ဇနသန္ဓဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၄၆၈။ ဇနသန္ဓဇာတ် (၅)

ဒွါဒသကနိပါတ်

၅။ ဇနသန္ဓဇာတ်

ကောင်းမှုမှန်သမျှ မမေ့မလျော့ ကျင့်သင့်ကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသော လောကကို ဆုံးမတော် မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် ဒသခလု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဇနသန္ဓဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလ မင်းကြီးအား ဆုံးမတော်မူခြင်းငှါ ဟောတော်မူ၏။

ထိုစကားကို ချဲ့ဦးအံ့။ အခါတပါး၌ ကောသလမင်းကြီးသည် အစိုးရခြင်းမာန်ယစ်သဖြင့် ကိလေသာဟူသော မွေ့လျော်ခြင်း၏ ချမ်းသာကို မှီသည်ဖြစ်၍ တရားဆုံးဖြတ်ခြင်းကိုလည်း မဖြစ်စေ၊ ဘုရားအား ခစားခြင်းကိုလည်းမေ့လျော့၏။ ထိုကောသလ မင်းကြီးသည် တနေ့သ၌ မြတ်စွာဘုရားကို အောက်မေ့၍ မြတ်စွာဘုရားကို ရှိခိုးအံ့ဟု နံနက်စာ စားပြီးသော် မြတ်သောရထားကိုစီး၍ ကျောင်းတော်သို့ သွားပြီးလျှင် မြတ်စွာဘုရားကို ရှိခိုး၍နေ၏။

ထိုအခါ ကောသလမင်းကြီးကို မြတ်စွာဘုရားသည် မြတ်သောမင်းကြီး အဘယ့်ကြောင့် ကြာမြင့်စွာ မမြင်သနည်း ဟု မိန့်တော်မူသည်ရှိသော် အရှင်ဘုရား အကျွန်ုပ်တို့အား အမှုကိစ္စ များသောကြောင့် အရှင်ဘုရားအား ခစားခြင်းငှာ အခွင့်သည် မဖြစ်နိုင်ပါ ဟု နားတော် လျှောက်သည်ရှိသော် မြတ်သောမင်းကြီး ငါကဲ့သို့သော အဆုံးအမကို ပေးတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အဦးဖြစ်သောကျောင်း၌ နေတော်မူလျက် ရှင်မင်းကြီးအား မေ့လျော့ခြင်းငှါ မသင့်၊ ပြည်ထဲအရှင်မင်းမည်သည်ကား ဆယ်ပါးသော ရာဇကိစ္စတို့၌ မမေ့မလျော့သဖြင့် တိုင်းပြည်သူတို့၌ မိဘနှင့်တူသဖြင့် အဂတိလေးပါးသို့ လိုက်ခြင်းကိုပယ်၍ မင်းကျင့်တရား ဆယ်ပါးတို့၌ တည်အပ်ကုန်၏။ စင်စစ်သော်ကား ငါဘုရားသည် ဆုံးမတော်မူသည်ဖြစ်၍ ရှင်မင်းကြီးသည် တရားနှင့်အညီ အကြင်မင်းပြု၏။ ထိုတရားနှင့်အညီ မင်းပြုခြင်းသည်အံ့ဘွယ်မရှိသေး၊ ရှေးပညာရှိတို့သည် ဆုံးမတတ်သောဆရာ မရှိသော်လည်း မိမိ၏ ပကတိအားဖြင့် သုံးပါးအပြားရှိသော သုစရိုက်တရား၌တည်၍ လူများအပေါင်းအား တရားဟော၍ နတ်ပြည်ခရီးကို ပြည့်စေကုန်လျက် သွားဘူးကုန်ပြီ ဟု မိန့်တော်မူ၏။ ထိုကောသလ မင်းကြီးသည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... မြတ်သောမင်းကြီး လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ထိုဗြဟ္မဒတ်မင်း၏ မိဖုယားကြီးဝမ်း၌ ဖြစ်၏။ ဇနသန္ဓမင်းသား-ဟူသော အမည်ကို မှည့်ကုန်၏။ ထိုအခါ အရွယ်ရောက်လတ်သော် တက္ကသိုလ်ပြည်မှ အလုံးစုံသော အတတ်တို့ကိုသင်၍ လာသောအခါ ဘုရားလောင်းအား ခမည်းတော် ဗြဟ္မဒတ်မင်းကြီးသည် အလုံးစုံသော နှောင်အိမ်တို့ကို သုတ်သင်စေ၍ အိမ်ရှေ့အရာ နှင်းတော်မူ၏။

ထိုဘုရားလောင်း ဇနသန္ဓမင်းသားသည် နောက်အဘို့၌ ခမည်းတော် ဗြဟ္မဒတ်မင်းကြီးသည် နတ်ရွာစံတော်မူသဖြင့် မင်းအဖြစ်၌ တည်၍ မြို့တံခါး လေးမျက်နှာတို့၌၎င်း, မြို့လယ်၌၎င်း, နန်းတော် တံခါး၌၎င်း, ဤသို့ ခြောက်ဆောင်သော အလှူတင်းကုပ်တို့ကို ဆောက်စေ၍ နေ့တိုင်းနေ့တိုင်း ခြောက်သိန်းသော ဥစ္စာတို့ကိုစွန့်သဖြင့် ဇမ္ဗူဒိပ်ကျွန်းအလုံးကို ချောက်ချားစေ၍ အလှူကြီးကို လှူတော်မူလျက် နှောင်အိမ်တို့ကို အမြဲ ဟင်းလင်းဖွင့်သည်ကို ပြုစေပြီးလျှင် တရားဘဏ္ဍာတိုက်ကို သုတ်သင်စေ၍ သင်္ဂဟတရားလေးပါးတို့ဖြင့် လူအပေါင်းတို့ကို သင်္ဂြိုဟ်တော်မူလျက် ငါးပါးသောသီလ, ရှစ်ပါးသောသီလကို စောင့်ရှောက် ဆောက်တည်လျက် တရားနှင့်အညီ မင်းပြုတော်မူ၏။ အကြား အကြား၌လည်း တိုင်းပြည်သူတို့ကို စည်းဝေးစေ၍ အလှူပေးကြကုန်၊ သီလဆောက်တည်ကြကုန်၊ ဘာဝနာကို ပွားစေကြကုန်၊ တရားနှင့်အညီ အမှုကို၎င်း, ရောင်းဝယ်ခြင်းကို၎င်း ယှဉ်ကြကုန်၊ ငယ်သောအခါကလျှင် အတတ်ပညာ သင်ကြကုန်၊ ဥစ္စာကို ဖြစ်စေကုန်၊ စဉ်းလဲသော သက်သေအမှုကို၎င်း, ဂုံးတိုက်ဂုံးချောသော စကားဆိုခြင်းကို၎င်း မပြုကြကုန်လင့်၊ ကြမ်းတန်း ကြမ်းကြုတ်သည် မဖြစ်ကြကုန်လင့်၊ မိဘဘို့အား ရိုသေစွာ လုပ်ကျွေးခြင်းဝတ်ကို ဖြည့်ကြကုန်၊ အမျိုး၌ ကြီးသောသူတို့အား အရိုအသေပြုကြကုန်ဟု တရားဟော၍ လူများအပေါင်းကို သုစရိုက်တရား၌ တည်စေတော်မူ၏။

ထိုဘုရားလောင်းသည် တနေ့သ၌ ပန္နရသီ ဥပုသ်နေ့အခါ ဥပုသ်ဆောက်တည်သည်ဖြစ်၍ လူများအား လွန်စွာ စီးပွားချမ်းသာအကျိုးငှာ တရားဟောအံ့ဟု ကြံ၍ မြို့၌ စည်လည်စေပြီးလျှင် မိမိ၏ ကိုယ်လုပ်မောင်းမတို့ကို အစပြု၍ အလုံးစုံသော ပြည်သူအပေါင်းတို့ကို စည်းဝေးစေပြီးလျှင် မင်းယင်ပြင်၌ တန်ဆာဆင်၍ တန်ဆာဆင်သော ရတနာမဏ္ဍပ်လယ်၌ ကောင်းစွာ ခင်းအပ်သော ရာဇပလ္လင်၌ နေတော်မူ၍ အို- ပြည်သူအပေါင်းတို့ သင်တို့အား အလိုရှိအပ်သော တရားတို့ကို ဟောအံ့၊ မမေ့မလျော့သဖြင့် ညွတ်သောနား ရှိကုန်သည်ဖြစ်၍ ရိုသေစွာ နာကြကုန် ဟု ဆို၍ တရားတော်ကို ဟောတော်မူ၏။

သဗ္ဗညူမြတ်စွာဘုရားသည် သစ္စာဖြင့်ထုံအပ်သော ရတနာ ခံတွင်းတော်ကို ဖွင့်လှစ်တော်မူ၍ ထိုတရားတော်ကို သာယာစွာသော အသံတော်ဖြင့် ကောသလမင်းကြီးအား ထင်စွာ ပြုတော်မူလိုသည်ဖြစ်၍-

၄၉။ ဒသ ခလု ဣမာနိ ဌာနာနိ၊ ယာနိ ပုဗ္ဗေ အကရိတွာ။
သ ပစ္ဆာ မနုတပ္ပတိ၊ ဣစ္စေဝါဟ ဇနသန္ဓော။

၅၀။ အလဒ္ဓါ ဝိတ္တံ တပ္ပတိ၊ ပုဗ္ဗေ အသမုဒါနိတံ။
န ပုဗ္ဗေ ဓနမေသိဿံ၊ ဣတိ ပစ္ဆာ နုတပ္ပတိ။
၅၁။ သကျရူပံ ပုရေ သန္တံ၊ မယာ သိပ္ပံ န သိက္ခိတံ။
ကိစ္ဆာ ဝုတ္တိ အသိပ္ပဿ၊ ဣတိ ပစ္ဆာနုတပ္ပတိ။
၅၂။ ကူဋဝေဒီ ပုရေ အာသိံ၊ ပိသုဏော ပိဋ္ဌိမံသိကော။
စဏ္ဍာ စ ဖရုသော စာပိ၊ ဣတိ ပစ္ဆာ နုတပ္ပတိ။
၅၃။ ပါဏာတိပါတီ ပုရေ အာသိံ၊ လုဒ္ဓေါ စာပိ အနရိယော။
ဘူတာနံ နာပစာယိဿံ၊ ဣတိ ပစ္ဆာ နုတပ္ပတိ။
၅၄။ ဗဟူသု ဝတ သန္တိသု၊ အနာပဒါသု ဣတ္ထီသု။
ပရဒါရံ အသေဝိဿံ၊ ဣတိ ပစ္ဆာ နုတပ္ပတိ။
၅၅။ ဗဟုသ္မိံ ဝတ သန္တမှိ၊ အန္နပါနေ ဥပဋ္ဌိတေ။
န ပုဗ္ဗေ အဒဒံ ဒါနံ၊ ဣတိ ပစ္ဆာ နုတပ္ပတိ။
၅၆။ မာတရံ ပိတရဉ္စာပိ၊ ဇိဏ္ဏကံ ဂတယောဗ္ဗနံ။
ပဟုသန္တော န ပေါသိဿံ၊ ဣတိ ပစ္ဆာ နုတပ္ပတိ။
၅၇။ အာစရိယ မနုသတ္ထာရံ၊ သဗ္ဗကာမရသာဟရံ။
ပိတရံ အတိမညိဿံ၊ ဣတိ ပစ္ဆာ နုတပ္ပတိ။
၅၈။ သမဏ ဗြာဟ္မဏေစာပိ၊ သီလဝန္တေ ဗဟုဿတေ။
န ပုဗ္ဗေ ပယိရုပါသိဿံ၊ ဣတိ ပစ္ဆာ နုတပ္ပတိ။
၅၉။ သာဓု ဟောတိ တပေါစိဏ္ဏော၊ သန္တော စ ပယိရုပါ သိတော။
န ပုဗ္ဗေဝ တပေါ စိဏ္ဏော၊ ဣတိ ပစ္ဆာ နုတပ္ပတိ။
၆၀။ ယော စ ဧတာနိ ဌာနာနိ၊ ယောနိသော ပဋိပဇ္ဇတိ။
ကရံ ပုရိသကိစ္စာနိ၊ သ ပစ္ဆာ နာနုတပ္ပတိ။

ဟူသော ဤဂါထာတို့ကို ဟောတော်မူ၏။

၄၉။ မာရာဇ၊ မြတ်သော ကောသလမင်းကြီး။ ဒသ၊ ဆယ်ပါးကုန်သော။ ယာနိ ဣမာနိ ဌာနာနိ၊ အကြင်အကြောင်းတို့ကို။ ပုဗ္ဗေ၊ ရှေး၌။ အကရိတွာ၊ မပြုသည်ရှိသော်။ သော၊ ထိုသူသည်။ ပစ္ဆာ၊ နောက်၌။ အနုတပ္ပတိ၊ စိုးရိမ်ရတတ်၏။ ဣတိ-ဧဝံ၊ ဤသို့။ ဇနသန္ဓော၊ ဇနသန္ဓမင်းသည်။ အာဟ ခလု၊ ဟောသတတ်။

၅၀။ လဒ္ဓံ၊ ရအပ်သော။ ဝိတ္တံ၊ ဥစ္စာကို။ အလဒ္ဓါ၊ မရသည်ရှိသော်။ တပ္ပတိ၊ စိုးရိမ်ရတတ်၏။ ပုဗ္ဗေ၊ ရှေး၌။ ဓနံ၊ ဥစ္စာကို။ အသမုဒါနိတံ၊ မဆည်းပူးမိလေ။ ပုဗ္ဗေ၊ ရှေးငယ်သောအခါ၌။ ဓနံ၊ ဥစ္စာကို။ န ဧသိဿံ၊ ငါမရှာမိလေ။ ဣတိ၊ ဤသို့။ ပစ္ဆာ၊ နောင် အိုသောအခါ၌။ အနုပ္ပတိ၊ စိုးရိမ် ပူပန်ရတတ်၏။

၅၁။ ပုရေသန္တံ၊ ရှေးငယ်သောအခါ၌။ မယာ၊ ငါသည်။ သကျရူပံ၊ အလုံးစုံသော ဆင်စီး မြင်းစီးအစရှိသော။ သိပ္ပံ၊ အတတ်ကို။ န သိက္ခိတံ၊ မသင်မိလေ။ အသိပ္ပဿ၊ အတတ်မရှိသောသူအား။ ဝုတ္တိ၊ အသက်မွေးခြင်းသည်။ ကိစ္ဆာ၊ ငြိုငြင်ဆင်းရဲ၏။ ဣတိ၊ ဤသို့။ ပစ္ဆာ၊ နောင် အိုသောအခါ၌။ အနုတပ္ပတိ၊ စိုးရိမ်ရတတ်၏။

၅၂။ ပုရေ၊ ရှေးငယ်သောအခါ၌။ ကူဋဝေဒီ၊ စဉ်းလဲစဉ်းစား ပြုမိသည်။ အာသိံ၊ ဖြစ်၏။ ပိဋ္ဌိမံသိကော၊ သူတပါးတို့၏ ကျောက်ကုန်းသားကို စားတတ်သော။ ပိသုဏော၊ ချောပစ်သော စကားကို ဆိုမိသည်။ အာသိံ၊ ဖြစ်၏။ အဟံ၊ ငါသည်။ စဏ္ဍာ စ၊ ကြမ်းတန်းသည်၎င်း။ ဖရုသောစာပိ၊ ကြမ်းကြုတ်သည်၎င်း။ အာသိံ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ပစ္ဆာ၊ သေရာညောင်စောင်း၌ လျောင်းသော နောက်ကာလ၌။ အနုတပ္ပတိ၊ နောက်တရှိတတ်၏။

၅၃။ အဟံ၊ ငါသည်။ ပုရေ၊ ရှေး၌။ ပါဏာတိပါတီ၊ သူ့ အသက် သတ်ခြင်းကို ပြုမိသည်။ အာသိံ၊ ဖြစ်၏။ လုဒ္ဓေါ စ၊ ကြမ်းကြုတ်သည်လည်း။ အာသိံ၊ ဖြစ်၏။ အနရိယော၊ သူတော်မဟုတ် သူယုတ်သည်။ အာသိံ၊ ဖြစ်၏။ ဘူတာနံ၊ သတ္တဝါတို့ကို။ နာပစာယိဿံ၊ သနားခြင်းကိုမပြုမိ။ ဣတိ၊ ဤသို့။ ပစ္ဆာ၊ နောက်ကာလ၌။ အနုတပ္ပတိ၊ စိုးရိမ်ရတတ်၏။

၅၄။ အနာပဒါသု၊ သူတပါးတို့သည် မသိမ်းဆည်းအပ်ကုန်သော။ ဗဟူသု၊ များစွာကုန်သော။ ဣတ္ထီသု၊ မိန်းမတို့သည်။ သန္တိသု၊ ရှိကုန်လျက်။ ပရဒါရံ၊ သူ့မယားကို။ အသေဝိဿံ ဝတ၊ မှီဝဲမိချေ၏တကား။ ဣတိ၊ ဤသို့။ ပစ္ဆာ၊ နောက်၌။ အနုတပ္ပတိ၊ စိုးရိမ်ရတတ်၏။

၅၅။ ဥပဋ္ဌိတေ၊ ဖြစ်သော။ ဗဟုသ္မိံ၊ များစွာသော။ အန္နပါနေ၊ ထမင်းအဖျော်သည်။ သန္တမှိ၊ ရှိပါလျက်။ အဟံ၊ ငါသည်။ ပုဗ္ဗေ၊ ရှေး၌။ ဒါနံ၊ အလှူကို။ န အဒဒံ ဝတ၊ မလှူမိတကား။ ဣတိ၊ ဤသို့။ ပစ္ဆာ၊ နောင် အိုသောအခါ၌။ အနုတပ္ပတိ၊ နောင်တရှိတတ်၏။

၅၆။ ဇိဏ္ဏကံ၊ အိုမင်းသည် ဖြစ်၍။ ဂတယောဗ္ဗနံ၊ ကြီးသော အရွယ်သို့ ရောက်သော။ မာတရံပိ၊ အမိကို၎င်း။ တရဉ္စာပိ၊ အဖကို၎င်း။ ပဟု၊ ဥစ္စာအား, ကိုယ်အားဖြင့် စွမ်းနိုင်သည်။ သန္တော၊ ဖြစ်ပါလျက်။ န ပေါသိဿံ၊ ငါ မမွေးမိလေ။ ဣတိ၊ ဤသို့။ ပစ္ဆာ၊ နောက်အခါ၌။ အနုတပ္ပတိ၊ နောင်တပူပန်တတ်၏။

၅၇။ အာစရိယံ၊ လက်ဦးဆရာဖြစ်သော။ အနုသတ္ထာရံ၊ အဖန်တလဲလဲ ဆုံးမတတ်သော။ သဗ္ဗကာမရသာဟရံ၊ အလုံးစုံသော ဝတ္ထုကာမ အရသာကိုဆောင်၍ မွေးကျွေးသော။ ပိတရံ၊ အဖကို။ အတိမညိဿံ၊ မထေမဲ့မြင် ငါပြုမိ၏။ ဣတိ၊ ဤသို့။ ပစ္ဆာ၊ နောက်ကာလ၌။ အနုတပ္ပတိ၊ စိုးရိမ်ရတတ်၏။

၅၈။ သီလဝန္တေ၊ သီလရှိကုန်သော။ ဗဟုဿုတေ၊ များသော အကြားအမြင် ရှိကုန်သော။ သမဏေစာပိ၊ ရဟန်းတို့သို့၎င်း။ ဗြာဟ္မဏေစာပိ၊ မကောင်းမှုကို အပပြုပြီးသော သူတို့သို့၎င်း။ အဟံ၊ ငါသည်။ ပုဗ္ဗေ၊ ရှေး၌။ န ပယိရုပါသိဿံ၊ ပစ္စည်းလှူလျက် မဆည်းကပ်မိ။ ဣတိ၊ ဤသို့။ ပစ္ဆာ၊ နောက်၌။ အနုတပ္ပတိ၊ နောင်တရှိတတ်၏။

၅၉။ သန္တော၊ ငြိမ်သက်သော။ ပယိရုပါသိတော၊ ဆည်းကပ်အပ်သော။ တပေါ၊ ခြိုးခြံသော။ စိဏ္ဏော၊ အလေ့အကျင့်သည်။ သာဓု၊ ကောင်းသည်။ ဟောတိ၊ ဖြစ်၏။ ပုဗ္ဗေစ၊ ရှေးဦးကလျှင်။ မယာ၊ ငါသည်။ တပေါ၊ ခြိုးခြံသောအကျင့်ကို။ န အာစိဏ္ဏော၊ မကျင့်မိ။ ဣတိ၊ ဤသို့။ ပစ္ဆာ၊ နောက်၌။ အနုတပ္ပတိ၊ စိုးရိမ်ရတတ်၏။

၆၀။ ယော စ၊ အကြင်သူသည်ကား။ ဧတောနိ ဌာနာနိ၊ ဤဆယ်ပါးသော အကြောင်းတို့ကို။ ယောနိသော၊ အသင့်အားဖြင့်။ ပဋိပဇ္ဇတိ၊ ကျင့်၏။ သော၊ ထိုသူသည်။ ပုရိသကိစ္စာနိ၊ သူတော်တကာတို့၏ ကိစ္စတို့ကို။ ကရံ-ကရောန္တော၊ ပြုသည်ဖြစ်၍။ ပစ္ဆာ၊ နောက်၌။ နာနုတပ္ပတိ၊ နောင်တမရှိရပြီ။

ဤသို့ ဘုရားလောင်း ဇနသန္ဓမင်းကြီးသည် လခွဲတကြိမ် ဤနည်းဖြင့် လူများအား တရားဟောတော်မူ၏။ လူများသည်လည်း ဘုရားလောင်း၏ အဆုံးမ၌တည်၍ ထိုဆယ်ပါးသော အကြောင်းတို့ကို ဖြည့်သဖြင့် နတ်ပြည်သို့ လားရ၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာတော်ကို ဆောင်တော်မူ၍ မြတ်သောမင်းကြီး ဤသို့လျှင် ရှေးပညာရှိတို့သည် ဆရာမရိုကုန်သော်လည်း မိမိပညာဖြင့်သာလျှင် တရား ဟော၍ လူများအပေါင်းကို နတ်ပြည်၌ တည်စေကုန်ပြီဟု မိန့်တော်မူ၍ ယခုအခါ ငါဘုရား ပရိသတ်တို့သည် ထိုအခါ ဇနသန္ဓမင်းကြီး ပရိသတ်တို့ ဖြစ်ဘူးကုန်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါဇနသန္ဓမင်းကြီး ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းတော်မူ၏။

ကောင်းမှုမှန်သမျှ၊ မမေ့က၊ မုချမင်္ဂလာ

ငါးခုမြောက်သော ဇနသန္ဓဇာတ်သည် ပြီး၏။

*****