ကောရဏ္ဍိယဇာတ်

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၃၅၆။ ကောရဏ္ဍိယဇာတ် (၅-၁-၆)


ပဉ္စကနိပါတ် - မဏိကုဏ္ဍလဝဂ်

၆။ ကောရဏ္ဍိယဇာတ်

အလိုမရှိသူကို ပေးခြင်းဖြင့် ပစ္စည်းတန်ဖိုးလျော့ခြင်း

ဟောတော်မူရာဌာန... နတ်နှင့်တကွသော လောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူ မြတ်ဘုရားသည် ဧကော အရညေ အစရှိသောဂါထာပုဒ်ဖြင့် တန်ဆာဆင်အပ်သော ဤကရဏ္ဍိယဇာတ်ကို ဇေတဝန် ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အရှင်သာရိပုတ္တရာ ဓဓထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏

ပစ္စုပ္ပန်ဝတ္ထု... အရှင်သာရိပုတ္တရာ မထေရ်သည် လာတိုင်း လာတိုင်းကုန်သော မုဆိုး တံငါအစရှိကုန်သော ဒုဿီလတို့အား မြင်တိုင်းမြင်တိုင်းလျှင် သီလကိုယူကုန်လော့၊ သီလကို ယူကုန်လော့ ဟု ဆို၍ သီလကိုပေး၏။ ထိုသူတို့သည် မထေရ်အား ခန့်ညားသည်၏ အဖြစ်ကြောင့် စကားကို ဖျက်ဆီးအံ့သောငှာ မဝံ့၍ သီလကိုယူကုန်၏။ ယူပြီး၍ သီလကို မစောင့်ရှောက်ကုန်၊ မိမိတို့၏။ အမှုတို့ကိုသာလျှင် ပြုကုန်၏။ မထေရ်သည် အတူနေတပည့်တို့ကိုခေါ်၍ ငါ့ရှင်တို့... ဤမည်သောလူတို့သည် ငါ့ထံ၌ သီလကို ယူကုန်၏။ ယူပြီး၍ သီလကို မစောင့်ရှောက်ကုန် ဟု ဆို၏။

အရှင်ဘုရား... အရှင်ဘုရားတို့သည် ထိုလူတို့အား အလိုမရှိဘဲလျက် သီလကို ပေးကုန်၏။ ထိုလူတို့သည် အရှင်ဘုရားတို့၏ စကားကို ဖျက်ဆီးအံ့သောငှာ မဝံ့၍ သီလကိုယူကုန်၏။ အရှင်ဘုရားတို့သည် ယနေ့မှစ၍ ဤသို့ သဘောရှိသော သူတို့အား သီလကို မပေးပါကုန်လင့် ဟု တပည့်တို့က လျောက်ကုန်၏။ မထေရ်သည် မနှစ်သက်သည် ဖြစ်၏။ ထိုအကြောင်းကို ကြား၍ တရားသဘင်၌ ရဟန်းတို့သည် ငါ့ရှင်တို့... အရှင်သာရိပုတ္တရာသည် မြင်တိုင်း မြင်တိုင်းသော လူတို့အားလျှင် သီလကိုပေး၏ ဟု စကားကို ဖြစ်စေကုန်၏။ သဗ္ဗညူမြတ်ဘုရားသည် လာတော်မူလတ်၍ ရဟန်းတို့ ယခုအခါ အဘယ်စကားဖြင့် စည်းဝေးကုန်သနည်း ဟု မေးတော်မူလတ်၍ ဤမည်သောစကားဖြင့် စည်းဝေးပါကုန်၏ ဟု နားတော်လျှောက်သည်ရှိသော် ရဟန်းတို့- သာရိပုတ္တရာသည် ယခုအခါ၌သာလျှင် မြင်တိုင်း မြင်တိုင်းသောအရပ်၌ မတောင်းကုန်သော သူတို့အား သီလကို ပေးသည် မဟုတ်သေး၊ ရှေး၌လည်း မြင်တိုင်း မြင်တိုင်းသော အရပ်တို့၌ မတောင်းကုန်သော သူတို့အား သီလကို ပေးဖူး၏ ဟု မိန့်တော်မူ၍ အတိတ်ကို ဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်ပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ပုဏ္ဏားအမျိုး၌ဖြစ်၍ အမည်အားဖြင့် ကောရဏ္ဍိယမည်၏။ ထိုကောရဏ္ဍိယသည် အရွယ်သို့ ရောက်လတ်သော် တက္ကသိုလ်ပြည်၌ ဒိပါမောက္ခဆရာ၏ တပည့်ကြီး ဖြစ်၏။

လူတိုင်းကို သီလပေးခြင်း

ထိုအခါ ဒိသာပါမောက္ခဆရာသည် မြင်တိုင်းမြင်တိုင်းသော အရပ်၌ မတောင်းကုန်သော သူတို့အား သီလကိုယူကုန်လော့၊ သီလကိုယူကုန်လော့ ဟု သီလကို ပေး၏။ ထိုသူတို့သည် ယူပြီး၍လည်း မစောင့်ရှောက်ကုန်။ ဆရာသည် ထိုအကြောင်းကို တပည့်တို့အား ကြားလေ၏။ တပည့်တို့သည် ဆရာ... ဆရာတို့သည် ထိုသူတို့အား အလိုမရှိဘဲလျက် သီလကိုပေးကုန်၏။ ထို့ကြောင့် ထိုသူတို့သည် ဖျက်ဆီးကုန်၏။ ယနေ့မှစ၍ တောင်းကုန်သော သူတို့အားသာလျှင် သီလကို ပေးကုန်လော့။ မတောင်းကုန်သောသူတို့အား မပေးပါကုန်လင့် ဟု ဆိုကုန်၏။ ဒိသာပါမောက္ခဆရာလည်း နှလုံးမသာခြင်းသည် ဖြစ်၏။ ဤသို့ ဖြစ်သော်လည်း မြင်တိုင်း မြင်တိုင်းသော အရပ်တို့၌ သီလကို ပေးသည်သာလျှင်ဖြစ်၏။

ဆရာ့အကျင့်ကို ပျောက်စေခြင်း

ထိုအခါ တစ်နေ့သ၌ လူတို့သည် လာလတ်ကုန်၍ ပုဏ္ဏားတို့အား မင်္ဂလာရွတ်စိမ့်သောငှာ ဆရာကိုပင့်ဖိတ်ကုန်၏။ ဒိသာပါမောက္ခဆရာသည် ကောရဏ္ဍိယ လုလင်ကိုခေါ်၍ အမောင် မင်္ဂလာရွတ်ရာသို့ ငါမသွား၊ သင်သည် ပုဏ္ဏားလုလင် ငါးရာတို့ကိုခေါ်၍ မင်္ဂလာရွတ်ရာသို့သွားလော့၊ မင်္ဂလာရွတ်ခြင်း၏ ပူဇော်သက္ကာရ အလှူဝတ်ကိုခံ၍ ငါတို့၏ အစုကို ဆောင်ခဲ့လော့ ဟု ဆို၏။ ကောရဏ္ဍိယလုလင်သည် ကောင်းပြီ ဟု သွား၍ ပြန်လတ်သော် လမ်းအကြား၌ တစ်ခုသော ချောက်ကိုမြင်၍ ငါတို့ ဆရာသည် မြင်တိုင်းမြင်တိုင်းသော အရပ်တို့၌ မတောင်းကုန်သော သူတို့အား သီလကို ပေး၏။ ယနေ့မှစ၍ တောင်းသော သူတို့အားသာလျှင် သီလကို ပေးအောင် ငါပြုအံ့ ဟု ကြံ၏။ ကြံပြီး၍ ထိုကောရဏ္ဍိယ လုလင်သည် တစ်ပါးသောလုလင်တို့ ချမ်းသာစွာ နေကုန်စဉ် ထ၍ ကြီးစွာသော ကျောက်ကိုချီ၍ ချောက်ထဲသို့ အဖန်တလဲလဲလျှင် ချ၏။

ဆရာတပည့် အချေအတင်

ထိုအခါ ကောရဏ္ဍိယ လုလင်ကို တစ်ပါးသောလုလင်တို့သည် ဆရာ.အဘယ့်ကြောင့် ဤသို့ပြုသနည်း ဟု ဆို၏။ ကောရဏ္ဍိယ လုလင်သည်။ တစ်စုံတစ်ခုသော စကားတို့ကို မဆို။ ထိုလုလင်တို့သည် လျင်မြန်စွာသွား၍ ဆရာအား ကြားကုန်၏။ ဆရာသည့ လာလတ်၍ ကောရဏ္ဍိယလုလင်နှင့်တကွ စကားပြောလိုရကား-

၃၄။ ဧကော အရညေ ဂိရိကန္ဒရာယံ၊
ပဂ္ဂယှ ပဂ္ဂယှ သေလံ ပဝေစ္ဆသိ။
ပုနပ္ပုနံ သန္တရမာနရူပေါ၊
ကောရဏ္ဍိယ ကောနု တဝ ယိဓတ္ထော။

ဟူသော ရှေးဦးစွာ ဤဂါထာကိုဆို၏။

၃၄။ ကောရဏ္ဍိယ၊ ကောရဏ္ဍိယ။ တွံ၊ သင်သည်။ အရညေ၊ တော၌။ ဧကော၊ တစ်ယောက်ထီး တည်း။ ပုနပ္ပုနံ၊ အဖန်တလဲလဲ။ သန္တရမာနရူပေါ၊ လျင်မြန်သော သဘောရှိသည်ဖြစ်၍။ သေလံ၊ ကျောက်ကို။ ပဂ္ဂယှ ပဂ္ဂယှ၊ ယူ၍ ယူ၍။ ဂိရိကန္ဒရာယံ၊ တောင်ချောက်၌။ ပဝေစ္ဆသိ၊ ချ၏။ ဣဓ၊ ဤချောက်ကိုဖို့ရာ၌။ တဝ၊ သင်အား။ ကော အတ္ထော နု၊ အဘယ်အကျိုးရှိသနည်း။

ကောရဏ္ဍိယ လုလင်သည် ထိုစကားကိုကြား၍ ဆရာကို သိစေလိုရကား-

၃၅။ အဟဉှိ မံ သာဂရသေဝိတန္တံ၊
သမံ ကရိဿာမိ ယထာပိ ပါဏိ။
ဝိကိရိယ သာနူနိ စ ပဗ္ဗတာနိ စ၊
တသ္မာ သေလံ ဒရိယာ ပက္ခိပါမိ။

ဟူသော နှစ်ခုမြောက်သော ဤဂါထာကို ဆို၏။

၃၅။ အာစရိယ၊ ဆရာ။ သာဂရသေဝိတန္တံ၊ မြစ် သမုဒ္ဒရာတို့သည် မှီဝဲရာဖြစ်သော။ ဣမံ ပထဝိံ၊ ဤမြေကို။ သာနူနိ စ၊ မြေတောင်တို့ကို လည်းကောင်း။ ပဗ္ဗတာနိ စ၊ ကျောက်တောင်တို့ကိုလည်းကောင်း။ ဝိကိရိယ၊ ဖြို၍။ ပါဏိ ယထာပိ၊ လက်ဝါးပြင်ကဲ့သို့လည်း။ သမံ၊ ညီညွတ်သည်ကို။ ကရိဿာမိ၊ ပြုအံ့။ တသ္မာ ဟိ၊ ထို့ကြောင့်လျှင်။ အဟံ၊ ငါသည်။ သေလံ၊ ကျောက်ကို။ ဒရိယာ၊ ချောက်၌။ ပက္ခိပါမိ၊ ချ၏။

ထိုစကားကိုကြား၍ ဆရာပုဏ္ဏား သည်-

၃၆။ န ယိမံ မဟိံ အရဟတိ ပါဏိကမ္မံ၊
သမံ မနုဿော ကရဏာယ မေကော။
မညာမိ မညေဝ ဒရိံ ဇိဂီသံ၊
ကောရဏ္ဍိယ ဟဟသိ ဇီဝလောကံ။

ဟူသော သုံးခုမြောက်သော ဤဂါထာကို ဆို၏။

၃၆။ ကောရဏ္ဍိယ၊ ကောရဏ္ဍိယ။ ဧကော၊ တစ်ယောက်သော။ မနုဿော၊ လူသည်။ ဣမံမဟိံ၊ ဤမြေကြီးကို။ ပါဏိကမ္မံ၊ လက်ဝါးပြင်ကဲ့သို့လုပ်၍။ သမံ၊ ညီညွတ်စွာ၊ကရဏာယ၊ ပြုခြင်းငှာ။ န အရဟတိ၊ မတတ်ကောင်း။ ဣမညေဝ ဒရိံဇိဂီသံ၊ ဤချောက်ကို ပြည့်စေခြင်းငှာ ကျောက်တို့ကို ရှာစဉ်လျှင်။ တွံ၊ သင်သည်။ ဣမံ ဇီဝလောကံ၊ ဤလူ့ပြည်ကို ဟာဟသိ၊ စွန့်ရအံ့ဟူ၍။ မညာမိ၊ ငါ ထင်၏။

ထိုစကားကို ကြား၍ ကောရဏ္ဍိယ လုလင်သည်-

၃၇။ သစေ အဟံ ဘူတဓရံ န သက္ကာ၊
သမံ မနုဿော ကရဏာယ မေကော။
ဧဝမေဝ တွံ ဗြဟ္မေ ဣမေ မနုဿေ၊
နာနာဒိဋ္ဌိကေ နာနယိဿသိ တေ။

ဟူသော လေးခုမြောက်သော ဤဂါထာကို ဆို၏။

၃၇။ ဗြဟ္မေ၊ ဆရာပုဏ္ဏား။ ဧကော၊ တစ်ယောက်သော။ မနုဿော၊ လူဖြစ်သော။ အဟံ၊ အကျွန်ုပ်သည်။ ဘူတဓရံ၊ မြေကြီးကို။ သမံကရဏာယ၊ ညီညွတ်စွာပြုခြင်းငှာ သစေ န သက္ကာ၊ အကယ်၍ မတတ်နိုင်ငြားအံ့။ ဧဝမေဝ၊ ဤအတူလျှင်။ တွံ၊ သင်ဆရာသည်။ နာနာဒိဋ္ဌိကေ၊ အထူးထူးသော အယူရှိကုန်သော။ ဣမေ မနုဿေ၊ ဤလူတို့ကို။ န အာနယိဿသိ၊ မိမိ၏အလိုသို့ ဆောင်ခြင်းငှာ မတတ်နိုင်လတ္တံ့။

ထိုစကားကိုကြား၍ ဆရာသည် ကောရဏ္ဍိယ... သင်သည်ကား သင့်သောစကားကို ဆို၏။ ငါသည် ဤသို့ သဘောရှိသော အမှုကို မပြုအံ့ ဟု မိမိ ချွတ်ယွင်းသော အဖြစ်ကိုသိ၍-

၃၈။ သံခိတ္တရူပေန တုဝံ မမတ္ထံ၊
အက္ခာသိ ကောရဏ္ဍိယ ဧဝမေတံ၊
ယထာ န သက္ကာ ပထဝီ သမာယံ၊
ကတုံ မနုဿေန တထာ မနုဿာ-

ဟူသော ငါးခုမြောက်သော ဤဂါထာကို ဆို၏။

၃၈။ ကောရဏ္ဍိယ၊ ကောရဏ္ဍိယ လုလင်။ တွံ၊ သင်သည်။ မမ၊ ငါ့အား။ သံခိတ္တရူပေန၊ အကျဉ်းချုံးသော ဥပမာဖြင့်။ အတ္ထံ၊ အကျိုးကို။ အက္ခာသိ၊ ဆို၏။ ဧတံ၊ ထိုသင့်စကားသည်။ ဧဝံ၊ သင်ဆိုတိုင်းမှန်၏။ အယံ ပထဝီ၊ ဤမြေကို။ သမံ၊ ညီညွတ်စွာ။ ကာတုံ၊ ပြုခြင်းငှာ။ န သက္ကာ ယထာ၊ မတတ်ကောင်းသကဲ့သို့။ တထာ၊ ထို့အတူ။ မနုဿေန၊ လူသည်။ မနုဿာ၊ လူတို့ကို။ သမံ၊ ညီညွတ်သည်ကို။ ကာတုံ၊ ပြုခြင်းငှာ န သက္ကာ၊ မတတ်ကောင်း။

ဤသို့ ဆရာသည် လုလင်အား ချီးမွမ်းခြင်းကိုပြု၏။ ပြုပြီး၍ တပည့်ဆိုသောအနက်ကို သိ၍ အိမ်သို့ ဆောင်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဟောတော်မူ၍ ယခုအခါ သာရိပုတ္တရာသည် ထိုအခါ ဆရာပုဏ္ဏား ဖြစ်ဖူးပြီ၊ ယခုအခါ ငါဘုရားသည်သာလျှင် ထိုအခါ ကောရဏ္ဍိယ လုလင် ဖြစ်ဖူးပြီဟု ဇာတ်ကိုပေါင်းတော်မူ၏။

မြေတိုင်းမညီ၊ လူတိုင်းသည်။ မညီကြနိုင်ပေ

ခြောက်ခုတို့၏ ပြည့်ကြောင်းဖြစ်သော ကောရဏ္ဍိယဇာတ်သည် ပြီး၏။

*****