နန္ဒိယမိဂရာဇဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၃၈၅။ နန္ဒိယမိဂရာဇဇာတ် (၆-၁-၁၀)

ဆက္ကနိပါတ် - အဝါရိယဝဂ်

၁၀။ နန္ဒိယမိဂရာဇဇာတ်

မိဘကို အသက်နှင့်လဲ၍ လုပ်ကြွေးခြင်းအကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည်သစေ ဗြာဟ္မဏ ဂစ္ဆသိ အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤနန္ဒိယမိဂရာဇဇတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်းသုံး နေတော်မူစဉ် အမိကိုလုပ်ကျွေးသော ရဟန်းတစ်ပါးကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း... သင်သည် လူတို့ကို လုပ်ကျွေးသတတ်ဟူသည် မှန်သလောဟု မေးတော်မူလတ်၍ အရှင်ဘုရား... မှန်ပေ၏ ဟု လျှောက်သည်ရှိသော် သင်သည် အဘယ်သူတို့ကို လုပ်ကျွေးသနည်း ဟု မေးတော်မူသည်ရှိသော် ဘုန်းတော်ကြီးသော အရှင်ဘုရား... အမိအဘတို့ကို လုပ်ကျွေးပါ၏ ဟု နားတော် လျှောက်သည်ရှိသော် ရဟန်း... ကောင်းစွ၊ ကောင်းစွ၊ ရှေးပညာရှိတို့၏ အနွယ်ကို စောင့်ပေ၏။ ရှေးပညာရှိတို့သည် တိရစ္ဆာန်အမျိုး၌ ဖြစ်၍လည်း မိဘတို့အား အသက်ကို ပေးဖူးကုန်၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ကောသလတိုင်း သာကေတမြို့၌ ကောသလမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သမင်အမျိုး၌ ဖြစ်၏။ အရွယ်သို့ ရောက်လတ်သော် နန္ဒိယမိဂဟူသော အမည်ရှိသည်ဖြစ်၍ သီလ အကျင့်နှင့်ပြည့်စုံ သည်ဖြစ်၍ မိဘတို့ကိုမွေး၏။ ထိုအခါ ကောသလမင်းသည် သမင်ကို နှစ်သက်တတ်၏။ လူတို့အား လယ်လုပ်ခြင်းအမှု အစရှိသည်တို့ကို ပြုစိမ့်သောငှာ မပေးမူ၍ များစွာသော အခြံအရံရှိသည်ဖြစ်၍ နေ့တိုင်း သမင်သတ်အံ့သောငှာ သွား၏။

သမင်တို့ကို ခြံသွင်းခြင်း

လူတို့သည် စည်းဝေးကုန်၍ အရှင်တို့ ဤမင်းသည်တို့အား အမှုပြတ်ခြင်းကိုပြု၏။ အိမ်၌ အမှုသည် ပျက်စီး၏။ ငါတို့သည် ဖောက်ကြံ့တော ဥယျာဉ်ကိုခြံရံ၍ တံခါးကိုယှဉ်၍ ရေကန်တူး၍ မြက်တို့ကို ရောက်စေ၍ လှံတံ ဆောက် ပုတ် အစရှိသည်ကို လက်စွဲကုန်လျက် တောသို့ဝင်၍ ချုံတို့ကိုခတ်ကုန်၍ သမင်တို့ကိုထုတ်ကုန်၍ နွားတို့ကို ခြံသို့သွင်းကုန်သကဲ့သို့ ဥယျာဉ်သို့သွင်း၍ တံခါးကိုပိတ်၍ မင်း အားကြား၍ မိမိတို့အမှုကို အကယ်၍ ပြုရကုန်ငြားအံ့၊ ကောင်း၏ ဟု တိုင်ပင်ကုန်၏။ ထိုအခါ ထိုအကြောင်းကို သိ၍ ခပ်သိမ်းကုန်သော လူတို့သည် အလိုတူကြကုန်၍ ဥယျာဉ်ကို စီရင်၍ တောသို့ဝင်၍ တစ်ယူဇနာ အတိုင်း အရှည်ရှိသော အရပ်ကို ခြံရံကုန်၏။ ထိုခဏ၌ နန္ဒိယသမင်သည် တစ်ခုသောချုံ၌ မိဘတို့ကိုယူ၍ မြေ၌ဝပ်၏။ လူတို့သည် အထူးထူးသော ကာ, လက်နက် စွဲကိုင်ကုန်လျက် များစွာ နှိပ်စက်ကုန်၍ ချုံတို့ကိုရိုက်ကုန်၏။ ထိုအခါ အချို့ကုန်သော သူတို့သည် သမင်ကိုလျှင် ကြည့် ကုန်လျက် ထိုချုံသို့ ဝင်ကုန်၏။ နန္ဒိယသမင်မင်းသည် လူကိုမြင်၍ ယနေ့ ငါသည် အသက်ကိုစွန့်၍ မိဘတို့အား အသက်ကို ပေးအံ့သောငှာ သင့်၏ ဟု ကြံ၍ ထ၍ အမိအဘတို့ကို ရှိခိုးလျက် မိခင်ဖခင်တို့ လူတို့သည် ဤချုံသို့ဝင်၍ သုံးခုကုန်သော ငါတို့ကို သတ်ကုန်လတ္တံ့၊ သင်တို့သည် တစ်ခုသော အကြောင်းဖြင့် အသက်ရှည်ခြင်းသည် မြတ်၏။ ငါသည် သင်တို့အား အသက်အလှူကို လှူ၍ လူတို့သည် ချုံစွန်း၌ ရပ်၍ ဤချုံတို့၌ ခတ်ကုန်သည်ရှိသော်လျှင် ထွက်အံ့၊ ထိုအခါ လူတို့သည် ဤချုံငယ်၌ သမင်တစ်ခုသည်သာလျှင် ဖြစ်လတ္တံ့ဟု အောက်မေ့ကုန်၍ ချုံသို့ မဝင်ကုန်လတ္တံ့၊ သင်တို့သည် မမေ့မလျော့ ဖြစ်ကြကုန်လော့ ဟုမိဘတို့ကို ကန်တော့၍ သွားအံ့သောငှာ အစီအရင်ရှိလျက် ရပ်၏။ ထိုနန္ဒိယသမင်သည် လူတို့သည် ချုံစွန်း၌ရပ်၍ ပဲ့တင်ထပ်စေ၍ ချုံကိုခတ်ခါမျှ၌လျှင် ချုံမှထွက်၏။ လူတို့သည် ဤချုံ၌ သခင်တစ်ခုတည်း ဖြစ်လတ္တံ့ဟု ချုံသို့ မဝင်ကုန်။ ထိုအခါ နန္ဒိယသမင်သည် သွား၍ သမင်တို့၏ အတွင်းသို့ဝင်၏။ လူတို့သည် ခြံရံ၍ ခပ်သိမ်း သော သမင်တို့ကို ဥယျာဉ်သို့သွင်း၍ တံခါးကိုပိတ်၍ မင်းအားကြား၍ မိမိနေရာတို့ကို သွားကုန်၏။

မိဘတို့ သားကို တွေ့လိုကြောင်း

ထိုအခါမှစ၍ မင်းသည် ကိုယ်တိုင်မှူလည်းသွား၍ တစ်ခုသော သမင်ကိုပစ်၍ ယူ၍ သွား၏။ စေ၍မူလည်း ယူစေ၏။ သမင်တို့သည် အလှည့်ကို ထားကုန်၏။ အလှည့်ရောက်သော သမင်သည် သင့်အပ် လျောက်ပတ်သော အရပ်၌ နေ၏။ ထိုသမင်ကို ပစ်၍ယူ၏။ နန္ဒိယ သမင်သည် ရေကန်၌ ရေကိုသောက်၏။ မြက်တို့ကို စား၏။ ထိုနန္ဒိယ သမင်သည် အလှည့်မရောက်သေး၊ ထိုအခါ များစွာကုန်သော နေ့တို့သည် လွန်သဖြင့် ထိုနန္ဒိယ သမင်မင်း၏ မိဘတို့သည် ထိုနန္ဒိယသမင်မင်းကို မြင်လိုကုန်သည်ဖြစ်၍ ငါတို့၏ သားဖြစ်သော ဆင်ပြောင်နှင့်တူသော အားရှိသောအစွမ်းနှင့် ပြည့်စုံသော နန္ဒိယသမင်သည် အကယ်၍ အသက်ရှင်သည်ဖြစ်အံ့၊ စောင်ရန်းကိုခုန်၍ ငါတို့အား ဖူးမြင်အံ့သောငှာ မချွတ်လာလတ္တံ့၊ ထိုနန္ဒိယ သမင်အား သတင်း စကားကို စေကုန်အံ့ ဟု ကြံ၍ ခရီး၏အနီး၌ ရပ်၍ ပုဏ္ဏားတစ်ယောက်ကိုမြင်၍ အရှင်အဘယ်သို့သွားအံ့နည်းဟု လူတို့၏စကားဖြင့် မေး၍ သာကေတမြို့သို့ သွားအံ့ ဟု ဆိုသည်ရှိသော် သားအား သတင်းစကားကို မှာလိုသည်ဖြစ်၍-

၇၁။ သစေ ဗြာဟ္မဏ ဂစ္ဆေသိ၊ သာကေတေ အဇ္ဇုနံ ဝနံ။
ဝဇ္ဇာသိ နန္ဒိယံ နာမ၊ ပုတ္တံ အသ္မာကမောရသံ။
မာတာ ပိတာ စ တေ ဝုဒ္ဓါ၊ တေ တံ ဣစ္ဆန္တိ ပဿိတုံ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၇၁။ ဗြာဟ္မဏ၊ ပုဏ္ဏား။ တွံ၊ သင်သည်။ သာကေတံ၊ သာကေတမြို့သို့။ သစေ ဂစ္ဆေသိ၊ အကယ်၍ သွားသည် ဖြစ်အံ့။ သာကေတေ၊ သာကေတမြို့ ၌။ အဇ္ဇုနံ ဝနံ၊ ဖောက်ကြံ့တော ဥယျာဉ်သည်။ အတ္ထိ၊ ရှိ၏။ တတ္ထ၊ ထိုဥယျာဉ်၌။ အသ္မာကံ၊ ငါတို့၏။ ဩရသံ၊ ရင်၌ဖြစ်သော။ နန္ဒိယံ နာမ၊ နန္ဒိယမည်သော။ ပုတ္တံ၊ သားကို။ တေ၊ သင်၏။ မာတာပိတာ စ၊ မိဘတို့သည်လည်း။ ဝုဒ္ဓါ၊ ကြီးကုန်ပြီ။ တေ၊ ထိုမိဘတို့သည်။ တံ၊ သင့်ကို။ ပဿိတုံ၊ မြင်ခြင်းငှာ ဣစ္ဆန္တိ၊ အလို ရှိကုန်၏။ ဣတိ၊ ဤသို့။ ဝဇ္ဇာသိ၊ ဆိုပါလေ။

အားလုံးချမ်းသာမှ လာမည်

ထိုပုဏ္ဏားသည် ကောင်းပြီဟု ဝန်ခံ၍ သာကေတမြို့သို့ရောက်၍ နက်ဖြန်နေ့၌ ဥယျာဉ်သို့ဝင်၍ နန္ဒိယမည်သော သမင်သည် အဘယ်သမင်နည်းဟု မေး၏။ နန္ဒိယသမင်သည် ထိုပုဏ္ဏား၏ အနီး၌ရပ်၍ ငါတည်း ဟု ဆို၏။ ပုဏ္ဏားသည် ထိုအကြောင်းကို ကြား၏။ နန္ဒိယသမင်သည် ထိုစကားကိုကြား၍ ပုဏ္ဏား ငါသည် စောင်ရမ်းကို ခုန်၍ မသွားနိုင်သည် မဟုတ်၊ သွားနိုင်သည်သာလျှင်တည်း၊ ငါသည်ကား မင်း၏ ဥစ္စာဖြစ်သော ရိက္ခာ အစာရေစာကို စား၏။ ထိုအခါ ငါ့အား မြီအရာ၌ တည်၏။ ဤသမင်အပေါင်းတို့၏ အလယ်၌ ကြာမြင့်စွာ နေသည်ဖြစ်၏။ မင်း၏လည်းကောင်း။ ထိုသမင်တို့၏ လည်းကောင်း၊ ချမ်းသာသောအဖြစ်ကို မပြုမူ၍ မိမိအစွမ်းကိုပြ၍ သွားခြင်းမည်သည် ငါ့အားမသင့်၊ မိမိလည်း အလှည့်ရောက်သည်ရှိသော် ငါသည် ထိုသမင်တို့အား ချမ်းသာသော အဖြစ်ကိုပြု၍ ချမ်းသာစွာ လာရအံ့ဟု ဆို၏။ ထိုအကြောင်းကို ပြလိုသည်ဖြစ်ရကား-

၇၂။ ဘုတ္တ မယာ နိဝါပါနိ၊ ရာဇိနော ပါနဘောဇနံ။
တံ ရာဇပိဏ္ဍံ အဝဘောတ္တုံ၊ နာဟံ ဗြာဟ္မဏ မုဿဟေ။
၇၃။ ဩဒဟိဿာမဟံ ပဿံ၊ ခုရပ္ပါနိူ ရာဇိနော။
တဒါဟံ သုခိတော မုတ္တာ၊ အပိ ပဿေယျ မာတရံ။

ဟူသောဤနှစ်ဂါထာတို့ကိုဆို၏။

၇၂။ ဗြာဟ္မဏ၊ ပုဏ္ဏား။ မယာ၊ ငါသည်။ ရာဇိနော၊ မင်း၏။ နိဝါပါနိ၊ ရိက္ခာတို့ကို။ ဘုတ္တာ၊ စားအပ်ကုန်၏။ ပါနဘောဇနံ၊ ရေမြက်အစာကို။ ဘုတ္တံ၊ စားအပ်၏။ ရာဇပိဏ္ဍံ၊ မင်းသည် စုအပ်သော။ တံ၊ ထိုအစာကို။ အဝဘောတ္တုံ၊ မကောင်းသဖြင့် စားခြင်းကို ပြုခြင်းငှာ န ဥဿဟေ၊ မဝံ့။

၇၃။ ဗြာဟ္မဏ၊ ပုဏ္ဏား။ အဿ ရာဇိနော၊ ထိုမင်း၏။ ခုရပ္ပါနိ၊ စဉ်းသွားတို့ကို။ အဟံ၊ ငါသည်။ ပဿံ-ပဿေန၊ လက် ယာနံပါးဖြင့်။ ဩဒဟိဿာမိ၊ ခံအံ့။ တဒါ၊ ထိုအခါ၌။ အဟံ၊ ငါသည်။ သုခိတော၊ ချမ်းသာသည်ဖြစ်၍။ မုတ္တော၊ သေ ဘေးမှ လွတ်သည်ဖြစ်၍။ မာတရံ၊ အမိကို။ အပိ ပဿေယျံ၊ ဖူးမြင်ရအံ့လည်း မသိ။

သမင်မင်းကို မြားမထိ

ထိုစကားကိုကြား၍ ပုဏ္ဏားသည် သွား၏။ နောက်အဖို့၌ ထိုနန္ဒိယသမင်မင်း၏ အလှည့်ရောက်သောနေ့၌ မင်းသည် များစွာသော အခြံအရံဖြင့် ဥယျာဉ်သို့ လာ၏။ ဘုရားလောင်းသည် တင့်အပ်သော နေရာ၌နေ၏။ မင်းသည် သမင်ကို ပစ်အံ့ဟု စဉ်းကိုဖွဲ့၏။ ဘုရားလောင်းသည် တစ်ပါးကုန်သော သမင်တို့သည် သေဘေးဖြင့်ကြောက်၍ ပြေးကုန်သကဲ့သို့ မပြေးမူ၍ ကြောက်ခြင်း မရှိသည်ဖြစ်၍ မေတ္တာကို ရှေ့ထားသည်ကိုပြု၍ လက်ယာနံပါးဖြင့်ခံ၍ မတုန်မလှုပ်လျှက်လျှင် နေ၏။ မင်းသည် ထိုသမင်မင်း၏ မေတ္တာ အာနုဘော်ကြောင့် မြားကိုလွှတ်အံ့သောငှာ မတတ်နိုင်။ ဘုရားလောင်းသည် မြတ်သော မင်းကြီး မြားကို အဘယ်ကြောင့် မလွှတ်သနည်း၊ လွှတ်လော့ ဟု ဆို၏။ သမင်မင်း၊ ငါသည် မြားကို လွှတ်အံ့သောငှာ မတတ်နိုင် ဟု ဆို၏။ မြတ်သောမင်းကြီး ထိုသို့တပြီးကား ဂုဏ်ရှိကုန်သော သူတို့၏ ကျေးဇူးကို သိလော့ ဟု ဆို၏။

ဘေးမဲ့ ပေးရပြီ

ထိုအခါ မင်းသည် ဘုရားလောင်း၌ ကြည်ညို၍ လေးကိုစွန့်၍ စိတ်မရှိသော ဤမြားသည်လျက် ရှေးဦးစွာ သင်၏ ကျေးဇူးကို သိ၏။ ငါသည် စိတ်ရှိသောလူ ဖြစ်လျက်လည်း သင်၏ ကျေးဇူးကိုမသိ၊ သမင် ငါ့အား သည်းခံပါလော့၊ သင့်အား ဘေးမဲ့ကို ပေး၏ဟု ဆို၏။ မြတ်သော မင်းကြီး... ငါ့အား ရှေးဦးစွာ ဘေးမဲ့ပေး၏။ ဥယျာဉ်၌ သမင်အပေါင်းတို့ကိုကား အသို့ပြုလတ္တံ့နည်း ဟု ဆို၏။ ထိုသမင်အပေါင်းတို့အားလည်း ဘေးမဲ့ကို ပေး၏ဟု ဆို၏။

တရားဟောခြင်း

ဤသို့ ဘုရားလောင်းသည် နိဂြောဓဇာတ်၌ ဆိုအပ်ပြီးသောနည်းဖြင့် ခပ်သိမ်းကုန်သော တော၌နေကုန်သော သားအပေါင်းကိုအားလည်းကောင်း၊ ကောင်းကင်၌ သွားကုန်သော ငှက်အပေါင်းတို့အားလည်းကောင်း, ရေ၌ နေကုန်သော ငါးအပေါင်းတို့အားလည်းကောင်း ဘေးမဲ့ကိုပေးစေ၍ မင်းကို ပဉ္စသီတို့၌ တည်စေ၍ မြတ်သောမင်းကြီး- မင်းမည်သည် အဂတိလိုက်ခြင်းကိုပယ်၍ ဆယ်ပါးသော မင်းကျင့်တရားနှင့်ညီစွာ မင်းပြုခြင်းငှာ သင့်၏ ဟု ဆိုလို၍... -

ဒါန သီလံ ပရိစ္စာဂံ၊ အဇ္ဇဝံ မဒ္ဒဝံ တပံ။
အက်က်ကောဓံ အဝိဟိံသဉ္စ၊ ခန္တိံ စ အဝိရောဓနံ။
ဣစ္ဆေတေ ကုသလေဓမ္မေ၊ ဌိတေ ပဿာမိ အတ္တနိ။
တတော မေ ဇာယတေ ပီတိ၊ သောမနသဉ္စနပ္ပကံ။

မိဘတို့ထံ ဖူးမြင်လာ

ဤသို့ ဟောအပ်ကုန်သော မင်းကျင့်တရား ဆယ်ပါးတို့ကို သမင်မင်းသည် ဂါထာဖွဲ့သဖြင့်သာလျှင် ပြ၍ နှစ်ရက်သုံးရက် မင်း၏ အထံ၌ နေ၍ မြို့၌ ခပ်သိမ်းကုန်သော သတ္တဝါတို့အား ဘေးမဲ့ပေးခြင်းကို ပြုအံ့သောငှာ ရွှေစည်ကိုလှည့်စေ၍ မြတ်သောမင်းကြီး... မမေ့မလျော့သည် ဖြစ်လော့ ဟုဆို၍ မိဘတို့အား ဖူးမြင်အံ့သောငှာ သွား၏။

ဤအတိတ်ကို ဆောင်တော်မူ၍ သဗ္ဗညူ မြတ်စွာဘုရားသည်-

၇၄။ မိဂရာဇာ ပုရေ အာသိံ၊ ကောသလသ နိကေတနေ၊
နန္ဒိယောနာမ နာမေန၊ အဘိရူပေါ စတုပ္ပဒေါ။
၇၅။ တံ မံ ဝဓိတုမာဂစ္ဆိ၊ ဒါယသ္မိံ အဇ္ဇုနေ ဝနေ။
ဓနုံ အာရဇ္ဇံ ကတွာန၊ ဥသုံ သန္နယှ ကောသလော။
၇၆။ တဿာဟံ ဩဒဟိံ ပဿံ၊ ခုရပ္ပါနိူ ရာဇိနော၊
တဒါဟံ သုခိတော မုတ္တော၊ မာတရံ ဒဋ္ဌုမာဂတော။

ဟူသော ဤသုံးဂါထာတို့ကို ဟောတော်မူ၏။

၇၄။ ဘိက္ခဝေ၊ ရဟန်းတို့။ ပုရေ၊ ရှေး၌။ ကောသလဿ၊ ကောသလမင်း၏။ နိကေတနေ၊ နေပြည်၌။ အဘိရူပေါ၊ အလွန်အဆင်းလှသော။ စတုပ္ပဒေါ၊ အခြေလေးချောင်းရှိသော။ နာမေန၊ အမည်အားဖြင့်။ နန္ဒိယော နာမ၊ နန္ဒိယအမည်ရှိသော။ မိဂရာဇာ၊ သမင်မင်းသည်။ အာသိံ၊ ဖြစ်ဖူးပြီ။

၇၅။ ဘိက္ခဝေ၊ ရဟန်းတို့။ ကောသလော၊ ကောသလမင်းသည်။ အဇ္ဇုနေ ဝနေ၊ ဖောက်ကြံ့ ပင်များသည်ဖြစ်၍ အဇ္ဇုနဝန် အမည်ရှိသော။ ဒါယသ္မိံ၊ ဥယျာဉ်၌။ တံ မံ၊ ထိုငါ့ကို။ ဝဓိတုံ၊ သတ်အံ့သောငှာ။ ဓနုံ၊ လေးကို။ အာရဇ္ဇံ၊ ညှို့နှင့်တကွ ဖွဲ့သည်ကို။ ကတွာန၊ ပြု၍ ဥသုံ၊ မြားကို။ သန္နယှ၊ ဖွဲ့၍။ အာဂစ္ဆိ၊ လာ၏။

၇၆။ အဟံ၊ ငါသည်။ တဿ၊ ထိုကောသလမင်းအား။ ပဿံ၊ လက်ယာနံပါးကို။ ဩဒဟိံ၊ ခံ၏။ အဿ ရာဇိနော၊ ထိုကောသလမင်း၏။ ခုရပ္ပါနိ၊ စဉ်းသွားတို့ကို။ ဩဒဟိံ၊ ခံ၏။ တဒါ၊ ထိုအခါ၌။ အဟံ၊ ငါသည်။ သုခိတော၊ ချမ်းသာသည်ဖြစ်၍။ မုတ္တော၊ သေဘေးမှ လွတ်သည်ဖြစ်၍။ မာတရံ၊ အမိကို။ ဒဋ္ဌုံ၊ ဖူးမြင်အံ့သောငှာ။ အာဂတော၊ လာ၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏အဆုံး၌ အမိကို လုပ် ကျွေးသော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ပေါင်းတော်မူသနည်းဟူမူကား- ယခုအခါ မြတ်သော မင်းမျိုးတို့သည် ထိုအခါ မိဘတို့သည် ဖြစ်ကုန်ပြီ၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ပုဏ္ဏားဖြစ်ပြီ၊ ယခုအခါ အာနန္ဒာသည် ထိုအခါ မင်းဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ နန္ဒိယ သမင်မင်း ဖြစ်ပြီ ဟု ဤသို့ ဇာတ်ကိုပေါင်းတော်မူ၏။

တိရစ္ဆာန်လျက်၊ မိဘတွက်၊ အသက်စွန့်ဖူးရှာ

ဆယ်ခုတို့၏ ပြည့်ကြောင်းဖြစ်သော နန္ဒိယမိဂရာဇဇာတ်သည် ပြီး၏။

*****