ကူဋဝါဏိဇဇာတ် -၁

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ငါးရာငါးဆယ် ဇာတ်ဝတ္ထု by မင်္ဂလာဘုံကျော် ညောင်ကန်ဆရာတော်
၉၈။ ကူဋဝါဏိဇဇာတ်

ဧကကနိပါတ်-လိတ္တဝဂ်

၈။ ကူဋဝါဏိဇဇာတ်

စဉ်းလဲသော ကုန်သည်၏ အကြောင်း

ပစ္စုပ္ပန်ဝတ္ထု... နတ်နှင့် တကွသောလောကကို ဆုံးမတော်မူတတ်သော သဗ္ဗညူမြတ်စွာဘုရားသည် သာဓု ခေါ် ပဏ္ဍိတော နာမ အစရှိသော ဂါထာပုဒ်ဖြင့်တန်ဆာဆင်အပ်သော ဤကူဋဝါဏိဇဇာတ်ကို ဇေတဝန်ကျောင်းတော်၌ သီတင်း သုံးနေတော်မူစဉ် တယောက်သော စဉ်းလဲသော ကုန်သည်ကို အကြောင်းပြု၍ ဟောတော်မူ၏။ ထိုစကားကို ချဲ့ဦးအံ့၊ သာဝတ္ထိပြည်၌ နှစ်ယောက်ကုန်သော ကုန်သည်တို့သည် တပေါင်းတည်းကုန်သွယ်ခြင်းကိုပြုကုန်လျက် ဘဏ္ဍာကိုလှည်းဖြင့်ယူ၍ ဇနပုဒ်သို့သွားကုန်လတ်သော် လာဘ်ရခဲ့၍ ပြန်လည်ကုန်၏။ ထိုနှစ်ယောက်ကုန်သော ကုန်သည်တို့တွင် စဉ်းလဲသောကုန်သည်သည် ဤသူကား များစွာသောနေ့တို့ပတ်လုံး မကောင်းသောဘောဇဉ်ကိုရသဖြင့်၎င်း, မကောင်းသောအိပ်ရာ၌ အိပ်ရသဖြင့်၎င်း ပင်ပန်း၏။ ယခု မိမိအိမ်၌ အထူးထူးကုန်သော မြတ်သောအရသာတို့ဖြင့် အလိုရှိတိုင်း ကောင်းသောဘောဇဉ်ကိုစား၍ အစာမကြေခြင်းကြောင့် သေလတ္တံ့၊ ထိုအခါ ငါသည် ဤဘဏ္ဍာကိုသုံးစုပြု၍ တစုကို ထိုသူ၏ သားမယားတို့အားပေးအံ့၊ နှစ်စုတို့ကို ငါယူအံ့ဟု ကြံ၏။

ထိုအခါစဉ်းလဲသောကုန်သည်သည် ယနေ့ ဝေကုန်အံ့၊ နက်ဖြန်ဝေကုန်အံ့ဟုဆို၍ ဘဏ္ဍာကိုဝေခြင်းငှါ အလိုမရှိ၊ ထိုအခါ ပညာရှိသောကုန်သည်သည် မဝေလိုသော ကုန်သည်စဉ်းလဲကို နှိပ်၍ဝေစေပြီးလျှင် ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားကို ရှိခိုးလျက် နှုတ်ခွန်းဆက်ခြင်းကိုပြု၍ သီတင်းသည် သင်သည် အလွန်ကြာမြင့်ခြင်းကို ပြု၏။ ဤသို့လာ၍ ကြာမြင့်မှ ငါဘုရားကို ခစားအံ့သောငှါလာ၏ဟု မိန့်တော်မူသည်ရှိသော် ထိုအကြောင်းကို မြတ်စွာဘုရားအားလျှောက်၏။ သဗ္ဗညူ မြတ်စွာဘုရားသည် သီတင်းသည် ထိုသူကား ယခုခါ၌သာလျှင် စဉ်းလဲသောကုန်သည် ဖြစ်သည် မဟုတ်သေး၊ ရှေး၌လည်း စဉ်းလဲသော ကုန်သည် ဖြစ်ဘူးသလျှင်ကတည်း၊ ယခုအခါ၌ကား သင့်ကို လှည့်စားလို၏။ ရှေး၌ကား ပညာရှိတို့ကို လှည့်စားခြင်းငှာ အားထုတ် ၏ဟု မိန့်တော်မူ၍ ထိုကုန်သည်သည် တောင်း ပန်အပ်ရကား အတိတ်ကိုဆောင်တော်မူ၏။

အတိတ်ဝတ္ထု... လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မည်သောမင်းသည် မင်းပြုသည်ရှိသော် ဘုရားလောင်းသည် ဗာရာ ဏသီပြည်ဝယ် ကုန်သည်မျိုး၌ဖြစ်၍ အမည်မှည့်သောနေ့၌ ဘုရားလောင်းအား ပဏ္ဍိတဟူသောအမည်ကို မှည့်ကုန်၏။ ထိုဘုရားလောင်းသည် အရွယ်သို့ရောက်သော် တယောက်သောကုန်သည်နှင့် တပေါင်းတည်းကုန်သွယ်ခြင်းကိုပြု၏။ ထိုတယောက်သောကုန်သည်အား အတိပဏ္ဍိတဟူသောအမည်သည် ဖြစ်၏။ ထိုနှစ်ယောက်သောကုန်သည်တို့သည် ဗာရာဏသီပြည်မှ လှည်းငါးရာတို့ဖြင့် ဘဏ္ဍာကိုယူ၍ ဇနပုဒ်သို့သွားသဖြင့် ကုန်ရောင်းခြင်းကိုပြု၍ လာဘ်ရကုန်လတ်သော် ဗာရာဏသီပြည်သို့ ပြန်ကြကုန်၏။ ထိုအခါ ထိုကုန်သည်တို့၏ဥစ္စာကို ဝေသောကာလ၌ အတိပဏ္ဍိတသည် ငါကား နှစ်စုတို့ကို ရထိုက်၏ဟု ဆို၏။ အဘယ့်ကြောင့်နည်းဟုမေးလတ်သော် သင်သည် ပဏ္ဍိတသာတည်း၊ ငါသည် အတိပဏ္ဍိတတည်း၊ ပဏ္ဍိတသည် တစုရထိုက်၏။ အတိပဏ္ဍိတသည် နှစ်စုရထိုက်၏ဟု ဆို၏။ နှစ်ယောက်ကုန်သောငါတို့၏ ဘဏ္ဍာအရင်းသည်၎င်း အစရှိသည်တို့သည်၎င်း အတူကုန်သည်သာလျှင် မဟုတ်လော၊ အဘယ့်ကြောင့် သင်သည် နှစ်စုကိုရထိုက်သနည်းဟု ဆိုလတ်သော် အတိပဏ္ဍိတမည်သည်၏အဖြစ်ကြောင့် ငါသည် နှစ်စုကို ရထိုက်သည်ဟု ဆို၏။ ဤသို့ နှစ်ဦးသောသူတို့သည် စကားကိုပွားစေ၍ ငြင်းခုံခြင်းကို ပြုကုန်၏။

ထို့နောင်မှ အတိပဏ္ဍိတသည် တခုသောဥပါယ်သည် ရှိ၏ဟု ကြံ၍ မိမိအဘကို တခုသောသစ်ခေါင်းသို့ဝင်စေ၍ သင်သည် ငါတို့လာ၍ မေးကုန်သည်ရှိသော် အတိပဏ္ဍိတသည် နှစ်စုရထိုက်၏ဟု ဆိုလောဟုသင်၍ ဘုရားလောင်းအထံသို့သွား၍ အဆွေ ငါ၏ နှစ်စုရထိုက်သည်၏ အဖြစ်ကို၎င်း၊ မရထိုက်သည်၏အဖြစ်ကို၎င်း ဤမည်သော ရုက္ခဇိုဝ်းနတ်သည် သိ၏။ လာလော ထိုရုက္ခဇိုဝ်းနတ်ကို မေးကြကုန်အံ့ဟု ဘုရားလောင်းကို ထိုသစ်ပင်သို့ဆောင်၍ အရှင်ရုက္ခဇိုဝ်းနတ်မင်း အကျွန်ုပ်တို့၏အငွင်းအခုံကို အရှင်နတ်မင်း ဆုံးဖြတ်ပါဟုဆို၏။ ထိုအခါ အတိပဏ္ဍိတ၏အဘသည် အသံကိုပြင်၍ ထိုသို့တပြီးကား ဆိုကြကုန်လောဟု ဆို၏။ အရှင်ရုက္ခဇိုဝ်းနတ်မင်း ဤသူကားပဏ္ဍိတတည်း၊ အကျွန်ုပ်ကား အတိပဏ္ဍိတတည်း၊ အကျွန်ုပ်တို့သည် တပေါင်းတည်း ကုန်သွယ်အပ်ကုန်၏။ အဘယ် သူသည် များစွာရအပ်သနည်းဟုဆို၏။ ပဏ္ဍိတသည် တစုကိုရအပ်၏။ အတိပဏ္ဍိတသည်ကား နှစ်စုကို ရအပ်၏ဟု ဆို၏။ ဘုရားလောင်းသည် ဤသို့ တရားစီရင်ဆုံးဖြတ်သံကိုကြား၍ ယခုပင် နတ်၏အဖြစ်ကို၎င်း၊ နတ်မဟုတ်သည်၏ အဖြစ်ကို၎င်း သိအံ့ဟု ကောက်ရိုးကိုယူ၍ သစ်ခေါင်းကိုပြည့်စေပြီးသော် မီးတိုက်၏။ အတိပဏ္ဍိတ၏အဘသည် မီးလျှံထိသော ကာလ၌ ကိုယ်ထက်ဝက်ကိုမီးလောင်သည်ဖြစ်၍ အထက်သို့ တက်သဖြင့် သစ်ခက်ကိုကိုင်လျက်တွဲလျားဆွဲပြီးလျှင် မြေသို့ဆင်း၍-

၉၈။ သာဓု ခေါ ပဏ္ဍိတော နာမ၊ န တွေဝ အတိပဏ္ဍိတော။
အတိပဏ္ဍိတေန ပုတ္တေန၊ မနမှိ ဥပကူဠိတော။

ဟူသော ဤဂါထာကို ဆို၏။

၉၈။ ဣမသ္မိံ၊ ဤလောက၌။ ပဏ္ဍိတာနာမ၊ ပညာရှိသူမည်သည်ကား။ သာဓု ခေါ၊ ကောင်းသလျှင်ကတည်း။ အတိပဏ္ဍိတာ၊ အမည်ဖြင့် အတိပဏ္ဍိတဟု ဆိုအပ်သော ယောက်ျားစဉ်းလဲသည်။ နတွေဝ သာဓု၊ မကောင်းသလျှင်ကတည်း။ အတိပဏ္ဍိတေန၊ အတိပဏ္ဍိတအမည်ရှိသော။ ပုတ္တေန၊ သားကြောင့်။ မနံ၊ အနည်းငယ်အားဖြင့်။ ဥပကူဠိတော၊ မီးလောင်သည်။ အမှိ၊ ဖြစ်၏။ (မနံ-ကား ထောက အနက်ဟောသည်)။

ထိုနှစ်ယောက်သောသူတို့သည် အလယ်၌ ခွဲ၍ အမျှသည်သာလျှင်ဖြစ်သော အစုကိုယူကုန်၍ ကံအားလျော်စွာ လားကုန်၏။

ဇာတ်ပေါင်း... သဗ္ဗညူမြတ်စွာဘုရားသည် ဤသူကား ရှေး၌လည်း စဉ်းလဲသောကုန်သည် ဖြစ်ဘူးသလျှင်ကတည်းဟု အတိတ်ကိုဆောင်တော်မူ၍ ယခုအခါ စဉ်းလဲသောကုန်သည်သည်လျှင် ထိုအခါ စဉ်းလဲသောကုန်သည်ဖြစ်ဘူးပြီ၊ ယခုအခါ ငါဘုရားသည်လျှင် ထိုအခါ ပညာရှိသောကုန်သည် ဖြစ်ဘူးပြီဟု ဇာတ်ကို ပေါင်းကော်မှု၏။

ကုန်သည်စဉ်းလဲ၊ ပညာနဲ၊ ဖောက်လွဲကြံဆောင် ဘ, မီးလောင်

ရှစ်ခုတို့၏ပြည့်ကြောင်းဖြစ်သော ကူဋဝါဏိဇဇာတ်သည် ပြီး၏။

*****