ဘာသာစကားမှီငြမ်းပြုလမ်းညွှန်

From Wikisource
Jump to navigation Jump to search
ဘာသာစကားမှီငြမ်းပြုလမ်းညွှန်  (၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလ)  by အခြေခံပညာ သင်ရိုးညွှန်းတမ်းနှင့် ကျောင်းသုံးစာအုပ်ကော်မတီ
သူငယ်တန်း ( KINDERGARTEN ) ဘာသာစကားမှီငြမ်းပြုလမ်းညွှန်

သူငယ်တန်း ( KINDERGARTEN ) ဘာသာစကားမှီငြမ်းပြုလမ်းညွှန်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

ပညာရေးဝန်ကြီးဌာန

အခြေခံပညာ သင်ရိုးညွှန်းတမ်းနှင့် ကျောင်းသုံးစာအုပ်ကော်မတီ ၂ဝ၁၅ ခုနှစ်၊ ဒီဇင်ဘာလ


အမှာစာ[edit]

၁။ သူငယ်တန်းဆရာများ၏ အဓိကလုပ်ငန်းတစ်ရပ်မှာ ကလေးများ၏ ဘာသာစကားဖွံ့ဖြိုးမှုကို ကူညီ ပံ့ပိုးပေးရန်နှင့် စာရေးစာဖတ်အစပျိုးလုပ်ငန်းများကို ကလေးများ၏ဖွံ့ဖြိုးမှုအဆင့်နှင့် လိုက်လျောညီထွေစွာ စီစဉ်ပေးရန်ဖြစ်သည်။ သူငယ်တန်းဆရာများအနေဖြင့် ဘာသာစကား၏ အခြင်းအရာများဖြစ်သော စကားသံ စနစ်၊ ဝေါဟာရ၊ ဝါကျဖွဲ့ထုံးနှင့် အသုံးအနှုန်းများကို နားလည်ထားရန် လိုအပ်ပါသည်။

၂။ ထို့ပြင်ကလေးများ၏ ဘာသာစကားဖွံ့ဖြိုးမှုတွင် ပုံပြင်ပြောခြင်း၊ တေးကဗျာရွတ်ဆိုခြင်း၊ စကားထာ ဝှက်ခြင်းစသည်တို့သည် အရေးပါသောအခန်းကဏ္ဍအနေဖြင့် ပါရှိခြင်းကြောင့် သူငယ်တန်းဆရာများသည် ပုံပြင်များ၊ တေးကဗျာများ၊ စကားထာများ၊ စကားပုံများ စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမီရန် အထူးလိုအပ်ပါသည်။

၃။ အဆိုပါလိုအပ်ချက်များကို အတိုင်းအတာတစ်ခုအထိ ဖြည့်စွမ်းပေးနိုင်မည့် ဤလမ်းညွှန်စာအုပ်ကို အောက်ပါရည်ရွယ်ချက်များဖြင့် ပြုစုထားပါသည် -

  • (၁) မြန်မာဘာသာစကားစနစ်၏ အခြေခံများကို နားလည်ရန်
  • (၂) သူငယ်တန်းကလေးများအတွက် ဘာသာစကားဖွံ့ဖြိုးမှုလုပ်ငန်းများ ဖန်တီးလုပ်ဆောင် ရာတွင် မှီငြမ်းပြုနိုင်ရန်

၄။ဤလမ်းညွှန်စာအုပ်တွင် မြန်မာဘာသာစကားစနစ်၏ အခြေခံများနှင့် ဘာသာစကား အထောက်အကူပြု ပုံပြင်၊ တေးကဗျာနှင့် စကားထာများဟူ၍ အပိုင်းနှစ်ပိုင်းပါရှိပါသည်။

၅။ အပိုင်း(၁)တွင် မြန်မာဘာသာစကားစနစ်၏ အခြေခံများဖြစ်သော မြန်မာဘာသာစကားရှိ စကားသံများ၊ ဝဏ္ဏဖွဲ့စည်းပုံနှင့် သရသံ၊ ဗျည်းသံအတွဲအစပ်၊ အရေးအသားစနစ်၊ အသုံးများသော စကားလုံးများ စသည်တို့ ပါဝင်ပါသည်။

၆။ အပိုင်း (၂)တွင် ဘာသာစကားဖွံ့ဖြိုးမှု အထောက်အကူပြု တေးကဗျာများ၊ ပုံပြင်များနှင့် စကားထာ များကို ဖော်ပြထားပါသည်။ ဖော်ပြထားသော တေးကဗျာများ၊ ပုံပြင်များနှင့် စကားထာများသည် နမူနာ များသာ ဖြစ်သည်။ မိမိတို့ဒေသအလိုက် အသုံးပြုနိုင်သော တေးကဗျာများ၊ ပုံပြင်များနှင့် စကားထာများကို အစားထိုး အသုံးပြုနိုင်ပါသည်။ သို့သော် ကလေးများ၏ အသက်အရွယ်ဖွံ့ဖြိုးမှုနှင့် ဆီလျော်မှုရှိစေရန်၊ ပုံပြင်များကို မူရင်းပုံပြင်၏ ကျောရိုးမပျောက်စေဘဲ ပုံပြောဟန်ဖြင့်သာ ပြောရန် သတိပြုရမည်ဖြစ်ပါသည်။

၇။ ဤလမ်းညွှန်စာအုပ်သည် ဆရာများနားလည်ရန်အတွက်သာဖြစ်ပြီး ကလေးများအတွက် ဘာသာ စကားဖွံ့ဖြိုးမှုလုပ်ငန်းများ လုပ်ဆောင်ရာတွင် မှီငြမ်းကိုးကားရန်သာ ဖြစ်ပါသည်။ ကလေးများ၏ ဘာသာ စကားဖွံ့ဖြိုးမှုနှင့် စာရေးစာဖတ်အစပျိုးလုပ်ငန်းများ လုပ်ဆောင်ရာတွင် ဤစာအုပ်ကများစွာ အထောက် အကူ ဖြစ်လိမ့်မည်ဟု မျှော်လင့်ပါသည်။

အခြေခံပညာသင်ရိုးညွှန်းတမ်းနှင့် ကျောင်းသုံးစာအုပ်ကော်မတီ

မာတိကာ[edit]

အပိုင်း(၁) ဘာသာစကားစနစ်၏အခြေခံများ

အပိုင်း(၂) ဘာသာစကား အထောက်အကူပြု တေးကဗျာများ၊ ပုံပြင်များ၊ စကားထာများ