ကောဏ္ဍညဗုဒ္ဓဝင်

From Wikisource
Jump to navigation Jump to search
မဟာဗုဒ္ဓဝင် by မင်းကွန်းဆရာတော်
၂- ကောဏ္ဍညဗုဒ္ဓဝင်

၂-ကောဏ္ဍညဗုဒ္ဓဝင်

     ဒီပင်္ကရာမြတ်စွာဘုရား ပွင့်တော်မူသော ကပ်ကမ္ဘာ ကုန်ဆုံးပြီးသည့်နောက် ကမ္ဘာအသင်္ချေ (သို့မဟုတ် မည်ရွေ့မည်မျှဟု ဂဏန်းချ၍ မရေတွက်နိုင်လောက်အောင် များလှစွာသော ကမ္ဘာတွေ)ကို လွန်မြောက်ပြီးမှ တခုသောကမ္ဘာတွင် ကောဏ္ဍညမြတ်စွာဘုရား ပွင့်တော်မူ၏။

(ဤအသင်္ချေမျိုးကို မည်ရွေ့မည်မျှဟု ဂဏန်းချ၍ မရေမတွက်နိုင်အောင် များပြားလှသော်လည်း၊ ရှေးဖြစ်သော ဒီပင်္ကရာမြတ်စွာဘုရားနှင့် နောက်ဖြစ်သော ကောဏ္ဍညမြတ်စွာဘုရား နှစ်ဆူတို့၏ တခုသော အကြားဟူ၍သာ



၃၀၃

မှတ်သားအပ်သောကြောင့် “ဗုဒ္ဓန္တရအသင်္ချေ”ဟု ခေါ်သည်။)

     ကောဏ္ဍညမြတ်စွာဘုရား ပွင့်တော်မူန်ကား ကောဏ္ဍညမြတ်စွာဘုရား အလောင်းတော်သည် တဆယ့်ခြောက်အသင်္ချေနှင့် ကမ္ဘာတသိန်း ကာလပတ်လုံး ပါရမီတော်တို့ကို ဖြည့်ကျင့်တော်မူပြီးသည်၏ အဆုံး၌ အလောင်းတော်တို့၏ ထုံးစံဓမ္မတာအရ တုသိတာနတ်ပြည်၌ စံနေတော်မူစဉ် နတ်အများတို့၏ ဘုရားဖြစ်ရန် တောင်းပန်ချက်ကို ဝန်ခံတော်မူ၍ လူ့ပြည်သို့ ဆင်းသက်တော်မူကာ ရမ္မာဝတီ နေပြည်တော် သုနန္ဒမင်းကြီး၏ နန်းတော်ဝယ် သုဇာတာအမည်ရှိသော မိဖုရားကြီး၏ ဝမ်းတိုက်၌ ပဋိသန္ဓေ နေတော်မူ၏။

(ပဋိသန္ဓေ နေတော်မူသော ခဏ၌ ပြမြတိုင်းဖြစ်သော နိမိတ်ကြီး သုံးဆယ့်နှစ်ပါးတို့သည် ထင်ရှားဖြစ်ကုန်၏။)

     ဆယ်လစေ့သောအခါ ဖွားမြင်တော်မူ၏။ ဖွားမြင်သော ခဏ၌လည်း နိမိတ်ကြီးများ ထင်မြဲထင်သည့်အပြင် အလောင်းတော်ဟူသမျှတို့နှင့် သက်ဆိုင်သော အထူး ဩဖွယ်ရာကောင်းသည့် အကြောင်းအရာတို့သည်လည်း ဖြစ်ပေါ်ကုန်၏။

(ထိုအလုံးစုံတို့ကို ဂေါတမမြတ်စွာဘုရား ဗုဒ္ဓဝင်သို့ရောက်မှ အကျယ်ရေးသားပေအံ့။)

ထီးနန်း စိုးစံတော်မူခြင်း

     အလောင်းမင်းသား၏ အမည်ကို ကောဏ္ဍညအနွယ်ဖြစ်သောကြောင့် ကောဏ္ဍညမင်းသားဟု မှည့်ကြကုန်၏။ အလောင်းတော် ကောဏ္ဍညမင်းသားသည် အရွယ်သို့ ရောက်သောအခါ လွန်စွာ မွေ့လျော်ဖွယ်ရှိသော သုစိရွှေနန်းဆောင်, သုရုစိရွှေနန်းဆောင်, သုဘရွှေနန်းဆောင် တည်းဟူသော ရွှေနန်းမ သုံးဆောင်တို့၌ နှစ်သက်ဖွယ် အရောင်အဆင်း တင့်တယ်ခြင်းရှိသော ရုစိဒေဝီ မိဖုရားကြီးနှင့်တကွ ကချေသည် မောင်းမမိဿံအပေါင်း သုံးသိန်းတို့၏ ဖျော်ဖြေလုပ်ကျွေးခြင်းကို ခံယူလျက် နှစ်ပေါင်း တသောင်းတို့ပတ်လုံး ထီးနန်းစိုးစံတော်မူ၏။



၃၀၄

တောထွက်တော်မူခြင်း

     ဤသို့ ထီးနန်းစိုးစံတော်မူရာ ရုစိဒေဝီမိဖုရားကြီးမှ ဝိဇိတသေနမည်သော သားတော်ကို ဖွားမြင်သောအခါ သူအို, သူနာ, သူသေ, ရဟန်းဟု ဆိုအပ်သော နိမိတ်ကြီးလေးပါးတို့ကို မြင်တော်မူသဖြင့် အာဇာနည်မြင်းကသော ရထားကိုစီးလျက် တောထွက်၍ ရဟန်းပြုတော်မူ၏။

     ဤသို့ အလောင်းတော် ကောဏ္ဍညမင်းသား တောထွက်၍ ရဟန်းပြုတော်မူသည်ကို ဆယ်ကုဋေသော လူတို့သည် အတုလိုက်၍ ရဟန်းပြုကုန်၏။

     ကောဏ္ဍည မြတ်စွာဘုရား အလောင်းတော်သည် ထိုဆယ်ကုဋေသော ရဟန်းတို့နှင့်တကွ ဆယ်လတို့ပတ်လုံး ဒုက္ကရစရိယာခေါ် ပြုနိုင်ခဲသောအကျင့်ကို ကျင့်တော်မူ၍ ကဆုန်လပြည့် ဘုရားဖြစ်အံ့သောနေ့၌ သုနန္ဒရွာနေ ယသောဓရာ အမည်ရှိသော သူဌေးသမီးသည် လှူဒါန်းအပ်သော ဃနာနို့ဆွမ်းကို ဘုဉ်းပေး သုံးဆောင်တော်မူပြီးလျှင် ထိုအရပ်ရှိ အင်ကြင်းတောအတွင်းမှာပင် နေ့သန့် (နေခို)တော်မူ၍ ညနေချမ်း အချိန် ရောက်သောအခါ အခြံအရံ ရဟန်းအပေါင်းတို့ကို စွန့်ခွာခဲ့ပြီးမှ မဟာဗောဓိပင်ရှိရာအရပ်သို့ တပါးတည်း ကြွတော်မူရာ လမ်းခရီး၌ သုနန္ဒအမည်ရှိသော တက္ကတွန်းသည် လှူဒါန်းအပ်သော မြက်ရှစ်ဆုပ်တို့ကို ခံယူတော်မူခဲ့၍ သာလကလျာဏီခေါ် ကြောင်လျှာပင် (သို့မဟုတ်) (နှံပဲ) နဘဲပင်အရင်း၌ ဖြန့်၍ ခင်းတော်မူလိုက်သည်နှင့် တပြိုင်နက် (၅၇) ငါးဆယ့်ခုနစ်တောင် ပမာဏရှိသော အပရာဇိတပလ္လင်တော် ပေါ်ပေါက်လာ၏။

ဘုရားဖြစ်တော်မူခြင်း

     ထိုအပရာဇိတ ပလ္လင်တော်ထက်၌ ထက်ဝယ် (တင်ပလ္လင်)ဖွဲ့ခွေ သီတင်းသုံး နေတော်မူလျက် အင်္ဂါလေးပါးရှိသော ဝီရိယကို ဆောက်တည်၍ မာရ်စစ်သည်ဗိုလ်ပါကို အောင်မြင်တော်မူပြီးခါ ညဉ့်ဦးယံ၌ ပုဗ္ဗေနိဝါသဉာဏ်၊ သန်းခေါင်ယံ၌ ဒိဗ္ဗစက္ခုဉာဏ်ကို



၃၀၅

ရတော်မူပြီးလျှင် မိုးသောက်ယံ၌ အနုလုံ ပဋိလုံ အစုန်အဆန် အားဖြင့် ပစ္စသမုပ္ပါဒ်တရားကို သုံးသပ်တော်မူပြီးမှ အာနာပါန စတုတ္ထဈာန်ကို ၀င်စား၍ ထိုဈာန်မှထပြီးလျှင် ခန္ဓာငါးပါးတို့ကို ဆင်ခြင်တော်မူသည်ရှိသော် ထိုခန္ဓာငါးပါး၏ ဖြစ်ခြင်း ပျက်ခြင်းနှင့်စပ်၍ (၅၀)သော လက္ခဏာတို့ကို မြင်တော်မူ၍ ဂေါတြဘူဉာဏ်တိုင်အောင် ဝိပဿနာကို ပွါးများတော်မူသည်ရှိသော် နေအရုဏ်တက်သည်နှင့် တပြိုင်နက် အရဟတ္တမဂ်ဉာဏ်နှင့်တကွ အလုံးစုံသော ဘုရားဂုဏ်တို့ကို ထိုးထွင်းသိမြင် ရရှိတော်မူပြီးလျှင် လောကသုံးပါး၌ အတုမရှိသော ဘုရားအဖြစ်သို့ ရောက်တော်မူ၏။

တရားပွဲကြီး သုံးကြိမ်

     ဘုရားဖြစ်တော်မူပြီးနောက် ဗောဓိပင်၏ အနီးမှာပင် (၇) ခုနစ်ဖြာသော ဌာန (သတ္တဌာန)တို့၌ ခုနစ်ရက်စီ ဖလသမာပတ်ချမ်းသာဖြင့် အချိန်ကို ကုန်စေတော်မူပြီးနောက် ရှစ်ခုမြောက်သတ္တာဟ၌ တရားဟောရန် ဗြဟ္မာမင်း၏ တောင်းပန်ခြင်းကို ဝန်ခံတော်မူပြီးလျှင် “ငါသည် အဘယ်သူအား ရှေးဦးစွာ တရားဟောရပါအံ့နည်း”ဟု စဉ်းစား ဆင်ခြင်တော်မူလတ်သည်ရှိသော် ကိုယ်တော်မြတ်သို့ အတုလိုက်၍ ရဟန်းပြုကြကုန်သော ဆယ်ကုဋေသော ရဟန်းတို့ကို မြင်တော်မူ၍ “ထိုရဟန်းတို့အား ခပ်သိမ်းသောသူတို့၏ ရှေးဦးစွာ တရားတော်ကို ဟောအံ့”ဟု ဆင်ခြင် ကြံစည်တော်မူပြီးလျှင် “ယခုအခါ ထိုရဟန်းတို့သည် အဘယ်အရပ်၌ နေကုန်သနည်း”ဟု ကြည့်ရှု ဆင်ခြင်တော်မူပြန်သော်.. ဤဗောဓိပင်မှသည် တဆယ့်ရှစ်ယူဇနာ ကွာဝေးသော အရုန္ဓဝတီမြို့ ဒေဝဝနခေါ် နတ်သစ်ပင်တော၌ နေကြသည်ကို မြင်တော်မူသဖြင့် သပိတ်သင်္ကန်းကို ယူဆောင်တော်မူ၍ ထိုရဟန်းတို့နေရာ ဒေဝ၀နခေါ် နတ်သစ်ပင်တောသို့ တန်းခိုးတော်ဖြင့် ခဏခြင်း ကြွရောက်တော်မူ၏။

     ထိုအခါ ဆယ်ကုဋေသော ရဟန်းတို့သည် ကောဏ္ဍညမြတ်စွာဘုရား ကြွလာတော်မူသည်ကို အဝေးမှပင် မြင်ကြ၍



၃၀၆

ကြည်ညိုလှစွာသောစိတ်ဖြင့် မြတ်စွာဘုရားကို ခရီးဦးကြိုဆိုခြင်း သပိတ် သင်္ကန်း လှမ်းယူခြင်း နေရာတော်ခင်းကျင်းခြင်း အရိုအသေ ဝတ်ပြုခြင်းတို့နှင့် ပြည့်စုံစေကြပြီး မြတ်စွာဘုရားကို ခြံရံလျက် သင့်တင့်လျောက်ပတ်ရာက ထိုင်နေကြကုန်၏။

     ထိုအခါ မြတ်စွာဘုရားသည် ထို ဆယ်ကုဋေသော ရဟန်းတို့အား အလုံးစုံသော ရှေးဘုရားတို့ ဟောကြားတော်မူမြဲဖြစ်သော ဓမ္မစက္ကပဝတ္တနသုတ် ဒေသနာတော်ကို ဟောကြားတော်မူ၏။

     အဆုံး အပိုင်းအခြားမရှိသော တန်ခိုးတော်.. နှိုင်းယှဉ်စရာ မရှိသော အခြံအရံ အကျော်အစောတော်.. မရေမတွက်နိုင်သော ဂုဏ်ကျေးဇူးတော်.. မည်သူမျှ မလေးမစား အနီးအပါးသို့ ချဉ်းကပ်ရန် ခဲယဉ်းခြင်း.. မြေကြီးအထုနှင့်တူသော သည်းခံခြင်း.. သမုဒြာရေအထုနှင့်တူသော သီလတော်.. မြင်းမိုရ်တောင်ကဲ့သို့ ကြံ့ခိုင်သော သမာဓိတော်.. ကောင်းကင်အပြင်နှင့်တူသော ပညာတော်..တို့နှင့် ပြည့်စုံတော်မူသော ကောဏ္ဍည မြတ်စွာဘုရားသည် သတ္တဝါအများကို အစီးအပွါးအလို့ငှါ ဣန္ဒြေ, ဗိုလ်, ဗောဇ္ဈင်, မဂ္ဂင်, သစ္စာတို့ကို ထင်ရှားပြတတ်သည့် ဗောဓိပက္ခိယ တရားဒေသနာကို အခါခပ်သိမ်း ဟောကြားတော်မူလေပြီ။

     ဤ ရှေးဦးစွာသော ဓမ္မစကြာတရားပွဲ၌ ရဟန်းဆယ်ကုဋေ အမှူးရှိသော နတ်လူ ကုဋတသိန်းတို့အား သစ္စာလေးပါးတရားကို သိခြင်း (အကျွတ်တရားရခြင်း)သည် ဖြစ်လေပြီ။

(ဤကား ရှေးဦးစွာ လူနတ်ဗြဟ္မာ သတ္တဝါတို့အား သစ္စာလေးပါးတရားကို သိစေခြင်းဟု ဆိုအပ်သော ပဌမဓမ္မာဘိသမ = (ပဌမတရားပွဲကြီး)တည်း။)

     ထို့နောက် အခါတပါးဝယ် မင်္ဂလသုတ္တန်ဒေသနာ အစည်းအဝေး (တရားပွဲ)ကြီး၌ စကြဝဠာတိုက်တသောင်းမှ နတ်ဗြဟ္မာတို့သည် ဤစကြာတိုက်တခုအတွင်းမှာ (အလုံးစုံနေ၍မဆံ့ မရှိရလေအောင်) သိမ်မွေ့သေးငယ်သော ကိုယ်အတ္တဘောကို ဖန်ဆင်းကြ၍ ဤစကြဝဠာမှာပင် စည်းဝေးကြကုန်၏။



၃၀၇

ထိုအစည်းအဝေးကြီး၌ အမျိုးအမည် မထင်ရှားသော နတ်သားတယောက်သည် ကောဏ္ဍည မြတ်စွာဘုရားအား ဤလောက၌ ပြည့်စုံကြီးပွါးကြောင်းဖြစ်သာ (မင်္ဂလာ)တရားဟူသည် အဘယ်တရားများပါနည်းဟု မင်္ဂလာပြဿနာကို မေးလျှောက်၏။ ထိုနတ်သားကို တရားနားခံပြု၍ မြတ်စွာဘုရားသည် မင်္ဂလာတရားတော်ကို ဟောကြားတော်မူ၏။

     ထိုမင်္ဂလသုတ်တရားပွဲ အစည်းအဝေး၌ ကုဋေကိုးသောင်းသော နတ်လူတို့ အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။ သောတာပန်အဖြစ် စသည်သို့ ရောက်သောသူတို့သည်ကား အရေအတွက် အပိုင်းအခြား မရှိအောင်ပင် များပြားကုန်၏။

(ဤကား နှစ်ကြိမ်မြောက် လူနတ်ဗြဟ္မာတို့အား သစ္စာလေးပါးတရားကို သိစေခြင်းဟု ဆိုအပ်သော ဒုတိယဓမ္မာဘိသမယ= (ဒုတိယတရားပွဲကြီး)တည်း။)

     အကြင်အခါ ကောဏ္ဍည မြတ်စွာဘုရားသည် ရေမီးအစုံအစုံ တန်းခိုးပြာဋိဟာကို ပြတော်မူကာ တိတ္ထိတို့ကို ချိုးနှိမ်တော်မူစဉ် ကောင်းကင်၌ တည်တော်မူလျက် တရားဟောတော်မူ၏။ ထိုအခါ ကုဋေရှစ်သောင်းကုန်သော လူနတ်ဗြဟ္မာ သတ္တဝါတို့ အရဟတ္တဖိုလ်သို့ ရောက်ကြကုန်၏။ အောက်ဖိုလ်သုံးပါး၌ တည်ကုန်သော လူနတ်ဗြဟ္မာ သတ္တဝါတို့သည်ကား အရေအတွက် အပိုင်းအခြား မရှိအောင်ပင် များပြားကုန်၏။

(ဤကား သုံးကြိမ်မြောက် လူနတ်ဗြဟ္မာ သတ္တဝါတို့အား သစ္စာလေးပါးတရားကို သိစေခြင်းဟု ဆိုအပ်သော တတိယဓမ္မာဘိသမယ= (တတိယတရားပွဲကြီး)တည်း။)

**********

သာဝကအစည်းအဝေးကြီး သုံးကြိမ်

     (၁) ကောဏ္ဍည မြတ်စွာဘုရား၏ တပည့်သာဝက အစည်းအဝေးသည်လည်း သုံးကြိမ်ရှိရာ- ပဌမအကြိမ်မှာ.. ကောဏ္ဍည မြတ်စွာဘုရားသည် သစ္စာလေးပါးကို ထိုးထွင်းသိမြင်ကာ



၃၀၈

ဘုရားအဖြစ်သို့ ရောက်တော်မူပြီးသော် စန္ဒဝတီမြို့ကို အမှီပြု၍ စန္ဒဥယျာဉ်ကြီး၌ ပဌမဝါကပ်တော်မူ၏။

     ထိုစန္ဒဝတီမြို့၌ များစွာသော ဥစ္စာနှစ်ရှိသော ဗြာဟ္မဏမဟာသာလမျိုးဖြစ်သော သုစိန္ဓရပုဏ္ဏား၏သား ဘဒ္ဒလုင်နှင့် ယသောဓရပုဏ္ဏား၏သား သုဘဒ္ဒလုင် နှစ်ယောက်တို့သည် ကောဏ္ဍညမြတ်စွာဘုရား၏ မျက်မှောက်တော်မှာ တရားတော်ကို ကြားနာကြရသည်တွင် ကြည်ညိုသောစိတ်ရှိကြသဖြင့် လုင်ပေါင်း တသောင်းတို့နှင့်တကွ ကောဏ္ဍညမြတ်စွာဘုရား အထံတော်၌ ရဟန်းပြုကြ၍ အရဟတ္တဖိုလ်သို့ ရောက်ကြသောအခါ) ကောဏ္ဍည မြတ်စွာဘုရားသည် နယုန်လပြည့်နေ့၌ သုဘဒ္ဒမထေရ် အမှူးရှိသော ရဟန္တာပေါင်း ကုဋေတသိန်းခြံရံလျက် ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤကား ရှေးဦးစွာသော သာဝကအစည်းအဝေးကြီးတည်း။)

     (၂) ထို့နောက် အခါတပါး၌ ကောဏ္ဍည မြတ်စွာဘုရား၏ သားတော်ဖြစ်သော ဝိဇိတသေနမင်းသား (ရဟန်းပြုပြီးနောက်) အရဟတ္တဖိုလ်သို့ ရောက်သည်တွင် ထိုဝိဇိတသေနမထေရ် အမှူးရှိသော ကုဋေတထောင်သော ရဟန္တာတို့၏အလယ်၌ ကောဏ္ဍည မြတ်စွာဘုရားသည် ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤကား ဒုတိယအကြိမ် သာဝကအစည်းအဝေးကြီးတည်း။)

     (၃) ထို့နောက် အခါတပါး၌ ကောဏ္ဍည မြတ်စွာဘုရားသည် ဇနပုဒ်များသို့ ဒေသစာရီ ကြွချီ လှည့်လည်တော်မူသည်တွင် ကုဋေကိုးဆယ် အခြံအရံရှိသော ဥဒေနမင်းကို အခြံအရံပရိသတ်နှင့်တကွ ရဟန်းပြုပေးတော်မူ၏။ ထိုဥဒေနရဟန်းနှင့်တကွ အခြံအရံရဟန်းတို့ အရဟတ္တဖိုလ်သို့ ရောက်သည်ရှိသော် ကောဏ္ဍည မြတ်စွာဘုရားသည် ဥဒေနရဟန်း အမှူးရှိသော ရဟန္တာပေါင်း ကုဋေကိုးဆယ် ခြံရံလျက် ဩဝါဒပါတိမောက်ကို ပြတော်မူ၏။

(ဤကား တတိယအကြိမ် သာဝကအစည်းအဝေးကြီးတည်း။)

**********



၃၀၉

ဂေါတမ မြတ်စွာဘုရားအလောင်း ဗျာဒိတ်ခံခြင်း

     ထိုအခါ.. ငါတို့ဘုရားအလောင်းတော်သည် ဝိဇိတာဝီမည်သော စကြာမင်းဖြစ်၍ စန္ဒဝတီပြည်၌ အုပ်စိုး၍နေ၏။ ထိုဝိဇိတာဝီ စကြာမင်းသည် များမြတ်သော ပရိသတ်အခြံအရံ ရှိသည်ဖြစ်၍ မြေပြင်အလုံးကို အပြစ်ဒဏ်ပေးခြင်း လက်နက်ဖြင့် ဖိနှိပ်ခြင်း အလျဉ်းမရှိပဲ တရားနှင့်ညီစွာ နယ်ပယ်အပိုင်းအခြားအားဖြင့် စကြဝဠာတိုက်၏အတွင်း သမုဒြာလေးစင်းတို့၏ အဆုံးအထိ စောင့်ရှောက် အုပ်စိုးတော်မူ၏။

     ထိုအခါ ကောဏ္ဍည မြတ်စွာဘုရားသည် ရဟန္တာပေါင်း ကုဋေတသိန်း ခြံရံလျက် ဇနပုဒ်များသို့ ဒေသစာရီ ကြွချီလှည့်လည်တော်မူခဲ့ရာ အစဉ်သဖြင့် စန္ဒဝတီပြည်သို့ ရောက်တော်မူလာ၏။ အလောင်းတော် ဝိဇိတာဝီ စကြာမင်းသည် ကောဏ္ဍညမြတ်စွာဘုရား ကြွလာကြောင်းကို ကြားသိတော်မူလေသော် မြတ်စွာဘုရားကို ခရီးဦးကြိုဆို၍ မြတ်စွာဘုရား သီတင်းသုံး နေထိုင်ရန် နေရာဌာနကို စီစဉ်ပြီးလျှင် နက်ဖန် နံနက်ဆွမ်းအတွက် တပည့်သံဃာအပေါင်းနှင့်တကွ မြတ်စွာဘုရားကို ပင့်ဖိတ်ခဲ့၍ နောက်တနေ့ဝယ် ဆွမ်းဘောဇဉ်တို့ကို ကောင်းစွာစီရင် ပြင်ဆင်လျက် ကောဏ္ဍညမြတ်စွာဘုရား အမှူးရှိသော ကုဋေတသိန်း အရေအတွက်ရှိသော ရဟန္တာသံဃာတော်အပေါင်းအား ကြီးစွာသော ဆွမ်းအလှူဒါနကို ပေးလှူ၏။

     အလောင်းတော်သည် ကောဏ္ဍည မြတ်စွာဘုရားကို ဆွမ်းကပ်လှူပြီး ဆွမ်းအနုမောဒနာတရား နာကြားပြီးဆုံးသည်တွင် “အရှင်ဘုရားတို့သည် များစွာသော လူအပေါင်းအား ချီးမြှောက်ခြင်းကို ပြုတော်မူလျက် ဤစန္ဒဝတီပြည်၌ပင် ဝါတွင်းသုံးလပတ်လုံး သီတင်းသုံးတော်မူပါကုန်”ဟု တောင်းပန်ပြီးလျှင် အမြဲမပြတ် ဝါတွင်းသုံးလပတ်လုံးပင် ကောဏ္ဍညမြတ်စွာဘုရား အမှူးရှိသော ရဟန်းသံဃာတော်အပေါင်းအား အတုမရှိသော အလှူကြီးကို ပေးလှူတော်မူ၏။



၃၁၀

     ထိုအခါ ကောဏ္ဍည မြတ်စွာဘုရားသည် အလောင်းတော်ကို “သင်သည် ဤကမ္ဘာမှနောက် မရေမတွက်နိုင်အောင် ကွာဝေးသော ကမ္ဘာ (သုံးအသင်္ချေနှင့် ကမ္ဘာတသိန်း)ထက်၌ ဘုရားစင်စစ် ဖြစ်ရလတ္တံ့”ဟူ၍ ဗျာဒိတ်စကား ကြားတော်မူ၏။ ။(ဤဗျာဒိတ်စကား ကြားသောအခဏ်းမှာ ဒီပင်္ကရာမြတ်စွာဘုရား ဗျာဒိတ်ကြားတော်မူသကဲ့သို့ပင် ဒုက္ကရစရိယာ ကျင့်ကြံခြင်းမှစ၍ အပြည့်အစုံ ဗျာဒိတ်ကြားခြင်းကို ပါဠိတော်၌ အထင်အရှား ဟောကြားထားသော်လည်း သုမေဓကထာမှာ ဆိုခဲ့ပြီးဖြစ်၍ ဤ၌ ထပ်မံရေးသားခြင်း မပြုတော့ပြီ။)

     ဗျာဒိတ်စကား ကြားတော်မူပြီးနောက် တရားတော်ကို ဆက်လက် ဟောကြားတော်မူရာတွင် အလောင်းတော် ဝိဇိတာဝီ စကြာမင်းသည် တရားတော်ကို ကြားနာရသဖြင့် လွန်စွာတိုးတက်သော သဒ္ဓါတရား ရှိသည်ဖြစ်၍ ဘုရားဖြစ်မှုအကျိုးကြီး ပြီးစီး ပြည့်စုံစေတော်မူလိုသည့်အတွက် ကြီးစွာသော ထီးနန်းစည်းစိမ်ကို ကောဏ္ဍညမြတ်စွာဘုရားအား လှူဒါန်း၍ မြတ်စွာဘုရားအထံတော်၌ ရဟန်းပြုကာ ပိဋကသုံးပုံကို သင်ယူတော်မူပြီးလျှင် သမာပတ်ရှစ်ပါး အဘိညာဉ်ငါးပါးတို့ကို ဖြစ်စေတော် (ရတော်)မူ၍ အဘိညာဉ်၏ အထွတ်အထိပ်သို့ ရောက်တော်မူကာ အသက်အဆုံး၌ ဗြဟ္မာ့ပြည်သို့ ရောက်တော်မူခဲ့လေပြီ။

မြို့တော်စသည်ကို ပြဆိုချက်

     ကောဏ္ဍည မြတ်စွာဘုရား၏ ဖွားတော်မူရာ မြို့တော်မှာ ရမ္မာဝတီမြို့တော် ဖြစ်၏။

     ခမည်းတော်မှာ သုနန္ဒမင်းဖြစ်၍ မယ်တော်မှာ သုဇာတာဒေဝီမိဖုရား ဖြစ်၏။

     အဂ္ဂသာဝကအစုံတို့မှာ ဘဒ္ဒမထေရ်နှင့် သုဘဒ္ဒမထေရ်တို့ ဖြစ်ကုန်၏။ အလုပ်အကျွေး မှာ အနုရုဒ္ဓမထေရ် ဖြစ်၏။



၃၁၁

     အဂ္ဂသာဝိကာအစုံမှာ တိဿာထေရီမနှင့် ဥပတိဿာထေရီမတို့ ဖြစ်ကုန်၏။ ပွင့်တော်မူရာ ဗောဓိပင်ကား သာလကလျာဏီခေါ် (ကြောင်လျှာပင်) သို့မဟုတ် (နှံပဲ)နဘဲပင် ဖြစ်၏။

     အလုပ်အကျွေး ဒါယကာတို့မှာ သောဏဒါယကာနှင့် ဥပသောဏ ဒါယကာတို့ ဖြစ်ကြကုန်၏။ မြတ်သော အလုပ်အကျွေး ဒါယိကာမတို့မှာ နန္ဒာဥပါသိကာနှင့် သိရိမာဥပါသိကာတို့ ဖြစ်ကုန်၏။

     ကောဏ္ဍညမြတ်စွာဘုရား၏ အရပ်တော်မှာ ရှစ်ဆယ့်ရှစ်တောင် မြင့်တော်မူကာ လမင်းကဲ့သို့၎င်း၊ မွန်းတည့်နေကဲ့သို့၎င်း တင့်တယ်တော်မူ၏။

     ထိုကောဏ္ဍည မြတ်စွာဘုရား ပွင့်တော်မူသည့်အခါမှာ အသက် တသိန်းတမ်းဖြစ်၍ ထိုမျှလောက် ကာလပတ်လုံး တည်နေတော်မူလျက် များစွာသော လူနတ်ဗြဟ္မာ သတ္တဝါအပေါင်းကို သံသရာရေအယဉ်မှ နိဗ္ဗာန်တည်းဟူသော ကြည်းကုန်းထက်သို့ ထုတ်ဆယ် ကယ်တင်တော်မူခဲ့၏။

     ကောဏ္ဍညမြတ်စွာဘုရား အလောင်းတော် လူဖြစ်စဉ်ကာလ သုံးဆောင်အပ်သော နန်းတော် ပြာသာဒ်တို့ကား သုစိရွှေနန်းဆောင်, သုရုစိရွှေနန်းဆောင်, သုဘရွှေနန်းဆောင်ဟူ၍ သုံးပါးတို့တည်း။

     မောင်းမမိဿံအပေါင်းကား သုံးသိန်း အတိုင်းအရှည်ရှိ၏။ အဂ္ဂမဟေသီ မိဖုရားကြီးကား ရုစိဒေဝီအမည်ရှိ၏။ သားတော်ကား ဝိဇိတသေန အမည်ရှိ၏။ ရွှေနန်းစိုးစံသော နှစ်ပေါင်းကား အနှစ်တသောင်းတို့တည်း။

     တောထွက်တော်မူသောအခါ အာဇာနည်မြင်းကသော ရထားယာဉ်ဖြင့် တောထွက်တော်မူ၏။ ဘုရားဖြစ်တော်မူသောအခါ စန္ဒာရာမ= (စန္ဒဥယျာဉ်)အရပ်၌ သီတင်းသုံး နေတော်မူ၏။



၃၁၂

     ကောင်းကင်အပြင်သည် ကြယ် နက္ခတ်တာရာတို့ဖြင့် ဆန်းကြယ် တင့်တယ်သကဲ့သို့ ထို့အတူ ကောဏ္ဍညမြတ်စွာဘုရား သာသနာတော်ပွင့်လင်းရာ ထိုအခါ၌ မဟာပထဝီ ဤမြေကြီးသည် ကိလေသာအာသဝေါ ကုန်ခန်း၍ အညစ်အကြေးကင်းစင်ပြီးသော ရဟန္တာတို့ဖြင့် ဆန်းကြယ် တင့်တယ်လှပေ၏။ (မြေတပြင်လုံး သင်္ကန်းရောင် လွှမ်းလျက်ရှိသည်ဟု ဆိုလိုသည်။)

     ထိုရဟန္တာ အရှင်မြတ်တို့သည် နှိုင်းယှဉ်မရအောင် မွန်မြတ်လှကုန်၏၊ လောကဓံတရား ရှစ်ပါးတို့ကြောင့် တုန်လှုပ်ချောက်ချားခြင်း အလျဉ်းမရှိကုန်၊ စိတ်မာန်တင်းသူတို့ ချဉ်းကပ်ရန် ခဲယဉ်းလှကုန်၏။ များစွာ ကျော်စောခြင်းရှိကုန်သော ထိုရဟန္တာ အရှင်မြတ်တို့သည် ပရိနိဗ္ဗာန် စံလိုတော်မူလတ်ကုန်သည်ရှိသော် ထန်းလုံးခုနစ်ဆင့်ခန့် ကောင်းကင်သို့ ပျံတက်တော်မူကြ၍ (မိုယ်းတိမ်ညို၏အကြား လျှပ်နွယ်ပြက်၍ ဝင်သွားသကဲ့သို့) တေဇောကသိဏဈာန်ကို ၀င်စားတော်မူကြပြီးလျှင် ကြီးစွာသော အရောင်အလင်းကိုပြလျက် မိုးကောင်းကင်ဝမှာပင် တေဇောဓာတ်လောင်ကျွမ်းကာ ပရိနိဗ္ဗာန် စံတော်မူကြလေကုန်ပြီ။

သံဝေဂ

ထိုကောဏ္ဍည မြတ်စွာဘုရား၏ အတုမရှိ မနှိုင်းယှဉ်အပ်သော တန်ခိုးတော်သည်၎င်း သဗ္ဗညုတဉာဏ်တော်ဖြင့် ထုံမွှန်း၍ထားအပ်သော သမာဓိတော်သည်၎င်း ထိုအလုံးစုံသည် ချုပ်ဆုံး ကွယ်ပျောက်သွားလေပြီ..၊ ခပ်သိမ်းသော သင်္ခါရတရားတို့သည် မြဲခိုင်သောအနှစ်မရှိ အချည်းနှီးသာ ဖြစ်ကုန်တြတကား..။

စေတီတော် တည်ထားခြင်း

     ဤသို့လျှင် သစ္စာလေးပါးတရားတို့ကို အကြွင်းမရှိ သိမြင်တော်မူသော ကောဏ္ဍည မြတ်စွာဘုရားသည် စန္ဒာရာမ= (စန္ဒဥယျာဉ်)အရပ်၌ ပရိနိဗ္ဗာန် စံတော်မူ၏။ ထိုဥယျာဉ်၌ပင်လျှင် ဆေးဒန်း မြင်းသီလာတို့ကို မြေညက်, ဆီထောပတ်တို့ကို ရေ-ပြုလုပ်လျက်



၃၁၃

ကောဏ္ဍညမြတ်စွာဘုရား၏ စေတီတော်ကို တည်ထားကြရာ အမြင့်ယူဇနာ (၇) ခုနစ်ယူဇနာရှိ၏။

     သက်တော်ရှည်ကြသော မြတ်စွာဘုရားတို့၏ ထုံးတမ်းစဉ်လာ ဓမ္မတာအရ အစိတ်အစိတ်မကွဲ တခဲတည်း တစုတည်း တည်ရှိသော အသမ္ဘိန္နဓာတ်တော်တို့သည် ရွှေဆင်းတုကဲ့သို့ တည်တော်မူ၏။ ထိုအသမ္ဘိန္နဓာတ်တော်ကို စေတီတော်အတွင်း ဌာပနာသွင်းကြကုန်၍ ဇမ္ဗူဒိပ်ကျွန်း၌နေကုန်သူ လူအလုံးတို့သည် ရတနာခုနှစ်ပါးတို့ဖြင့် မွမ်းမံချယ်လယ်ကာ စေတီတော်ကြီးကို ပြီးဆုံးစေကြကုန်၏။

ကောဏ္ဍညဗုဒ္ဓဝင် ပြီး၏။

**********