Page:ရွှေမန်းတင်မောင်.pdf/18

From Wikisource
Jump to navigation Jump to search
This page has been proofread.

သဘင်၏ သင်ပုံကြီးကို သင်ကြားနေသောကလေးသည် စိန်ဗေဒါ၏ ဆိုင်းတွင် စိန်ဗေဒါကို ကျော်ပြီး နာမည်ထွက်လာနိုင်ဘို့ မရှိချေ။ စိန်ဗေဒါ၏အောက်တွင်ပျောက်၍ နေမည်ဖြစ်၍ စိန်ပါတူ၏ ဆိုင်းတွင် ထည့်ခြင်းဖြစ်သည်။

စိန်ပါတူလည်း အကျိုးရှိခဲ့သည်။ဆိုင်းမင်းသားကလေး တင်မောင်ကြောင့် စိန်ဗေဒါ၏ နောက် ဒုတိယ လိုက်နိုင်ခဲ့လေသည်။ တင်မောင်၏ အဖို့မှာလည်း ဆိုင်းနှင့် ပတ်သက်သော သိမှတ်စရာပညာတို့ကို ရရှိ၍ များစွာ အကျိုးရှိခဲ့သည်။ ပုလိုင်းမယ်ငွေအမည်ခံ ဦးငွေကလည်း သူ၏ရုပ်သေး မန္တလေးမြို့အနီးတဝိုက်တွင်ကပြ ရသောအခါ တင်မောင်ကို ခေါ်သွားသည်။ တင်မောင်ကလည်း ရုပ်သေးကို လွန်စွာကြိုက်သည်။

ပါတော်မူပြီး နောက်ပိုင်းတွင် သဘင်လောက၌ ရုပ်သေးမှာ လွန်စွာမှိန်မှေး အရှိန်သေးနေသည်။ “အပြောကို ဖူးညို၊ အဆို ကိုပု” ဟု စံပြုခံရသော အကျော်အမော်တို့ပင် ပြတ်တလှည့် ငတ်တခါဖြစ်နေကြသည်။ လူတွေက ရုပ်သေးကို အထင်သေးကြသော်လည်း တင်မောင်က အထင်မသေးချေ။ ဇာတ်သဘင်ကြီးတွေထက်ပင် ပို၍ အထင်ကြီးသေးသည်။ သဘင်ပညာ အစစ်မှာ ရုပ်သေးသာဖြစ်သည်ဟု ယူဆသည်။ သူတို့သည် နှစ်တောင့်ထွာသာသာမျှရှိသော ဝါးကြမ်းပြင် ကကျိုးကကျဲကလေးကို စိန်ကြီးမြိုင်ကြီး ရိပ်ကြီး တောတောင် ဖြစ်အောင်လည်း လုပ်နိုင်၏။ သီတာ ခုနစ်တန်၊ သတ္တရဘန် နေရု၊ မေရု ဗဟို၊ မြင့်မို ပဗ္ဗတ ပြိုင်စံ၍ မရအောင်လည်း ဖန်တီးနိုင်ကြသည်။တိုင်းအတည်တည်၊


၁၇