Page:ပါရာဇိကပါဠိတော်.pdf/7

From Wikisource
Jump to navigation Jump to search
This page has not been proofread.

၁၅။ ဤသို့ မိန့်တော်မူသော် ဝေရဉ္ဇပုဏ္ဏားသည် မြတ်စွာဘုရားအား-

"အသျှင်ဂေါတမသည် အကြီး ဖြစ်ပါပေ၏၊ အသျှင်ဂေါတမသည် အမြတ် ဖြစ်ပါပေ၏၊ အသျှင်ဂေါတမ (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ (တရားတော် သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဂေါတမ ဥပမာသော်ကား မှောက်ထားသည်ကိုလှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သောသူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ မျက်စိအမြင်ရှိသော သူတို့သည်အဆင်းတို့ကို မြင်ကြလိမ့်မည်ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့ လည်းကောင်းအသျှင်ဂေါတမ ဤအတူသာလျှင် အသျှင်ဂေါတမသည် များစွာသော အကြောင်းဖြင့် တရားတော်ကိုပြတော်မူပါပေ၏။ အသျှင်ဂေါတမ ထိုအကျွန်ုပ်သည် အသျှင်ဂေါတမကို ကိုးကွယ်ရာဟူ၍ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကို လည်းကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ အသျှင်ဂေါတမသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက် ထက်ဆုံးကိုးကွယ်ဆည်းကပ်သော ဥပါသကာဟု မှတ်တော်မူပါ၊ အသျှင်ဂေါတမသည် ရဟန်း သံဃာနှင့် အတူဝေရဉ္ဇာမြို့၌ ဝါဆိုခြင်းကိုလည်း လက်ခံတော်မူပါ"ဟု လျှောက်၏။

မြတ်စွာဘုရားသည် ဆိတ်ဆိတ် နေခြင်းဖြင့် (ဝါကပ်ရန်) လက်ခံတော်မူ၏၊ ထိုအခါ ဝေရဉ္ဇ ပုဏ္ဏားသည်မြတ်စွာဘုရား၏ လက်ခံတော်မူခြင်းကို သိ၍ နေရာမှ ထကာ မြတ်စွာဘုရားကို ရှိခိုး၍အရိုအသေပြုပြီးလျှင် ဖဲခွါသွားလေ၏။

၁။ ပုဗ္ဗေ = ရှေး၌ + နိဝါသ = နေဖူးသောဘဝ ဖြစ်ဖူးသောဘဝကို + အနုဿတိ = အောက်မေ့၍ + ဉာဏ = သိသောဉာဏ်

၂။ စုတိ = သေခြင်း + ဥပပါတ = ဖြစ်ပေါ်ခြင်း ပဋိသန္ဓေ။

ဝေရဉ္ဇာမြို့၌ ဒုဗ္ဘိက္ခဘေး ဆိုက်ရောက်ခြင်း

၁၆။ ထိုစဉ်အခါ ဝေရဉ္ဇာမြို့သည် အစာခေါင်းပါး၏၊ အသက်မွေးရန် ခဲယဉ်း၏၊ ဖွေးဖွေးဖြူသောအရိုးရှိ၏၊၁ စာရေးတံ လက်မှတ်ဖြင့် အသက်မွေးရ၏၊ သပိတ်လက်စွဲ၍ ဆွမ်းခံခြင်းဖြင့် မျှတရန်မလွယ်ကူချေ။

ထိုအခါ ဥတ္တရာပထတိုင်းသား မြင်းကုန်သည်တို့သည် မြင်းငါးရာတို့နှင့်အတူ ဝေရဉ္ဇာမြို့၌ မိုးခိုကြကုန်၏၊ ထို (မြင်းကုန်သည်) တို့သည် မြင်းဝိုင်းတို့၌ ရဟန်းတို့အား တစ်စလယ် တစ်စလယ်စီသော ရိက္ခာ မုယောဆန်ကို ဝတ်တည်ကြကုန်၏၊ ရဟန်းတို့သည် နံနက်အချိန်၌ (သင်္ကန်းကို) ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ဝေရဉ္ဇာမြို့သို့ ဆွမ်းခံဝင်ကြရာ ဆွမ်းမရကြကုန်သော် မြင်းဝိုင်းတို့၌ ဆွမ်းအတွက်လှည့်လည်၍ တစ်စလယ် တစ်စလယ်စီသော ရိက္ခာမုယောဆန်ကို အရံအတွင်းသို့ ယူဆောင်ခဲ့ကြပြီးလျှင် ဆုံ၌ ထောင်း၍ ထောင်း၍ သုံးဆောင်ကြကုန်၏။

အသျှင်အာနန္ဒာသည်ကား တစ်စလယ်သော ရိက္ခာမုယောဆန်ကို ကျောက်ပြင်ပေါ်မှာ ကြိတ်ပြီးလျှင် မြတ်စွာဘုရားအား ဆက်ကပ်၏၊ မြတ်စွာဘုရားသည် ထို (မုယောဆန်မှုန့်) ကို သုံးဆောင်တော်မူ၏။

မြတ်စွာဘုရားသည် ဆုံသံကို ကြားတော်မူ၏၊ မြတ်စွာဘုရားတို့သည် သိလျက်လည်း မေးတော်မူကုန်၏၊ သိလျက်လည်း မေးတော်မမူကုန်၊ အခါကို သိ၍ မေးတော်မူကုန်၏၊ အခါကို သိ၍ မေးတော်မမူကုန်၊ မြတ်စွာဘုရားတို့သည် အကျိုးနှင့်စပ်သည်ကို မေးတော်မူကုန်၏၊ အကျိုးနှင့်မစပ်သည်ကို မေးတော်မမူကုန်၊ မြတ်စွာဘုရားတို့သည် အကျိုးနှင့် မစပ်သည်တို့ကို မဂ်ဖြင့် ပယ်တော်မူပြီးဖြစ်ကုန်၏၊ "တရားကိုသော်လည်း ဟောကုန်အံ့၊ တပည့်တို့အား သိက္ခာပုဒ်ကိုသော်လည်း ပညတ်ကုန်အံ့"ဟူသောအကြောင်း နှစ်မျိုးတို့ဖြင့် ဘုန်းတော်ကြီးကုန်သော မြတ်စွာဘုရားတို့သည် ရဟန်းတို့ကို မေးတော်မူကုန်၏။

ထိုအခါ မြတ်စွာဘုရားသည် အသျှင်အာနန္ဒာကို "အာနန္ဒာ ထိုဆုံသံသည် အဘယ်ပြုသော အသံနည်း"ဟု မေးတော်မူ၏၊ ထိုအခါ အသျှင်အာနန္ဒာသည် မြတ်စွာဘုရားအား ဤအကြောင်းအရာကိုလျှောက်၏။

"အာနန္ဒာ ကောင်းစွ၊ ကောင်းစွ၊ သူတော်သူမြတ် ဖြစ်ကုန်သော သင်တို့သည် (အစာ ခေါင်းပါးခြင်း၊ လိုချင်ခြင်း၊ အလိုဆိုးသို့လိုက်ခြင်းကို) အောင်နိုင်ကြကုန်၏၊ နောင်လာ နောက်သားများသည်ကား သလေးသားပြွမ်းဆွမ်းကိုပင် အထင်သေးကြလိမ့်ဦးမည်"ဟု (မိန့်တော်မူ၏)။