Page:ပါရာဇိကပါဠိတော်.pdf/78

From Wikisource
Jump to navigation Jump to search
This page has not been proofread.

တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ရွာငယ်တစ်ခုသို့ သွားရာ ရဟန်းတစ်ပါးကို "ငါ့သျှင် သင်၏အလုပ်အကျွေးအမျိုး 'ဒါယကာ' ကို (သင်) မှာတိုင်း ပြောမည်"ဟု ဆို၏၊ ထိုရဟန်းကလည်း "(ငါ) မှာတိုင်း ပြောလိုက်ပါ"ဟု ဆို၏၊ ထိုရဟန်းသည် သွား၍ ထောပတ်တစ်ကွမ်းစား တင်လဲတစ်ချိန် ဆန်တစ်စိတ်ကို ဆောင်ယူစေ၍ မိမိကိုယ်တိုင် သုံးဆောင်၏၊ ထို (မှာသော) ရဟန်းသည် သိ၍ ထိုရဟန်းကို"သင် ရဟန်းမဟုတ်တော့ပြီ"ဟု စွပ်စွဲ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ပါရာဇိကအာပတ် မသင့်၊ သို့သော်လည်း ရဟန်းတို့ "(သင်) မှာတိုင်း ပြောမည်"ဟု မဆိုရ၊ "(ငါ) မှာတိုင်း ပြောလိုက်ပါ"ဟုလည်း မဆိုရ၊ ဆိုသော ရဟန်းအား ဒုက္ကဋ်အာပတ် သင့်၏ဟု (မိန့်တော်မူ၏)။ (၈၈)

၁၅၁။ တစ်ရံရောအခါ ယောက်ျားတစ်ယောက်သည် အဖိုးများစွာထိုက်တန်သော ပတ္တမြားကို ယူ၍ရဟန်းတစ်ပါးနှင့်အတူ ရှည်သောခရီးကို သွား၏၊ ထိုယောက်ျားသည် ကင်းထားရာအရပ် 'အကောက်ဌာန'ကို မြင်လတ်သော် ထိုရဟန်း မသိခိုက် လွယ်အိတ်၌ ပတ္တမြားကို ထည့်၍ကင်းထားရာ အရပ် 'အကောက် ဌာန' ကို ကျော်လွန်သောအခါ ပြန်ယူ၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။

ရဟန်း သင်သည် အဘယ်စိတ်ရှိသနည်းဟု (မေးတော်မူရာ)

မြတ်စွာဘုရား တပည့်တော် မသိပါဟု (လျှောက်ထား၏)။

ရဟန်း မသိသော ရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၈၉)

တစ်ရံရောအခါ ယောက်ျားတစ်ယောက်သည် အဖိုးများစွာထိုက်တန်သော ပတ္တမြားကို ယူ၍ ရဟန်းတစ်ပါးနှင့်အတူ ရှည်သောခရီးကို သွား၏၊ ထိုယောက်ျားသည် ကင်းထားရာအရပ် 'အကောက်ဌာန' ကိုမြင်လတ်သော် လူမမာယောင်ဆောင်ပြီး၍ မိမိ၏ အထုပ်ကို ထိုရဟန်းအား ပေး၏၊ ထို့နောက်ထိုယောက်ျားသည် ကင်းထားရာ အရပ် 'အကောက်ဌာန' ကို ကျော်လွန်သော အခါ ထိုရဟန်းအား-

အသျှင်ဘုရား တပည့်တော်၏ အထုပ်ကို ယူခဲ့ပါ 'ပြန်ပေးပါ'၊ တပည့်တော် မကျန်းမာသူ မဟုတ် ပါဟုပြောဆို၏။

ဒါယကာ အဘယ့်ကြောင့် သင်သည် ဤကဲ့သို့ ပြုဘိသနည်းဟု (မေး၏)

ထိုအခါ ထိုယောက်ျားသည် ထိုရဟန်းအား ဤအကြောင်းကို ပြန်ပြော၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။

ရဟန်း သင်သည် အဘယ်စိတ်ရှိသနည်းဟု (မေးတော်မူရာ)

မြတ်စွာဘုရား တပည့်တော် မသိပါဟု (လျှောက်ထား၏)။

ရဟန်း မသိသော ရဟန်းအား အာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၉၀)

၁၅၂။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ကုန်သည်နှင့်အတူ ရှည်သော ခရီးကို သွား၏၊ ယောက်ျားတစ်ယောက်သည် ထိုရဟန်းကို ပစ္စည်း 'အာမိသ' ဖြင့် ဖြားယောင်းသွေးဆောင်ပြီးလျှင် ကင်းထားရာအရပ် 'အကောက်ဌာန'ကို မြင်လတ်သော် အဖိုးများစွာထိုက်တန်သော ပတ္တမြားကို "အသျှင်ဘုရား ဤပတ္တမြားကို ကင်းထားရာအရပ် 'အကောက်ဌာန' ကို လွန်မြောက်ပါစေ"ဟု ဆို၍ထိုရဟန်းအား ပေး၏၊ ထိုရဟန်းသည် ထိုပတ္တမြားကို ကင်းထားရာအရပ် 'အကောက်ဌာန' ကိုလွန်မြောက်စေ၏။ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း သင်သည်ပါရာဇိက ကျပြီဟု (မိန့် တော်မူ၍)။ (၉၁)