နာရဒဗုဒ္ဓဝင်

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
၉- နာရဒဗုဒ္ဓဝင်

၃၈၁

၉-နာရဒဗုဒ္ဓဝင်

     ပဒုမမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်တော်မူပြီးသည့်နောက် လူတို့၏ အသက်တမ်း အနှစ် (၁ဝဝဝဝဝ) တသိန်းမှ တဖြည်းဖြည်း ဆုတ်ယုတ်ကာ (၁၀) ဆယ်နှစ်တမ်းသို့ရောက်၍ တဖန် တိုးတက်ပြန်ကာ အသင်္ချေတမ်းသို့ ရောက်ပြီးလျှင် နောက်ထပ် ဆုတ်ယုတ်ပြန်၍ အသက် (၉၀၀၀၀) ကိုးသောင်းတမ်းသို့ ရောက်သောအခါ နာရဒမြတ်စွာဘုရား အလောင်းတော်သည် လေးအသင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ဓမ္မတာအတိုင်း တုသိတာနတ်ပြည်၌ စံနေတော်မူစဉ် ဘုရားဖြစ်ရန် နတ်ဗြဟ္မာအပေါင်းတို့၏ တောင်းပန်ချက်ကို ဝန်ခံတော်မူ၍ လူ့ပြည်သို့ ဆင်းသက်ကာ ဓညဝတီမြို့တော် သုဒေဝစကြာမင်းကြီး၏ အနောမာအမည်ရှိသော မိဖုရားကြီး၏ဝမ်းတိုက်၌ ပဋိသန္ဓေ နေတော်မူ၍ ဆယ်လလွန်မြောက် အချိန်သို့ရောက်သောအခါ ဓနဉ္ဇယဥယျာဉ်တော်အတွင်း၌ ဖွားမြင်တော်မူလေသည်။

(အလောင်းတော် ပဋိသန္ဓေ နေတော်မူသောအခါ ဖွားမြင်သော အခါတို့၌ ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း နိမိတ်ကြီးများ အံ့ဩဖွယ်ကြီးများ ထင်မြဲ ထင်ကုန်၏။)

     အလောင်းတော်မင်းသားကို အမည်မှည့်အံ့သောနေ့၌ အမည်မှည့်အံ့ဆဲဆဲတွင် ဇမ္ဗူဒိပ် တကျွန်းလုံး၌ လူတို့သုံးဆောင်ခြင်းငှါ လျောက်ပတ်သော အဝတ်တန်းဆာ အမျိုးမျိုးတို့သည် မိုယ်းကြီး ရွာချသည့်ပမာ ကောင်းကင် ပဒေသာပင် စသည်တို့မှ အလိုလို ကြွေကျကုန်ရကား အမည်မှည့်ကြမည့် ပညာရှိတို့သည် နာရ= လူတို့အား လျောက်ပတ် ထိုက်တန်သည့် အဝတ်တန်းဆာ စသည်ကို ဒ= ပေးတတ်သည်ဟူသော အနက်ကို အစွဲပြုကာ နာရဒမင်းသားဟူသော အမည်ကို မှည့်ခေါ်ကြလေကုန်သည်။

ထီးနန်းစိုးစံတော်မူခြင်း

     အလောင်းတော် နာရဒမင်းသားသည် အရွယ်သို့ ရောက်သောအခါ (၁) ဇိတရွှေနန်းဆောင်၊ (၂) ဝိဇိတရွှေနန်းဆောင်၊



၃၈၂

(၃) အဘိရာမရွှေနန်းဆောင် တည်းဟူသော ရွှေနန်းမ သုံးဆောင်တို့၌ ဝိဇိတသေနာမိဖုရားကြီး အမှူးရှိသော မောင်းမအပေါင်း (၁၂၀၀၀၀) တသိန်းနှစ်သောင်းတို့၏ ဖျော်ဖြေလုပ်ကျွေး ပြုစုခြင်းကို ခံယူလျက် နှစ်ပေါင်း (၉ဝဝဝ) ကိုးထောင်တို့ ကာလပတ်လုံး နတ်စည်းစိမ်နှင့်တူသော စည်းစိမ်ချမ်းသာကို ခံစားတော်မူကာ ထီးနန်းစိုးစံတော်မူ၏။

တောထွက်တော်မူခြင်း

     ဤသို့ ထီးနန်းစိုးစံတော်မူရာ ဝိဇိတသေနာ မိဖုရားကြီးမှ နန္ဒုတ္တရမည်သော သားတော်ကို ဖွားမြင်သောအခါ နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူ၍ စစ်အင်္ဂါလေးပါး ခြံရံကာ အလောင်းတော်သည် အထူးထူးသော အဝတ်တန်းဆာ နံ့သာ ပန်းမာလ် စသည်တို့ဖြင့် တန်းဆာဆင်ယင်လျက် မင်္ဂလာဥယျာဉ်တော်သို့ ခြေလျင် ထွက်ကြွတော်မူကာ အဆင်တန်းဆာတို့ကိုချွတ်၍ ဘဏ္ဍာစိုး၏လက်၌ အပ်နှင်းတော်မူပြီးလျှင် လက်သုံးတော် သန်လျက်ဖြင့် ကိုယ်တော်တိုင် ဆံကိုပယ်တော်မူ၍ ကောင်းကင်သို့ ပစ်လွှင့်လေသည်။

     ထိုဆံတော်ကို သိကြားနတ်မင်းသည် ရွှေပန်းတောင်းဖြင့် ခံယူ၍ တာဝတိံသာနတ်ပြည် (မြင်းမိုရ်တောင်ထိပ်)၌ သုံးယူဇနာ အမြင့်ရှိသည့် ရတနာခုနှစ်ပါးဖြင့်ပြီးသော စေတီတော်ကြီး တည်ထားလေသည်။ အလောင်းတော် မင်းသားကား ဗြဟ္မာလှူဒါန်းသော သင်္ကန်းတို့ကို ဝတ်ရုံ ဆင်မြန်းတော်မူကာ ထိုမင်္ဂလာ ဥယျာဉ်တော်အတွင်း၌ပင် ရဟန်းပြုတော်မူသည်။ အလောင်းတော်မင်းသား ရဟန်းပြုသည်ကို အတုလိုက် (အားကျ)ကာ ယောက်ျားပေါင်း တသိန်းတို့ ရဟန်းပြုကြလေသည်။

(ဤ၌ အထူးသတိပြုသင့်သော အချက်တခုမှာ.. နာရဒဘုရားအလောင်းတော်မှ တပါးသော ဘုရားအလောင်းတော်တို့မှာ နိမိတ်ကြီးလေးပါးတို့ကို မင်္ဂလာဥယျာဉ်တော်အတွင်း၌ အပျော်အပါးသဘောဖြင့် လှည့်လည် ထွက်ရှုတော်မူရင်း တွေ့မြင်ရခြင်းဖြစ်သည်။ ထိုသို့

၃၈၃

တွေ့မြင်ရသဖြင့် သတိသံဝေဂ ရတော်မူကြကာ မူလလှည့်လည်နေကျ မင်္ဂလာဥယျာဉ်တော်သို့ တောထွက်ကြခြင်းမဟုတ်ပဲ ခရီးဝေးကွာလှသည့် တောတောင်ကြီးများသို့သာ တောထွက်တော်မူကြခြင်းဖြစ်၍ ထိုအလောင်းတော်များ၏ နိမိတ်ကြီးလေးပါးကို မြင်ရာအရပ်နှင့် တောထွက်ရာအရပ်သည် တပါးစီသာ ဖြစ်ကုန်၏။ ခရီးဝေးကွာသောကြောင့်ပင် ဆင် မြင်း ရထားစသော ယာဉ်ကိုစီး၍ တောထွက်ကြခြင်း ဖြစ်ပေ၏။

အလောင်းတော် နာရဒမင်းသားမှာကား နိမိတ်ကြီးလေးပါးကို မြင်ရာမှာလည်း မင်္ဂလာဥယျာဉ်တော်မှာ မြင်၍ ထိတ်လန့်သံဝေဂ ရရှိကာ တောထွက်တော်မူရာမှာလည်း ဤမင်္ဂလာဥယျာဉ်ပင် ဖြစ်သင့်သည်ကို သတိပြုရာ၏။ ထိုဥယျာဉ်ကို မြို့၏အပြင် ဓနဉ္ဇယဥယျာဉ်ဟူ၍ အဋ္ဌကထာ၌ ဖွင့်ပြထားသည်။)

ဘုရားဖြစ်တော်မူခြင်း

     နာရဒမြတ်စွာဘုရား အလောင်းတော်သည် ထိုမင်္ဂလာဥယျာဉ်တော် အတွင်းမှာပင် ခုနစ်ရက်ပတ်လုံး ဒုက္ကရစရိယာအကျင့်ကို ကျင့်တော်မူ၍ ကဆုန်လပြည့် ဘုရားဖြစ်မည့်နေ့ဝယ် ဝိဇိတသေနာ မိဖုရားကြီး လှူဒါန်းအပ်သော ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ထိုမင်္ဂလာဥယျာဉ်တော်၌ပင် နေ့သန့် (နေခို)တော်မူ၍ ညနေချမ်းအချိန်သို့ ရောက်သောအခါ အခြံအရံ ရဟန်းတို့ကို စွန့်ခွာခဲ့ပြီးမှ ဗောဓိပင်ရှိရာ အရပ်သို့ တပါးတည်း ကြွသွားတော်မူရာ လမ်းခရီး၌ သုဒဿန အမည်ရှိသော ဥယျာဉ်မှူး လှူဒါန်းအပ်သည့် မြက်ရှစ်ဆုပ်တို့ကို ခံတော်မူခဲ့၍ မဟာဗောဓိ ကြောင်လျှာကြီး (ကြောင်လျှာနီ)ပင်၏အရင်း ဖြန့်ခင်းလိုက်သည်နှင့် တပြိုင်နက် (၅၇) ငါးဆယ့်ခုနှစ်တောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်လာရာ ထိုပလ္လင်ထက်၌ ထက်ဝယ်ဖွဲခွေ စံနေတော်မူ၍ အင်္ဂါလေးပါးရှိသော ဝီရိယကို ဆောက်တည်တော်မူကာ ရှေး၌ ဆိုအပ်ပြီးသည့်အတိုင်း မာရ်စစ်သည်ဗိုလ်ပါကို မှုတ်လွှင့်ပယ်နှင်၍ သဗ္ဗညုတဉာဏ်ရှင် သမ္မာသမ္ဗုဒ္ဓ သုံးလောကထွတ်ထား ဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။



၃၈၄

(နာရဒမြတ်စွာဘုရား ပွင့်တော်မူရာ မဟာဗောဓိ ကြောင်လျှာကြီးပင် (ကြောင်လျှာနီပင်)၏ အကြောင်းကို ဗုဒ္ဓဝင်အဋ္ဌကထာ၌ “ထို ကြောင်လျှာနီပင်သည် အတောင်ကိုးဆယ် အမြင့်ရှိ၏၊ ညီညွတ် လုံးချောသော ပင်စည်ရှိ၏၊ ပြည့်စုံသည့် အထူးထူးအပြားပြားသော အခွ အကိုင်း အခက်ရှိ၏၊ စိမ်းလဲ့ထူထဲ ပြန့်ပြောသော အရွက်ရှိ၏၊ စိပ်သောအရိပ် စပ်သောအရိပ် ရှိ၏။ ရုက္ခစိုးနတ် ထိန်းစောင့်အပ်သောကြောင့် မည်သည့်ငှက်မျိုးမှ ဗောဓိပင်ဝယ် မလှည့်လည် မကျက်စားနိုင်ကြပဲ မြေအပြင်၌ မှန်ကူသဖွယ်ဖြစ်၍ သစ်ပင်မင်းအဖြစ်ကို ပြုသည့်ပမာ အလွန် မွေ့လျော်ဖွယ် ကြည့်ရှုချင်ဖွယ်ကောင်း၍ နီမြန်းသော အပွင့်တို့ဖြင့် တန်းဆာဆင်အပ်သော အလုံးစုံသော အကိုင်းရှိ၏။ သို့ရကား နတ်လူတို့မျက်စိဝယ် ရသာယန အသက်ရှည်ဆေးသဖွယ် ဖြစ်ပေ၏”ဟု ဖွင့်ပြထားသည်။)

တရားပွဲကြီး သုံးကြိမ်

     နာရဒ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးသည့်နောက် မဟာဗောဓိ (ကြောင်လျှာကြီး)ပင်၏ အနီးမှာပင် သတ္တသတ္တာဟ= (လေးဆယ့်ကိုးရက်) စံနေတော်မူပြီးလျှင် တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ခြင်းကို လက်ခံတော်မူ၍ “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း”ဟု ဆင်ခြင်တော်မူသည်ရှိသော် ကိုယ်တော်မြတ်နှင့် အတူတကွ ရဟန်းပြုကြသည့် တသိန်းသော ရဟန်းတို့ကို မဂ်ဖိုလ်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံကြသည်ကို မြင်တော်မူ၍ “ထိုသူတို့အား ရှေးဦးစွာ တရားဟောအံ့”ဟု ကြံစည် ဆုံးဖြတ်တော်မူပြီးလျှင် “ယခုအခါ ထိုရဟန်းတို့သည် အဘယ်အရပ်၌ နေကုန်သနည်း”ဟု ကြည့်ရှု ဆင်ခြင်တော်မူပြန်သော် ဓနဉ္ဇယဥယျာဉ်ကြီး၌ နေကုန်၏ဟု မြင်တော်မူလျှင် သပိတ်သင်္ကန်းကို ယူဆောင်တော်မူ၍ ထိုရဟန်းတို့နေရာ ဓနဉ္ဇယဥယျာဉ်ကြီးသို့ ကောင်းကင်ခရီးဖြင့် ခဏခြင်း ကြွသွားတော်မူ၏။

     ထိုအခါ တသိန်းသော ရဟန်းတို့သည် နာရဒမြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးမှပင် မြင်ကြ၍ ကြည်ညိုလှသောစိတ်ဖြင့် မြတ်စွာဘုရားကို ခရီးဦးကြိုဆိုခြင်း သပိတ်သင်္ကန်းတော်ကို



၃၈၅

လှမ်းယူခြင်း နေရာတော်ကို ခင်းကျင်းခြင်း အရိုအသေ ရှိခိုးဝတ်ပြုခြင်း ကိစ္စတို့ကို ပြုလုပ်ကြ၍ မြတ်စွာဘုရားကို ခြံရံလျက် သင့်တင့်လျောက်ပတ်ရာက နေကြကုန်၏။ ထိုအခါ နာရဒ မြတ်စွာဘုရားသည် မိမိနှင့် ရဟန်းပြုဖက်ဖြစ်ကြသည့် တသိန်းသော ရဟန်းတို့ ခြံရံလျက် လူနတ်ဗြဟ္မာ သတ္တဝါ ပရိသတ်တို့အလယ်၌ ရှေးရှေးဘုရားတို့ ဟောကြားတော်မူကြမြဲဖြစ်သော ဓမ္မစက္ကပဝတ္တနသုတ် ဒေသနာကို ဟောကြားတော်မူ၏။ ထိုအခါ လူနတ်ဗြဟ္မာပေါင်း ကုဋေတသိန်းတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား ရှေးဦးအစ ဓမ္မာဘိသမယ ပဌမတရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါးဝယ် ဒေါဏအမည်ရှိသော နဂါးမင်းသည် မဟာဒေါဏမြို့၏အနီး ဂင်္ဂါမြစ်ကမ်း၌ စိုးမိုး၍နေ၏၊ တန်းခိုးအာနုဘော် ကြီးလှ၏၊ လူအပေါင်းတို့က ရိုသေလေးမြတ် ပူဇော်အပ်၏။ ထိုအရပ်၌ နေသောသူတို့သည် အကယ်၍ နဂါးမင်းကို ပူဇော်သက္ကာရမှု မပြုကြငြားအံ့၊ ထိုသူတို့၏ နေရာအရပ်ကို မိုဃ်း လုံးဝ မရွာစေခြင်းဖြင့်သော်၎င်း၊ အလွန် မိုဃ်းရွာစေခြင်းဖြင့်သော်၎င်း၊ ကျောက်စရစ်မိုဃ်းသီး ရွာစေခြင်းဖြင့်သော်၎င်း ပျက်စီးစေ၏။

     ထိုအခါ နိဗ္ဗာန်တည်းဟူသော ကမ်းတဖက်ကို မြင်တော်မူသော နာရဒ မြတ်စွာဘုရားသည် ဒေါဏနဂါးမင်းအား ကိုယ်တော်မြတ် သွားရောက်ဆုံးမလျှင် မဂ်ဖိုလ်နိဗ္ဗာန်ရကြောင်း ရှေးကောင်းမှုနှင့် ပြည့်စုံကြသဖြင့် မုချ မဂ်ဖိုလ်နိဗ္ဗာန်ကို ရကြမည့် များစွာသော လူအပေါင်းကို မြင်တော်မူ၍ ရဟန်းများစွာ ခြံရံလျက် နဂါးမင်း၏ နေရာဌာနသို့ ကြွတော်မူ၏။

     ထိုအခါ လူအပေါင်းတို့သည် မြတ်စွာဘုရားကို မြင်ကြလျှင် “ဘုန်းတော်ကြီးမြတ်သော မြတ်စွာဘုရား.. ဤအရပ်၌ လျင်သော အဆိပ်ထက်သော တန်းခိုးကြီးမားသော အာနုဘော်ရှိသည့် နဂါးမင်းသည် စိုးမိုးသောင်းကျန်းနေပါ၏၊ ထိုနဂါးမင်း၏ အညှဉ်းဆဲ မခံရရန် ဤအရပ်သို့ ကြွတော်မမူပါလင့်”ဟု တောင်းပန်လျှောက်ထားကြကုန်၏။ မြတ်စွာဘုရားသည် ထိုသူတို့၏စကားကို



၃၈၆

မကြားသကဲ့သို့ပင် ကြွတော်မူ၍ ထိုအရပ်၌ နဂါးမင်းအား အရိုအသေ ပူဇော်မှုပြုဖို့ရန် ခင်းထားအပ်သော ပန်းအခင်းထက်၌ ထိုင်နေတော်မူ၏။

     လူများအပေါင်းသည် “ရဟန်းမင်း ဖြစ်တော်မူသော မြတ်စွာဘုရားနှင့် ဒေါဏနဂါးမင်းတို့၏ စစ်ပွဲကို ကြည့်ရကုန်တော့အံ့”ဟု စည်းဝေးကြကုန်၏။ ထိုအခါ နဂါးမင်းသည် မိမိအတွက် ခင်းထားသည့် ပန်းအခင်းထက်၌ မြတ်စွာဘုရား ထိုင်နေသည်ကို မြင်ရလျှင် အမျက်ဒေါသကို ချုပ်တည်း၍ မထားနိုင်တော့ပဲ ကိုယ်ထင်ရှားပြကာ အခိုးလွှတ်လေတော့၏။ မြတ်စွာဘုရားကလည်း အဘိညာဉ်တန်းခိုးဖြင့် အခိုးတဖန် ပြန်၍ လွှတ်တော်မူ၏။ တဖန် နဂါးမင်းက မီးတောက်မီးလျှံကို လွှတ်ပြန်သောအခါ မြတ်စွာဘုရားကလည်း အဘိညာဉ်တန်းခိုးဖြင့် မီးတောက်မီးလျှံ ပြန်၍လွှတ်သည်တွင် နဂါးမင်းသည် မြတ်စွာဘုရားကိုယ်တော်မှထွက်သော အခိုးအလျှံတို့ဖြင့် အလွန်ပင်ပန်းလှရကား ဆင်းရဲဒုက္ခကို သည်းမခံနိုင်တော့ပဲ “အဆိပ်အဟုန်ဖြင့် ထိုရဟန်းကို သတ်အံ့”ဟု ကြံစည်ပြီးလျှင် နဂါးအဆိပ်ကို လွှတ်လေတော့သည်။

     ထိုနဂါးလွှတ်လိုက်သော အဆိပ်သည် ဇမ္ဗူဒိပ် တကျွန်းလုံးကိုပင် ပျက်စေနိုင်လောက်အောင် ပြင်းထန်သော်လည်း မြတ်စွာဘုရား၏ ကိုယ်တော်၌ကား မွေးညင်းတော် တပင်ကိုမျှ တုန်လှုပ်စေခြင်းငှါ မစွမ်းနိုင်ပေ။ ထိုအခါ နဂါးမင်းသည် “ရဟန်းကြီးသည် ဘယ်လိုဖြစ်နေသနည်း” “ရဟန်းကြီး၏ ဖြစ်ပုံကား အသို့နည်း”ဟု ကြည့်ရှုလတ်သော် တန်ဆောင်မုန်းလ သရဒအခါ နေမင်းကဲ့သို့၎င်း လပြည့်ဝန်းကဲ့သို့၎င်း ရောင်ခြည်တော်ခြောက်သွယ်တို့ဖြင့် တင့်တယ်ထွန်းပ ကြည်မြသော မျက်နှာရှိသည့် မြတ်စွာဘုရားကို မြင်လေလျှင် “ဤရဟန်းကြီးသည် တန်းခိုးကြီးစွာ့တကား၊ ငါသည် မိမိအစွမ်းကို မသိခြင်းကြောင့် ပြစ်မှားမိချေပြီ”ဟု ကြံစည်၍ မြတ်စွာဘုရားကို ကိုးကွယ်ဆည်းကပ်ခြင်းသို့ ရောက်လေ၏။ ထိုအခါ နာရဒမြတ်စွာဘုရားသည် ဒေါဏနဂါးမင်းကို ဆုံးမပြီးလျှင် ထိုအရပ်၌ စည်းဝေးကြသော လူအပေါင်း၏စိတ်ကို



၃၈၇

ကြည်လင်စေခြင်းငှါ ရေမီးအစုံအစုံဖြစ်သော တန်းခိုးပြာဋိဟာကို ပြတော်မူလျက် တရားဟောကြားတော်မူလေ၏။ ထိုအခါ ကုဋေ ကိုးသောင်းသော နတ်လူတို့ အရဟတ္တဖိုလ်၌ တည်ကြကုန်၏။

(ဤကား ဒုတိယဓမ္မာဘိသမယ ဒုတိယတရားပွဲကြီးတည်း။)

     ထို့နောက် အခါတပါးဝယ် နာရဒ မြတ်စွာဘုရားသည် မိမိ၏ သားတော်ဖြစ်သော နန္ဒုတ္တရမင်းသားကို ဆုံးမတော်မူ၏။ ထိုအခါ ကုဋေရှစ်သောင်းသော နတ်လူတို့ မဂ်ဖိုလ်တရားထူးကို ရကြကုန်၏။

(ဤကား တတိယဓမ္မာဘိသမယ တတိယတရားပွဲကြီးတည်း။)

**********

သာဝကအစည်းအဝေးကြီး သုံးကြိမ်

ပဌမသန္နိပါတ

     နာရဒ မြတ်စွာဘုရား၏ သာဝကအစည်းအဝေးကြီးတို့မှာ သုံးကြိမ်ရှိရာ ပဌမအကြိမ်၌ ထုလ္လကောဋ္ဌိတမြို့တွင် အဂ္ဂသာဝကအလျာ ဖြစ်ကြသည့် ဘဒ္ဒသာလနှင့် ဝိဇိတမိတ္တ ပုဏ္ဏားလုင် နှစ်ယောက်တို့သည် အမြိုက်တရားတည်းဟူသော ရေအိုင်ကြီးကို ရှာကြကုန်သည်ရှိသော် ပရိသတ်အလယ်၌ ရဲရင့်စွာ ထိုင်နေတော်မူသော နာရဒမြတ်စွာဘုရားကို မြင်ကြကုန်၏။ ထိုပုဏ္ဏားလုင် နှစ်ယောက်တို့သည် မြတ်စွာဘုရား၏ ကိုယ်တော်၌ သုံးဆယ့်နှစ်ပါးသော ယောက်ျားမြတ်တို့၏ လက္ခဏာတော်ကြီးတို့ကို မြင်ရလျှင် “ဤပုဂ္ဂိုလ်ကား လောက၌ ကိလေသာတည်းဟူသော အမိုးကို ဖွင့်လှစ်ပယ်ရှားပြီးသည့် ဘုရားစင်စစ် ဖြစ်၏”ဟု ဆုံးဖြတ်ကြ၍ မြတ်စွာဘုရား၌ သဒ္ဓါတရား ဖြစ်ပွါးကြပြီးခါ အခြံအရံ ပရိသတ်တို့နှင့်တကွ ဘုရားအထံ၌ ရဟန်းပြုကြကုန်၏။ ထိုသူတို့ အရဟတ္တဖိုလ်သို့ ရောက်သောအခါ မြတ်စွာဘုရားသည် ရဟန်းတော်ပေါင်း ကုဋေတသိန်းတို့၏အလယ်၌ ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤကား ရှေးဦးစွာသော သာဝကအစည်းအဝေးကြီးတည်း။)



၃၈၈

ဒုတိယသန္နိပါတ

     ထို့နောက် အခါတပါးဝယ် နာရဒ မြတ်စွာဘုရားသည် ဆွေမျိုးအပေါင်းတို့၏ အစည်းအဝေး၌ ကိုယ်တော်မြတ် ဘုရားဆုကို တောင်းသည်မှစ၍ နိဒါန်းနှင့်တကွ ဗုဒ္ဓဝင်ဒေသနာကို ဟောကြားတော်မူ၏။ ထိုအခါ ရဟန္တာပေါင်း ကုဋေကိုးသောင်းတို့ စည်းဝေးမိကြကုန်၏။

(ဤကား ဒုတိယ သာဝကအစည်းအဝေးကြီးတည်း။)

တတိယသန္နိပါတ

     ထို့နောက် အခါတပါးဝယ် မဟာဒေါဏနဂါးမင်းကို ဆုံးမတော်မူရာတွင် အလွန်လျှင် ကြည်ညိုစိတ်ရှိသော ဝေရောစန အမည်ရှိသော နဂါးမင်းသည် ဂင်္ဂါမြစ်ကမ်းအနီး၌ သုံးဂါဝုတ်မျှ ပမာဏရှိသော ရတနာမဏ္ဍပ်ကြီးကို ဖန်ဆင်းပြီးလျှင် အခြံအရံ သံဃာတော်နှင့်တကွ မြတ်စွာဘုရားကို ထိုရတနာမဏ္ဍပ်အတွင်း၌ သီတင်းသုံး နေတော်မူစေ၍ မိမိ၏ အခြံအရံပရိသတ်နှင့်တကွ ဇနုပုဒ်နေသူ လူအပေါင်းတို့ကိုလည်း မိမိ၏ အလှူမဏ္ဍပ်ကို လာရောက်ကြည့်ရှုကြရန် ဖိတ်ကြားပြီးနောက် အထူးထူး အပြားပြားသော အသွင်အပြင် အဆင်တန်းဆာကို ဆောင်ကြသည့် နဂါးကချေသည်အပေါင်းတို့ကို တီးမှုတ်ကခုန် သီဆိုစေလျက် ခြိမ့်ခြိမ့်သဲသဲ ပူဇော်ပွဲသဘင် ဆင်ယင်ကျင်းပကာ အခြံအရံသံဃာတော်နှင့် တကွသော နာရဒမြတ်စွာဘုရားအား အလှူကြီးကို ပေးလှူလေသည်။

     ဆွမ်းကိစ္စ ပြီးဆုံးသောအခါ မြတ်စွာဘုရားသည် ဆွမ်းအနုမောဒနာတရား ဟောကြားတော်မူ၏၊ လူအပေါင်းတို့သည် ဆွမ်းအနုမောဒနာတရားကို ကြားနာရလျှင် သဒ္ဓါကြည်ညိုလှသဖြင့် မြတ်စွာဘုရားထံ ရဟန်းပြုရန် ခွင့်တောင်းကြသည်တွင် မြတ်စွာဘုရားက ဧဟိဘိက္ခု ခေါ်တော်မူ၍ ရဟန်းဖြစ်ကြလေသည်။ ထိုအခါ ဧဟိဘိက္ခု ရဟန်းတော်ပေါင်း ရှစ်သန်းတို့၏အလယ်၌ မြတ်စွာဘုရားသည် ဩဝါဒပါတိမောက်ကို ပြတော်မူသည်။

(ဤကား တတိယ သာဝကအစည်းအဝေးကြီးတည်း။)

**********



၃၈၉

ဂေါတမမြတ်စွာဘုရားအလောင်း အဘိညာဉ်ရ ရသေ့ဖြစ်၍ ဗျာဒိတ်ခံခြင်း

     ထိုအခါ ငါတို့မြတ်စွာဘုရား အလောင်းတော်သည် ရသေ့ဖြစ်၍ ဟိမဝန္တာတောင်ယံ၌ သင်္ခမ်းကျောင်းကို တည်ထောင်ဖန်ဆင်းကာ အဘိညာဉ်ငါးပါး သမာပတ်ရှစ်ပါးတို့၌ လေ့လာနိုင်နင်းသည်ဖြစ်၍ နေတော်မူ၏။ ထိုအခါ အလောင်းတော် ရသေ့သူမြတ်၌ ငဲ့ညှာထောက်ထား သနားသဖြင့် နာရဒမြတ်စွာဘုရားသည် ရဟန္တာပေါင်း ကုဋေရှစ်ဆယ် အနာဂံဥပါသကာ ဒါယကာပေါင်း တသောင်းတို့ ခြံရံလျက် အလောင်းတော် ၏ သင်္ခမ်းကျောင်းသို့ ကြွရောက်တော်မူ၏။

     အလောင်းတော် ရသေ့သူမြတ်သည် မြတ်စွာဘုရားကို ဖူးမြော်ရ၍ ဝမ်းမြောက်သော စိတ်နှလုံးရှိလျက် အခြံအရံ ပရိသတ်နှင့်တကွ မြတ်စွာဘုရား သီတင်းသုံးတော်မူရန် သင်္ခမ်းကျောင်းကို ဖန်ဆင်းပြီးလျှင် ထိုသင်္ခမ်းကျောင်း၌ မြတ်စွာဘုရားကို အခြံအရံနှင့်တကွ သီတင်းသုံးတော်မူစေ၍ တညဉ့်ပတ်လုံး မြတ်စွာဘုရား၏ ဂုဏ်ကျေးဇူးတော်အစုကို ချီးကျူးလျှောက်ဆိုကာ မြတ်စွာဘုရား၏ တရားတော်ကို နာကြားပြီး နောက်တနေ့နံနက်၌ မြောက်ကျွန်းသို့ (အဘိညာဉ်ဖြင့်) သွားရောက်ကာ ဆွမ်းစသော အစာအာဟာရကို ဆောင်ယူခဲ့၍ အခြံအရံ သံဃာပရိသတ် ဥပါသကာပရိသတ်နှင့် တကွသော မြတ်စွာဘုရားအား ဆွမ်းအလှူကြီးကို ပေးလှူလေသည်။

     ဤနည်းနှင်နှင် ခုနစ်ရက်ပတ်လုံး ဆွမ်းအလှူကြီးကို ပေးလှူပြီးနောက် ဟိမဝန္တာမှ အဖိုးများစွာ ထိုက်တန်သော စန္ဒကူးနံ့သာနီကို ဆောင်ယူကာ ထိုစန္ဒကူးနံ့သာနီဖြင့် မြတ်စွာဘုရားအား လှူဒါန်း ပူဇော်ပြန်လေသည်။ ထိုအခါ အလောင်းတော် ရှင်ရသေ့ကို နာရဒမြတ်စွာဘုရားသည် တရားစကား ဟောကြားပြီးလျှင်



၃၉၀

“နောက်အခါ၌ ဂေါတမ အမည်တော်ရှိသော ဘုရားစင်စစ် ဖြစ်လတ္တံ့”ဟု ဗျာဒိတ်စကား ကြားတော်မူလေသည်။

(ဗျာဒိတ်ကြားတော်မူပုံမှာ ဒီပင်္ကရာမြတ်စွာဘုရား ဗျာဒိတ်ကြားသကဲ့သို့ပင် အပြည့်အစုံ ဖြစ်သည်။)

     နာရဒမြတ်စွာဘုရား၏ဗျာဒိတ်စကားကိုကြားရလျှင် အလောင်းတော် ရှင်ရသေ့သည် လွန်မင်းစွာ မိမိစိတ်ကို ရွှင်လန်းစေ၍ ပါရမီဆယ်ပါးတို့ကို တိုးတက်ဖြည့်ကျင့်ရန် မြဲမြံစွာ ဆောက်တည်တော်မူလေသည်။

မြို့တော်စသည်ကို ပြဆိုချက်

     နာရဒမြတ်စွာဘုရား၏ ဖွားမြင်တော်မူရာ မြို့တော်မှာ ဓညဝတီမြို့တော်ဖြစ်၍ ခမည်းတော်မှာ သုဒေဝစကြာမင်းကြီး, မယ်တော်မှာ အနောမာဒေဝီ မိဖုရားကြီးတို့ ဖြစ်ကြသည်။

     ထီးနန်းစိုးအုပ် မင်းပြုလုပ်သော နှစ်ပေါင်းမှာ (၉၀၀၀) ကိုးထောင်ဖြစ်၍ စံနန်းတော် သုံးဆောင်တို့မှာ ဇိတစံနန်းတော်, ဝိဇိတစံနန်းတော်, အဘိရာမစံနန်းတော်တို့ ဖြစ်ကုန်၏။

     အဂ္ဂဒေဝီ မဟေသီမိဖုရားမှာ လေးသောင်းသုံးထောင်သော မောင်းမမိဿံ အခြံအရံရှိသည့် ဝိဇိတသေနာမိဖုရားကြီးဖြစ်၍ သားတော်မှာ နန္ဒုတ္တရမင်းသား ဖြစ်လေသည်။

     နိမိတ်ကြီးလေးပါးကို မြင်တော်မူ၍ ယာဉ်မစီးပဲ ခြေလျင်သာ တောထွက်တော်မူပြီးလျှင် ခုနစ်ရက်ကြာ ဒုက္ကရစရိယာ ကျင့်တော်မူရသည်။

     အဂ္ဂသာဝက အစုံတို့မှာ ဘဒ္ဒသာလမထေရ်နှင့် ဝိဇိတမိတ္တမထေရ်တို့ ဖြစ်ကြ၍ အလုပ်အကျွေးမှာ ဝါသေဋ္ဌမထေရ် ဖြစ်လေသည်။

     အဂ္ဂသာဝိကာ အစုံတို့မှာ ဥတ္တရာထေရီမနှင့် ဖဂ္ဂုနီထေရီမတို့ ဖြစ်ကြပြီးလျှင် ပွင့်တော်မူရာ ဗောဓိပင်ကား ကြောင်လျှာကြီးပင် (ကြောင်လျှာနီပင်)ဗောဓိ ဖြစ်လေသည်။



၃၉၁

     မြတ်သော အလုပ်အကျွေး ဒါယကာတို့မှာ ဥဂ္ဂရိန္ဒသူဌေးနှင့် ဝသဘသူဌေးတို့ ဖြစ်ကြ၍ မြတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ ဣန္ဒာဝရီဥပါသိကာနှင့် ၀ဏ္ဍီ (ဂဏ္ဍီ) ဥပါသိကာတို့ ဖြစ်ကြသည်။

     နာရဒမြတ်စွာဘုရား၏ အရပ်တော်မှာ (၈၈) ရှစ်ဆယ့်ရှစ်တောင် မြင့်လျက် ပူဇော်ဖွယ်ရာ စီမံထားသည့် ရွှေတိုင်ကြီးအလား ဇာတိခေတ် စကြဝဠာတိုက်ပေါင်း တသောင်းတွင် တင့်တယ်တော်မူသည့်ပြင် ကိုယ်တော်မှထွက်သော ရောင်ခြည်တော်သည်ကား ထိုမှဤမှ ထွက်ကြွကွန့်မြူးလျက် နေ့ညဉ့်ဆက်စပ် အကြားမလပ်အောင် တယူဇနာတိုင်တိုင် ပျံ့နှံ့တော်မူပေ၏။

     နာရဒမြတ်စွာဘုရား ထင်ရှားရှိစဉ် ထိုအခါ၌ မြတ်စွာဘုရား၏ ရောင်ခြည်တော် လွှမ်းမိုး ထွန်းလင်းခြင်းကြောင့် တယူဇနာအတွင်း နေထိုင်ကြသူ လူအပေါင်းတို့သည် မီးရှူးမီးတိုင်တို့ကို မညှိမထွန်းကြရကုန်။

     နာရဒမြတ်စွာဘုရား ပွင့်တော်မူရာ အသက်တမ်းမှာ အနှစ် (၉ဝဝဝဝ) ကိုးသောင်းတမ်းဖြစ်၍ ထိုမျှလောက် (အသက်တမ်း၏ ငါးပုံ့ လေးပုံ) ကာလပတ်လုံး တည်နေတော်မူလျက် များစွာသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို သံသရာရေအယဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ထုတ်ဆယ် ကယ်တင်တော်မူခဲ့၏။

     အဇဋာပြင် မိုးကောင်းကင်ကြီးသည် ကြယ်နက္ခတ်တာရာတို့ဖြင့် အဆန်းတကြယ် တင့်တယ်သကဲ့သို့ ထို့အတူ နာရဒမြတ်စွာဘုရား၏ သာသနာတော်သည် ရဟန္တာအရှင်မြတ်တို့ဖြင့် ဆန်းကြယ် တင့်တယ်လှပေ၏။

     (ရဟန္တာပုဂ္ဂိုလ်တို့မှ) ကြွင်းကျန်သော ပုထုဇန်နှင့်တကွ သေက္ခပုဂ္ဂိုလ်တို့ သံသရာရေအယဉ်ကို အလွယ်တကူ ကူးမြောက်နိုင်ကြရန် မဂ်တရားတည်းဟူသော တံတားကြီးကို မြဲမြံခိုင်ခံ့စွာ တည်ဆောက်တော်မူပြီးလျှင် ကိုယ်တော်မြတ်ပြုလုပ်ရန်



၃၉၂

ဗုဒ္ဓကိစ္စအဝဝ ပြီးဆုံးပြီဖြစ်ရကား နာရဒမြတ်စွာဘုရားသည် သာဝကများစွာ ရဟန္တာ အရှင်မြတ်တို့နှင့်တကွ ပရိနိဗ္ဗာန် ဝင်စံချုပ်ငြိမ်း ဘုံဇာတ်သိမ်းတော်မူလေပြီ။

သံဝေဂ

အတုမရှိသော ဘုရားရှင်တို့နှင့်သာ တူတော်မူသော ထို နာရဒမြတ်စွာဘုရားသည်၎င်း, အတုမရှိသော တန်းခိုးအာနုဘော်နှင့် ပြည့်စုံတော်မူကြသည့် ထိုရဟန္တာသခင် အရှင်မြတ်တို့သည်၎င်း ထိုအလုံးစုံသည် ချုပ်ဆုံး ကွယ်ပျောက်ခဲ့လေပြီ၊ ခပ်သိမ်းသော သင်္ခါရတရားတို့သည် မြဲခိုင်သော အနှစ်သာရမရှိ အချည်းနှီးသာ ဖြစ်ကုန်စွာ့တကား..။

စေတီတော်

     ဤသို့လျှင် မာရ်ငါးပါးကိုအောင်မြင်တော်မူသောနာရဒမြတ်စွာဘုရားသည် သုဒဿနမြို့တော်၌ ပရိနိဗ္ဗာန် စံလွန်တော်မူ၏။ ထိုမြို့၌ပင်လျှင် (ရှေး ဆိုအပ်ပြီးသည့်အတိုင်း) တည်ထားအပ်သော နာရဒမြတ်စွာဘုရား၏ စေတီတော်မြတ်ကြီးသည် လေးယူဇနာ အမြင့်ရှိလေသည်။

နာရဒဗုဒ္ဓဝင် ပြီး၏။

**********