တိဿတ္ထေရဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ယမကဝဂ် by အရှင်ဓမ္မဿာမီဘိဝံသ
၃။ တိဿတ္ထေရဝတ္ထု

၃။ တိဿမထေရ်ဝတ္ထု

အက္ကောစ္ဆိ မံ အစရှိသော ဤတရားဒေသနာတော်ကို မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော်၌ နေတော်မူစဉ် အရှင်တိဿမထေရ်ကို အကြောင်းပြု၍ ဟောတော်မူ၏။

အမျိုးမာန်တက် အပြောရခက်သူ

ထိုအရှင်တိဿမထေရ်ကား မြတ်စွာဘုရား၏ အရီးတော်၏သား (သုဒ္ဓေါဒနမင်းကြီး၏ နှမတော် အမိတာဒေဝီ မိဖုရား၏ သား) ဖြစ်သတတ်။ အရွယ်ကြီးရင့်သော ကာလမှ ရဟန်းပြု၍ မြတ်စွာဘုရားတို့အားဖြစ်သော လာဘ်,ပူဇော်သက္ကာရကို ဘုဉ်းပေးသုံးဆောင်ရလျက် ဆူဖြိုးသောကိုယ် ရှိသည်ဖြစ်၍ အဖန်တလဲလဲ နယ်အပ်သော သင်္ကန်းတို့ကို ဝတ်ရုံလျက် များသောအားဖြင့် ကျောင်းအလယ် ခစားရာ စည်းဝေးရာ ဇရပ်၌ နေ၏။ မြတ်စွာဘုရားကို ဖူးမြင်အံ့သောငှာ လာကုန်သော ဧည့်သည် အာဂန္တု ရဟန်းတို့သည် ထိုတိဿမထေရ်ကို မြင်လျှင် မထေရ်ကြီးတစ်ပါး ဖြစ်လတ္တံ့ဟူသော အမှတ်ဖြင့် ထိုတိဿမထေရ်၏ အထံသို့သွား၍ ဝတ်ကြီးဝတ်ငယ်ပြုခြင်း၊ ခြေဆုပ်လက်နယ်ပြုခြင်း စသည်တို့ကို ပန်ကြားကုန်၏။ တိဿမထေရ်သည် ဆိတ်ဆိတ်သာ နေလေ၏။ ထိုအခါ တိဿမထေရ်ကို ရဟန်းငယ်တစ်ပါးသည် “အရှင်ဘုရားတို့သည် အဘယ်မျှ ဝါရှိပြီနည်း”ဟု မေးလျှောက်၏။ “တစ်ဝါမျှမရှိသေး၊ ငါတို့သည် ကြီးရင့်သောကာလ၌ ရဟန်းပြုကုန်၏”ဟု ဆိုသည်ရှိသော် “ဆုံးမခက်သော ငါ့ရှင်ရဟန်းကြီး- သင်ကား မိမိ အတိုင်းအရှည်ကို မသိ၊ ဤမျှလောက်ကုန်သော မထေရ်ကြီးတို့ကို မြင်လျက် အရိုအသေ ပြုခြင်းမျှကိုလည်း မပြု၊ ဝတ်ကြီး ဝတ်ငယ်ကို ပန်ကြားအပ်သည်ရှိသော် ဆိတ်ဆိတ်သာနေ၏”ဟု ဆို၍ လက်ဖျစ်တီးလေ၏။ ထိုတိဿမထေရ်သည် မင်းမျိုး၌ဖြစ်သော ခတ္တိယမာန်ကို ဖြစ်စေလျက် “သင်တို့သည် အဘယ်သူ့အထံသို့ လာကြကုန်သနည်း”ဟု မေ၍ “မြတ်စွာဘုရားအထံသို့ လာကုန်၏”ဟု ဆိုသည်ရှိသော် “ငါ့ကို အဘယ်သို့သောသူဟူ၍ မှတ်ထင်ကြသနည်း၊ သင်တို့ကို အရင်းအမြစ်က ဖြတ်အံ့”ဟုဆို၍ ငိုလျက် ဆင်းရဲငြိုငြင်သော စိတ်နှလုံးရှိသည်ဖြစ်၍ မြတ်စွာဘုရာ အထံသို့ သွားလေ၏။

ထိုအခါ တိဿမထေရ်ကို မြတ်စွာဘုရားသည် “တိဿ- အဘယ့်ကြောင့် သင်သည် ဆင်းရဲငြိုငြင်သော စိတ်နှလုံးရှိသည်ဖြစ်၍ မျက်ရည်နှင့်မျက်ခွက် ငိုကြွေးလျက် လာသနည်း”ဟု မေးတော်မူ၏။ ထိုဧည့်သည် အာဂန္တု ရဟန်းတို့သည်လည်း ဤရဟန်းကားသွား၍ တစ်စုံတစ်ခု ချောက်ချားသည်ကို ပြုရာ၏ဟု နှလုံးပြုလျက် ထိုတိဿရဟန်းနှင့် အတူတကွသာလျှင် သွား၍ မြတ်စွာဘုရားကို ရှိခိုးပြီးလျှင် တင့်အပ်လျောက်ပတ်သော အရပ်၌ နေကုန်၏။ ထိုတိဿရဟန်းသည် မြတ်စွာဘုရား မေးတော်မူသည်ရှိသော် “မြတ်စွာဘုရား- ဤရဟန်းတို့သည် တပည့်တော်ကို ဆဲရေးကုန်၏”ဟု နားတော်လျှောက်၏။ “သင်သည် အဘယ်အရပ်၌ နေသနည်း”ဟု မေးတော်မူသည်ရှိသော် “မြတ်စွာဘုရား- ကျောင်းအလယ် ခစားရာ စည်းဝေးရာ ဇရပ်၌ နေပါ၏”ဟု လျှောက်လေ၏။

ထိုအခါ မြတ်စွာဘုရားသည် “ဤရဟန်းတို့လာသည်ကို သင် မြင်၏လော”ဟု မေးတော်မူသည်ရှိသော် “မြတ်စွာဘုရား- မြင်ပါ၏”ဟု လျှောက်လေ၏။ “သင်သည် ထ၍ ခရီးဦးကြိုဆိုခြင်း ပြုမိ၏လော”ဟု မေးတော်မူသည်ရှိသော် “မြတ်စွာဘုရား- မပြုမိပါ”ဟု လျှောက်လေ၏။ “ပရိက္ခရာယူခြင်းကို ပန်ကြား၏လော”ဟု မေးတော်မူသည်ရှိသော် “မြတ်စွာဘုရား- မပန်ကြားမိပါ”ဟု လျှောက်လေ၏။ “ဝတ်ကိုလည်းကောင်း၊ သောက်ရေကိုလည်းကောင်း ပန်ကြား၏လော”ဟု မေးတော်မူသည်ရှိသော် “မြတ်စွာဘုရား- မပန်ကြားမိပါ”ဟု လျှောက်လေ၏။ “နေရာကိုဆောင်၍ ရှိခိုးပြီးလျှင် ခြေဆုပ်လက်နယ် ပြု၏လော”ဟု မေးသည်ရှိသော် “မြတ်စွာဘုရား မပြုမိပါ”ဟု လျှောက်လေ၏။ ထိုအခါ မြတ်စွာဘုရားသည် “တိဿ- သီတင်းကြီးကုန်သော ရဟန်းတို့အား ဤအလုံးစုံသော ကျင့်ဝတ်ကို ပြုအပ်၏။ ဤသို့ မပြုသော ရဟန်းသည် ကျောင်းအလယ်၌ နေခြင်းငှာ မသင့်လျော်”ဟု မိန့်တော်မူ၍ “သင်၏ အပြစ်သာလျှင်တည်း၊ ထိုရဟန်းတို့ကို ကန်တော့လော့”ဟု မိန့်တော်မူ၏။ ထိုအခါ တိဿရဟန်းသည် “ထိုရဟန်းတို့ကား တပည့်တော်ကို ဆဲရေးကုန်၏၊ တပည့်တော်သည် ထိုရဟန်းတို့ကို မကန်တော့နိုင်ပါဘုရား”ဟု လျှောက်လေ၏။ “တိဿ- ဤသို့မပြုလင့်၊ သင်၏ အပြစ်သာလျှင်တည်း၊ ထိုရဟန်းတို့ကို ကန်တော့လော့”ဟု မိန့်တော်မူသည်ရှိသော် “မြတ်စွာဘုရား- မကန်တော့နိုင်ပါ”ဟု လျှောက်လေ၏။ ထိုအခါ ရဟန်းတို့သည် “ဤတိဿရဟန်းကား ဆိုနိုင်ခက်၏”ဟု လျှောက်သည်ရှိသော် မြတ်စွာဘုရားသည် “ချစ်သားရဟန်းတို့- ယခုအခါ၌သာလျှင် မဟုတ်သေး၊ ရှေး၌လည်း ဤရဟန်းသည် ဆိုနိုင်ခက်သည်သာလျှင်တည်း”ဟု မိန့်တော်မူရကား “မြတ်စွာဘုရား ယခုအခါ ထိုရဟန်း၏ ဆိုနိုင်ခက်သောအဖြစ်ကို ရှေးဦးစွာ တပည့်တော်တို့ သိရပါပြီ၊ လွန်လေပြီးသောအခါ အဘယ်သို့ ပြုဖူးပါသနည်း”ဟု နားတော်လျှောက်သည်ရှိသော် “ချစ်သားရဟန်းတို့- ထိုသို့ဖြစ်မူ နာကြားကြကုန်လော့”ဟု မိန့်တော်မူ၍ လွန်လေပြီးသော အတိတ်အကြောင်းကို ဆောင်တော်မူ၏။

တိဿမထေရ်၏ အတိတ်ဝတ္ထု

လွန်လေပြီးသောအခါ ဗာရာဏသီပြည်၌ ဗာရာဏသီမင်းသည် မင်းပြုသည်ရှိသော် ဒေဝိလ အမည်ရှိသော ရသေ့သည် ရှစ်လတို့ပတ်လုံး ဟိမဝန္တာတော၌နေ၍ ချဉ်ဆား (အငန်နှင့် အချဉ်) မှီဝဲအံ့သောငှာ လေးလတို့ပတ်လုံး မြို့ကိုမှီ၍ နေလိုသည်ဖြစ်သောကြောင့် ဟိမဝန္တာတောမှ လာ၍ မြို့တံခါး၌ သူငယ်တို့ကိုမြင်လျှင် “ဤမြို့သို့ရောက်လာသော ရဟန်းတို့သည် အဘယ်အရပ်၌ နေကုန်သနည်း”ဟု မေး၏။ “အရှင်ဘုရား- အိုးထိန်းသည်၏ အလုပ်ရုံ တင်းကုပ်၌ နေကုန်၏”ဟု လျှောက်၏။ ဒေဝိလ ရသေ့သည် အိုးထိန်းသည်ဇရပ်သို့ သွား၍ တံခါး၌ရပ်လျက် “အိုးထိန်းသည်- သင့်အား အကယ်၍ ဝန်မလေးသည်ဖြစ်အံ့၊ တစ်ညဉ့်မျှ ဇရပ်၌ နေလို၏”ဟု ဆို၏။ အိုးထိန်းသည်သည် “တပည့်တော်အား ညဉ့်အခါ ဇရပ်၌ ပြုဖွယ်ကိစ္စ မရှိ၊ ဇရပ်သည် ကျယ်၏၊ ချမ်းသာစွာနေပါ အရှင်ဘုရား”ဟု ဇရပ်ကို အပ်နှံဆောင်နှင်း၏။

ထိုဒေဝိလရသေ့သည် ဇရပ်သို့ဝင်၍ နေသည်ရှိသော် တစ်ပါးသော နာရဒအမည်ရှိသော ရသေ့သည်လည်း ဟိမဝန္တာတောမှလာ၍ အိုးထိန်းသည်ကို တစ်ညဉ့်မျှ တည်းခိုနေရန် တောင်းပန်လေ၏။ အိုးထိန်းသည်သည် “ရှေးဦးစွာ ရောက်လာသော ရသေ့သည် ဤရသေ့နှင့် အတူတကွ နေလိုမည်၊ မနေလိုမည်ကို ငါမသိ၊ မိမိကိုယ်ကို လွတ်စေအံ့”ဟု ကြံပြီးလျှင် “အရှင်ဘုရား- ရှေးဦးစွာ ကပ်ရောက်နှင့်သော ရသေ့သည် အကယ်၍ နှစ်သက်သည် ဖြစ်ပါအံ့၊ ထိုရသေ့၏အလိုအားဖြင့် နေပါလော့”ဟု လျှောက်ဆို၏။ ထိုအခါ နာရဒရသေ့သည် ဒေဝိလရသေ့ထံသို့ ချဉ်းကပ်၍ “ဆရာရသေ့- ဆရာ့အား အကယ်၍ ဝန်မလေးသည် ဖြစ်ပါအံ့၊ အကျွန်ုပ်တို့သည်လည်း ဤဇရပ်၌ တစ်ညဉ့်မျှ နေပါရစေ”ဟု တောင်းပန်၏။ “ဇရပ်သည် ကျယ်၏၊ ဝင်၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေလော့”ဟု ဆိုသည်ရှိသော် ဝင်ပြီးလျှင် ရှေးဦးစွာဝင်သော ဒေဝီလရသေ့၏ နောက်အဖို့၌ နေ၏။ နှစ်ဦးသော ရသေ့တို့သည်လည်း အသက်ထက်ဆုံး အောက်မေ့ထိုက်သော စကားကို ပြောကြားပြီး၍ အိပ်သောအခါ နာရဒရသေ့သည် ဒေဝီလရသေ့၏ အိပ်ရာအရပ်ကိုလည်းကောင်း၊ တံခါးကိုလည်းကောင်းမှတ်၍ အိပ်၏။ ထိုဒေဝီလရသေ့သည်ကား အိပ်သည်ရှိသော် မိမိ၏ အိပ်ရာအရပ်၌ မအိပ်မူ၍ တံခါးအလယ်၌ ဖီလာကန့်လန့်ပြု၍ အိပ်၏။

ဒေဝိလရသေ့၏ ဆံကျစ်,လည်ပင်းတို့ကို နင်းမိခြင်း

နာရဒရသေ့သည် ညဉ့်အခါ ထွက်သည်ရှိသော် ထိုဒေဝိလရသေ့၏ ဆံကျစ်ဦးစွန်းတို့၌ နင်းမိလေ၏။ “အဘယ်သူသည် ငါ့ကို နင်းသနည်း”ဟု မေးသည်ရှိသော် “ဆရာ- အကျွန်ုပ် နာရဒရသေ့တည်း”ဟု ဖြေဆိုလေ၏။ “ရသေ့စဉ်းလဲ- တောမှလာ၍ ငါ၏ ဆံကျစ်ဦးစွန်းတို့၌ နင်းဘိ၏”ဟု ဆိုသည်ရှိသော် “ဆရာ- အသင်တို့၏ ဤအရပ်၌ အိပ်သည့်အဖြစ်ကို မသိပါ၊ အကျွန်ုပ်အား သည်းခံပါလော့” ဟုဆို၍ ဒေဝိလရသေ့၏ ထွေထွေရာရာ ဆိုမြည်းတမ်းစဉ်ပင်လျှင် အပသို့ ထွက်ခဲ့၏။ ဒေဝိလရသေ့သည် “ဤနာရဒ ရသေ့ကား ဝင်လာသည်ရှိသော်လည်း ငါ့ကို နင်းရာ၏”ဟု ခြေရင်းခေါင်းရင်းလှည့်၍ ခြေထားရာ၌ ဦးခေါင်းထားလျက်အိပ်၏။ နာရဒရသေ့သည်လည်း ဝင်လာသည်ရှိသော် “ရှေးဦးစွာ၌လည်း ငါသည် ဆရာ၌ ပြစ်မှားမိ၏။ ယခုအခါ ထိုဒေဝီလရသေ့၏ ခြေရင်းနံပါးဖြင့် ဝင်အံ့”ဟု ကြံ၍ လာသည်ရှိသော် လည်ပင်း၌ နင်းမိပြန်၏။ ဒေဝိလ ရသေ့လည်း “ဤသူသည် အဘယ်သူနည်း”ဟု မေးသည်ရှိသော် “ဆရာ- အကျွန်ုပ် နာရဒရသေ့ပါတည်း”ဟု ဆိုသောကြောင့် “ရသေ့စဉ်းလဲ- ရှေးဦးစွာ ငါ၏ ဆံကျစ်ဦးစွန်းတို့၌ နင်းပြီး၍ ယခုအခါ လည်ပင်း၌ နင်းပြန်၏။ သင့်ကို ကျိန်ဆဲအံ့”ဟု ဆိုသည်ရှိသော် “ဆရာ- အကျွန်ုပ်အား အပြစ်မရှိ၊ အကျွန်ုပ်သည် အသင်တို့၏ ဤသို့ အိပ်သည်အဖြစ်ကို မသိသောကြောင့် ရှေးဦးစွာလည်း ပြစ်မှားမိပါသည်။ ယခုအခါ ခြေရင်းဖြင့်ဝင်အံ့ဟု ကြံ၍ ဝင်မိပါသည်၊ အကျွန်ုပ်အား သည်းခံပါလော့”ဟု ဆို၏။

ရသေ့တို့ အပြန်အလှန် ကျိန်ဆဲကြခြင်း

ထိုအခါ ဒေဝိလရသေ့သည် နာရဒရသေ့ကို “ရသေ့စဉ်းလဲ- သင့်ကို ကျိန်ဆဲအံ့”ဟု ဆိုသည်ရှိသော် “ဆရာ- ဤသို့ မပြုပါလင့်”ဟု တောင်းတောင်းပန်ပန် ဆိုလေ၏။ ထိုဒေဝိလရသေ့သည် နာရဒရသေ့၏စကားကို မနာယူမူ၍ ဤဂါထာဖြင့် ကျိန်ဆဲ၏။

သဟဿရံသီ သတတေဇော၊ သူရိယော တမဝိနောဒနော။
ပါတော ဥဒယန္တေ သူရိယေ၊ မုဒ္ဓါ တေ ဖလတု သတ္တော။

သဟဿရံသီ၊ အထောင်သော ရောင်ခြည်ကို ဆောင်ထသော။ သတတေဇော၊ အရာမကသော အပူဓာတ် ရှိထသော။ တမဝိနောဒနော၊ အမိုက်ကို ပယ်ဖျောက်တတ်ထသော။ သူရိယော၊ နေမင်းသည်။ အတ္ထိ၊ ရှိ၏။ သူရိယေ၊ နေသည်။ ပါတော၊ နံနက်အခါ၌။ ဥဒယန္တေ၊ တက်သည်ရှိသော်။ တေ၊ သင်၏။ မုဒ္ဓါ၊ ဦးခေါင်းသည်။ သတ္တဓာ၊ ခုနစ်စိတ်။ ဖလတု၊ ကွဲစေသတည်း။

ဤသို့ဆိုလျက် နာရဒရသေ့ကို ကျိန်ဆဲသည်သာလျှင်တည်း။ နာရဒရသေ့သည် “ဆရာ- အကျွန်ုပ်အား အပြစ်မရှိဟု အကျွန်ုပ် ဆိုစဉ်ပင်လျှင် အသင်တို့သည် ကျိန်ဆဲဘိ၏။ အကြင်သူအား အပြစ်ရှိ၏၊ ထိုအပြစ်ရှိသောသူ၏ ဦးခေါင်းသည် ကွဲစေသတည်း၊ အပြစ်ကင်းသောသူ၏ ဦးခေါင်းသည် မကွဲစေသတည်း”ဟု ဆို၍ ဤဂါထာကို ဆို၏။

သဟဿရံသီ သတတေဇော၊ သူရိယော တမဝိနောဒနော။
ပါတော ဥဒယန္တေ သူရိယေ၊ မုဒ္ဓါ တေ ဖလတု သတ္တော။

သဟဿရံသီ၊ အထောင်သော ရောင်ခြည်ကို ဆောင်ထသော။ သတတေဇော၊ အရာမကသော အပူဓာတ် ရှိထသော။ တမဝိနောဒနော၊ အမိုက်ကို ပယ်ဖျောက်တတ်ထသော။ သူရိယော၊ နေမင်းသည်။ အတ္ထိ၊ ရှိ၏။ သူရိယေ၊ နေသည်။ ပါတော၊ နံနက်အခါ၌။ ဥဒယန္တေ၊ တက်သည်ရှိသော်။ တေ၊ သင်၏။ မုဒ္ဓါ၊ ဦးခေါင်းသည်။ သတ္တဓာ၊ ခုနစ်စိတ်။ ဖလတု၊ ကွဲစေသတည်း။

ဤသို့ ဆို၍ ပြန်ကျိန်ဆဲလိုက်၏။

နာရဒရသေ့၏ အစွမ်း

ထိုနာရဒရသေ့သည်ကား ကြီးသော အာနုဘော် ရှိ၏။ လွန်လေပြီးသောအတိတ်၌ ကမ္ဘာလေးဆယ်တို့ကိုလည်းကောင်း၊ လာလတ္တံ့သော အနာဂတ်၌ ကမ္ဘာလေးဆယ်တို့ကိုလည်းကောင်း၊ ဤသို့ ရှစ်ဆယ်သော ကမ္ဘာတို့ကို အောက်မေ့နိုင်၏။ ထို့ကြောင့် “ကျိန်စာသည် အဘယ်သူ၏အထက်၌ ကျလတ္တံ့နည်း”ဟု စူးစမ်းဆင်ခြင်သည်ရှိသော် “ဆရာ ဒေဝိလရသေ့၏ ထိပ်ထက်၌ ကျလတ္တံ့”ဟုသိ၍ ထို ဒေဝိလရသေ့၌ အစဉ်သနားသည်ကို စွဲလျက် တန်ခိုး၏အစွမ်းအားဖြင့် အရုဏ်တက်ခြင်းကို တားမြစ်လေ၏။ ပြည်သူပြည်သားတို့သည် အရုဏ်မတက်သည်ရှိသော် မင်းအိမ်တံခါးသို့ သွား၍ “အရှင်မင်းကြီး- အရှင်မင်းကြီး မင်းပြုခါမှ အရုဏ်မတက်ပါ၊ အကျွန်ုပ်တို့အား အရုဏ်တက်စေပါလော့”ဟု မြည်တမ်းကြကုန်၏။ မင်းသည် မိမိကိုယ်ဖြင့် ပြုအပ်သောအမှု စသည်တို့ကို ကြည့်ရှုသည်ရှိသော် တစ်စုံတစ်ခု မသင့်သောအမှုကို မမြင်သောကြောင့် အဘယ်သို့သော အကြောင်းနည်းဟု ကြံ၍ ရသေ့ရဟန်းတို့၏ ငြင်းခုံခြင်းသည် ဖြစ်ရာ၏ဟု တွေးတော ယုံမှားခြင်းရှိသည်ဖြစ်၍ “အသို့နည်း၊ ဤပြည်၌ ရသေ့ရဟန်းတို့သည် ရှိကုန်သလော”ဟု မေးလေ၏။ “အရှင်မင်းကြီး- ယမန်နေ့ ညချမ်းအခါ အိုးထိန်းသည်ဇရပ်၌ ရောက်လာသော ရသေ့တို့သည် ရှိကုန်၏”ဟု လျှောက်လတ်သော် မင်းသည် ထိုခဏ၌ပင် မီးရှူး,မီးတိုင်တို့ကို ညှိထွန်းလျက် ထိုအိုးထိန်းသည်ဇရပ်သို့ သွား၍ နာရဒရသေ့ကို ရှိခိုး၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေလျက် ဤဂါထာဖြင့် လျှောက်၏။

ကမ္မန္တာ နပ္ပဝတ္တန္တိ၊ ဇမ္ဗုဒီပဿ နာရဒ။
ကေန လောကော တမောဘူတော၊ တံ မေ အက္ခာဟိ ပုစ္ဆိတော။

နာရဒ၊ နာရဒ ရှင်ရသေ့။ ဇမ္ဗုဒီပဿ၊ ဇမ္ဗူဒိပ်ကျွန်းသား လူများအပေါင်း၏။ ကမ္မန္တာ၊ အမှုလုပ်ခြင်းတို့သည်။ နပ္ပဝတ္တန္တိ၊ မဖြစ်နိုင်ကြကုန်။ ကေန၊ အဘယ့်ကြောင့်။ လောကော၊ လောကကြီးသည်။ တမောဘူတော၊ အမိုက်အတိ ဖြစ်သနည်း။ ပုစ္ဆိတော၊ မေးအပ်သော ရှင်ရသေ့သည်။ မေ၊ အကျွန်ုပ်အား။ တံ၊ ထိုအကြောင်းကို။ အက္ခာဟိ၊ ဖြေကြားတော်မူပါလော့။

နာရဒရသေ့သည် အလုံးစုံသောအကြောင်းကို ပြောကြား၍ “ဤအကြောင်းဖြင့် ငါ့ကို ဤဒေဝိလရသေ့သည် ကျိန်ဆဲ၏။ ထိုအခါ ငါသည် ငါ့အား အပြစ်မရှိ၊ အပြစ်ရှိသောသူ၏ ထိပ်ထက်၌သာလျှင် ကျိန်စာသည် ကျစေသတည်းဟုဆို၍ ကျိန်ဆဲ၏။ ကျိန်ဆဲပြီး၍ကား အဘယ်သူ၏ထိပ်ထက်၌ ကျလတ္တံ့နည်းဟု စူးစမ်းဆင်ခြင်သည်ရှိသော် နေထွက်သောအခါ ဆရာဒေဝိလရသေ့၌ ဦးခေါင်းခုနစ်စိတ် ကွဲလတ္တံ့သည်ကို မြင်သောကြောင့် ထိုဒေဝိလရသေ့၌ အစဉ်သနားသည်ကို စွဲ၍ အရုဏ်တက်ခြင်းကို မပေး (အရုဏ်မတက်အောင် ငါဓိဋ္ဌာန်ထားသည်)” ဟုဆို၏။ “အရှင်ဘုရား- အဘယ်သို့ပြုလျှင် ထိုဒေဝိလရသေ့အား အန္တရာယ်သည် မဖြစ်ရာအံ့နည်း”ဟု မေးလျှောက်သည်ရှိသော် “ငါ့ကို အကယ်၍ ကန်တော့သည်ဖြစ်အံ့၊ အန္တရာယ်မဖြစ်ရာ”ဟု ဆို၏။ “ထိုသို့ဖြစ်မူ ကန်တော့ပါလော့”ဟု ဒေဝိလရသေ့ကို ဆိုအပ်သည်ရှိသော် ဒေဝီလရသေ့သည် “ဤနာရဒရသေ့ကား ငါ့ကို ဆံကျစ်ဦးစွန်းတို့၌လည်းကောင်း၊ လည်ပင်း၌လည်းကောင်း နင်း၏၊ ငါသည် ဤရသေ့စဉ်းလဲကို မကန်တော့နိုင်”ဟု ဆို၏။ “အရှင်ဘုရား- ဤသို့မပြုပါလင့်၊ ကန်တော့ပါလော့”ဟု လျှောက်သော်လည်း မကန်တော့နိုင်ဟုဆို၏။ “သင်ရသေ့၏ဦးခေါင်း ခုနစ်စိတ်ကွဲပါလိမ့်မည်”ဟု ဆိုပြန်သော်လည်း မကန်တော့ဘဲနေသည်သာတည်း။ ထိုအခါ မင်းသည် ဒေဝီလရသေ့ကို “သင်သည် မိမိအလိုအားဖြင့် မကန်တော့ဘဲသာ နေပေလတ္တံ့”ဟု ဆို၍ လက်,ခြေ၊,ဝမ်းပိုက်, လည်ကုပ်တို့၌ ကိုင်ဆွဲစေလျက် နာရဒရှင်ရသေ့၏ ခြေရင်း၌ ဦးညွတ်စေ၏။ နာရဒရှင်ရသေ့သည်လည်း “ဆရာဒေဝီလ- ထတော်မူပါလော့၊ သင့်အား သည်းခံပါ၏”ဟု ဆို၍ “မြတ်သောမင်းကြီး- ဤဒေဝိလရသေ့သည် မိမိ၏ စိတ်အလိုအားဖြင့် ကန်တော့သည်မဟုတ်၊ မြို့၏ မနီးမဝေးသော အရပ်၌ အိုင်တစ်ခုသည် ရှိ၏။ ထိုအိုင်ဝယ် ဒေဝိလ ရှင်ရသေ့ကို ဦးခေါင်း၌ မြေစိုင်ကို တင်ထား၍ လည်ပင်းပမာဏရှိသောရေ၌ ထားလေလော့”ဟု ဆို၏။ မင်းကြီးသည်လည်း ထိုနာရဒ ရှင်ရသေ့ ဆိုတိုင်း ပြုစေလေ၏။ ထိုအခါ နာရဒရှင်ရသေ့သည် ဒေဝီလရသေ့ကို ခေါ်၍ “ဆရာဒေဝိလ- အကျွန်ုပ်သည် တန်ခိုးကိုလွှတ်သဖြင့် နေပူရောင်တက်လာသည်ရှိသော် ရေ၌ငုပ်၍ တစ်ပါးသောအရပ်ဖြင့် ကူး၍ သွားပါ”ဟု ပြောဆိုလေ၏။ ထိုဒေဝိလရသေ့အား နေအရောင်တို့ဖြင့် တွေ့ထိကာမျှ၌သာလျှင် မြေစိုင်သည် ခုနစ်စိတ်ကွဲလေ၏။ ထိုဒေဝိလ ရသေ့သည်လည်း ငုပ်၍ တစ်ပါးသော အရပ်သို့ ပြေးလေ၏။ မြတ်စွာဘုရားသည် ဤဓမ္မဒေသနာကို ဆောင်တော်မူ၍ “ချစ်သားရဟန်းတို့- ထိုအခါ မင်းသည် ယခုအခါ အာနန္ဒာ ဖြစ်လာ၏။ ဒေဝိလ ရသေ့သည် တိဿမထေရ် ဖြစ်လာ၏။ နာရဒရသေ့သည် ငါဘုရား ဖြစ်လာ၏”ဟု ဇာတ်ကို ပေါင်းတော်မူပြီးလျှင် “ထိုအခါ၌လည်း ဤရဟန်းသည် ဆိုနိုင်ခက်သည်သာလျှင်တည်း”ဟု မိန့်တော်မူ၍ တိဿမထေရ်ကို ခေါ်တော်မူပြီးနောက် “တိဿ- ရဟန်းတို့မည်သည်ကား ဤအမည်ရှိသောသူသည် ငါ့ကို အမျက်ထွက်ပြီ၊ ဤအမည်ရှိသောသူသည် ငါ့ကို ပုတ်ခတ်ပြီ၊ ဤအမည်ရှိသောသူသည် ငါ့ကို အောင်ပြီ၊ ဤအမည်ရှိသောသူသည် ငါ၏ ဥစ္စာ ဘဏ္ဍာကို ယူဆောင်ပြီဟူ၍ မကြံစည်ထိုက်၊ ဤသို့ ကြံစည်သော ရဟန်းအား ရန်မည်သည် မငြိမ်းနိုင်၊ ဤသို့ ရန်ငြိုးမဖွဲ့ သောသူအားသာလျှင် ငြိမ်း၏”ဟု မိန့်တော်မူ၍ ဤဂါထာကို ဟောတော်မူ၏။

ရန်ကို ရန်ချင်း မတုံ့လျင်းနှင့်

[၃] အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ ဥပနယှန္တိ၊ ဝေရံ တေသံ န သမ္မတိ။
[၄] အက္ကောစ္ဆိ မံ အဝဓိ မံ၊ အဇိနိ မံ အဟာသိ မေ။
ယေ စ တံ နုပနယှန္တိ၊ ဝေရံ တေသံ ဥပသမ္မတိ။

ဧသော၊ ဤသူသည်။ မံ၊ ငါ့ကို။ အက္ကောစ္ဆိ၊ ဆဲရေးပြီ။ ဧသော၊ ဤသူသည်။ မံ၊ ငါ့ကို။ အဝဓိ၊ ညှဉ်းဆဲပြီ။ ဧသော၊ ဤသူသည်။ မံ၊ ငါ့ကို။ အဇိနိ၊ အောင်ပြီ။ ဧသော၊ ဤသူသည်။ မေ၊ ငါ၏။ ဓနံ၊ ဥစ္စာကို။ အဟာသိ၊ ယူဆောင်ပြီ။ ဣတိ၊ ဤသို့။ ယေ စ၊ အကြင်သူတို့သည်လည်း။ တံ၊ ထိုအမျက်ဒေါသ စသည်ကို။ ဥပနယှန္တိ၊ ရန်ငြိုးဖွဲ့ကြကုန်၏။ တေသံ၊ ထိုသူတို့အား။ ဝေရံ၊ ရန်သည်။ န သမ္မတိ၊ မငြိမ်း။

ဧသော၊ ဤသူသည်။ မံ၊ ငါ့ကို။ အက္ကောစ္ဆိ၊ ဆဲရေးပြီ။ ဧသော၊ ဤသူသည်။ မံ၊ ငါ့ကို။ အဝဓိ၊ ညှဉ်းဆဲပြီ။ ဧသော၊ ဤသူသည်။ မံ၊ ငါ့ကို။ အဇိနိ၊ အောင်ပြီ။ ဧသော၊ ဤသူသည်။ မေ၊ ငါ၏။ ဓနံ၊ ဥစ္စာကို။ အဟာသိ၊ ယူဆောင်ပြီ။ ဣတိ၊ ဤသို့။ ယေ စ၊ အကြင်သူတို့သည်လည်း။ တံ၊ ထိုအမျက်ဒေါသ စသည်ကို။ နုပနယှန္တိ၊ ရန်ငြိုးမဖွဲ့ကြကုန်။ တေသံ၊ ထိုသူတို့အား။ ဝေရံ၊ ရန်သည်။ ဥပသမ္မတိ၊ ငြိမ်း၏။

ဒေသနာတော်၏ အကျိုးတရား

ဒေသနာတော်၏ အဆုံး၌ တစ်သိန်းသော ရဟန်းတို့သည် သောတာပတ္တိဖိုလ် စသည်တို့သို့ ရောက်ကုန်၏။ များစွာသော လူအပေါင်းအား အကျိုးရှိသော တရားဒေသနာတော်သည် ဖြစ်၏။ ဆိုနိုင်ခက်သော တိဿရဟန်းသည်လည်း ဆိုနိုင်လွယ်သော ရဟန်းသာလျှင် ဖြစ်လေ၏။

တိဿမထေရ်ဝတ္ထု ပြီး၏။