မဋ္ဌကုဏ္ဍလီဝတ္ထု

From Wikisource
Jump to navigation Jump to search
ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ယမကဝဂ်
by အရှင်ဓမ္မဿာမီဘိဝံသ
၂။ မဋ္ဌကုဏ္ဍလီဝတ္ထု
324769ပုံတော်စုံ ဓမ္မပဒဝတ္ထုတော်ကြီး ယမကဝဂ် — ၂။ မဋ္ဌကုဏ္ဍလီဝတ္ထုအရှင်ဓမ္မဿာမီဘိဝံသ

၂။ မဋ္ဌကုဏ္ဍလီသတို့သား ၀တ္ထု

မနောပုဗ္ဗင်္ဂမာ ဓမ္မာ အစရှိသော ဤဒုတိယဂါထာ ဒေသနာတော်ကို မြတ်စွာဘုရားသည် သာဝတ္ထိပြည်၌ နေတော်မူစဉ် မဋ္ဌကုဏ္ဍလီသတို့သားကို အကြောင်းပြု၍ ဟောတော်မူ၏။

ပုဏ္ဏားသားအဘ နှစ်ဦး

သာဝတ္ထိပြည်၌ အဒိန္နပုဗ္ဗက အမည်ရှိသော ပုဏ္ဏားသည် ရှိသတတ်။ ထိုပုဏ္ဏားသည် တစ်စုံတစ်ယောက်သောသူအား တစ်စုံတစ်ခုသော ဝတ္ထုကို ပေးဖူးသည် မရှိ။ ထို့ကြောင့် ထိုပုဏ္ဏားကို “အဒိန္နပုဗ္ဗက”ဟူ၍သာ အမည်ကို သိမှတ်ကြကုန်၏။ ထိုအဒိန္နပုဗ္ဗက ပုဏ္ဏားအား အလွန်ချစ်မြတ်နိုးအပ်သော၊ နှလုံးကိုပွားစေတတ်သော တစ်ယောက်တည်းသော သားသည် ရှိ၏။ ထိုသတို့သားအလို့ငှာ တန်ဆာလုပ်စေလိုသည်ဖြစ်၍ ရွှေပန်းထိမ်သည်တို့ကို အကယ်၍ လုပ်စေသည် ဖြစ်အံ့၊ လက်ခ စားနား ပေးရသည် ဖြစ်လတ္တံ့ဟု ကြံ၍ ကိုယ်တိုင်သာလျှင် ရွှေကိုခတ်၍ ပြေပြစ်သော (ပြောင်ချော) နားတောင်းတို့ကို ပြုလုပ်ပေး၏။ ထို့ကြောင့် ၎င်း၏သားသည် “မဋ္ဌကုဏ္ဍလီ” ဟူ၍သာ အမည်ထင်ရှား၏။

မဋ္ဌကုဏ္ဍလီ၌ ရောဂါဝေဒနာ ကပ်ရောက်ခြင်း

ထိုမဋ္ဌကုဏ္ဍလီ သတို့သား တစ်ဆယ့်ခြောက်နှစ်သို့ ရောက်သောအခါ ဖျော့တော့သော ရောဂါသည် ထင်စွာ ဖြစ်ခဲ့၏။ ထိုမဋ္ဌကုဏ္ဍလီ သတို့သား၏အမိသည် သားကိုကြည့်၍ “ပုဏ္ဏား- သင့်သားအား အနာရောဂါသည် ဖြစ်ခဲ့၏။ ထိုသူငယ်ကို ဆေးကုသပါလော့”ဟု ဆိုသော် “အို..ရှင်မ- ဆေးသမားကို အကယ်၍ ခေါ်ဆောင်သည်ဖြစ်အံ့၊ ဆေးဖိုးဝါးခ ပေးရသည် ဖြစ်လတ္တံ့၊ သင်သည် ငါ၏ ဥစ္စာပစ္စည်း ပျက်စီးကုန်ခန်းခြင်းကို မကြည့်ရှုပြီလော”ဟု ဆို၏။

ထိုသို့ ဆိုသောအခါ ပုဏ္ဏေးမသည် “အို..ပုဏ္ဏား- ထိုသို့ ဆေးဆရာတို့ဖြင့် မကုသသည်ရှိသော် အသို့ပြုမည်နည်း”ဟု မေး၏။ “ငါ၏ ဥစ္စာပစ္စည်း ပျက်စီးကုန်ခန်းခြင်း မဖြစ်သော နည်းမျိုးဖြင့် ပြုမည်”ဟု ဖြေဆိုလေ၏။

ပုဏ္ဏားကြီး ဆေးရှာထွက်ခြင်း

ထိုသို့ဆိုပြီးလျှင် ထိုအဒိန္နပုဗ္ဗက ပုဏ္ဏားသည် ဆေးသမားတို့အထံသို့ သွား၍ “အသင်တို့သည် ဤမည်သော အနာရောဂါအား အဘယ်သို့သောဆေးကို ပြုကြကုန်သနည်း”ဟု မေး၏။ ထိုအခါ ၎င်းပုဏ္ဏားအား ဆေးသမားတို့သည် ဟုတ်ဟုတ်ငြားငြား (တော်စွာ လျော်စွာ) သစ်ခေါက်သစ်ရွက် စသည်တို့ကို ပြောကြားကုန်၏။ ထိုအဒိန္နပုဗ္ဗက ပုဏ္ဏားသည် ဆေးသမားတို့ ပြောကြားအပ်သော ထိုသစ်ခေါက် သစ်ရွက် စသည်တို့ကို ဆောင်၍ မဋ္ဌကုဏ္ဍလီ သတို့သားအား ဆေးကု၏။ ဆေးကုခြင်းကို ပြုစဉ်ပင် ထိုသတို့သား၏ရောဂါသည် တိုးပွား အားကြီး၍သာ လာသဖြင့် ဆေးကုမရသောအဖြစ်သို့ ရောက်လေ၏။

ဆေးသမားတို့ စွန့်ခွာ

ပုဏ္ဏားသည် ထိုမဋ္ဌကုဏ္ဍလီ သတို့သား၏ အားနည်းသည့် အဖြစ်ကိုသိ၍ ဆေးသမားတစ်ယောက်ကို ခေါ်၏။ ထိုဆေးသမားသည် သတို့သားကို ကြည့်၍သာလျှင် “ငါတို့အား တစ်ခုသော ကိစ္စသည် ရှိ၏၊ တစ်ပါးသော ဆေးသမားကိုသာ ခေါ်၍ ကုစေပါလော့”ဟု ဆို၍ လူနာသတို့သားကို ပယ်စွန့်ကာ ထွက်သွားလေ၏။ ပုဏ္ဏားသည် ထိုသတို့သား၏ သေအံ့သောအဖြစ်ကိုသိ၍ “ဤသူငယ်ကို ကြည့်ရှုခြင်းငှာ လာကုန်သော လူတို့သည် ငါ၏ အိမ်အတွင်း၌ရှိသော ဥစ္စာနှစ်ကို တွေ့မြင်ကုန်လတ္တံ့၊ သူငယ်ကို အပသို့ ထုတ်အံ့”ဟု ကြံပြီးလျှင် သားကိုထုတ်၍ အိမ်ဦး အပြင်ပ၌ အိပ်စေ၏။

ဉာဏ်တော်ကွန်ယက် ဖြန့်ကြက်တော်မူစဉ်

ထိုနေ့၌ မြတ်စွာဘုရားသည် အလွန်စောသော နံနက် အချိန်၌ မဟာကရုဏာသမာပတ်မှ ထတော်မူ၍ ရှေးဘုရားတို့ပြုအပ်သော ကောင်းမှုရှိကုန်သော ပြန့်ပြောသော ကုသိုလ်လျှင် အရင်းရှိကုန်သော ကျွတ်ထိုက်သော ပုဂ္ဂိုလ်တို့ကို ရှုမြင်ခြင်းအကျိုးငှာ ဗုဒ္ဓစက္ခုဖြင့် လောကကို ကြည့်ရှုတော်မူလိုသည်ဖြစ်၍ တစ်သောင်းသော စကြဝဠာတိုက်တို့၌ သဗ္ဗညုတဉာဏ်တော် တည်းဟူသော ကွန်ယက်ကို ဖြန့်တော်မူ၏။ ထိုအခါ မဋ္ဌကုဏ္ဍလီ သတို့သားသည် အိမ်ဦးအပြင်ပ၌ အိပ်သောအခြင်းအရာဖြင့်သာလျှင် ထိုသဗ္ဗညုတဉာဏ်တော်အတွင်း၌ ထင်လေ၏။ ဘုရားရှင်သည် မဋ္ဌကုဏ္ဍလီ သတို့သားကို မြင်တော်မူ၍ ထိုသတို့သားကို အိမ်အတွင်းမှထုတ်လျက် ထိုအိမ်ဦး အပြင်ပ၌ အိပ်စေသည့်အဖြစ်ကို သိတော်မူ၍ “ဤမဋ္ဌကုဏ္ဍလီ သတို့သားရှိရာအရပ်သို့ ငါဘုရား ကြွသွားခြင်းကြောင့် အကျိုးရှိလတ္တံ့လော”ဟု စူးစမ်း ဆင်ခြင်တော်မူသည်ရှိသော် ဤအကြောင်းကို မြင်တော်မူ၏။

သတ္တဝါအများ အကျွတ်တရားရအံ့

“ဤလုလင်သည် ငါ၌ စိတ်ကို ကြည်ညိုစေလျက် စုတေခြင်းကိုပြု၍ တာဝတိံသာ နတ်ပြည်၌ ယူဇနာသုံးဆယ်ရှိသော ရွှေဗိမာန်ဝယ် နတ်သမီးတစ်ထောင်ခြံရံလျက် နတ်သား ဖြစ်လတ္တံ့၊ ပုဏ္ဏားသည်လည်း ထိုမဋ္ဌကုဏ္ဍလီကို ဖုတ်ကြည်း သင်္ဂြိုဟ်ပြီးနောက် ငိုလျက် သုသာန်သို့သာလျှင် လှည့်လည် သွားလာလတ္တံ့၊ နတ်သားသည် လှည်းခြောက်ဆယ်တိုက် ဝန်ရှိသော တန်ဆာဖြင့် တန်ဆာဆင်လျက် နတ်သမီးတစ်ထောင် ခြံရံသော သုံးဂါဝုတ် ပမာဏရှိသော အတ္တဘောကိုကြည့်လျက် “အဘယ်ကောင်းမှုကြောင့် ငါသည် ဤကျက်သရေ စည်းစိမ်ချမ်းသာကို ရသနည်း”ဟု ကြည့်လတ်သော် ငါဘုရား၌ စိတ်ကို ကြည်ညိုစေသဖြင့် ရသည့်အဖြစ်ကိုသိလျှင် “ဤပုဏ္ဏားသည် ဥစ္စာပျက်အံ့သည်မှ ကြောက်သောကြောင့် ငါ့အား ဆေးမကုမူ၍ ယခုအခါ၌မူ နေ့တိုင်း သုသာန်သို့သွားလျက် ငို၏၊ ထိုပုဏ္ဏားကို ဖောက်ပြန်ခြင်းသို့ ရောက်အောင် ပြုအံ့”ဟု ကြံ၍ ငိုကြွေးစဉ်ပင် မဋ္ဌကုဏ္ဍလီအသွင်ဖြင့် လာလျက် သုသာန်၏ မနီးမဝေးသောအရပ်၌ အိပ်၍ ငိုလတ္တံ့၊ ထိုသို့ ငိုသောအခါ မဋ္ဌကုဏ္ဍလီ နတ်သားကို ပုဏ္ဏားသည် “သင်ကား အသူနည်း”ဟု မေးလတ္တံ့၊ “ငါသည် သင်ပုဏ္ဏား၏ သားဖြစ်သော မဋ္ဌကုဏ္ဍလီ”ဟု ပြောကြားလတ္တံ့၊ “အဘယ်အရပ်၌ ဖြစ်သနည်း”ဟု မေးသည်ရှိသော် “တာဝတိံသာ နတ်ပြည်၌ ဖြစ်၏”ဟု ပြောကြားလတ္တံ့၊ “အဘယ်ကောင်းမှုကိုပြု၍ ဖြစ်သနည်း”ဟု မေးသည်ရှိသော် ငါဘုရား၌ စိတ်ကို ကြည်ညိုစေသဖြင့် ဖြစ်ကြောင်းကို ပြောကြားလတ္တံ့၊ ပုဏ္ဏားသည် “အသင်တို့၌ စိတ်ကို ကြည်ညိုစေ၍ နတ်ပြည်၌ ဖြစ်သောသူမည်သည် ရှိပါသလော”ဟု ငါဘုရားကို မေးလျှောက်လတ္တံ့၊ ထိုသို့ မေးလျှောက်သောအခါ ပုဏ္ဏားအား ငါဘုရားသည် “ဤမျှ အရာ၊ ဤမျှ အထောင်၊ ဤမျှ အသိန်းဟု တွက်ကိန်းများစွာ ရေတွက်ပိုင်းခြားခြင်းငှာ မတတ်ကောင်း”ဟု မိန့်တော်မူ၍ ဓမ္မပဒ၌ ဂါထာကို ဟောရလတ္တံ့၊ ဂါထာ၏ အဆုံး၌ ရှစ်သောင်းလေးထောင်သော သတ္တဝါတို့အား အကျွတ်တရားကို ရခြင်း ဖြစ်ပေလတ္တံ့၊ မဋ္ဌကုဏ္ဍလီနတ်သားနှင့် အဒိန္နပုဗ္ဗက ပုဏ္ဏားတို့ သောတာပန်တည်သည် ဖြစ်ကုန်လတ္တံ့၊ ဤအမျိုးသားတစ်ယောက်ကိုမှီ၍ များစွာသောသူတို့၏ တရားသိခြင်း ဖြစ်လတ္တံ့”ဟု မြင်တော်မူ၏။

ရောင်ခြည်တော်လွှတ်၍ ကယ်တော်မူပုံ

ထိုသို့ မြင်တော်မူ၍ တစ်ဖန် မိုးသောက် ရောက်သောအခါ ကိုယ်လက်တော် သုတ်သင်ပြီးလျှင် များစွာသော ရဟန်း သံဃာတော်အပေါင်း ခြံရံလျက် သာဝတ္ထိပြည်သို့ ဆွမ်းအလို့ငှာ ဝင်တော်မူသဖြင့် အစဉ်အတိုင်း ပုဏ္ဏား၏ အိမ်တံခါးဝသို့ ရောက်တော်မူလေ၏။ ထိုခဏ၌ မဋ္ဌကုဏ္ဍလီသည် အိမ်တွင်းသို့ရှေးရှူ မျက်နှာမူလျက် လျောင်းစက် အိပ်နေလေ၏။

ထိုအခါ မြတ်စွာဘုရားသည် ကိုယ်တော်အား မမြင်စွမ်းနိုင်သည့်အဖြစ်ကို သိတော်မူ၍ တစ်ခုသော ရောင်ခြည်တော်ကို လွှတ်တော်မူ၏။ လုလင်သည် “ဤအရောင်ကား အဘယ်အရောင် ဖြစ်သနည်း”ဟု ပြန်လှည့်၍ လျောင်းလျက်ပင် ကြည့်ရှုလေသော် မြတ်စွာဘုရားကို ဖူးမြင်ရ၍ “မိုက်လှစွာသော အဘကြောင့် ဤသို့ သဘောရှိသော မြတ်စွာဘုရားသို့ ဆည်းကပ်လျက် ကိုယ်ဖြင့်ပြုအပ်သော (ဝေယျာဝစ္စ) အမှုကို ပြုခြင်းငှာလည်းကောင်း၊ အလှူပေးခြင်းငှာလည်းကောင်း၊ တရားနာခြင်းငှာလည်းကောင်း အခွင့်မရပြီ၊ ယခုအခါ ငါ၏ လက်ကိုပင် အစိုးမရ၊ တစ်ပါးသော ပြုဖွယ်ကိစ္စ မရှိ”ဟု ရည်မှန်းလျက် စိတ်ဖြင့်သာလျှင် ကြည်ညိုခြင်းကို ဖြစ်စေ၏။ မြတ်စွာဘုရားသည် “ဤမျှလောက်သော စိတ်၏ကြည်ညိုခြင်းကို ဖြစ်စေကာမျှဖြင့် ဤမဋ္ဌကုဏ္ဍလီ သတို့သားအား တော်သင့်ပြီ”ဟု ဖဲကြွတော်မူ၏။ ထိုမဋ္ဌကုဏ္ဍလီ သတို့သားသည် မြတ်စွာဘုရား ကြွသွားသောအခါ မျက်စိမြင်ရာဌာနကို လွန်လျှင် ကြည်ညိုသော စိတ်ရှိသည်ဖြစ်လျက် စုတေ သေလွန်သည်ရှိသော် အိပ်ပျော်ရာမှနိုးသော ယောက်ျားကဲ့သို့ နတ်ပြည်၌ ယူဇနာသုံးဆယ်ရှိသော ရွှေဗိမာန်တွင် ဖြစ်လေ၏။

ပုဏ္ဏားနှင့် နတ်သားတို့ ဆွေးနွေးခန်း

ပုဏ္ဏားသည်လည်း မဋ္ဌကုဏ္ဍလီသတို့သား အလောင်းကို ဖတ်ကြည်း သင်္ဂြိုဟ်ပြီးလျှင် သုသာန်၌ ငိုကြွေး၍ချည်းသာ နေ၏။ နေ့တိုင်း သုသာန်သို့သွား၍ “တစ်ယောက်တည်းသော ငါ့သားချစ်- အဘယ်မှာ နေသနည်း၊ တစ်ယောက်တည်းသော သားချစ်- အဘယ်မှာ နေသနည်း”ဟု ငိုကြွေး၏။ မဋ္ဌကုဏ္ဍလီ နတ်သားသည်လည်း မိမိစည်းစိမ်ချမ်းသာကို ကြည့်၍ “အဘယ်ကောင်းမှုကြောင့် ငါ့အား ဤစည်းစိမ် ချမ်းသာကို ရအပ်သနည်း”ဟု စူးစမ်းဆင်ခြင်သည်ရှိသော် မြတ်စွာဘုရား၌ စိတ်ကို ကြည်ညိုစေခြင်းဖြင့် ရအပ်၏ဟုသိ၍ “ဤပုဏ္ဏားသည် ငါမချမ်းသာသောကာလ ဆေးမျှ မကုသဘဲလျက် ယခုအခါ သုသာန်သို့သွား၍ ငိုကြွေး၏။ ထိုပုဏ္ဏားကို ဖောက်ပြန်ခြင်းသို့ရောက်အောင် ပြုခြင်းငှာ သင့်၏”ဟု မဋ္ဌကုဏ္ဍလီ လုလင်အသွင်ဖြင့်လာ၍ သုသာန်၏ မနီးမဝေးသောအရပ်၌ လက်တို့ကို မြှောက်ချီလျက် ငိုကြွေးကာ နေ၏။ ပုဏ္ဏားသည် ထိုမဋ္ဌကုဏ္ဍလီ နတ်သားကို မြင်လျှင် “ငါကား သား၏စိုးရိမ်ခြင်းဖြင့် ငိုကြွေး၏။ ဤသူကား အဘယ် အကြောင်းကြောင့် ငိုကြွေးသနည်း၊ ထိုသူကို မေးအံ့”ဟု ကြံလျက် ဤဂါထာကို ဆို၏။

အလင်္ကတော မဋ္ဌကုဏ္ဍလီ၊
မာလဓာရီ ဟရိစန္ဒနုဿဒေါ။
ဗာဟာ ပဂ္ဂယှ ကန္ဒသိ။
ဝနမဇ္ဈေ ကိံ ဒုက္ခိတော တုဝံ။

မဋ္ဌကုဏ္ဍလီ၊ ပြေပြစ်သော (ပြောင်ချော) နားတောင်းကို ဝတ်လေ့ရှိထသော။ အလင်္ကတော၊ တန်ဆာဆင်လေ့ရှိထသော။ မာလဓာရီ၊ အထူးထူးသောပန်းကို ဆင်မြန်း ပန်ဆင်လေ့ရှိထသော။ ဟရိစန္ဒနုဿဒေါ၊ စန္ဒကူးရွှေကို လိမ်းကျံခြင်း ရှိထသော။ တုဝံ၊ သင်သည်။ ဗာဟာ၊ လက်တို့ကို။ ပဂ္ဂယှ၊ မြှောက်ချီ၍။ ဝနမဇ္ဈေ၊ တောကြီးအလယ်၌။ ကန္ဒသိ၊ ငိုကြွေး၏။ ကိံ ဒုက္ခိတော၊ အဘယ်ဆင်းရဲဖြင့် နှိပ်စက်သနည်း။

ထိုအခါ မဋ္ဌကုဏ္ဍလီ နတ်သားသည် ဤဂါထာဖြင့် ဖြေ၏။

သောဝဏ္ဏမယော ပဘဿရော၊
ဥပ္ပန္နော ရထပဉ္ဇရော မမ။
တဿ စက္ကယုဂံ န ဝိန္ဒာမိ၊
တေန ဒုက္ခေန ဇဟိဿာမိ ဇီဝိတံ။

သောဝဏ္ဏမယော၊ ရွှေဖြင့် ပြီးသည်လည်း ဖြစ်ထသော။ ပဘဿရော၊ ပြိုးပြိုးပြက်ပြက် တစ်ခဲနက်ထွက်သော အရောင်လည်း ရှိထသော။ မမ၊ ငါ၏။ ရထပဉ္ဇရော၊ ရထားလှည်းအိမ်သည်။ ဥပ္ပန္နော၊ ဖြစ်ပြီ။ ဝါ၊ ရှိခဲ့ပါ၏။ တဿ၊ ထိုရထားလှည်းအိမ်အား။ အနုရူပံ၊ လျောက်ပတ်သော။ စက္ကယုဂံ၊ လှည်းဘီးအစုံကို။ န ဝိန္ဒာမိ၊ မရ။ တေန ဒုက္ခေန၊ ထိုဆင်းရဲကြောင့်။ ဇီဝိတံ၊ အသက်ကို။ ဇဟိဿာမိ၊ စွန့်ရပေတော့အံ့။

ထို့နောက်မှ မဋ္ဌကုဏ္ဍလီ နတ်သားကို ပုဏ္ဏားသည် ဤဂါထာဖြင့် ပြောကြား၏။

သောဝဏ္ဏမယံ မဏိမယံ၊
လောဟမယံ အထ ရူပိယမယံ။
အာစိက္ခ မေ တွံ ဘဒ္ဒ မာဏ၀၊
စက္ကယုဂံ ပဋိလဘိဿာမိ တေ။

သောဝဏ္ဏမယံ၊ ရွှေဖြင့်လည်း ပြီးထသော။ မဏိမယံ၊ ပတ္တမြားဖြင့်လည်း ပြီးထသော။ လောဟမယံ၊ ကြေးဖြင့်လည်း ပြီးထသော။ အထ၊ ထိုမျို့။ ရူပိယမယံ၊ ငွေဖြင့်လည်း ပြီးထသော။ စက္ကယုဂံ၊ လှည်းဘီး အစုံကို။ တေ၊ သင့်အား။ ပဋိလဘိဿာမိ၊ ရစေအံ့။ ဘဒ္ဒ မာဏဝ၊ ကောင်းသော လုလင်။ တွံ၊ သင်သည်။ မေ၊ ငါ့အား။ အာစိက္ခ၊ ပြောကြားလော့။

ထိုစကားကိုကြား၍ လုလင်သည် “ဤပုဏ္ဏားကား သားအား ဆေးမကုမူ၍ သားနှင့်အသွင်တူသော ငါ့ကိုမြင်လျှင် ငိုကြွေးလျက် ရွှေအစရှိသည်ဖြင့်ပြီးသော ရထားလှည်းဘီးကို ပြုအံ့ဟု ဆို၏။ ထိုသို့ ဆိုသည်မူလည်း ဖြစ်စေ၊ ထိုပုဏ္ဏားကို နှိပ်ဦးအံ့”ဟု ကြံ၍ “ငါ့အား အဘယ်မျှလောက် ကြီးစွာသော ရထားလှည်းဘီးကို ပြုအံ့နည်း”ဟု မေးလျှင် “သင်အလိုရှိသလောက် ကြီးစွာသော လှည်းဘီးအစုံကို ပြုအံ့”ဟု ဆိုသည်ရှိသော် “ငါ့အား လ,နေတို့ဖြင့် အလိုရှိ၏။ ထိုလ,နေတို့ကို ငါ့အား ပေးလော့”ဟု တောင်းဆိုလေ၏။

သော မာဏဝေါ တဿ ပါဝဒိ၊
စန္ဒီမသူရိယာ ဥဘယေတ္ထ ဘာတရော။
သောဝဏ္ဏမယော ရထော မမ၊
တေန စက္ကယုဂေန သောဘတိ။

ဧတ္ထ၊ ဤကောင်းကင်၌။ ဘာတရော၊ ညီနောင်လည်း ဖြစ်ကုန်ထသော။ ဥဘယာ၊ နှစ်ပါးစုံလည်း ဖြစ်ကုန်ထသော။ စန္ဒိမသူရိယာ၊ လ,နေတို့သည်။ သန္တိ၊ ထင်ရှားရှိကုန်၏။ တေန စက္ကယုဂေန၊ ထိုလ,နေဟူသော လှည်းဘီးအစုံဖြင့်။ မမ၊ ငါ၏။ သောဝဏ္ဏမယော၊ ရွှေဖြင့်ပြီးသော။ ရထော၊ ရထားသည်။ သောဘတိ၊ တင့်တယ်၏။ ဣတိ၊ ဤသို့။ သော မာဏဝေါ၊ ထိုလုလင်သည်။ တဿ၊ ထိုအဒိန္နပုဗ္ဗက ပုဏ္ဏားအား။ ပါဝဒိ၊ ပြောကြားပြီ။

ထိုသို့ တောင်းဆိုသောအခါ မဋ္ဌကုဏ္ဍလီနတ်သားကို ပုဏ္ဏားသည် ဤဂါထာဖြင့် ပြောပြန်၏။

ဗာလော ခေါ တွံသိ မာဏဝ၊
ယော တွံ ပတ္ထယသိ အပတ္ထိယံ။
မညာမိ တုဝံ မရိဿတိ၊
န ဟိ တွံ လစ္ဆသိ စန္ဒိမသူရိယေ။

မာဏဝ၊ လုလင်။ တွံ၊ သင်ကား။ ခေါ၊ စင်စစ်။ ဗာလော၊ မလိမ္မာသည်။ အသိ၊ ဖြစ်၏။ ယော တွံ၊ အကြင်သင်သည်။ အပတ္ထိယံ၊ မတောင့်တအပ်သည်ကို။ ပတ္ထယသိ မညာမိ၊ တောင့်တ၏ဟူ၍ ထင်၏။ ဟိ၊ ထိုစကား မှန်၏။ တုဝံ၊ သင်သည်။ မရိဿတိ၊ သေသော်လည်း သေလတ္တံ့။ တွံ၊ သင်သည်။ စန္ဒိမသူရိယေ၊ လ,နေတို့ကို။ န လစ္ဆသိ မညာမိ၊ မရလတ္တံ့ဟူ၍ ထင်၏။

ထိုအခါ ပုဏ္ဏားကို လုလင်သည် “ထင်ရှားရှိသော ဝတ္ထုကို လိုချင်သောကြောင့် ငိုကြွေးသောသူသည် မိုက်သလော၊ ထိုသို့မဟုတ်မူကား ထင်ရှားမရှိသော ဝတ္ထုကို လိုချင်သောကြောင့် ငိုကြွေးသောသူသည် မိုက်သလော”ဟု ဆို၍ မေးလိုရကား ဤဂါထာကို ဆို၏။

ဂမနာဂမနမ္ပိ ဒိဿတိ၊
ဝဏ္ဏဓာတု ဥဘယတ္ထ ဝီထိယာ။
ပုတ္တော ပန ကာလင်္ကတော န ဒိဿတိ၊
ကောနိဓ ကန္ဒတံ ဗာလတရော။

ဥဘယတ္ထ ဝီထိယာ၊ နှစ်ပါးသော အတွင်းအပ ခရီး၌။ ဂမနာဂမနမ္ပိ၊ သွားခြင်း,လာခြင်း (ဝင်ခြင်း ထွက်ခြင်း) ကိုလည်း။ ဒိဿတိ၊ မြင်အပ်၏။ ဝဏ္ဏဓာတုပိ၊ လ,နေတို့၏ အဆင်းကိုလည်း။ ဒိဿတိ၊ မြင်အပ်၏။ ကာလင်္ကတော၊ သေသော။ ပုတ္တော ပန၊ သားကိုကား။ န ဒိဿတိ၊ မမြင်အပ်။ ဣဓ၊ ဤသင်းချိုင်း၌။ ကန္ဒတံ-ကန္ဒန္တာနံ၊ ငိုကြွေးသောသူ နှစ်ယောက်တို့တွင်။ ကော၊ အဘယ်သူသည်။ ဗာလတရော၊ လွန်စွာမိုက်သနည်း။

ထိုစကားကို ကြား၍ ပုဏ္ဏားသည် “ဤလုလင်ကား သင့်လျော်သည်ကိုသာ ဆို၏”ဟု မှတ်သား၍ ဤဂါထာကို ဆို၏။

သစ္စံ ခေါ တွံ ဝဒေသိ မာဏဝ၊
အဟမေ၀ ကန္ဒတံ ဗာလတရော။
စန္ဒံ ဝိယ ဒါရကော ရုဒံ၊
ပုတ္တံ ကာလင်္ကတာဘိပတ္ထယေ။

မာဏဝ၊ လုလင်။ တွံ၊ သင်သည်။ သစ္စံ ခေါ၊ မှန်သည်ကိုသာ။ ဝဒေသိ၊ ဆို၏။ ဒါရကော၊ သူငယ်သည်။ ရုဒံ ရုဒန္တော၊ ငိုကြွေးလျက်။ စန္ဒံ၊ လကို။ အဘိပတ္ထယေ ဝိယ၊ တောင့်တသကဲ့သို့။ အဟံ၊ ငါသည်။ ကာလင်္ကတံ၊ သေသော။ ပုတ္တံ၊ သားကို။ အဘိပတ္ထယေ၊ တောင့်တမိ၏။ ကန္ဒတံ-ကန္ဒန္တာနံ၊ ငိုကြွေးသောသူ နှစ်ယောက်တို့တွင်။ အဟမေဝ၊ ငါသည်သာလျှင်။ ဗာလတရော၊ မိုက်လှစွာ၏။

“လုလင်- သင်ကား မှန်သော စကားကို ဆိုပေ၏။ သင်သည် လ,နေတို့ကိုတောင့်တ၍ ငို၏။ ငါသည် သေသောသားကို တောင့်တ၍ ငို၏။ ထိုငိုသောသူ နှစ်ယောက်တို့တွင် ငါသည်သာလျှင် လွန်စွာမိုက်၏”ဟု ဆိုပြီးလျှင် ထိုလုလင်၏စကားကြောင့် စိုးရိမ်ခြင်း ကင်းသည်ဖြစ်၍ ထိုလုလင်အား ကောင်းချီးပေးလိုရကား ဤသုံးဂါထာတို့ကို ဆို၏။

အာဒိတ္တံ ဝတ မံ သန္တံ၊ ဃတသိတ္တံဝ ပါဝကံ။
ဝါရိနာ ဝိယ ဩသိဉ္စိ၊ သဗ္ဗံ နိဗ္ဗာပယေ ဒရံ။
အဗ္ဗူဠှံ ဝတ မေ သလ္လံ၊ သောကံ ဟဒယနိဿိတံ။
ယော မေ သောကပရေတဿ၊ ပုတ္တသောကံ အပါနုဒိ။
သွာဟံ အဗ္ဗူဠသလ္လောသ္မိ၊ သီတိဘူတောသ္မိ နိဗ္ဗုတော။
န သောစာမိ န ရောဒါမိ၊ တဝ သုတွာန မာဏဝ။

ဃတသိတ္တံ၊ ထောပတ်ဖြင့် သွန်းလောင်းအပ်သော။ ပါဝကံ၊ မီးကို။ ဝါရိနာ၊ ရေဖြင့်။ ဩသိဉ္စိ ဝိယ-ဩသိဉ္စိတွာ နိဗ္ဗာပေသိ ဣဝ၊ သွန်းလောင်း၍ ငြိမ်းစေဘိသကဲ့သို့။ ဧဝံ၊ ဤအတူ။ တွံ၊ သင်သည်။ အာဒိတ္တံ၊ သောကမီးလောင်သည်။ သန္တံ၊ ဖြစ်သော။ မံ၊ ငါ့ကို။ ဝတ၊ စင်စစ်။ နိဗ္ဗာပယေ၊ ငြိမ်းစေပြီ။ သဗ္ဗ ဒရံ၊ စိတ်ကို ပူပန်စေတတ်သော အလုံးစုံသော သောကကို။ နိဗ္ဗာယေ၊ ငြိမ်းစေပြီ။

ယော တွံ၊ အကြင် သင်သည်။ သောကပရေတဿ၊ စိုးရိမ်ခြင်းဖြင့် နှိပ်စက်အပ်သော။ မေ၊ ငါ၏။ ပုတ္တသောကံ၊ သား၌ စိုးရိမ်ခြင်းကို။ အပါနုဒိ၊ ပယ်နုတ်ပြီ။ တေန-တယာ၊ ထိုသင်သည်။ မေ-မမ၊ ငါ၏။ ဟဒယနိဿိတံ၊ နှလုံးသားကို မှီ၍ဖြစ်သော။ သလ္လံ၊ ငြောင့်ဟူသော။ သောကံ၊ စိုးရိမ်ခြင်းကို။ ဝတ၊ စင်စစ်။ အဗ္ဗူဠှံ၊ နုတ်အပ်ပေပြီ။

မာဏဝ၊ လုလင်။ တဝ၊ သင်၏။ ဝစနံ၊ စကားကို။ သုတွာန၊ ကြားသောကြောင့်။ သွာဟံ-သော အဟံ၊ ထိုငါသည်။ အဗ္ဗူဠသလ္လော၊ နုတ်အပ်ပြီးသော ငြောင့်ရှိသည်။ အသ္မိ၊ ဖြစ်၏။ သီတိဘူတော၊ ချမ်းအေးစွာ ဖြစ်ခြင်းရှိသည်။ အသ္မိ၊ ဖြစ်၏။ နိဗ္ဗုတော၊ ငြိမ်းသည်။ အသ္မိ၊ ဖြစ်၏။ န သောစာမိ၊ မစိုးရိမ်တော့အံ့။ န ရောဒါမိ၊ မငိုကြွေးတော့အံ့။

ထိုအခါ လုလင်ကို “သင်ကား အဘယ်မည်သောသူ ဖြစ်သနည်း”ဟု မေးမြန်းလိုသည်ဖြစ်၍ ဤဂါထာကို ဆို၏။

ဒေဝတာနုသိ ဂန္ဓဗ္ဗော၊ အဒု သက္ကော ပုရိန္ဒဒေါ။
ကော ဝါ တွံ ကဿ ဝါ ပုတ္တော၊ ကထံ ဇာနေမု တံ မယံ။

မာဏဝ၊ လုလင်။ တွံ၊ သင်သည်။ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗအမည်ရှိသော။ ဒေဝတာ၊ နတ်သည်။ အသိ နု၊ ဖြစ်သလော။ အဒု၊ ထိုမျို့။ ပုရိန္ဒဒေါ၊ ရှေး၌ အလှူပေးဖူးသော။ သက္ကော၊ သိကြားမင်းသည်။ အသိနု၊ ဖြစ်သလော။ ကော ဝါ၊ အဘယ်သူနည်း။ တွံ၊ သင်သည်။ ကဿ ဝါ၊ အဘယ်သူ ၏လည်း။ ပုတ္တော၊ သားနည်း။ ကထံ၊ အဘယ်သို့သော အကြောင်းဖြင့်။ တံ၊ သင်လုလင်ကို။ မယံ၊ ငါတို့သည်။ ဇာနေမု၊ သိရကုန်အံ့နည်း။

ထိုအခါ လုလင်သည် ပုဏ္ဏားအား ဖြေကြားလိုသည်ဖြစ်၍ ဤဂါထာကို ဆို၏။

ယဉ္စ ကန္ဒသိ ယဉ္စ ရောဒသိ၊
ပုတ္တံ အာဠဟနေ သယံ ဍယှိတွာ။
သွာဟံ ကုသလံ ကရိတွာန ကမ္မံ၊
တိဒသာနံ သဟဗျတံ ပတ္တော။

အာဠဟနေ၊ သုသာန်၌။ သယံ၊ ကိုယ်တိုင်။ ဍယှိတွာ၊ ဖုတ်ကြည်း သင်္ဂြိုဟ်ခဲ့ပြီး၍။ ယဉ္စ ပုတ္တံ၊ အကြင် သားကိုလည်း။ ကန္ဒသိ၊ ငိုမြည်တမ်းတ၏။ ယဉ္စ ပုတ္တံ၊ အကြင်သားကိုလည်း။ ရောဒသိ၊ ရည်မှန်းပူဆွေး ငိုကြွေး၏။ သွာဟံ သော အဟံ၊ သင်၏သားဖြစ်သော ထိုငါသည်။ ကုသလံ ကမ္မံ၊ ကုသိုလ်ကောင်းမှုကို။ ကရိတွာန၊ ပြု၍။ တိဒသာနံ၊ တာဝတိံသာ နတ်တို့၏။ သဟဗျတံ၊ အပေါင်းအဖော် အဖြစ်သို့။ ပတ္တော၊ ရောက်၏။

ထိုအခါ ပုဏ္ဏားသည် လုလင်ကို ဤဂါထာဖြင့် ဆို၏။

အပ္ပံ ဝါ ဗဟုံ ဝါ န ပဿာမိ၊
ဒါနံ ဒဒန္တဿ သကေ အဂါရေ။
ဥပေါသထကမ္မံ ဝါ နတ္ထိ တာဒိသံ၊
ကေန ကမ္မေန ဂတောသိ ဒေဝလောကံ။

သကေ အဂါရေ၊ မိမိအိမ်၌။ အပ္ပံ ဝါ၊ အနည်းငယ်လည်း ဖြစ်ထသော။ ဗဟုံ ဝါ၊ များသည်လည်းဖြစ်ထသော။ ဒါနံ၊ အလှူကို။ ဒဒန္တဿ၊ ပေးလှူသည်ကို။ န ပဿာမိ၊ ငါမမြင်။ တာဒိသံ၊ ထိုသို့သဘောရှိသော။ ဥပေါသထကမ္မံ၊ ဥပုသ်သုံးခြင်းသည်လည်း။ နတ္ထိ၊ မရှိ။ ကေန ကမ္မေန၊ အဘယ် ကောင်းမှုကြောင့်။ ဒေဝလောကံ၊ နတ်ပြည်သို့။ ဂတော၊ ရောက်သည်။ အသိ၊ ဖြစ်သနည်း။

ထိုအခါ လုလင်သည် ဤဂါထာတို့ဖြင့် ဖြေဆို၏။

အာဗာဓိကောဟံ ဒုခိတော ဂိလာနော၊
အာတုရရူပေါမှိ သကေ နိဝေသနေ။
ဗုဒ္ဓံ ဝိဂတရဇံ ဝိတိဏ္ဏကင်္ခံ၊
အဒက္ခိံ သုဂတံ အနောမပညံ။
သွာဟံ ပမုဒိတမနော ပသန္နစိတ္တော၊
အဉ္ဇလိံ အကရိံ တထာဂတဿ။
သွာဟံ ကုသလံ ကရိတွာန ကမ္မံ၊
တိဒသာနံ သဟဗျတံ ပတ္တော။

အဟံ၊ ငါသည်။ သကေ နိဝေသနေ၊ မိမိအိမ်၌။ အာဗာဓိကော၊ ရောဂါနှိပ်စက်သည်ဖြစ်၍။ ဒုက္ခိတော၊ ဆင်းရဲလျက်။ အာတုရရူပေါ၊ နာကျင်သော သဘောရှိလျက်။ ဂိလာနော၊ နာသည်။ အမှိ၊ ဖြစ်၏။ (တဒါ၊ ထိုအခါ၌။) ဝိဂတရဇံ၊ ကင်းသော ကိလေသာဟူသော မြူရှိထသော။ ဝိတိဏ္ဏကင်္ခံ၊ အထူးသဖြင့် ကူးမြောက်ပြီးသော ယုံမှားခြင်းရှိထသော။ သုဂတံ၊ ကောင်းသောစကားကို ဆိုတော်မူတတ်ထသော။ အနောမပညံ၊ မနှိုင်းယှဉ်အပ် မြတ်သောပညာ ရှိထသော။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ အဒက္ခိံ၊ မြင်ပြီ။

သွာဟံ-သော အဟံ၊ ထိုငါသည်။ ပမုဒိတမနော၊ ဝမ်းမြောက်သောစိတ် ရှိသည်ဖြစ်၍။ ပသန္နစိတ္တော၊ ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍။ တထာဂတဿ၊ မြတ်စွာဘုရားအား။ အဉ္ဇလိံ၊ လက်အုပ်ကို၊ အကရိံ၊ ချီပြီ။ သွာဟံ-သော အဟံ၊ ထိုငါသည်။ ကုသလံ ကမ္မံ၊ ဤသို့သော ကုသိုလ်ကောင်းမှုကို။ ကရိတွာန၊ ပြု၍။ တိဒသာနံ၊ တာဝတိံသာ နတ်တို့၏။ သဟဗျတံ၊ အပေါင်းအဖော်အဖြစ်သို့။ ပတ္တော၊ ရောက်၏။

ထိုသို့ လုလင် ဖြေဆိုလတ်သည်ရှိသော် ပုဏ္ဏား၏ ကိုယ်အလုံးသည် နှစ်သက်ခြင်းပီတိဖြင့် ပြည့်သည်ဖြစ်၍ ထိုနှစ်သက်ခြင်းပီတိကို ပြောကြားလိုရကား ဤဂါထာကို ဆို၏။

အစ္ဆရိယံ ဝတ အဗ္ဘုတံ ဝတ၊
အဉ္ဇလိကမ္မဿ အယမီဒီသော ဝိပါကော။
အဟမ္ပိ ပမုဒိတမနော ပသန္နစိတ္တော၊
အဇ္ဇေဝ ဗုဒ္ဓံ သရဏံ ဝဇာမိ။

အစ္ဆရိယံ ဝတ၊ အံ့ဖွယ်ရှိစွတကား။ အဗ္ဘုတံ ဝတ၊ မဖြစ်ဖူးမြဲ ဖြစ်စွတကား။ အဉ္ဇလိကမ္မဿ၊ လက်အုပ်ချီခြင်း အမှု၏။ ဤဒိသော၊ ဤသို့ သဘောရှိသော။ အယံ ဝိပါကော၊ ဤအကျိုးသည်။ ဟောတိ၊ ဖြစ်၏။ အဟမ္ပိ၊ ငါသည်လည်း။ ပမုဒိတမနော၊ ဝမ်းမြောက်သော စိတ်ရှိသည်ဖြစ်၍။ ပသန္နစိတ္တော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။ အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ-သရဏံ ဣတိ၊ ကိုးကွယ်ရာဟူ၍။ ဝဇာမိ၊ ဆည်းကပ်တော့အံ့။

ထိုအခါ ပုဏ္ဏားကို လုလင်သည် ဤသို့ဆို၏။

အဇ္ဇေဝ ဗုဒ္ဓံ သရဏံ ၀ဇာဟိ၊
ဓမ္မဉ္စ သံဃဉ္စ ပသန္နစိတ္တော။
တထေဝ သိက္ခာပဒါနိ ပဉ္စ၊
အခဏ္ဍာ သဗလာနိ သမာဒိယဿု။
ပါဏာတိပါတာ ဝိရမဿု ခိပ္ပံ၊
လောကေ အဒိန္နံ ပရိဝဇ္ဇယဿု။
အမဇ္ဇပေါ မာ စ မုသာ ဘဏာဟိ၊
သကေန ဒါရေန စ ဟောတိ တုဋ္ဌော။

အဇ္ဇေဝ၊ ယနေ့ပင်လျှင်။ ပသန္နစိတ္တော၊ ကြည်ညိုသောစိတ် ရှိသည်ဖြစ်၍။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဝဇာဟိ၊ ဆည်းကပ်လေလော့။ ဓမ္မဉ္စ၊ တရားတော်ကိုလည်းကောင်း။ သံဃဉ္စ၊ သံဃာတော်ကိုလည်းကောင်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဝဇာဟိ၊ ဆည်းကပ်လေလော့။ တထေဝ၊ ထို့အတူသာလျှင်။ ပဉ္စ သိက္ခာပဒါနိ၊ ငါးပါးသော သိက္ခာပုဒ်တို့ကို။ အခဏ္ဍာ သဗလာနိ၊ မကျိုး,မပေါက် မကျား,မပြောက်သည်တို့ကို။ ကတွာ၊ ပြု၍။ သမာဒိယဿု၊ ဆောက်တည်လေလော့။

ပါဏာတိပါတာ၊ သူ့အသက်ကို သတ်ခြင်းမှ။ ခိပ္ပံ၊ လျင်စွာ။ ဝိရမဿု၊ ရှောင်ကြဉ်လေလော့။ လောကေ၊ လောက၌။ အဒိန္နံ၊ အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော သူတစ်ပါး ဥစ္စာကို။ ပရိဝဇ္ဇယဿု၊ ရှောင်ကြဉ်လေလော့။ အမဇ္ဇပေါ စ၊ သေအရက်ကို မသောက်သည်လည်း။ ဟောဟိ၊ ဖြစ်လော့။ မုသာ၊ ချွတ်ယွင်းသော စကားကို။ မာ စ ဘဏာဟိ၊ မဆိုလင့်။ သကေန ဒါရေန၊ မိမမယားဖြင့်သာလျှင်။ တုဋ္ဌော၊ ရောင့်ရဲသည်။ ဟောဟိ၊ ဖြစ်လော့။

ထိုအခါ ပုဏ္ဏားသည် “ကောင်းပြီ”ဟု ဝန်ခံ၍ ဤဂါထာတို့ကို ဆို၏။

အတ္ထကာမောသိ မေ ယက္ခ၊ ဟိတကာမောသိ ဒေဝတေ။
ကရောမိ တုယှံ ဝစနံ၊ တွံသိ အာစရိယော မမ။
ဥပေမိ သရဏံ ဗုဒ္ဓံ၊ ဓမ္မဉ္စာပိ အနုတ္တရံ။
သံဃဉ္စ နရဒေဝဿ၊ ဂစ္ဆာမိ သရဏံ အဟံ။
ပါဏာတိပါတာ ဝိရမာမိ ခိပ္ပံ၊
လောကေ အဒိန္နံ ပရိဝဇ္ဇယာမိ။
အမဇ္ဇပေါ နော စ မုသာ ဘဏာမိ၊
သကေန ဒါရေန စ ဟောမိ တုဋ္ဌော။

ယက္ခ၊ နတ်သား။ တွံ၊ သင်သည်။ မေ၊ ငါ၏။ အတ္ထကာမော၊ အကျိုးကိုလိုသော သူသည်။ အသိ၊ ဖြစ်ပြီ။ ဟိတကာမော၊ အစီးအပွားကို လိုသောသူသည်။ အသိ၊ ဖြစ်ပြီ။ ဒေဝတေ၊ နတ်သား။ တုယှံ၊ သင်၏။ ဝစနံ၊ စကားကို။ ကရောမိ၊ လိုက်နာပါအံ့။ တွံ၊ သင်သည်။ မမ၊ ငါ၏။ အာစရိယော၊ ဆရာသည်။ အသိ၊ ဖြစ်ပြီ။

အဟံ၊ ငါသည်။ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဥပေမိ၊ ဆည်းကပ်အံ့။ အနုတ္တရံ၊ အတုမရှိသော။ ဓမ္မဉ္စာပိ၊ တရားတော်ကိုလည်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဥပေမိ၊ ဆည်းကပ်အံ့။ နရဒေဝဿ၊ မြတ်စွာဘုရားသခင်၏။ သံဃဉ္စ၊ တပည့်သား သံဃာတော်ကိုလည်း။ သရဏံ၊ ကိုးကွယ်ရာဟူ၍။ ဂစ္ဆာမိ၊ ဆည်းကပ်ပါတော့အံ့။

ပါဏာတိပါတာ၊ သူ့အသက်ကို သတ်ခြင်းမှ။ ခိပ္ပံ၊ လျင်စွာ။ ဝိရမာမိ၊ ရှောင်ကြဉ်အံ့။ လောကေ၊ လောက၌။ အဒိန္နံ၊ အရှင်သည် ကိုယ်နှုတ်ဖြင့် မပေးအပ်သော သူတစ်ပါးဥစ္စာကို။ ပရိဝဇ္ဇယာမိ၊ ရှောင်ကြဉ်ပါအံ့။ အမဇ္ဇပေါ စ၊ သေအရက်ကို မသောက်သော သူသည်လည်း။ ဟောမိ၊ ဖြစ်အံ့။ မုသာ၊ ချွတ်ယွင်းသော စကားကို။ နော စ ဘဏာမိ၊ မဆိုအံ့။ သကေန ဒါရေန စ၊ မိမိ မယားဖြင့်သာလျှင်။ တုဋ္ဌော၊ ရောင့်ရဲသည်။ ဟောမိ၊ ဖြစ်အံ့။

ထိုအခါ ပုဏ္ဏားကို နတ်သားသည် “ပုဏ္ဏား- သင့်အိမ်၌ များစွာသော ဥစ္စာသည် ရှိ၏။ မြတ်စွာဘုရားသို့ကပ်၍ အလှူကို ပေးလော့၊ တရားတော်ကို နာလော့၊ ပြဿနာကို မေးလျှောက်လော့”ဟု ဆို၍ ထိုသုသာန်၌ ကွယ်ပျောက်သွားလေ၏။

မြတ်စွာဘုရားအား ပြဿနာ မေးလျှောက်ခြင်း

ပုဏ္ဏားသည်လည်း အိမ်သို့သွား၍ ပုဏ္ဏေးမကို ခေါ်ပြီးလျှင် “ရှင်မ၊ ငါကား ရဟန်းဂေါတမကို ပင့်ဖိတ်၍ ပြဿနာကို မေးလျှောက်အံ့၊ ပူဇော်သက္ကာရကို ပြုအံ့”ဟု ဆို၍ ကျောင်းသို့သွားပြီးလျှင် မြတ်စွာဘုရားကို ရိုသေစွာ ရှိခိုး၏။ ထို့နောက် ပဋိသန္ထာရစကား ပြောကြား၍ တင့်အပ်လျောက်ပတ်သော အရပ်၌ နေလျက် “အို..ရှင်ဂေါတမ- ယနေ့အဖို့ တပည့်တော်၏ဆွမ်းကို ရဟန်းသံဃာတော်နှင့်တကွ သည်းခံတော်မူပါ”ဟု နားတော်လျှောက်လေ၏။ မြတ်စွာဘုရားသည်လည်း သည်းခံတော်မူ၏။ ထိုအခါ ပုဏ္ဏားသည် မြတ်စွာဘုရား၏ သည်းခံတော်မူခြင်းကိုသိ၍ လျင်စွာလာပြီးလျှင် မိမိအိမ်၌ မွန်မြတ်သော ခဲဖွယ်ဘောဇဉ်ကို စီရင်စေ၏။ ဘုရားရှင်လည်း ရဟန်းသံဃာတော်အပေါင်း ခြံရံလျက် ထိုပုဏ္ဏားအိမ်သို့ ကြွတော်မူ၍ ခင်းအပ်ပြီးသော ဘုရားနေရာထက်၌ နေတော်မူ၏။ ပုဏ္ဏားသည်လည်း ရိုသေစွာ ဆွမ်းလုပ်ကျွေး၏။ ထိုအခါ များစွာသော သူတို့သည် စည်းဝေးကြကုန်၏။ မိစ္ဆာအယူရှိသော သူတို့သည် မြတ်စွာဘုရားကို ပင့်ဖိတ်အပ်သည်ရှိသော် မိစ္ဆာအယူရှိသောသူ၊ သမ္မာအယူရှိသောသူ လူနှစ်စုတို့သည်လည်း စည်းဝေးကြလေကုန်၏။ မိစ္ဆာအယူရှိကုန်သော သူတို့သည် “ယနေ့ ရဟန်းဂေါတမကို ပြဿနာမေးခြင်းဖြင့် နှိပ်စက်ညှဉ်းဆဲသည်ကို ကြည့်ရှုရကုန်အံ့”ဟု စည်းဝေးကုန်၏။ သမ္မာအယူရှိကုန်သော သူတို့သည်ကား “ယနေ့ ဘုရားအရာဖြစ်သော တင့်တယ်စံပယ်ခြင်းကို ဖူးမြင်ရကုန်အံ့”ဟု စည်းဝေးကုန်၏။ ထိုအခါ ပုဏ္ဏားသည် ပြုအပ်ပြီးသော ဆွမ်းဘုဉ်းပေးခြင်းကိစ္စရှိသော မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ နိမ့်သောနေရာ၌နေလျက် ပြဿနာကို မေးလိုရကား “အို..ရှင်ဂေါတမ- အသင်တို့အား အလှူကို မပေးမူ၍၊ ပူဇော်ခြင်းကို မပြုမူ၍၊ တရားတော်ကို မနာမူ၍၊ ဥပုသ်သုံးခြင်းကို မပြုမူ၍ သက်သက် စိတ်ကို ကြည်ညိုစေကာမျှဖြင့် နတ်ပြည်၌ဖြစ်သော သူတို့မည်သည် ရှိပါသလော”ဟု မေးလျှောက်၏။

ထိုအခါ မြတ်စွာဘုရားသည် “ပုဏ္ဏား- အဘယ့်ကြောင့် ငါဘုရားကို မေးလျှောက်သနည်း၊ သင့်သားဖြစ်သော မဋ္ဌကုဏ္ဍလီသည် ငါဘုရား၌ စိတ်ကိုကြည်ညိုစေ၍ နတ်ပြည်၌ မိမိဖြစ်သည့်အကြောင်းကို ပြောကြားသည် မဟုတ်လော”ဟု မိန့်ဆိုသော် “အို..ရှင်ဂေါတမ- အဘယ်အခါ ပြောကြားသနည်း”ဟု မေးလျှောက်၏။ “သင် ယနေ့ သုသာန်သို့သွား၍ ငိုကြွေးစဉ် မနီးမဝေးသောအရပ်၌ လက်တို့ကို မြှောက်ချီ၍ ငိုကြွေးသော တစ်ယောက်သော လုလင်ကိုမြင်၍” “အလင်္ကတော မဋ္ဌကုဏ္ဍလီ၊ မာလဓာရီ ဟရိစန္ဒနုဿဒေါ”- စသည်တို့ဖြင့် ပုဏ္ဏားနှင့်နတ်သား နှစ်ဦးတို့ ပြောဆိုသော စကားကို ထင်ရှားစွာ ဖော်ပြလျက် အလုံးစုံသော မဋ္ဌကုဏ္ဍလီဝတ္ထုကို ဟောတော်မူ၏။ (ထို့ကြောင့်ပင်လျှင် ယင်းမဋ္ဌကုဏ္ဍလီဝတ္ထုသည် ဘုရားဟော ဗုဒ္ဓဘာသိတ မည်သတည်း။)

ထိုစကားကို ဟောတော်မူပြီး၍ “အို..ပုဏ္ဏား- တစ်ရာလည်းမက၊ နှစ်ရာလည်း မက၊ စင်စစ်သော်ကား ငါဘုရား၌ စိတ်ကိုကြည်ညိုစေ၍ နတ်ပြည်၌ ဖြစ်ကုန်သောသူတို့၏ အရေအတွက်မည်သည် မရှိ”ဟု မိန့်တော်မူသောအခါ လူများအပေါင်းသည် ယုံမှားမကင်းရှိသည် ဖြစ်လေ၏။

ယုံမှားပျောက်ရန် နတ်သားရောက်လာ

ထိုအခါ မြတ်စွာဘုရားသည် လူများအပေါင်း၏ ယုံမှားမကင်း ရှိသည့်အဖြစ်ကို သိတော်မူ၍ “မဋ္ဌကုဏ္ဍလီ နတ်သားသည် ဗိမာန်နှင့်တကွ လာစေသတည်း”ဟု ဓိဋ္ဌာန်တော်မူ၏။ ထိုမဋ္ဌကုဏ္ဍလီ နတ်သားသည် နတ်၌ဖြစ်သော တန်ဆာတို့ဖြင့် တန်ဆာဆင်ခြင်းရှိသော သုံးဂါဝုတ်မျှ ပမာဏရှိသော အတ္တဘောဖြင့်လာ၍ ဗိမာန်မှ ဆင်းသက်၍ မြတ်စွာဘုရားကို ရှိခိုးလျက် တင့်အပ်လျောက်ပတ်သော အရပ်၌ နေ၏။ ထိုအခါ မဋ္ဌကုဏ္ဍလီ နတ်သားကို မြတ်စွာဘုရားသည် “သင်နတ်သားကား ဤနတ်စည်းစိမ် ချမ်းသာကို အဘယ်ကောင်းမှုကို ပြုသောကြောင့် ရသနည်း”ဟု မေးလိုရကား ဤဂါထာကို မိန့်တော်မူ၏။

အဘိက္ကန္တေန ဝဏ္ဏေန၊ ယာ တွံ တိဋ္ဌသိ ဒေဝတေ။
ဩဘာသေန္တီ ဒိသာ သဗ္ဗာ၊ ဩသဓီ ဝိယ တာရကာ။
ပုစ္ဆာမိ တံ ဒေဝ မဟာနုဘာဝ၊ မနုဿဘူတော ကိမကာသိ ပုညံ။

ဒေဝတေ၊ နတ်သား။ ယာ တွံ၊ အကြင်သင်သည်။ ဩသဓီ တာရကာ ဝိယ၊ သောက်ရှူးကြယ်ကဲ့သို့။ သဗ္ဗာ ဒိသာ၊ ခပ်သိမ်းသော အရပ်တို့ကို။ ဩဘာသေန္တီ၊ ထွန်းပလျက်။ အဘိက္ကန္တေန ဝဏ္ဏေန၊ အလွန်နှစ်လိုဖွယ်သော အဆင်းဖြင့်။ တိဋ္ဌသိ၊ တည်၏။ မဟာနုဘာဝ၊ ကြီးသော အာနုဘော်ရှိသော။ ဒေဝ၊ နတ်သား။ တံ၊ သင့်ကို။ ပုစ္ဆာမိ၊ ငါဘုရား မေး၏။ မနုဿဘူတော၊ လူဖြစ်စဉ်က။ ကိံ ပုညံ၊ အဘယ်ကောင်းမှုကို။ အကာသိ၊ ပြုခဲ့ရသနည်း။

ထိုအခါ နတ်သားသည် “မြတ်စွာဘုရား- ဘုရားတပည့်တော်သည် ဤစည်းစိမ်ချမ်းသာကို မြတ်စွာဘုရားတို့၌ စိတ်ကို ကြည်ညိုစေ၍ ရအပ်ပါ၏”ဟု နားတော်လျှောက်လျှင် “ငါဘုရား၌ စိတ်ကိုကြည်ညိုစေ၍ သင်နတ်သားသည် ရအပ်သည် မှန်သလော”ဟု မေးတော်မူသည်ရှိသော် “မြတ်စွာဘုရား- မှန်လှပါသည်ဘုရား”ဟု လျှောက်၏။ လူများအပေါင်းသည် မဋ္ဌကုဏ္ဍလီနတ်သားကို ကြည့်၍ “အချင်းတို့၊ ဘုရား၏ ဂုဏ်ကျေးဇူးတို့သည် အံ့ဩဖွယ် ရှိစွတကား၊ အဒိန္နပုဗ္ဗကပုဏ္ဏား၏ သားဖြစ်လျက် တစ်ပါးသော တစ်စုံတစ်ခုသော ကောင်းမှုကို မပြုမူ၍ မြတ်စွာဘုရား၌ စိတ်ကို ကြည်ညိုစေ၍ ဤသို့ သဘောရှိသော စည်းစိမ်ချမ်းသာကို ရ၏”ဟု နှစ်သက်စကား ပြောကြားကြကုန်၏။ ထိုအခါ လူအပေါင်းတို့အား “ကုသိုလ်ကံ၊ အကုသိုလ်ကံကို ပြုခြင်း၌ စိတ်သာလျှင် ရှေ့သွားဖြစ်၏၊ စိတ်သာလျှင် မြတ်၏၊ ကြည်ညိုသောစိတ်ဖြင့် ပြုအပ်သော ကောင်းမှုကံသည် နတ်ပြည်သို့လည်းကောင်း၊ လူ့ပြည်သို့လည်းကောင်း သွားသောပုဂ္ဂိုလ်ကို အရိပ်သည် မစွန့်သကဲ့သို့ မစွန့်”ဟု ဤဝတ္ထုကို ဟောတော်မူပြီး၍ အနုသန္ဓေကို ဆက်စပ်လျက် တည်စေအပ်သော ပြီးဆုံးခြင်းရှိသော သဝဏ်စာလွှာကို မင်း၏တံဆိပ် ခတ်နှိပ်သည့်အလား တရားမင်းဘုရားသည် ဤဂါထာကို ဟောတော်မူ၏။

ဒေသနာတော်

[၂] မနောပုဗ္ဗင်္ဂမာ ဓမ္မာ၊ မနောသေဋ္ဌာ မနောမယာ။
မနသာ စေ ပသန္နေန၊ ဘာသတိ ဝါ ကရောတိ ဝါ။
တတော နံ သုခမနွေတိ၊ ဆာယာဝ အနုပါယိနီ။

ဓမ္မာ၊ နာမက္ခန္ဓာတရား သုံးပါးတို့သည်။ မနောပုဗ္ဗင်္ဂမာ၊ ဝိညာဏက္ခန္ဓာသာလျှင် ပြဋ္ဌာန်းခြင်း ရှိကုန်၏။ မနောသေဋ္ဌာ၊ ဝိညာဏက္ခန္ဓာသာလျှင် အကြီးအမှူးရှိကုန်၏။ မနောမယာ၊ ဝိညာဏက္ခန္ဓာဖြင့် ပြီးကုန်၏။ ပသန္နေန၊ ကြည်ညိုသော။ မနသာ၊ စိတ်ဖြင့်။ စေ ဘာသတိ ဝါ၊ အကယ်၍ ဆိုမူလည်း ဆိုငြားအံ့။ စေ ကရောတိ ဝါ၊ အကယ်၍ ပြုမူလည်း ပြုငြားအံ့။ တတော၊ ထိုကြည်ညိုသောစိတ်ဖြင့် ဆိုခြင်း,ပြုခြင်းကြောင့်။ နံ ပုဂ္ဂလံ၊ ထိုပုဂ္ဂိုလ်သို့။ သုခံ၊ ချမ်းသာသည်။ အနွေတိ၊ အစဉ်လိုက်၏။ ကာ ဝိယ၊ အဘယ်ကဲ့သို့နည်း ဟူမူကား။ ဆာယာ၊ အရိပ်သည်။ အနုပါယိနီ ဣဝ၊ လူသွားလေရာ အစဉ်တစိုက် နောက်ကတကောက်ကောက် လိုက်သကဲ့သို့တည်း။

ဒေသနာတော်၏ အကျိုး

ဂါထာ၏အဆုံး၌ ရှစ်သောင်း လေးထောင်ကုန်သော သတ္တဝါတို့သည် အကျွတ်တရားကို ရကြကုန်၏။ မဋ္ဌကုဏ္ဍလီနတ်သားသည် သောတာပတ္တိဖိုလ်၌ တည်၏။ အဒိန္နပုဗ္ဗက ပုဏ္ဏားသည်ကား ထို့အတူ သောတာပန်ဖြစ်၍သာလျှင် များစွာသော စည်းစိမ်ဥစ္စာကို မြတ်စွာဘုရား သာသနာတော်၌ လှူဒါန်း ကြဲဖြန့်လေ၏။

မဋ္ဌကုဏ္ဍလီသတို့သားဝတ္ထု ပြီး၏။