ခရပုတ္တဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၃၈၆။ ခရပုတ္တဇာတ် (၆-၂-၁)


ဆက္ကနိပါတ် - ခရပုတ္တဝဂ်

၁။ ခရပုတ္တဇာတ်

မိန်းမအလိုသို့ မလိုက်သင့်ကြောင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်စွာဘုရားသည် သစ္စံ ကိရေဝ မာဟံသု အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤခရပုတ္တဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် မယားဟောင်း ဖြားယောင်းသော ရဟန်းကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ထိုရဟန်းကို သဗ္ဗညူ မြတ်စွာဘုရားသည် ရဟန်း သင်သည် ငြီးငွေ့သတတ်ဟူသည် မှန်သလော ဟု မေးတော်မူလတ်၍ အရှင်ဘုရား... မှန်ပေ၏ ဟု နားတော်လျှောက်သည်ရှိသော် အဘယ်သူသည် ငြီးငွေ့စေအပ်သနည်း။ " ဟု မေးတော်မူလတ်၍ "ဘုန်းတော်ကြီးသော အရှင်ဘုရား... မယားဟောင်းသည် ငြီးငွေ့စေအပ်၏ ဟု နားတော် လျှောက်လတ်သော် ရဟန်း ဤမိန်းမသည် သင်၏အကျိုးမဲ့ကို ပြုတတ်၏။ ရှေး၌လည်း သင်သည် ဤမိန်းမကိုမှီ၍ မီးသို့ဝင်၍ သေအံ့သည်ရှိသော် ပညာရှိတို့ကိုမှီ၍ အသက်ကိုရဖူး၏ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ သေနကမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် သိကြားဖြစ်၏။ ထိုအခါ သေနကမင်းသည် တစ်ယောက်သော နဂါးမင်းနှင့်တကွ အဆွေခင်ပွန်း ဖွဲ့၏။ ထိုနဂါးမင်းသည် နဂါးပြည်မှထွက်၍ ကြည်း၌ အစာရှာလျက် သွား၏။

နဂါးမင်းကိုကယ်ခြင်း

ထိုအခါ ထိုနဂါးမင်းကို ရွာသူသားငယ်တို့သည် မြင်ကုန်၍ ဤသည်ကား မြွေတည်း ဟု ခဲ စသည်တို့ဖြင့် ပစ်ခတ်ကုန်၏။ ထိုအခါ မင်းသည် ဥယျာဉ်ကစားအံ့သောငှာ သွားသည်ရှိသော် ဤသူငယ်တို့သည် အဘယ်ကိုပြုကြကုန်သနည်း ဟု မေး၍ တစ်ခုသော မြွေကို ပစ်ခတ်ကြကုန်၏ ဟု ကြား၍ ပစ်ခတ်ခြင်းကို မပေးကြကုန်လင့်၊ ထိုလူငယ်တို့ကို ပြေးစေကုန်ဟု ထိုသူငယ်တို့ကို ပြေးစေ၏။

ကျေးဇူးဆပ်ပြီ

နဂါးမင်းသည် အသက်ကိုရ၍ နဂါးပြည်သို့သွား၍ များစွာကုန်သော ရတနာတို့ကိုယူ၍ သန်းခေါင်ယံအခါ၌ မင်း၏ တိုက်ခန်းသို့ဝင်၍ ထိုရတနာတို့ကိုပြ၍ မြတ်သောမင်းကြီး အကျွန်ုပ်သည် အရှင်မင်းကြီးတို့ကိုမှီ၍ အသက်ကို ရပေ၏ ဟု မင်းနှင့်တကွ အဆွေခင်ပွန်းဖွဲ့၍ အဖန်တလဲလဲ၍ မင်းကိုဖူးမြင်၏။ ထိုနဂါးမင်းသည် မိမိ၏နဂါးလုလင်မငယ်တို့တွင် ကာမဂုဏ်တို့၌ ရောင့်ရဲခြင်းမရှိသော နဂါးလုလင်မငယ် တစ်ယောက်ကို စောင့်ရှောက်စိမ့်သောငှာ သေနကမင်း၏ အထံ၌ထား၍ အကြင်အခါ၌ ထိုနဂါးမကို မမြင်၊ ထိုအခါ ဤမန္တရားကို ရွတ်လော့ ဟု ဆို၍ တစ်ခုသော မန္တရားကိုပေး၏။

နဂါးမ ဖောက်ပြားခြင်း

သေနကမင်းသည် တစ်နေ့သ၌ ဥယျာဉ်သို့သွား၍ နဂါးလုလင်မငယ်နှင့်တကွ ရေကန်၌ ရေကစား၏။ နဂါးမငယ်သည် တစ်ခုသော ရေမြွေကိုမြင်၍ အတ္တဘောကိုစွန့်၍ ထိုရေမြွေနှင့်တကွ မေထုန်မှီဝဲ၏။ မင်းသည် နဂါးမငယ်ကို မမြင်၍ အဘယ်သို့သွားသနည်းဟု မန္တရားကို မန်းလတ်သော် မေထုန်အကျင့်ကို ကျင့်သည်ကို မြင်၍ ဝါးခြမ်းစိတ်ဖြင့်ရိုက်၏။

နဂါးမ ကုန်းတိုက်ပြီ

နဂါးလုလင်မငယ်သည် အမျက်ထွက်၍ ထိုဥယျာဉ်မှ နဂါးပြည်သို့သွား၍ အဘယ့်ကြောင့် လာသနည်း ဟု မေးလတ်သော် "သင်မင်းကြီးတို့၏ အဆွေ ခင်ပွန်းဖြစ်သော မင်းသည် “မိမိ၏ စကားကို မယူ” ဟု ငါ့ကို ကျောက်ကုန်း၌ ရိုက်၏ ဟု ရိုက်ရာကိုပြ၏။

နဂါးမင်းစိတ်ဆိုး

နဂါးမင်းသည် အဟုတ် အမှန်ဖြင့် မသိ၍လျှင် လေးယောက်ကုန်သော နဂါးလုလင်တို့ကိုခေါ်၍ သွားကြကုန်လော့၊ သေနကမင်း၏ အိပ်ရာတိုက်ခန်းသို့ဝင်၍ နှာခေါင်းလေဖြင့် ဖွဲကိုကဲ့သို့ ဖျက်ဆီးကြချေကုန်လော့ ဟုဆို၏။ ထိုနဂါးလုလင်တို့သည် သွား၍ မင်း၏ ကျက်သရေရှိသော အိပ်ရာတိုက်ခန်း၌ အိပ်သောကာလ ဝင်ကုန်၏။

မန္တရား ရခြင်း

ထိုနဂါးလုလင်တို့၏ ဝင်သောကာလ၌လျှင် မင်းသည် မိဖုရားကို ရှင်မိဖုရား. နဂါးလုလင်မငယ်၏ အရပ်ကို သိ၏လော ဟု ဆို၏။ ရှင်မင်းကြီး မသိ ဟု ဆိုသည်ရှိသော် ယနေ့ ထိုနဂါးမငယ်သည် ငါတို့၏ ရေကန်၌ ရေကစားသောကာလ၌ အတ္တဘောကိုစွန့်၍ တစ်ခုသော ရေမြွေနှင့်တကွ မေထုန်အကျင့်ကို ကျင့်၏။ ထို့ကြောင့် ငါသည် ထိုနဂါးမငယ်ကို ဤသို့မပြုလင့်ဟု မှတ်စိမ့်သောငှာ ဝါးခြမ်းစိတ်ဖြင့် ရိုက်၏။ ထိုနဂါးမငယ်သည် နဂါးပြည်သို့သွား၍ အဆွေ ခင်ပွန်းအား တစ်စုံတစ်ခုသောစကားကို ဆို၍ ချစ်ခြင်းကိုဖျက်ရာ၏။ ဤသို့ ချစ်ခြင်းပျက်လတ်သော် ငါ့အား တစ်စုံတစ်ခုသော ဘေးဖြစ်လတ္တံ့ ဟုဆို၏။

ထိုစကားကိုကြား၍ နဂါးလုလင်တို့သည် ထိုသေနကမင်း၏ တိုက်ခန်းမှပြန်၍ နဂါးပြည်သို့သွား၍ နဂါးမင်းအား ထိုအကြောင်းကို ကြားကုန်၏။ နဂါးမင်းသည် ထိတ်လန့်ခြင်းသို့ ရောက်သည်ဖြစ်၍ ထိုခဏ၌လျှင် မင်း၏ အိပ်ရာတိုက် ခန်းသို့ သွား၍ ထိုအကြောင်းကိုကြား၍ ကန် တော့၍ ဤအမှုသည် အကျွန်ုပ်၏ ဒဏ်အမှုတည်း ဟု “သဗ္ဗရုတညု ဇာနန” မည်သော မန္တရားကိုပေး၍ မြတ်သေမင်းကြီး... ဤမန္တရားသည် အဖိုးမဖြတ်နိုင်၊ ဤမန္တရားကို တစ်ပါးသောသူအား အကယ်၍ပေးအံ့၊ ပေးပြီးလျှင် မီးသို့ဆင်း၍ သေရအံ့ ဟု ဆို၏။ မင်းသည် ကောင်းပြီ ဟု ဝန်ခံ၍ ထိုသေနကမင်းသည် ထိုအခါမှစ၍ ပိုးရွတို့၏အသံကိုလည်းသိ၏။ ထိုသေနကမင်းသည် တစ်နေ့သ၌ ပြာသာဒ်အပြင်၌ နေ၍ တင်လဲတို့ဖြင့် ခဲဖွယ်မုန့်ကိုစားစဉ် တစ်ခုသော ပျားပေါက်, တစ်ခုသော တင်လဲပေါက်, တစ်ခုသော မုန့်ပိုင်းသည် မြေ၌ကျ၏။ တစ်ခုသောပိုးရွသည် ပျားတင်လဲ မုန့်ပိုင်းကို မြင်၍ မင်း၏ ပြာသာဒ်အပြင်၌ ပျားအိုးသည်လည်း ကွဲ၏။ တင်လဲလှည်း, မုန့်လှည်းသည်လည်း မှောက်၏။ တင်လဲကိုလည်းကောင်း၊ မုန့်ကိုလည်းကောင်း စားလှည့်ကြကုန်လော့ ဟု မြည်လျက်သွား၏။

တိရစ္ဆာန်တို့စားကိုသိခြင်း

ထိုအခါ မင်းသည် ထိုပိုးရွ၏ အသံကိုကြား၍ ရယ်၏။ မင်း၏အနီး၌ တည်သော မိဖုရားသည် အဘယ်ကိုမြင်၍လျှင် မင်းသည် ရယ်သနည်းဟု ကြံ၏။ မင်းကြီးသည် ခဲဖွယ်ကိုစား၍ ရေချိုး၍ ပလ္လင်၌ နေသည်ရှိသော် တစ်ခုသော ယင်ဖိုသည် ရှင်မ လာလော့၊ မွေ့လျော်ကြကုန်အံ့ ဟု ယင်မကိုဆို၏။ ထိုအခါ ယင်ဖိုကို ယင်မသည် သခင် သည်းခံဦးလော့၊ ယခုမင်းအား နံ့သာတို့ကို ပို့လာကုန်လတ္တံ့၊ မင်းသည် နံ့သာလိမ်းသည်ရှိသော် ခြေရင်း၌ နံ့သာမှုန့်သည် ကျလတ္တံ့၊ ငါသည် ထိုနံ့သာမှုန့်၌ လူးလည်း၍ နံ့သာ အနံ့ ရှိသည်ဖြစ်အံ့၊ ထို့နောင်မှ မင်၏ကျောက်၌ မွေ့လျော်အံ့ ဟု ဆို၏။ မင်းသည် ထိုအသံကိုကြား၍လည်း ရယ်၏။ မိဖုရားသည် အဘယ်ကိုမြင်၍ ရယ်သနည်းဟု ကြံ၏။ တစ်ဖန် မင်းသည် ညစာစားစဉ် ထမင်းတစ်လုံးသည် မြေ၌ ကျ၏။ ပိုးရွသည် မင်းအိမ်၌ ထမင်းလှည်း ကျိုး၏။ လာ၍ စားကြကုန်လော့ ဟု မြည်၏။ ထိုစကားကိုကြား၍ မင်းသည် တစ်ဖန်လည်း ရယ်ပြန်၏။

မိဖုရားအား ဝန်ခံမိပြီ

မိဖုရားသည် ရွှေယောက်မကိုကိုင်၍ လုပ် ကျွေးသော ငါ့ကိုမြင်၍ မင်းသည် ရယ်သလောဟု ကြံ၏။ ကြံပြီး၍ မိဖုရားသည် မင်းနှင့်တကွ အိပ်ရာသို့တက်၍ အိပ်သောကာလ၌ အရှင်မင်းကြီး... အဘယ်ကြောင့်ရယ်သနည်း ဟု မေး၏။ မင်းသည် ငါရယ်သောအကြောင်းဖြင့် သင့်အား အဘယ်ပြုအံ့နည်းဟု ဆိုသည်ရှိသော် ထိုမိဖုရားသည် အဖန်တလဲလဲ နှိပ်၍မေး၏။ မင်းသည် ပြောဆို၏။ ထိုအခါ မင်းကို မိဖုရားသည် သင်တို့သိသော မန္တရားကို ငါ့အား ပေးကုန်လော့ ဟု ဆို၏။ ပေးအံ့သောငှာ မတတ်

ကောင်း ဟု ပယ်သည်ကိုသာလျှင် အဖန် တလဲလဲ နှိပ်၍ တောင်း၏။ ငါသည် မန္တရားကို သင့်အားပေးသည်ရှိသော် သေအံ့ဟု မင်းကြီး ဆို၏။ ရှင်မင်းကြီး... သေသော်လည်း အကျွန်ုပ်အား ပေးလော့ ဟု ဆို၏။ မင်းသည် မာတုဂါမ၏ နိုင်ငံသို့လိုက်၍ ကောင်းပြီဟု ဝန်ခံ၍ မိဖုရားအား မန္တရားကိုပေး၍ မီးသို့ဝင်အံ့ဟု ရထားဖြင့် ဥယျာဉ်သို့သွား၏။

သိကြားမင်း ဆုံးမခြင်း

ထိုခဏ၌ သိကြားမင်းသည် လောကကိုကြည့်လတ်သော် ဤအကြောင်းကိုမြင်၍ ဤမင်းမိုက်သည် မာတု ဂါမကို မှီ၍ မီးသို့ဝင်အံ့ဟု သွား၏။ ထိုမင်းအား အသက် အလှူကို ပေးအံ့ ဟု သုဇာတာမည်သော အသုရာနတ်မင်းကြီး၏ သမီးကိုခေါ်၍ ဗာရာဏသီပြည်သို့သွား၍ ထိုသုဇာတာကို ဆိတ်မပြု၍ မိမိသည် ဆိတ်ဖိုပြု၍ လူများသည် မမြင်စေသတည်း ဟု အဓိဋ္ဌာန်၍ မင်း၏ရှေ့၌ တည်၏။ ထိုဆိတ်ကို မင်းသည်လည်းကောင်း၊ ရထား၌ကသော သိန္ဓောမြင်းတို့သည်လည်းကောင်း မြင်ကုန်၏။ တစ်ပါးသော တစ်စုံတစ်ယောက်သော သူသည်ကား မမြင်။ ထိုဆိတ်သည် စကားဖြစ်စိမ့်သောငှာ ရထားရှေ့မှ ဆိတ်မနှင့်တကွ မေထုန်မှီဝဲသကဲ့သို့ ဖြစ်၏။ ထိုဆိတ်ကို ရထား၌ကသော တစ်ခုသော သိန္ဓောမြင်းသည် မြင်၍... အဆွေဆိတ်မင်း... ဆိတ်တို့သည် မိုက်ကုန်သ တတ်၊ အရှက်မရှိကုန်သတတ်ဟု ငါတို့သည် ရှေး၌ ကြားဖူးကုန်၏။ ယခုမှလျှင် ကိုယ်တိုင်မြင်ရကုန်၏။ သင်သည်ကား ဆိတ်ကွယ်ရာအရပ်၌ ပြုအပ်သော မေထုန်အကျင့်ကို ဤမျှလောက်သော ငါတို့၏ မြင်ကုန်စဉ်လျှင်ပြု၏။ အရှက်မရှိဟု ငါ့တို့ရှေး၌ ကြားဖူးသောစကားသည် ဤမြင်ခြင်းနှင့် ညီသလျှင်ကတည်းဟု ဆိုလို၍ -

၇၇။ သစ္စံ ကိရေဝ မာဟံသု၊ ဝသ္တံ ဗာလောတိ ပဏ္ဍိတာ။
ပဿ ဗာလာ ရဟောကမ္မံ၊ အာဝိ ကုဗ္ဗံ န ဗုဇ္ဈတိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၇၇။ ပဏ္ဍိတာ၊ ပညာရှိတို့သည်။ ဝသ္တံ-အဇံ၊ ဆိတ်ကို။ ဗာလောတိ၊ မိုက်၏ဟူ၍။ အာဟံသု၊ ဆိုကုန်၏။ ဧဝံ၊ ဤသို့ဆိုခြင်းသည်။ သစ္စာ ကရ၊ မှန်ပေသတတ်။ ပဿ၊ ရှုလော့။ အာဝိ၊ မျက်မှောက်၌။ ကုဗ္ဗံ-ကုဗ္ဗန္တော၊ ပြုသော။ ဗာလော၊ ဆိတ်မိုက်သည်။ ဧတံ၊ ထိုအမှုကို။ ရဟော၊ ဆိတ်ကွယ်ရာအရပ်၌။ ကမ္မံ၊ ပြုအပ်သော အမှုဟူ၍။ န ဗုဇ္စျတိ၊ မသိ။

ထိုစကားကိုကြား၍ ဆိတ်သည်-

၇၈။ တွံ ခေါပိ သမ္မ ဗာလောသိ၊ ခရပုတ္တ ဝိဇာနဟိ။
ရဇ္ဇုယာဟိ ပရိက္ခိတ္တော၊ ဝင်္ကောဋ္ဌော ဩဟိတော မုခေါ။
၇၉။ အပရမ္ပိ သမ္မ တေ ဗာလျံ၊ ယော မုတ္တော န ပလာယသိ။
သော စ ဗာလတရော သမ္မ၊ ယံ တွံ ဝဟသိ သေနကံ။

ဟူသော ဤနှစ်ဂါထာတို့ကို ဆို၏။

၇၈။ ခရပုတ္တ၊ မြည်း၏သားဖြစ်သော။ သမ္မ သိန္ဓဝ၊ အဆွေ သိန္ဓောမြင်း။ ရဇ္ဇုယာဟိ၊ ကြိုးတို့ဖြင့်။ ပရိက္ခိတ္တော၊ ထမ်းပိုးနှင့်တကွ လည်၌ရစ်အပ်သော။ ဝင်္ကောဋ္ဌော၊ ကောက်သော နှုတ်ခမ်းရှိသော။ ဩဟိတော မုခေါ၊ အောက်သို့ချသော မျက်နှာရှိသော။ တွံ ခေါ၊ သင်သည်သာလျှင်။ မယာပိ၊ ငါ့ထက်လည်း။ ဗာလော၊ မိုက်သည်။ အသိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ဝိဇာနာဟိ၊ သိလေလော့။

၇၉။ သမ္မ သိန္ဓဝ၊ အဆွေ သိန္ဓောမြင်း။ ယော တွံ၊ အကြင် သင်သည်။ မုတ္တော၊ ရထားမှုလွတ်သည် ရှိသော်။ န ပလာယသိ၊ မပြေး။ အယမ္ပိ၊ ဤမပြေးခြင်းသည်လည်း။ တေ၊ သင်၏။ ဗာလျံ၊ မိုက်သောအဖြစ်တည်း။ သမ္မသိန္ဓဝ၊ အဆွေ သိန္ဓောမြင်း။ တွံ၊ သင်သည်။ ယံ သေနကံ၊ အကြင် သေနကမင်းကို။ ဝဟသိ၊ ရွက်ဆောင်၏။ သောဝ၊ ထိုသေနကမင်းသည်လျှင်။ ဗာလတရော၊ သင်ထက် အလွန်မိုက်၏။

မင်းသည် မြင်း ဆိတ်တို့၏စကားကို သိ၏။ ထို့ကြောင့် ထိုစကားကို နားထောင်လျက် ရထားကို ဖြည်းဖြည်း နှင်စေ၏။ သိန္ဓောမြင်းသည်လည်း ထိုဆိတ်၏ စကားကို ကြား၍-

၈၀။ ယံ နု သမ္မ အဟံ ဗာလော၊ အဇရာဇ ဝိဇာနဟိ။
အထ ကေန သေနကော ဗာလော၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၈၀။ သမ္မ အဇရာဇ၊ အဆွေဆိတ်မင်း။ နု၊ ကြားရသည်ကား။ အဟံ၊ ငါသည်။ ယံ၊ အကြင်တိရစ္ဆာန် ဖြစ်ခြင်းကြောင့်။ ဗာလော၊ မိုက်၏ဟူ၍။ တွံ၊ သင်သည်။ ဝိဇာနဟိ၊ သိခြင်းငှာ တတ်ကောင်းပေ၏။ ကေန၊ အဘယ့်ကြောင့်။ အယံ သေနကော၊ ဤသေနကမင်းသည်။ ဗာလော၊ မိုက်သနည်း။ တံ၊ ထိုအကြောင်းကို။ ပုစ္ဆိတော၊ မေးအပ်သော သင်သည်။ မေ၊ ငါ့အား။ အက္ခာဟိ၊ ကြားဘိလော့။

ထိုစကားကိုကြား၍ ဆိတ်မင်းသည် ကြားလိုရကား-

၈၁။ ဥတ္တမတ္ထံ လဘိတွာန၊ ဘရိယာယ န ပဒဿတိ။
တေန ဇဟိဿတတ္တာနံ၊ သာ စေဝဿ န ဟေဿတိ။

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

၈၁။ ယော၊ အကြင် သေနကမင်းသည်။ ဥတ္တမတ္ထံ၊ မြတ်သော အကျိုးရှိသော သဗ္ဗရုတညုဇာနနမန္တန်ကို။ လဘိတွာန၊ ရ၍။ ဘရိယာယ၊ မယားအား။ ပဒဿတိ၊ ပေးလတ္တံ့။ တေန၊ ထိုပေးခြင်းကြောင့်။ အတ္တာနံ၊ ကိုယ်ကို။ ဇဟိဿတိ၊ စွန့်ရလတ္တံ့။ သာစေဝ၊ ထိုမိဖုရားသည်လည်း။ တဿ၊ ထိုသေနကမင်း၏။ ဘရိယာ၊ မယားသည်။ န ဟေဿတိ၊ မဖြစ်ရလတ္တံ့။

မိမိကိုယ်သာ ချစ်အပ်စွာ

ထို့နောင်မှ မင်းသည် ဆိတ်၏စကားကို ကြား၍ ဆိတ်မင်း... ငါတို့၏ ချမ်းသာကို ပြုသည်ရှိသော် သင်သည်လျှင် ပြုလတ္တံ့၊ ရှေးဦးစွာ ငါတို့အား ပြုအပ်သည်နှင့်ယှဉ်သော အမှုကို ဆိုပါလော့ ဟု ဆို၏။ ထိုအခါ သေနကမင်းကို ဆိတ်မင်းသည် မြတ်သောမင်းကြီး... ဤသတ္တဝါတို့အား ကိုယ်ထက် တစ်ပါးသော ချစ်သောသူမည်သည် မရှိ၊ တစ်ခုသော ချစ်အပ်သော ဘဏ္ဍာကိုမှီ၍ ကိုယ်ကို ဖျက်ဆီးအံ့သောငှာ ရအပ်သော စည်းစိမ်ကို စွန့်အံ့သောငှာ မသင့်ဟု ဆို၍-

၈၂။ န ဝေ ပိယမ္မေတိ ဇနိန္ဒ တာဒိသော၊
အတ္တံ နိရံကတွာ ပိယာနိ သေဝတိ။
အတ္တာဝ သေယျော ပရမာစ သေယျော၊
လဗ္ဘာ ပိယာ ဩစိတတ္ထေန ပစ္ဆာ၊

ဟူသော ခြောက်ခုမြောက်သော ဤဂါထာကို ဆို၏။

၈၂။ ဇနိန္ဒ၊ လူတို့ကို အစိုးရသောမင်းကြီး။ တာဒိသော၊ သင်ကဲ့သို့ သဘောရှိသော သူသည်။ မေ၊ ငါသည်။ ဣဒံ ဘဏ္ဍံ၊ ဤဘဏ္ဍာကို။ ပိယံ၊ ချစ်အပ်၏။ ဣတိ၊ ဤသို့။ အတ္တံ-အတ္တာနံ၊ မိမိကိုယ်ကို။ နိရံကတွာ၊ စွန့်၍။ ပိယာနိ၊ ချစ်အပ်ကုန်သော ဘဏ္ဍာတို့ကို။ န သေဝတိ၊ မမှီဝဲရာ။ အတ္တာဝ၊ ကိုယ်သည်သာလျှင်။ သေယျော၊ မြတ်ဘ၏။ ပရမာ စ သေယျော၊ အလွန်မြတ်၏။ ဩစိတတ္ထေန၊ ဥစ္စာစည်းစိမ်နှင့် ပြည့်စုံသော ယောကျ်ားသည်။ ပစ္ဆာ၊ နောက်၌။ ပိယာ၊ မယားကို။ လဗ္ဘာ စ၊ ရသလျှင်ကတည်း။

ကြိမ်ဒဏ်ခံမှ သင်ပေးမည်

ဤသို့ ဘုရားလောင်းသည် မင်းအား အဆုံး အမကို ပေး၏။ မင်းသည် နှစ်သက်၍ ဆိတ်မင်း အဘယ်အရပ်မှ လာသနည်းဟု မေး၏။ မြတ်သော မင်းကြီး။ ငါသည် သိကြားတည်း၊ သင်မင်းကြီးအား သနားသဖြင့် သင်မင်းကြီးကို သေဘေးမှ လွတ်စိမ့်သောငှာ လာ၏ ဟု ဆို၏။ သိကြားမင်း... ထိုမိန်းမအား မန္တရားကို ပေးအံ့ ဟု ဆို၏ အဘယ်ကဲ့သို့ ပြုရအံ့နည်းဟု ဆို၏။ မြတ်သောမင်းကြီး နှစ်ယောက်ကုန်သော သင်မင်းကြီးတို့အား ပျက်စီးခြင်းဖြင့် ကိစ္စမရှိ၊ အတတ်၏ ပူဇော်ခြင်းကို ပြုအံ့ဆို၍ ထိုမိဖုရားကို နှစ်ချက်သုံးချက် ရိုက်လော့၊ ဤသို့သောအကြောင်းဖြင့် မယူလတ္တံ့ ဟု ဆို၏။ မင်းသည် ကောင်းပြီ ဟု ဝန်ခံ၏။ ဘုရားလောင်းသည် မင်းအား ဆုံးမပြီး၍ မိမိနေရာ တာဝတိံသာ နတ်ပြည်သို့လျှင် သွား၏။ သေနကမင်းသည် ဥယျာဉ်သို့သွား၍ မိဖုရားကို ခေါ်စေ၍ ရှင်မိဖုရား... မန္တန်ကို ယူလတ္တံ့လောဟု မေး၏။ ရှင်မင်းကြီး ယူအံ့ဟု ဆို၏။ ထိုသို့တပြီးကား ပူဇော်ခြင်းကို ပြုလော့ဟု ဆို၏။ ပူဇော်ခြင်းသည် အဘယ်သို့နည်းဟု မေး၏။ ကျောက် ကုန်း၌ အချက်တစ်ရာ ရိုက်သည်ရှိသော်လည်း အသံပြုခြင်းငှာ မသင့်ဟု ဆို၏။ မိဖုရားသည် မန္တန်၌ တပ်စွန်းသဖြင့် ကောင်းပြီ ဟု ဝန်ခံ၏။ မင်းသည် ခိုးသူသတ်တို့ကို ခေါ်စေ၍ ကြိမ်တို့ကို ယူစ၍ နံပါးနှစ်ဖက်တို့၌ ရိုက်စေ၏။ မိဖုရားသည် နှစ်ချက်သုံးချက် ရိုက်ခြင်းတို့ကို သည်းခံ၍ ထိုထက်အလွန် ရိုက် သည်ရှိသော် မန္တန်ဖြင့် အလိုရှိ ဟု ဆို၏။ ထိုအခါ မိဖုရားကို မင်းသည် သင်သည် ငါ့ကိုသတ်၍ မန္တန်ကို ယူလို၏ ဟု ကျောက်၌ အရေမရှိသည်ကိုပြု၍ လွှတ်စေ၏။ မိဖုရားသည် ထိုအခါမှစ၍ တဖန်ဆိုခြင်းငှာ မတတ်နိုင်။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ သစ္စာတို့ကို ပြတော်မူ၍ ဇာတ်ကို ပေါင်းတော်မူ၏။ သစ္စာတို့ကို ပြတော်မူသည်၏ အဆုံး၌ ငြီးငွေ့သော ရဟန်းသည် သောတာပတ္တိဖိုလ်၌ တည်၏။ ဇာတ်ကို အဘယ်သို့ ပေါင်းတော်မူသနည်း ဟူမူကား- ယခုအခါ ငြီးငွေ့သော ဆုရဟန်းသည် ထိုအခါ သေနကမင်း ဖြစ်ပြီ။ ယခုအခါ မယားဟောင်းသည် ထိုအခါ မိဖုရားဖြစ်ပြီး၊ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ မြင်းဖြစ်ပြီ၊ ယခုအခါ ငါဘုရားသည် ထိုအခါ သိကြားဖြစ်ပြီ။ ဤသို့ ဇာတ်ကို ပေါင်းတော်မူ၏။

ကတိဝန်ခံ၊ မြဲမြဲမြံ၊ တရံတဆစ် မဖျက်ရာ

ရှေးဦးစွာသော ခရပုတ္တဇာတ်သည် ပြီး၏။

*****