တစ်ရံရောအခါ ရဟန်းတစ်ပါးသည် ဥပါသကာတစ်ယောက်ကို "ငါ့သျှင် ဥပါသကာ သင်သည်အကြင်ရဟန်းကို သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာ၏ အထောက်အပံ့ဖြစ်သော ဆေး အသုံးအဆောင်ဖြင့် လုပ်ကျွေး၏၊ ထိုရဟန်းသည် ရဟန္တာပေတည်း"ဟု ပြောဆို၏၊ ထိုဥပသကာသည်လည်းထိုရဟန်းကို သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာ နေရာ သူနာ၏ အထောက်အပံ့ဖြစ်သော ဆေး အသုံးအဆောင်ဖြင့် လုပ်ကျွေး၏။ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။
ရဟန်း သင်သည် အဘယ်စိတ်ရှိသနည်းဟု (မေးတော်မူရာ)
မြတ်စွာဘုရား တပည့်တော်သည် ဝါကြွားလိုစိတ် ရှိပါသည်ဟု (လျှောက်ထား၏)၊
ရဟန်း ပါရာဇိကအာပတ် မသင့်၊ ထုလ္လစ္စဉ်းအာပတ် သင့်၏ဟု (မိန့်တော်မူ၏)၊ (၁၄)
၂၂၅။ တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မကျန်းမမာ ဖြစ်နေ၏၊ ထိုရဟန်းကို ရဟန်းတို့သည် "အသျှင်ဘုရား၌ လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရား ရှိပါသလော"ဟု မေးကြကုန်၏။
ငါ့သျှင်တို့ အရဟတ္တဖိုလ်ကို ဖြေဆိုဖို့ရာ မခဲယဉ်းပါဟု ပြောဆို၏၊ "မြတ်စွာဘုရား၏ တပည့်သာဝကတို့သည်သာ ဤသို့ ပြောဆိုနိုင်ကုန်ရာ၏၊ ငါတမူကား မြတ်စွာဘုရား၏ တပည့်သာဝကမဟုတ်ချေ၊၁ ငါသည် ပါရာဇိက ကျလေသလော"ဟု ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ မြတ်စွာဘုရားအား ဤအကြောင်းကို လျှောက်ထား၏။
ရဟန်း သင်သည် အဘယ်စိတ်ရှိသနည်းဟု (မေးတော်မူရာ)
မြတ်စွာဘုရား တပည့်တော်သည် ဝါကြွားလိုစိတ် မရှိပါဟု (လျှောက်ထား၏)။
ရဟန်း ဝါကြွားလိုစိတ်မရှိသော ရဟန်းအား အာပတ် မသင့်ဟု။ (မိန့်တော်မူ၏)။ (၁၅)
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မကျန်းမမာ ဖြစ်နေ၏၊ ထိုရဟန်းကို ရဟန်းတို့သည် "အသျှင်ဘုရားအား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားရှိပါသလော"ဟု မေးကြကုန်၏။
ငါ့သျှင်တို့ လုံ့လဝီရိယရှိသော ရဟန်းသည် ပြီးစေအပ်သော တရားရှိသည်သာတည်းဟု ပြောဆို၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ဝါကြွားလိုစိတ်မရှိသော ရဟန်းအားအာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၁၆)
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မကျန်းမမာ ဖြစ်နေ၏၊ ထိုရဟန်းကို ရဟန်းတို့သည်-
"ငါ့သျှင် မကြောက်ပါလင့်"ဟု ပြောကြကုန်၏။
"ငါ့သျှင်တို့ ငါသည် သေခြင်းမှ မကြောက်ပါ"ဟု ပြောဆို၏၊ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ဝါကြွားလိုစိတ်မရှိသော ရဟန်းအား အာပတ်မသင့်ဟု (မိန့်တော်မူ၏)။ (၁၇)
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မကျန်းမမာ ဖြစ်နေ၏။ ထိုရဟန်းကို ရဟန်းတို့သည် -
"ငါ့သျှင် မကြောက်ပါလင့်"ဟု ပြောကြကုန်၏။
"ငါ့သျှင်တို့ စိတ်နှလုံးမသာယာသူသာလျှင် ကြောက်ရသည် မဟုတ်ပါလော"ဟု ပြောဆို၏။ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ဝါကြွားလိုစိတ်မရှိသော ရဟန်းအားအာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၁၈)
တစ်ရံရောအခါ ရဟန်းတစ်ပါးသည် မကျန်းမမာ ဖြစ်နေ၏။ ထိုရဟန်းကို ရဟန်းတို့သည် -
"အသျှင်ဘုရာအား လူတို့၏ ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားရှိ ပါသလော"ဟု မေးကြကုန်၏။
ငါ့သျှင်တို့ ကောင်းစွာ အားထုတ်သူသည် ပြီးစေအပ်သော တရားရှိသည်သာတည်းဟု ပြောဆို၏။ ထိုရဟန်းအား တွေးတောမှု 'သံသယကုက္ကုစ္စ' ဖြစ်၏။ပ။ ရဟန်း ဝါကြွားလိုစိတ်မရှိသော ရဟန်းအားအာပတ် မသင့်ဟု (မိန့်တော်မူ၏)။ (၁၉)