ခြင်းကို ပြုကုန်၏။ သားသ္မီး အစရှိသည်တို့ဖြင့် ပွားကုန်၏။ ရဟန်းယောက်ျားတို့သည် ရဟန်းယောက်ျားတို့၏ ကျင့်ဝတ်တရားကို စွန့်ကုန်၏။ ရဟန်းမိန်းမတို့သည် ရဟန်းမိန်းမတို့၏ ကျင့်ဝတ်တရားကို စွန့်ကုန်၏။ ဒါယကာ ယောက်ျားတို့သည် ဒါယကာ ယောက်ျားတို့၏ ကျင့်ဝတ်တရားကို စွန့်ကုန်၏။ ဒါယိကာ မိန်းမတို့သည် ဒါယိကာ မိန်းမတို့၏ ကျင့်ဝတ်တရားကို စွန့်ကုန်၏။ ပုဏ္ဏားတို့သည် ပုဏ္ဏားတို့၏ ကျင့်ဝတ်တရားကို စွန့်ကုန်၏။ များသောအားဖြင့် လူတို့သည် အကုသိုလ်ကမ္မပထတရား ဆယ်ပါး၌ ဆောက်တည်ကုန်၏။ သေတိုင်း သေတိုင်းကုန်သော လူတို့သည် အပါယ်ဘုံတို့၌ ပြည့်စေကုန်၏။ နတ်ပြည် ခရီးသည် ဆိတ်ကုန်၏။

ထိုအခါ သိကြားနတ်မင်းသည် အသစ် အသစ်ကုန်သော နတ်သားတို့ကိုမမြင်၍ လူ့ပြည်ကိုကြည့်၍ လူတို့သည် အပါယ်ဘုံတို့၌ ဖြစ်သော အဖြစ်၌ သိ၍ ဘုရားသခင်၏ သာသနာတော် ဆုတ်ယုတ်သည်ကို မြင်သဖြင့် အသို့ပြုရပါအံ့နည်းဟု ကြံ၍ တခုသော အကြောင်းသည် ရှိ၏။ လူအများကို ခြိမ်းချောက်၍ ကြောက်သောအဖြစ်ကို သိလျှင် နောက်မှ နှစ်သိမ့်စေ၍ ဆုတ်ယုတ်သော သာသနာတော်ကို ချီးမြှောက်၍ တပါးသော အနှစ်တထောင်ပတ်လုံး တည်အံ့သော အကြောင်းကို ပြုအံ့ဟု ဆုံးဖြတ်ခြင်းကို ပြုပြီးလျှင် မာတလိနတ်သားက ငှက်ပျောဖူး ပမာဏရှိသော လေးချောင်းသော အစွယ်တို့မှ ပြိုးပြိုးပြက်ထွက်သော အရောင်ဖြင့် ကြောက်မက်ဘွယ်ကိုပြု၍ ကိုယ်ဝန်ဆောင် မိန်းမတို့မြင်လျှင် ကိုယ်ဝန်ကျခြင်းငှါ စွမ်းနိုင်သော ကြောက်မက်ဘွယ်သော အဆင်းရှိသော အာဇာနည်ဆင် ပမာဏရှိသော မည်းနက်သော အဆင်းရှိသော ခွေးနက်ကြီး ဖန်ဆင်းစေပြီးလျှင် ဖွဲ့ခြင်းငါးပါးဖြင့် ဖွဲ့၍ နီသောပန်းကို လည်၌ဆင်သဖြင့် ကြိုးစွန်းကိုကိုင်၍ မိမိလည်း ဖန်ရည်စွန်းသော အဝတ်နှစ်ထည်တို့ကို ဝတ်ပြီးလျှင် ဆံကိုငါးထုံးထုံး၍ နီသောပန်းကို ဆင်ယင်လျက် သန္တာအဆင်းနှင့်တူသော လေးညှို့ရှိသော တင်အပ်ပြီးသော လေးကြီးကိုကိုင်၍ ဝဇီရစိန်ကျောက်ကဲ့သို့ အဖျားထက်သော မြားကို လက်သည်းဖြင့် ပြင်လျက် မုဆိုး၏အသွင်ကို ယူ၍ မြို့မှ တယူဇနာမျှသော အရပ်၌ သက်၍ လောကသည် ပျက်လတ္တံ့, လောကသည် ပျက်လတ္တံ့ ဟု သုံးကြိမ် အသံကို ကြားစေသဖြင့် လူတို့၏စိတ်ကို ထိတ်လန့်စေ၍ မြို့၏အနီးသို့ ရောက်လျှင် တဖန် အသံကို ပြုပြန်၏။

လူတို့သည် ခွေးနက်ကြီးကိုမြင်လျှင် အလွန် ထိတ်လန့်ကုန်သည် ဖြစ်၍ မြို့တွင်းသို့ဝင်ပြီးလျှင် ထိုအကြောင်းကို မင်းအား ကြားအောင် လျှောက်ကုန်၏။ မင်းသည် လျင်မြန်စွာ မြို့တံခါးကို ပိတ်ကြကုန်ဟု ဆို၍ မြို့တံခါးတို့ကိုပိတ်စေ၍ သိကြားမင်းသည်လည်း တဆယ့်ရှစ်တောင်ရှိသော မြို့တံခါးကို ခုန်လွှား၍ ခွေးနက်ကြီးနှင့်တကွ မြို့တွင်းသို့ဝင်၏။ လူတို့သည် ကြောက်လန့်ကုန်သဖြင့် ပြေးကြကုန်၍ အိမ်တွင်းသို့ဝင်၍ ပုန်းကုန်၏။ ခွေးနက်ကြီးသည်လည်း မြင်တိုင်းမြင်တိုင်းကုန်သော လူတို့ကို လိုက်၍ ပြင်းစွာ ထိတ်လန့်စေလျက် မင်းအိမ်သို့ ရောက်လေ၏။ မင်းယင်ပြင်၌ လူတို့သည် ကြောက်သဖြင့် ပြေးကုန်လျက် များစွာသော မြေအိမ်တို့သို့ မဝင်ကုန်မူ၍ မင်းအိမ်သို့ဝင်သဖြင့် တံခါးသို့ရောက်လျှင် တံခါးကို ပိတ်ကုန်၏။ ဥသီနကမင်းသည်လည်း ကိုယ်လုပ်မောင်းမတို့ကိုယူ၍ ပြာသာဒ်သို့ တက်၏။ ခွေးနက်ကြီးသည် ရှေ့ခြေနှစ်ဘက်ကိုကြွ၍ လေသွန်တံခါး၌ထားပြီးလျှင် ပြင်းစွာသော် ဟောင်ခြင်းကို ဟောင်၏။ ထိုခွေးနက်ကြီး၏ အသံသည် အောက်၌ အဝီစိ အထက်၌ ဘဝဂ်တိုင်အောင်ရောက်၍ အလုံးစုံသော စကြဝဠာတိုက်သည် တပြိုင်နက် ပဲ့တင်ထပ်၏။

ဝိဓူရဇာတ်၌ ပုဏ္ဏားကဘီလူးအသံ၊ ကုသ ဇာတ်၌ ကုသမင်းကြီးအသံ၊ ဘူရိဒတ်ဇာတ်၌ သုဒဿန နဂါးမင်းအသံ, ဤမဟာကဏှဇာတ်၌ ခွေးနက်ကြီး အသံ, ဤလေးပါးသော အသံတို့သည် ဇမ္ဗူဒီပါကျွန်း၌ အသံကြီးမည်ကုန်၏။

မြို့သူအပေါင်းတို့သည် အလွန်ကြောက်ကုန်သည်ဖြစ်၍ တယောက်သော သူသည်မျှလည်း သိကြားမင်းနှင့်တကွ စကားပြောခြင်းငှာ မဝံ့၊ မင်းသည် သတိကိုဖြစ်စေ၍ လေသွန်တံခါးကိုမှီလျက် သိကြားမင်းကို ခေါ်၍ အို-မုဆိုး အဘယ့်ကြောင့် သင်၏ခွေးနက်ကြီးသည် ဟောင်သနည်း ဟု မေး၏။ မြတ်သောမင်းကြီး ဆာမွတ်သည်၏ အဖြစ်ကြောင့် ဟောင်၏ ဟု ဆိုသည်ရှိသော် ထိုသို့တပြီးကား ထမင်းကို ပေးပါအံ့ဟု အလုံးစုံသော စားတော်ထမင်းကို ပေးစေ၏။ အလုံးစုံသော ထမင်းကို ခွေးနက်ကြီးသည် တလုပ်တည်းကဲ့သို့ပြု၍ တဖန် အသံကို ပြုပြန်၏။ မင်းသည် တဖန် မေးပြန်၍ ယခုအခါ ငါ၏ခွေးနက်ကြီးသည် ဆာမွတ်သည်သာတည်းဟု ကြား၍ ဆင် မြင်း အစရှိသည်တို့၏ အစာအလို့ငှာ ချက်အပ်သော အလုံးစုံသော ထမင်းကို ဆောင်စေ၍ ပေး၏။ ထို ဆင် မြင်း အစရှိသည်တို့၏ အစာဖြစ်သော ထမင်းကိုလည်း တလုပ်တည်းကဲ့သို့ ပြီးစေသည်ရှိသော် အလုံးစုံသော ပြည်သူအပေါင်းတို့၏ ချက်သော ထမင်းကို ပေးစေ၏။ ထိုအလုံးစုံသော ပြည်သူ အပေါင်းတို့၏ ချက်သောထမင်းကိုလည်း ထိုခွေးနက်ကြီးသည် ထိုရှေးအတူလျှင် စား၍ တဖန် အသံကိုပြုပြန်၏။ မင်းသည် ဤသူကား ခွေးစင်စစ်မဟုတ်၊ ဤသူသည် မချွတ်လျှင် ဘီလူး ဖြစ်လတ္တံ့၊ လာသော အကြောင်းကို မေးအံ့ဟု ကြောက်လန့်တကြားဖြစ်၍ မေးလိုရကား-

၆၁။ ကဏှော ကဏှာ စ ဃောရော စ၊
သုက္ကဒါဌော ပဘာသဝါ။
ဗဒ္ဓေါ ပဉ္စဟိ ရဇ္ဇူဟိ၊ ကိံ ရဝိ သုနခေါ တဝ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၆၁။ ဘောလုဒ္ဒက၊ အို-မုဆိုး။ ကဏှော ကဏှာ စ၊ အလွန် မည်းနက်သော အဆင်းလည်း ရှိထသော။ ဃောရော စ၊ ကြောက်မက်ဘွယ်သော အဆင်းလည်း ရှိထသော။ သုက္ကဒါဌော၊ ဖြူစင်သောအစွယ်လည်း ရှိထသော။ ပဘာသဝါ၊ အစွယ်မှထွက်သော အရောင်လည်း ရှိထသော။ သုနခေါ၊ ခွေးကို။ ပဉ္စဟိ ရဇ္ဇူဟိ၊ ငါးစင်းသော ကြိုးတို့ဖြင့်။ ဗဒ္ဓေါ၊ ဖွဲ့အပ်၏။ တေ၊ သင်၏။ သုနခေါ၊ ခွေးသည်။ ကိံ၊ အဘယ့်ကြောင့်။ ရဝိ၊ ဟောင်သနည်း။

ထိုစကားကို ကြား၍ သိကြားမင်းသည်-

၆၂။ နာယံ မိဂါနတ္ထာယ၊ ဥသီနက ဘဝိဿတိ။
မနုဿာနံ အနယော ဟုတွာ၊ တဒါ ကဏှော ပမောက္ခတိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၆၂။ ဥသီနက၊ ဥသီနကမင်း။ အယံ၊ ဤခွေးသည်။ မိဂါနံ၊ သားတို့၏။ အတ္ထာယ၊ အကျိုးငှါ။ န ဘဝိဿတိ၊ မဖြစ်လတ္တံ့။ ယဒါ၊ အကြင်အခါ၌။ မနုဿာနံ၊ လူတို့၏။ အနယော၊ ပျက်စီးခြင်းသည်။ ဟုတွာ၊ ဖြစ်၍။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ တဒါ၊ ထိုအခါ၌။ ကဏှော၊ ခွေးနက်ကြီးသည်။ ပမောက္ခတိ၊ ငါ့လက်မှ လွတ်လတ္တံ့။

ထိုအခါ မုဆိုးကို မင်းသည် အို-မုဆိုး သင့်ခွေးသည် အလုံးစုံသော သူတို့၏ အသားကိုပင် စားလတ္တံ့လော၊ ထိုသို့မဟုတ်မူကား ရန်သူတို့၏ အသားကိုသာလျင် စားလတ္တံ့ လော ဟု မေး၏။ မင်းကြီး ရန်သူတို့၏ အသားကိုသာလျှင် စားလတ္တံ့ ဟုဆိုလျှင် အို-မုဆိုး ဤအရပ်၌ အဘယ်သူတို့သည် ရန်သူမည်ကုန်သနည်း ဟု မေးသည်ရှိသော် မင်းကြီး မတရားသောအမှု မညီညွတ်သော အမှုကို ကျင့်သောသူတို့သည် ရန်သူမည်ကုန်၏ ဟုဆိုလျှင် ထိုရန်သူတို့ကို ငါ့အား ဆိုဦးလော့ ဟု ဆိုသည်ရှိသော် ထိုအခါ မင်းအားဆိုလိုသည်ဖြစ်၍ သိကြားမင်းသည်-

၆၃။ ပတ္တဟတ္ထာ သမဏကာ၊ မုဏ္ဍာ သင်္ဃာဋိပါရုတာ။
နင်္ဂလေဟိ ကသိဿန္တိ၊ တဒါ ကဏှော ပမောက္ခတိ။
၆၄။ ကပဏိယာ ပဗ္ဗဇိတာ၊ မုဏ္ဍာ သင်္ဃာဋိပါရုတာ။
ယဒါ လောကေ ဂမိဿန္တိ၊ တဒါ ကဏှော ပမောက္ခတိ။
၆၅။ ဒီဃောတ္တရောဋ္ဌာ ဇဋိလာ၊ ပင်္ကဒန္တာ ရဇဿိရာ။
ဣဏံ စောဒါယ ဂစ္ဆန္တိ၊ တဒါ ကဏှော ပမောက္ခတိ။
၆၆။ အဓိစ္စ ဗေဒံ သာဝိတ္တိံ၊ ယညတန္တဉ္စ ဗြာဟ္မဏာ။
ဘတိကာယ ယဇိဿန္တိ၊ တဒါ ကဏှော ပမောက္ခတိ။
၆၇။ မာတရံ ပိတရဉ္စာပိ၊ ဇိဏ္ဏကံ ဂတယောဗ္ဗနံ။
ပဟုသန္တာ န ဘရန္တိ၊ တဒါ ကဏှော ပမောက္ခတိ။
၆၈။ မာတရံ ပိတရဉ္စာပိ၊ ဇိဏ္ဏကေ ဂတာဗ္ဗနေ။
ဗာလာ တုမေတိ ဝက္ခန္တိ၊ တဒါ ကဏှော ပမောက္ခတိ။
၆၉။ အာစရိယဘရိယံ သခိံ၊ မာတုလာနိံ ပိတုစ္ဆကိံ။
ယဒါ လောကေ ဂမိဿန္တိ၊ တဒါ ကဏှော ပမောက္ခတိ။
၇၀။ အသိစမ္မံ ဂဟေတွာန၊ ခဂ္ဂံ ပဂ္ဂယှ ဗြာဟ္မဏာ။
ပန္ထဃာတံ ကရိဿန္တိ၊ တဒါ ကဏှော ပမောက္ခတိ။
၇၁။ သုက္ကစ္ဆဝီ ဝေဓဝေရာ၊ ထူလဗာဟူ အပါတုဘာ။
မိတ္တဘေဒံ ကရိဿန္တိ၊ တဒါ ကဏှော ပမောက္ခတိ။
၇၂။ မာယာဝိနော နေကတိကာ၊ အသပ္ပုရိသစိန္တကာ။
ယဒါ လောကေ ဘဝိဿန္တိ၊ တဒါ ကဏှော ပမောက္ခတိ။

ဟူသော ဤဆယ်ဂါထာတို့ကို ဆို၏။

၆၃။ ဒေဝ၊ အရှင်မင်းကြီး။ ပတ္တဟတ္ထာ၊ သပိတ်လက်စွဲကုန်သော။ မုဏ္ဍာ၊ ဦးပြည်းကုန်သော။ သင်္ဃာဋိပါရုတာ၊ ကိုယ်ဝတ်ဒုကုဋ်ကို ရုံကုန်သော။ သမဏကာ၊ ရဟန်းယုတ်တို့သည်။ နင်္ဂလေဟိ၊ ထွန်တုံးတို့ဖြင့်။ ကသိဿန္တိ၊ လယ်ယာထွန်ကုန်လတ္တံ့။ တဒါ၊ ထိုအခါ၌။ ကဏှော၊ ခွေးနက်ကြီးသည်။ ပမောက္ခတိ၊ ငါ့လက်မှ လွတ်လတ္တံ့။

၆၄။ ကပဏိယာ၊ ကိုယ်ထီးကျန်ကုန်သော။ မုဏ္ဍာ၊ ဦးပြည်းကုန်သော။ သင်္ဃာဋိပါရုတာ၊ ကိုယ်ဝတ်ဒုကုဋ်ကို ရုံကုန်သော။ ပဗ္ဗဇိတာ၊ သာသနာတော်၌ ရဟန်းဖြစ်သောသူတို့သည်။ ယဒါ၊ အကြင်အခါ၌။ လောကေ၊ လောက၌။ ဂမိဿန္တိ၊ ကာမဂုဏ်တို့ကို ခံစားလျက် သွားလာကုန်လတ္တံ့။ တဒါ၊ ထိုအခါ၌။ ကဏှော၊ ခွေးနက်ကြီးသည်။ ပမောက္ခတိ၊ ငါ့လက်မှ လွတ်လတ္တံ့။

၆၅။ ဒီဃောတ္တရောဋ္ဌာ၊ ရှည်သောအရပ်၌ တည်ကုန်သော။ ပင်္ကဒန္တာ၊ သွားချေးကပ်သော သွားရှိကုန်သော။ ရဇဿိရာ၊ မြူအလိမ်းလိမ်း ကပ်သော ဦးခေါင်းရှိကုန်သော။ ဇဋိလာ၊ ဆံကျစ်ရှိကုန်သော ရသေ့ရဟန်းတို့သည်။ ယဒါ၊ အကြင်အခါ၌။ ဣဏံ၊ ကြွေးမြီကို။ စောဒါယ၊ တောင်း၍။ ဂစ္ဆန္တိ၊ သွားကုန်လတ္တံ့။ တဒါ၊ ထိုအခါ၌။ ကဏှော၊ ခွေးနက်ကြီးသည်။ ပမောက္ခတိ၊ ငါ့လက်မှ လွတ်လတ္တံ့။

၆၆။ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်။ ဗေဒဉ္စ၊ ဗေဒင်ကို၎င်း။ သာဝိတ္တိဉ္စ၊ သာဝိတ္တိကျမ်းကို၎င်း။ ယညတန္တဉ္စ၊ ယဇ်အစီအရင်ကိုဆိုရာ ကျမ်းကို၎င်း။ အဓိစ္စ၊ သင်၍။ ဘတိကာယ၊ အခစားသဖြင့်။ ယဇိဿန္တိ၊ ယဇ်ပူဇော်ကုန်လတ္တံ့။ တဒါ၊ ထိုအခါ၌။ ကဏှော၊ ခွေးနက်ကြီးသည်။ ပမောက္ခတိ၊ ငါ့လက်မှ လွတ်လတ္တံ့။

၆၇။ ဇိဏ္ဏကံ၊ အိုမင်းပြီးသော။ ဂတယောဗ္ဗနံ၊ ကြီးသော အရွယ်သို့ရောက်ပြီးသော။ မာတရဉ္စ၊ အမိကို၎င်း။ ပိတရဉ္စာပိ၊ အဖကို၎င်း။ ပဟူ၊ ဥစ္စာအားကိုယ်အားဖြင့် စွမ်းနိုင်ကုန်သည်။ သန္တာ၊ ဖြစ်ကုန်လျက်။ န ဘရန္တိ၊ မမွေးကျွေးကုန်။ တဒါ၊ ထိုအခါ၌။ ကဏှော၊ ခွေးနက်ကြီးသည်။ ပမောက္ခတိ၊ ငါ့လက်မှ လွတ်လတ္တံ့။

၆၈။ ဇိဏ္ဏကေ၊ အိုမင်းကုန်သော။ ဂတယောဗ္ဗနေ၊ ကြီးရင့်သောအရွယ်သို့ ရောက်ကုန်သော။ မာတရဉ္စ၊ အမိကို၎င်း။ ပိတရဉ္စာပိ၊ အဖကို၎င်း။ တုမှေ၊ သင်တို့သည်။ ဗာလာ၊ မိုက်ကုန်၏။ ဣတိ၊ ဤသို့။ ယဒါ၊ အကြင်အခါ၌။ ဝက္ခန္တိ၊ ဆိုကုန်လတ္တံ့။ တဒါ၊ ထိုအခါ၌။ ကဏှော၊ ခွေးနက်ကြီးသည်။ ပမောက္ခတိ၊ ငါ့လက်မှ လွတ်လတ္တံ့။

၆၉။ အာစရိယဘရိယံ၊ ဆရာ့မယားကို၎င်း။ သခိံ၊ အဆွေခင်ပွန်းမယားကို၎င်း။ မာတုလာနိံ၊ ဦးရီးမယားကို၎င်း။ ပိတုစ္ဆကိံ၊ ဘထွေးမယားကို၎င်း။ ယဒါ၊ အကြင်အခါ၌။ လောကေ၊ လူ၌။ ဂမိဿန္တိ၊ လွန်ကျူးသွားလာကုန်လတ္တံ့။ တဒါ၊ ထိုအခါ၌။ ကဏှော၊ ခွေးနက်ကြီးသည်။ ပမောက္ခတိ၊ ငါ့လက်မှ လွတ်လတ္တံ့။

၇၀။ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်။ အသိစမ္မံ၊ သန်လျက်ကာကို။ ဂဟေတွာန၊ ယူ၍။ ခဂ္ဂံ၊ သန်လျက်ကို။ ပဂ္ဂယှ၊ မြှောက်၍။ ပန္ထဃာကံ၊ ခရီးကိုဖြတ်၍ လုယက်ခြင်းကို။ ကရိဿန္တိ၊ ပြုကုန်လတ္တံ့။ တဒါ၊ ထိုအခါ၌။ ကဏှော၊ ခွေးနက်ကြီးသည်။ ပမောက္ခတိ၊ ငါ့လက်မှ လွတ်လတ္တံ့။

၇၁။ သုက္ကစ္ဆဝီ၊ ဖြူစင်သော အရေအဆင်းရှိကုန်သော။ ထူလဗာဟူ၊ ကြီးသော မောင်းလက်ရုံးရှိကုန်သော။ အပါတုဘာ၊ ဥစ္စာကိုဖြစ်စေခြင်း ကင်းကုန်သော။ ဝေဓဝေရာ၊ မုဆိုးမကို အလိုရှိကုန်သော သူတို့သည်။ မိတ္တဘေဒံ၊ အချစ်ပျက်ခြင်းကို။ ကရိဿန္တိ၊ ပြုကုန်လတ္တံ့။ တဒါ၊ ထိုအခါ၌။ ကဏှော၊ ခွေးနက်ကြီးသည်။ ပမောက္ခတိ၊ ငါ့လက်မှ လွတ်လတ္တံ့။

၇၂။ မာယာဝိနော၊ မျက်မှောက်ထင်ထင် လှည့်ပတ်တတ်ကုန်သော။ နေကတိကာ၊ အတုပြု၍ လှည့်ပတ်တတ်ကုန်သော။ အသပ္ပုရိသစိန္တကာ၊ သူယုတ်မာတို့၏ အမှုကို ကြံတတ်ကုန်သော သူတို့သည်။ ယဒါ၊ အကြင်အခါ၌။ လောကေ၊ လူ၌။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ တဒါ၊ ထိုအခါ၌။ ကဏှော၊ ခွေးနက်ကြီးသည်။ ပမောက္ခတိ၊ ငါ့လက်မှ လွတ်လတ္တံ့။

ဤသို့စသော စကားကိုဆို၍ အရှင်မင်းကြီး ဤဒုဿီလတို့သည် ငါ၏ ရန်သူမည်ကုန်၏ဟု ဆို၍ ထိုထို မတရားသောအမှုကို ပြုသောသူတို့သို့ လိုက်လျက် စားအံ့သကဲ့သို့ပြု၍ ပြ၏။ ထိုသိကြားမင်းသည် လူများ ထိတ်လန့်သောအခါ ခွေးနက်ကြီးကို ကြိုးဖြင့်ငင်၍ ထားသကဲ့သို့ ပြုပြီးလျှင် မုဆိုးအသွင်ကို စွန့်၍ မိမိအာနုဘော်ဖြင့် ကောင်းကင်၌ ထွန်းပလျက် ရပ်၍ ရှင်မင်းကြီး ငါကား။ သိကြားနတ်မင်းတည်း၊ ဤလူများ အပေါင်းသည် ပျက်စီး၏။ ထို့ကြောင့် ငါလာ၏။ မေ့လျော့ကုန်သော လူများတို့သည် မတရားသော အကျင့်ကိုကျင့်၍ သေတိုင်း သေတိုင်းကုန်သော လူတို့သည် အပါယ်လေးဘုံတို့၌ ပြည့်လေကုန်၏။ ငါတို့နတ်ပြည်သည် အချည်းနှီးကဲ့သို့ ဖြစ်၏။ ဤနေ့မှစ၍ တရားမစောင့်သော လူတို့ကို ငါသည် စားစေအံ့၊ ထို့ကြောင့် ရှင်မင်းကြီးသည် မမေ့မလျော့ ဖြစ်လော့ ဟု သတာရဟ လေးဂါသာတို့ဖြင့် တရားဟောပြီးလျှင် လူတို့အား ဒါန, သီလတို့၌ တည်စေ၍ ဆုတ်ယုတ်ရွေ့လျောသော သာသနာတော်ကို တပါးသော အနှစ်တထောင်ပတ်လုံး တည်စေခြင်းငှါ စွမ်းနိုင်သည်ကို ပြုပြီးလျှင် မာတလိ နတ်သားကိုခေါ်၍ မိမိနေရာ တာဝတိံသာနတ်ရွာသို့လျှင် သွားလေ၏။ လူအပေါင်းတို့သည် ဒါန, သီလ အစရှိသော ကောင်းမှုတို့ကိုပြု၍ နတ်ပြည်၌ ဖြစ်ကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ရဟန်းတို့ ဤသို့လျှင် သင်တို့ဆရာ ငါဘုရားသည် ရှေး၌လည်း သတ္တလောက၏ အစီးအပွားကို ကျင့်တော်မူဘူးပြီဟု မိန့်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ မာတလိနတ်သား ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ သိကြားမင်း ဖြစ်ဘူးပြီဟု ဇာတ်တော်ကို ပေါင်းတော်မူ၏။

မကောင်းမှုမှ၊ ရှောင်ကြဉ်က၊ မုချမင်္ဂလာ

ခြောက်ခုမြောက်သော မဟာကဏှဇာတ်သည် ပြီး၏။

*****