ဃဋဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၃၅၅။ ဃဋဇာတ် (၅-၁-၅)


ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၅။ ဃဋဇာတ်

မေတ္တာစျာန်ကြောင့် ရန်သူပူပန်ရခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် အညေ သောစန္တိ ရောဒန္တိ-အစရှိသော ဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤဃဋဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကောသလမင်း၏ တစ်ယောက်သော အမတ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

ပစ္စုပ္ပန်ဝတ္ထု... ဝတ္ထုကား အောက်၌ ဆိုအပ်ပြီးသော ဝတ္ထုနှင့်တူသလျှင်ကတည်း။

အရှုံးထဲကအမြတ်

ဤဃဋဇာတ်၌ ကောသလမင်းသည် မိမိအား ကျေးဇူးပြုသော အမတ်အား များသော စည်းစိမ်ကိုပေး၍ ရန်တိုက်တတ်ကုန်သော သူတို့၏ စကားကိုယူ၍ နှောင်ဖွဲ့စေ၍ နှောင်အိမ်၌ သွင်းစေ၏။ ထိုအမတ်သည် နှောင်အိမ်၌ နေလျက်လျှင် သောတာပတ္တိဖိုလ်ကို ဖြစ်စေ၏။ ကောသလမင်းသည် ထိုအမတ်၏ကျေးဇူးကို မှတ်မိ၍ လွှတ်စေ၏။ ထိုအမတ်သည် နံ့သာ, ပန်းကိုယူ၍ မြတ်စွာဘုရား အထံတော်သို့ သွား၍ ဘုရားကိုရှိခိုး၍ နေ၏။ ထိုအခါ ထိုအမတ်ကို မြတ်စွာဘုရားသည် ဒါ ယကာ... သင့်အား အကျိုးမဲ့ ဖြစ်သလော ဟု မေးတော်မူ၍ ဘုန်းတော်ကြီးသော အရှင်ဘုရား... အကျိုးမဲ့ဖြစ်၏။ အကျိုးမဲ့ဖြင့်ကား အကျွန်ုပ်အား အကျိုးသည် ရောက်၏။ သောတာပတ္တိမဂ်ကို အကျွန်ုပ်သည် ဖြစ်စေ၏ ဟု နားတော်လျှောက်သည်ရှိသော် ဒါယကာ... သင်သည်သာလျှင် အကျိုးမဲဖြင့် အကျိုးကို ဆောင်သည် မဟုတ်သေး၊ ရှေးပညာရှိတို့သည်လည်း အကျိုးမဲ့ဖြင့် အကျိုးကို ဆောင်ဖူးကုန်၏ ဟု မိန့်တော်မူ၍ ထိုအမတ်သည် တောင်းပန်အပ်သည်ဖြစ်၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗြဟ္မဒတ်မင်း၏ မိဖုရားဝမ်း၌ ဖြစ်၏။ ဃဋသတို့သား ဟူသောအမည်ကို မှည့်ကုန်၏။ ထိုဃဋမင်းသားသည် နောက်အခါ၌ တက္ကသိုလ်ပြည်၌ သင်အပ်ပြီးသော အတတ်ရှိသည်ဖြစ်၍ တရားသဖြင့် မင်းပြု၏။ ထိုဃဋမင်း၏ နန်းတွင်း၌ တစ်ယောက်သော အမတ်သည် ပြစ်မှား၏။ ဃဋမင်းသည် ထိုအပြစ်ကို မျက်မှောက်အားဖြင့်သိ၍ ထိုအမတ်ကို တိုင်းပြည်နှင်ထုတ်စေ၏။

အာဃာတထားခြင်း

ထိုအခါ သာဝတ္ထိပြည်၌ ဓင်္ကမည်သော မင်းသည်မင်းပြု၏။ ထိုတိုင်းနိုင်ငံမှ နှင်ထုတ်သော အမတ်သည် ဓင်္ကမင်း၏ အထံသို့သွား၍ ခစား၏။ အောက်၌ ဆိုအပ်ပြီးသောနည်းဖြင့် ထိုအမတ်သည် ဓင်္ကမင်းကို မိမိစကားကို ယူစေ၍ ဗာရာဏသီပြည်ကို ယူ၏။ ထိုဓင်္ကမင်းသည်လည်း ပြည်ကိုယူ၍ ဘုရားလောင်းကို သံခြေကျဉ်းတို့ဖြင့် နှောင်ဖွဲ့စေ၍ နှောင်အိမ်သို့ သွင်းစေ၏။ ဘုရားလောင်းသည် ဈာန်ကိုဖြစ်စေ၍ ကောင်းကင်၌ ထက်ဝယ်ဖွဲ့သဖြင့် နေ၏။ ဓင်္ကမင်း၏ ကိုယ်၌ ပူခြင်းသည် ဖြစ်၏။

အဘယ့်ကြောင့် မစိုးရိမ်သနည်း

ဓင်္ကမင်းသည် သွား၍ ဘုရားလောင်း၏ ရွှေကြေးမုံနှင့်တူသော, ပွင့်သော ပဒုမာကဲ့သို့ အသရေရှိသော မျက်နှာကိုမြင်၍ ဘုရားလောင်းကို မေးလိုရကား-

၂၉။ အညေ သောစန္တိ ရောဒန္တိ၊ အညာ အဿုမုခါ ဇနာ။
ပသန္နမုခဝဏ္ဏောသိ၊ ကသ္မာ ဃဋ န သောစသိ။

ဟူသော ရှေးဦးစွာသော ဤဂါထာကို ဆို၏။

၂၉။ ဃဋ၊ ဃဋမင်း။ အညေ၊ တစ်ပါးသော သူတို့သည်။ သောစန္တိ၊ စိုးရိမ်ကုန်၏။ ရောဒန္တိ၊ ငိုကုန်၏။ အညာ၊ တစ်ပါးကုန်သော။ ဇနာ၊ လူတို့သည်။ အဿုမုခါ၊ မျက်ရည်စွတ်သော မျက်နှာရှိကုန်၏။ တွံ၊ သင်သည်။ ပသန္နမုခဝဏ္ဏော၊ ကြည်သောမျက်နှာ အဆင်းရှိသည်။ အသိ၊ ဖြစ်၏။ ကသ္မာ၊ အဘယ်ကြောင့်။ န သောစသိ၊ မစိုးရိမ်သနည်း။

စိုးရိမ်နေက ကျိုးမရ

ထိုအခါ ဓင်္ကမင်းအား ဘုရားလောင်းသည် မစိုးရိမ်သော အကြောင်းကို ဆိုလိုရကား-

၃၀။ နာဗ္ဘတီတဟရော သောကော၊ နာနာဂတ သုခါဝဟော။
တသ္မာ ဓင်္က န သောစာမိ၊ နတ္ထိ သောကော ဒုတီယတာ။
၃၁။ သောစံ ပဏ္ဍု ကိသော ဟောတိ၊ ဘတ္တဉ္စဿ န ရုစ္စတိ။
အမိတ္တာ သုမနာ ဟောန္တိ၊ သလ္လဝိဒ္ဓဿ ရုပ္ပတော။
၃၂။ ဂါမေ ဝါ ယဒိ ဝါ ရညေ၊ နိန္နေ ဝါ ယဒိ ဝါ ထလေ။
ဌိတံ မံ နာဂမိဿတိ၊ ဧဝံ ဒိဋ္ဌပဒေါ အဟံ။
၃၃။ ယသတ္ထာ နာလမေကောဝ၊ သဗ္ဗကာမရသာဟရော။
သဗ္ဗာပိ ပထဝီ တဿ၊ န သုခံ အာဝဟိဿတိ။

ဟူသော ဤဂါထာတို့ကို ဆို၏။

၃၀။ ဓင်္က၊ ဓင်္ကမင်း။ သောကော၊ စိုးရိမ်ခြင်းသည်။ နာဗ္ဘတီတဟရော၊ လွန်လေပြီးသော ချမ်းသာကိုမဆောင်။ နာ နာဂတသုခါဝဟော၊ လာလတ္တံ့သော ချမ်းသာကို မဆောင်။ တသ္မာ၊ ထို့ကြောင့်။ အဟံ၊ ငါသည်။ န သောစာမိ၊ မစိုးရိမ်။ ဒုတီယတာ၊ ဈာန်ဟူသောအဖော်ကြောင့်။ သော ကော၊ စိုးရိမ်ခြင်းသည်။ နတ္ထိ၊ မရှိ။

၃၁။ သောစံ၊ စိုးရိမ်သောသူသည်။ ပဏ္ဍု၊ ဖျော့တော့ရှိသည်။ ဟောတိ၊ ဖြစ်၏။ ကိသော၊ ကြုံလှီသည်။ ဟောတိ၊ ဖြစ်၏။ အဿ၊ ထိုစိုးရိမ်သောသူသည်။ ဘတ္တဉ္စ၊ အစာကိုလည်း။ န ရုစ္စတိ၊ မနှစ်သက်။ သလ္လဝိဒ္ဓဿ၊ စိုးရိမ်ခြင်းတည်းဟူသော ငြောင့်သည် စူးဝင်၍။ ရုပ္ပတော၊ ဖောက်ပြန်သောသူအား။ အမိတ္တာ၊ ရန်သူတို့သည်။ သုမနာ၊ ဝမ်းမြောက်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။

၃၂။ ဂါမေ ဝါ၊ ရွာ၌လည်းကောင်း။ ယဒိ၊ ထိုမြို့။ အရညေ ဝါ၊ တော၌လည်းကောင်း။ နိန္နေ ဝါ၊ ချိုင့်ဝှမ်းရာ အရပ်၌ လည်းကောင်း။ ယဒိ၊ ထိုမြို့။ ထလေ ဝါ၊ ကုန်းကြည်း၌ လည်းကောင်း။ ဌိတံ၊ တည်သော။ မံ၊ ငါ့ကို။ ( တံ၊ ထိုစိုးရိမ်ခြင်း အရင်းရှိသော ပျက်စီးခြင်းသည်။ ) န အာဂမိဿတိ၊ မလာလတ္တံ့။ အဟံ၊ ငါသည်။ ဧဝံ၊ ဤသို့။ ဒိဋ္ဌပဒေါ၊ မြင်အပ်သောစျာန်ရှိ၏။

၃၃။ ယဿ၊ အကြင်မင်းအား။ အတ္ထာ၊ အကျိုး စီးပွားကို ဆောင်ကုန်သော အဆွေခင်ပွန်းတို့သည်။ သန္တိ၊ ရှိကုန်၏။ တေသု၊ ထိုအဆွေ ခင်ပွန်းတို့တွင်။ ဧကော စ၊ တစ်ယောက်သား အဆွေခင်ပွန်းသည်လည်း။ သဗ္ဗကာမရသာဟရော၊ ဈာန်ချမ်းသာဟု ဆိုအပ်သော အလုံးစုံ လိုအပ်သော အရသာကို ဆောင်ခြင်းငှာ အလံ၊ စွမ်းနိုင်သည်။ ၊ မဟုတ်။ သဗ္ဗာပိ ပထဝီ၊ အလုံးစုံသော မြေသည်လည်း။ တဿ၊ ထိုမင်းအား။ သုခံ၊ ဈာန်ချမ်းသာကို။ န အာဝဟိဿတိ၊ မဆောင်လတ္တံ့။

ဓင်္ကမင်းသည် ဤလေးဂါထာတို့ကို နာရ၍ ဘုရားလောင်းကို ကန်တော့၍ မင်းအဖြစ်ကို အပ်နှင်း၍ သွား၏။ ဘုရားလောင်းသည်လည်း အမတ်တို့အား မင်းအဖြစ်ကို အပ်နှင်းခဲ့၍ ဟိမဝန္တာသို့ သွား၍ ရသေ့ရဟန်း ပြု၍ မယုတ်သော ဈာန်ရှိသည်ဖြစ်၍ ဗြဟ္မာ့ပြည်သို့ လား၏။

ဇာတ်ပေါင်း... သဗ္ဗညူ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ ယခုအခါ အာနန္ဒာသည် ထိုအခါ ဓင်္ကမင်း ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ဃဋမင်း ဖြစ်ဖူးပြီ ဟု ဇာတ်ကို ပေါင်းတော်မူ၏။

စိုးရိမ်ပူဆွေး၊ ဒုက္ခပေး၊ ငိုကြွေးမနေရာ

ငါးခုတို့၏ ပြည့်ကြောင်းဖြစ်သော ဃဋဇာတ်သည် ပြီး၏။

*****