ဘေရိဝါဒကဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၅၉။ ဘေရိဝါဒကဇာတ်

ဧကကနိပါတ်-အာသီသဝဂ်

၉။ ဘေရိဝါဒကဇာတ်

အဘဆုံးမသည်ကို မနာသောကြောင့် ဥစ္စာပျက်စီးကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့်တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် ဓမေ ဓမေ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဘေရိဝါဒကဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် တယောက်သော ဆိုနိုင်ခက်သော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ ထိုရဟန်းကို မြတ်စွာဘုရားသည် ရဟန်း သင်သည် ဆိုနိုင်ခက်သတတ်ဟူသည် မှန်သလောဟု မေးတော်မူ၏။ ဘုန်းတော်ကြီးသော အရှင်ဘုရား မှန်ပေ၏ဟုလျှောက်သည်ရှိသော် ရဟန်း သင်သည် ယခုအခါ၌သာ ဆိုနိုင်ခက်သည် မဟုတ်သေး၊ ရှေး၌လည်း ဆိုနိုင်ခက်သည်သာလျှင်တည်းဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် စည်တီးအမျိုး၌ဖြစ်၍ တခုသောရွာငယ်၌နေ၏။ ထိုဘုရားလောင်းသည် ဗာရာဏသီမြို့၌ နက္ခတ်သဘင်ကြွေးကြော်၏ ဟုကြား၍ သသင်အလယ်၌ စည်တီး၍ ဥစ္စာကိုဆောင်အံ့ဟု သားကိုခေါ်၍ ဗာရာဏသီမြို့သို့သွားပြီးလျှင် စည်တီး၍ များစွာသော ဥစ္စာကိုရ၍ ထိုဘုရားလောင်းသည် ရသောဥစ္စာကိုယူ၍ မိမိရွာသို့ သွားသည်ရှိသော် ခိုးသူတို့နေသောတောသို့ရောက်၍ မပြတ်စည်တီးသောသားကို အမောင် မပြတ်မတီးမူ၍ ခရီးသွားသော မင်း၏စည်ကဲ့သို့ ရံခါ ရံခါတီးလောဟု သားကို မြစ်၏။ ထိုသားသည် အဘမြစ်ငြားသော်လည်း စည်တီးသဖြင့်သာလျှင် ခိုးသူတို့ကိုပြေးစေအံ့ဟု ဆို၍ မပြတ်သာလျှင်တီး၏။ ခိုးသူတို့သည် ရှေးဦးစွာလျှင် စည်သံကိုကြား၍ မင်း၏စည်သံသည် ဖြစ်လတ္တံ့ ဟု ပြေးပြီးမှ အလွန်လျှင် တစပ်တည်းသောစည်သံကိုကြား၍ ဤစည်သည် မင်း၏စည်သည်မဖြစ်လတ္တံ့ဟု လာလတ်ကုန်၍ စုံစမ်းသည်ရှိသော် နှစ်ယောက်ကုန်သောသူတို့ကိုလျှင်မြင်၍ ပုတ်ခတ် လုယက်ကုန်၏။ ဘုရားလောင်းသည် စင်စစ် ငါတို့သည် ငြိုငြင်သဖြင့် ရအပ်သောဥစ္စာကို တစပ်တည်းသောအသံကိုပြု၍ တီးလျှက် ဖျက်ဆီး၏ဟု ဆိုလို၍-

၅၉။ ဓမေ ဓမေ နာတိမေ၊ အတိဓန္တံ ဟိ ပါပကံ။
ဓန္တေန ဟိ သတံ လဒ္ဓံ၊ အတိဓန္တေန နာသိတံ။

ဟူသော ဤဂါထာကို ဆို၏။

၅၉။ ဓမေ ဓမေ၊ ရံခါရံခါမှသာ တီးရာသလျှင်ကတည်း။ ဟိ-ယသ္မာ၊ အကြင်ကြောင့်။ အတိဓန္တံ၊ မပြတ်တီးခြင်းသည်။ ပါပကံ၊ ယုတ်မာ၏။ တသ္မာ၊ ထို့ကြောင့်။ နာတိဓမေ၊ မပြတ်မတီးရာ ဟိ-သစ္စံ၊ မှန်၏။ ဓန္တေန၊ ပွဲသဘင်အလယ်၌ စည်တီးသဖြင့်။ လဒ္ဓံ၊ ရအပ်သော။ သတံ၊ တရာသော အသပြာကို။ အတိဓန္တန၊ မပြတ်တီးသဖြင့်။ နာသိတံ၊ ဖျက်ဆီးအပ်၏။

ဇာတ်ပေါင်း... မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ အနုသန္ဓေကိုစပ်၍ ယခုအခါ ဆိုနိုင်ခက်သော ရဟန်းသည် ထိုအခါ သားဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသညမလျှင် ထိုအခါ အဘ ဖြစ်ဘူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

ဥစ္စာရှာလျက်၊ ဆိုနိုင်ခက်၊ ယွင်းပျက် ဆုံးပါးရာ

ကိုးခုတို့၏ပြည့်ကြောင်းဖြစ်သော ဘေရိဝါဒကဇာတ်သည် ပြီး၏။

*****