Page:ရွှေမန်းတင်မောင်.pdf/21

From Wikisource
Jump to navigation Jump to search
This page has been proofread.

နတ်သံနှင့် လွန်စွာ ပဏာရသည်။ “မင်္ဂလာရှယ်တဲ့ မဏ္ဍိုင်လေ” ဟု ဟစ်လိုက်သော အသံကို ကြားလိုက်ရလျှင် ပွဲဈေးတန်းက မုံ့လေပွေသည်တို့ပင် ယောင်ယောင်မှားမှား ဖြစ်ကုန်ကြသည်။ ကလဖန်ထိုးသော ဖဲသမားတို့သည်လည်း ဖဲကိုရပ်ပြီး နားစွင့်ကြသည်။

ရုပ်သေးတွင် နတ်ကတော်မှာ လွန်စွာ အရေးကြီးသည်။ ပွဲစလျင်စခြင်း နတ်ကတော်(ဝါ)အပျိုတော်သည် ရွှေပွဲလာတို့ကို နတ်သံဖြင့် စတင် နှုတ်ခွန်း ဆက်လေသည်။ သိကြားနတ်သံကို မင်းသားက ဆိုရသည်။ မြို့တော်ရှင် ရွာတော်ရှင် နတ်သံကို မင်းသမီးက ဆိုရသည်။ဤစင်တွင် မင်းသားအသံက ဘယ်သို့၊ မင်းသမီးအသံက ဘယ်ပုံရှိသည်ကို ရွှေပွဲလာတို့က နတ်သံနှင့် အကဲဖြတ်ကြသည်။ နတ်သံအဆိုကောင်းလျှင် ဤပွဲကား ကောင်းလေပြီဟု စိတ်နှလုံး ဒုံးဒုံးချကာ အေးအေးလူလူ ကွမ်းစား ဆေးသောက်ဖြင့် စောင့်မျှော်နေကြလေသည်။

ပုလိုင်းမယ်ငွေ၏ စင်မှာ တင်မောင်သည် မင်းသားစစ်မဟုတ်ချေ။ မင်းသားတို့အတတ်ကို သင်ကြားနေသော စာသင်သားမျှ သာဖြစ်သည်။ သူ၏ပါရမီကံမှာ ဘယ်ကဲ့သို့ ဖန်လေသည်မသိ၊ ရောက်ရာဌာနတွင် ပကာသနက ရှေ့ဆောင်နေသည်။ နတ်သံမှာ ဟစ်၍ဆိုရသည်က များသည်။တင်မောင်၏ အသံတွင် အကောင်းဆုံးသော အပိုင်းမှာလည်း ငေါက်သယောင်နှင့် ဟစ်လိုက်ခြင်းပင်ဖြစ်သည်။ တခါကြားလျှင် တသက် စွဲသွားသော အသံမျိုးပင်ဖြစ်သည်။


၂ဝ