Page:မဟာဂီတပေါင်းချုပ်ကြီး.pdf/23

From Wikisource
Jump to navigation Jump to search
This page has been proofread.
ဦးပြုံးချို၏ အတ္ထုပ္ပတ္တိစာတမ်း


တက်တက်မွဲ၊ အသွေးအရောင်က ဒက်ဒယက်သူရဲ၊ မျက်ခွက်မဲလို့ ငချိုပြုံး၊ တကိုယ်လုံးအဖူးထ၊ ဘီလူးဘဝ တဖန်ပြောင်းပြီး၊ ရန်မကောင်းတွေ ဗလဝ စုပြန်၊ အကုသလံ ဓမ္မံပဋိစ္စ၊ အမှန် စိတ်ချ၍ တရားနဲ့ ညည်းတုန်း၊ မယားဇနီးက ကျယ်စွာ ငို၊ သားသ္မီးက ကယ်ပါဆို၊ အနားအနီး လယ်ယာတခိုတို့က၊ ဘယ်ဟာလိုသလဲလို့ ဆောစွာမေး၊ ဩသဓာဆေးနဲ့ ချက်ချင်းသတ်၊ မျက်စဉ်းခတ်လို့ အုန်းရေ ပေးတော့မှ၊ နှလုံးအနေအေးပြီး ချမ်းသာမည့်ဒုက္ခေ၊ နန်းဇာတိရုပ်ရေ နဂိုအသွေးကောင်းအောင်၊ ဘိုကလေးပြောင်းကာ အထူးဘဝကူးဖို့၊ ဦးဘဦး သမာဒေဝက၊ ထာဝရေ မ,ဖို အရင်းအမြစ်အရာရာတို့ကို၊ ကျွန်ုပ်မောင်ပြုံးချိုက သတင်းမေတ္တာစာ ပေးပို့လိုက်ပါသည်”

ဟု ရေးသားပေးလိုက်ရာ ဦးဘဦး မြို့ပိုင်ဦးဘနှင့် တရုပ်သဌေးဦးထော်နီ အစရှိသော မိတ်သင်္ဂဟများမှာ မျက်ရည် မကျဘဲ မနေနိုင် ဖြစ်သွားကြရလေသည်၊ ချက်ခြင်းပင် သဌေးကြီးဦးထော်နီပိုင် မော်တော်ကြီးတွင် သမ္ဗာန်ကြီးများတွဲ၍ ဦးပြုံးချို၏ လယ်မြေရှိရာ ပတက်သဗြုချောင်းသို့ လာရောက် ခေါ်ယူပြီးလျှင် အဖိုးအတန်ဆုံးသော ဆေးဝါးများဖြင့် ဝိုင်းဝန်း ကုသ၍ ပျောက်ကင်းခဲ့ရလေသည်။

ပထမကမ္ဘာစစ်ကြီးပြီးခါနီး ၁၉၁၇-ခုနှစ်လောက်တွင် စစ်စရိတ်အတွက် စပါးယိုရွာဦးဘရှင် ထောင်သော ဇာတ်အဖွဲ့တွင် ဦးပြုံးချိုမှာ အုပ်ချုပ်သူ ဇာတ်ဆရာအဖြစ် လိုက်ပါ၍ နေရလေသည်။

ထိုအချိန်၌ ရန်ကုန်မြို့တွင် ပညာအလင်း သတင်းစာသည် အတော်လူကြိုက်များ၍ ထင်ပေါ်သော သတင်းစာဖြစ်သဖြင့် တိုက်ရှင်သဌေးဦးတင်နှင့် သဌေးကတော် ဒေါ်ဆင့်တို့မှာ စီးပွား အလွန်တက်နေသော အချိန်အခါ ဖြစ်လေသည်၊ အယ်ဒီတာဌာနကို လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက ကြီးမှူး၍ ခေတ်ကာလ စာပေဖက်တွင် ဆရာကြီး ပီမိုးနင်း, မြို့ပိုင် လူထွက် ဆရာရှိန်း, ဆရာရွှေ,ဦးပုကြီး(ကွယ်လွန်သူ လန်ဒန်အတ်ဒါရိုက်တာ), ဦးပုလေး(ကွယ်လွန်သူ ဝန်ကြီးချုပ်၏ အပါးတော်မြဲ သတင်းအရာရှိ), ကိုဘိုးချိန် ကိုဘသောင်း စသော အယ်ဒီတာအဖွဲ့ဝင်များ ဖြစ်ကြပေသည်။

သဌေးကတော် ဒေါ်ဆင့်မှာ ဘာသာရေးကို အလွန် ကိုင်းရှိုင်းကြည်ညိုသူဖြစ်၍ လယ်တီဆရာတော်ဘုရားကြီး၏ ဩဝါဒအရ လိုက်နာကျင့်သုံးပြီးလျှင် သံခိပ်ကုမ္မာရီအသင်းများ တည်ထောင်ပြုစုသောအသင်းခေါင်းဆောင်တဦးလည်း ဖြစ်ပေသည်၊ ပညာအလင်း သတင်းစာတိုက်အပေါ်တွင် နေ့စဉ်လိုပင် ရဟန်းပညာတတ်, လူပညာတတ်များ အမြဲမပြတ် စုဝေးဆွေးနွေးလျက် ရှိကြသော