ပဒုမဗုဒ္ဓဝင်

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
၈- ပဒုမဗုဒ္ဓဝင်

၈-ပဒုမဗုဒ္ဓဝင်

     အနောမဒဿီ မြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည့်နောက် လူတို့၏ အသက်တမ်း အနှစ် (၁၀၀၀၀၀) တသိန်းမှ တဖြည်းဖြည်း ဆုတ်ယုတ်ကာ (၁၀) ဆယ်နှစ်တမ်းသို့ရောက်၍ တဖန် တိုးတက်ပြန်ကာ အသင်္ချေတမ်းသို့ ရောက်ပြီးလျှင်



၃၇၂

နောက်ထပ် ဆုတ်ယုတ်ပြန်၍ လူတို့အသက် (၁၀၀၀၀၀) တသိန်းတမ်းသို့ ရောက်သောအခါ ပဒုမမြတ်စွာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ကျင့်ပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူစဉ် ဘုရားဖြစ်ရန် နတ်ဗြဟ္မာအပေါင်းတို့၏ တောင်းပန်ချက်ကို ဝန်ခံတော်မူ၍ လူ့ပြည်သို့ သက်ဆင်းကာ စမ္ပကမင်းနေပြည်တော် အသမမင်း၏ အသမာအမည်ရှိသော မိဖုရားကြီးဝမ်းတိုက်၌ ပဋိသန္ဓေ နေတော်မူ၍ ဆယ်လလွန်မြောက် အချိန်ရောက်သောအခါ စမ္ပကဥယျာဉ် (စကားပင်ဥယျာဉ်) အတွင်း၌ ဖွားမြင်တော်မူလေသည်။

(အလောင်းတော် ပဋိသန္ဓေ နေသောအခါ ဖွားမြင်သောအခါတို့၌ ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း နိမိတ်ကြီးများ အံ့ဩဖွယ်ကြီးများ ထင်မြဲ ထင်ကုန်၏။)

     အလောင်းတော်မင်းသား ဖွားမြင်သောအခါ ကောင်းကင်မှ ဇမ္ဗူဒိပ်တကျွန်းလုံး သမုဒြာဆုံးအောင် ပဒုမာကြာပန်းမိုဃ်း တဖြိုးဖြိုး ရွာချလေသည်၊ ထို့ကြောင့် အလောင်းတော်မင်းသားကို အမည်မှည့်သောနေ့၌ နိမိတ်ဖတ်ဆရာ ပညာရှိတို့နှင့် ဆွေမျိုးအပေါင်းတို့က မဟာပဒုမမင်းသားဟူ၍ အမည်မှည့်ကြလေသည်။

ထီးနန်းစိုးစံတော်မူခြင်း

     အလောင်းတော် မဟာပဒုမမင်းသားသည် အရွယ်သို့ ရောက်သောအခါ (၁) နန္ဒုတ္တရ ရွှေနန်းဆောင်၊ (၂) ဝသုတ္တရ ရွှေနန်းဆောင်၊ (၃) ယသုတ္တရ ရွှေနန်းဆောင် တည်းဟူသော ရွှေနန်းမ သုံးဆောင်တို့၌ ဥတ္တရာဒေဝီ မိဖုရားကြီး အမှူးရှိသော မောင်းမအပေါင်း (၃၃ဝဝဝ) သုံးသောင်း သုံးထောင်တို့၏ ဖျော်ဖြေလုပ်ကျွေး ပြုစုခြင်းကို ခံယူလျက် နှစ်ပေါင်း (၁၀၀၀၀) တသောင်းတို့ ကာလပတ်လုံး နတ်စည်းစိမ်နှင့်တူသော စည်းစိမ်ချမ်းသာကို ခံစားတော်မူကာ ထီးနန်းစိုးစံတော်မူ၏။



၃၇၃

တောထွက်တော်မူခြင်း

     ဤသို့ ထီးနန်းစိုးစံတော်မူရာ ဥတ္တရာဒေဝီ မိဖုရားကြီးမှ ရမ္မအမည်ရှိသော သားတော်ကို ဖွားမြင်သောအခါ နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူ၍ နတ်တို့ဆင်ယင်အပ်သော အဆင်တန်းဆာဖြင့် အာဇာနည်မြင်းကသော ရထားကိုစီးကာ တောထွက်၍ ရဟန်းပြုတော်မူ၏။ အလောင်းတော်မင်းသား ရဟန်းပြုသည်ကို အတုလိုက် (အားကျ)ကာ တကုဋေအရေအတွက်ရှိသော ယောက်ျားတို့ ရဟန်းပြုကြလေသည်။ ပဒုမမြတ်စွာဘုရား အလောင်းတော်သည် တကုဋေအရေအတွက်ရှိသော ရဟန်းတို့နှင့်တကွ ရှစ်လပတ်လုံး ဒုက္ကရစရိယာအကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူလေသည်။

ဘုရားဖြစ်တော်မူခြင်း

     ရှစ်လပတ်လုံး ဒုက္ကရစရိယာအကျင့်ကို ကျင့်ကြံကြိုးကုတ် အားထုတ်တော်မူ၍ ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့ဝယ် ဓညဝတီမြို့နေ သုဓညဝတီ အမည်ရှိသော သူဌေးကြီး၏ရင်သွေး ဓညဝတီအမည်ရှိသော သူဌေးသမီး လှူဒါန်းအပ်သည့် ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ထိုအရပ်ရှိ အင်ကြင်းတောအတွင်း၌ နေ့သန့် (နေခို)တော်မူ၍ ညနေချမ်းအချိန်သို့ ရောက်သောအခါ အခြံအရံရဟန်းတို့ကို စွန့်ခွာခဲ့ပြီးမှ မဟာဗောဓိမဏ္ဍိုင် ရှိရာအရပ်သို့ တပါးတည်းကြွတော်မူရာ လမ်းခရီးအကြား၌ တိတ္ထကအမည်ရှိသော တက္ကတွန်း လှူဒါန်းအပ်သည့် မြက်ရှစ်ဆုပ်တို့ကို ခံတော်မူခဲ့၍ မဟာဗောဓိ ကြောင်လျှာကြီးပင်အရင်း ဖြန့်ခင်းလိုက်သည်နှင့် တပြိုင်နက် (၃၈) သုံးဆယ့်ရှစ်တောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်လာရာ ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲ့ခွေ စံနေတော်မူ၍ အင်္ဂါလေးပါးရှိသော ဝီရိယကို ဆောက်တည်တော်မူကာ ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း မာရ်စစ်သည်ဗိုလ်ပါကို မှုတ်လွှင့်ပယ်နှင်၍ သဗ္ဗညုတဉာဏ်ရှင် သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။



၃၇၄

တရားပွဲကြီး သုံးကြိမ်

     ပဒုမမြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးသည့်နောက် မဟာဗောဓိ (ကြောင်လျှာကြီး)ပင်၏ အနီးမှာပင် သတ္တသတ္တာဟ= (လေးဆယ့်ကိုးရက်) စံနေတော်မူပြီးလျှင် တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ခြင်းကို လက်ခံတော်မူ၍ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း”ဟု ဆင်ခြင်တော်မူသည်ရှိသော် ကိုယ်တော်မြတ်နှင့်တကွ ရဟန်းပြုကြသည့် တကုဋေသော ရဟန်းတို့ကို မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံကြသည်တို့ကို မြင်တော်မူ၍ “ထိုသူတို့အား ရှေးဦးစွာ တရားဟောအံ့”ဟု ကြံစည်တော်မူပြီးလျှင် “ယခုအခါ ထိုရဟန်းတို့သည် အဘယ်အရပ်၌ နေကုန်သနည်း”ဟု ကြည့်ရှု ဆင်ခြင်တော် မူပြန်သော် ဓညဝတီမြို အနီး ဓနဉ္ဇယဥယျာဉ်ကြီး၌ နေကုန်၏ဟု မြင်တော်မူလျှင် သပိတ်သင်္ကန်းကို ယူဆောင်တော်မူ၍ ထိုရဟန်းတို့နေရာ ဓနဉ္ဇယဥယျာဉ်ကြီးသို့ ကောင်းကင်ခရီးဖြင့် ခဏခြင်း ကြွသွားတော်မူ၏။

     ထိုအခါ တကုဋေသော ရဟန်းတို့သည် ပဒုမမြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးမှပင် မြင်ကြ၍ ကြည်ညိုလှသောစိတ်ဖြင့် မြတ်စွာဘုရားကို ခရီးဦးကြိုဆိုခြင်း သပိတ်သင်္ကန်းတော်ကို လှမ်းယူခြင်း နေရာတော်ကို ခင်းကျင်းခြင်း အရိုအသေ ရှိခိုးဝတ်ပြုခြင်း ကိစ္စတို့နှင့် ပြည့်စုံစေကြပြီး မြတ်စွာဘုရားကို ခြံရံလျက် သင့်တင့်လျောက်ပတ်ရာက နေကြကုန်၏။ ထိုအခါ ပဒုမမြတ်စွာဘုရားသည် မိမိနှင့် ရဟန်းပြုဖက်ဖြစ်ကြသည့် တကုဋေသော ရဟန်းတို့ခြံရံလျက် လူနတ်ဗြဟ္မာ သတ္တဝါပရိသတ်တို့ အလယ်၌ ရှေးရှေးဘုရားတို့ ဟောကြားတော်မူကြမြဲဖြစ်သော ဓမ္မစက္ကပဝတ္တနသုတ် ဒေသနာကို ဟောကြားတော်မူ၏။ ထိုအခါ လူနတ်ဗြဟ္မာ ကုဋေတရာတို့သည် မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား ရှေးဦးအစ ဓမ္မာဘိသမယ ပဌမတရားပွဲကြီးတည်း။)



၃၇၅

     ထို့နောက် အခါတပါးဝယ် ပဒုမ မြတ်စွာဘုရားသည် ဆွေတော်မျိုးတော်တို့၏ အစည်းအဝေး၌ ညီတော်ဖြစ်သော သာလမင်းသားနှင့် ဥပသာလမင်းသား (အဂ္ဂသာဝကအလျာ)တို့ကို ထိုသူတို့၏ အခြံအရံ ပရိသတ်နှင့်တကွ ရဟန်းပြုစေတော်မူ၍ တရားဟောတော်မူသည်ရှိသော် ကုဋေကိုးဆယ်သော နတ်လူတို့ မဂ်ဖိုလ် တရားထူးကို ရကြကုန်၏။

(ဤကား ဒုတိယာဘိသမယ ဒုတိယတရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါးဝယ် ပဒုမမြတ်စွာဘုရားသည် သားတော်ဖြစ်သော အရှင်ရမ္မအား အဆုံးအမတရား ဟောကြားတော်မူ၏။ ထိုအခါ ကုဋေရှစ်ဆယ်သော လူနတ်ဗြဟ္မာ သတ္တဝါတို့ သစ္စာလေးပါး တရားသိမြင် ကျွတ်တမ်းဝင်ကြကုန်၏။

(ဤကား တတိယာဘိသမယ တတိယတရားပွဲကြီးတည်း။)

**********

သာဝကအစည်းအဝေးကြီး သုံးကြိမ်

ပဌမသန္နိပါတ

     ပဒုမမြတ်စွာဘုရား၏ သာဝကအစည်းအဝေးကြီး သုံးကြိမ်ရှိရာ ပဌမအကြိမ်၌ သုဘာဝိတတ္တ အမည်ရှိသောမင်းသည် ပဒုမမြတ်စွာဘုရား အထံတော်၌ အခြံအရံပရိသတ် ကုဋေတသိန်းတို့နှင့်တကွ ဧဟိဘိက္ခု ရဟန်းအဖြစ်ဖြင့် ရဟန်းပြု၏၊ ထိုအစည်းအဝေး၌ ပဒုမမြတ်စွာဘုရားသည် ဩဝါဒပါတိမောက်ကို ပြတော်မူသည်။

(ဤကား ရှေးဦးစွာသော သာဝကအစည်းအဝေးကြီးတည်း။)

ဒုတိယသန္နိပါတ

     ထို့နောက် အခါတပါးဝယ် ပဒုမမြတ်စွာဘုရားသည် ဥသဘဝတီမြို့ကို ဂေါစရဂံ အမှီပြု၍ ဝါကပ်တော်မူ၏။ ထိုအခါ



၃၇၆

ဘုရားဖူးရန် လာရောက်ကြသော မြို့နေသူ လူအပေါင်းတို့အား ပဒုမမြတ်စွာဘုရားသည် တရားဟောတော်မူ၏၊ ထိုမြို့၌ များစွာသော လူတို့သည် သဒ္ဓါတရားဖြစ်ပွါးကြကာ ရဟန်းပြုကြကုန်၏။ ထို့နောက် ပဒုမမြတ်စွာဘုရားသည် သီတင်းကျွတ်လပြည့် ပဝါရဏာနေ့၌ ထိုဥသဘ၀တီမြို့မှ ရဟန်းပြုကြသည့် ရဟန်းတို့နှင့်တကွ အခြားသော ရဟန်းတော်များ စုစုပေါင်း ရဟန္တာ သုံးသိန်းတို့နှင့်တကွ ဝိသုဒ္ဓိပဝါရဏာ ပြုတော်မူသည်။ ။ (ဝိသုဒ္ဓိပဝါရဏာဟူသည် ရဟန္တာအရှင်မြတ်တို့ချည်း သက်သက်ပြုသော ပဝါရဏာကို ခေါ်သည်။)

(ဤကား ဒုတိယ သာဝကအစည်းအဝေးကြီးတည်း။)

တတိယသန္နိပါတ

     ထိုမြို့၌ ရဟန်းမပြုပဲ ကျန်ရစ်ကြသည့် ဒါယကာတို့သည် ကထိန်အာနိသင်တရား ကြားနာရသဖြင့် ကထိန်သင်္ကန်း လှူဒါန်းကြသောအခါ ထိုကထိန်သင်္ကန်းကို ဓမ္မသေနာပတိဘွဲ့ခံ လက်ျာရံ အရှင်သာလမထေရ်အား ကထိန်ခင်းရန် တောင်းပန်၍ ဉတ်ကမ္မဝါစာဖြင့် သံဃာတော်က ပေးလှူသည်တွင် ရဟန်းအများတို့ ထိုသင်္ကန်းကို နေ့ခြင်းပြီးအောင် ဝိုင်းဝန်း ချုပ်လုပ်ကြကုန်၏။ သံဃာ့ကိစ္စဖြစ်၍ မြတ်စွာဘုရား ကိုယ်တော်တိုင်ပင် သံဃာအများ သက်န်းချုပ်ကြသောနေရာမှာ အပ်နဖားတွင်း ချည်ကိုသွင်း၍ ကူညီခြင်းအမှုကို ပြုတော်မူပေ၏။ ကထိန်သင်္ကန်း ချုပ်လုပ်ပြီးပြေ ရှိသောအခါ ပဒုမမြတ်စွာဘုရားသည် ရဟန်းတော် သုံးသိန်းတို့နှင့် အတူတကွ ခရီးဒေသစာရီ ကြွချီတော်မူ၏။ ထို့နောက် အခါတပါး၌ ပဒုမမြတ်စွာဘုရားသည် ဂေါသိင်္ဂအင်ကြင်းတောနှင့်တူသော တောကြီးအတွင်း၌ ဝါကပ်တော်မူ၏။ ထိုတောအတွင်း၌ သီတင်းသုံး နေတော်မူသည့် အခြံအရံ ပရိသတ်နှင့်တကွသော မြတ်စွာဘုရားကို လူအပေါင်းတို့သည် ဖူးမြော်ကြပြီးလျှင် တရားတော်ကို နာကြားရသောအခါ သဒ္ဓါကြည်ညို ဖြစ်ကြ၍ မြတ်စွာဘုရားက ဧဟိဘိက္ခု ခေါ်တော်မူသည်တွင်



၃၇၇

ဧဟိဘိက္ခု ရဟန်းအဖြစ်ဖြင့် ရဟန်းဖြစ်ကြလေကုန်၏။ ထိုအခါ နှစ်သိန်းသော ရဟန်းအပေါင်း ခြံရံလျက် မြတ်စွာဘုရားသည် ပဝါရဏာ ပြုတော်မူသည်။

(ဤကား တတိယ သာဝကအစည်းအဝေးကြီးတည်း။)
(ဤ ဒုတိယသန္နိပါတနှင့် တတိယသန္နိပါတ အကြောင်းအရာမှာ အဋ္ဌကထာဖွင့်ပြချက်အတိုင်း ရေးသားဖော်ပြခြင်း ဖြစ်သည်။ ပါဠိတော် လက်ရှိစာမူအတိုင်း လက်ျာရံ အဂ္ဂသာဝက အရှင်သာလမထေရ်အတွက် ကထိန်သင်္ကန်းချုပ်ရန် စည်းဝေးမိသည့် ရဟန္တာသုံးသိန်း အစည်းအဝေးကို ဒုတိယသန္နိပါတဟု မှတ်ယူရန် အဓိပ္ပါယ် ရောက်ရှိနေပေ၏။ ထိုသို့ အဓိပ္ပါယ်သက်ရောက်နေသည်ကို သိမြင်ပါလျက် အဋ္ဌကထာ ဆရာတော်သည် ပါဠိတော်မှ တမျိုးထူး၍ကဲ့သို့ ရေးသားဖွင့်ပြတော်မူခြင်းမှာ ဘုရားအလိုတော်ကို သိတော်မူကြသည့် အဋ္ဌကထာဟောင်း ဆရာကြီးများ ဖွင့်ပြချက်ကို အမှီရ၍သာ ဖွင့်ပြခြင်း ဖြစ်တန်ရာသောကြောင့်၎င်း ပဝါရဏာပြုသည့် အစည်းအဝေး ဩဝါဒပါတိမောက်ပြသည့် အစည်းအဝေးတို့ကိုသာလျှင် ရှေ့နောက်ဖြစ်သော ဗုဒ္ဓဝင်တို့၌ သာဝကအစည်းအဝေးအဖြစ် လာရှိသောကြောင့်၎င်း ဤကျမ်း၌ အဋ္ဌကထာ ဖွင့်ပြချက်အတိုင်း ရေးသားဖော်ပြခြင်း ဖြစ်ပေသည်။)

**********

ဂေါတမမြတ်စွာဘုရားအလောင်း ခြင်္သေ့မင်းဖြစ်၍ ဗျာဒိတ်ခံခြင်း

     ပဒုမမြတ်စွာဘုရား ထိုဘောအုပ်အတွင်း သီတင်းသုံး နေတော်မူစဉ် ငါတို့မြတ်စွာဘုရား အလောင်းတော်သည် ခြင်္သေ့မင်းဖြစ်၍ ခုနစ်ရက်ပတ်လုံး နိရောဓသမာပတ်ကို ၀င်စားတော်မူနေသော ပဒုမမြတ်စွာဘုရားကို ဖူးမြော်ရလျှင် အလွန် ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍ ရှိခိုးပြီးကာ လက်ျာရစ်လှည့်လည်ပြီး အလွန် ရွှင်လန်း ဝမ်းမြောက်လျက် သုံးကြိမ်တိုင် ကျူးဟောက်ပြီးလျှင်



၃၇၈

ခုနစ်ရက်ပတ်လုံး ဘုရားလျှင် အာရုံရှိသော ပီတိကို မစွန့်လွှတ်ပဲ အစာရှာရန်လည်း ထွက်ခွါမသွားတော့ အသက်ကိုပင် စွန့်လှူကာ မြတ်စွာဘုရားကို ရိုသေစွာ ဆည်းကပ် ရပ်တည် နေလေသည်။

     ထိုအခါ မြတ်စွာဘုရားသည် ခုနစ်ရက်လွန်သဖြင့် နိရောဓသမာပတ်မှ ထတော်မူ၍ ခြင်္သေ့မင်းကို မြင်တော်မူလျှင် “ရဟန်းသံဃာတော်၌လည်း ဤခြင်္သေ့မင်းအား စိတ်၏ကြည်ညိုခြင်း ဖြစ်စေသတည်း”ဟု ကြံစည်တော်မူကာ “ရဟန်းသံဃာများ ဤအရပ်သို့ လာရောက်စေသတည်း”ဟု အဓိဋ္ဌာန်ပြုတော်မူလိုက်သည်နှင့် တပြိုင်နက် ကုဋေများစွာသော ရဟန်းတို့သည် ထိုအရပ်သို့ လာရောက်ကြကုန်၏။ အလောင်းတော် ခြင်္သေ့မင်းသည် သံဃာ၌လည်း ကြည်ညိုစိတ်ကို ဖြစ်စေ၏။ ထိုအခါ ပဒုမ မြတ်စွာဘုရားသည် ခြင်္သေ့မင်း၏စိတ်ကို ကြည့်ရှုသိမြင်တော်မူ၍ “ဤခြင်္သေ့မင်းသည် နောက်အခါ၌ ဂေါတမ အမည်တော်ရှိသော ဘုရားစင်စစ် ဖြစ်ပေလိမ့်မည်”ဟု ဗျာဒိတ်စကား ကြားတော်မူလေသည်။

(ဗျာဒိတ်ကြားတော်မူပုံမှာ ဒီပင်္ကရာမြတ်စွာဘုရား ဗျာဒိတ်ကြားသကဲ့သို့ပင် အပြည့်အစုံ ဖြစ်သည်။)

     ပဒုမမြတ်စွာဘုရား၏ ဗျာဒိတ်စကားကိုကြားရလျှင် အလောင်းတော် ခြင်္သေ့မင်းသည် အတိုင်းထက်အလွန် မိမိစိတ်ကို ကြည်လင်စေ၍ ဆယ်ပါးသော ပါရမီတော်ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်တော်မူလေသည်။

မြို့တော်စသည်ကို ပြဆိုချက်

     ပဒုမ မြတ်စွာဘုရား၏ ဖွားတော်မူရာ မြို့တော်မှာ စမ္ပကမြို့တော်ဖြစ်၍ ခမည်းတော်မှာ အသမမင်းကြီး, မယ်တော်မှာ အသမာဒေဝီ မိဖုရားကြီးတို့ ဖြစ်ကြကုန်၏။

     ထီးနန်းစိုးအုပ် မင်းပြုလုပ်သော နှစ်ပေါင်းမှာ (၁၀၀၀၀) တသောင်းဖြစ်၍ စံနန်းတော် သုံးဆောင်တို့မှာ နန္ဒုတ္တရ စံနန်းတော်,



၃၇၉

ဝသုတ္တရ စံနန်းတော်, ယသုတ္တရ စံနန်းတော်တို့ ဖြစ်ကုန်၏။

     အဂ္ဂဒေဝီ မဟေသီမိဖုရားမှာ (၃၃၀၀၀) သုံးသောင်း သုံးထောင်သော မောင်းမမိဿံ (ရံရွေတော်) အခြံအရံရှိသည့် ဥတ္တရာမိဖုရားကြီးဖြစ်၍ သားတော်မှာ ရမ္မမင်းသား ဖြစ်လေသည်။

     နိမိတ်ကြီး လေးပါးကိုမြင်၍ တောထွက်တော်မူသော ယာဉ်မှာ အာဇာနည်မြင်းကသည့် ရထားယာဉ် ဖြစ်ပြီးလျှင် ရှစ်လကြာ ဒုက္ကရစရိယာကို ကျင့်တော်မူရသည်။

     အဂ္ဂသာဝက အစုံတို့မှာ သာလမထေရ်နှင့် ဥပသာလမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ဝရုဏမထေရ် ဖြစ်လေသည်။

     အဂ္ဂသာဝိကာ အစုံတို့မှာ ရာဓာထေရီမနှင့် သုရာဓာထေရီမတို့ ဖြစ်ကြပြီးလျှင် ပွင့်တော်မူရာ ဗောဓိပင်ကား ကြောင်လျှာကြီးပင်ဗောဓိ ဖြစ်လေသည်။

     မြတ်သော အလုပ်အကျွေး ဒါယကာတို့မှာ ဘိယျသူဌေးနှင့် အသမသူဌေးတို့ ဖြစ်ကြပြီးလျှင် မြတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ ရုစိဥပါသိကာနှင့် နန္ဒရာမာဥပါသိကာတို့ ဖြစ်ကြသည်။

     ပဒုမ မြတ်စွာဘုရား၏ အရပ်တော်မှာ (၅၈) ငါးဆယ့်ရှစ်တောင်မြင့်လျက် ကိုယ်တော်မှထွက်သော ရောင်ခြည်တော်သည် အလုံးစုံသော အရပ်မျက်နှာတို့သို့ အလိုတော်ရှိသမျှ ထိုမှဤမှ ထွက်ကြွကွန့်မြူး၏။

     လရောင် နေရောင် ရတနာရောင် မီးရောင် ပတ္တမြားရောင်တို့သည် မြတ်စွာဘုရားရှင်၏ ကိုယ်တော်ရောင်သို့ရောက်လျှင် (ကိုယ်တော်ရောင်နှင့် တိုက်ဆုံလျှင်) ကွယ်ပျောက်ကြရလေကုန်သည်။



၃၈၀

     ပဒုမမြတ်စွာဘုရား ပွင့်တော်မူရာ အသက်တမ်းမှာ အနှစ် (၁ဝဝဝဝဝ) တသိန်းတမ်းဖြစ်၍ ထိုမျှလောက် (အသက်တမ်း၏ ငါးပုံ့ လေးပုံ) ကာလပတ်လုံး တည်နေတော်မူလျက် များစွာသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို သံသရာရေအယဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ထုတ်ဆယ် ကယ်တင်တော်မူခဲ့၏။

     ဣန္ဒြေရင့်ကျက်သော သတ္တဝါတို့ကို အကြွင်းအကျန်မထား ကိုယ်တော်မြတ် သက်တော်ထင်ရှားရှိစဉ်မှာပင် သစ္စာလေးပါးတရားကို သိစေပြီးလျှင် ထိုမှကြွင်းကျန်သော အခြား လူနတ်ဗြဟ္မာ သတ္တဝါတို့ကို သစ္စာလေးပါးတရားကို သိရစ်ကြရန် အဆုံးအမ ဩဝါဒတရား ဟောကြားတော်မူ၍ ထိုပဒုမမြတ်စွာဘုရားသည် သာဝကများစွာ ရဟန္တာအရှင်မြတ်တို့နှင့်တကွ ပရိနိဗ္ဗာန် ဝင်စံ ချုပ်ငြိမ်းတော်မူလေပြီ။

     လောက၌ မြွေနဂါးသည် အရေဟောင်းကို စွန့်သကဲ့သို့၎င်း၊ သစ်ပင်သည် အရွက်ဟောင်းကို စွန့်သကဲ့သို့၎င်း၊ တပြောင်ပြောင် ထွန်းပကာ မီးစာကုန်သဖြင့် ငြိမ်းအေးသွားသော မီးကဲ့သို့၎င်း၊ ပဒုမမြတ်စွာဘုရားသည် အလုံးစုံသော အတွင်းအပ သင်္ခါရတရားတို့ကို ပယ်စွန့်တော်မူကာ ငြိမ်းစဲ အေးချမ်းသွားတော်မူလေပြီ။

     ဤသို့လျှင် မာရ်ငါးပါးကိုအောင်မြင်တော်မူသော ပဒုမမြတ်စွာဘုရားသည် ဓမ္မာရာမမည်သော အရာမ်ကြီးအတွင်း၌ ပရိနိဗ္ဗာန် စံတော်မူ၏၊ ဓာတ်တော်များမှာ ရှေး၌ ဆိုအပ်ပြီးသည့်နည်းတူ အဓိဋ္ဌာန်တော်မူချက်အရ အစိတ်စိတ် အမြွာမြွာ ကွဲပြားပြီးလျှင် ဇမ္ဗူဒိပ်ကျွန်းတခွင်၌ အနှံ့အပြား တည်ရှိကြ၍ လူနတ်ဗြဟ္မာ သတ္တဝါတို့၏ အပူဇော်ကို ခံယူတော်မူကြလေကုန်သတည်း။

ပဒုမဗုဒ္ဓဝင် ပြီး၏။

**********