ဒီပင်္ကရဗုဒ္ဓဝင်

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
၁- ဒီပင်္ကရဗုဒ္ဓဝင်

၂၈၄

၉-နှစ်ကျိပ်လေးဆူ ဗုဒ္ဓဝင်ခဏ်း

၁-ဒီပင်္ကရဗုဒ္ဓဝင်

မဟာဝံသဟူသော ပါဠိမှ မဟာဝင်ဟူသော မြန်မာဝေါဟာရ, ရာဇဝံသဟူသော ပါဠိမှ ရာဇဝင်ဟူသော မြန်မာဝေါဟာရတို့ ဖြစ်လာသကဲ့သို့၊ ဗုဒ္ဓဝံသဟူသော ပါဠိမှ ဗုဒ္ဓဝင်ဟူသော မြန်မာဝေါဟာရ, ဒီပင်္ကရဗုဒ္ဓဝံသဟူသော ပါဠိမှ ဒီပင်္ကရဗုဒ္ဓဝင်ဟူသော မြန်မာဝေါဟာရ ဖြစ်လာလေသည်။

ဗုဒ္ဓဝံသ= (ဗုဒ္ဓဝင်)၏ အရကိုလည်း။ ။ဣတော ဟေဋ္ဌာ ကပ္ပသတသဟဿာမိကေသု စတူသု အသင်္ခေယျေသု ဥပ္ပန္နာနံ ပဉ္စဝီသတိယာ ဗုဒ္ဓါနံ ဥပ္ပန္နကကပ္ပါဒိပရိစ္ဆေဒဝသေန ပဝေဏိဝိတ္ထာရကထာ ဗုဒ္ဓဝံသော နာမ။-

ဟူသော ဤဗုဒ္ဓဝင် အဋ္ဌကထာစကားကို ထောက်၍ “လေးအသင်္ချေနှင့် ကမ္ဘာတသိန်း ကာလအတွင်း ပွင့်တော်မူကြကုန်သော နှစ်ကျိပ်ငါးဆူကုန်သော ဘုရားရှင်တို့၏ ပွင့်တော်မူရာ ကမ္ဘာအပိုင်းအခြား, အမည်တော် အပိုင်းအခြား, အနွယ်တော် အပိုင်းအခြား, အမျိုးတော် အပိုင်းအခြား စသောအားဖြင့် သုံးဆယ့်နှစ်ပါးစီသော အစဉ်အဆက်၊ ထိုသုံးဆယ့်နှစ်ပါးစီသော အစဉ်အဆက်တို့ကို အကျယ်ဖွင့်ပြသော စကားရပ်သည် ဗုဒ္ဓဝင်မည်၏”ဟု အရကောက် မှတ်ယူရာ၏။

ဤသို့ ဘုရားရှင်တို့၏ ပွင့်တော်မူရာ ကမ္ဘာအပိုင်းအခြားစသည် အစဉ်အဆက်ကို ဗုဒ္ဓဝင်ဟု ခေါ်ဝေါ်သော်လည်း ထိုအစဉ်အဆက်ထဲမှ တဆူတဆူစီ၏ ပွင့်တော်မူရာ ကမ္ဘာအပိုင်းအခြား စသည်ကို ထုတ်နုတ် ပြောဆိုသောအခါ၊ မူလ ဗုဒ္ဓဝင်ဟူသော စကားကို အသုံးပြုနိုင်၏။ (ဥပမာအားဖြင့်) သံဃာဟူသည် အရိယာပုဂ္ဂိုလ်အပေါင်း၏



၂၈၅

အမည်ရင်းဖြစ်သော်လည်း ထိုအပေါင်းထဲမှ တပါးတည်းကိုလည်း သံဃာဟု ခေါ်လိုက ခေါ်နိုင်သကဲ့သို့တည်း။

သို့ဖြစ်၍ ဒီပင်္ကရဗုဒ္ဓ၀င်ဟု ခေါ်ဝေါ်ထားသော ဤအပိုင်းမှာ ဒီပင်္ကရာမြတ်စွာဘုရား၏ အဋ္ဌုပ္ပတ္တိ (ပွင့်တော်မူရာ ကမ္ဘာစသည်)ကို ဖော်ပြသော အပိုင်းဟူ၍ သိအပ်၏။

ဤဒီပင်္ကရဗုဒ္ဓဝင်ကို ဗုဒ္ဓဝင်ပါဠိတော်တွင် ဒီပင်္ကရာ ဘုရားအလောင်းတော်၏ ပဋိသန္ဓေ နေတော်မူသောအခါနှင့် ဖွားတော်မူသော အခါတို့၌ ဖြစ်ပေါ်သည့် အကြောင်းအရာတို့ကို အကျယ်ဟောပြထားခြင်း မရှိ။ သုမေဓကထာ၌သာလျှင် အလောင်းတော် သုမေဓာရှင်ရသေ့သည်-

ဧဝံ မေ သိဒ္ဓိပတ္တဿ၊ ဝသီဘူတဿ သာသနေ။

ဒီပင်္ကရော နာမ ဇိနော၊ ဥပ္ပဇ္ဇိ လောကနာယကော။


ဥပ္ပဇ္ဇန္တေ စ ဇာယန္တေ၊ ဗုဇ္ဈန္တေ ဓမ္မဒေသနေ။

စတုရော နိမိတ္တေ နာဒ္ဒသိံ၊ ဈာနရတိသမပ္ပိတော။

ရသေ့တို့၏ သာသနာ (ဈာန် အဘိညာဉ်၌) အထွတ်အထိပ်သို့ရောက်ကာ စိုးပိုင်နိုင်နင်းစွာ ဖြစ်နေစဉ် တလောကလုံး၏ ရှေ့သွားခေါင်းဆောင် ဖြစ်တော်မူသော ဒီပင်္ကရာ မြတ်စွာဘုရားသည် ပွင့်တော်မူပြီ။

ဒီပင်္ကရာမြတ်စွာဘုရား အလောင်းတော် ပဋိသန္ဓေ နေတော်မူသော အခါမှာ၎င်း, ဖွားမြင်တော်မူသော အခါမှာ၎င်း, ဘုရားဖြစ်တော်မူသော အခါမှာ၎င်း, ဓမ္မစကြာတရားဦး ဟောတော်မူသော အခါမှာ၎င်း လေးပါးသော ဌာနတို့၌ ထင်မြင်သော နိမိတ်တို့ကို ဈာန်ချမ်းသာ၌ စိတ်မွေ့လျော် သက်ဝင်၍နေသော ငါသည် မမြင်လိုက်ရပြီဟူ၍ ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူကြောင်းကို အလောင်းတော် သုမေဓာရသေ့ အကျဉ်းချုပ် ပြောကြားခြင်းမျှသာ လာရှိသည်။



၂၈၆

ဤ သုမေဓာရှင်ရသေ့၏ စကားလာ ဒီပင်္ကရာမြတ်စွာဘုရား အလောင်းတော် ပဋိသန္ဓေနေသည့် အကြောင်းအရာ စသည်တို့ကို ဗုဒ္ဓဝင်အဋ္ဌကထာ၌သာလျှင်။ ။ဒီပင်္ကရော နာမ သတ္ထာ လောကေ ဥဒပါဒိ၊ သင်္ခေပေနေဝ တဿာယမာနုပုဗ္ဗီကထာ.. ဒီပင်္ကရာ မြတ်စွာဘုရားသည် လောက၌ ပွင့်တော်မူပြီ၊ ဤဆိုလတ္တံ့သည်ကား အကျဉ်းချုပ်အားဖြင့်သာလျှင် ထို ဒီပင်္ကရာ မြတ်စွာဘုရား၏ အစဉ်အတိုင်းသော အကြောင်းအရာ အဖြစ်တော်စဉ် စကားရပ်တည်း၊ ၊ဟု စကားပလ္လင် ခံပြီးလျှင် ထိုဒီပင်္ကရာ မြတ်စွာဘုရား အကြောင်းအရာကို ဆိုလတ္တံ့သောအတိုင်း တုသိတာနတ်ပြည်မှစ၍ ရေးသား ဖွင့်ပြတော်မူလေသည်..။

     ဤဘဒ္ဒကမ္ဘာမှ ပြန်၍ရေသည်ရှိသော် လေးအသင်္ချေနှင့် ကမ္ဘာတသိန်းထက်၌ တခုသော သာရမဏ္ဍကမ္ဘာတွင် (၁) တဏှင်္ကရာ မြတ်စွာဘုရား၊ (၂) မေဓင်္ကရာမြတ်စွာဘုရား၊ (၃) သရဏင်္ကရာ မြတ်စွာဘုရား ဤဘုရားသုံးဆူတို့ အစဉ်အတိုင်း ပွင့်တော်မူကြပြီးနောက် အန္တရကပ်တခုသို့ရောက်၍ ထိုအန္တရဆုတ်ကပ် လူတို့၏အသက်တမ်း တသိန်းတမ်းတွင် ရမ္မာဝတီမြို့တော်၌ သုဒေဝမင်းကြီး ထီးနန်းစိုးစံနေစဉ်..၊ ဒီပင်္ကရာမြတ်စွာဘုရား အလောင်းတော်သည် ပါရမီတော်တို့ကို ဖြည့်ဆည်းပူးတော်မူပြီး၍ တုသိတာနတ်ပြည်၌ စံနေသည်ကို တသောင်းသော စကြဝဠာတိုက်မှ နတ်အပေါင်း လာရောက်စည်းဝေး တောင်းပန်ကြသဖြင့် ထိုတောင်းပန်ချက်ကို ဝန်ခံတော်မူပြီးလျှင် သုဒေဝမင်းကြီး၏ နန်းတော်ဝယ် သုမေဓာမိဖုရားကြီး၏ ဝမ်းတိုက်၌ ဝါဆိုလပြည့် ဥတ္တရာသဠ် နက္ခတ်နှင့်ယှဉ်၍ ပဋိသန္ဓေ တည်နေတော်မူပြီးလျှင် ကြီးစွာသော အဆောင်အယောင် အစောင့်အရှောက်တို့ဖြင့် စောင့်ရှောက်အပ်သည်ဖြစ်၍ ဆယ်လစေ့ရောက် သောအခါ ဖွားမြင်တော်မူ၏။



၂၈၇

     ထိုသို့ ဒီပင်္ကရာမင်းသား ပဋိသန္ဓေ နေတော်မူသောအခါ ဖွားတော်မူသော အခါတို့၌ စကြဝဠာတိုက်တသောင်း တုန်လှုပ်ခြင်းစသော သုံးဆယ့်နှစ်ပါးသော အံ့ဩဖွယ်ရာ နိမိတ်ကြီးတို့သည် ထင်ရှားဖြစ်ကုန်၏။

(ထို သုံးဆယ့်နှစ်ပါးသော နိမိတ်ကြီးတို့သည် ခပ်သိမ်းသော ဘုရားအလောင်းတို့၏ပင် (၁) ပဋိသန္ဓေ တည်နေသောအခါ၊ (၂) ဖွားမြင်သောအခါ၊ (၃) ဘုရားဖြစ်သောအခါ၊ (၄) ဓမ္မစကြာတရားဦး ဟောတော်မူသောအခါ ဤလေးဌာန၌ ထင်မြဲပင် ဖြစ်ကြကုန်၏။ ဤသို့ ခပ်သိမ်းသော ဘုရားအလောင်းတော်တို့နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဂေါတမ ဗုဒ္ဓဝင်အခဏ်းသို့ရောက်မှ စုံလင်စွာ ရေးသားဖော်ပြပေအံ့။ ဤဗုဒ္ဓဝင် အဋ္ဌကထာ၌ကား ဤဒီပင်္ကရာ မြတ်စွာဘုရားအလောင်းတော် ပဋိသန္ဓေနေခဏ်းမှာပင် သုံးဆယ့်နှစ်ပါးသော ထိုနိမိတ်ကြီးတို့ ထင်ကြောင်းကို၎င်း၊ ထိုနိမိတ်ကြီးတို့ထင်ခြင်းမှာ နောက်အခါ၌ အသီးအသီး မည်သည့်အကျိုး ထင်ရှားပေါ်ပေါက်ရန် ဖြစ်သည်တို့ကို၎င်း အကျယ်ဖွင့်ပြ ရေးသားလျက်ရှိသည်။)

     ထို့နောက် ဒီပင်္ကရာမင်းသား ချမ်းသာစွာကြီးပွါး၍ အစဉ်သဖြင့်ကြီးမြောက် အရွယ်သို့ ရောက်သောအခါ ထီးနန်းအုပ်ချုပ် မင်းပြုလုပ်တော်မူ၏။ (က)

     ထီးနန်းအုပ်ချုပ် မင်းပြုလုပ်တော်မူသောအခါ (ဟံသပါသာဒ) ဟင်္သာရွှေနန်းဆောင်၊ (ကောဉ္စပါသာဒ) ကြိုးကြာရွှေနန်းဆောင်၊ (မယူရပါသာဒ) ဥဒေါင်းရွှေနန်းဆောင်အားဖြင့် မြတ်သော ရွှေနန်းပြာသာဒ် သုံးဆောင်မှာ လှည့်လည်၍ နှစ်ပေါင်း (၁၀၀၀၀) တသောင်းပတ်လုံး စံနေတော်မူ၏။ ကောင်းမွန်စွာ တန်းဆာဆင်ယင်ထားသည့် မောင်းမမိဿံတို့သည် သုံးသိန်းခန့် ရှိကြကုန်၏၊ ကြင်ယာတော်မိဖုရားကြီးမှာ ပဒုမာမည်သော မင်းသမီးဖြစ်၍ သားတော်မှာ ဥသဘက္ခန္ဓမင်းသား ဖြစ်၏။



၂၈၈

     အလောင်းတော် ဒီပင်္ကရာမင်းသားသည် ဆိုအပ်ပြီးသော ရွှေနန်းသုံးဆောင်တို့၌ နတ်၏စည်းစိမ်နှင့်တူသော မင်းစည်းစိမ်ကို ခံစားတော်မူနေစဉ် ဥယျာဉ်ပျော်ပါး ကစားရန် ထွက်တော်မူသောအခါ အစဉ်သဖြင့် သူအို, သူနာ, သူသေဟု ဆိုအပ်သော နတ်တမန်တို့ကိုမြင်၍ ထိတ်လန့်ခြင်း သံဝေဂတရားရလျက် ဥယျာဉ်တော်မှ ပြန်နစ်တော်မူကာ ရမ္မာဝတီမြို့တော်တွင်းသို့ ဝင်ပြီးလျှင် တဖန် လေးကြိမ်မြောက် ဥယျာဉ်တော်သို့ ထွက်တော်မူလိုသောအခါ ဆင်ဝန်ကိုခေါ်ပြီးလျှင်.. “ငါသည် ယနေ့ ဥယျာဉ်တော်ကို ရှုစားရန် ထွက်တော်မူမည်၊ ဆင်ယာဉ်များကို ပြင်လော့”ဟု အမိန့်ရှိတော်မူ၏။ ဆင်ဝန်လည်း “ကောင်းပါပြီ”ဟု ဝန်ခံကာ (၈၄၀၀၀) ရှစ်သောင်းလေးထောင်သော ဆင်ယာဉ်တို့ကို ပြင်ဆင်၏။ ထိုအခါ ဒီပင်္ကရာမင်းသားသည် ဝိသုကြုံနတ်သား လာရောက် ဆင်ယင်ပေးအပ်သော အဆင်တန်းဆာရှိသည်ဖြစ်၍ ဆင်အပေါင်း (၈၄၀၀၀) ရှစ်သောင်းလေးထောင် ခြံရံလျက် စီးတော်ဆင်ထက်၌စီး၍ များစွာသော စစ်သည်ဗိုလ်ပါ အပေါင်း ခြံရံလျက် ဥယျာဉ်တော်သို့ဝင်ကာ စီးတော်ဆင်ထက်မှ ဆင်းသက်၍ ဥယျာဉ်တော်အတွင်း လှည့်လည်ကြည့်ရှုတော်မူပြီးနောက် အလွန်တရာ အေးမြနှစ်သက်ဖွယ် ကောင်းလှသော ကျောက်ဖျာထက်မှာ ထိုင်တော်မူလျက် ရဟန်းပြုရန် စိတ်အကြံကို ဖြစ်စေ၏။ ထိုအခါ သုဒ္ဓါဝါသဘုံမှ ရဟန္တာမဟာဗြဟ္မာကြီးသည် ပရိက္ခရာရှစ်ပါးကို ဆောင်ယူခဲ့၍ အလောင်းတော်၏မျက်မှောက် မြင်လောက်ရာအရပ်၌ ထင်ရှား ဖြစ်လာ၏။ အလောင်းတော်သည် ထိုပရိက္ခရာရှစ်ပါးကို မြင်၍ “အဘယ်အရာနည်း”ဟု မေးသည်တွင် ရဟန်းအသုံးအဆောင်များ ဖြစ်ကြောင်းကို ကြားရ၍ ကိုယ်တော်တွင် ဆင်ယင်ထားသော မင်းတန်းဆာတို့ကို ချွတ်တော်မူကာ ဘဏ္ဍာစိုးလက်သို့ အပ်နှင်းတော်မူပြီးနောက် လက်သုံးတော် သန်လျက်ဖြင့် ဆံတော်ကို ဖြတ်ပယ်၍ ကောင်းကင်သို့ ပစ်မြှောက်တော်မူလိုက်၏။ (ခ)



၂၈၉

     ထိုအခါ သိကြားမင်းသည် ထိုဆံထုံးတော်ကို ရွှေပန်းတောင်း (ရွှေကလပ်)ဖြင့် ခံယူ၍ မြင်းမိုရ်တောင်ထိပ်၌ သုံးယူဇနာ ပမာဏရှိသော ဣန္ဒနီလာ= (မြညို)ကျောက်ဖြင့်ပြီးသော မကုဋစေတီမည်သော စေတီကို တည်ထားလေ၏။

     ထို့နောက် အလောင်းတော်သည် ဗြဟ္မာကြီးဆက်လာသော သင်္ကန်းတို့ကို ဝတ်ရုံ၍ ပုဆိုး (ဝတ်လဲတော်)အစုံကို ကောင်းကင်သို့ ပစ်မြှောက်လိုက်ပြန်ရာ သုဒ္ဓါဝါသဗြဟ္မာကြီး ခံယူ၍ သုဒ္ဓါဝါသဘုံမှာ တဆယ့်နှစ်ယူဇနာရှိသော (ဒုဿ)စေတီကို တည်ထား၏။

     ဤသို့ ဒီပင်္ကရာမင်းသား ရဟန်းပြုတော်မူကြောင်းကို သတင်းစကား ကြားသိကြသော လူပေါင်း တကုဋေတို့သည် အလောင်းတော်မင်းသား၏ အတုလိုက်ကာ ရဟန်းပြုကြကုန်၏။ (ဂ)

     ဒီပင်္ကရာ ဘုရားအလောင်းတော်သည် အတုလိုက် ရဟန်းပြုကြသော ရဟန်းတော်ပေါင်း တကုဋေနှင့်တကွ တောတွင်းမှာပင် ဆယ်လတို့ပတ်လုံး ဒုက္ကရစရိယာခေါ် ပြုနိုင်ခဲသောအကျင့်ကို ကျင့်တော်မူ၍ ဘုရားဖြစ်အံ့သော ကဆုန်လပြည့်နေ့သို့ ရောက်သောအခါ တခုသောမြို့သို့ ဆွမ်းခံဝင်တော်မူသည်ရှိသော် မြို့နေ လူအပေါင်းတို့သည်လည်း ထိုနေ့မှာ နတ်များကို ပူဇော်ပသရန် ရေ-မရောသော နို့ဃနာကို ချက်ကြပြီးလျှင် အခြွေအရံ ရဟန်းတော်ပေါင်း တကုဋေနှင့်တကွသော အလောင်းတော်အား လှူဒါန်းကြကုန်၏။

     အလောင်းတော်သည် ထိုဃနာနို့ဆွမ်းကို ဘုဉ်းပေးတော်မူပြီးနောက် ထိုအရပ်ရှိ အင်ကြင်းတောမှာပင် နေ့သန့် (နေခို)တော်မူ၍ ညနေချမ်းအချိန် ရောက်သောအခါ တကုဋေမျှသော အခြွေအရံရဟန်းတို့ကို စွန့်လွှတ်ခဲ့၍ မဟာဗောဓိပင်ရှိရာအရပ်သို့ တပါးတည်း ကြွသွားတော်မူ၏။

ဘုရားဖြစ်၍ ဓမ္မစကြာတရား ဟောတော်မူခြင်း

     ကြွသွားတော်မူရာ လမ်းခရီး၌ သုနန္ဒအမည်ရှိသော တက္ကတွန်း လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်တို့ကို ခံယူတော်မူခဲ့၍



၂၉၀

ညောင်ကြပ်ပင်အရင်း၌ ဖြန့်၍ ခင်းတော်မူလိုက်သည်နှင့် တပြိုင်နက် (၅၃) ငါးဆယ့်သုံးတောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်၏။

(ထိုပလ္လင်တော်၏ ပမာဏ ငါးဆယ့်သုံးတောင် ဆိုသည်မှာ အမြင့်ပမာဏ ဖြစ်သည်ဟူ၍၎င်း..၊ အမြင့်ပမာဏမဟုတ်၊ အကျယ်အပြန့် ပမာဏဖြစ်သည် ဟူ၍၎င်း..၊ ရာဇဝင်အရ အဝခေတ်အတွင်းမှာ ထင်ရှားဖြစ်ပေါ်သည့် ပါဠိဘာသာ ဋီကာကျမ်းများက တမျိုးတဖုံစီ ဖွင့်ပြုကြကုန်၏။ ဖွင့်ပြပုံအကျယ်ကို ဂေါတမဗုဒ္ဓဝင်သို့ရောက်မှ ပြဆိုပေအံ့။)

     ထို အပရာဇိတပလ္လင်တော်ထက်၌ ထက်ဝယ် (တင်ပလ္လင်)ဖွဲ့ခွေ သီတင်းသုံး နေတော်မူလျက် အင်္ဂါလေးပါးရှိသော ဝီရိယကို ဆောက်တည်၍ မဟာဗောဓိ= (ညောင်ကြတ်)ပင်ရင်း၌ ထိုင်နေတော်မူပြီးနောက် မာရ်စစ်သည်ဗိုလ်ပါကို အောင်မြင်တော်မူပြီးခါ ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်= (ရှေး၌ဖြစ်ဘူးသော ခန္ဓာအစဉ်ကို သိသောဉာဏ်)၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်= (နတ်မျက်စိကဲ့သို့ ဝေးခြားသိမ်မွေ့သော အဆင်းကို မြင်နိုင်သောဉာဏ်)ကို ရတော်မူပြီးလျှင်.. မိုးသောက် (ပစ္ဆိမ)ယံ၌ အနုလုံ ပဋိလုံ သံသရာစက်လည်ပုံ သံသရာစက်ပြတ်ပုံ နှစ်ပါးစုံအားဖြင့် ပဋိစ္စသမုပ္ပါဒ်တရားကို သုံးသပ်တော်မူပြီး၍ အာနာပါန စတုတ္ထဈာန်ကို ဝင်စားပြီး ထိုဈာန်မှထ၍ ခန္ဓာငါးပါးတို့ကို ဆင်ခြင်တော်မူသည်ရှိသော် ထိုခန္ဓာငါးပါး၏ ဖြစ်ခြင်း ပျက်ခြင်းနှင့်စပ်၍ (၅၀) ငါးဆယ်သော လက္ခဏာတို့ကို မြင်တော်မူ၍ ဂေါတြဘူဉာဏ်တိုင်အောင် ဝိပဿနာကို ပွါးများတော်မူသည်ရှိသော် နေအရုဏ်တက်သည်နှင့် တပြိုင်နက် အရဟတ္တမဂ်ဉာဏ်နှင့်တကွ အလုံးစုံသော ဘုရားဂုဏ်တို့ကို ထိုးထွင်းသိမြင် ရရှိတော်မူပြီးလျှင် လောကသုံးပါး၌ အတုမရှိသော ဘုရားအဖြစ်သို့ ရောက်တော်မူ၏။



၂၉၁

     ဘုရားဖြစ်တော်မူပြီးနောက် ဗောဓိပင်၏ အနီးမှာပင် (၇) ခုနစ်ဖြာသောဌာန (သတ္တဌာန)တို့၌ ခုနှစ်ရက်စီ ဖလသမာပတ်ချမ်းသာဖြင့် အချိန်ကို ကုန်စေတော်မူပြီး၍ တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ချက်ကို ဝန်ခံတော်မူပြီးလျှင် သုနန္ဒာရာမအရပ်၌ ဓမ္မစကြာတရားဦးကို ဟောတော်မူသောအခါ ကုဋေတရာသော လူနတ်ဗြဟ္မာ သတ္တဝါတို့ သစ္စာလေးပါးကို ထိုးထွင်း သိမြင်ကြကုန်၏။

     ဘုရားဖြစ်တော်မူသော အခါ၌၎င်း ဓမ္မစကြာတရား ဟောတော်မူသောအခါ၌၎င်း သုံးဆယ့်နှစ်ပါးသော နိမိတ်ကြီးသည် ထင်ရှား ဖြစ်ကြကုန်၏။

     ဤသို့ ဒီပင်္ကရာမြတ်စွာဘုရား အလောင်းတော် ပဋိသန္ဓေနေ တော်မူသောအခါ, ဖွားတော်မူသောအခါ, ဘုရားဖြစ်တော်မူသောအခါ, ဓမ္မစကြာတရားဦး ဟောတော်မူသောအခါတို့၌ ဖြစ်ပေါ်ကြကုန်သော (လေးဌာန) နိမိတ်ကြီးတို့ကို သုမေဓာရှင်ရသေ့သည် ဈာန်၌ မွေ့လျော် ပျော်ပိုက်နေသည့်အတွက် မသိ မမြင်လိုက်ရချေ။ ။(ထိုအကြောင်းကို အောက် သုမေကထာ၌ ပြဆိုခဲ့ပြီ။)

ဒေသစာရီ ကြွချီတော်မူခြင်း

     ဒီပင်္ကရာ မြတ်စွာဘုရားသည် ဓမ္မစကြာတရားဦး ဟောကြားတော်မူပြီးနောက် လူနတ်ဗြဟ္မာ သတ္တဝါတို့၏အကျိုးငှါ ဒေသစာရီ လှည့်လည်တော်မူလျက် ရမ္မာဝတီပြည် သုဒဿနကျောင်းတိုက်ကြီး၌ သီတင်းသုံး နေတော်မူစဉ် ရမ္မာဝတီ ပြည်သူပြည်သားတို့က ဆွမ်းအလှူခံရန် ပင့်လျှောက်ချက်အရ နောက်ပါရဟန္တာ (၄၀၀၀၀၀) လေးသိန်းနှင့်တကွ ကြွတော်မူရာ လမ်းခရီးတွင် သုမေဓာရှင်ရသေ့အား ဗျာဒိတ်ကြားတော်မူကြောင်းကို၎င်း.. ဗျာဒိတ်ကြားပြီး၍ ပင့်ဖိတ်ရာဌာနသို့ ကြွရောက်တော်မူပြီးလျှင် ရမ္မာဝတီ ပြည်သူပြည်သားတို့၏ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူနေစဉ် သုမေဓာရှင်ရသေ့သည် ပါရမီတော်တို့ကို ဆင်ခြင်သုံးသပ်ရာ တရား၏ တန်းခိုးအာနုဘော်အားဖြင့် မြေ ပြင်းထန်စွာ



၂၉၂

တုန်လှုပ်ကြောင်းကို၎င်း..၊ ထိုသို့ မြေလှုပ်သဖြင့် ဆွမ်းကျွေးမွေးနေသူ လူအပေါင်းတို့ ကြောက်ရွံ့ကြ၍ ဒီပင်္ကရာမြတ်စွာဘုရားထံ မေးမြန်းလျှောက်ကြားသဖြင့် “ကြောက်ရွံ့ဖွယ်မရှိ၊ သုမေဓာရှင်ရသေ့၏ တရားတော်ကို ဆင်ခြင်ခြင်းအတွက် မြေလှုပ်ခြင်း ဖြစ်သည်”ကို ဟောတော်မူသောအခါ၊ လူအများတို့သည် သုမေဓာရှင်ရသေ့ထံသို့သွားကာ များစွာ ကောင်းချီးပေးကြကြောင်းကို၎င်း..၊ ထို ကောင်းချီးပေးခြင်းကို ခံယူပြီးနောက် သုမေဓာရှင်ရသေ့သည် တောအတွင်းသို့ ဝင်သွားကြောင်းကို၎င်း.. သုမေဓကထာ၌ အပြည့်အစုံ ရေးသားခဲ့ပြီ။ မရေးသားရသေးသည်မှာကား—

     ရမ္မာဝတီ ပြည်သူပြည်သားတို့သည် (၄ဝဝ၀ဝဝ) လေးသိန်းသော သံဃာတော်တို့နှင့်တကွ ဒီပင်္ကရာ မြတ်စွာဘုရားကို ဆွမ်းကျွေးမွေး လှူဒါန်းပြီးနောက် ပန်းနံ့သာ စသည်တို့ဖြင့် ပူဇော်ရှိခိုးကြပြီးလျှင် တရားနာရန်အလို့ငှါ စည်းဝေးကြကုန်၏။

     ထိုအခါ ဒီပင်္ကရာ မြတ်စွာဘုရားသည် ထိုလူအပေါင်းအား-

၁။ ဒါနံ နာမ သုခါဒီနံ၊ နိဒါနံ ပရမံ မတံ။

ဒိဗ္ဗာနံ ပန ဘောဂါနံ၊ ပတိဋ္ဌာတိ ပဝုစ္စတိ-

     ဤဒါနမည်သည်ကို လူနတ်နိဗ္ဗာန် ချမ်းသာသုံးပါး၏ အကြောင်းရင်းဟူ၍ သိအပ်၏။ နတ်၌ဖြစ်သော စည်းစိမ်တို့၏ တည်ရာအကြောင်းဟူ၍ ဆိုအပ်၏။ ။အစရှိသည်ဖြင့် အလွန် ချိုမြိန်ကောင်းမြတ်သော ဒါနနှင့်စပ်သော တရားစကားကို ဟောကြားတော်မူ၏။ ထို့နောက်-

     ၂။ သီလံ နာမေတံ ဣဓလောကပရလောကသမ္ပတ္တီနံ မူလံ။ ။ဤ သီလမည်သည်ကား ဤပစ္စုပ္ပန်လောက တမလွန်လောက၌ဖြစ်သော သမ္ပတ္တိ= (စည်းစိမ်)အမျိုးမျိုး၏ အကြောင်းရင်း ဖြစ်၏။ ။ဤသို့စသည် များစွာသော အကြောင်းတို့ဖြင့် သီလ၏ အကျိုးအာနိသင်ကို အကျယ်ဖော်ပြသော သီလကထာ တရား စကားကို ဟောကြားတော်မူ၏။



၂၉၃

     ၃။ သီလကထာကို ဟောကြားတော်မူပြီးသောအခါ ဤသီလကို အမှီပြု၍ ဤမည်သော နတ်ပြည်ချမ်းသာကို ရ၏ဟု ပြဆိုတော်မူရန် ထို့နောက် ဒီပင်္ကရာ မြတ်စွာဘုရားသည် သဂ္ဂကထာ= (နတ်ပြည်နှင့်စပ်သော တရားစကားကို ဟောကြားတော်မူ၏။ ဤနတ်ရွာမည်သည် အလိုရှိအပ် နှစ်သက်အပ် စိတ်နှလုံးကို ပွါးစေတတ်၏၊ စင်စစ် ချမ်းသာ၏၊ ဤနတ်ပြည်၌ အမြဲတစေ မြူးတူးရွှင်ပျော်ခြင်းကို ရနိုင်၏။ စတုမဟာရာဇ် နတ်တို့သည် လူတို့၏ အရေအတွက်အားဖြင့် နှစ်ပေါင်း (၉၀၀၀၀၀၀) ကိုးသန်းတို့ကာလပတ်လုံး နတ်၌ဖြစ်သော ချမ်းသာစည်းစိမ်ကို ရကုန် သုံးဆောင်ကုန်၏..၊ ဤသို့ အစရှိသည်ဖြင့် နတ်ပြည်၏ ကျေးဇူးနှင့် စပ်သော တရားစကားကို ဟောကြားတော်မူ၏။

     ၄။ ဤသို့ သဂ္ဂကထာ နတ်ရွာတရားစကားဖြင့် သတ္တဝါတို့၏စိတ်ကို ကုသိုလ်ဒါနမှု သီလမှုတို့၌ လိုက်ပါလာအောင် ဆွဲဆောင်ဖြားယောင်း နူးညံ့စေတော်မူပြီးနောက် တဖန်ဆက်၍ ဤနတ်ရွာချမ်းသာသည်လည်း မမြဲသောတရား မခိုင်သောတရားသာလျှင် ဖြစ်၏။ ဤနတ်ရွာချမ်းသာစု၌ ပြင်းစွာတပ်မက်မှုကို မပြုရာ..၊ ဤသို့ အစရှိသည်ဖြင့် ကာမတရားတို့၏ အပြစ်ကို၎င်း, ယုတ်ညံ့ပုံ ညစ်ညူးပုံကို၎င်း, ထိုကာမတရားတို့မှ ထွက်မြောက် စွန့်ခွါခြင်း၌ အကျိုးအာနိသင်ကို၎င်း ပြတော်မှု၍ အမြိုက်နိဗ္ဗာန်လျှင် အဆုံးရှိသော တရားစကားကို ဟောကြားတော်မူ၏။

     ဤသို့လျှင် ဒီပင်္ကရာ မြတ်စွာဘုရားသည် ထိုလူအပေါင်းအား တရားဟော၍ အချို့တိံကို သရဏဂုံတို့၌၎င်း၊ အချို့တို့ကို ငါးပါး့သီလ ဆယ်ပါးသီလတို့၌၎င်း၊ အချို့တို့ကို သောတာပတ္တိဖိုလ်၌၎င်း၊ အချို့တို့ကို သကဒါဂါမိဖိုလ် အနာဂါမိဖိုလ်၌၎င်း၊ အချို့တို့ကို ဖိုလ်လေးပါးတို့၌၎င်း၊ အချို့တို့ကို ဝိဇ္ဇာသုံးပါး၌၎င်း၊ အချို့တို့ကို အဘိညာဉ်ခြောက်ပါးတို့၌၎င်း၊ အချို့တို့ကို သမာပတ်ရှစ်ပါးတို့၌၎င်း တည်စေတော်မူပြီးလျှင် ရမ္မာဝတီမြို့တော်မှ ထွက်ကြွတော်မူ၍ သုဒဿနကျောင်းတိုက်ကြီးသို့ ဝင်တော်မူ၏။



၂၉၄

တရားပွဲကြီး သုံးကြိမ်

     (က) ဒီပင်္ကရာ မြတ်စွာဘုရားသည် ဘုရားဖြစ်တော်မူပြီးနောက် ဗောဓိပင်၏ အနီး၌သာလျှင် သတ္တသတ္တာဟ= (၄၉-ရက်)ကို ကုန်လွန်စေ၍ အဋ္ဌမသတ္တာဟ၌ ဗြဟ္မာကြီး၏ တောင်းပန်ခြင်းကို ဝန်ခံတော်မူပြီးလျှင် သုနန္ဒာရာမအရပ်၌ ဓမ္မစကြာတရားဦးကို ဟောတော်မူ၍ ကုဋေတရာသော နတ်လူတို့အား တရားတည်း ဟူသော အမြိုက်ဆေးကို တိုက်ကျွေးတော်မူသည်။

(ဤကား ပဌမတရားပွဲကြီးတည်း။)

     (ခ) ထို့နောက် ဒီပင်္ကရာ မြတ်စွာဘုရားသည် သားတော် ဥသဘက္ခန္ဓမင်းသား၏ ဉာဏ်ရင့်ကျက်ချိန်ကို သိတော်မူ၍ ထိုဥသဘက္ခန္ဓသားတော်ကို အကြီးအမှူးထား၍ (အကျွန်ုပ်တို့၏ မြတ်စွာဘုရားသည် သားတော်ရာဟုလာအား အရဟတ္တဖိုလ်ပေါက် ဟောကြားဆုံးမအပ်သော စူဠရာဟုလောဝါဒသုတ္တန်ကဲ့သို့သော) ဩဝါဒတရားကို ဟောတော်မူ၍ ကုဋေကိုးဆယ်သော နတ်လူတို့အား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူသည်။

(ဤကား ဒုတိယတရားပွဲကြီးတည်း။)

     (ဂ) တဖန် ဒီပင်္ကရာ မြတ်စွာဘုရားသည် အမရဝတီမြို့တော် တံခါးဝ၌ရှိသော ကုက္ကိုပင်ကြီးအနီး၌ တိတ္ထိတို့ကို နှိမ်နင်းပြီး၍ ရေမီးအစုံအစုံ တန်းခိုးပြာဋိဟာကို ပြတော်မူပြီးလျှင် တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ ကျောက်ဖျာထက်၌ သီတင်းသုံးနေတော်မူ၍ မယ်တော် သုမေဓာဒေဝီ ဖြစ်ခဲ့ဘူးသော နတ်သားကို အကြီးအမှူးပြုကာ အဘိဓမ္မာတရားကို ဟောတော်မူ၍ ကုဋေကိုးဆယ်သော နတ် ဗြဟ္မာတို့ကို တရားရေအေး အမြိုက်ဆေး တိုက်ကျွေးတော်မူသည်။

(ဤကား တတိယတရားပွဲကြီးတည်း။)

**********



၂၉၅

သာဝကအစည်းအဝေးကြီး သုံးကြိမ်

     (၁) ဒီပင်္ကရာ မြတ်စွာဘုရား၏ တပည့်သာဝက အစည်းအဝေးသည်ကား.. သုံးဌာနရှိရာ သုနန္ဒာရာမအရပ်၌ အရပ်ထက်ဝန်းကျင်မှ ရဟန္တာအရှင်မြတ်များ အထူးလာရောက် စည်းဝေးကြသော ပဌမအစည်းအဝေးပွဲတွင် ကုဋေတသိန်းမျှလောက်ကုန်သော ရဟန္တာပုဂ္ဂိုလ်ကြီးတို့သည် အညီအညွတ် စည်းဝေးကြကုန်၏။

(ဤကား ပဌမအကြိမ် သာဝကအစည်းအဝေးကြီးတည်း။)

     (၂) တဖန် ဒုတိယဖြစ်သော သာဝကအစည်းအဝေးသည်ကား နာရဒကူဋတောင်ထိပ်၌ ဖြစ်၏။ ဖြစ်ဟန်ကား..

     အခါတပါး၌ ဒီပင်္ကရာ မြတ်စွာဘုရားသည် (၄ဝဝဝ၀ဝ) လေးသိန်းသော ရဟန်းတို့ဖြင့် ခြံရံလျက် ဒေသစာရီ လှည့်လည်တော်မူရာ၊ တခုသောအရပ်၌ အံ့ဩဖွယ်အမျိုးမျိုးတို့ဖြင့် ပြည့်စုံကာ လွန်စွာ နှလုံးမွေ့လျော်ဖွယ်ရှိသော နာရဒကူဋတောင်သို့ ရောက်တော်မူ၏။

     ထိုတောင်ကို နရဒေဝအမည်ရှိသော နတ်ဘီလူးသည် သိမ်းဆည်းအပ်သည်ဖြစ်၍ ထိုတောင်စောင့်နတ်ဘီလူးအား နှစ်စဉ်မပြတ် လူအပေါင်းတို့သည် လူကိုပင် ဗလိနတ်စာအလို့ငှါ ကောင်းစွာ ယူဆောင်ကြကုန်၏။

     ထိုအခါ ဒီပင်္ကရာ မြတ်စွာဘုရားသည် ထိုလူအပေါင်းတို့မှာ မှီခိုအားထားရာ ရှေးကောင်းမှုနှင့် ပြည့်စုံသည်ကို မြင်တော်မူ၍ ရဟန်းသံဃာတို့ကို ခေါ်ဆောင်တော်မမူပဲ တပါးတည်းသာ နာရဒကူဋတောင်ထိပ်သို့ တက်တော်မူ၏။ ထိုအခါ ဘီလူးသည် ပြင်းထန်စွာ အမျက်ထွက်ပြီးလျှင် မြတ်စွာဘုရား ကြောက်လန့်ထွက်ပြေးစေရန် တောင်ကြီးကို တုန်လှုပ်စေခြင်း စသည်ဖြင့် မိမိစွမ်းအားရှိသမျှ ခြိမ်းချောက်ပါသော်လည်း မြတ်စွာဘုရားမှာ တစုံတရာ အန္တရာယ်မရှိ ပကတိကြည်လင်စွာ သီတင်းသုံး နေတော်မူသည်ကို မြင်လေလျှင် “ဤရဟန်းကြီးကား အံ့ဩဖွယ်ရှိပေစွာ့၊



၂၉၆

တန်းခိုးအာနုဘော် ကြီးပေစွာ့၊ ဤရဟန်းကြီးအား ငါပြုခဲ့သမျှသော အကျိုးမဲ့အစုသည် ငါ့အပေါ်သို့သာ ကျရောက်ခဲ့၏။ ငါသည် ဤရဟန်းကြီးကို အလွတ်ထား၍ တပါးသော ကိုးကွယ်ရာ မရှိတော့ချေ၊ မြေကြီးပေါ်၌ ချွတ်ချော်တိမ်းပါး လဲကျသွားသောသူသည် မြေကြီးကိုသာ အမှီပြု၍ ထရသကဲ့သို၊ ငါသည်လည်း ယခု ဤရဟန်းကြီးကိုပင် ကိုးကွယ် ဆည်းကပ်တော့အံ့”ဟု အကြံဖြစ်လေ၏။

     နရဒေဝနတ်ဘီလူးသည် ဤသို့ အကြံဖြစ်ပြီးလျှင် တရာ့ရှစ်ကွက် စက်လက္ခဏာတို့ဖြင့် တန်းဆာဆင်အပ်သော မြတ်စွာဘုရား၏ ခြေတော်အစုံ၌ ဦးတိုက်ကာ မြတ်စွာဘုရား၌ လွန်ကျူးမိသော အပြစ်တို့ကို ဝန်ချတောင်းပန်၍ မြတ်စွာဘုရားကို ဆည်းကပ် ကိုးကွယ်လေ၏။ ထို့နောက် မြတ်စွာဘုရားသည် နရဒေဝနတ်ဘီလူးအား ဒါနကထာ သီလကထာ အစရှိသော အစဉ်အတိုင်းသော တရားစကားကို ဟောတော်မူ၏။ တရားတော်၏အဆုံး၌ နရဒေဝနတ်ဘီလူးသည် အခြံအရံနတ်ဘီလူးပေါင်း တသောင်းနှင့်တကွ သောတာပတ္တိဖိုလ်၌ တည်လေ၏။

     ထိုနရဒေဝနတ်ဘီလူး သောတာပန်တည်သောနေ့၌ကား ဇမ္ဗူဒိပ်ကျွန်းအလုံး၌ နေကုန်သော လူတို့သည် နရဒေ၀နတ်ဘီလူးအား ဗလိနတ်စာပူဇော်ပွဲကြီး ကျင်းပရန် တရွာတရွာမှ တယောက် တယောက်သော လူကို ဆောင်ယူခဲ့ကြကုန်၏။ ထို့ပြင် များစွာသော နှမ်း, ဆန်, ကုလားပဲ, ပဲနောက်, ပဲကြီး စသည်ကို၎င်း၊ ထောပတ်, ဆီဦး, ဆီ, ပျား, တင်လဲ စသည်ကို၎င်း ဆောင်ယူခဲ့ကြကုန်၏။ နရဒေဝနတ်ဘီလူးသည် ထိုလူတို့ ဆောင်ယူခဲ့ကြသော ဆန်စသော ပူဇော်ဖွယ်အလုံးစုံကို ထိုလူတို့အားသာ ပြန်ပေးပြီးလျှင် ဗလိနတ်စာပြုရန် ဆောင်ယူခဲ့သော လူတို့ကိုကား မြတ်စွာဘုရားထံ ဆောင်နှင်းလေ၏။

     ထိုအခါ မြတ်စွာဘုရားသည် ထိုလူတို့ကို ဧဟိဘိက္ခု= (ရဟန်းကို လာလော့ဟု) ခေါ်တော်မူ၍ ရဟန်းပြုပြီးလျှင် ခုနစ်ရက်အတွင်း၌သာ ထိုလူအပေါင်းတို့ကို အရဟတ္တဖိုလ်၌



၂၉၇

တည်စေတော်မူ၍ တပို့တွဲလပြည့်နေ့၌ ရဟန္တာ ကုဋေတရာတို့အလယ်တွင် နေတော်မူကာ အင်္ဂါလေးပါးနှင့် ပြည့်စုံသော သာဝကအစည်းအဝေးကြီး၌ ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

     ဧဟိ ဘိက္ခု ရဟန်းဟူသည်ကား.. ရဟန်းပြုလုပ်ရန် သပိတ် သင်္ကန်း စသည်တို့ကို စီမံရှာဖွေ၍ မနေရတော့ပဲ မြတ်စွာဘုရားက ဧဟိဘိက္ခု= (လာလော့ ရဟန်းဟု) ခေါ်တော်မူလိုက်လျှင်ပင် နဂိုရ်လူ၏အသွင် ကွယ်ပျောက်၍ ဝါတော်ခြောက်ဆယ်ရပြီးသော ရဟန်းအသွင် ထင်ရှား ပေါ်ပေါက်လာသော ရဟန်း..ဟု ဆိုလိုသည်။

     အင်္ဂါလေးပါးရှိသော ပရိသတ်သာဝက အစည်းအဝေး ဟူရာ၌၊ အင်္ဂါလေးပါး ဟူသည်ကား..

၁။ ရဟန်းအားလုံးတို့ ဧဟိဘိက္ခု ရဟန်းချည်း ဖြစ်ကြခြင်း၊

၂။ ထိုရဟန်းတို့သည် ဆဠဘိည= (အဘိညာဉ်ခြောက်ပါးရသည့်) ရဟန်းချည်း ဖြစ်ကြခြင်း၊

၃။ ထိုရဟန်းတို့သည် မပင့်မခေါ်အပ်ပဲ ရောက်လာညီမူကြခြင်း၊

၄။ တဆယ့်ငါးရက် လပြည့်ဥပုသ်နေ့ဖြစ်ခြင်း-

ဟူ၍ အင်္ဂါလေးပါး ဖြစ်သတည်း။

     ဤ ဆိုအပ်ပြီးသော နရဒေ၀ နတ်ဘီလူးအကြောင်းကား ဗုဒ္ဓဝင် အဋ္ဌကထာ၌လာသော စကားအစဉ်တည်း။

     ဗုဒ္ဓဝင် ပါဠိတော်ကြီး၌ကား.. တဖန် ဒီပင်္ကရာ မြတ်စွာဘုရားသည် နာရဒတောင်ထိပ်၌ ဆိတ်ငြိမ်ရာသို့ ချဉ်းကပ်သီတင်းသုံး နေတော်မူစဉ် ကိလေသာအညစ်အကြေး ကင်းဝေး စင်ကြယ်တော်မူကြသည့် ကုဋေတရာကုန်သော ရဟန္တာအရှင်တို့သည် စည်းဝေးတော်မူကြကုန်ပြီ..ဟူ၍ သာမညသာ ဟောတော်မူ၏။

(ဤကား ဒုတိယအကြိမ် သာဝကအစည်းအဝေးကြီးတည်း။)



၂၉၈

     (၃) အခါတပါး ဒီပင်္ကရာ မြတ်စွာဘုရားသည် သုဒဿနတောင်ထိပ်၌ ဝါကပ်တော်မူ၏။ ထိုအခါ ဇမ္ဗူဒိပ်ကျွန်း၌ နေကုန်သော လူတို့သည် နှစ်စဉ်နှစ်တိုင်းပင် သီတင်းကျွတ်အခါတွင် တောင်ထိပ်ပွဲသဘင် လာရောက်ဆင်ယင် ကျင်းပကြမြဲ ဖြစ်သည့်အတိုင်း သုဒဿနတောင်ထိပ်သို့ လာရောက်ကြရာ မြတ်စွာဘုရားနှင့် တွေ့ကြုံကာ မြတ်စွာဘုရား၏ တရားတော်ကို နာကြားကြရာတွင် ကြည်လင်သော စိတ်စေတနာ သဒ္ဓါရွှင်လန်းသဖြင့် ရဟန်းပြုကြကုန်၏။ မြတ်စွာဘုရားသည် ထိုရဟန်းတို့အား မဟာပဝါရဏာနေ့= (သီတင်းကျွတ်လပြည့်နေ့)၌ တရားဟောတော်မူပြန်ရာ ရဟန်းသစ် အလုံးစုံတို့သည် တေဘူမက သင်္ခါရတရားတို့ကို သုံးသပ်ဆင်ခြင်၍ ဝိပဿနာအစဉ်အားဖြင့်၎င်း မဂ်အစဉ်အားဖြင့်၎င်း အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။ ထိုအခါ မြတ်စွာဘုရားသည် ကုဋေကိုးသောင်းသော ရဟန္တာတို့နှင့်အတူ ပဝါရဏာပြုတော်မူ၏။

(ဤကား တတိယအကြိမ် သာဝကအစည်းအဝေးကြီးတည်း။)

     ဒီပင်္ကရာ မြတ်စွာဘုရား၏ သာမညဖြစ်သော တရားပွဲများမှာ တသောင်းသော သတ္တဝါတို့၏၎င်း နှစ်သောင်းသော သတ္တဝါတို့၏၎င်း သစ္စာလေးပါးတရားကို သိခြင်း (အကျွတ်တရားရခြင်း)သည် ဖြစ်၏။ တဦးသော သတ္တဝါ နှစ်ဦးသော သတ္တဝါ စသည်တို့၏ သစ္စာလေးပါးတရားကို သိခြင်း (အကျွတ်တရားရခြင်း)သည်ကား ဂဏန်းချလျက် ရေတွက်ခြင်းငှာ မတတ်နိုင်။

     ထိုအခါ၌ ဒီပင်္ကရာမြတ်စွာဘုရား၏ ကောင်းစွာ သုဓ်သင်အပ်သော သာသနာတော်သည် ထက်ဝန်းကျင် ကျယ်ပြန့်၏၊ များစွာသော လူနတ်ဗြဟ္မာ သတ္တဝါတို့သည် သိအပ်၏၊ မြတ်သော သီလစသော တရားတို့နှင့် ပြည့်စုံဖြိုးမောက်၏။

     လောကသုံးပါးကို ပိုင်းခြား သိမြင်တော်မူသော ဒီပင်္ကရာမြတ်စွာဘုရားကို အဘိညာဉ်ခြောက်ပါးရ၍ ကြီးမားလှသော တန်းခိုးရှင် ဖြစ်တော်မူကြသည့် သာဝကရဟန္တာကြီး လေးသိန်းတို့သည် အမြဲ ခြံရံကြကုန်၏။



၂၉၉

     ထို ဒီပင်္ကရာ မြတ်စွာဘုရား လက်ထက်တော်အခါမှာ အကြင်သူတို့သည် အရဟတ္တဖိုလ်သို့ မရောက်ကြပဲ၊ ရောက်ရန် ကျင့်ကြံတုန်း ကျင့်ကြံဆဲ (သေက္ခ)ပုဂ္ဂိုလ်ဖြစ်ကြ၍ လူ့ဘဝကို စွန့်ရကုန်သည်ဖြစ်အံ့၊ ထိုသူတို့သည် (အားလုံး၏) ကဲ့ရဲ့ဖွယ်ရာချည်းသာ ဖြစ်ကြကုန်၏။

     ဒီပင်္ကရာ မြတ်စွာဘုရား၏ စကားတော် (သို့မဟုတ် သာသနာတော်)သည် တလောကလုံး၌ ကောင်းစွာထင်ရှား ပွင့်လင်းလှသည်ဖြစ်၍ ကိလေသာရန်သူတို့ကို ပယ်သတ်ကာ အာရုံအမျိုးမျိုးတို့ကြောင့် တုန်လှုပ်ခြင်းမရှိသော ကိလေသာအညစ်အကြေး ကင်းကွာ အာသဝေါကုန်ခန်း ရဟန္တာပုဂ္ဂိုလ် သူမြတ်တို့ဖြင့် အခါခပ်သိမ်း တင့်တယ်လှပေ၏။

မြို့တော်စသည်ကို ပြဆိုချက်

     ဒီပင်္ကရာ မြတ်စွာဘုရား၏ ဖွားတော်မူရာ မြို့တော်မှာ ရမ္မာဝတီမြို့တော် ဖြစ်၏။

     ခမည်းတော်မှာ သုဒေဝမင်း ဖြစ်၏၊ မယ်တော်မှာ သုမေဓာမိဖုရား ဖြစ်၏။

          အဂ္ဂသာဝကအစုံကား သုမင်္ဂလမထေရ်နှင့် တိဿမထေရ်တို့ ဖြစ်ကြကုန်၏၊ အလုပ်အကျွေးကား သာဂတမထေရ် ဖြစ်၏။

               အဂ္ဂသာဝိကာ= (မြတ်သောတပည့်မ) အစုံကား နန္ဒာထေရီမနှင့် သုနန္ဒာထေရီမတို့ ဖြစ်ကြကုန်၏၊ ပွင့်တော်မူရာ ဗောဓိပင်ကား ညောင်ကြတ်ပင် ဖြစ်၏။

     အလုပ်အကျွေး ဒါယကာတို့ကား တပုဿနှင့် ဘလ္လိကတို့ ဖြစ်ကြကုန်၏၊ အလုပ်အကျွေး ဒါယိကာမတို့ကား သိရိမာနှင့် သောဏာတို့ ဖြစ်ကြကုန်၏။

     ဒီပင်္ကရာ မြတ်စွာဘုရား၏ အရပ်တော်မှာ အတောင်ရှစ်ဆယ် မြင့်တော်မူ၏။ အလျှံတဝင်းဝင်း ထွန်းလင်း တောက်ပသော



၃၀၀

တန်ဆောင် ဆီမီးတိုင်ကြီးကဲ့သို့၎င်း၊ ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်ကြီးကဲ့သို၎င်း.. တင့်တယ်တော်မူလှ၏။

(ဤ ဖွားတော်မူရာ မြို့တော်စသည်ကို ပြဆိုရခြင်း၏ အကျိုးကား-၊ ထို ဖွားတော်မူရာ မြို့တော်စသည်ကို မပြဆိုခဲ့သည်ရှိသော် “ဤဘုရား၏ ဖွားတော်မူရာ မြို့တော်လည်း မထင်ခဲ့၊ ခမည်းတော် မယ်တော်စသည်လည်း မထင်ခဲ့၊ နတ်သော်၎င်း မာရ်သော်၎င်း ဘီလူးသော်၎င်း ဗြဟ္မာသော်၎င်း ဤသူ ဖြစ်အံ့ထင်၏။ နတ်ဗြဟ္မာတို့အား ဤသို့သော အံ့ဖွယ်ဖြစ်သည်မှာ အထူးမဟုတ်၊ အံ့ဖွယ်မရှိဟု အောက်မေ့ကာ ဟောသမျှတရားကို နာကြားကောင်းသည် ယုံကြည်ကောင်းသည်ဟု မမှတ်ကုန်လေရာ။ ထိုသို့ ဖြစ်သည်ရှိသော် သစ္စာတရားကို သိခြင်း(အကျွတ်တရားရခြင်း) မဖြစ်နိုင်လေရာ။ ဖွားတော်မူရာမြို့တော် ခမည်းတော် မယ်တော် စသည်ကို ပြအပ်သော်ကား “လူသားစင်စစ်က သို့စဉ် တန်းခိုးအာနုဘော် ကြီးပေ၏”ဟု အောက်မေ့ကာ သတ္တဝါတို့သည် မြတ်စွာဘုရား ဟောကြားအပ်သော တရားတော်ကို နာကြားယုံကြည်ကြသဖြင့် သစ္စာတရားကို သိခြင်း (အကျွတ်တရားရခြင်း) ဖြစ်နိုင်၏။ ထို့ကြောင့် ဖွားတော်မှုရာ မြို့တော် ခမည်းတော် မယ်တော် စသည်တို့ကို ပြဆိုခြင်းဖြစ်သည်။)

     ဒီပင်္ကရာ မြတ်စွာဘုရား၏ ရောင်ခြည်တော်သည် ထက်ဝန်းကျင် (၁၂) တဆယ့်နှစ်ယူဇနာတိုင်အောင် (တန်းခိုးတော်ဖြင့် အထူးဖန်ဆင်းရခြင်း မရှိပဲ) ပကတိအလိုလို ပျံ့နှံ့ထွက်၏။ ထို ဒီပင်္ကရာမြတ်စွာဘုရား၏ အသက်တော်မှာ တသိန်းဖြစ်၏။ (ဃ)

(ဤကား ပါဠိတော်၌ တိုက်ရိုက်လာသော အပိုင်းအခြားတည်း။)

     ပါဠိတော်၌ တိုက်ရိုက်မလာသော်လည်း ထုတ်ဆောင်၍ ပြရမည်ဟု အဋ္ဌကထာတို့၌ ဖွင့်ပြသော အပိုင်းအခြား (သမ္ဗဟုလဝါရ)သည်ကား..



၃၀၁

     ဒီပင်္ကရာ မြတ်စွာဘုရားအလောင်းတော် လူဖြစ်စဉ်ကာလ သုံးဆောင်အပ်သော နန်းတော် ပြာသာဒ်တို့ကား ဟံသပါသာဒ= (ဟင်္သာ ရွှေနန်းဆောင်)၊ ကောဉ္စပါသာဒ= (ကြိုးကြာ ရွှေနန်းဆောင်)၊ မယူရပါသာဒ= (ဥဒေါင်း ရွှေနန်းဆောင်)ဟူ၍ သုံးပါးတို့တည်း။

     မောင်းမမိဿံပေါင်းကား သုံးသိန်း အတိုင်းအရှည်ရှိ၏။ အဂ္ဂမဟေသီ မိဖုရားကြီးကား ပဒုမာဒေဝီ အမည်ရှိ၏။ သားတော်ကား ဥသဘက္ခန္ဓမင်းသားတည်း၊ ရွှေနန်းစိုးစံသော နှစ်ပေါင်းကား အနှစ်တသောင်းတို့တည်း။

     တောထွက်တော်မူသောအခါ ဆင်ယာဉ်ဖြင့် တောထွက်တော်မူ၏။ ဘုရားဖြစ်တော်မူသောအခါ နန္ဒာရာမ= (နန္ဒဥယျာဉ်)အရပ်၌ သီတင်းသုံး နေတော်မူ၏။

     ဒီပင်္ကရာ မြတ်စွာဘုရားသည် ထိုမျှလောက်သော ကာလပတ်လုံး တည်နေတော်မူလျက် များစွာသော သတ္တဝါအပေါင်းကို ကယ်တင်တော်မူ၏။

     တပည့်သား သံဃာတော်နှင့် တကွသော ထိုဒီပင်္ကရာ မြတ်စွာဘုရားသည် သင်ကြားခြင်း (ပရိယတ်)၊ ကျင့်ကြံခြင်း (ပဋိပတ်)၊ ထိုးထွင်းသိမြင်ခြင်း (ပဋိဝေဓ) တည်းဟူသော သဒ္ဓမ္မသုံးပါးကို တလောကလုံး ထွန်းပစေလျက် သတ္တဝါအပေါင်းကို ကယ်တင်တော်မူကာ အလျှံတပြောင်ပြောင် ထွန်းပပြီး မီးပုံကြီး ငြိမ်းသွားသကဲ့သို့ အေးငြိမ်းခြင်းသဘောသို့ ဆိုက်ရောက်တော်မူလေပြီ။ (င)

သံဝေဂ

ထိုဒီပင်္ကရာ မြတ်စွာဘုရား၏ တန်းခိုးတော်သည်၎င်း, ထိုမြတ်စွာဘုရား၏ တပည့်သာဝက ရဟန္တာကြီး လေးသိန်း အစရှိသော အခြံအရံအပေါင်းသည်၎င်း, ထိုမြတ်စွာဘုရား၏ ခြေတော်အစုံ၌ ပါရှိသော စက်လက္ခဏာသည်၎င်း- ဤအလုံးစုံသည် ချုပ်ဆုံး ကွယ်ပျောက်သွားလေပြီ..၊



၃၀၂

ခပ်သိမ်းသော သင်္ခါရတရားတို့သည် မြဲခိုင်သောအနှစ်မမှီး အချည်းနှီးသာ ဖြစ်ကုန်စွာ့တကား..။

စေတီတော် တည်ထားခြင်း

     ဤသို့လျှင် သစ္စာလေးပါးတရားတို့ကို အကြွင်းမရှိ သိမြင်တော်မူသော ဒီပင်္ကရာ မြတ်စွာဘုရားသည် နန္ဒာရာမ= (နန္ဒဥယျာဉ်)အရပ်၌ ပရိနိဗ္ဗာန် စံလွန်တော်မူ၏။ ထိုဥယျာဉ်၌ပင်လျှင် ဆေးဒန်း မြင်းသီလာတို့ကို မြေညက်, ဆီထောပတ်တို့ကို ရေပြုလုပ်လျက် ဒီပင်္ကရာမြတ်စွာဘုရား၏ စေတီတော်ကို တည်ထားကြရာ အမြင့်ယူဇနာ (၃၀) သုံးဆယ ရှိသည်ဖြစ်၍ (သက်တော်ရှည်ကြသော မြတ်စွာဘုရားတို့၏ ထုံးတမ်းစဉ်လာ ဓမ္မတာအရ အစိတ်စိတ်မကွဲ တခဲတည်း တစုတည်း တည်ရှိသော အသမ္ဘိန္နဓာတ်တော်ကို) ထိုစေတီတော်ကြီးအတွင်း၌ ဌာပနာသွင်းကြကုန်၏။ အလုံးစုံသော ဇမ္ဗူဒိပ်ကျွန်း၌ နေကုန်သော လူတို့သည် အညီအညွတ်လာကုန်၍ ရတနာခုနစ်ပါးတို့ဖြင့် မွမ်းမံချယ်လယ်ကာ စေတီတော်ကြီးကို ပြီးဆုံးစေကြကုန်၏။

ဒီပင်္ကရဗုဒ္ဓဝင် ပြီး၏။

**********